အပိုင်း(၁၂၂၄)

ပညာရှိသူသည်ကျယ်ပြောသောစိတ်သဘောထားကိုမွေးမြူရမည်

ကျယ်ပြောလှသည့် ပတ်ဝန်းကျင်သည် ထိုအခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက် သွားလေသည်။

မရေတွက်နိုင်သည့် မျက်လုံးများက ရှားရုန်၏လက်ထဲမှာ ကိုင်ထားခံရသည့် လီယောင်ကို ကြည့်သည်။ ထို့နောက် သူသည် လက်လွှတ်လိုက်ရာ လီယောင်က မြေပေါ်သို့ ပြုတ်ကျသွားသည်။ သူ့မျက်လုံးများက အသက်မဲ့ကာ ပြူးကျယ်နေသည်။ ရှားရုန်သည် လီယောင်၏ စိတ်အတွင်းသို့ မဟာလမ်းစဉ်၏ စွမ်းအားများနှင့် ကျူးကျော် ဝင်ရောက်ကာ တစ်ခါတည်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

သူ အပြုအမူက တွေဝေခြင်း အလျှင်းမရှိ တိကျ ပြတ်သားလှသည်။

တာလီပြည်ထောင်၏ မင်းသားကိုး လီယောင်သည် သေကျေ ပျက်စီးခဲ့ရလေသည်။

သူသည် ရှားရုန်၏ လက်ချက်ဖြင့် သွေးနဂါးဘုံတွင် သေခဲ့ရပြီ ဖြစ်၏။

ရီဖူရှင်းကို ကြည့်ရသည်မှာ အလွန် အံ့သြ ထိတ်လန့်သွားကြောင်း အထင်အရှားပင် ဖြစ်၏။ သူသည် အေးစက်၍ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေသည့် ရှားရုန်၏ မျက်နှာကို ကြည့်သည်။ သူ့ပုံစံအရ မည်သူကမှ သူ၏ စိတ်ဆိုးဖြတ်ချက်အား ငြင်းဆန်နိုင်ခွင့် မရှိသလို ငြင်းဆို၍လည်း မရသည့်သဘော။

သည်ဆုံးဖြတ်ချက်အား ယခင်ကတည်းက ဆုံးဖြတ်ထားသည့်ဟူသော သဘော … ။

“အစ်ကို …”

ရှားရှင်းယွန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ရီဖူရှင်းအောက် မလျော့သော ထိတ်လန့် အံ့သြမှုတို့နှင့် အော်ဟစ်သည်။ သူမ၏ စိတ်သည်လည်း ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။

တစ်ဦး တစ်ယောက်သာ အံ့သြ ထိတ်လန့်သွားခြင်း မဟုတ်ပေ။ လက်ရှိ၌ အင်ပါယာရှားဘုံမှ လူတိုင်းသည် တူညီသော ခံစားချက်မျိုး ဖြစ်ပေါ်နေကြသည်။

လူတိုင်း၏ခေါင်းထဲ၌ အတွေးများ ပြေးလွှားသွားကာ သူတို့၏ စိတ်နှလုံးများ တုန်ခါနေကြ၏။

လီဟန်ဓားသမားပင်လျှင် ရှားရုန်ကို လှမ်းကြည့်သည်။

ထိုလှုပ်ရှားမှုသည် အမှန်တကယ့်ကို ရက်စက်လှပြီး ထောက်ထား ညှာတာမှု မရှိပေ။

သူသည် မည်သူ တစ်ဦးတစ်ယောက်၏ အမြင်ကိုမှ ဂရုမစိုက်ဘဲ လီယောင်ကို သတ်ခဲ့၏။

ရီဖူရှင်းသည် လီယောင်ကို လွှတ်ပေးရန် ကတိပေးခဲ့သော်လည်း သူ့ဘက်မှ လူများက သူ့စကားကို မတည်ခဲ့ပေ။ ယခု လီယောင် သေသွားပြီ ဖြစ်ရာ သူသည် တော်ဝင်အကြံပေးနှင့် မည်ကဲ့သို့ ဖြေရှင်းရမည်ကို တွေးနေမိ၏။

ထို့အပြင် တော်ဝင်အကြံပေးသည် တာလီပြည်ထောင်မှ တန်ခိုးရှင်များ၏ အရှေ့၌ ရီဖူရှင်းကို မျက်နှာသာပေး ပြောဆိုကာ မင်းသား၏ လုံခြုံမှုကို အာမခံခဲ့သည်။ သို့သော်လည်း ယခုအခါတွင် လီယောင် သေဆုံးသွားခဲ့ရာ သူသည် အင်ပါယာလီဘုံသို့ သည်အတိုင်း ပြန်သွားရန် မဖြစ်နိုင်တော့ပေ။

တော်ဝင်အကြံပေး၊ ရန်ယွင်နှင့် မုချွန်းယန်တို့သည် သူတို့၏ မျက်စိရှေ့တွင် အထင်အရှား ဖြစ်ပျက်သွားသည့် အဖြစ်ကြောင့် စိတ်ရှုပ်ထွေး သွားကြသည်။ အရာအားလုံးက ရုတ်တရက် ဆန်လွန်းလှ၏။

ရီဖူရှင်းသည် မင်းသားကို သတ်မည့်အစား လွှတ်ပေးရန် အသင့်ဖြစ်နေပြီကို သူတို့ နားလည်သည်။

သို့သော်လည်း ရှားရုန်က ထိုသို့ လုပ်ခဲ့၏။

ရန်ယွင်နှင့် အခြားလူများ၏ မျက်နှာက သွေးဆုတ်ဖြူဖျော့ သွားသည်။ ဖြစ်လာသမျှ အရာအားလုံးသည် သူတို့ဆရာ ကြိုတင်ဟောကိန်း ထုတ်ခဲ့သည့် အတိုင်းပင် ဖြစ်သည်။

အင်အား ပြည့်ဝလှသော ဓားစွမ်းအားများသည် ရီဖူရှင်း၏ အနောက် လေထဲတွင် ရပ်နေသည့် ရာရာ့ထံမှ ထွက်ပေါ်လာသည်။ ဓားအလင်းများသည် သူမ၏ အကန့်အသတ် အဆုံးအထိ ထုတ်ဖော် ခံလိုက်ရသည်။ သူမသည် ရီဖူရှင်း၏ လက်ကို ဆွဲကာ သူနှင့်အတူ ထွက်ပြေးရန် ရည်ရွယ်သည်။

သို့သော်လည်း ရီဖူရှင်းသည် တုတ်တုတ်မှ မလှုပ်ဘဲ လေထဲတွင် ဆက်လက်၍ ပေတေကာ ရပ်နေသည်။

သူက ရာရာ ဘာလုပ်လိုသည်ကို နားလည်သည်။ မည်သို့ဆိုစေ တာလီနန်းတွင်း အကြံပေးသည် တာလီဘက်မှ အာမခံညှိနှိုင်းခဲ့သူဖြစ်သည်။

တော်ဝင်အကြံပေးသည် အင်ပါယာလီဘုံသို့ ပြန်သွားလိုလျှင် သူ့မျက်စိရှေ့မှ လူငယ်ကို ဦးဆုံး သတ်ရန် လိုအပ်ပေသည်။

နှစ်ယောက်လုံးသည် အချင်းချင်း လက်တစ်ကမ်း အကွာတွင်သာ ရှိပြီး သူက ရီဖူရှင်းကို သတ်ရန်မှာ ရှားရုန်က လီယောင်ကို သတ်လိုက်သကဲ့သို့ လွယ်ကူလှပေသည်။

ရီဖူရှင်းက ထိုအချက်ကို ရှင်းလင်းစွာ နားလည်၏။သူ သဘောပေါက်သည်မှာ တော်ဝင်အကြံပေးသာ သူ့ကို သတ်လိုလျှင် ရာရာသည်ပင် သူ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ဤမျှလောက် အကွာအဝေးဖြင့်ဆိုပါက သူ အသက် ရှင်သန်နိုင်ရန် အခွင့်အလမ်း မရှိပေ။

အင်ပါယာလီက ပေးလိုက်သည့် တာဝန်ကို ပြီးမြောက်ရန်မှာ တော်ဝင်အကြံပေးသည် သူ့ကို သတ်ရန် လိုပေသည်။ သူသာ တွေဝေနေခဲ့ပါက သစ္စဖောက်သည်နှင့် ထူးမခြားနားပေ။

ရှားရုန်သည် တော်ဝင်အကြံပေး၏ လွတ်လမ်းကို ဖြတ်တောက်ခဲ့ခြင်းလည်း ဖြစ်သည်။

သူ၏အမြင်တွင် တော်ဝင်အကြံပေးသည် မည်သည့်အမှားမှ မရှိပေ။ သို့သော် သူ၏ တည်ရှိမှုသည် အင်ပါယာရှားဘုံအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

တော်ဝင်အကြံပေးသည် လီယောင်၏ လုံခြုံမှုကို အာမခံပေးခဲ့သော်လည်း ယခုတွင် လီယောင်က သေဆုံးသွားခဲ့ပြီ ဖြစ်ရာ အင်ပါယာလီ၏ စိတ်တွင် မည်သို့ တွေးမည်နည်း။

သည်အကွက်က ရက်စက်လွန်းသည်။

ရီဖူရှင်းသည် သူ့ ခန္ဓာတစ်လျှောက်လုံး၌ အေးစိမ့်မှုများ ဖြာထွက်လာသည်ဟု ခံစားနေရသည်။

ဒါဆို ဒါက ငယ်ငယ်ကတည်းက စစ်ပွဲမှာ လေ့ကျင့်ရင်း သေခြင်းရှင်ခြင်းတွေကြားမှာ ကြီးလာခဲ့တဲ့ အင်ပါယာရှားဘုံရဲ့ အကြီးဆုံး မင်းသားပေါ့

သူက တကယ်ကို ရက်စက်လွန်းတယ်

သူက ထိုကဲ့သို့ ထောက်ထားညှာတာမှုမရှိ တိကျပြတ်သားစွာ လုပ်ဆောင်ခဲ့သည်။

သူ လုပ်ခဲ့သည့် လုပ်ရပ်ကြောင့် ရီဖူရှင်းသည်လည်း သေဆုံးခြင်းဖြင့် အဆုံးသတ် ရပေလိမ့်မည်။

သူသည် အသက်မဲ့နေသော လီယောင်ကို ကြည့်သည်။ သူသည် လီယောင်ကို နှစ်ပေါင်းများစွာကပင် သတ်ရန် စောင့်ဆိုင်းနေခဲ့သော်လည်း ဤအကြိမ်တွင်တော့ မဟုတ်ပေ။ အထူးသဖြင့် တော်ဝင်အကြံပေးက လီယောင်၏ လုံခြုံရေးကို အာမခံပေးခဲ့သော အခါတွင် ပို၍ပင် မသတ်လိုပေ။

“ရာရာ ပြန်သွားတော့” ရီဖူရှင်းက အသာအယာ ပြောသည်။

ရာရာက သူ့အား ခေါင်းမာစွာ ကြည့်သည်။ သူမက ရီဖူရှင်းအား ခေါ်ဆောင်သွားရန် အားထပ်စိုက်၍ ကြိုးစားသည်။

ရီဖူရှင်းက သူမကို ခေါင်းခါပြလိုက်တော့မှ ရာရာသည် နောက်ဆုံး၌ လက်လျှော့သွားခဲ့သည်။ သူမက ပြန်လှည့်လိုက်ကာ တော်ဝင်အကြံပေးကို ကြည့်၍ ပြောသည်… “ဒါက သူနဲ့ ဘာမှမဆိုင်ဘူး”

ရီဖူရှင်းသည် နောင်တတရားများ ပြည့်လျှမ်းနေသည့် မျက်နှာနှင့် ကြည့်သည်။

သူ့ဆရာက သူ့ကို ယုံကြည်ပြီး ရှေ့သို့ထွက်ကာ အာမခံပေးခဲ့သည်ကို သူ နားလည်သည်။

သို့သော်လည်း သူ့ကြောင့်ပင် သူ့ဆရာသည် ဤသို့ အကျဉ်းအကျပ်ထဲ ကျရောက်ခဲ့သည်။

သူသည် ခေါင်းကိုသာ တွင်တွင်ငုံ့ထားပြီး ပြောစရာစကားများ ကင်းမဲ့နေသည်။

“ဆရာက ဘယ်လိုပဲ ရွေးချယ်ပါစေ ကျွန်တော့်မှာ ပြောစရာ မရှိပါဘူး”ရီဖူရှင်းက သက်ပြင်းချလိုက်၏။

တော်ဝင်အကြံပေးက သူ့ကို သည်နေရာ၌ ချက်ချင်း သတ်ပစ်လိုက်လျှင်ပင် သူက မည်သည့် အာဃာတမှ ထားလိမ့်မည် မဟုတ်ပေ။

မည်သို့ဆိုစေ သူသည် သည်ကိစ္စများအား စတင်ခဲ့သူ မဟုတ်ပါလား။

တော်ဝင်အကြံပေးသည် သူ့ရှေ့မှ လူငယ်ကို လှည့်ကြည့်လိုက်ကာ သက်ပြင်းတစ်ချက် ချသည်။

မင်းသား၏ သေဆုံးခြင်းမှာ ရီဖူရှင်းနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိသည်ကို သူသိသော်လည်း ထိုအချင်းအရာက ပြဿနာ မဟုတ်သေးပေ။

ပြဿနာက သူသည် ရီဖူရှင်းအတွက် အာမခံသူ ဖြစ်ပေးခဲ့သော်လည်း မင်းသားသည် သူ့မျက်စိရှေ့တွင်ပင် သေဆုံးခဲ့သည်။

ဤကဲ့သို့ ပြစ်မှုမျိုးကို မည်သူက တာဝန်ခံနိုင်စွမ်း ရှိလိမ့်မည်နည်း။

သူက အာမခံသူ ဖြစ်ခဲ့မှတော့ ဖြစ်လာသမျှအတွက် သူသည်သာ တာဝန်ခံရပေတော့မည်။

သူ့တွင် တခြားရွေးချယ်စရာ မရှိတော့။

ရီဖူရှင်းကို သတ်၊ ရှားရုန်ကို သတ်၍ သူတို့၏ ခေါင်းများကို ဖြတ်ကာ အင်ပါယာလီထံသို့ ယူသွားပြီး ဘုံများအကြားမှ စစ်ပွဲကို ဖန်တီးရန် ဖြစ်သည်။ ဤသည်သာ သူ၏ အမှားအတွက် ပြင်ဆင်ရာ လမ်းဖြစ်ပေလိမ့်မည်။

သူသည် လက်ရှိတွင် တာလီ၏ တစ်ဦးတည်းသော ပြန်လည် မွေးဖွားခြင်းအဆင့် ရှန့်ထိုဖြစ်ကာ ရန်သူသည် လေးယောက် ဖြစ်ပြီး ရှားရုန်သည် သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုဖြစ်သည်။ ဆိုလိုသည်မှာ တော်ဝင်အကြံပေးက သူ့ကို သတ်နိုင်မည်ဟု မသေချာပေ။ အခြားတစ်ဖက်တွင်တော့ ရီဖူရှင်းကိုလွယ်ကူစွာ သတ်နိုင်၏။

ငါ သူ့ကို သတ်သင့်သလား 

ရန်ယွင်၏ မျက်လုံးများက သွေးရောင်လွှမ်းလာသည်။ သူက ကောင်းကင်ထက်တွင် မျက်နှာချင်းဆိုင် ရပ်နေသော လူနှစ်ယောက်အား ကြည့်သည်။

ရီဖူရှင်းသည် လီယောင်၏ အသက်ကို ချမ်းသာပေးရန် ရွေးချယ်ခဲ့သည်။

ထိုမျှဖြင့် သူသည် ရီဖူရှင်း၏ စရိုက်လက္ခဏာကို မြင်နိုင်၏။

တစ်ဖက်တွင် ဤသို့သော အခြေအနေကို ဆရာက မည်သို့ ဖြေရှင်းမည်နည်း။

သူ့ဆရာအတွက် အလွန်ခက်ခဲသော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

ရွေးချယ်မှုလုပ်ရန်မှာလည်း အလွန် ရင်နာဖွယ် ကောင်းပေလိမ့်မည်။

သို့သော်လည်း တခြားရွေးချယ်စရာ ရှိပါ၏လော။

တာလီကို သစ္စာဖောက်ရမည်လား 

ဖေးရွှီသည် တာလီတွင် ရှိနေသေး၏။

ထို့အပြင် ဖေးရွှီက သည်နေရာသို့ လိုက်ပါလာလျှင်လည်း သူ့ဆရာက ရီဖူရှင်းကို သတ်ဖြတ်ပါမည်လော။

သူမသည် ထိုမြင်ကွင်းကို ကြည့်ကာ လွန်စွာ ဝမ်းနည်းကြေကွဲ ရပေလိမ့်မည်။

“တော်ဝင်အကြံပေး” ထိုအချိန်၌ အခြား အသံတစ်ခုကို ကြားလိုက်ရသည်။ လူတိုင်းက လှည့်ကြည့်လိုက်သည်တွင် ရှားရှင်းယွန်က စကားပြောလိုက်ခြင်း ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

ရှားရှင်းယွန်က သူမ ရပ်နေရာမှ လေထဲသို့ မော့ကြည့်သည်။ သူမ၏မျက်လုံးများသည်  ခိုင်မာသော ဆုံးဖြတ်ချက်များကြောင့် စူးရှနေ၏။

“ကျွန်မတို့ အစ်ကိုရဲ့ အမှားကြောင့် ရှင့်ရဲ့ ကတိကို ချိုးဖောက်သလို ဖြစ်သွားခဲ့ရတယ်။ ဒါပေမဲ့လည်း ဒါက ရီဖူရှင်းနဲ့ မဆိုင်ပါဘူး။ ရှင် သူ့ကို သတ်မယ်ဆိုရင် ဒီနေ့မှာ ဘယ်လိုတန်ဖိုးပဲ ပေးဆပ်ရပါစေ ရှင်နဲ့ ရှင့်တပည့်တွေကို ပြန်ပေးဆပ်ဖို့ ကျွန်မ လုပ်ဆောင်ရလိမ့်မယ်”

ရှားရှင်းယွန်၏ အသံမှာ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပျော်ဝင်နေသည်။ သူမ၏လေသံမှ သူမ၏ခိုင်မာသော ဆုံးဖြတ်ချက်မှာ အထင်းသား တွေ့နိုင်၏။

ရှားရုန်သည် အကြီးဆုံးမင်းသား ဖြစ်သည်။

အခြားတစ်ဖက်၌ သူမသည် အင်ပါယာရှား၏ တန်ဖိုးထား အမြတ်နိုးရဆုံး သမီးတော်အဖြစ် ကျော်ကြားသည်။

ရှားရုန်သည် သူ့ညီမလေးကို ကြည့်ကာ သက်ပြင်းချသည်။

သည်အရာကပင် တစ်စုံတစ်ခုအပေါ် စွဲလမ်းနှစ်သက်နေသူတို့၏ လုပ်ဆောင်မှုများ ဖြစ်သည်။

“တော်ဝင်အကြံပေးက ဘာလို့ အင်ပါယာရှားဘုံကို လာဖို့ မရွေးချယ်တာလဲ။ အင်ပါယာရှားဘုံကို လာခဲ့ရင် ခင်ဗျားရဲ့ အဆင့်အတန်းက အင်ပါယာလီဘုံမှာထက် သေချာပေါက် မနိမ့်ကျဘူးလို့ ကျုပ် အာမခံပါတယ်” ရှားရုန်က ပြောသည်… “ပြီးတော့ အခုဆိုရင် အင်ပါယာလီဘုံက ခင်ဗျားကို အမျက်ထွက်နေခဲ့ပြီ။ မင်းသားကြီးရဲ့ စကားတွေကနေ တွက်ဆရရင် ခင်ဗျားရင်ဆိုင်ရမည့် ပြဿနာတွေကို ကျုပ် တွေ့မြင်နေတယ်”

ရီဖူရှင်းသည် ရှားရုန်ကို အေးစက်သော အကြည့်များဖြင့် လှည့်ကြည့်သည်…“ခင်ဗျားက သူ့ကို သစ္စာဖောက်အောင် ပြောနေတာလား”

တော်ဝင်အကြံပေးက ဖေးရွှီကို မည်မျှ ချစ်မြတ်နိုးသည်ကို သူ သိသည်။ သူမအတွက် သူ၏ ဖခင်မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ မြင့်မားလှပေသည်။ ဂုဏ်သတင်းနှင့် တာဝန်များကို ဖယ်ထားလျှင်ပင် ဖေးရွှီသည် ယခုအချိန်အထိ တာလီ၌ပင် ရှိသေး၏။ ထို့ကြောင့်ပင် တော်ဝင်အကြံပေးသည် သူ့အင်ပါယာကို သစ္စာဖောက်ရန် မည်သို့မှ မဖြစ်နိုင်ပေ။

ရီဖူရှင်းသည် သူ့ကို သွေးနဂါးဘုံသို့ ပြောင်းရွှေ့လာစေရန် တော်ဝင်အကြံပေးကို လျှို့ဝှက်စွာ အကြံပေးခဲ့သည်။

သို့သော်လည်း ရှားရုန်သည် တော်ဝင်အကြံပေး၏ လွတ်မြောက်နိုင်သည့် လမ်းကြောင်းများကို အကုန် ပိတ်ဆို့ ဖြတ်တောက်ခဲ့သည်။

တော်ဝင်အကြံပေး တစ်ခုခု မဖြစ်ခဲ့လျှင်ပင် တာလီတွင် သူ၏ အာဏာကို ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။ အကယ်၍ ဘုံနှစ်ခုကြားမှ စစ်ပွဲ ဖြစ်ပွားခဲ့လျှင် အင်ပါယာရှားဘုံသည် တစ်ခုခု အကျိုးအမြတ် ရရှိနိုင်ပေသည်။

ထို့အပြင် အင်ပါယာလီဘုံ၌ တော်ဝင်အကြံပေး၏ အဆင့်အတန်း နိမ့်ကျသွားခြင်းက အင်ပါယာလီဘုံ အင်အားနည်းသွားသည်နှင့် ထူးမခြားနားပေ။ သတင်းများကလည်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကြီးမားသော လှိုင်းဂယက်များ ထလာပေလိမ့်မည်။ အနည်းဆုံး တော်ဝင်အကြံပေး အိမ်တော်သည် ချေမှုန်းခံရပေလိမ့်မည်။

အားလုံးက လေထဲမှ တော်ဝင်အကြံပေးကို ကြည့်နေကြသည်။ လူတိုင်းက သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြ၏။

တော်ဝင်အကြံပေးသည် ထိုအချိန်၌ အလွန် တည်ငြိမ်နေပုံပေါ်၏။ တိုက်ခတ်နေသည့် လေသည် သူ၏ ဝတ်စုံကို လူးလွန့်နေစေသည်။

ရှားရှင်းယွန်၏ ခြိမ်းခြောက်မှုက ဖြစ်စေ၊ ရှားရုန်၏ စည်းရုံးမှုက ဖြစ်စေ သူ့ကို လှုပ်ရှားစေခြင်း မရှိချေ။

နောက်ဆုံးတွင် သူ့ရှေ့မှ လူငယ်လေးကို ကြည့်ကာ တော်ဝင်အကြံပေးက သက်ပြင်းသာ အကြိမ်ကြိမ် ချမိသည်။

“ဒါက ငါ ခန့်မှန်းထားသလို ကံကြမ္မာပါပဲ”

သူ ဤနေရာသို့ ရောက်မလာခင်ကပင် ကြိုတင်၍ ဟောကိန်း ထုတ်ထားနိုင်ခဲ့သည်။

သို့သော်လည်း သူသည် ကံကြမ္မာမှ ပြေးမလွတ်နိုင်ဘဲ ရှိနေသေးကာ ဖြစ်လာရမည့် အရာများက မလွဲမသွေ ဖြစ်လာခဲ့သည်။

“ရီဖူရှင်း” တော်ဝင်အကြံပေးက ခေါ်သည်။ သူ၏ အသံသည် တည်ငြိမ်ကာ နူးညံ့နေပြီး ထိန်းချုပ်ထားရသည့် မည်ကဲ့သို့သော အရိပ်အယောင်မှ မပါဝင်ပေ၊

“ကျွန်တော် ရှိပါတယ်” ရီဖူရှင်းသည် ခေါင်းငုံ့ထားရင်း ပြန်ဖြေသည်။

“ငါတို့ မခွဲခွာခင် မင်းကို စကားနှစ်ခွန်း ပြောခဲ့ချင်တယ်” တော်ဝင်အကြံပေးက ဆက်ပြောသည်။

သူက ဆုံးဖြတ်ပြီးဖြစ်ဟန် ရသည်။

ရီဖူရှင်းသည် တော်ဝင်အကြံပေးကို တအံ့တသြ မော့ကြည့်သည်။

သူက အရာအားလုံးကို သူကိုယ်တိုင် တာဝန်ယူဖို့ အသင့်ဖြစ်နေပြီလား

သူ့မျက်လုံးများသည်ပင် နီရဲလာသည်ဟု ထင်မှတ်ရ၏။

“ပညာရှိတဲ့ လူဟာ ပြိုကျတော့မယ့် တံတိုင်းအောက်ခြေမှာ မရပ်ဘူး” တော်ဝင်အကြံပေးက ပြောသည်။ ပထမဆုံး ရီဖူရှင်းကို ပြောလိုသည့် စကားဖြစ်သည်။ လူငယ်လေးသည် သူ့ဆရာက သူတို့၏လက်ရှိ အကျပ်အတည်းအကြောင်း ပြောနေသည်ကို သိရှိပေသည်။

ရီဖူရှင်းသည် ထိုအချိန်၌ သူ့ကိုယ်သူ ပြိုကျနေသည့် နံရံအောက်ခြေ၌ ရပ်နေစေခဲ့ခြင်း ဖြစ်သည်။ တော်ဝင်အကြံပေးသာ သူ့ကို သတ်ပစ်ရန် ကြိုးစားလျှင် သူ့အနေဖြင့် လွတ်မြောက်နိုင်ဖွယ် မရှိပေ။

သူသည် သတ္တမဓားအဖြစ်နှင့်  တာလီကို ဝင်ရောက်ခဲ့သည့် အပြုအမူမှာလည်း တူညီစွာပင် ကိုယ့်ကိုယ်ကိုယ် ပြိုကျနေသော တံတိုင်းအောက်ခြေ၌ ရပ်နေစေခဲ့ခြင်း ဖြစ်သည်။

တော်ဝင်အကြံပေးသည် နောက်လှည့်ကာ ရန်ယွင်နှင့် အခြားလူများကို ပြောသည်… “သွားကြရအောင်”

ရန်ယွင်သည် သူ့ဆရာနှင့် ရီဖူရှင်းကို တစ်လှည့်စီ ကြည့်သည်။ သူ၏ ခြေလှမ်းများက အလွန် လေးလံနေသော်လည်း သူ့ဆရာက ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသည် သူတို့ဆရာ၏ ဆုံးဖြတ်ချက် နောက်ကိုသာ လိုက်ကြရမည် ဖြစ်သည်။

“ဒုတိယတစ်ခွန်းက ဘာလဲ” ရီဖူရှင်းက သူ့ဆရာ၏ နောက်ကျောကို ကြည့်ကာ ပြောသည်။

“ကောင်းကင်က စမ်းသပ်ချက်တွေဟာ အမြဲခက်ခဲတာကြောင့် ပညာရှိတဲ့လူက ဉာဏ်ကို လွှာပြီး လှုပ်ရှားရမယ်” တော်ဝင်အကြံပေးသည် သူ့အနောက်မှ ရီဖူရှင်းကို ထည်ဝါစွာ ပြောသည်။ ထွက်ကျလာသည့် အသံသည် သန့်စင်လှသည့် အရှိန်အဝါများနှင့်အတူ လှုံ့ဆော်ပေးနေသည်။

ရီဖူရှင်း၏ မျက်လုံးများသည် အလွန် နီရဲလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ထိုပုံရိပ်က သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ထိ ငေးကြည့်နေသည်။

ကောင်းကင်၏ စမ်းသပ်မှုသည် အမြဲခက်ခဲ ကြမ်းတမ်းသောကြောင့် ပညာရှိသူက သေသေချာချာ စဉ်းစား၍ ဆုံးဖြတ်လုပ်ကိုင်ရပေမည်။ ပထမတစ်ခွန်းမှာ ပညာရှိသူသည် ပြိုကျလုနံရံကြီးအောက်၌ ရပ်မနေသင့်ဟူ၍ ဖြစ်သည်။

သို့သော် …

သူ့ဆရာကရော 

“ဆရာကလည်း စိတ်နှလုံးကြီးရင့်တဲ့သူပဲ … ဘာလို့ ပြိုကျလုတံတိုင်းအောက်မှာ ရပ်ချင်ရတာလဲ …”

ရီဖူရှင်းက ပျောက်ကွယ်သွားလုသော ပုံရိပ်ကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်သည်။

သူ့ဆရာက သူ့အား လွှတ်ပေးခဲ့သော်လည်း တစ်ဖက်တွင် သူ့ဆရာရင်ဆိုင်ရမည့် ပြဿနာများကို သူခန့်မှန်းမိသည်။

အင်ပါယာရှားဘုံမှ တန်ခိုးရှင်များသည် ပျောက်ကွယ်သွားသည့် တော်ဝင်အကြံပေး၏ ပုံရိပ်ကို ကြည့်လိုက်ကြကာ ထိုသူမှာ ရန်သူဖြစ်နေခြင်းအပေါ် အလွန်တရာ နှမြောစရာ ကောင်းသည်ဟု ခံစားနေကြရသည်။ ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း သူတို့သည် တော်ဝင်အကြံပေးကို နှလုံးသားအောက်ခြေမှပင် လေးစားမှုများ ပေါ်ပေါက်လာခဲ့ပြီး ဖြစ်သည်။

သူက တာလီတော်ဝင်အကြံပေးတဲ့လား 

***


Comment

Leave a Reply


Options

not work with dark mode
Reset