Switch Mode

အပိုင်း(၁၂၂၂)

ကြိုးစားရုန်းကန်ခြင်း

လီယောင်သည် အပေါ်မှနေ ဓားများ ရွာသွန်းလာသည်ကို မြင်သောအခါ ဆက်၍ ပြေးနေသည်။ ဓားများသည် သူ ထွက်ပြေးရာ နေရာများကို ဟိုမှ ဒီမှ ဖြတ်တောက်သည်။

ကြီးမားသည့် ဖိအားက အားလုံးပေါ် လွှမ်းခြုံနေပြီး လီယောင်သည် ပြန်လှည့်ကာ သူ့ကို လိုက်ဖမ်းနေသည့် ရီဖူရှင်းထံသို့ သူ့လက်ကို ရက်စက်စွာ ပစ်လွှတ်သည်။ သူ၏ လက်များက လက်သည်းငါးခု ရှန့်ထိုနဂါးအသွင်သို့ ပြောင်းလဲသွားပြီး ရီဖူရှင်းကို ရက်စက်စွာ တိုက်ခိုက်သည်။

လီယောင်သည် အလဟဿသေလိုသည့် ဆန္ဒမရှိပေ။ သူသည်လည်း ရှန့်ထိုတစ်ပါးပင် ဖြစ်၏။ သူ၏ စွမ်းရည်က ရီဖူရှင်းထက် နိမ့်ကျနေလျှင်ပင် သူသည် တိုက်ခိုက်ရန် လိုအပ်ပေသည်။

သို့သောလည်း သူ့မျက်နှာသည် ထိုအခိုက်၌ ကြောက်ရွံ့ခြင်းနှင့် ဒေါသတရားကြားမှ အမူအရာမျိုးကို ဖော်ပြနေပြီး ရှုံ့မဲ့နေ၏။

သူ့မျက်လုံးထဲမှ ထိုအကြည့်များကို ခန့်မှန်းရလျှင် သူသည် ရီဖူရှင်းနှင့် တိုက်ခိုက်လိုနေသည်။

ရတနာလှံသည် လျှပ်စီးအလင်းတန်း အသွင်ဖြင့် ထိုးဖောက်ထွက်လာသည်။ ဆူဆူညံညံ အော်မြည်သံများကို ကျယ်လောင်စွာ ကြားလိုက်ရပြီး လက်သည်းငါးခု ရွှေရောင်နဂါးကြီးမှာ ပေါက်ကွဲ၍ ကြေမွသွားလေသည်။ ရီဖူရှင်းသည် တိုက်ခိုက်မှုကို မရပ်တန့်ပေ။ သူသည် လေထုကို ဖြတ်ကာ ဆက်လက်၍ အလျင်အမြန် လှုပ်ရှားလိုက်ပြီး လီယောင်၏ ရှေ့၌ ပေါ်လာသည်။

လှံနှင့် ရိုက်ခတ်မိသည့် နေရာသည် အေးခဲသွားသယောင် ထင်မှတ်ရပေသည်။ လီယောင်သည် ဒေါသနှင့် အော်ဟစ်လိုက်သည်တွင် သူတို့ အနီးမှ လေဟာနယ်သည် တုန်ခါသွား၏။ သူသည် ရှေ့သို့ လှမ်းလိုက်ပြီး အလွန် တောက်ပသည့် ဝိညာဉ်ကြီးတစ်ခုက သူ့အထက်တွင် ပေါ်ပေါက်လာသည်။ ၎င်းသည် သူ၏ ကိုယ်ပိုင်စွမ်းအား တစ်ခုခု ဖြစ်ပုံမရပေ။ ထို့အစား ခမ်းနားထည်ဝါသည့် ရန်ဟောင်တစ်ပါးက သူ့ စိတ်ထဲမှ ထိုးထွက်လာခြင်း ဖြစ်ပုံရသည်။

ရီဖူရှင်းသည် အလွန် ကြီးမားသည့် အန္တရာယ်တစ်ခု ဦးတည်လာနေကြောင်း ခံစားမိသည်။

ထိုပြင်းထန်လှသည့် စွမ်းအားသည် ချက်ချင်းပင် ထွက်ပေါ်လာသည်။ သူသည် ထည်ဝါသည့် ရန်ဟောင် အရိပ်ကြီးကို ခံစားမိသည်။ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ပြင်းထန်သည့် ဒေါသမုန်တိုင်းသည် သူ့ကို ပျံသန်းဆုတ်ခွာ သွားစေသည်။ ထိုစိတ်ဝိညာဉ် စွမ်းအားသည် သူ့စိတ်အတွင်းသို့ ခဏချင်း ဝင်ရောက်လာ၏။

ထိုစွမ်းအားများသည် မယုံနိုင်လောက်အောင် ခမ်းနားပြီး ထည်ဝါလှသည်။ ၎င်းသည် ရန်ဟောင်၏ အစစ်အမှန် စွမ်းအားဖြစ်ကာ တည်ရှိနေသည့် အခြားစွမ်းအားများ အားလုံးကို သုတ်သင်ရှင်းလင်း ပစ်နိုင်သည်။

ဘုန်း…

ရီဖူရှင်းသည် သူ့ စိတ်ထဲတွင် ကြီးမား ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားမိပြီး သူ့ခန္ဓာကိုယ်ကို တဖန် ပျံသန်းဆုတ်ခွာ သွားစေကာ မြေပြင်သို့ ပစ်ကျသွားခဲ့သည်။ သူ့ပါးစပ်မှ သွေးတစ်လုတ် ထွေးထုတ်လိုက်ရကာ ဝေဝေဝါးဝါး ခံစားနေရသည်။

ရီဖူရှင်းကို ကြည့်နေသော လီယောင်၏ အမူအရာမှာ အလွန်ပင် မှောင်မိုက်နေသည်။

ထိုစွမ်းအားများသည် သူ့အသက် အန္တရာယ် ကြုံသည့်အချိန်၌ အသုံးချနိုင်ရန် သူ့အဖေက သူ့ဆီတွင် ထည့်ပေးထားခြင်း ဖြစ်သည်။ ယင်းကို ရန်ဟောင်၏ စွမ်းအားဟု ရိုးရှင်းစွာ သိကြသည်။ ထိုစွမ်းအားသည် မည်မျှ အင်အားကြီးသည်ကို သူ အနည်းငယ် ခန့်မှန်းမိသော်လည်း မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ လီယောင်သည် နောက်ထပ် ကြောက်ရွံ့မနေတော့ဘဲ မျှော်လင့်ချက် အလင်းရောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ့မျက်လုံးများသည် အန္တရာယ်ရှိသော အငွေ့အသက်များ ပြည့်နှက်နေပြီး ရက်စက်သည့် အရှိန်အဝါများက ရီဖူရှင်းထံသို့ ဦးတည်သွားနေသည်။

“သူ သေပြီလား … ”

သူ့ဖခင်၏ စွမ်းအားများက ရီဖူရှင်း၏ စွမ်းအားများကို ဖျက်ဆီးနိုင်သည်ဆိုလျှင် ရီဖူရှင်းကို နေရာတွင် ချက်ချင်း သတ်ပစ်ရန်မှာ ဖြစ်နိုင်ပေသည်။

မြေပြင်ပေါ်မှ တုပ်တုပ်တောင် မလှုပ်သည့် ရီဖူရှင်းကို ကြည့်ရင်း လီယောင်၏ မျက်နှာသည် ခက်ထန်လာကာ မျက်လုံးထဲတွင် ရက်စက်သည့် အပြုံးတို့ ခိုတွဲလာသည်၊

သူသည် သူ့ကို ခြိမ်းခြောက် နိုင်လောက်အောင် စွမ်းအား ကြီးထွားလာသည့် အောက်ဘုံ ပြည်နယ်ကိုးခုမှ ပုရွက်ဆိတ် တစ်ကောင်ဖြစ်သည့် ရီဖူရှင်းကို အမြဲ သတ်ချင်နေခဲ့သည်။

“အဲဒီတော့ သူက သေသွားပြီလား ဟမ်။ ဒီလိုပုံစံမျိုးနဲ့ သေသွားတာ ဘယ်လောက်တောင် ပြဇာတ်ဆန်လိုက်သလဲ”

ပြင်းထန်သည့် အရှိန်အဝါများသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး သူ့လက်ကို ဆန့်ထုတ်သည်။ ကြောက်မက်ဖွယ် လက်သည်းငါးခု ရွှေရောင်နဂါးကြီးသည် ရီဖူရှင်း၏ ခေါင်းထက်၌ ချက်ချင်းလိုပင် ပေါ်ပေါက်လာသည်။

ရီဖူရှင်းသည် သူ ရှိနေရာ၌ မလှုပ်မယှက် ရှိနေသော်လည်း လီယောင်သည် သူ့ကို နောက်တစ်ကြိမ် ထပ်ကာ သတ်ဖြတ်လိုသေး၏။

“သေစမ်း”

လီယောင်က ကြိမ်းဝါးလိုက်ပြီး လက်သည်းငါးခု ရွှေရောင်နဂါးကြီးက ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ တဟုန်ထိုး ကျဆင်းလာသည်။ မြေပြင်ပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားသွားပြီး ဖုန်မှုန့်များသည် နေရာအနှံ့တွင် လွင့်စဉ်နေသည်။

လီယောင်သည် ရှေ့သို့ တစ်လှမ်းတိုးကာ လျှောက်လိုက်ပြီး နောက်ဆုံး၌ အရူးသဖွယ် ပြုံးလိုက်၏။

သို့သော်လည်း ထိုအပြုံးသည် ခဏမျှသာ ကြာရှည်ခဲ့သည်။ သူတို့အနီးတွင် ဖုန်မှုန့်များ လွင့်ပျံနေရာအတွင်းမှ ထရပ်လာသည့် ပုံရိပ်ကို မြင်လိုက်ရသည့်အခါ သူ့အပြုံးများ အေးခဲသွားလေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ကျောက်စိမ်းရောင် အလင်းများ ထုတ်လွှတ်နေပြီး ၎င်းသည် အသက်စွမ်းအား၏ သရုပ်သဏ္ဌာန်ပင် ဖြစ်ကာ ထိတ်လန့်အံ့သြဖွယ် ကောင်းလောက်အောင် ထူထဲလှသည်။

သူသည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ၎င်းတို့သည် အဆုံးမဲ့ အသူတရာ ချောက်နက်ကြီး ကဲ့သို့ပင် ထင်မှတ်ရသည်။ လီယောင်၏ အပြုံးများမှာ ပျောက်ကွယ်သွားခဲ့ပြီး မေးရိုးပင် ပြုတ်ကျလောက်အောင် အံ့အားသင့်သွားခဲ့သည်။ လီယောင်သည် ရီဖူရှင်း ထရပ်လာသည်ကို မြင်လိုက်ရခြင်း ဖြစ်ပေသည်။

“သူ ဘယ်လိုလုပ် အသက် ရှင်နေသေးတာလဲ”

ရီဖူရှင်း၏ နှုတ်ခမ်းထောင့်စွန်းတွင် သွေးစသွေးနတို့ ရှိနေပြီး သူ့ကို ကြည့်ရသည်မှာ ဖြူရော်နေသည်။ ရန်ဟောင်၏ စွမ်းအားများက သူ့ကို သတ်မိလုနီးပါး ဖြစ်သွားလေသည်။ အကယ်၍ သူ့ကို ဧကရာဇ် အသိများကသာ ကာကွယ်ပေးမထားလျှင် သူ သေနေပြီး ဖြစ်လိမ့်မည်။

လီယောင်သည် အင်ပါယာလီ၏ မျိုးဆက်သွေးသား ညီအစ်ကိုများကြား၌ ကျင့်ကြံရေး၌ အားအနည်းဆုံး ဖြစ်သော်လည်း သူသည် အင်ပါယာလီက စီစဉ်ပေးထားသည့် ကာကွယ်မှုကို ရရှိထားလေသည်။

“အသုံးမကျလိုက်တာ”

ထိုစကားလုံးများသည် လီယောင်၏ ရက်စက်လှသော အကြည့်များနှင့် မျက်လုံးတို့ကို ကြည့်ရင်း ပီပီသသ ထုတ်ဖော်ပြောလိုက်ခြင်း ဖြစ်၏။ မဟာလမ်းစဉ်၏ မိုးကြိုးလျှပ်စီး အလင်းများက မှုန်ဝါးဝါး ဖြစ်ပေါ်လာသည်။ ၎င်းသည် မဟာလမ်းစဉ်၏ နတ်ဘုရား ပြစ်ဒဏ်အတွင်းမှ အလင်းပုံရိပ်ပင် ဖြစ်သည်။

သူ ရှန့်ထိုဖြစ်လာသည့် အခါတွင် သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ၏ ခံနိုင်ရည်စွမ်းအားက ရှန့်ထို ခန္ဓာအစစ်အမှန် ဖြစ်လာစေရန် လုပ်ဆောင်ပေးခဲ့သည်။ အဆင့်တူချင်းမှ ရှန့်ထိုစွမ်းအား တိုက်ခိုက်မှုသည် သူ့ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နိုင်ရန်မှာ ခက်ခဲလှပေသည်။

“အသုံးမကျလိုက်တာ”

ရီဖူရှင်းက သူ့ကို ပြောလိုက်သည့် ထေ့ငေါ့စကားကို ကြားလိုက်ရသည့်အခါ သူ၏ ခံစားချက်များ အေးစက်သွားတော့သည်။ သူသည် တာလီ၏ မင်းသားတစ်ပါး ဖြစ်သော်လည်း ရီဖူရှင်းက သူ့ကို ‘အသုံးမကျလိုက်တာ’ဟု ပြောနေလေသည်။

“မသုံးမကျဘူး ဟုတ်လား … ”

“မှန်တယ်”

ရီဖူရှင်း ယခု သူ့ကို ကြည့်နေသည့်ပုံမှာ သူက ရီဖူရှင်းအား ရိုက်မချမီက ကြည့်သည့်ပုံနှင့် တူနေပေသည်။

ဘုန်း … ကပ်ဆိုးအလင်းသည် လီယောင်၏ ခန္ဓာကိုယ်ကို မဟာလမ်းစဉ်၏ အန္တရာယ်များသော မိုးကြိုးလျှပ်စီးကဲ့သို့ ပစ်ခတ်သည်။ သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်မှု ကင်းမဲ့သွားပြီး သူ၏ ဝိညာဉ်သည်လည်း တုန်ခါသွားခဲ့သည်။

သို့သော်လည်း သူ ထွက်မပေးခဲ့ပေ။ သူ ထွက်ပြေးလိုလျှင်ပင် ထိုလူ၏ လက်ထဲမှ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူသည် အမှန်တကယ်ကို အသုံးမကျခြင်း ဖြစ်တော့သည်။

သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သေရန်စောင့်နေခြင်းသာ ဖြစ်တော့သည်။

အဝေးတစ်နေရာမှ အော်ဟစ်လိုက်သံ ထွက်ပေါ်လာပြီး ရီဖူရှင်းသည် သူ့ခေါင်းကို လှည့်ကာ ထိုနေရာသို့ ကြည့်သည်။ ရန်ယွင်သည် မဟာလမ်းစဉ်၏ အစီအရင် မန္တန်ကို အသက်သွင်းထားပြီး သူ့တစ်ကိုယ်လုံး တွင်တော့ သွေးတို့ဖြင့် ရွှဲနစ်နေသည်။ ရာရာနှင့် ကျိယွင် တို့သည် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပြီး အစကတည်းက ဒဏ်ရာများပြားစွာ ရရှိထားသည့် ရန်ယွင်အတွက် သူတို့၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန် ဖြစ်နိုင်စရာအကြောင်း မရှိချေ။ ရာရာသည် တစ်ချိန်က ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့် ဖြစ်ခဲ့သည်။

ထိုအခိုက်တွင် ရန်ယွင်သည် မှုန်မှိုင်းနေသော မျက်လုံးများဖြင့် ရီဖူရှင်းကို လှည့်ကြည့်သည်။

ရီဖူရှင်း၏ အနီးတွင် ဓားစွမ်းအားများက လှည့်ပတ်နေပြီး ကျားယဲ့ဓားက လီယောင်၏ ခန္ဓာကိုယ်ကို ခဏချင်းပင် ထိုးဖောက်ဝင်ရောက် သွားသည်။ ဓားစွမ်းအားများက သူ့ကို အငြိုးတကြီး ထိုးဖောက်သွားကာ သွေးတွေ ပန်းထွက်လာသည်။ သူ့ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်နေပြီး ရပ်နေရန်ပင် ခဲယဉ်းလာသည်။

သို့သော်လည်း သူ မသေဆုံးသေးပေ။

သူသည် ရီဖူရှင်းကို မော့ကြည့်ကာ ပြောသည်။

“ငါ့ကို မြန်မြန် သတ်လိုက်တော့”

သူက ရီဖူရှင်း သူ့ကို နှိပ်စက်ကာ အသက်ရှင်နေစဉ်၌ သူ့အတွက် စိတ်မချမ်းမြေ့ဖွယ် အရာများ ပြုလုပ်လိမ့်မည်ဟု တွေးထင်နေသည်။

ဘုန်း…

လက်တစ်ဖက်သည် ကျဆင်းလာပြီး လီယောင်ကို မ တင်သည်။ ရီဖူရှင်း၏ မျက်လုံးများသည် နီရဲနေပြီး သူသည် ရီဖူရှင်းထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြင်းထန်နေသည်ကို ခံစားနိုင်သည်။

“ကျုပ်လည်း မင်းကို မြန်မြန် သတ်ချင်တာပေါ့”

ရီဖူရှင်း၏ အသံသည် စကားပြောရန်ပင် ခက်လဲနေသလို အက်ရှနေသည်။

လီယောင်သည် နတ္ထိဘုံတိုက်ပွဲတွင် ရီဖူရှင်း၏ ဇနီးကို သတ်ဖြတ်ခဲ့ပြီး ရီဖူရှင်း၏ မိတ်ဆွေတို့ကိုလည်း သတ်မိလုနီးပါး ဖြစ်ခဲ့သည်။ ရီဖူရှင်းက လီယောင်က မမုန်းသည်မှာ မဖြစ်နိုင်ပေ။

သူသည် လီယောင်၏ နှလုံးသားကို ဓားနှင့် အချက်ပေါင်းများစွာ ထိုးစိုက်ချင်သည်ကလွဲလျှင် တခြား မည်သည့်အရာကိုမှ မြင်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း သူသည် ရန်ယွင်၏ အခိုင်အမာ ဆုံးဖြတ်ထားသော မျက်ဝန်းများနှင့် ပြန်လည်မွေးဖွားခြင်း အဆင့်ရှစ်ဦးတို့၏ တိုက်ပွဲကို မြင်လျှင် သတ်ဖြတ်ခြင်း အငွေ့အသက်များကို ပြန်လည် ထိန်းသိမ်းသည်။

အကယ်၍ လီယောင် သေသွားခဲ့လျှင် တာလီပြည်ထောင်နှင့် အင်ပါယာရှားဘုံကြားမှ စစ်ပွဲသည် မလွဲမသွေ ဖြစ်ပွားလာနိုင်သည်။

ထို့နောက် ရီဖူရှင်းသည် သူ့ကိုယ်သူ မေးသည်။ သူသည် တော်ဝင်ဘုံနှစ်ခုကြားမှ စစ်ပွဲကို စတင် ဖြစ်ပွားလာသောအခါ ထိုအကျိုးဆက်အတွက် ပခုံးတင်ကာ တာဝန်အပြည့် ယူနိုင်မည်လော။

သူ့မှာ ထိုကဲ့သို့ လုပ်ပိုင်ခွင့် ရှိသလားဟု သူ့ကိုယ်သူ မေးခွန်းထုတ် ခဲ့ပြန်သည်။

ဤသည်မှာ သူ တွေဝေကာ စိတ်ရှုပ်ထွေးနေရသည့် အကြောင်းရင်းပင် ဖြစ်တော့၏။

ဘုန်း… လက်တစ်ဖက်က လီယောင်၏ ခန္ဓာကိုယ်ကို မ လိုက်ပြီး ရီဖူရှင်းသည် အခြားလူများ၏ တိုက်ပွဲသို့ ဦးတည်သည်။

လုချွန်သည် ရီဖူရှင်းက လီယောင်ကို ဖမ်းခေါ်သွားသည်ကို မြင်လျှင် သူ့နောက်မှ လိုက်သွားသည်။ သူတို့အနားမှ တိုက်ခိုက်နေကြသည့် သူများမှာ ရပ်တန့်သွားကြသည်။

ထိုနေရာသည် တဖန် တိတ်ဆိတ်ငြိမ်သက် သွားခဲ့သည်။

ရီဖူရှင်းသည် ရန်ယွင်ရှိနေသည့် တိုက်ပွဲသို့ ဦးတည်သွားလိုက် ပြီးနောက် ခေါ်သည်။

“ရာရာ”

ရာရာနှင့် အခြားလူများမှာ သူ့အသံကို ကြားလျှင် လှည့်ကြည့်လာကြသည်။ ဓားများသည် ပျောက်ကွယ်သွားပြီး သူမသည် ရီဖူရှင်း၏ ဘေးသို့ ရောက်လာသည်။ ကျိယွင်သည်လည်း တိုက်ခိုက်နေရာမှ ရပ်တန့်သည်။

ရန်ယွင်က ရီဖူရှင်းကို ကြည့်သည်။ သူ့ တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေလျှင်ပင် သူသည် ကြံ့ကြံ့ခံ၍ မားမားမတ်မတ် ရပ်နေပြီး ဝံ့ကြွားစွာ ရှိနေဆဲပင် ဖြစ်သည်။ အပြုံးတစ်ပွင့်က သူ့မျက်နှာထက်တွင် ပေါ်လာသော်လည်း ဝမ်းနည်းခြင်းတို့ စွက်နေသည်။

“မင်းကို ငါတို့ ရှုံးသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး”

ရန်ယွင်က ပြောသည်။ သူ့အမူအရာမှာ အလွန်ပင် ရှုပ်ထွေးနေပြီး မဖော်ပြနိုင်သည့် ခံစားချက်တို့ဖြင့် ပြည့်နှက်နေသည်။

သူတို့သည် ဆန့်ကျင်ဘက်၌ ရပ်တည်နေကြရ သော်လည်း သူသည် ရီဖူရှင်းအပေါ်၌ အမျက်ဒေါသများ မရှိပေ။

သူသည် ရီဖူရှင်းအား လေးစားလျက်ပင် ရှိနေဆဲ ဖြစ်၏။

ထိုနေ့က သူတို့ ပြည်နယ်ကိုးခုတွင် ခွဲခွာခဲ့သည့်အချိန်က ပြောခဲ့သော စကားများသည် အမှန်ဖြစ်လာခဲ့သည်။

ရန်ယွင်သည် သူ ဤတိုက်ပွဲအတွက် ပြင်ဆင်ထား ခဲ့သော်လည်း ရီဖူရှင်းက လီယောင်ကို ခေါ်သွားနိုင်သေးသည်။

“ဒီမှာ အနိုင်ရသူရော ရှုံးတဲ့သူပါ မရှိပါဘူး”

ရီဖူရှင်းက သက်ပြင်းချရင်း ဆက်ပြောသည်။

“ချန်ယဲ့မြို့ကို ပြန်ရအောင်”

ရာရာသည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲတွင် ဓားတစ်လက် ပေါ်ထွက်လာသည်။ သူတို့က ဓားပေါ်သို့ တက်လိုက်ကြပြီး ဓားသည် အလွန်လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

လုချွန်သည် ရန်ယွင်၏ ဘေးသို့ လျှောက်လာပြီး ရန်ယွင်သည် ခပ်တိုးတိုး ရေရွတ်၏။

“ငါတို့ ဆရာက သူ့ကို ဒီလောက်ထိ သဘောကျတာ အံ့သြစရာ မရှိတော့ပါဘူး”

“သူ မင်းသားကို သတ်မှာမဟုတ်ဘူး အစ်ကို”

လုချွန်က ပြောသည်။ ရန်ယွင်က သူ့ကို လှည့်ကြည့်သောအခါ ဆက် ပြော၏။

“သူက ဒီကို သူ့ဇနီးအတွက် လက်စားချေဖို့ လာခဲ့တာ။ သူသာ မင်းသားကို သတ်ချင်ရင် သူ လုပ်ပြီးနေလောက်ပြီပေါ့”

ရန်ယွင်သည် ရီဖူရှင်း ပျောက်ကွယ်သွားသည့် ဘက်သို့ ကြည့်ကာ ပြောသည်။

“သွားကြရအောင်”

ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်း၏။

လုချွန်သည် ရန်ယွင်၏ ဘေး၌ ရပ်ကာ သူ၏ အကြီးဆုံး အစ်ကိုကို ကြည့်ရင်း သက်ပြင်း တစ်ချက်ကို လေးလံစွာ ချလိုက်တော့သည်။

လီယောင်သည် သူ့အစ်ကိုကြီး၏ လက်ထဲ၌ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

လီယောင်သာ ရီဖူရှင်း၏ လက်ချက်နှင့် သေသွားခဲ့လျှင် အရင်ဆုံး အပြစ်ကျလာမည်မှာ ရန်ယွင်၏ ပခုံးပေါ်သို့ ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်တွင် လုချွန် တွေးမိသည်မှာ သူ့အစ်ကိုကြီးထက် သူတို့၏ ဆရာက ပို၍တာဝန်ရှိနေခြင်း ဖြစ်သည်။

***

ချန်ယဲ့မြို့တွင် တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး နေရာအနှံ့တွင် အရှုပ်အထွေးများ ဖြစ်နေသည်။ တန်ခိုးရှင်များသည် အချင်းချင်း နီးကပ်စွာ တိုက်ခိုက်နေကြသည်။

လီဟန်ဓားသမားသည် ကောင်းခေါင်ကို ဦးဆုံး ဒဏ်ရာရစေ ခဲ့သော်လည်း ကောင်းခေါင်၏ သားရိုင်း စွမ်းအားများသည် အလွန်ပင် သန်မာလှသည်။ သူသည် ခုခံအား အလွန်ကောင်းလှပြီး ပြန်ဆုတ်ခွာရန် တွေဝေနေဆဲပင် ဖြစ်သည်။ သူသည် တာလီ တော်ဝင်အကြံပေးနှင့် မှော်ဆရာတို့ တိုက်ခိုက်နေသည့် တိုက်ပွဲနေရာသို့ သွားခဲ့သည်။

မင်းသားကြီးသည်လည်း လုယွီနှင့် တိုက်ခိုက်နေရင်း သူတို့၏ တိုက်ပွဲကို ချန်ယဲ့မြို့ အလယ်ဗဟိုသို့ ရောက်ရန် တွန်း၍ တိုက်ခိုက်လာသည်။

ပြန်လည်မွေးဖွားခြင်း အဆင့်မှ ပုဂ္ဂိုလ်ခြောက်ဦးသည် ကမ္ဘာမြေကြီး ကွဲအက်မတတ် တိုက်ပွဲကို လေထဲတွင် ဆင်နွှဲနေကြသည်။ ချန်ယဲ့မြို့ကို ဖြတ်လာသည့် လူအများသည် သူတို့၏ နှလုံးသားများက ခုန်ပေါက်နေပြီး တိုက်ပွဲများကို မော့ကြည့်နေကြသည်။

များပြားလှသည့် ရှန့်ထိုများမှာ ထိုတိုက်ပွဲ၌ သေကြေပျက်စီး ခဲ့ရသည်။

တော်ဝင်အကြံပေးသည် ရာရာ ပြန်လာသည့်အခါတွင် ဆက်လက် တိုက်ခိုက်လိုခြင်း မရှိတော့ပေ။ ရှေးဟောင်း ဓားလမ်းစဉ်၏ ဓားများသည် ရိုက်ခတ်မှု တစ်ခုနှင့် ပွင့်ဟလာပြီး အဝေးမှ ဦးတည်လာနေသည်။ သူသည် လီမြို့သို့ သွားခဲ့သည်မှာ သေချာပေသည်။ တော်ဝင်အကြံပေးသည် ရန်ယွင်က သူမ၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်စွမ်းရှိပြီး လွတ်မြောက်နိုင်မလား သူ မသိရှိပေ။

“လီယောင်ကို ခေါ်လာခဲ့ပြီ၊ တိုက်ခိုက်နေတာတွေ အခုချက်ချင်း ရပ်လိုက်”

အသံတစ်ခုက ထွက်ပေါ်လာသည်။ တိုက်ခိုက်နေကြသည့် တန်ခိုးရှင်များသည် အရင်ဆုံး ကြက်သေသေသွားပြီး ပြောလိုက်သူကို လှည့်ကြည့်သည်။ ၎င်းသည် မိစ္ဆာသားရဲမှ လွဲ၍ အခြားမဟုတ်ပေ။

“ကျုပ် သခင်က လီယောင်ကို ခေါ်ပြီး ပြန်လာနေပြီ”

သိန်းငှက်နက်သည် ဆက်၍ ပြောသည်။ တော်ဝင်အကြံပေးသည် အော်ဟစ်လိုက်ပြီး တိုက်ပွဲမှ ဖောက်ထွက်သည်။ မရေတွက်နိုင်သည့် စစ်သည်တို့မှာ သူတို့၏ ဦးနှောက်များက ပြင်းထန်စွာ လှိုင်းထန်သွားကြသည်။

တန်ခိုးရှင်များသည် ကျယ်ပြောသည့် တိုက်ပွဲကွင်းပြင်တွင် အများအပြားရှိနေပြီး သူတို့သည် မတတ်သာစွာနှင့် နောက်သို့ ဆုတ်ခွာလိုက်ကြသည်။ ထိုအော်သံသည် သူတို့ကို တိုက်ခိုက်နေမှုမှ ရပ်စဲစေခဲ့သည်။

တော်ဝင်အကြံပေးသည် တိုက်ပွဲကွင်းပြင်ကို အကဲခတ်သည်။ သူသည် ဤတိုက်ပွဲကို မမြင်ချင်ခဲ့သော်လည်း ရွေးချယ်စရာ မရှိပေ။

“ဒါဆို ရီဖူရှင်းက လီယောင်ကို ခေါ်သွားတယ်ပေါ့ ဟုတ်လား”

“ရန်ယွင်က အဲဒီမှာ သူ့ကို စောင့်ရှောက်ဖို့ နေခဲ့ရတယ်။ အခု သူ ဘယ်လိုလုပ်မလဲ သိချင်မိတယ်”

***

Comment

Leave a Reply

Options

not work with dark mode
Reset