သူတို့မှာ ဝမ်ပေါင်လဲ့အား ဆက်လက် မတိုက်ခိုက်ချင်သည်တော့ မဟုတ်ပေ။ သူ ထုတ်ပြခဲ့သော တိုက်ရည်ခိုက်ရည်များမှာ သူတို့အားလုံးထက် သာလွန်နေသည် မဟုတ်ပါလော။ ထို့အပြင် တာအိုကျောင်းလေးကျောင်းမှာ မဟာမိတ်များ ဖြစ်နေကြသည်ဖြစ်ရာ အကယ်၍ သူတို့ကြားတွင် သေရေးရှင်ရေး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားသွားခဲ့မည်ဆိုပါက အကျိုးဆက်များမှာ ကြီးမားနေမည်သာဖြစ်သည်။
နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ ဝိညာဉ်အမြစ်တစ်ခုကို စုပ်ယူပြီးသွားပါက ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများကို အသုံးမပြုသရွေ့ ၎င်းအား ပြန်လည်လုယူနိုင်မည့်နည်းလမ်း မရှိတော့သောကြောင့် ဖြစ်သည်။ သို့သော် ထိုနည်းလမ်းများကို အသုံးမပြုရန် တားမြစ်ထားသည်ဖြစ်ပြီး တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများထဲတွင် တစ်ဦးနှင့်တစ်ဦး မျက်မုန်းကျိုးနေလောက်အောင် မုန်းတီးနေကြသူများ မရှိပေ။ ထို့ကြောင့် ထိုနည်းလမ်းများကို အသုံးပြုချင်မည့် လူများနှင့် အသုံးပြုရဲမည့် လူများမှာ မရှိသလောက်နည်းပါး၏။
ထို့ကြောင့် ထိုတိုက်ပွဲတွင် ဝမ်ပေါင်လဲ့နှင့် အခြားခြောက်ယောက်မှာ ဝိညာဉ်အမြစ်ကြီးကို လုယူနေကြသည်တိုင်အောင် ထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်ခဲ့ကြသည်သာ ဖြစ်သည်။ သူတို့အားလုံးမှာ သူတို့၏ ဝှက်ဖဲများကို ထုတ်ပြခဲ့ပါသော်လည်း ၎င်းတို့မှာ အများဆုံး ဒဏ်ရာရရုံလောက်သာ ပြုလုပ်နိုင်စွမ်းရှိ၏။
ယခုတွင်မူ ပြေးထွက်သွားသော ဝမ်ပေါင်လဲ့အားကြည့်ရင်း လီယီနှင့်အပေါင်းအပါများမှာ စိတ်ပျက်လက်ပျက်နှင့် လူစုခွဲသွားကြပြီး ရှစ်လက်မဝိညာဉ်အမြစ်ကို ထပ်၍ရှာဖွေရန် ထွက်ခွာသွားကြတော့သည်။
ရှစ်လက်မဝိညာဉ်အမြစ်မှာ ရှားပါးပါသော်လည်း ၎င်းမှာ တစ်ခုတည်းသာရှိသော ကိုးလက်မ ဝိညာဉ်အမြစ်ကဲ့သို့ မဟုတ်ပေ။ တာအိုကျောင်းကြီးလေးကျောင်း၏ မှတ်တမ်းများအရ ဆိုလျှင် ဝိညာဉ်အမြစ်ရွာ စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ ရှစ်လက်မဝိညာဉ်အမြစ် အများဆုံး ဆယ်ခုအထိ ပေါ်ထွက်ခဲ့ဖူးသည့် အခေါက်တစ်ခေါက် ရှိသလို အနည်းဆုံး ငါးခုသာ ပေါ်ထွက်ခဲ့ဖူးသည့် အခေါက်များလည်း ရှိသည်။
တာအိုကျောင်းကြီးလေးကျောင်း၏ စုံစမ်းစစ်ဆေးမှုများထဲ၌ ဝိညာဉ်အမြစ်ရွာအား မဖွင့်လှစ်ခင်တွင် ရှစ်လက်မဝိညာဉ်အမြစ် အများစုမှာ အိပ်မောကျ အနားယူနေလေ့ ရှိကြသည်ဟု အကြမ်းဖျင်းခန့် ဖော်ပြထားသည်။ ထိုရွာကြီးကို ဖွင့်လှစ်ပြီးသောအခါမှာသာ အမျိုးအမည်မသိသော တွန်းအားတစ်မျိုးကြောင့် ထို ဝိညာဉ်အမြစ်များမှာ အရေအတွက် အတိအကျမရှိဘဲ နိုးထလာကြခြင်း ဖြစ်သည်။
လီယီမှာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူမသည် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် နောက်ထပ် ရှစ်လက်မဝိညာဉ်အမြစ်ကို ရှာဖွေရန် ပြင်လိုက်တော့သည်။
သူမသည် သမင်ဖြူတာအိုကျောင်း၏ အားအထားရဆုံး ကျောင်းသူဖြစ်ရာ သူမ၏ ရည်မှန်းချက်ပန်းတိုင်မှာ ရှစ်လက်မ ဝိညာဉ်အမြစ်ကို ရယူနိုင်ရန် ဖြစ်သည်။ ထို့အပြင် သူမသည် ကျောက်ယမုန့်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရပြီးနောက် ဖိအားများ ခံစားနေခဲ့ရသဖြင့် ထိုဝိညာဉ်အမြစ်ကို ချက်ချင်းပင် ရှာတွေ့ချင်နေ၏။ သူမသည် ရှစ်လက်မဝိညာဉ်အမြစ်ကို အပိုင်ရယူနိုင်ရန် စိတ်ပိုင်းဖြတ်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
” ဝမ်ပေါင်လဲ့ ဒီရှစ်လက်မဝိညာဉ်အမြစ်ကို လုသွားတာ အဆိုးကြီးလည်း မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ ငါတို့နဲ့ ထပ်ပြီး လုနေစရာ မလိုတော့ဘူးလေ ”
” ဒါပေမဲ့ သေချာတွေးကြည့်ရင် ဝမ်ပေါင်လဲ့ရဲ့ တိုက်ရည်ခိုက်ရည်က တော်တော်ကိုအဆင့်မြင့်တာပဲ ”
လီယီ ထွက်ခွာသွားသည်ကိုကြည့်ရင်း အခြားသူများမှာလည်း အတွေးကိုယ်စီနှင့် ကျန်ရစ်ခဲ့ကြ၏။ ထို့နောက် သူတို့မှာ လူစုခွဲသွားကြပြီး သမင်ဖြူတာအိုကျောင်းခွဲမှ အနက်ရောင်မျက်နှာနှင့် လူငယ်လေး၊ ဝူဖန်နှင့် ချမ့်မုန့်တို့မှာ တစ်ယောက်တစ်လမ်း ထွက်ခွာသွားကာ လီဖုန်းနှင့် ချန်လင်းယီတို့မှာ အတူတကွ ထွက်ခွာသွားကြတော့သည်။ သူတို့မှာ ကျိုးရိရှန်၏ အခြေအနေကို မြင်ခဲ့ရသောကြောင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို အကြမ်းဖျင်းခန့် ရိပ်မိလိုက်၏။ သို့သော် သူတို့မှာ သိပ်၍ ဂရုစိုက်မနေခဲ့ပေ။ လက်ရှိတွင် ရှစ်လက်မဝိညာဉ်အမြစ်ကို အမြန်ဆုံး ရှာတွေ့နိုင်ရန်ကသာ သူတို့အတွက် အရေးအကြီးဆုံး ဖြစ်သည်။
တခဏအကြာတွင် ထိုနေရာကြီးတစ်ခုလုံးမှာ ငြိမ်ကျသွား၏။ ကျိုးရိရှန်တစ်ယောက်သာ ဝမ်ပေါင်လဲ့ ရှစ်လက်မဝိညာဉ်အမြစ်အား အလစ်သုတ်သွားခဲ့သည်ကို တွေးတောရင်း မကျေမချမ်းဖြစ်ကာ ကျန်ရစ်ခဲ့၏။ ယခုတွင် အရာအားလုံးမှာ သူ့အတွက် အဓိပ္ပါယ်မရှိတော့ပေ။ သူသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေရပါသော်လည်း သူရောက်နေသည့်နေရာမှာ သူ၏ မိသားစုအိမ်တော် မဟုတ်သောကြောင့် လက်သီးဆုပ်ထားရုံမှလွဲ၍ အခြားဘာမှ လုပ်နိုင်ချေ။
ကျိုးရိဖန်မှာမူ ခုနစ်လက်မ ဝိညာဉ်အမြစ်ကို စုပ်ယူပြီးသွားသောကြောင့် တင်ပျဉ်ခွေထိုင်နေရာမှ ထလာ၏။ သူသည် ဒဏ်ရာများရရှိထားပါသော်လည်း ဝမ်ပေါင်လဲ့ ပေးခဲ့သော ဆေးလုံးများနှင့် သူကိုယ်တိုင် ပြင်ဆင်ထားခဲ့သော ဆေးဝါးများကြောင့် သိသိသာသာ ပြန်လည်ကောင်းမွန်လာ၏။ သူသည် ကျိုးရိရှန်နှင့် သူ့အား သတိကြီးကြီးထား၍ အကဲခတ်နေကြသော သမင်ဖြူတာအိုကျောင်းမှ ကျောင်းသား ခြောက်ယောက်ကို အေးစက်စက်ကြည့်လိုက်၏။ ထို့နောက် သူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အကြည့်လွှဲလိုက်ပြီး နောက်သို့လှည့်ကာ ပြေးထွက်သွားတော့သည်။
ကျိုးရိဖန် ထွက်ခွာသွားသော အခါမှသာ သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားခြောက်ယောက်မှာ ဒေါသတကြီးနှင့် ခေါင်းယမ်းလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တိုက်ရည်ခိုက်ရည်များကို ပိုင်ဆိုင်ထားသည့်အပြင် ယခုတွင် ရှစ်လက်မဝိညာဉ်အမြစ်ကိုပါ ရရှိသွားပြီဖြစ်ရာ အနာဂတ်တွင် သူ၏ နာမည်မှာ တာအိုကျောင်းလေးကျောင်း၌ ပို၍ ကျော်ကြားလာမည်ဖြစ်ကြောင်း သူတို့က သိထားကြသည်။
ဝမ်ပေါင်လဲ့မှာ အခြားတာအိုကျောင်းမှ လူများအကြားတွင် နာမည်ကျော်ကြားပြီးသား ဖြစ်ပါသော်လည်း ၎င်းတို့မှာ ကောလာဟလ စကားများသာ ဖြစ်ခဲ့သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကြောင့် ဝိညာဉ်အမြစ်ရွာထဲမှ လူများမှာ သူ့အား အထင်ကြီးလေးစားသွားကြပြီ ဖြစ်သည်။
ထိုကျောင်းသားခြောက်ယောက်မှာ သက်ပြင်းများချကာ ငြိမ်ကျသွားသော ကျိုးရိရှန်အား ထမ်း၍ ထွက်ခွာသွားကြတော့သည်။
ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အရောင်တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ပြေးလွှားနေ၏။ သူသည် အလွန် စိတ်လှုပ်ရှားနေပြီး သူ၏နှလုံးသားထဲတွင် ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
” ဟားဟား။ နောက်ဆုံးတော့ ငါ ရှစ်လက်မဝိညာဉ်အမြစ်ကို ရခဲ့ပြီပဲ။ ငါ လူသားတွေရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်သွားပြီကွ ”
ဝမ်ပေါင်လဲ့မှာ အတော်အတန်ခရီးပေါက်အောင် ပြေးလွှားလိုက်ပြီးမှ ရပ်တန့်သွား၏။ သူသည် ဝိညာဉ်အမြစ်ရွာသို့ စရောက်ခဲ့စဉ်တုန်းက အနည်းငယ် ကံမကောင်းခဲ့ပါသော်လည်း နောက်ဆုံးရလဒ်ကြောင့် ထိုကံဆိုးမှုများမှာ မပြောပလောက်ဟု မှတ်ယူလိုက်၏။
” ငါ နောက်ထပ် လုပ်ရမယ့်အဆင့်က လူရှင်းတဲ့နေရာတစ်ခုကိုရှာပြီး အာနာပါနအဆင့်ဆီရောက်အောင် ဖောက်ထွက်ဖို့ပဲ ”
သူသည် ကျင့်ကြံသူတစ်ယောက် အောင်မြင်စွာဖြစ်လာနိုင်ရန် ခြေတလှမ်းမျှသာ လိုတော့ကြောင်း တွေးတောရင်း မျှော်လင့်ချက်ကြီးစွာဖြင့် ဘေးဘီဝဲယာကို အကဲခတ်ကာ သင့်တော်မည့် အရပ်မျက်နှာတစ်ခုကို ရှာဖွေလိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင်ထွက်ခွာသွားပြီး သူ တံခါးပိတ်ကျင့်ကြံနိုင်မည့် နေရာတစ်ခုကို ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။
ဝိညာဉ်အမြစ်ရွာကြီးမှာ အလွန်ကြီးမားပြီး တောအုပ်များ၊ တောင်ထူထပ်သောနေရာများဖြင့် ပြည့်နှက်နေ၏။ ဝမ်ပေါင်လဲ့၏ စိတ်ကူးမှာ တောင်ကြားတစ်ခုကိုရှာဖွေကာ ဂူတစ်လုံးရအောင်တူး၍ ပုန်းကွယ်ရန် ဖြစ်သည်။ သိပ်မကြာခင် သူသည် ခပ်လှမ်းလှမ်း၌ တောင်တန်းတစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများမှာ အရောင်လက်သွားသည်။ ထို့နောက် သူသည် အာနာပါနအဆင့်သို့ ရောက်ရှိလျှင် ရရှိပိုင်ဆိုင်နိုင်မည့် ဂုဏ်ကျက်သရေများကို စိတ်ကူးရင်း ထိုနေရာသို့ ချက်ချင်းပင် ပြေးသွားလိုက်တော့သည်။
များမကြာမီ သူသည် တောင်ကြားတစ်ခုကို ရှာတွေ့လိုက်၏။ ထိုနေရာတွင် ပေါင်းပင်များမှလွဲ၍ အခြားမည်သည့်အပင်မှ ပေါက်ရောက်နေခြင်းမရှိသလို အတော်အတန် ချောင်ကျသော နေရာတစ်ခုတွင် ရှိနေ၏။ ထို့ကြောင့် သူသည် သူ၏ ဓားပျံတစ်လက်ကို ထုတ်ယူလိုက်ပြီး ထိုကျောက်တုံးများကို စတင် တူးထုတ်လိုက်တော့သည်။ သူသည် ထိုကဲ့သို့တူးရင်း ပျော်ရွှင်ဝမ်းမြောက်စွာ သီချင်းညည်းနေ၏။
ထိုကျောက်တုံးများမှာ မာကြောပါသော်လည်း ဝမ်ပေါင်လဲ့မှာ ငါးမိနစ်အတွင်း ဂူငယ်လေးတစ်လုံးကို တူးထုတ်လိုက်နိုင်၏။
ထိုနေရာမှာ သင့်တော်ပေသည်။
ဝမ်ပေါင်လဲ့မှာ သူတူးထားသော အပေါက်ကိုကြည့်ကာ ကျေနပ်သွားပြီး သူ၏ ဓားပျံကလေးကို သိမ်းဆည်း၍ ထိုဂူကြီးကို အခြားလူများ အလွယ်တကူ မမြင်ရလေအောင် အနီးအနားရှိ ကျိုးပဲ့ပျက်စီးနေသော ကျောက်တုံးများကို အပေါက်ဝနားတွင် ပုံထားလိုက်၏။ ထို့နောက် သူသည် မုန့်ထုပ်များကို ပျော်ရွှင်ဝမ်းမြောက်စွာ ထုတ်ယူလိုက်ပြီး ၎င်းတို့ကို စားသုံးရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် မျက်လုံးများပြူးသွားပြီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ လူရိပ်ကြီးတစ်ခု သူ၏နောက်သို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
ထိုလူရိပ်ကြီးမှာ လှုပ်ရှားခြင်းမရှိဘဲ လေထဲတွင်သာ မျောလွင့်နေပြီး ဝမ်ပေါင်လဲ့နှင့် ပေသုံးဆယ်အကွာသို့ ရောက်ရှိလာပြီဖြစ်သည်။
သူတို့မှာ ထိုမျှလောက် နီးကပ်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့က သတိမထားမိခဲ့ပေ။ ထို့ကြောင့် သူသည် ၎င်းအား မြင်လိုက်ရသောအခါ ချက်ချင်းပင် ထခုန်မိလိုက်၏။
” ဘယ်သူလဲကွ ”
ဝမ်ပေါင်လဲ့မှာ နောက်သို့ အလိုလို ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ပြီး လေသံတိုးတိုးလေးဖြင့် မေးမြန်းလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ မေးမြန်းလိုက်ပြီးနောက် သူ၏နောက်တွင်ရှိနေသည့် လူရိပ်ကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်း၏ မျက်နှာမှာ ပြောင်သလင်းခါနေပြီး ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ကိုးလက်မဝိညာဉ်အမြစ်တစ်ခု တလက်လက် တောက်ပနေ၏။
၎င်းမှာ သူ ဝိညာဉ်အမြစ်ရွာသို့ စတင်ရောက်ရှိခဲ့သည့်နေ့က ကောင်းကင်ယံတွင် ဝဲပျံနေခဲ့သည့် ဝိညာဉ်အမြစ်ကြီးပင် ဖြစ်သည်။
၎င်းမှာ ဝိညာဉ်အမြစ်တစ်ခုသာဖြစ်ပြီး နောက်ထပ်ကျောင်းသားတစ်ယောက် မဟုတ်သည်ကို သိလိုက်ရသောအခါမှ ဝမ်ပေါင်လဲ့မှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချကာ ၎င်းအား စိုက်ကြည့်နေလိုက်တော့သည်။
” လူတစ်ယောက် မုန့်စားခါနီးမှာ ဒီလိုမျိုးပေါ်လာတာကြီးက ရိုင်းစိုင်းတဲ့ အပြုအမူ တစ်ခုဆိုတာကို မင်း မသိဘူးလား ”
ထို ဝိညာဉ်အမြစ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ ရောက်လာခဲ့လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ဖြစ်မထားခဲ့ပေ။ သို့သော် သူသည် ထိုကိုးလက်မဝိညာဉ်အမြစ်ကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းတော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့တစ်ယောက်သာ မဟုတ်ဘဲ ဝိညာဉ်အမြစ်ရွာထဲမှ ကျောင်းသားများစွာက ကောင်းကင်ယံထဲတွင် ဝဲပျံနေသည့် ထို ဝိညာဉ်အမြစ်ကြီးကို ခဏခဏ မြင်တွေ့ခဲ့ရသည် ဖြစ်သည်။
၎င်းကို မည်သူကမှ စုပ်ယူနိုင်စွမ်းမရှိပေ။ ထို့အပြင် ၎င်းမှာ မြေကြီးပေါ်တွင် ပြေးလွှားနေကြသော အခြား ဝိညာဉ်အမြစ်များနှင့် မတူဘဲ ကောင်းကင်ယံတွင် ဝဲပျံနေသည်ဖြစ်ရာ လူအများ၏ အာရုံကို ဖမ်းစားနိုင်စွမ်း အပြည့် ရှိနေ၏။
” ထားပါတော့။ ငါ မင်းနဲ့ ငြင်းခုံနေလည်း ဘာမှထူးမှာ မဟုတ်ဘူး။ သွားတော့။ ငါ တံခါးပိတ်လေ့ကျင့်မှာကို မနှောင့်ယှက်နဲ့ ”
ဝမ်ပေါင်လဲ့မှာမူ ၎င်းအား သိပ်၍အာရုံစိုက်မနေဘဲ တိုးတိုးလေး ရေရွတ်လိုက်၏။ ထို့နောက် သူသည် ဂူထဲသို့ ဝင်ရန် ပြင်လိုက်သည့်အချိန်တွင် ရုတ်တရက် ရပ်တန့်သွား၏။ ထို့နောက် သူသည် လေထဲတွင် ရစ်ဝဲနေဆဲဖြစ်သော ထို ကိုးလက်မဝိညာဉ်အမြစ်အား အထူးတဆန်းနှင့် လှည့်၍ကြည့်လိုက်၏။
” ကိုးလက်မဝိညာဉ်အမြစ်ကို စုပ်ယူလို့မရဘူးဆိုတာ တကယ်ကို အမှန်ပဲလား ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်၏။ သူသည် ရှစ်လက်မဝိညာဉ်အမြစ် အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါသော်လည်း ကိုးလက်မဝိညာဉ်အမြစ်နှင့် မကြုံလိုက်ရပါက ပြဿနာရှိမည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် ၎င်းနှင့် ကြုံလိုက်ရသည်ဖြစ်ရာ သူသည် ကိုယ်ရောစိတ်ပါ တက်ကြွလာ၏။
” ရွှေရောင်ခန္ဓာက အာနာပါနအဆင့်ကို ရောက်သွားမယ်ဆိုရင် စိတ်ကူးနဲ့တောင် မမှန်းဆနိုင်လောက်တဲ့ အကျိုးကျေးဇူးတွေကို ရရှိလိမ့်မယ်လို့ မျက်နှာဖုံးထဲက မမလေးက ပြောခဲ့တာ။ အဲဒီတော့ ငါ ဒီနေရာကို စရောက်ကတည်းက ဝိညာဉ်အမြစ်အများစုက ငါ့ကို သဘောကျနှစ်သက်သွားတာ ဖြစ်ရမယ် ”
” ပြီးတော့ စောစောက ရှစ်လက်မဝိညာဉ်အမြစ်ဆိုလည်း ငါ့ဆီကို သူ့ဘာသာသူ ပြေးလာခဲ့တာ။ ဒီတော့ အဲဒီ ကိုးလက်မဝိညာဉ်အမြစ်ကို စုပ်ယူဖို့ မကြိုးစားဘူးဆိုရင် ဘယ်လိုလုပ်ပြီး တရားမျှတပါ့မလဲ ”
ဝမ်ပေါင်လဲ့မှာ မေးစေ့ကိုပွတ်ကာ တွေးတောသုံးသပ်နေ၏။ သူသည် ထိုကဲ့သို့ ချီတုံချတုံဖြစ်နေစဉ်မှာပင် ကိုးလက်မဝိညာဉ်အမြစ်မှာ နောက်သို့လှည့်ကာ ထွက်ခွာရန်ပြင်လိုက်တော့သည်။
” စမ်းကြည့်လို့ အကျိုးမယုတ်နိုင်ပါဘူး။ တာအိုကျောင်းရဲ့ ကျောက်စိမ်းပေလွှာထဲမှာ ကိုးလက်မဝိညာဉ်အမြစ်ကို စုပ်ယူရင် သေလိမ့်မယ်လို့ ရေးမှ ရေးမထားဘဲ။ စုပ်ယူလို့ မရဘူးလို့ပဲ ရေးထားတာလေ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့တွေးတောနေရင်း သူ၏ မျက်လုံးများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထပ်ဟပ်သွားပြီး သူ၏ လက်အိတ်ကြီးကိုထုတ်ကာ လျင်မြန်စွာ ပြေးထွက်သွားလိုက်တော့သည်။ ထို့နောက် သူသည် ကျောက်ဆောင်ကြီးတစ်ခုပေါ်သို့ တက်နင်းကာ လေပေါ်သို့ ခုန်တက်လိုက်ပြီး သူနှင့်ဝေးရာသို့ ထွက်ခွာသွားနေသော ကိုးလက်မဝိညာဉ်အမြစ်ကြီးဆီသို့ ပြေးကာ ၎င်းအား ထိုးနှက်လိုက်တော့သည်။
” ကိုးလက်မရေ။ ဖေဖေ့ဆီ လာဟေ့ ”
ကိုးလက်မဝိညာဉ်အမြစ်မှာ အလွန် အစွမ်းထက်သည်ကို ဝမ်ပေါင်လဲ့က သိထားသည်။ ထို့ကြောင့် သူသည် အားအကုန်ထုတ်ကာ ထိုးနှက်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ် အနှံ့အပြားရှိ သွေးချီများမှာ သူ၏ လက်အိတ်ကြီးမှတစ်ဆင့် စီးဆင်းထွက်ပေါ်လာ၏။ ထို့နောက် သူ၏ရှေ့တွင် လေပွေတစ်ခု ချက်ချင်းပင် ပေါ်ပေါက်လာပြီး တရွှီရွှီမြည်ကာ ထိုကိုးလက်မဝိညာဉ်အမြစ်ဆီသို့ ဦးတည်တိုက်ခတ်လာတော့သည်။
ဝမ်ပေါင်လဲ့ ဆုံးဖြတ်ချက်ချလိုက်သည့် အချိန်မှ ထိုဝိညာဉ်အမြစ်အား တိုက်ခိုက်လိုက်သည့် အချိန်အတွင်း အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ဝိညာဉ်အမြစ်ကြီးမှာ မလှုပ်ရှားရသေးခင် ဝမ်ပေါင်လဲ့နှင့် လေပွေကြီးတို့မှာ ၎င်း၏အနီးသို့ ရောက်ရှိသွား၏။
ထို့နောက် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ချက်ချင်းပင်ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွား၏။ ထို ကိုးလက်မဝိညာဉ်အမြစ်မှာ အလေးချိန် လုံးဝမရှိသည့်အလားပင်။ ထို့နောက် ၎င်းမှာ အနီးသို့ ရောက်လာသော လေပွေကြီးကြောင့် ပို၍ပင် မြန်ဆန်သွားပြီး ကောင်းကင်ထဲသို့ ပျံတက်ပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ အဝေးသို့ မျောလွင့်သွားသည့် ကိုးလက်မဝိညာဉ်အမြစ်ကို စိုက်ကြည့်ရင်း လေပေါ်တွင် ကြာကြာမနေနိုင်တော့သောကြောင့် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာရပြီး သက်ပြင်းချလိုက်၏။
” အဲဒီ ဝိညာဉ်အမြစ်က ပျံသန်းနိုင်စွမ်း ရှိနေမှတော့ ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရတော့မှာလဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး လက်လျှော့ရန် ပြင်လိုက်စဉ်မှာပင် အဝေးသို့မျောလွင့်သွားနေသော ကိုးလက်မဝိညာဉ်အမြစ်ကြီး၏ နောက်ကျောကို စိုက်ကြည့်နေမိတော့သည်။ ထိုအချိန်တွင် သူက အကြံတစ်ခုကို ဖျတ်ခနဲ တွေးမိသွားပြီး ၎င်းအား စမ်းသပ်ကြည့်ရန်အတွက် သူ၏ ရွှေရောင်ခန္ဓာကို ထုတ်သုံးကာ သူ၏ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထိုအခါ သူ၏နောက်တွင် သွေးချီများ ပြန့်နှံ့လာပြီး ရွှေရောင်သမုဒ္ဒရာကြီးတစ်စင်းအသွင် ပြောင်းလဲကာ အရက်မျက်နှာအနှံ့အား ဖုံးလွှမ်းသွား၏။ ထိုအချိန်မှာပင် အကွာဝေးတစ်ခုအထိ ရောက်နေပြီဖြစ်သော ကိုးလက်မဝိညာဉ်အမြစ်ကြီးမှာ ဆတ်ခနဲ ရပ်တန့်သွား၏။
” တကယ်အလုပ်ဖြစ်တာပဲဟ ”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားပြီး စိတ်ပျက်လက်ပျက် ဖြစ်မနေတော့ပေ။ အဘယ်ကြောင့်ဆိုသော ကိုးလက်မဝိညာဉ်အမြစ်ကြီးမှာ ရပ်တန့်သွားပြီးနောက် တဖြည်းဖြည်းနှင့် နောက်သို့ လှည့်လာသောကြောင့် ဖြစ်သည်။ ၎င်းမှာ မျက်နှာမရှိပါသော်လည်း ၎င်း၏ ရေခဲသမျှအေးစက်နေသော အငွေ့အသက်ကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တုန်ရီနေရတော့သည်။
Good