အင်ပါယာ၏အကြံက သူ၏ရင့်သန်သော စိတ်သဘောထားနှင့် ကြီးမားသော အရှိန်အဝါတို့ကို ဖော်ပြနိုင်ရုံသာမက ဖေးရွှီကိုလည်း ဓားစာခံအဖြစ် အသုံးပြုစေနိုင်ခဲ့၏။
ဖေးရွှီအနေဖြင့် နန်းတော်သို့ဝင်ကာ ဧကရီတစ်ပါး ဖြစ်လာခြင်းအား လက်ခံနိုင်မည် မဟုတ်ပေ။
နန်းတွင်းအကြံပေးက အင်ပါယာလီအား ပြောသည် … “ကျုပ်က နန်းတွင်းအကြံပေး အိမ်တော်ကို ခွင့်လွှတ်ခဲ့တဲ့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဖေးရွှီက မျက်လုံးကွယ်နေပြီး သူမရဲ့ခန္ဓာကိုယ်ကလည်း အားနည်းပါတယ်။ သူမက ဒီဘွဲ့ထူးဂုဏ်ထူးနဲ့ မထိုက်တန်ဘူးလို့ ထင်ပါတယ်။ ရန်ယွင်နဲ့ တခြားတပည့်တွေ အတွက်ကတော့ … ကျုပ်ရဲ့ လက်ရှိ အခြေအနေကြောင့် သူတို့မှာကိုယ်ပိုင် အစီအစဉ်ရှိမယ်လို့ ထင်ပါတယ်။ သူတို့ရဲ့လမ်းစဉ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးဖို့ အရှင်မင်းကြီးကို အသနားခံပါရစေ”
အင်ပါယာလီက ခေါင်းငုံ့ကာ နန်းတွင်းအကြံပေးအား စိတ်ပျက်စွာ ကြည့်သည်။ သူ့အနေဖြင့် နန်းတွင်းအကြံပေးကို အလွန်ကောင်းမွန်ခဲ့သည်ဟု ယုံကြည်သည်။ သို့သော်လည်း နန်းတွင်း အကြံပေးသည် သူ့အား လုံးဝစိတ်နှလုံးမြှုပ်နှံကာ ခစားရန် ဆန္ဒရှိဟန်မရပေ။
နန်းတွင်းအကြံပေးက သူ့အား ဆက်လက်ခစားရန် ငြင်းပယ်သလို သူ့သမီးနှင့် တပည့်များကိုပင် လွှတ်ပေးရန် တောင်းဆိုနေသည်။ အနာဂတ်တွင် သူ့တပည့်များအားလည်း အင်ပါယာကို မခစားရန် မျှော်လင့်နေ၏။
“နန်းတွင်းအကြံပေး အိမ်တော်က လူတွေ နန်းတော်ကို ခုချက်ချင်း လာခဲ့ကြ” အင်ပါယာလီ၏ အသံသည် နန်းတွင်းအကြံပေး အိမ်တော်အပါအဝင် တာလီနန်းမြို့တော် တစ်ခုလုံးအား လှုပ်ခတ်ပျံ့နှံ့သွားလေ၏။
အကြံပေးအိမ်တော်တွင် ရှိနေသော ရန်ယွင်၊ ဖေးရွှီနှင့် တခြားလူများ အားလုံးသည် အင်ပါယာကိုယ်တိုင်၏ အမိန့်တော်ကို ကြားနာမိကြ၏။ သူတို့အားလုံးမှာ ဆွံ့အရသည်။
အင်ပါယာလီက နန်းတွင်းအကြံပေးအား ရှင်းလင်းလိုသလို တခြားသော သက်ဆိုင်သူများ အားလည်း အလွတ်ပေးလိုခြင်း မရှိခဲ့။
“ကျုပ်တို့က အင်ပါယာလီဘုံက ထွက်ခွာသွားလိုပြီးတော့ ဘယ်တော့မှ ပြန်လာဖို့ ဆန္ဒမရှိဘူး။ ကျုပ်တို့က တာလီနဲ့လည်း ရန်သူ မဖြစ်လိုဘူး။ ကျုပ်တို့ကို သွားခွင့်ပြုပါ” ရန်ယွင်၏လေသံက နေရာတိုင်းကို ကြားသိစေနိုင်၏။
သူ့ဆရာ၏ ဆုံးဖြတ်ချက်ကို ရန်ယွင်က သိနားလည်သလို သူ့ဆရာက သူတို့အတွက် လုပ်ပေးခဲ့သည်များအားလည်း လေးစား လိုက်နာသည်။
လက်ရှိတွင် သူ့ဆရာ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သော ဖေးရွှီနှင့် သူ့တပည့်များကို တာလီမှ ထွက်သွားနိုင်ရန် ဆန္ဒအား ရန်ယွင်က ဆုပ်ကိုင်ထားလိုသည်။
သူက သူ့ဆရာအတွက် တောင်းပန်ခယခြင်းလည်း မရှိသလို ကယ်တင်ရန် ကြိုးစားခြင်းလည်း မရှိခဲ့။ ထိုသို့ လုပ်ဆောင်ခြင်းက မည်သို့မှ အဓိပ္ပာယ်မရှိပေ။
တာလီနန်းတွင်း အကြံပေး၏ ပထမတပည့်ကြီး ရန်ယွင်သည် သူ့ဆရာ၏ ခံယူချက်နှင့် စိတ်သဘောထားများအား အမှန်တကယ် ဆက်ခံသူဖြစ်၏။
“နန်းတွင်းအကြံပေး အိမ်တော်က လူတွေကို နန်းတွင်းသို့ ကြိုဆိုဖို့ ပြင်ဆင်ကြ” အင်ပါယာလီက အမိန့်ပေးသည်။
တော်ဝင်နန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များသည် လေထဲသို့ တက်ကာ နန်းတွင်းအကြံပေး အိမ်တော်သို့ ဦးတည်လိုက်ကြသည်။
သူတို့က ဖေးရွှီနှင့် နန်းတွင်းအကြံပေး၏ တပည့်များကို နန်းတော်သို့ ခေါ်ဆောင်လာကြမည် ဖြစ်သည်။
သို့သော်လည်း အင်ပါယာလီက ရုတ်တရက် မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို ကြည့်သည်။ သူ့ထံမှ ထွက်ပေါ်လာသည့် အဆုံးအစမဲ့သော အရှိန်အဝါနှင့် ဖိအားများသည် နန်းတော်မှ လူများအား တုန်ခါစေ၏။ ရန်ဟောင်တစ်ပါးက ထိုနေရာတစ်ခုလုံးကို ဖိအားပေးလာသည်နှင့် တူပေသည်။
အင်ပါယာလီ ဒေါသထွက်ခြင်း ဖြစ်သည်။
“ဘာဖြစ်နေတာလဲ …”
လီယောင်၏အလောင်းကို တွေ့မြင်စဉ်ကသော်၎င်း၊ နန်းတွင်းအကြံပေး၏ သစ္စာဖောက်မှုကြောင့် သော်၎င်း ဤသို့ ဒေါသထွက်ခြင်း မရှိခဲ့။
တိမ်များ ရွေ့လျားကြကာ ကောင်းကင်ထက်မှ ကြီးမားသော အရှိန်အဝါများ ကျဆင်းလာခဲ့သည်။
တာလီနန်းမြို့တော် တစ်ခုလုံးအား စိတ်စွမ်းအားတစ်ခု ဖိအားပေးလာလျှင် လူအများက ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ကောင်းကင်ကို မော့ကြည့်ကြ၏။
“ဘယ်သူလဲ …”
ဤသည်က အင်ပါယာလီကဲ့သို့ ရန်ဟောင်အဆင့် အရှိန်အဝါ ဖြစ်ပေသည်။
တခြားသော တော်ဝင်ဘုံတစ်ခုမှ ရန်ဟောင်အဆင့် တန်ခိုးရှင်က တာလီသို့ ရောက်လာရာ အင်ပါယာလီက ဤသို့ တုံ့ပြန်ခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
“လူတွေကို သူတို့ရဲ့ စိတ်ဆန္ဒမပါဘဲ ဒီလို အတင်းစေခိုင်းဖို့ လိုအပ်လို့လား … အင်ပါယာလီ” တာလီနန်းမြို့တော် တစ်ခုလုံးအား ကြားနိုင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
သူတို့က ကောင်းကင်သို့ မော့ကြည့်လျှင် အပေါ်မှ ဆင်းသက်လာသော နတ်ဘုရားအလား လူစုကို မြင်ကြ၏။
ကောင်းကင်တွင် လူတစ်စု ပေါ်ထွက်လာခဲ့ကာ ဦးဆောင်လာသူကား အမှန်တကယ်ပင် ရန်ဟောင်တန်ခိုးရှင်တစ်ပါး ဖြစ်နေသည်။
အင်ပါယာရှား ရောက်ရှိလာသည်ကို မြင်လျှင် လူအများ၏ စိတ်နှလုံးများက တုန်ခါနေကြ၏။
“ဒါက တာလီရဲ့ ကိစ္စပဲ … အင်ပါယာရှားက ဘယ်တုန်းကတည်းက စွက်ဖက်ခွင့် ရှိသွားတာလဲ” အင်ပါယာလီက ကောင်းကင်ထက်မှ ပုံရိပ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
“တာလီရဲ့ကိစ္စက တကယ်ပဲ ကျုပ်နဲ့ မသက်ဆိုင်ဘူး။ ဒါပေမဲ့ တာလီက အင်ပါယာရှားဘုံကို တစ်ကြိမ်ပြီးတစ်ကြိမ် ရန်စခဲ့တယ်။ ဒါကြောင့် ကျုပ်က အင်ပါယာရှားဘုံရဲ့ အစွမ်းအထက်ဆုံး တန်ခိုးရှင်တွေကို ခေါ်ဆောင်လာပြီးတော့ တာလီက တန်ခိုးရှင်တွေနဲ့ လက်ရည်စမ်းဖို့ လာခဲ့တယ်။ ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ဘယ်လိုအခြေအနေရှိလဲ ကျုပ်တွေ့ချင်တယ် အင်ပါယာလီ” အင်ပါယာရှားက ပြောလိုက်ကာ သူတို့အုပ်စုက ကောင်းကင်ထက်မှ ဆင်းသက်ကြသည်။
သူတို့အားလုံးမှာ ရှန့်ထိုအဆင့် အမြင့်ဆုံးများ ဖြစ်ကြသည်။
သူတို့အထဲတွင် မှော်ဆရာ၊ လီဟန်ဓားသမား၊ လုယွီနှင့် ဗိုလ်ချုပ်ထန်တို့ပင် ပါဝင်၏။
အင်ပါယာရှားဘုံမှ ပြန်လည် မွေးဖွားခြင်းအဆင့်လေးဦး တာလီသို့ ရောက်လာခြင်းသည် အမှန်ပင် အားကောင်းသော အစုအဖွဲ့ဖြစ်၏။
အင်ပါယာရှား၏နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသူတစ်ဦးရှိကာ ထိုသူကား ရီဖူရှင်းဖြစ်ပေသည်။
သူက တော်ဝင်နန်းတော်တွင် ရှိနေသော နန်းတွင်းအကြံပေးအား ကြည့်ကာ နှလုံးသားအတွင်းမှ နာကျင်မှုအား ခံစားရ၏။ ထိုနေ့က နန်းတွင်းအကြံပေးသည် ရီဖူရှင်းကို လွှတ်ပေးရန် ဆုံးဖြတ်ပြီး ကတည်းက ထိုအကျိုးအပြစ်များ အားလုံးကို ထမ်းပိုးတာဝန်ယူရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
နန်းတွင်းအကြံပေးက ကောင်းကင်ထက်သို့ ကြည့်ကာ သူ့ခေါင်းထဲ အတွေးများ ပြေးလွှားသွား၏။
ရီဖူရှင်းက အင်ပါယာရှားနှင့် ထိပ်သီးပုဂ္ဂိုလ်များအား တာလီသို့ ခေါ်ဆောင်လာနိုင်မည်ဟု သူလုံးဝ မထင်ထားခဲ့မိပေ။
အင်ပါယာလီက အင်ပါယာရှား၏နောက်မှ လူငယ်အား ကြည့်သည်။ လူငယ်မျိုးဆက် တစ်ယောက်က သူသည်ပင် ခွင့်လွှတ်မရနိုင်သော ပြစ်မှုအား နန်းတွင်းအကြံပေး ကျူးလွန်စေအောင် လွှမ်းမိုးနိုင်ခဲ့ရုံသာမက နန်းတွင်းအကြံပေးသည် ထိုလူငယ်အတွက် သူ၏ဂုဏ်သိက္ခာများအား စွန့်လွှတ်ကာ အသက်ပေးလိုခဲ့သည်။
အင်ပါယာရှားကိုပင် သည်နေရာသို့ ရောက်လာစေနိုင်သည့်၊ တစ်ချိန်က တာလီသို့ သတ္တမဓားအသွင်ဖြင့် ရောက်လာသော ထိုလူငယ်အား အင်ပါယာလီက အထင်သေးမိခဲ့ပြီဟု ခံစားရသည်။
အင်ပါယာလီက ရီဖူရှင်းအား သူ့သမီးတော်ဖြင့်ပင် လက်ဆက်ပေးရန် ကြံရွယ်ခဲ့သေးသည်။
“ခင်ဗျားက အဲဒီလို ပြောမှတော့ ကျုပ်ကလည်း လိုက်လျောပေး ရမှာပေါ့။ ဒါပေမဲ့ ဒီမတိုင်တော့ ကျုပ်က လုပ်စရာနည်းနည်း ရှိသေးတယ်” အင်ပါယာလီက အေးစက်စွာ ပြောကာ နန်းတွင်း အကြံပေးကို ကြည့်သည်။
အင်ပါယာက မည်သို့သော သဘောရှိသည်ကို နန်းတွင်းအကြံပေး သိပေသည်။ အင်ပါယာက သူ့အား အပြစ်ပေးလိုခဲ့သည်။
အင်ပါယာရှားက ရှေ့သို့ တစ်လှမ်းတက်လာခဲ့လျှင် ကောင်းကင်ဘုံက ပြိုကျလုမတတ် တုန်ခါသွား၏။ လူတိုင်းက ကြောက်မက်ဖွယ် စွမ်းအားကြောင့် တုန်လှုပ်သွားကြသည်။ အင်ပါယာလီက ထိုစွမ်းအားကို ပိုခံစားရ၏။
အင်ပါယာလီက လေထဲမှ ပုံရိပ်များကို အေးစက်စွာ ကြည့်သည်။ ရန်ဟောင် အရှိန်အဝါက ထွက်ပေါ်လာကာ ပတ်ဝန်းကျင်သို့ အရှိန်အဟန်ပြင်းစွာဖြင့် ရိုက်ခတ်သွား၏။
ခြေတစ်လှမ်းမျှက ကြီးမားသော အရှိန်အဝါကို ဖြစ်စေကာ ပြိုကျလု ကောင်းကင်အား တားဆီးထားဟန်ရ၏။
“ကျုပ်ကို ကိုယ်တိုင် လုပ်စေချင်တာလား … နန်းတွင်းအကြံပေး” အင်ပါယာလီက နန်းတွင်း အကြံပေးအား ငုံ့ကြည့်ကာ ပြောသည်။
နန်းတွင်းအကြံပေးက အင်ပါယာလီအား ကြည့်သည်။ သူ့အနေဖြင့် သေသွားခြင်း သို့မဟုတ်လျှင် ကျင့်ကြံခြင်း ပျက်စီးခြင်း၊ ထိုနည်းလမ်းနှစ်ခုထဲမှ တစ်ခုသာ ရွေးချယ်ခွင့်ရှိကြောင်း သိသည်။ မဟုတ်လျှင် အင်ပါယာလီက သူ့အား အလွတ်ပေးမည် မဟုတ်ပေ။
အင်ပါယာလီက သူ့အား တာလီမှ သည်အတိုင်း ဘေးကင်းစွာ ထွက်သွားခွင့်ပြုမည် မဟုတ်သည်မှာ သေချာ၏။
သူ့အနေဖြင့် အင်ပါယာလီဘုံမှ ထွက်သွားလျှင် အင်ပါယာရှားဘုံသို့ ရောက်သွားနိုင်သည့် အန္တရာယ်ရှိပေသည်။
အင်ပါယာလီက စိတ်ဆုံးဖြတ်ထားပြီးဖြစ်ရာ အင်ပါယာရှားသည်ပင် သူ့အား ခေါ်ဆောင်သွား၍ မရနိုင်ပေ။
ဘုန်း …
ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ခုကို ကြားလိုက်ရကာ ကြီးမားသော စွမ်းအားများ လေထုထဲ ပြည့်နှက်လာခဲ့သည်။ နန်းတွင်းအကြံပေး၏ ကိုယ်ရောင်ကိုယ်ဝါသည်လည်း ကြီးမားသော စွမ်းအားအောက်တွင် တဖြည်းဖြည်း သေးငယ်လာသည်ဟု ထင်မှတ်ရ၏။
“ဆရာ …” ရီဖူရှင်းက ထိုမြင်ကွင်းအား ကြည့်ကာ နန်းတွင်းအကြံပေးအား ခေါင်းယမ်းပြသည်။
“ကျုပ်က သစ္စာကင်းမဲ့ခဲ့တယ်။ ဒါကြောင့် အရှင်မင်းကြီးက ကျုပ်ကို ပေးခဲ့တဲ့ ကြင်နာသနားမှုတွေ အတွက် ကျုပ်ရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးလိုက်ပါ့မယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ရန်ယွင်နဲ့ဖေးရွှီတို့ကို ထွက်သွားခွင့်ပေးစေ လိုပါတယ်” နန်းတွင်းအကြံပေးက တောင်းဆိုသည်။ သူ့စကားဆုံးသည်နှင့် ကြီးမားသော စွမ်းအားသည် သူ့ခန္ဓာကိုယ်အား ဖြတ်သန်းသွား၏။ ရုန့်ရင်းသော စွမ်းအားများသည် သူ့ကိုယ်တွင်း၌ တိုက်စား ဖျက်ဆီးသွားဟန်ရသည်။
နန်းတွင်းအကြံပေးက သွေးအန်ကာ မျက်နှာက ဖြူလျော့သွား၏။ သူ၏ကိုယ်ရောင်ကိုယ်ဝါက မြန်ဆန်စွာ ဆုတ်ယုတ် သွားသော်လည်း ကောင်းကင်ထက်မှ အင်ပါယာလီကို ကြည့်နေဆဲဖြစ်သည်။
အင်ပါယာလီက အေးစက်သော အမူအရာဖြင့် တစ်ချက်ကြည့်သည်။ ဤသို့သော အခြေအနေတွင်ပင် နန်းတွင်းအကြံပေးသည် ဖေးရွှီနှင့် ရန်ယွင်တို့အား တာလီမှ ထွက်သွားစေလို နေသေးသည်။
“သူ့မျက်လုံးထဲမှာ ငါက သားရိုင်းသတ္တဝါလို ကြမ်းတမ်း နေပြီလား”
အင်ပါယာရှားက မြေပြင်မှ မြင်ကွင်းကို ကြည့်ကာ စိတ်တွင်းမှ သက်ပြင်းချသည်။ နန်းတွင်းအကြံပေးက သူသည်သာ ဤသို့မလုပ်လျှင် အင်ပါယာလီက လုပ်တော့မည် ဖြစ်ကြောင်း သိသည်။ သူ့အနေဖြင့် ခွင့်လွှတ်ခံရရန် မဖြစ်နိုင်ပေ။
သူ့အနေဖြင့် မိမိ၏ကျင့်ကြံခြင်းကို ကိုယ်တိုင် ဖယ်ရှားခဲ့ခြင်းက နန်းတွင်းအကြံပေး အိမ်တော်မှ လူများအတွက် မျှော်လင့်ချက် တစ်စွန်းတစ်စ ရရှိစေနိုင်ပေသည်။
ရန်ဟောင်အဆင့်ကို တက်ရောက်နိုင်ရန် အလားအလာ ရှိသူတစ်ဦးက တာလီနန်းတော်တွင် ကျရှုံးခဲ့ခြင်းသည် စိတ်မကောင်းစရာ ကိစ္စရပ်ဖြစ်၏။
“ကျေးဇူးပြုလို့ … အရှင်မင်းကြီး” နန်းတွင်းအကြံပေးက ဆက်တောင်းပန်၏။ နောက်ထပ် ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခုက သူ့ခန္ဓာကိုယ်အား ဖြတ်သန်းသွားပြန်၏။ ကြောက်မက်ဖွယ်မုန်တိုင်းသည် သူ့အား ရစ်ပတ်ထားသော်လည်း ဘေးမှ လူများအား တိုက်ခိုက်ခြင်းတော့ မပြုပေ။ ထိုအရာက အတွင်းထဲမှ လှိုက်စားနေသော အားလှိုင်းများသာ ဖြစ်သည်။
အနီးမှ လူများအားလုံးက သူ့ခန္ဓာကိုယ်အတွင်းမှ အရိုးများနှင့် အကြောများ ကွဲအက် ပျက်စီးသံများကို ကြားသိနေရသည်။ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် စီးဆင်းလာနေ၏။
သူ၏ကြီးမြတ်သော ခန္ဓာကိုယ်သည် သူတည်ရှိရာနေရာ၌ မားမားမတ်မတ် ရှိနေဆဲဖြစ်သည်။ မည်မျှပင် ကြီးမားသော အားလှိုင်းများဖြစ်ပါစေ၊ သူ့အား အနည်းငယ်မျှ လှုပ်ခါစေနိုင်စွမ်း မရှိသလို သူ၏ရင့်သန်မှုအား ဖျက်ဆီးနိုင်စွမ်းရှိဟန် မရပေ။
အသံများက ထိုနေရာတစ်ခုလုံးကို တုန်ခါနေစေခဲ့ကာ လူတိုင်း၏နားစည်ကို လာရောက်ရိုက်ခတ်၏။ လူများစွာတို့ကလည်း နန်းတော်အပြင်ဘက်တွင် ဒူးထောက်ကာ နန်းတွင်းအကြံပေးအား သက်ညှာပေးရန် တောင်းပန်နေကြသည်။
အင်ပါယာလီက မြေပြင်ကို ကြည့်ကာ သူ့မျက်လုံးများက ပိုမို အေးစက်လာခဲ့သည်။
“နန်းတွင်းအကြံပေးက ကျန်းဘုရင်ရဲ့ လက်ထပ်ပွဲကို တက်ရောက်ဖို့ ခဏတာ လွတ်ငြိမ်းခွင့်ရှိတယ်” အင်ပါယာလီက ပြောကာ လေထဲမှ အင်ပါယာရှားထံသို့ လှမ်းသွားလိုက်၏။
အင်ပါယာရှား၏ စိတ်အသိတို့ လှုပ်ရှားမှုတွင် ကောင်းကင်က အရောင်ပြောင်းလဲ၏။ ဧရာမကြာပန်းကြီးများသည် အင်ပါယာလီနှင့် သူ့ကြား၌ မွေးဖွားလာခဲ့၏။
ရီဖူရှင်းသည်လည်း ထိုအထဲ၌ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။ နန်းတွင်းအကြံပေး ဆက်လက်၍ ထိခိုက် နာကျင်နေရသည်များအား ကြည့်ကာ သူ၏စိတ်မှာလည်း ပူလောင် ပေါက်ကွဲနေ၏။
မားမားမတ်မတ် ရပ်နေသော ပုံရိပ်သည် နောက်ဆုံးတွင် ဆံပင်များညိုမှိုင်း ဖြူဖွေးသွားကာ အိုမင်းသွားပြီး ခါးကုန်းသွားတော့၏။
“နန်းတွင်းအကြံပေးကို ချုပ်နှောင်ထားလိုက်” မြေပြင်မှ အသံတစ်သံအား ကြားရသည်။ ရီဖူရှင်းကား မြေပြင်တွင် ဖြစ်ပျက်နေသည်များကို မမြင်ရတော့ပေ။
သူကား အင်ပါယာရှားနှင့် အင်ပါယာလီတို့ ရှိနေရာသို့ ဆွဲငင်ခေါ်ဆောင် သွားခံရ၏။
***
နန်းတွင်းအကြံပေးသည် တာလီတော်ဝင်နန်းတော်၏ အချုပ်ထောင်၌ ချုပ်နှောင်ထားခြင်း ခံရ၏။ စွမ်းအားမြင့်တန်ခိုးရှင် တစ်စုသည် နန်းတွင်းအကြံပေး အိမ်တော်သို့ သွားရောက်ရန် ပြင်ကြသည်။
သူတို့က နန်းတွင်းအကြံပေးအိမ်တော်မှ လူများအား နန်းတော်သို့ ခေါ်ဆောင် လာကြမည်ဖြစ်သည်။
သို့သော်လည်း အင်ပါယာရှားဘုံ၏ ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်လေးဦးသည် တာလီနန်းတော် အပြင်ဘက်တွင် ရှိနေကြသည်။
မင်းသားကြီးနှင့် တန်ခိုးရှင်များ ပေါ်ထွက်လာသောအခါ သူတို့အား မှော်ဆရာက တားဆီးသည်။
တခြားနေရာတစ်ခုတွင် ဓားအရောင်အဝါနှင့် သားရိုင်းစွမ်းအားများ ကွဲထွက်လာခဲ့၏။ လီဟန်ဓားသမားက ကောင်းခေါင်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
နန်းတော်၏ တခြားအရပ်တစ်ခုမှ ဘုရင်ခံလေးဦး ပေါ်ထွက်လာလျှင် သူတို့အား လုယွီက တားဆီးသည်။
“မင်းတို့အားလုံး နန်းတွင်းအကြံပေး အိမ်တော်ကို သွားပြီး သူတို့ကို တော်ဝင်နန်းတော်သို့ ခေါ်လာကြ” မင်းသားကြီးက ပြောသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက တော်ဝင်အကြံပေး အိမ်တော်သို့ စတင် ထွက်ခွာကြသည်။
နန်းတွင်းအကြံပေးက တစ်ကြိမ်ပြီးတစ်ကြိမ် တောင်းပန်ခဲ့သည့်တိုင် အင်ပါယာလီက သူ၏သမီးနှင့် တပည့်များကို ခေါ်ထားရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။
ဗိုလ်ချုပ်ထန်ကလည်း နန်းတွင်းအကြံပေး အိမ်တော်ရှိရာသို့ ပျံသန်းသွားသည်။ သူတို့အတွက် ထိုနေရာသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။
ရန်ယွင်နှင့် တခြားလူများသည်လည်း နန်းတွင်းအကြံပေး အိမ်တော်တွင် ရှိနေကြကာ သူတို့အားလုံးက အဝေးမှ ရိုက်ခတ်လာသော စွမ်းအားလှိုင်းများကို ခံစားမိကြသည်။
နန်းတွင်းအကြံပေး အိမ်တော်မှာ ကြီးမားသော ဖိအားအောက်သို့ ရောက်လာခဲ့၏။
“အဖေ…” ဖေးရွှီ၏မျက်နှာပေါ်သို့ မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာခဲ့၏။ ထိုအခိုက်တွင် သူမသည် သေဆုံးခြင်းထက် ပိုဆိုးသော ခံစားချက်များအား ရသည်။ နန်းတွင်းအကြံပေး အိမ်တော်သည် နန်းတော်နှင့် သိပ်မဝေးပေ။ နန်းတော်မှ ကြီးမားသော အရှိန်အဝါအား သူမက ခံစားရပေသည်။
“ဖေးရွှီ … သွားရအောင် …” ရန်ယွင်က တာလီမှ ထွက်သွားရန် ဆုံးဖြတ်ထားပြီးသား ပုံစံဖြင့် ပြောသည်။
သူ၏ဆရာမှာ ဖမ်းဆီးချုပ်နှောင်ခံရကာ ဖေးရွှီ၏ထူးဆန်းသော ခန္ဓာကိုယ်ဖွဲ့စည်းမှုအရ သူမသည် နန်းတော်သို့ဝင်၍ လီကျန်းနှင့် လက်ထပ်ကာ ဘုရင်မဖြစ်၍ မရပေ။
တစ်ခုတည်းသော ရွေးချယ်မှုမှာ ထွက်ပြေးရန် ဖြစ်သည်။
လက်ရှိတွင် အင်ပါယာရှားက အင်ပါယာလီအား တားဆီးထားပြီး အင်ပါယာရှား ခေါ်လာသော ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်လေးဦးကလည်း တာလီ၏တန်ခိုးရှင်များအား တားဆီးထားရာ သူတို့အနေဖြင့် ထွက်သွားရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
***