Switch Mode

အပိုင်း(၁၂၂၉)

ခြေတစ်လှမ်းမျှဖြင့် အဆင့်တက်ခြင်း

ရန်ယွင်နှင့် တခြားလူများသည် ကြီးမားသော စွမ်းအားများ ရိုက်ခတ်လာသောအခါ ထိုနေရာမှ ထွက်မသွားရသေးပေ။ အရပ်မျက်နှာမျိုးစုံမှ များစွာသော တန်ခိုးရှင်များ ပျံသန်း လာနေကြသည်။

ရန်ယွင်က ကောင်းကင်ထက်သို့ တစ်ချက်ကြည့်လျှင် လူတစ်စုံ ပျံသန်းလာသည်ကို မြင်၏။ ဦးဆောင်လာသူကား အလွန်ကြီးမားသော အရှိန်အဝါများ ရှိ၏။ သူကား တာလီတွင် ဩဇာအာဏာ ကြီးမားသော ဘုရင်ထန်တောက် ဖြစ်သည်။

ဘုရင်ထန်တောက်၏ဘေးတွင် ရှိနေသူအား မြင်သောအခါ ရန်ယွင်၏ မျက်လုံးများက သတ်ဖြတ်မှုများဖြင့် ဆာလောင်လာခဲ့သည်။

သူကား နန်းတွင်းအကြံပေး၏ တပည့်တစ်ဦးဖြစ်သော ဝမ်ကျောင်း ဖြစ်ပေသည်။

မုချွန်းယန်နှင့် နန်ကျိုင်းတို့ကလည်း ဝမ်းကျောင်းကို ကြည့်ကြသော်လည်း ဘာမှတော့ မပြောကြပေ။ ဝမ်ကျောင်းက အမြဲတမ်းသူ့အပေါ် အမြင်မကြည် ဖြစ်နေသည်ကို သူတို့၏ဆရာက သိသော်လည်း သူ့တပည့်အဖြစ် လက်ခံခဲ့၏။ တစ်နေ့တွင် ဝမ်ကျောင်းက သူ၏အသက်ကိုပင် ရန်ရှာနိုင်သည်ကို သိသော်လည်း သူက ဂရုမစိုက်ခဲ့။

သို့သော်လည်း လက်ရှိတွင် နန်းတွင်းအကြံပေး အိမ်တော်မှာ သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့နေရသောအခါ ဝမ်ကျောင်းက သူတို့အား သစ္စာဖောက်၍ ဘုရင်ထန်တောက်နှင့် ပူးပေါင်းခဲ့၏။ ဤသို့ဖြစ်လာမှတော့ သူတို့က အတိတ်မှ သံယောဇဉ်များအား ထည့်တွက်ရန် မလိုတော့ပေ။

ယခုတွင် သူတို့က ရန်သူများ ဖြစ်သွားလေပြီ။

“ရန်ယွင် … အရှင်မင်းကြီးက အမိန့်ပေးလိုက်တယ်။ နန်းတော်ကို ငါတို့နဲ့အတူ လိုက်ခဲ့” ဘုရင်ထန်တောက်က သူတို့ထံသို့ ထည်ဝါစွာ လျှောက်လာရင်း ပြောသည်။ သူ့ထံမှ ပြန်လည် မွေးဖွားခြင်းအဆင့် အရှိန်အဝါက ကြီးမားစွာ ထွက်ပေါ်လာခဲ့သည်။

ရန်ယွင်က ဘုရင်ထန်တောက်အား ကြည့်ကာ ပြောသည် … “ကျုပ် မလိုက်နာနိုင်ဘူး”

“အရှင်မင်းကြီးက နန်းတွင်းအကြံပေး အိမ်တော်က လူတွေကို သက်ညှာပြီး အပြစ်မပေးဖို့ ဆုံးဖြတ်ပြီး နန်းတွင်းအကြံပေးရဲ့ သမီးကိုလည်း ဘုရင်မအဖြစ် မြှောက်စားခဲ့တယ်။ မင်းကိုလည်း သူက အနာဂတ်နန်းတွင်း အကြံပေးအဖြစ် မြှောက်စားခဲ့တယ်။ ဒါပေမဲ့ မင်းက အမိန့်တော်ကို ဖီဆန်ပြီးတော့ အင်ပါယာရှားကို ရောက်လာစေခဲ့တယ်။ ကြည့်ရတာ နန်းတွင်းအကြံပေး အိမ်တော်က တာလီကို တကယ် သစ္စာဖောက်ခဲ့တာပဲ” ဘုရင်ထန်တောက်က အေးစက်သော မျက်လုံးများဖြင့် ပြောသည်။

သူက လက်ဝါးကို ဆန့်တန်းကာ တိုက်ခိုက်လိုက်သည်။ ဧရာမကြီးမားသော အလင်းစက်ဝန်းကြီးသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ ရန်ယွင်တို့ထံသို့ ရောက်လာခဲ့၏။

ဧရာမအလင်းကြီးအောက်တွင် လေထုသည် ပြိုကျလုနီးပါး ဖြစ်လာ၏။ စွမ်းအားကား ရပ်တန့်မရနိုင်။

ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်၏ အရှိန်အဝါသည် ချက်ချင်းပင် ရောက်ရှိလာခဲ့၏။

နန်းတွင်းအကြံပေး အိမ်တော်မှ လူများသည် သစ္စာဖောက်များ ဖြစ်သည်ဟု ဘုရင်ထန်တောက်က စွပ်စွဲခဲ့ရာ သူ့အနေဖြင့် သူတို့အား သတ်ဖြတ်ရန်ပင် ရည်ရွယ်ချက်ရှိကြောင်း သိနိုင်သည်။ သူကား အင်ပါယာလီမဟုတ်ရာ သူတို့ကို အခွင့်အရေးပေးရန် သဘောထားမကြီးပေ။

ရန်ယွင်၏ရှေ့တွင် မဟာလမ်းစဉ်၏ ဝင်္ကပါပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ အနီးတဝိုက်၌ လေတိုးသံများ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ သူကလည်း လက်ကို မြှောက်ကာ ကောင်းကင်သို့ တန်းတန်းမတ်မတ် တက်သွား၏။

အလင်းစက်ကွင်းက ဆင်းသက်လာလျှင် ဝင်္ကပါနှင့် ပြင်းထန်စွာ ရင်ဆိုင်မိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အဆက်မပြတ် ပေါက်ကွဲသွားကာ အိမ်တော်မှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ပြီး ကြောက်မက်ဖွယ် ရွှေရောင်အလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နန်းတွင်းအကြံပေး အိမ်တော်ကား တစ်ခဏချင်း၌ ပြာပုံဘဝသို့ ပြောင်းသွားခဲ့၏။ မုချွန်းယန်က လျှပ်တစ်ပြက် ဓားကို ထုတ်ကာ ဖေးရွှီခေါင်းပေါ်သို့ ကျလာလုသော အလင်းတန်းအား ဖြတ်တောက်လိုက်သည်။

ဘုရင်ထန်တောက်ကား နန်းတွင်းအကြံပေးနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်းသောသူ ဖြစ်သည်။ အင်ပါယာလီ၏အစ်ကိုဖြစ်သူ မင်းသားကြီးသည် နန်းတွင်းအကြံပေးနှင့် ယှဉ်လျှင် အဘက်ဘက်၌ အားနည်းသည် ဆိုသော်လည်း သူက တာလီ၏အမြင့်ဆုံးသော စွမ်းအားကို ပိုင်ဆိုင်သူတစ်ဦး မဟုတ်ပါလား။ သူ၏စွမ်းအားများ အပေါ်တွင် သံသယဖြစ်စရာ မလိုပေ။

သူက ကောင်းကင်ထက်မှ လျှောက်လာခဲ့သည်။ မဟာလမ်းစဉ်၏ အလင်းစက်ကွင်းသည် ရွှေရောင်လှိုင်းများ အသွင်ဖြင့် အောက်သို့ ရိုက်ခတ်လာခဲ့သည်။ ရန်ယွင်က သူ့အပေါ် ကျဆင်းလာသော ဖိအားတွင် ညည်းသံတစ်ချက် ပေးသည်။ အဆုံးအစမဲ့သော အလင်းများသည် ထိုနေရာတစ်ခုလုံးကို အပိုင်းအပိုင်းအစစ ဖြစ်စေခဲ့ကာ မဟာလမ်းစဉ်၏ဝင်္ကပါသည် ပြိုကျလုနီးပါး ဖြစ်လာခဲ့သည်။

မုချွန်းယန်နှင့် တခြားလူများမှာလည်း မကြာခင် ဒူးထောက် ရတော့မည့်အခြေသို့ ရောက်လာ၏။

“ရန်ယွင် … မခုခံနဲ့တော့။ နန်းတော်ရဲ့ အမိန့်တော်ကို နာခံ” ဘုရင်ထန်တောက်က သူ့အား အကြံပေးသည်။ သူ့ဖိအားမှာ ကြီးမားလွန်းရာ နန်းတွင်းအကြံပေး အိမ်တော်၏အဝေးမှ လူများသည်ပင် တုန်ခါရသည်။

ရန်ယွင်က ကောင်းကင်ထက်ကို ကြည့်သည်။ သူကား သွေးနဂါးဘုံ၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ကောင်းကောင်း မသက်သာသေးမီတွင်ပင် ဘုရင်ထန်တောက်နှင့် တစ်ဖန် ပြန်လည် တိုက်ခိုက်ရသည်။

သူ့မျက်လုံးများက ရု့န်ရင်းလာခဲ့ကာ သူ့အဝတ်စများ လူးလွင့်ကြသည်။ ဓာတ်ငါးမျိုး စွမ်းအားများသည် သူ့ဘေးပတ်လည်၌ ဖြစ်တည်လာ၏။

သူက လက်ကို မြှောက်ကာ မဟာလမ်းစဉ်၏ ဝင်္ကပါအား တွန်းလျက် အပေါ်မှ ကျဆင်းလာသော ဖိအားကို ခုခံသည်။

“နန်းတွင်းအကြံပေးက သူ့ကျင့်ကြံခြင်းကို လက်လျှော့ပြီးတော့ ဝန်ခံခဲ့ပြီ။ မင်းက အခု သေချင်နေတာလား ရန်ယွင် …” ဘုရင်ထန်တောက်က ဆက်လက်၍ ခုခံနေသော သူ့အား ကြည့်ကာ ပြောသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက နန်းတွင်းအကြံပေးကို ဝန်းရံကြကာ သူတို့အား ထွက်ပြေးမရအောင် ပိတ်ဆို့ကြ၏။

သူ့ဆရာ၏ ပေးဆပ်မှုများကို တွေးကာ ရန်ယွင်၏မျက်လုံးများက သွေးနီရောင် လွှမ်းလာခဲ့၏။

သူ့ဆရာက အင်ပါယာကို ခစားရန် ဆန္ဒမရှိမှတော့ အင်ပါယာက သူ့အား ထွက်သွားရန် ခွင့်ပြုမည် မဟုတ်သည်မှာ သေချာ၏။

အင်ပါယာလီက သူတို့အား ဆက်နေစေလိုပါက အင်ပါယာရှားသည်ပင် တားဆီးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ကျင့်ကြံခြင်းများအား ဖျက်ဆီးကာ သူ့တပည့်များနှင့် သမီးကို ချမ်းသာပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မဖြစ်လာလျှင်ပင် သူက အင်ပါယာရှားကို ဝန်ခံခဲ့ခြင်းက သူ၏စိတ်ရင်းကို ဖော်ပြနိုင်သည်။

ထို့အပြင် အင်ပါယာလီက သူတို့ကို ဆက်နေစေပါက သူသည် အင်ပါယာလီ၏ လက်အောက်တွင် အမြဲတမ်း အကန့်အသတ်ဖြင့် နေသွားရပေလိမ့်မည်။

ထို့ကြောင့် အင်ပါယာရှားဘုံမှ တန်ခိုးရှင်များ ရောက်လာသောအခါ ထိုအခွင့်အရေးကို ယူ၍ သည်နေရာမှ ထွက်သွားလိုခဲ့သည်။

ဖေးရွှီ၏ အခြေအနေက နန်းတော်သို့ဝင်ရန် မဖြစ်နိုင်သည်ကို သူတို့အားလုံး သိကြသည်။

ထို့ကြောင့် သူတို့က အတတ်နိုင်ဆုံး တောင့်ခံရန် လိုအပ်၏။ သူတို့ ထွက်သွားရန် လိုသည်။

“ကျုပ်တို့ ဆရာက တာလီကို မဟုတ်တာ ဘာမှ မလုပ်ခဲ့ဘူး” ရန်ယွင်က အပေါ်မှ ပြင်းထန်စွာ တိုက်ခိုက်နေသော ဘုရင်ထန်တောက်အား ပြောသည်။ ရွှေရောင် အလင်းတန်းများသည် ရန်ယွင်ကို သတ်ဖြတ်ရန် ဆင်းသက် လာခဲ့ကြသည်။

ရန်ယွင်၏ခန္ဓာကိုယ်က တုန်ခါနေသည်။ အဆုံးအစမဲ့သော သင်္ကေတများ သူ့ကို လှည့်ပတ်လာသည်။ ချန်၊ ခွင်း၊ လီ၊ခန် စ‌သော ရှေးဟောင်း သင်္ကေတများသည် လေထဲတွင် လှည့်ပတ်ကာ မဟာလမ်းစဉ်နှင့် ပေါင်းစပ်၏။

“မဟုတ်တာ မလုပ်ဘူးဆိုတာ ဘာကို ပြောတာလဲ” ဘုရင်ထန်တောက်က အေးစက်စွာ ပြန်ပြောသည်။ ရုန့်ရမ်းသော အရောင်အဝါများက ရန်ယွင်ကို ရိုက်ခတ်လာခဲ့ကာ သူ့အား အစိတ်စိတ်အပိုင်းပိုင်း ဖြစ်စေတော့မည့်အလား ထင်မှတ်ရသည်။

“သူ့အသိစိတ်က ရှင်းလင်းပြီးတော့ ကောင်းကင်နဲ့မြေပြင်ကို ရင်ဆိုင် အန်တုရရင်တောင်မှ သူဟာ ဂုဏ်ယူဝင့်ကြွားနိုင်တယ်” ရန်ယွင်က ကျယ်လောင်စွာ ပြောသည်။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲတော့မည့်အလား ခံစားရ၏။ သူ့တစ်ကိုယ်လုံး သွေးခြင်းခြင်း နီရဲလာကာ ကိုယ်ရောင်ကိုယ်ဝါမှာလည်း ဆုတ်ယုတ် အားနည်းလာခဲ့သည်။

“ဟင်း …” ဘုရင်ထန်တောက်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ အေးစက်စွာ ပြောသည် … “မင်းက ဆက်ပြီး ခုခံရဲသေးတယ်။ သေချင်နေတာလား”

ဖေးရွှီကား ဖြစ်ပျက်သမျှကို ခံစားမိနေသည်။ သူမ၏မျက်နှာ၌ စိုးရိမ်ပူပန်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ကာ လှမ်းခေါ်သည် … “အစ်ကိုကြီး”

“သူအဆင်ပြေတယ်” နန်ကျိုင်းက ဒဏ်ရာများ ပြင်းထန်စွာဖြင့် ရန်ယွင်ကို လှမ်းကြည့်လိုက်စဉ်မှာပင် ရန်ယွင်ကို လှည့်ပတ်နေသော ရှေးဟောင်း သင်္ကေတများသည် လင်းလက် တောက်ပလာခဲ့ကာ မဟာလမ်းစဉ်၏ ယင်နှင့်ယန်ဝင်္ကပါအဖြစ် ပြောင်းလဲလျက် အပေါ်မှ ဖိအားများကို ဆက်လက်ခုခံသည်။

ထိုအခိုက်တွင် မဟာလမ်းစဉ်၏ဝင်္ကပါမှ အဆုံးအစမဲ့သော အလင်းများသည် ရန်ယွင်၏အားနည်းသော ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာခဲ့ကာ သူ့အား မဟာလမ်းစဉ်၏ ဆေးပေါင်းဖိုအလား ဖြစ်စေလျက် ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားများကို ပေါင်းစပ်စေသည်။ သူ၏အားနည်းနေသော ကိုယ်ရောင်ကိုယ်ဝါမှာလည်း ယခင် စွမ်းအားမြင့်စဉ်ကထက်ပင် ပို၍ အားကောင်းလာခဲ့ကာ အကန့်အသတ်ကို ကျော်လွန် လာခဲ့တော့သည်။ သူ့ကို ကာကွယ်ထားသော ဝင်္ကပါသည်လည်း ပိုမိုကျယ်ပြန့် အားကောင်းလာခဲ့ကာ ကောင်းကင်တစ်ခွင်ကိုပင် ပိတ်ဆို့လာခဲ့၏။

ရန်ယွင်က မျက်မှောင်ကြုတ်ကာ မြေပြင်မှ ရန်ယွင်အား ကြည့်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီးမှ သူ့မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြစ်လာခဲ့သည်။

ဤအရိပ်အယောင်သည် ရန်ယွင်က နောက်တစ်ဆင့်ဖြစ်သော ပြန်လည်မွေးဖွားခြင်း အဆင့်သို့ တက်ရောက်တော့မည့်ဟန် ဖြစ်သည်။

“ကောင်းကင်ဘုံက ရက်စက်ကြမ်းကြုတ်တော့ ပညာရှိသူက ဉာဏ်ကို လွှာပြီး လှုပ်ရှားရတယ်။ ဒါကြောင့် ကျုပ်က ဒီအတိုင်းတော့ အသေမခံနိုင်ဘူး” ရန်ယွင်က ပြောသည်။ သူ့လက်ချောင်းက မဟာလမ်းစဉ်၏ဝင်္ကပါကို ညွန်ပြလိုက်သည်။ ချက်ချင်းပင် ရွှေရောင်အလင်းဖြင့် ဓားတစ်လက်သည် ကောင်းကင်ထက်တွင် ရှိနေသော ဘုရင်ထန်တောက်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွား၏။

လေဟာနယ်သည် ချက်ချင်း ပေါက်ကွဲလာခဲ့ကာ အလင်းလှိုင်းများက ပတ်ဝန်းကျင်အနှံ့သို့ ပေါက်ကွဲပျံ့လွင့်သွား၏။

ဘုရင်ထန်တောက်၏ ခန္ဓာကိုယ်မှာလည်း ပိုမိုမြင့်မားသော နေရာသို့အထိ လွင့်စဉ်သွားခဲ့သည်။ တိုက်ပွဲကို အဝေးမှ ကြည့်နေကြသူများ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်သွားကြ၏။

ထို့နောက် ဘုရင်ထန်တောက်က လေထဲတွင် ရပ်နေသည်ကို သူတို့မြင်ကြသည်။

ဘုရင်ထန်တောက်ကဲ့သို့ စွမ်းအားကြီးသူပင် နောက်သို့ ဆုတ်သွားရ၏။

နန်းတွင်းအကြံပေး၏တပည့် ရန်ယွင်သည် အဆင့်တက်ကာ ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင် ဖြစ်လာခဲ့သည်။

ရန်ယွင်သာ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်လျှင် နန်းတွင်းအကြံပေး ရာထူးအား ပေးအပ်မည်ဟု အင်ပါယာလီက ပြောခဲ့သည်မှာပင် သိပ်မကြာသေးပေ။

သူ့အနေဖြင့် ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်ရန် အချိန် သိပ်မယူလိုက်ရပေ။ သူသာ ဆန္ဒရှိပါက နန်းတွင်းအကြံပေးရာထူးကို ယူကာ တာလီကို စိုးမိုးနိုင်ပေသည်။

သို့သော်လည်း ရန်ယွင်တွင် ထိုဆန္ဒများ မရှိသည်မှာ သိသာသည်။

သူ့အတွက် အာဏာဆိုသည်မှာ တိမ်စိုင်များလို ပျက်လွယ် စုဖွဲ့လွယ်ဖြစ်ကာ သည်နေရာတွင် ဆက်နေလိုခြင်း မရှိခဲ့။

တာလီမှာ စုစည်းညီညွတ်ခဲ့ပြီး နန်းတွင်းအကြံပေး၊ ဘုရင်ထန်တောက်၊ မင်းသားကြီးနှင့် တခြားပုဂ္ဂိုလ်တို့က ထွန်းတောက် လာသော်လည်း တစ်ဖက်တွင် များစွာသော ရေပေါ်ဆီများနှင့် အာဏာရူးများ ရှိလာခဲ့ကြသည်။ ထိုသို့သော လူများကြောင့်သာ မဟုတ်လျှင် သူ့ဆရာသည် သွေးနဂါးဘုံသို့ သွားရောက်ကာ သစ္စာဖောက်ရသည့် အခြေအနေသို့ ရောက်မည် မဟုတ်ပေ။

မာကျောသော ကျောက်ဆောင်များသည် သေးငယ်သော ပုရွက်ဆိတ် ခေါင်းပေါက်များကြောင့် ပြိုကျနိုင်သကဲ့သို့ ထိုလူများကြောင့်လည်း ယနေ့ ဤအခြေအနေမျိုး ဖြစ်လာခဲ့ရသည်။

သို့သော်လည်း အချို့သော အရာများမှာ ရှောင်ဖယ်မရနိုင်ပေ။ သူ့ဆရာအနေဖြင့် အတိတ်မှ ဖြစ်ခဲ့သည်များအား ပြောင်းလဲနိုင်ခြင်း မရှိတော့။

သို့သော်လည်း ရန်ယွင်က ကံကြမ္မာအား သူ့လက်တွင်းသို့ ဆုပ်ကိုင်လိုခဲ့သည်။

ဘုရင်ထန်တောက်က အရှိန်အဝါများ အဆက်မပြတ် ကြီးထွားလာနေဆဲ ဖြစ်သော ရန်ယွင်အား ကြည့်သည်။ သူက ရှန့်ထိုအဆင့်၏ အမြင့်ဆုံးသော စွမ်းအားများကို ထုတ်လွှတ်နေသည်။ ရန်ယွင်က ခြေတစ်လှမ်းမျှဖြင့် အဆင့်တက်နိုင်မည်ဟု ဘုရင်ထန်တောက် မထင်မှတ်ထားခဲ့။

နန်းတွင်းအကြံပေး၏ တပည့်များမှာ ယခု ပြန်လည်မွေးဖွားခြင်း အဆင့်သို့အထိတိုင် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တစ်ဖက်တွင် ရန်ယွင်ကား ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ယခုမှ ရောက်လာခြင်းဖြစ်ရာ သူ့အနေဖြင့် ဘုရင်ထန်တောက်ကို လက်ရည်တူ ယှဉ်နိုင်ရန် မလွယ်ပေ။

ဘုရင်ထန်တောက်က အောက်သို့ ဆင်းလာရန် ဟန်ပြင်သည်။ သို့သော်လည်း သူက ရုတ်တရက် ရပ်လိုက်ကာ အဝေးကို လှမ်းကြည့်သည်။ ကြီးမားသော လှိုင်းများ ရိုက်ခတ်လာ၏။ လေထဲမှ လူတစ်ယောက် ပျံသန်းလာခဲ့ကာ ဘုရန်ထန်တောက်ထံသို့ ကြီးမားသော လက်ဝါးတံဆိပ်တစ်ခု ရောက်လာခဲ့သည်။

ဘုရင်ထန်တောက်က နောက်လှည့်ကာ အေးစက်စွာ ကြည့်သည်။ သူက လက်ဆန့်တန်းလိုက်လျှင် ရွှေရောင်အလင်းတန်းသည် လက်ဝါးပုံရိပ်အား အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားစေ၏။

“ဘုရင်ထန်တောက် … ခင်ဗျားက ကျုပ်တို့ကို နှစ်တွေ အကြာကြီး ရန်စခဲ့တယ်။ ဒီနေ့ ကျုပ်က ခင်ဗျားနဲ့ တော်တော် လက်ရည်စမ်းချင်နေပြီ” ထည်ဝါခန့်ညားသော အသံကြီးအား ကြားရသည်။ ဗိုလ်ချုပ်ထန်က ဘုရင်ထန်တောက်ရှေ့သို့ ရောက်လာခဲ့၏။ သူ၏ခြေလှမ်းတိုင်းက ကြီးမားသော ဖိအားများကို ပေးသည်။

“တာလီရဲ့ကိစ္စရပ်တွေကို ခင်ဗျားက ဘယ်တုန်းက စွက်ဖက်ခွင့် ရသွားတာလဲ” ဘုရင်ထန်တောက်က ကြီးမားသော အရှိန်အဝါများ ထုတ်လွှတ်လျက် ဗိုလ်ချုပ်ထန်ကို မေးသည်။

“တာလီရဲ့ကိစ္စရပ်တွေကို ဝင်စွက်ဖက်တာလား …” ဗိုလ်ချုပ်ထန်က ငေါ့တော့တော့ ပြောသည် … “ကျုပ်က အဲဒါကို နည်းနည်းမှ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ခင်ဗျားလူတွေက သွေးနဂါးဘုံမှာ မင်းသမီးလေးကိုတောင် ပြဿနာရှာမှတော့ ကျုပ်ကလည်း အင်ပါယာရှားဘုံက ဘာဆိုတာ လာပြရတာပေါ့ …”

သူက ပြောပြီးသည်နှင့် တိုက်ခိုက်သည်။ ဘုရင်ထန်တောက် မျက်မှောင်ကြုတ်သည်။ ရန်ယွင်က အဆင့်တက်သွားရာ သူ့အား ဘုရင်ထန်တောက်ကသာ တားဆီးပါက ရန်ယွင်ကို တားဆီးမည့်သူ မရှိတော့ပေ။

သူက ကောင်းကင်ထက်ကို တစ်ချက်ကြည့်သည်။ အင်ပါယာလီနှင့် အင်ပါယာရှားတို့ နှစ်ဦးလုံးအား အရိပ်အယောင်မျှပင် မတွေ့ရပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset