အင်ပါယာရှားသည် ရီဖူရှင်း၏စကားအား ချိန်ဆတွေးတောပြီးနောက် သူ့ဘက်သို့ လှည့်ကြည့်ကာ ပြောသည်… “ရီဖူရှင်း… ဒါက တာလီပြည်ထောင်ရဲ့ အတွင်းရေးပြဿနာပဲ။ ဘုံနှစ်ခုကြားက စစ်ပွဲဖြစ်ပွားခဲ့ရင် ငါကိုယ်တော်က ဒီအတိုင်း ကြားဝင်စွက်ဖက်ပြီး တော်ဝင်အကြံပေးကို ခေါ်သွားမယ်ဆို အင်ပါယာလီကရော အင်ပါယာရှားဘုံကို လာပြီး သူ့ကို ပြန်ခေါ်မသွားနိုင်ဘူးလား”
စစ်မက်ဖြစ်ပွားလိုသည် ဆိုလျှင်ပင် ကျိုးကြောင်းဆီလျော်ရန် လိုအပ်၏။ ရန်ဟောင်များသည် လွယ်ကူစွာ တိုက်ခိုက်ခြင်း မပြုနိုင်။ သူတို့သည် ရန်ဟောင်အဆင့်အောက်မှ လူများကို သတ်ဖြတ်ခဲ့လျှင် လူမျိုးတုံး သတ်ဖြတ်ခြင်းအား ကျူးလွန်ရာ ရောက်၏။ မည်သူကမှ ရန်ဟောင်များနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်ဖက်က စည်းဖောက်လျှင် တခြားတစ်ဖက်ကလည်း စည်းဖောက်နိုင်သည်။
အင်ပါယာရှား ဆိုလိုသည်က စစ်ခင်းလျှင်ပင် တော်ဝင်အကြံပေးသည် တာလီပြည်ထောင်ကို ကိုယ်စားပြုနေဆဲ ဖြစ်၏။ အကယ်သာ၍ သူသည် တော်ဝင်အကြံပေးကိစ္စ၌ အင်အားသုံး၍ ဝင်ရောက် စွက်ဖက်ခဲ့လျှင် အင်ပါယာလီက ဒေါသထွက်လိမ့်မည် ဖြစ်၏။
ရီဖူရှင်းက တော်ဝင်အကြံပေးကို သွေးနဂါးဘုံ၌ အခြေချရန် အကြံပေးရခြင်းမှာလည်း ထိုအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
“ခမည်းတော်” ရှားရှင်းယွန်က ခေါ်လိုက်သည်တွင် အင်ပါယာက သူမကို လှည့်ကြည့်သည်။
သူမက ပြောလိုက်သည်… “သမီးတို့ သွေးနဂါးဘုံ တိုက်ပွဲမှာ ခံစစ်အနေအထားနဲ့ပဲ နေခဲ့ကြတယ်။ လီယောင်နဲ့ တခြားလူတွေက သမီးတို့ကို တိုက်ခိုက်လာတော့မှ ပြန်တိုက်ခိုက်ခဲ့ကြတယ်။ လီယောင်က နတ္ထိဘုံတိုက်ပွဲရဲ့ ကတိကဝတ်တွေကို ချိုးဖျက်ပြီးတော့ သမီးတို့လူကို လုပ်ကြံတယ်။ ဖြစ်သမျှအားလုံးကို သမီးတို့ ဒီအတိုင်း သည်းခံနေသင့်လား”
အင်ပါယာသည် သူတို့ကို ကြည့်လိုက်ပြီး မသက်မသာ ပြုံး၏။ ထို့နောက် သူက ရီဖူရှင်းကို ပြောလိုက်သည်…“ငါ အင်ပါယာလီဘုံကို သွားပေးမယ်။ ဒါပေမဲ့ ငါ စိုးရိမ်တာက အင်ပါယာလီက တော်ဝင်အကြံပေးနဲ့ ပတ်သက်ပြီး အရမ်း ခေါင်းမာနေမှာကိုပဲ။ ဖြစ်လာမယ့်အခြေအနေကို ငါလည်း အာမ မခံနိုင်ဘူး။ တော်ဝင်အကြံပေးနဲ့ တော်ဝင် အကြံပေးအိမ်တော်ရဲ့ ကံကြမ္မာက သူတို့အပေါ်မှာပဲ မူတည်နေတယ်”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ရီဖူရှင်းက ဦးညွှတ်သည်။ အင်ပါယာရှားက ထိုသို့ပြောသော်ငြား သူသည် ကိုယ်တိုင် လိုက်ပါရန် ဆန္ဒရှိသဖြင့် မျှော်လင့်ချက် ရှိပေသေး၏။
အင်ပါယာရှားသည် ခဏချင်းပင် သူ့ခေါင်းကို ပင့်မလိုက်ကာ သူ၏ စွမ်းအားများကို နေရာတစ်ခုလုံးသို့ လွှမ်းခြုံစေသည်။
ရန်ဟောင်၏ စွမ်းအားများသည် အလွန်ထူးခြား စွမ်းအားပြည့်ဝလှပြီး တစ်ခဏလေး အတွင်း၌ နန်းတော်တစ်ခွင်လုံးရှိ ကျယ်ဝန်းလှသည့် နေရာများကို ဖုံးလွှမ်းသွားနိုင်စွမ်း ရှိသည်။ ထိုစွမ်းအား အသိများသည် ဆက်လက်၍ ကျယ်ပြန့်လာပြီး အလွန် ဝေးကွာလှသည့် နေရာများဆီသို့ ရောက်ရှိသွားသည်။
လီဟန်ဓားသမားသည် လီဟန်ဓားနန်းတော်သို့ ပြန်ရောက်နေပြီဖြစ်၏။ ထို့နောက် သူသည် လီဟန်ဓားနန်းတော် ၃၃လွှာမှ အပေါ်သို့ မော့ကြည့်ကာ ပြောသည်… “အရှင်မင်းကြီး”
လီဟန်နန်းတော်တွင် မျက်နှာပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အင်ပါယာရှား၏ မျက်နှာသွင်ပြင်ရှိ၏။
“ကျုပ် တာလီကို ခဏသွားရလိမ့်မယ်။ ခင်ဗျားက ကျုပ်နဲ့ လိုက်ပေးနိုင်မလား” အင်ပါယာရှားက မေးသည်။
လီဟန်ဓားသမားက ခေါင်းညိတ်၍ ပြန်ဖြေသည်… “ဘာလို့ မလိုက်ရမှာလဲ”
“ကျုပ်တို့ အခုချက်ချင်း ထွက်ခွာမယ်” အင်ပါယာရှားက ပြောသည်။
လီဟန်ဓားသမားအပြင် အခြား များပြားလှသည့် တန်ခိုးရှင်များသည်လည်း အင်ပါယာ၏ အမိန့်ကို အသီးသီး လက်ခံရရှိကြသည်။ သူတို့သည် လေထဲသို့ ခြေလှမ်းကာ ချက်ချင်း ထွက်ခွာသွားကြ၏။
အင်ပါယာရှား နန်းတော်ကို ဖြတ်၍ လေပြင်းတစ်ခု ဖြတ်သန်းသွားပြီး ရန်ဟောင်စွမ်းအားများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ခဏအတွင်း လူအများကို ခေါ်ဆောင်သွားခဲ့သည်။
ရီဖူရှင်းသည်လည်း ထိုမုန်တိုင်းအတွင်း ပါဝင်ခဲ့သည်။ ထိုအခိုက်၌ သူ၏ ပုံရိပ်သည် နန်းတော်မှ ဝေဝါး ပျောက်ကွယ်သွားသည်။ သူသည်ပင် မည်သည့်နေရာသို့ သွားနေသည်ကို မမှန်းဆတတ်ပေ။
ရှားရှင်းယွန်သည် သူမ ရပ်နေသည့် နေရာတွင် ရှိနေဆဲ ဖြစ်ကာ သူမ၏ ရှေ့တွင် ပျောက်ကွယ်သွားသူများကို ရပ်ကြည့်နေသည်။
ရီဖူရှင်းနှင့် မှော်ဆရာတို့သည်လည်း အင်ပါယာရှား၏ ခေါ်ဆောင်သွားခြင်း ခံရကာ ပျောက်ကွယ် သွားကြသည်။
မရေတွက်နိုင်သည့် လူများသည် ကောင်းကင်သို့ မော့ကြည့် လိုက်ကြသည်။ သူတို့အားလုံးသည် ပြင်းထန်သည့် အရှိန်အဝါကို ခံစားမိကြပြီး အင်ပါယာရှားက မည်သည့်နေရာသို့ သွားမည်ကို သိလိုကြ၏။
ရှားရုန်သည်လည်း တော်ဝင်နန်းတော်တွင် ရှိနေ၏။ မူလက သူသည် သူ့အဖေကို တွေ့ရန် လုပ်နေသော်လည်း ကောင်းကင်၌ တိမ်တိုက်များ၏ အပြောင်းအလဲကို လျင်မြန်စွာ သတိပြုမိသည်။ သူက တစ်ခုခုကို ထိတ်လန့် အံ့သြသွားသော်လည်း ရီဖူရှင်းက ရှားရှင်းယွန်နှင့် လိုက်ပါသွားကာ သူ့ခမည်းတော်နှင့် တွေ့ဆုံခဲ့ကြောင်း သူသိပြီးဖြစ်သည်။
“ခမည်းတော်က အခု တာလီပြည်ထောင်ကို ဦးတည် သွားနေတာများလား” သူ အံ့သြစွာဖြင့် ရေရွက်မိသည်။
***
ရီဖူရှင်းနှင့် အခြားလူများသည် အင်ပါယာရှား နန်းတော်သို့ ပြန်ရောက်သည့်အခါ သွေးနဂါးဘုံသို့ သွားခဲ့သည့် တာလီမှ တန်ခိုးရှင်များသည်လည်း တာလီပြည်ထောင်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။
တော်ဝင်အကြံပေးသည် လီယောင်၏ သေဆုံးခြင်း၌ အဓိက တာဝန်ရှိသူဖြစ်ကာ သူသည် အင်ပါယာရှားဘုံမှ လူများကို ကူညီထွက်ပြေးစေခဲ့ပြီး တာလီကို သစ္စာဖောက်သည် ဟူသည့် သတင်းများမှာလည်း တာလီတော်ဝင် နန်းမြို့တော်တစ်ခွင် ပျံ့နှံ့နေပြီ ဖြစ်၏။
ထိုသတင်းက လူတိုင်းအတွက် သွေးပျက်ဖွယ် သတင်းဖြစ်ကာ နန်းမြို့တော်ကို ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ လူတိုင်းသည် ကြောက်မက်ဖွယ် မုန်တိုင်းကြီး ဖြစ်ပေါ်လာတော့မည်ကို ခံစားမိနေကြသည်။
တော်ဝင်အကြံပေးက ရီဖူရှင်းကို အင်ပါယာရှားဘုံသို့ ထွက်ပြေးရန် ခွင့်ပြုပေးခဲ့စဉ်က လူအများက သိပ်ဂရုမစိုက်ခဲ့ကြပေ။ ထိုကိစ္စကြောင့် တာလီတွင် ဆူပူမှုများ ဖြစ်ပေါ်ခဲ့ပြီး မင်းသားကြီးက ကိုယ်တိုင်ထွက်ကာ ဖြေရှင်းခဲ့သည်။ ယခုအခါတွင် ထိုကဲ့သို့ ကြီးမားသည့် အမှားတစ်ခု ထပ်မံ၍ ဖြစ်လာခဲ့၏။ လူတိုင်းက နောက်ဆက်တွဲ အခြေအနေကို စောင့်ကြည့် နေကြသည်။
ထို့အပြင် အဆင့်မြင့်မားသည့် ပုဂ္ဂိုလ်အချို့က လီယောင်၏ သေဆုံးခြင်းကို သိရှိခဲ့ကြပြီးဖြစ်ကာ ထိုသတင်းသည် အင်ပါယာလီနန်းတော်မှ ထွက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ဖြစ်ပျက်ခဲ့သည့် အခြေအနေ အတိအကျကို မည်သူမှ မသိကြပေ။
တော်ဝင်အကြံပေး သစ္စာဖောက်သည့် သတင်းက ပျံ့နှံ့နေပြီး ပြင်းထန်သည့် အခြေအနေများ ဖြစ်လာတော့မည်ကို မည်သူမဆို ခန့်မှန်းနိုင်ကြပေသည်။
တာလီတော်ဝင်နန်းတော်ရှိ နေရာအနှံ့တွင် မွန်းကျပ်ဖွယ် လေထုအခြေအနေက လွှမ်းခြုံထားလေသည်။
တာလီတော်ဝင် အကြံပေးသည် တာလီပြည်ထောင်တွင် ဩဇာအာဏာ ကြီးမားကာ မရေမတွက်နိုင်သော လူများက လေးစားရသူဖြစ်၏။
နန်ကျိုင်းသည် တော်ဝင်အကြံပေး အိမ်တော်၌ရှိနေစဉ် ထိုသတင်းများကို ကြားသိခဲ့ရပြီး နောက်ဆုံးတွင် သူတို့ အဘယ်ကြောင့် စောင့်ကြည့် ခံနေရသည်ကိုလည်း နားလည်လိုက်သည်။
နောက်ဆုံးတွင် မကောင်းသည့်ကိစ္စ တစ်ခုခု ဖြစ်ပွားခဲ့ပြီဖြစ်သည်။
လီယောင်သည် သွေးနဂါးဘုံ၌ အသတ်ခံခဲ့ရသည်။ သူ့ဆရာသည် တိုက်ပွဲ၌ ကူညီရန် ထိုနေရာသို့ သွားခဲ့ရရာ လီယောင်၏ သေဆုံးခြင်းမှာ ဆရာ၏ တာဝန်ဖြစ်လာသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော်လည်း လီယောင်က အဘယ်ကြောင့် သေဆုံးခဲ့ရသနည်း။
သတင်းကလည်း အဘယ်ကြောင့် ဤသို့ မြန်ဆန်စွာ ပျံ့နှံ့ခဲ့ရသနည်း။
တော်ဝင်နန်းတော် အတွင်းမှ အရာအားလုံးသည် ကြောက်မက်ဖွယ် ခံစားမှုများ လွှမ်းခြုံနေ၏။ မိုးကြိုးတိမ်တိုက်များက လူတိုင်း၏ ခေါင်းပေါ်၌ နေရာယူ လွှမ်းခြုံထားသကဲ့သို့ ထင်မှတ်ရပေသည်။
တော်ဝင်အကြံပေးသည် တော်ဝင်နန်းတော်အတွင်း ကြီးမားသော လွှမ်းမိုးမှုရှိရာ သူ၏ လုပ်ဆောင်မှုတိုင်းမှာလည်း ကြီးမားသော သက်ရောက်မှုများ ရှိသည်။
ထိုအချိန်တွင် တန်ခိုးရှင်တစ်စုသည် တာလီပြည်ထောင်သို့ ပျံသန်းလာခဲ့ကြ၏။
တော်ဝင်အကြံပေး၊ မင်းသားကြီး၊ မင်းသားသုံးလီကျန်း၊ ကောင်းခေါင်၊ မိစ္ဆာကလန်ခေါင်းဆောင်နှင့် အခြားသော ထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်သည်။ သူတို့သည် အင်ပါယာလီဘုံအထက်မှ အလင်းအလျင်ဖြင့် တော်ဝင်နန်းတော်သို့ ဦးတည် သွားနေကြသည်။
တော်ဝင်နန်းတော်၏ ဘေးဘယ်ညာတွင် မင်းသားကြီး၊ ကောင်းခေါင်နှင့် အခြားလူများ အားလုံးက ဝန်းရံထားပြီး သူတို့ကို ကြည့်ရသည်မှာ အလွန်အမင်း အေးစက်နေကြ၏။
တော်ဝင်အကြံပေးသည် မည်မျှပင် သဘောထားကြီးရင့်ကာ သည်းခံနိုင်စိတ် မြင့်မားသည် ဆိုခြင်းမှာ အရေးမပါပေ။ ရီဖူရှင်းသည် တာလီ၏ရန်သူ ဖြစ်သည်။
ပြင်းထန်လှသည့် သတ်ဖြတ်မှု အငွေ့အသက်များသည် မင်းသားကြီး၏ မျက်လုံးထဲတွင် ဖုံးလွှမ်းနေပြီး တော်ဝင်အကြံပေးကို သေစေလိုသည့် ဆန္ဒများ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။
အတိတ်တွင် သူသည် တော်ဝင် အကြံပေးတစ်ယောက် သူ၏ အာဏာ လျှောကျသွားစေမည့် အမှားပြုလုပ်ရန် စောင့်ဆိုင်းနေခဲ့သည်။ သို့မှသာ မင်းသားကြီးသည် သူ၏ အာဏာကို ပြန်လည်ရရှိပြီး တာလီ၏ တော်ဝင်မျိုးဆက်များကို ဂုဏ်သရေ ပြန်လည် ထွန်းတောက်လာစေရန် လုပ်ဆောင် ပေးနိုင်လိမ့်မည် ဖြစ်သည်။
သူသည် တော်ဝင်အကြံပေးကို ဤကဲ့သို့ သတ်ဖြတ်ရန် မတွေးခဲ့ဖူးပေ။ အင်ပါယာလီသည် တော်ဝင်အကြံပေးက အကြွင်းမဲ့ ခွင့်မလွှတ်နိုင်သည့် အမှုကိစ္စကို ကျူးလွန်ပြီး သေတွင်းမတူးခင် အထိ မည်သို့ ဆန့်ကျင်သည့်ကိစ္စမှ လုပ်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း တော်ဝင်အကြံပေးသည် အမှန်ပင် ခွင့်မလွှတ်နိုင်သည့် အမှုကို ကျူးလွန်၍ ကိုယ့်သေတွင်း ကိုယ် တူးခဲ့သည်။
ဤကိစ္စမှာ လီယောင်၏ သေဆုံးခြင်း ဆိုသည်ထက် ပိုပေသည်။ မင်းသားတစ်ပါးက တိုက်ပွဲအတွင်း သေသွားခဲ့လျှင် တော်ဝင်အကြံပေးသည် ထိုအတွက် အနည်းငယ်သာလျှင် တာဝန်ယူရပေမည်။
ယခု ပြဿနာကို အလွန်ဆိုးဝါး သွားစေခြင်းမှာ တာလီ၏ တော်ဝင်အကြံပေးသည့ လီယောင် သေဆုံးပြီးနောက် မည်သို့မှ တုံ့ပြန်ခြင်း မရှိခဲ့ခြင်းဖြစ်၏။ သူသည် လီယောင်၏ သေဆုံးခြင်းအတွက် ပြန်လည် တုံ့ပြန်ရမည့်အစား ရန်သူဖြစ်သော ရီဖူရှင်းအား နောက်တစ်ကြိမ် လွှတ်ပေးခဲ့သည်။ သူ လုပ်ခဲ့သည့်အရာသည် သစ္စာဖောက်သည့် သဘောတရားနှင့် အတူတူသာ ဖြစ်ပေသည်။
“တော်ဝင်အကြံပေး” နန်းတွင်းအကြံပေးက ရုတ်တရက် ရပ်လိုက်သည်ကို မြင်သည့်အခါ မင်းသားကြီးက ခေါ်သည်။
“ရန်ယွင်၊ တခြားလူတွေနဲ့အတူ အိမ်ကို ပြန်သွားလိုက်” တော်ဝင်အကြံပေးက ရန်ယွင်နှင့် သူ့အနီးမှ လူများကို ပြောသည်။
မင်းသားကြီးသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “အရှင်မင်းကြီးကို အရင်သွားတွေ့တာ အကောင်းဆုံးပဲ”
တော်ဝင်အကြံပေးသည် သူ့အား ကြည့်ကာ ပြောသည် “ဒီကိစ္စအတွက် တာဝန်ရှိတာ ကျုပ်ပဲ။ အဲဒါကြောင့် ကျုပ်က ခင်ဗျားတို့နဲ့အတူ အရှင်မင်းကြီးဆီမှာ အစစ်ဆေးခံဖို့ သွားမယ်။ ဒါပေမဲ့ ကျုပ်တပည့်တွေနဲ့တော့ ဘာမှမဆိုင်ဘူး”
မင်းသားကြီးသည် အတင်းအကျပ် ပြောလိုသော်လည်း တော်ဝင်အကြံပေး၏ အေးစက်စက် အမူအရာကို မြင်သောအခါ ဘာမှထပ်၍ မပြောတော့ပေ “ဒါဆိုလည်း သွားရအောင်”
ရန်ယွင်နှင့် အခြားလူများသည် တော်ဝင်အကြံပေးကို ချန်ထားကာ တခြားနေရာများသို့ ထွက်ပြေးနိုင်မည် မဟုတ်ပေ။
သူတို့သည် တာလီတော်ဝင်နန်းမြို့တွင် ပိတ်လှောင် ခံကြရပေလိမ့်မည်။
ရန်ယွင်သည် လေထဲတွင် ရပ်တန့်ကာ သူ့ဆရာ သွားရာဘက်သို့ လှည့်ကြည့်သည်။ မုချွန်းယန်နှင့် အခြားလူများက သူ့ဘေးတွင် ရပ်နေကြသည်။ သူတို့ကလည်း နန်းတော်သို့ လိုက်သွားလိုကြသော်လည်း သူတို့ဆရာ၏ဆန္ဒကို မငြင်းဆန်နိုင်ပေ။
“ပြန်ကြရအောင်” ရန်ယွင်က ပြောသည်။ သူသည် သူ့ဆရာ၏ ရည်ရွယ်ချက်နှင့် သူ့ကို ဆရာ ပြောခဲ့သည့် စကားများအား မှတ်မိနေသည်။
“ဖေးရွှီကို သွားကြည့်ရအောင်”
သူတို့၏ ဆရာထံ၌ တစ်ခုခု ဖြစ်ပွားခဲ့မည်ဆိုလျှင်ပင် သူတို့ အားလုံးသည် ဆရာပေးထားသည့် တာဝန်ကို ပြီးမြောက်ရန် လိုပေသည်။
ထို့ကြောင့်ပင် သူတို့သည် တော်ဝင်အကြံပေးနှင့်အတူ တော်ဝင်နန်းတော်သို့ လိုက်မသွားကြခြင်း ဖြစ်သည်။
မရေတွက်နိုင်သည့် အင်ပါယာလီလမ်းမှ လူများမှာ တော်ဝင်အကြံပေးနှင့် အခြားလူများ လျင်မြန်စွာ သွားနေကြသည်ကို မြင်တွေ့ကြရသည်။ သူတို့သည် တော်ဝင်အကြံပေးက တာလီကို သစ္စာဖောက်သည် ဆိုခြင်းအား ယုံကြည်ရန် ခက်ခဲနေကြသည်။
ထိုသည်မှာ မဖြစ်နိုင်ပေ။
အကယ်၍ တော်ဝင်အကြံပေးသာ တာလီကို သစ္စာဖောက်ရန် ရည်ရွယ်ခဲ့လျှင် ယခုအချိန် အထိ စောင့်နေရန်ပင် မလိုပေ။
ထို့အပြင် တော်ဝင်အကြံပေးသည် တာလီကို သစ္စာဖောက်ရန် အကြောင်းပြချက် မရှိပေ။
ထိုလူများသည် တော်ဝင်အကြံပေးကို အလွန် လေးစားလှသည်ဖြစ်ရာ မည်သည့် စွပ်စွဲချက်ကိုမဆို ယုံကြည်ရန် ခက်ခဲနေကြသည်။
သို့သော်လည်း ကောင်းကင်ထက်တွင် သွားနေကြသည့် သူများကို ကြည့်ကာ အလွန်အမင်း စိုးရိမ်ပူပန်မှုကို သူတို့အားလုံး ခံစားနေကြရသည်။
လူအများသည် တော်ဝင်နန်းတော်မှ နောက်ဆက်တွဲသတင်းများအား ကြားသိရရန် တော်ဝင်နန်းတော်သို့ ဦးတည်ပြီး အနီးဝန်းကျင်တွင် စုဝေးကာ စောင့်ဆိုင်းနေကြသည်။
တော်ဝင်နန်းတော်ကို မြင်နေရပြီ ဖြစ်ကာ အတွင်းအပြင် အနီးဝန်းကျင် အားလုံး၏ လေထုအခြေအနေက မွန်းကျပ်ဖွယ် ဖြစ်နေလေသည်။
တော်ဝင်အကြံပေးသည် ထည်ဝါသည့် နန်းတော်အဆောက်အဦကို ကြည့်ကာ သက်ပြင်းရှည် တစ်ချက် ချသည်။
သူသည် ပညာရှိကျမ်းကို ကျင့်ကြံခဲ့ပြီး သာမန်လူများ မမြင်နိုင်သည့် အရာများကို မြင်နိုင်စွမ်း ရှိခဲ့သည်။ ထိုအရာအားလုံးက အလွန်ပင် ထူးခြား ဆန်းကြယ်လှ၏။
ဤခရီးက ချောမွေ့မည် မဟုတ်သည်ကို သူ သိ၏။ ၎င်းသည် တာလီ၏ ကံကြမ္မာကိုပင် သက်ရောက်စေလိမ့်မည်။ သို့သော်လည်း အချို့အရာများမှာ ကြမ္မာကျောက်တုံးတွင် ထွင်းထုပြီး ဖြစ်ကာ သူ့ကဲ့သို့ ရှေ့ရေးကြိုတင် မြင်သူပင်လျှင် ဆန္ဒရှိသလို ပြောင်းလဲရန် မလွယ်လှပေ။
ထိုလူစုသည် တော်ဝင်နန်းတော်ရှေ့သို့ အလွန် လေးလံလှသည့် ခြေလှမ်းများနှင့် လျှောက်လာကြသည်။
လူအများ စုရုံးရောက်ရှိနေသည့် တော်ဝင်နန်းတော် တစ်ခုလုံး၏ လေထုအခြေအနေမှာ ပုံမှန်နှင့်မတူညီစွာ ပြင်းထန်နေသည်။
သူတို့သည် မြင့်မားပြီး ထည်ဝါသည့် တော်ဝင်နန်းတော် အတွင်းမှ မဟာခန်းမသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားကြသည်။ များပြားလှသည့် တန်ခိုးရှင်များလည်း ရောက်ရှိနေပြီး တော်ဝင် မိသားစုဝင်များပင်လျှင် တက်ရောက်ကြသည်။
ထိုခန်းမ၏ အလယ်၌ ခန့်ညားစွာ ရပ်နေသည့် ပုံရိပ်တစ်ခု ရှိပေသည်။ သူသည် ကြီးကျယ်မြင့်မြတ်ပြီး မငြင်းဆန်နိုင်သော အရှိန်အဝါရှိကာ ရပ်နေသည့် နေရာမှ အောက်သို့ ငုံ့ကြည့်နေသည်။
ထိုပုံရိပ်သည် အင်ပါယာလီပင် ဖြစ်၏။
မင်းသားကြီးနှင့် အခြားလူများ ရောက်ရှိလာသည်။ မင်းသားကြီးသည် သူ့အနောက်က လူထံမှ လီယောင်၏ အလောင်းကို ယူဆောင်သည်။
သူသည် လီယောင်ကို သယ်ကာ ခန်းမအလယ်သို့ လျှောက်သွားပြီးနောက် လီယောင်ကို ချကာ ဒူးထောက်သည်။
“ကျုပ် တာဝန် ကျရှုံးခဲ့ပါတယ် အရှင်မင်းကြီး။ ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ” မင်းသားကြီးက ပြောလိုက်ပြီး သူ့အသံက ဆွေးမြည့်မှုများ ပါဝင်နေ၏။
လူတိုင်းသည် တော်ဝင်အကြံပေးက သစ္စာဖောက်သည့် အမှုကို ကျူးလွန်သည့်အတွက် အပြစ်ပေးပါရန် အဆိုပြုနေကြ၏။
ထို့အပြင် ဤအဆင့်မြင့် ပုဂ္ဂိုလ်များသည်လည်း အင်ပါယာ၏ သားတော် သေဆုံးခြင်းအတွက် တာဝန်အချို့ ရှိကြပေသည်။
မင်းသားကြီးသည် ဤအနေအထား၌ တော်ဝင်အကြံပေးကို တိုက်ခိုက် ရလောက်အောင် ရူးသွပ်နေသူ မဟုတ်ပေ။ သူသည် သူ့အပြစ်ကို တောင်းပန်သည်မှ လွဲလျှင် အခြား ဘာမှမလုပ်ခဲ့ပေ။
“သားတော်လည်း တာဝန်မကျေခဲ့ပါဘူး ခမည်းတော်” မင်းသားသုံး လီကျန်းသည်လည်း မြေပြင်တွင် ဒူးထောက်လိုက်ကာ အင်ပါယာလီကို မော်ပင်မဖူးရဲချေ။
အင်ပါယာလီက ခန်းမရှေ့၌ ရပ်နေပြီး လီယောင်၏ အလောင်းကို ကြည့်သည်။ ထို့နောက် သူသည် ရှေ့သို့ လှမ်းလာကာ သူတို့အားလုံးကို ကြည့်၏။
သူသည် ဖြည်းဖြည်းချင်း လျှောက်လာပြီး လူတိုင်းသည် တစ်လှမ်းချင်းစီကို အာရုံစိုက် နေကြသည်။ လူအများက တိတ်ဆိတ်စွာနှင့်ပင် မြေပြင်ပေါ်သို့ ဒူးထောက် လိုက်ကြသည်။
အင်ပါယာလီသည် လီယောင်ကို မြင့်မားသော မျှော်လင့်ချက်များ မထားသော်လည်း သူသည် အင်ပါယာ၏ သွေးသားအရင်းအချာပင် ဖြစ်၏။ သူ၏သွေးရင်းသားရင်း တစ်ဦး သေဆုံးသွားခြင်းအပေါ် သူက မည်သို့မှ မဖြစ်ဘဲတော့ မနေပေ။
အင်ပါယာက သူတို့အားလုံးကို အပြစ်ပေးခဲ့လျှင်ပင် ၎င်းသည် ကျိုးကြောင်းဆီလျော်မှု ရှိနေဆဲပင် ဖြစ်သည်။
***