Chapter 23

မကျေနပ်ရင် ချလေ

ပေကျင်းမြို့တော်မှ ဟမ်တန်း စတူဒီယိုသည် သရုပ်ဆောင် ဖြစ်ချင်သော လူများစွာအတွက် နိဗ္ဗာန်ဘုံ ဖြစ်ပြီး လူများစွာတို့၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာသည့် နေရာလည်း ဖြစ်ပေသည်။
Minivan ကားလေးသည် ဖြည်းဖြည်းချင်း မောင်းလာပြီးနောက် လူအုပ်ကြီးကို ကျော်ဖြတ်၍ ဟမ်တန်း စတူဒီယိုသို့ မောင်းဝင်လာ၏။
လမ်းတစ်လျှောက်တွင် ကားဝင်မည့် လမ်း ပေါ်လာရန်အတွက် လူအုပ်ကြီးကို လူစုကွဲအောင် လုပ်နေသည့် လူများလည်း ရှိသည်။
ဤနေရာသို့ နာမည်ကျော်ကြားသော အနုပညာရှင်များ တစ်ချိန်လုံး ဝင်ထွက်လျက် ရှိသည်။ ဤကားလေး ဝင်လာခြင်းက လူအုပ်၏ အာရုံကို မဆွဲဆောင်ပေ။
“ဟဲဟဲ … အားလုံးပဲ မင်းသမီးလေးရှောင်ကို ကြိုဆိုလိုက်ရအောင်”
ဒါရိုက်တာလီက စတူဒီယိုထဲ၌ စောင့်နေတာ ကြာပြီဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်များက ရှောင်ဖေးဖေးကို ကြိုဆိုရာတွင် လေးစားမှုပြသည့်အနေဖြင့် တန်းစီ၍ စောင့်နေကြသည်။ ဤသည်မှာ အေအဆင့် စူပါစတား၏ ဂုဏ်ဒြပ်ပင်။
“နင် ဘယ်လိုထင်လဲ၊ မိန်းမလှလေးတွေ များတယ်မလား၊ အခု အာရုံမပျက်စေနဲ့နော်”
အစ်မလင်းက ရဲ့လင်းချန်ကို စနောက်လေသည်။ ထို့နောက် သူမက ကြင်နာစွာ လက်ညှိုးညွှန်၍ မည်သူက မည်သူဖြစ်ကြောင်း ရဲ့လင်းချန်ကို မိတ်ဆက်ပေးသည်။
“တောင်ဘက်ခြမ်းက မြို့တော် ရုပ်ရှင်အကယ်ဒမီက မိန်းကလေးတွေ၊ တောင်ဘက်ကတော့ ကျင်းလင် ရုပ်ရှင် အကယ်ဒမီက၊ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက မိန်းကလေးတွေကလည်း မီဒီယာ ကောလိပ်တွေကပဲ”
ရှောင်ဖေးဖေးက ဘေးမှနေ၍ ပျော်ရွှင်စွာ လိုက်လာသည်။ သူမက ကိုယ့်ရင်ဘတ်ကိုယ်ပုတ်ကာ ပြောလိုက်သည်။
“နင် သူတို့ထဲက တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင် ငါ့ကိုပြော၊ ငါ နင့်အတွက် အောင်သွယ်ပေးမယ်”
ရဲ့လင်းချန်က ခေါင်းခါ၍သာ ပြန်ဖြေလိုက်သည်။ ဤနေရာသည် နာမည်ကျော်ကြားခြင်းနှင့် ထိုက်တန်ပေသည်။ ဟမ်တန်း စတူဒီယိုသည် နာမည်နှင့် လိုက်ဖက်ညီစွာပြင် ဖန်သားပြင်ပေါ်မှ မိန်းမလှလေးများ မွေးဖွားရာ နေရာ ဖြစ်သည်။
အပြင်လောက၌ မြင်တွေ့ရန် ခဲယဉ်းလွန်းသည့် မိန်းမလှလေးများကို ဤနေရာ၌ တွေ့နိုင်သည်။ မြင့်မြတ်သော၊ ချစ်စရာကောင်းသော၊ မာနကြီးသော၊ ဖြူစင်သော အစရှိသည့် ကိုယ်ပိုင် တမူထူးခြားမှုများ ရှိသည့် မိန်းကလေးများစွာ ရှိလေသည်။
“ညီလေးရဲ့”
ထိုအချိန်မှာပင် ဒါရိုက်တာလီ ရောက်လာပြီး ဖုန်းထုတ်၍ ပြောလာ၏။
“ညီလေးရဲ့က စူပါစတား ဖြစ်လာဖို့ တကယ် အလားအလာ ရှိတာပဲ၊ ရိုးရိုး ဗွီဒီယိုလေးနဲ့တောင် နာမည်ကြီးနေပြီ”
ရှောင်ဖေးဖေး ရှေ့တိုး၍ ကြည့်လိုက်သည်။ ဗွီဒီယိုထဲ၌ ပါဝင်သည့် အကြောင်းအရာမှာ မနေ့ညက ရိုက်စားလုပ်သူ၏ အဖြစ်အပျက်အကြောင်း ဖြစ်လေသည်။ အဘိုးအိုက မြေကြီးပေါ် လှဲနေသည့်အချိန်မှစ၍ ရဲ့လင်းချန် သူ့ဖုန်းကိုလု၍ ပြေးသည်အထိ ပါလေသည်။ တစ်မိနစ်စာ ဗွီဒီယို အတိုလေး ဖြစ်သော်လည်း အကြီးအကျယ် ပွက်လောရိုက်စေပြီး ညတွင်းချင်း ရေပန်းစားသွားစေသည်။
တစ်တော့ပ်၌ ကြိုက်နှစ်သက်သူ အရေအတွက်က တစ်သန်းတောင် ကျော်သွားလေသည်။ ဤအဖြစ်အပျက်က ဝေ့ပေါ်၏ ရေပန်းစားနေသော ခေါင်းစဉ်ထဲတွင်လည်း ရောက်နေ၏။
[ရိုက်စားတွေကို သတ်ချတဲ့လူကို ရှာတွေ့ပြီ မစ္စတာဓားပြကြီး]
[ဒီအစ်ကိုက မိုက်လိုက်တာ၊ မာမီ သမီး ရိုက်စားတွေနဲ့ ထပ်တိုးမှာကို စိုးရိမ်စရာ မလိုတော့ဘူး]
[ငါ ရှင်းရှင်းပဲ ပြောမယ်၊ ဒါ ပရိုပဲ]
[မစ္စတာ ဓားပြကြီးက မြေအောက်လောကရဲ့ အရှင်သခင်ပဲ၊ အပိုစကားတွေ မပြောဘဲ ရက်စက်တယ်]
….
မရေတွက်နိုင်သော မှတ်ချက်များ အားလုံးသည် ချီးမွမ်းသော မှတ်ချက်များသာ ဖြစ်သည်။ ထို့အပြင် လူတော်တော်များက ရဲ့လင်းချန်အား မစ္စတာ ဓားပြကြီးကို နာမည် စပေးလာသည်။
ယခုတလော ရိုက်စားလုပ်သည့် မတော်တဆမှုများက အထိန်းအချုပ်မဲ့စွာ ဖြစ်လာနေပြီး လူ့အဖွဲ့အစည်း၏ ကင်ဆာအဖြစ်သို့ပင် ရောက်ရှိလာသည်။ ရဲ့လင်းချန်၏ ဗွီဒီယိုက လူ့အဖွဲ့အစည်း တစ်ခုလုံးထံမှ ပြင်းထန်သော တုံ့ပြန်မှုမျိုး ထွက်ပေါ်လာစေသည်။ ၎င်းက ဗန်းပြရိုက်စားလုပ်သည့် လောကအား အကြီးအကျယ် ထိခိုက်သွားစေပြီး မရေတွက်နိုင်သော လူများထံမှ အားပေး ထောက်ခံမှုများ ရလာလေသည်။
“ဟဲလို ပရိသတ်တစ်သန်းရှိတဲ့ မစ္စတာ ဓားပြကြီးရေ၊ ကျွန်မ ရှင့်ရဲ့ လက်မှတ်လေးများ ရနိုင်မလား”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ပြုံး၍ ကြည့်နေသည်။
“ကြီးမြတ်လှတဲ့ မင်းသမီးလေးရှောင် ကျွန်တော့်ကို ထပ်ပြီး မစပါနဲ့တော့ဗျာ”
ရဲ့လင်းချန်က မချိတင်ကဲပြုံး၍ ခေါင်းခါလိုက်သည်။ မနေ့က သူ့မျက်နှာကို ဖုံးထားခဲ့၍ တော်သေးသည်။ မည်သူမှ သူ့ကို မသိနိုင်ပါ။ သို့မဟုတ်ပါက ဒုက္ခရောက်သွားနိုင်သည်။
ရဲ့လင်းချန်က ထိုအကြောင်းကို စိတ်မဝင်စားမှန်း ရှောင်ဖေးဖေး သိလိုက်သောကြောင့် စကားလမ်းကြောင်းလွှဲကာ ခပ်မြန်မြန် နှုတ်ဆက်၍ စတူဒီယိုထဲသို့ ရိုက်ကူးရေးအတွက် ဝင်သွားလေသည်။
သူမ သရုပ်ဆောင်ရသည့် ဇာတ်ကောင်မှာ ဒဏ္ဍာရီလာ အမျိုးသမီး သူရဲကောင်းဇာတ်လမ်းတွဲ၏ ဇာတ်လိုက် မင်းသမီး ဖြစ်သည်။ ဇာတ်လမ်း၏ အစောပိုင်း ဇာတ်ကွက်များအတွက် သူမက အဖြူရောင် သိုင်းသမား ဝတ်စုံကို ဝတ်ထားပြီး လက်တစ်ဖက်၌ ဓားကိုကိုင်၍ လောကထဲတွင် ပထမဆုံး စွန့်စားခန်းထွက်သည့် အပိုင်းကို ရိုက်ကူး ထားသည်။
သူမသည် ဇာတ်ကောင်၏ သူရဲကောင်း စိတ်ဓာတ်နှင့် ပြိုင်ဘက်ကင်းသော မိန်းမလှလေးအဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်သည်။ သူမက အေအဆင့် စူပါစတား ဖြစ်နေသည်က မဆန်းပေ။ သူမ မည်သည့် ဇာတ်ရုပ်ကိုမဆို သရုပ်ဆောင်နိုင်၏။ သူမ၏ သရုပ်ဆောင်စွမ်းရည်က ပထမတန်းစားပင်။
အချိန်တစ်ချို့မျှ လေ့လာပြီးနောက် ရဲ့လင်းချန် ပျင်းလာသည်။ သူသည် စားပွဲပေါ်မှ သရုပ်ဆောင်တစ်ယောက် ပြင်ဆင်ထားသင့်သော အရာများ ဟူသည့် စာအုပ်ကို ယူ၍ ဖတ်လိုက်သည်။
[သရုပ်ဆောင်တစ်ယောက် ပြင်ဆင်ထားသင့်သော အရာများအား ကိုယ်တိုင်လေ့လာခြင်း၊ သရုပ်ဆောင်စွမ်းရည် တစ်မှတ်]
[သရုပ်ဆောင်တစ်ယောက် ပြင်ဆင်ထားသင့်သော အရာများအား ကိုယ်တိုင်လေ့လာခြင်း၊ သရုပ်ဆောင်စွမ်းရည် တစ်မှတ်]
[သရုပ်ဆောင်တစ်ယောက် ပြင်ဆင်ထားသင့်သော အရာများအား ကိုယ်တိုင်လေ့လာခြင်း၊ သရုပ်ဆောင်စွမ်းရည် တစ်မှတ်]

ရဲ့လင်းချန်သည် သူ့စိတ်ထဲတွင် စာတိုများ ပေါ်လာတတ်ခြင်းအား ကျင့်သားရနေပြီ ဖြစ်သည်။
“ဘာလို့ ငါတို့ လူတစ်ယောက် လိုနေတာလဲ”
မလှမ်းမကမ်းမှ စိုးရိမ်ဗျာများနေသော အသံတစ်သံ ပျံ့လွင့်လာ၏။
“မင်းတို့တွေ ကိုယ့်အလုပ်ကိုယ် လုပ်ကြရဲ့လား၊ ဘာလို့ အရေးကြီးတဲ့ အခြေအနေမျိုးမှာမှ လူလိုနေရတာလဲ”
“အဲ့မှာတင် ရပ်မနေနဲ့လေ၊ မြန်မြန် လူလိုက်ရှာကြ၊ ငါတို့ ဇာတ်လမ်းကို ဆက်ရိုက်ရဦးမယ်”
ရိုက်ကွင်းက မသိမသာ ပျာယာခတ်လာ၏။ လူတစ်ချို့ ပေါ်လာပြီး ဘယ်ညာ လိုက်ကြည့်ကြသည်။ ထိုစဉ် ထိုသူများထဲမှ တစ်ယောက်က ရဲ့လင်းချန်ကို မြင်သွားပြီး မျက်လုံး အရောင်လက်သွားကာ သူ့ထံသို့ ခပ်သွက်သွက် လျှောက်လာသည်။
“မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ငါတို့ ဇာတ်လမ်းကို စရိုက်တော့မှာ၊ ငါတို့ မင်းကို စောင့်နေတာ”
ထိုသူက ရဲ့လင်းချန်ကို ဘာမှရှင်းပြခွင့်မပေးဘဲ ဆွဲခေါ်သွားသည်။
“ကျွန်တော် မဟုတ် …”
“ငါ မင်းကို ဇာတ်လမ်းရိုက်ဖို့အတွက် ဝင်ခွင့်ပေးထားတာ၊ မဟုတ်လို့ကတော့ မင်းလိုလူမျိုးကို ကန်ထုတ်လိုက်တာ ကြာပြီ”
ထိုသူက ပြောပြီး ရဲ့လင်းချန်ကို တစ်ချက် ကြည့်လာသည်။ ရဲ့လင်းချန် သူ့အဝတ်အစားကို ပြန်ကြည့်မိသည်။ အဝတ်အစားက ရိုးစင်းလွန်းလှသည်။
ရိုက်ကွင်း၌ ရှိနေသူများသည် ဈေးကြီးသော အဝတ်အစားများ၊ ခေတ်ဆန်သော အဝတ်အစားများ ဝတ်ထားကြပြီး ထိုသို့ မဝတ်ထားလျင် ဝတ်စုံများကို ဝတ်ထားကြသူများသာ ဖြစ်လေသည်။ သူ့အား အပြင်လူနှင့် အထင်မှားသည်က မဆန်းတော့ချေ။ ရှောင်ဖေးဖေးအပေါ် ဒုက္ခမရောက်စေချင်၍ ရဲ့လင်းချန် ငြိမ်၍ လိုက်လုပ်ပေး လိုက်ရသည်။
“သူ ဒီရောက်ပြီ၊ သူ ရောက်ပြီ”
ထိုသူက ရဲ့လင်းချန်ကို ဆွဲခေါ်လာရင်း အော်ပြောလိုက်သည်။
“သူ့ကို မြန်မြန် အဝတ်လဲခိုင်းလိုက်”
အခြားလူတစ်ယောက်က လေသံမာမာဖြင့် အော်လာသည်။ ရဲ့လင်းချန်သည် အခြားသူတစ်ယောက် အဝတ်လဲ နေသည့် တဲထဲသို့ တွန်းပို့ခံလိုက်ရသည်။ သူတို့သည် အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး မိစ္ဆာမျက်နှာဖုံးများ တပ်နေကြသည်။
“မင်းအပိုင်းက မိစ္ဆာမျက်နှာဖုံး လုပ်ကြံရေးသမားနော်၊ မင်း ရိုက်ကွင်းထဲ ဝင်လိုက်ပြီးရင် နည်းနည်းပါးပါး အကန်ခံရပြီးတာနဲ့ သေသွားရမှာ နားလည်လား”
ထိုလူက ညွှန်ကြားနေသည်။
“မှတ်ထားနော်၊ မင်း ပြန်တိုက်လို့ မရသလို ဘယ်သရုပ်ဆောင်ကိုမှ ထိခိုက်အောင် လုပ်လို့မရဘူး”
ရဲ့လင်းချန်သည် အဝတ်အစားကို ယူကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်မိသွားသည်။ အဝတ်တွင် ချွေးများ ရွှဲနစ်နေ၏။ လူဘယ်နှစ်ယောက် ဝတ်ထားပြီးသလဲ မသိနိုင်ပါ။
“ကိုယ့်လူ ဝတ်မှာဖြင့်ဝတ်လိုက်၊ အပိုဇာတ်ကောင်တွေမှာ ရွေးချယ်ခွင့် မရှိဘူး”
တစ်စုံတစ်ယောက်က ဝင်ပြောလာ၏။
“ဟုတ်တယ် မျက်လုံးမှိတ်ပြီး ဝတ်သာဝတ်လိုက်၊ ဒါပြီးရင် ယွမ်နှစ်ရာ ရမှာ”
အခြားလူက ထပ်ပြောလေသည်။ ရဲ့လင်းချန် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ယင်းအဝတ်အစားကိုသာ ဝတ်လိုက်ရသည်။ ထို့နောက် အခြားလူနှစ်ယောက်နှင့်အတူ တဲထဲမှ ထွက်လာလေသည်။
တဲအပြင်ဘက်သည် ကျယ်ပြောသော ကွင်းပြင်တစ်ခု ဖြစ်ပြီး ဖုန်တထောင်းထောင်းထနေ၏။ ဤသို့သော မြင်ကွင်းမျိုး ရိုက်၍ သီးသန့် ပြင်ဆင်ထားခြင်း ဖြစ်သည်။
ရဲ့လင်းချန်ကဲ့သို့ ဝတ်ဆင်ထားသည့် အခြားအပိုဇာတ်ကောင်များ စုဝေးလာပြီး ရိုက်ကွင်းထဲသို့ ပြေးဝင်ရမည့် အချိန်ကို စောင့်နေကြသည်။
ကွင်းပြင်အလယ်၌ ရွှေရောင် သံချပ်ကာ ဝတ်ထားသည့် လူငယ်တစ်ယောက် ရပ်နေသည်။ သူ့မျက်နှာက မာနကြီးဟန် ပေါ်နေပြီး ဆိုးယုတ်သော အပြုံးမျိုး ပြုံးနေသလို ရဲ့လင်းချန်နှင့် အခြားသူများအား အထင်သေးသလို ကြည့်နေသည်။
“အသင့်ပြင်”
ဘေးဘက်မှ အခြားတစ်ယောက်က အချက်ပေးလာသည်။
“အက်ရှင်”
“ချ”
မိစ္ဆာမျက်နှာဖုံး လုပ်ကြံရေးအဖွဲ့က ညာသံပေး၍ ကွင်းပြင် အလယ်၌ ရပ်နေသော လူငယ်လေးထံသို့ ပြေးဝင် သွားသည်။
ထိုလူငယ်လေးက လက်ဟန်ပြ၍ ညာသံပေးကာ လူအုပ်ထံ ပြေးဝင်လာသည်။ သူ၏ခန္ဓာကိုယ်က ဘယ်ညာယိမ်း နေပြီး လေထဲ၌ ခုန်လွှားနေသည်။ သူ၏ ကန်ချက်များနှင့် ထိုးချက်များက ဟန်ရေးပြမှုများသာ ဖြစ်သော်လည်း အထင်ကြီးစရာ ကောင်းလှသည်။ ဘေးပတ်လည်မှ အသက်ဝင်လှသည့် လူများ၏ အားဖြည့်မှုများကို ပေါင်းလိုက်သောအခါ မြင်ကွင်းက ကြည့်ရှုသင့်သော ရိုက်ကွင်းပုံစံ ဖြစ်လာ၏။
ရဲ့လင်းချန်က ထိုလူငယ်ဘေးသို့ ရောက်လာသောအခါ ထိုလူငယ်က ခြေထောက်ဖြင့် ကန်လာသဖြင့် ရဲ့လင်းချန်၏ ရင်ဘတ်ကို ထိကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။
*ဒီကန်ချက်က တကယ်ကန်တာပဲ*
ရဲ့လင်းချန် သူ့ရင်ဘတ်သူ ပွတ်လိုက်ပြီး မျက်နှာက မသာယာတော့ပေ။ သူ လတ်တလော ကိုယ်ခန္ဓာ ကြံ့ခိုင်လာ ခြင်းသာ မရှိပါက ဤကန်ချက်သည် သူ့အား နောက်ရက်များအထိ နာကျင်စေနိုင်သည်။
“ဟေ့ ဟိုကကောင် မင်း ဘာလုပ်နေတာလဲ၊ အကန်ခံရပြီးရင် လှဲချလိုက်ရမှာကို မသိဘူးလား”
တစ်စုံတစ်ယောက်က ရဲ့လင်းချန်အား စိတ်ပျက်သလို ထအော်လာသည်။ ဒုတိယတစ်ချီ ပြန်စလာ၏။ မြေကြီးပေါ် လဲနေသည့် အပိုဇာတ်ကောင်များသည် တစ်ယောက်ပြီး တစ်ယောက် ပြန်ထလာပြီး နောက်တစ်ကြိမ် ထပ်တိုက်ရန် အသင့်ပြင်လေသည်။
“ဒီတစ်ခေါက် လက်နက်ပါ ထုတ်သုံး”
ထိုလူငယ်က လက်ထဲ၌ တောင်ဝှေးကိုကိုင်၍ အေးအေးလူလူ ဝှေ့ယမ်းကာ ပြောလိုက်သည်။ ထို့နောက် သူက အပိုဇာတ်ကောင်များကို ဘယ်ပြန်ညာပြန် ရမ်း၍ ချလေတော့သည်။
“ဘုန်း ဘုန်း ဘုန်း”
ရိုက်ချက်တိုင်းက အားပါလှပြီး နာကျင်စွာ ညည်းသံများ ထွက်လာလေသည်။
“ဟားဟားဟား … မိုက်တယ်ကွာ”
ထိုလူငယ်၏ လွှဲယမ်း ရိုက်နှက်မှုတိုင်းက အားအပြည့်ပင်။ သူ့မျက်လုံးများက နီရဲနေပြီး အလွန် သဘောတွေ့ နေကြောင်း သိသာလှသည်။
“မင်းတို့အားလုံးက အမှိုက်တွေ၊ အမှိုက်တွေ”
ရဲ့လင်းချန် တမင်သက်သက် လူအုပ်ကြားထဲ၌ ပုန်းနေပြီး တောင်ဝှေးနှင့် မထိမိအောင် ကြိုးစားနေ၏။ သို့သော် သူ့လှုပ်ရှားမှုက ထိုလူငယ်၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားလေသည်။
“ငါ့ဦးတည်ရာမဲ့ နဂါး‌တောင်ဝှေးကို မြည်းစမ်းကြည့်စမ်း”
ထိုလူငယ်က အလေးအနက် ထားဟန် ပေါ်လာပြီး လေပေါ်သို့ လွှားခနဲ ခုန်တက်ကာ သူ့တောင်ဝှေးကို မြှောက်၍ ရဲ့လင်းချန်၏ ဦးခေါင်းကိုချိန်ပြီး အားဖြင့် ရိုက်ချလိုက်သည်။
အကယ်၍ ဤရိုက်ချက်နှင့်သာ ထိသွားပါက ခေါင်းထိ၍ သတိမေ့သွားလျင်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။
“ကောင်းတယ်ဟေ့”
ဒါရိုက်တာက အော်ပြောလာသည်။
“ကင်မရာမန်း သေချာရိုက်ထား၊ ဒီစိတ်ဝင်စားစရာ အကွက်ကို သေချာ ရိုက်မိထားမှ ဖြစ်မယ်”
သို့သော် တောင်ဝှေးက ရဲ့လင်းချန်ကို ထိမိတော့မည့်အချိန်၌ သူက ဘေးသို့ အသာယိမ်းလိုက်သဖြင့် တောင်ဝှေးနှင့် မရိုက်မိတော့ချေ။
“ယီးပဲ”
ထိုလူငယ်က ကျိန်ဆဲ၍ ရဲ့လင်းချန်ကို လက်ညှိုးထိုးလေသည်။
“မင်းက ရူးနေလား၊ မင်း ဘာလို့ ရှောင်တာလဲ၊ ဘာလို့ ရှောင်တာလဲကွ”
ရဲ့လင်းချန်က ထိုလူငယ်ကို အေးစက်စွာ ပြန်ကြည့်နေလိုက်သည်။
“အဲ့ဒါ ဘာအကြည့်လဲ”
ထိုလူငယ်က ရဲ့လင်းချန်ထံ လျှောက်လာပြီး သူ့ရင်ဘတ်ကို အားဖြင့် ထိုးလေသည်။
“ငါ မင်းကို ပြောနေတာလဲ၊ မင်းက ယီးမို့လို့ ရှောင်တာလား”
“သခင်လေးဝူ ကျုပ် တောင်းပန်ပါတယ်”
ကတုံးနှင့်လူက ဝင်ပြောလာ၏။
“ဒီအပိုဇာတ်ကောင်တွေ အချိုးမပြေတာပါ၊ ကျုပ်တို့ လူပြောင်းပြီး ခုနက ရိုက်ကွက်ကို ပြန်ရိုက်ရင်ရော”
“လူပြောင်းမယ် ဟုတ်လား”
သခင်လေးဝူက ရဲ့လင်းချန်ကိုသာ စူးစိုက်ကြည့်နေ၏။
“ငါက သူ့ကိုပဲ လိုချင်တာ”
“သူ့ကို ဒီနေရာမှာ မတ်မတ်ရပ်ခိုင်းပြီး သူ့ကို ရိုက်ချင်တာကွ”
သခင်လေးဝူက သူ့လက်ထဲမှ တောင်ဝှေး၏ အလေးချိန်ကို ချိန်ဆလိုက်သည်။
“မင်းတို့ အဖွဲ့တွေ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ၊ ဒါကို တောင်ဝှေးလို့ ခေါ်တာလား၊ ငါ့ကို ပိုလေးတဲ့ဟာ ပေးစမ်း”
ဘေးမှ ရပ်ကြည့်သူများ တိတ်သွားပြီး ရဲ့လင်းချန်အား သနားသော အကြည့်များဖြင့် ကြည့်လာသည်။ ထို့နောက် တစ်စုံတစ်ယောက်က အနက်ရောင် တောင်ဝှေးတစ်ချောင်းနှင့် ပြန်ရောက်လာ၏။
“မင်းမျက်လုံးတွေ ကြည့်ရတာ မာနကြီးတဲ့ပုံပဲ၊ ဘာလဲ၊ မင်းက ငါ့ကို ဆော်ချင်တာလား”
သခင်လေးဝူက ရဲ့လင်းချန်ကို စိုက်ကြည့်လေသည်။
“အမှိုက်က အမှိုက်ပဲ ဖြစ်နေမှာပဲ၊ ငါ မင်းကို အသေရိုက်သတ်ရင်တောင် ဘယ်သူမှ မင်းအလောင်းကို လာမကောက်ဘူးကွ”
“မှတ်ထား မင်း ထပ်ရှောင်ရဲလို့ကတော့ မင်း ခြေထောက်ကို ချိုးပစ်မယ်”
သခင်လေးဝူက တောင်ဝှေးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အနောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်လိုက်သည်။ ထို့နောက် သူက လေထဲသို့ ခုန်တက်၍ တောင်ဝှေးကို မြှောက်ကာ ရဲ့လင်းချန်၏ ခေါင်းကို အားဖြင့် ရိုက်ချ လေသည်။
တောင်ဝှေးက လေကိုခွင်းလာသည့် အသံကိုပင် ကြားလာရသည်။ ရဲ့လင်းချန်က နေရာမှာ ရပ်မြဲတိုင်း ရပ်နေပြီး ရှောင်စရာ မလိုသကဲ့သို့ တည်ငြိမ်နေ၏။ ဤမြင်ကွင်းက အလွန်အမင်း သွေးထွက်သံယို များလောက်သည်။ သခင်လေးဝူက ရွှင်လန်းတက်ကြွနေပြီး သွေးဆာသော အပြုံးမျိုး ပြုံးနေသည်။
သို့သော် တောင်ဝှေးက ရဲ့လင်းချန်၏ ခေါင်းနှင့် ထိရန် သုံးပေမျှ အကွာ၌ ရဲ့လင်းချန်က ညာလက်ကိုမြှောက်၍ အသာအယာ ဖမ်းလိုက်သည်။
“မြေယိုး”
သခင်လေးဝူ၏ အပြုံးက အေးခဲသွားသည်။ သူ ဆဲရေးတိုင်းထွာလိုက်စဉ်မှာပင် ရဲ့လင်းချန်က တောင်ဝှေးကို အားဖြင့် ဆွဲလုလိုက်လေသည်။ ထို့နောက် ဘယ်ခြေကိုမြှောက်၍ သခင်လေးဝူ၏ ဗိုက်ကိုချိန်ကာ အားပြင်းပြင်း ကန်ထုတ်လိုက်သည်။
“အုန်း”
သခင်လေးဝူ၏ ခန္ဓာကိုယ်က ဘောလုံးသဖွယ် ဆယ်မီတာကျော်မျှ လွင့်ထွက်သွားရသည်။ သူ မြေကြီးပေါ် ကျသည့်အချိန်တွင်တောင်မှ ဆက်၍ လိမ့်သွားသေးသည်။
လူတိုင်းသည် ကွင်းအလယ်၌ ရပ်နေသော ရဲ့လင်းချန်ကိုသာ ကြည့်နေမိသည်။ သူတို့ တံတွေးကို မနည်းမျိုချ လိုက်မိသည်။
*ဒါ … ဒါ တစ်ချက်တည်းနဲ့ ကန်လိုက်တာလား*
*ပေါင်တစ်ရာ့ငါးဆယ် အလေးချိန်ရှိတဲ့လူကို အဲ့လောက် လွင့်သွားရအောင် လုပ်နိုင်တယ်ဆိုတော့ အဲ့ကန်ချက်က ဘယ်လောက်တောင် အားပြင်းတာလဲ*
လူတော်တော်များများ ကြက်သီးမွေးညင်း ထနေပြီး သူတို့မျက်နှာတွင် ထိတ်လန့်ခြောက်ခြားဟန်များ ပေါ်လွင်နေသည်။ ထို့နောက် သူတို့ သခင်လေးဝူထံ အသည်းအသန် ပြေးလာပြီး သူ့အား ဂရုစိုက်၍ ထူလိုက်သည်။
“သခင်လေးဝူ ခင်ဗျား အဆင်ပြေရဲ့လား”
သခင်လေးဝူ၏ မျက်လုံးတွင် အန္တရာယ်ပေးချင်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။ သူ၏ ဝမ်းဗိုက်နေရာက အလွန် နာနေသဖြင့် တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေသည်။ သူ့အကြည့်များက ရဲ့လင်းချန်ထံသို့သာ ကျရောက်နေလေသည်။
“အကူခေါ်လိုက်စမ်း၊ ငါ သူသေတာကို လိုချင်တယ်”


Comment

Leave a Reply


Options

not work with dark mode
Reset