Switch Mode

အပိုင်း(၁၂၂၇)

အင်ပါယာလီ၏ လှုပ်ရှားမှု

အင်ပါယာလီသည် နန်းတော်၏ လျှောက်လမ်းအတိုင်း လှမ်းလာပြီး လီယောင်ဆီသို့ ရောက်မလာခင်မှာ သူ့သားတော် ငြိမ်သက်စွာ လဲလျောင်းနေသည်ကို အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်သည်။

အင်ပါယာ၏ မျက်နှာထက်မှ အမူအရာကို ကြည့်ရုံဖြင့် သူ၏အတွေးများကို မည်သူ တစ်ဦး တစ်ယောက်မှ မပြောနိုင်ကြပေ။ သို့သော်လည်း လူတိုင်းသည် အလွန် မွန်းကျပ်ဖွယ် ကောင်းသည့် အရှိန်အဝါကို ခံစားမိကြသည်။ အင်ပါယာက သူ့စွမ်းအားကို မထုတ်လွှတ်လျှင်ပင် အရှိန်အဝါ သက်သက်နှင့် မည်သူမှ မတ်မတ် ရပ်မနေနိုင်အောင် ပြုလုပ်နိုင်သည်။

တော်ဝင်နန်းတော်သည် သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်နေ၏။

ထိုကဲ့သို့ အလွန်အမင်း တိတ်ဆိတ်နေကြခြင်းမှာ အလွန်အမင်း ကြောက်လန့် နေကြသည်ဟု ဆိုနိုင်သည်။

တော်ဝင်အကြံပေးသည် အင်ပါယာလီကို ကြည့်ကာ ဦးညွှတ်ရင်း ပြောသည်… “အရှင်မင်းကြီး၊ အရှင်မင်းသား သေဆုံးရတာ ကျုပ်ရဲ့အမှားပါ။ အပြစ်ပေးတော်မူပါ”

သူသည် ခေါင်းကို ငုံ့ထားပြီး သူ့ကိုယ်သူ ကာကွယ်ထားခြင်း မရှိပေ။ သူ့ရှေ့တွင် သက်သေခံက လဲလျောင်းနေပြီး မည်သည့် အယူခံကမှ အသုံးဝင်လိမ့်မည် မဟုတ်ပေ။

သူသည် သွေးနဂါးဘုံ၊ ချန်ယဲ့မြို့တွင် ရှိစဉ်ကပင် အပြစ်တင်သမျှကို တာဝန်ယူပြီး အပြစ်ချေဖို့ရာ မည်သည့် အပြစ်ဒဏ်မဆို ခံယူရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

အင်ပါယာသည် တော်ဝင်အကြံပေး ပြောသမျှကို ဘာမှ မကြားသယောင် ရှိနေကာ ခေါင်းကိုသာ ငုံ့၍ လီယောင်ကို ဆက်ကြည့် နေလေသည်။

လေသည် တငွေ့ငွေ့ တိုက်ခတ်နေပြီး နန်းတော်ထဲမှ လူတိုင်းသည် နန်းတော်ကြီး တစ်ခုလုံးက အေးစိမ့်နေသကဲ့သို့ အေးစက်စွာ ခံစားနေကြရသည်။

အင်ပါယာလီသည် နောက်ဆုံး၌ လှုပ်ရှားလာသည်။ သူသည် ခေါင်းကို ဖြည်းညင်းစွာ ပင့်မလိုက်ပြီး မင်းသားကြီးကို ကြည့်သည်။ ထို့နောက် လီကျန်းနှင့် အခြားလူများကို ကြည့်လိုက်၏။ နောက်ဆုံးမှာတော့ သူ့မျက်လုံးများသည် တော်ဝင်အကြံပေးထံ၌ ရပ်နားသွားသည်။

“တော်ဝင်အကြံပေး၊ ကျုပ် ခင်ဗျားကို မတရား ဆက်ဆံခဲ့ဖူးလား” အင်ပါယာလီက မေးသည်။

မင်းသားကြီးသည် အင်ပါယာ၏ စကားကို ကြားသည်နှင့် ဘာဖြစ်တော့မည်ကို သိ၏။

တော်ဝင်အကြံပေး ထွန်းလင်းခဲ့သည့် ခေတ်ကာလသည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

တော်ဝင်အကြံပေးသည် အမှားများစွာ ပြုလုပ်နိုင်သော်လည်း အားလုံး၏ အထက်မှ အာဏာကို ချုပ်ကိုင်ထားနိုင်သည့် တစ်ယောက်ကိုတော့ ထိုအမှားမျိုး ကျူးလွန်၍ မရနိုင်သည်ကို နားလည်ရမည် ဖြစ်သည်။

သူသည် သစ္စာဖောက်သည့် အမှုကို ကျူးလွန်ခဲ့သည်။

သူလုပ်ရန် လိုသည်မှာ အနည်းဆုံး ရီဖူရှင်းကို သတ်ဖြတ်ခဲ့ခြင်း သို့မဟုတ် ခဏတာ ရူးရူးမူးမူး တိုက်ခိုက်ခဲ့ရန်သာ ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခဲ့ပါက ရလဒ်သည် ပြောင်းလဲသွားကာ အရှင်မင်းကြီးက ခွင့်ပေးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူသည် မည်သည့်အရာကိုမှ မပြုလုပ်ခဲ့ပေ။

“အရှင်မင်းကြီး ကျုပ်အပေါ် မျှော်လင့်ထားသမျှနဲ့ လုပ်ဆောင်ခိုင်းလိုက်တဲ့ တာဝန်အားလုံးကို ကျရှုံးခဲ့ပါတယ်” တော်ဝင်အကြံပေးက ခေါင်းကို ညွှတ်ကာ ဆက်ပြောသည်။

“လူတစ်ယောက် အတွက်နဲ့ တာလီကို သစ္စာဖောက်ဖို့ ဘာလို့ ရွေးချယ်ခဲ့တာလဲ” အင်ပါယာလီက မေးသည်။

အင်ပါယာသည် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သိရှိပြီးဖြစ်ကာ တော်ဝင်အကြံပေးက ရီဖူရှင်း တစ်ယောက် အတွက်နှင့် လုပ်ဆောင်ခဲ့သည်များကိုလည်း သိရှိသည်။

ထိုလူငယ်သည် တစ်ချိန်က သတ္တမဓားအဖြစ်နှင့် တာလီတွင် နေထိုင်ခဲ့ဖူးသည်။ တော်ဝင်အကြံပေးသည် ရီဖူရှင်း ရှီအဆင့်၌ ရှိစဉ်ကပင် အရာအားလုံးကို အလေးမမူဘဲ အဘယ်ကြောင့် အဝေးသို့ ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးသည်လည်း အင်ပါယာက နားမလည်နိုင်ပေ။

ယခုတွင် မင်းသားတစ်ပါးဖြစ်သည့် လီယောင် အသတ်ခံခဲ့ရသော်လည်း တော်ဝင်အကြံပေးသည် ရီဖူရှင်းကို ထိခိုက်ရန် မလုပ်ရက်ဘဲ ရှိနေခဲ့၏။

အလားတူဖြစ်ရပ်မျိုး နောက်ထပ် ထပ်ဖြစ်ပွားခဲ့လျှင်လည်း တော်ဝင် အကြံပေးသည် တူညီသည့် ရွေးချယ်မှုကိုပင် ပြုလုပ်မည် ဖြစ်ကြောင်း အင်ပါယာ သိရှိလေသည်။

သူသည် တော်ဝင်အကြံပေးကို နားလည်နိုင်စွမ်း မရှိတော့ပေ။

အင်ပါယာသည် တော်ဝင်အကြံပေးကို သွေးနဂါးဘုံသို့ စေလွှတ်ခဲ့သည့် အကြောင်းရင်းမှာ တော်ဝင်အကြံပေး အနေဖြင့် ထိုသို့ ရွေးချယ်ခဲ့မည်မှန်း မသိ၍ ဖြစ်၏။

“ကျုပ်က အရှင်မင်းကြီး မျှော်လင့်ထားတာကို သိပါတယ်။ ဒါပေမဲ့ ကျုပ် သိတဲ့ တခြားကိစ္စတွေလည်း ရှိပြီးတော့ အဲဒါကြောင့် အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းပေး နိုင်ခဲ့တာပါ။ ကျုပ်မှာ တာလီပြည်ထောင်ကို သစ္စာဖောက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ဖြစ်ခဲ့တာတွေကတော့ ပြောင်းလဲနိုင်ခြင်း မရှိတော့တဲ့ အရာတွေ ဖြစ်ပါတယ်။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် အတွက် အယူခံဝင်ဖို့ စိတ်ကူးမရှိပေမဲ့ ရန်ယွင်ကတော့ မင်းသား၉ကို ကာကွယ်ရင်း ထိခိုက်မှု အများအပြား ခံစားခဲ့ရပါတယ်။ အရှင်မင်းကြီးက သူတို့ကိုတော့ ခွင့်လွှတ်ပေးပြီး ကိုယ့်လမ်းကြောင်းကိုယ် ရွေးချယ်စေဖို့ ခွင့်ပြုပေးမယ်လို့ မျှော်လင့်မိပါတယ်။ သူတို့က တာလီကို ဘယ်လို အာဃာတမှ ဆုပ်ကိုင်ထားမှာ မဟုတ်ဘူးလို့ ကျိန်ဆိုရဲပါတယ်”

တော်ဝင်အကြံပေးသည် ဦးညွှတ်ကာ ဒူးထောက်ရင်း ပြောသည်… “ကျုပ်ရဲ့ ပြစ်မှုအတွက်ကတော့ အသက်နဲ့ ပြန်ပေးဆပ်လိုတဲ့ ဆန္ဒရှိပါတယ်”

တော်ဝင်နန်းတော် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

တာလီပြည်ထောင်၌ အင်ပါယာ အောက်မှ အထူးချွန် အထင်ရှားဆုံး ပုဂ္ဂိုလ်သည် သေဒဏ်ကျခံရန် တောင်းဆိုနေသည်။

သူသည် အပြစ်အားလုံးကို တစ်ယောက်တည်း တာဝန်ယူရန် ရည်ရွယ် နေလေသည်။

သူသည် ပြစ်မှုမှ လွတ်မြောက်ရန် အယူခံဝင်ခြင်း ဆွေးနွေး ညှိနှိုင်းခြင်းပင် မပြုလုပ်ခဲ့ပေ။

အင်ပါယာလီသည် အလွန်စိတ်ပျက်နေသည့် မျက်လုံးများဖြင့် တော်ဝင်အကြံပေးကို ကြည့်သည်။ ထို့နောက် သူက ပြောလိုက်သည်… “တော်ဝင်အကြံပေး၊ ဒါက ကျုပ် မြင်လိုတဲ့အရာ မဟုတ်ဘူးဆိုတာ နားလည်သင့်တယ်”

တော်ဝင်အကြံပေးသည် သူ့လက်နှစ်ဖက်ကိုပါ မြေပြင်တွင် ကပ်ကာ ဦးတိုက်ထားသည့် အနေအထားတွင် ဆက်လက်ရှိနေပြီး ဘာမှ မပြောပေ။

သူသည် အင်ပါယာ၏သဘောကို နားလည်သိရှိပြီး ထိုသို့ လုပ်ဆောင်ပေးပါက သူ့အသက် ရှင်သန်နိုင်မည်ကိုလည်း သိရှိသည်။

သို့သော်လည်း သူသည် ထိုသို့ ပြုလုပ်မည် မဟုတ်ပေ။ သူသာ အမှန်တကယ် ထိုသို့ လုပ်ဆောင်ချင်ပါက သွေးနဂါးဘုံတွင် ရီဖူရှင်းကို လွတ်မြောက်ခွင့် ပေးခဲ့လိမ့်မည် မဟုတ်ပေ။

“တော်ဝင်အကြံပေး ဘာလို့ ကျုပ်ကို အပြစ်က ခွင့်လွှတ်ပေးနိုင်ဖို့ မတောင်းဆိုရတာလဲ” အင်ပါယာသည် တော်ဝင်အကြံပေး တုပ်တုပ်မျှ မလှုပ်သည်ကို မြင်သောအခါ သူ၏ အကြည့်များက တင်းမာ ခက်ထန်လာသည်။ ထို့အပြင် ကြောက်မက်ဖွယ် အရှိန်အဝါက အားလုံး၏ အပေါ်သို့ လွှမ်းခြုံသွားလေသည်။

မင်းသားကြီးသည် မြေပေါ်တွင် ပူပန်စွာ ရှိနေပြီး အလွန်ပင် တုန်လှုပ်မှုကို ခံစားနေရသည်။ သူသည် တော်ဝင်အကြံပေးကို များစွာ မနာလို ဖြစ်နေ၏။

အင်ပါယာ၏ စကားများက မည်သို့ ဆိုလိုသည်ကို သူ သိနားလည်ပေသည်။

အင်ပါယာသည် တော်ဝင်အကြံပေးကို သတ်ရန် လုံးဝဆန္ဒမရှိပေ။ သူသည် တော်ဝင်အကြံပေးကို အခွင့်အရေးပင် ပေးနေလိုသေး၏။

သို့သော်လည်း တော်ဝင်အကြံပေးသည် အခွင့်အရေးကို မလိုချင်ခဲ့ပေ။

အင်ပါယာသည် အရိပ်အမြွက်ပြပြီးပြီ ဖြစ်၍ သူသာ ခွင့်လွှတ်ပေးဖို့ တောင်းပန်ရန် ဆန္ဒရှိပါက အင်ပါယာက သူ၏ ပြစ်မှုကို ခွင့်လွှတ်ပေးပေလိမ့်မည်။ သူသည် အနာဂတ်တွင် တာလီအတွက် တိုက်ခိုက်ပေး၍ ကောင်းကျိုးများ သယ်ပိုးရန် ဆန္ဒရှိကာ ရီဖူရှင်းကို သတ်၍ လီယောင်အတွက် လက်စားချေပေးရန် ဆန္ဒရှိမည်ဆိုလျှင် အင်ပါယာက သူ့ကို အခွင့်အရေး ပေးလိမ့်ဦးမည် ဖြစ်သည်။

အင်ပါယာလီသည် သူ့ကို ခွင့်လွှတ်ပေးကာ ဆက်လက်၍ အသုံးချလိုနေသေး၏။

သို့သော်လည်း တော်ဝင်အကြံပေးသည် ထိုသို့ မလုပ်ဆောင်ခဲ့ပေ။

သူသည် သူ သိထားသည့် ကိစ္စရပ်များ ရှိနေသေးတာကြောင့် အင်ပါယာက အလိုရှိသည့် အရာကို လုပ်ဆောင်ပေးနိုင်ရန် မဖြစ်ပါဟု အခိုင်အမာ ငြင်းဆန်ခဲ့သည်။

သူ့အတွက်တော့ တာလီအတွက် တိုက်ခိုက်ပေးရင်း ရီဖူရှင်းကို သတ်ဖြတ်ရန် မဖြစ်နိုင်ဟု ယူဆခဲ့သည်။

“သူက အဲဒီမှာ သေဖို့ တကယ် လုပ်နေတာလား”

မင်းသားကြီးသည် တော်ဝင်အကြံပေးအနေဖြင့် အဘယ်ကြောင့် ဤသို့ဇွတ်တရွတ် လုပ်နေရသည်ကို ပဟေဠိ ဖြစ်နေပေသည်။

သူ၏ မနာလိုမှုက ကြီးထွားလာနေသည်။ မင်းသားက သေဆုံးသွားခဲ့သော်လည်း အင်ပါယာသည် တော်ဝင်အကြံပေးကို ဘာမှမလုပ်ဘဲ နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုနေသေး၏။

တာလီတွင် တော်ဝင်အကြံပေး တစ်ယောက်သည်သာ ထိုသို့ ဆက်ဆံခြင်းကို ခံရသူ ဖြစ်လိမ့်မည်။

နောက်ထပ် တစ်ယောက်သည် သေချာပေါက် ရှိလာလိမ့်မည် မဟုတ်ပေ။

သူတို့ နေရာချင်း ပြောင်းလဲသွားပြီး သူသာ တော်ဝင်အကြံပေး လုပ်ခဲ့သည်ကို လုပ်ဆောင်ခဲ့လျှင် အင်ပါယာက သူ၏ တူတော်ဖြစ်နေလျှင်ပင် ထိုသို့ အခွင့်အရေး မရနိုင်သည်ကို သူ သိပေသည်။

သူသည် ထိုအချက်ကို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်သည်။

တော်ဝင်အကြံပေးက ယခုထိ မလှုပ်မယှက် ရှိနေသေးသည်ကို မြင်လျှင် အင်ပါယာ၏ မျက်လုံးထဲမှ စိတ်ပျက်မှုများသည် တဖန် ပြန်လည် ပြင်းထန်လာပြန်သည်။

ဤသည်မှာ သွေးနဂါးဘုံ၌ သစ္စာဖောက်မှုထက် ပိုကာ တော်ဝင်အကြံပေးက သူ့ကို ခစားရန် စိတ်မရှိတော့ခြင်း ဖြစ်၏။

“မင်းသားကြီး၊ လီယောင်ကို ခေါ်ဆောင်သွားပြီး လုပ်စရာရှိတာ လုပ်ပေးလိုက်ပါ” အင်ပါယာလီက ပြောသည်။

“အမိန့်အတိုင်းပါ အရှင်မင်းကြီး” မင်းသားကြီးက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၍ လီယောင်၏ အလောင်းကို သယ်ဆောင်ကာ ထွက်ခွာသွား၏။

အင်ပါယာလီက ဆုံးဖြတ်ချက် ချပြီးသွားပြီဆိုသည်ကို သူ သိသည်။

အကယ်၍ တော်ဝင်အကြံပေးက သေဆုံးခြင်းကို ဆန္ဒရှိနေပြီး သူ့ကိုယ်သူ ကယ်တင်ရန် ဆန္ဒမရှိခဲ့လျှင် မည်သူကမှ ကယ်တင်နိုင်လိမ့်မည် မဟုတ်တော့ပေ။

အင်ပါယာလီသည် သူ့ကို အခွင့်အရေး ပေးလိုသော်လည်း သူသည် ထိုအခွင့်အရေးကို လွှင့်ပစ်ခဲ့သည်။

အင်ပါယာသည် ပြန်လှည့်လိုက်ကာ ပလ္လင်သို့ ပြန်တက်သွားခဲ့သည်။ အပေါ်ဆုံးတွင် ရပ်ပြီး အောက်ဘက်မှ လူများကို ကြည့်သည်။ သူ၏ မျက်လုံးများသည် တော်ဝင်အကြံပေးထံတွင် တည်ရှိနေပေသည်။

“တော်ဝင်အကြံပေး၊ ကျုပ်က ခင်ဗျား ဘာအမှားလုပ်ပါစေ ခွင့်လွှတ်ပေးဖို့ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ဒီလို အပြုအမူမျိုးနဲ့ ကျုပ်ကို စိတ်ပျက်အောင်တော့ မလုပ်သင့်ဘူး” အင်ပါယာသည် တော်ဝင်အကြံပေးကို ကြည့်ရင်း ဖြည်းညင်းစွာ ပြောသည်… “တော်ဝင်အကြံပေးက တာလီကို သစ္စာဖောက်ခဲ့တယ်။ သူ့ရဲ့ တာလီအပေါ် အကျိုးဆောင်ခဲ့မှုတွေကို ထောက်ထားပြီး အသက်ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံဆင့်တွေကို သူ့လက်နဲ့ ဖျက်ဆီးပြီး ထောင်သွင်း အကျဉ်းချမယ်”

အင်ပါယာ၏ အသံက ကျယ်လောင်လှခြင်း မရှိသော်လည်း သူ၏ စွမ်းအားက တာလီတော်ဝင်နန်းမြို့ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့ကြောင့် သူ့အသံကို တစ်မြို့လုံးက ကြားသိရပေသည်။

ခဏချင်းပင် တာလီနန်းမြို့တော် အတွင်းမှ မရေတွက်နိုင်သော လူများသည် ထိတ်လန့် တုန်လှုပ်မှုများ လွှမ်းခြုံသွားသည်ကို ခံစားလိုက်ကြရသည်။

လူတိုင်းသည် တော်ဝင်အကြံပေးက သူ့တိုင်းပြည်ကို သစ္စာဖောက်သည်ဆိုသော ကိစ္စရပ်အား အလွန်ပင် စိတ်ဝင်စားကာ သတင်းများအား နားစွင့်နေကြ၏။

ထို့နောက်တွင် အင်ပါယာသည် တော်ဝင်အကြံပေးက သစ္စာဖောက်မှုကို ကျူးလွန်သည်ဟု ကြေညာခဲ့သည်။ သူတို့သည် ထိုအရာကို ယုံကြည်ရန် တွန့်ဆုတ် တွေဝေနေကြသည်။

“တော်ဝင်အကြံပေးက တာလီကို တကယ် သစ္စာဖောက်ခဲ့တာလား” သူတို့ အံ့သြနေကြသည်။

သူတို့၏ နှလုံးသားများက သွေးစိမ်းရှင်ရှင် ထွက်နေပြီး နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားနေကြရသည်။ အထူးသဖြင့် တော်ဝင်အကြံပေးကို ကိုးကွယ်ရာအဖြစ် အလွန်ပင် တန်ဖိုးထား လေးစားခဲ့ကြသူများ ဖြစ်၏။

မရေတွက်သည့် လူငယ်မျိုးဆက်များမှာ သူတို့ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် တော်ဝင်အကြံပေးကဲ့သို့ ဖြစ်လာရန် ရည်ရွယ်ထားသည့် သူများသည် သူတို့ စံပြုရာပုဂ္ဂိုလ်ဖြစ်သည့် တော်ဝင်အကြံပေးကို မော့ကြည့် လိုက်ကြသည်။

အင်ပါယာ၏ အသံသည် သူတို့၏ ခေါင်းထက်မှ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ကြရသည်။

သူတို့ စိတ်ထဲမှ ထင်ရှား တောက်ပသည့် ကောင်းကင်ကြီးမှာ ထပ်၍ မရှိနိုင်တော့ပေ။

တော်ဝင်အကြံပေးသည် တာလီပြည်ထောင်ကို တည်ဆောက်ခဲ့ရာ၌ ကူညီခဲ့သော်လည်း ယနေ့တွင် သူသည် ကျင့်ကြံခြင်းကို စွန့်လွှတ်ကာ ထောင်သွင်းအကျဉ်းချ ခံရတော့မည် ဖြစ်သည်။

ထိုအခိုက်အတန့်၌ တာလီကျောင်းတော်မှ လူအများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး အချို့က ဒူးထောက်ချကာ ပြောသည်… “ကျေးဇူးပြုပြီး တော်ဝင်အကြံပေးကို ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး”

လူအများ၏ မြေပေါ်တွင် ဦးတိုက်ကာ တောင်းဆိုနေသည့် အသံများမှာ တာလီကျောင်းတော်မှ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ သူတို့သည် ကျယ်လောင်စွာ တောင်းဆိုနေကြသည်… “ကျေးဇူးပြု ပြီး တော်ဝင် အကြံပေးကို ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး”

ထိုမျှ မကသေးပေ။ တော်ဝင်နန်းတော် အပြင်ဘက်မှ များပြားလှသည့် လူအုပ်ကြီးသည်လည်း ဒူးထောက်ကာ တော်ဝင်အကြံပေးကိုယ်စား အသနားခံ လာကြပေသည်။

လူအများသည် ဖြစ်ပေါ်လာသော အခြေအနေအား ကြည့်ကာ အံ့သြ ထိတ်လန့်နေကြသည်။ တော်ဝင် အကြံပေးသည်သာလျှင် တာလီတွင် ထိုမျှ ဂုဏ်သတင်းကြီးမားပြီး ဤကဲ့သို့ လုပ်ဆောင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လိမ့်မည်။

သူတို့သည် အင်ပါယာလီကို မမြင်နိုင်ကြသော်လည်း အင်ပါယာလီ၏ စွမ်းအားများက တစ်မြို့လုံးကို ဖုံးလွှမ်းထားကြောင့် သူတို့၏ တောင်းဆိုသံကို အင်ပါယာလီကြားနိုင်မှန်း သိရှိကြလေသည်။

ရန်ယွင်၊ ဖေးရွှီနှင့် အခြားလူများသည်လည်း တော်ဝင်အကြံပေး အိမ်တော်မှနေ၍ အင်ပါယာ၏ အသံကို ကြားလိုက်ရပြီး ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ကြရသည်။

အခြားလူများထက်ပို၍ တော်ဝင်အကြံပေး အိမ်တော်မှ လူများ၏ ထိတ်လန့်မှုမှာ ပိုမိုသည်မှာ သံသယဝင်ရန်ပင် မရှိပေ။

ဖေးရွှီ၏ မျက်နှာမှာ ခဏချင်းအတွင်း အရောင်အဆင်း ကင်းမဲ့ကာ သွေးဆုတ်ဖြူဖျော့ သွားသည်။ သူမ၏ ခြေလှမ်းများမှာ ယိုင်နဲ့သွားပြီး မတ်တတ်ရပ်ရန်ပင် အနိုင်နိုင် ဖြစ်သွားရသည်။ ရန်ယွင်က သူမကို ထိန်းကိုင်ထားသည်။

သူမ၏ အမြင်ကွယ်နေသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ကာ ဆက်လက် ငိုကြွေးနေသည်။

“အဖေက သူ့ကိုယ်သူ ကျင့်ကြံခြင်း အဆင့်တွေ ဖျက်ဆီးပြီး ထောင်ချဖို့ တောင်းဆိုခဲ့တာလား”

ရန်ယွင်သည် သူ့ဆရာက တာဝန်အားလုံးကို တစ်ယောက်တည်းယူရန် ဆုံးဖြတ်ခဲ့ပြီး ဤကဲ့သို့ အဆုံးသတ်မည်ကို ခန့်မှန်းမိခဲ့သော်လည်း သူ၏ မျက်လုံးများက နီရဲနေ၏။

တော်ဝင်အကြံပေး အိမ်တော်မှ တပည့်များမှာ ဒူးမထောက်သလို အသနားလည်း မခံခဲ့ပေ။ အင်ပါယာက တစ်မြို့လုံးကို ကြားသိအောင် ကြေညာပြီးခဲ့မှတော့ ထိုအသနားခံမှုသည် အသုံးဝင်လိမ့်မည် မဟုတ်တော့ပေ။

အင်ပါယာသည် သူ၏ ဆုံးဖြတ်ချက်ကို ချပြီးခဲ့ပြီဖြစ်ရာ မည်သူကမှ သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်နိုင်တော့မည် မဟုတ်ပေ။ ရန်ဟောင်တစ်ပါး၏ စိတ်ကို မည်သူကမှ လွယ်ကူစွာ မပြောင်းလဲနိုင်ပေ။

“တော်ဝင်အကြံပေးက သူ့ရဲ့ ပြစ်မှုကို ဝန်ခံခဲ့ပြီး သေဒဏ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျုပ် သူ့ကို လွတ်ငြိမ်းခွင့် မပေးနိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ တာလီအပေါ် နှစ်ပေါင်းများစွာ အကျိုးဆောင်ခဲ့မှုကို ထောက်ထားပြီး မင်းသားသုံး လီကျန်းကို ကျန်းဘုရင်အဖြစ် ချီးမြှင့်ပြီး တော်ဝင်အကြံပေးရဲ့ သမီးကို ကျန်းဘုရင်မအဖြစ် ချီးမြှောက်တော်မူတယ်။ တော်ဝင်အကြံပေး အိမ်တော်ကိုလည်း ဒီအတိုင်း ကျန်ရစ်စေမယ်။ တော်ဝင်အကြံပေးရဲ့ အကြီးဆုံးတပည့် ရန်ယွင်က တော်ဝင်အကြံပေး ကိုယ်စား အိမ်တော်ကို စီမံပေးပြီး သူ့ကို တာလီကျောင်းတော်ရဲ့ နောက်ထပ် ကျောင်းအုပ်အသစ်အဖြစ် ခန့်အပ်မယ်။ သူက တာလီပြည်သူတွေအတွက် ဆက်လက် အကျိုးဆောင်ရမယ်။ သူ ပြန်လည်မွေးဖွားခြင်း အဆင့်ကို ရောက်တဲ့အခါမှာ တော်ဝင်အကြံပေးရာထူးကို ဆက်ခံရမယ်”

အင်ပါယာ၏ စကားလုံးများက တာလီနန်းမြို့တစ်ခွင်ရှိ လူများ၏ စိတ်ကို တုန်လှုပ် သွားစေခဲ့သည်။

တော်ဝင်အကြံပေးက တာလီကို သစ္စာဖောက်ရန် ကြိုးစားခဲ့သည့် နောက်တွင် သူက ထောင်သွင်း အကျဉ်းချ ခံခဲ့ရသော်လည်း သူ၏ သမီးကဘုရင်မ ဖြစ်လာခဲ့သည်။ သူမသည် အလွန်ထူးချွန်သော မင်းသားတစ်ပါးဖြစ်သည့် မင်းသားသုံးလီကျန်းနှင့် လက်ဆက်ရန် အမိန့်ချခံခဲ့ရသည်။ သူသည် အနာဂတ်၌ သူ့ဖခင်၏ နေရာကို ဆက်ခံရန် အောင်မြင်ခဲ့လျှင် တော်ဝင်အကြံပေး၏ သမီးက တိုင်းပြည်၏ မိခင်ဖြစ်လာပြီး သူနှင့်အတူ တိုင်းပြည်ကို အုပ်ချုပ်ရမည် ဖြစ်သည်။ မည်မျှ ကြီးမြတ်သည့် အမိန့်တော် ဖြစ်သလဲ။

တော်ဝင်အကြံပေး၏ ပြစ်မှုက သူတို့ကို သက်ရောက်မှု မရှိစေဘဲ ဆုလာဘ်များပင် ချီးမြှင့်ခံရသည်။

တော်ဝင်အကြံပေး၏ တပည့်တစ်ဦးဖြစ်သော ရန်ယွင်ပင်လျှင် အနာဂတ်တွင် တော်ဝင်အကြံပေး ဖြစ်လာနိုင်ပေလိမ့်မည်။ အင်ပါယာ၏ ဂုဏ်သရေသည် ထိုမျှ ကြီးမြတ်လှပေသည်။

ဤသည်က ရန်ဟောင်တစ်ပါး၏ သဘောထားရင့်သန်မှုလား။

တော်ဝင်နန်းတော်အတွင်းမှ မင်းသားကြီး၏ စိတ်သည် အင်ပါယာ၏ လုပ်ရပ်ကြောင့်  အလွန်ပင် တုန်လှုပ်နေသည်။ ဤသည်မှာ မင်းသားကြီး လုပ်နိုင်စွမ်း ရှိသည့် အရာမျိုး မဟုတ်ပေ။

သူက ဤသို့သော ရလဒ်ကို မမျှော်လင့်ထားခဲ့ပေ။

ဖေးရွှီသည် လီကျန်းကို လက်ထပ်ပြီး ဘုရင်မဟူသော ဂုဏ်ပုဒ်ကို ပေးအပ်ခံရလိမ့်မည်။ လီကျန်းသည် အရည်အချင်း အမြင့်မားဆုံး မင်းသားဖြစ်ပြီး အင်ပါယာ၏ ဆုံးဖြတ်ချက်ကို မည်သူမှ မယုံမကြည် မဖြစ်ခဲ့ပေ။ လူအများသည် သူ ပြသခဲ့သည့် စိတ်သဘောထားကြီးမြတ်သည့် ဂုဏ်သရေကြောင့် စိတ်ထဲ စွဲထင်သွားခဲ့ပေသည်။

ထို့အပြင် တော်ဝင်အကြံပေး၏ တည့်များသည်လည်း ထူးချွန်သည့် လူများ ဖြစ်ပြီး အင်ပါယာသည် သူတို့ကို ဆန့်ကျင်စေမည့်အစား ဆက်လက်၍ တန်ဖိုးထားရန် ရွေးချယ်ခဲ့သည်။ သူသည် ရန်ယွင်အား အနာဂတ် တော်ဝင်အကြံပေး ရာထူးကို ပေးရန်ပင် ပြင်ဆင်ထားခဲ့သည်။

ဖေးရွှီသာ နန်းတော်သို့ ဘုရင်မအဖြစ်နှင့် ဝင်ရောက်ခဲ့လျှင် ရန်ယွင်နှင့် အခြားလူများမှာ ဘယ်တော့မှ တော်ဝင်မိသားစုကို ပုန်ကုန်တော့လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ရန်ယွင်သည် ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်သည်နှင့် တော်ဝင်မိသားစုကို ထိန်းသိမ်းစောင့်ရှောက်ရမည့် အခွင့်အရေး ရှိလာလိမ့်မည်။

လူတိုင်းသည် ဤကစားပွဲက မည်ကဲ့သို့ ဖြစ်လာမလဲဆိုတာ ထိတ်လန့် အံ့သြနေကြသည်။ သူတို့၏ အင်ပါယာသည် စီမံမှုကို အမှန်တကယ် လေးစားချီးကျူးကြရ၏။

တော်ဝင်အကြံပေးသည် အင်ပါယာကို မော့ကြည့်သည်။ သူသာ အပြစ်ကို ပခုံးထမ်းယူလိုလျှင် အင်ပါယာက တော်ဝင်အကြံပေး အိမ်တော်မှ လူများကို အပြစ်ယူမည် မဟုတ်သည်ကို သူသိပေသည်။ အင်ပါယာသည် သူတို့ကို ခက်ခဲအောင် ပြုလုပ်လိမ့်မည် မဟုတ်သည်ကို သိသော်လည်း ဤကဲ့သို့ ချီးမြှောက်ခြင်းသည် အချိန်အခါ မသင့်ခဲ့ပေ။

ထို့အပြင် သူ၏ တပည့်များ အားလုံးသည် သူနှင့် မတူညီဘဲ တောက်ပသည့် အနာဂတ်နှင့် ကံကြမ္မာ ရှိကြသည်။ သူ ကြိုတင်ဟောကိန်း ထုတ်နိုင်သည့်အရာများ ဖြစ်ပွား မလာခဲ့သောကြောင့် သူသည် ဖြစ်လာသည့် အရာအတိုင်း ရိုးရှင်းစွာ လိုက်ပါရန်သာ ရှိတော့သည်။

သူသည် ဤကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု ကြိုတင်မျှော်လင့် မထားမိခဲ့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset