Switch Mode

အပိုင်း(၁၂၂၁)

လီယောင်၏ အကြောက်တရား

လီယောင်သည် သူ့ကို စောင့်နေသည့် လူရှိရာသို့ လမ်းလျှောက် သွားခဲ့သည်။ ထိုလူသည် တစ်ဖက်သို့ လှည့်ထွက်ကာ လမ်းပြခေါ်သွားသည်။

လီယောင်၏ နောက်တွင် တစ်ယောက်ယောက်က လိုက်လာကာ အနီးကပ် စောင့်ကြည့်နေသည်။

သူတို့သည် အလျင်အမြန်ပင် ကသောင်းကနင်း ဖြစ်နေသည့် တိုက်ပွဲကွင်းပြင်ကို ဖြတ်ကျော်သွားခဲ့သည်။

ရုတ်ခြည်းပင် လမ်းပြပေးနေသည့် ထိုလူသည် ပြန်လှည့်လိုက်ကာ လီယောင်ကို ပြောသည်။

“ကျုပ်တို့ အလျင်လိုတယ် အရှင်မင်းသား”

အသက်စွမ်းအား အငွေ့အသက်များသည် သူ့ခန္ဓာဝန်းကျင်တွင် စီးဆင်းနေသည်။ သူ့မျက်လုံးများသည် အရည်လဲ့နေကာ အံ့သြဖွယ် ကောင်းလောက်အောင် နက်ရှိုင်းသည်။ ထိုအခိုက်တွင် လီယောင်သည် ရှုပ်ထွေးလှသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ အခုချိန်၌ သူ တွေးနိုင်သည်မှာ အရှက်ရမှုနှင့် ဒေါသတရားသာ ဖြစ်တော့သည်။

သူ ထွက်ပြေးရန် ဖိအားပေးခံခဲ့ရသည်အား မယုံကြည်နိုင်ပေ။

လျှပ်စီး အလင်းတန်းသည် ကောင်းကင်မှ လင်းလက်လာပြီး လီယောင်ကို ဖြတ်ကျော်ကာ သူ့ ရှေ့မှ လူအား တိုက်ခိုက်သည်။

ထိုလူသည် ခဏမျှ ရပ်သွားကာ မော့ကြည့်သည်။ သူသည် လျှပ်စီးအလင်းတန်းနှင့် တူသော အလွန်ပါးလွှာ ထက်ရှသည့် ဓားတစ်လက် ကိုင်ထားသည့်  ချောမောလှသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုဓားသည် ငွေရောင် မြွေတစ်ကောင်နှင့် သဏ္ဌာန်တူကာ တောက်ပသောအလင်းတို့ ရောင်ပြန်ဟပ်နေသည်။

ဓားသည် လျှပ်စီး အလင်းတန်းနောက်မှ မိုးကြိုးလိုက်လာ သကဲ့သို့ပင် အလွန် လျင်မြန်လှသည်။ ထိုလူသည် ဓား လာရာလမ်းသို့ သူ့မျက်လုံးများကို မှေးစင်းကြည့်လိုက်ပြီး လက်ဝါးကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်သည်။ သူ ထုတ်ဖော်လိုက်သည့် လက်ဝါးရိပ်သည် ချက်ချင်းပင် အပိုင်းပိုင်း စုတ်ဖြဲခံလိုက်ရပြီး သူ့ခန္ဓာကိုယ်သည် နောက်သို့ ဆုတ်ခွာသွားရသည်။ ဓား၏ ဖိအားသည် သူ့တစ်ကိုယ်လုံးကို သိမ်းကျုံး ဖုံးလွှမ်းသွားကာ သူ့ ဝတ်စုံမှာ မွစာကျဲသွားသည်။

သူသည် ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးများထဲတွင် တွေဝေမှုတို့ ရှိနေသည်။ သူသည် သူ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် ချောမောသော ပုဂ္ဂိုလ်ကို မေးသည်။

“ဆရာ ဒီကို ဘာအတွက် လာတာပါလဲ”

သူတို့နောက်မှာ ရပ်နေသည့် လီယောင်သည် ရပ်တန့်သွားပြီး သူတို့ကို တိုက်ခိုက်လာသည့် လူကို ကြည့်သည်။

ထိုလူသည် တာလီတော်ဝင် အကြံပေး၏ တပည့် လုချွန် ဖြစ်သည်။

ထူးကဲသည့် အရည်အချင်း၊ သာလွန်သည့် ဉာဏ်ပညာနှင့် ပြိုင်ဘက်ကင်း ပုံရိပ်သည် တစ်ချိန်က နတ္ထိဘုံတိုက်ပွဲ စတင်ခဲ့ပြီး အင်ပါယာရှားဘုံကို အနိုင်ယူခဲ့သူ ဖြစ်သည်။

“ငါမြို့စားအိမ်တော်မှာ ကျန်ခဲ့တဲ့ လူတွေကို သေချာသိတယ်။ ချန်ယဲ့မြို့ကို လိုက်သွားခဲ့တဲ့ လူတွေကိုတောင်မှ မှတ်မိတယ်။ သူတို့ တစ်ယောက်ချင်းစီရဲ့ အသက်စွမ်းအား တွေကိုလည်း ငါ သိတယ်။ မင်းက မင်းသား၃ရဲ့ နောက်လိုက် တစ်ယောက်နဲ့ တူပေမဲ့ မင်းက သူ မဟုတ်ဘူး”

လုချွန်က ညင်သာစွာ ပြောသည်။

“ညီငယ် သတ္တမဓား၊ မတွေ့တာ ကြာပြီ”

‘သတ္တမဓား’ ဟူသည့် ထိုအမည်သည် လီယောင်၏ ဦးနှောက်ထဲတွင် မိုးကြိုးသဖွယ် ပေါက်ကွဲထွက်လာသည်။ သူသည် ရုတ်တရက် ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး သူ့ရှေ့က လူကို ခက်ထန်စွာ ကြည့်သည်။ သူ့မျက်လုံးများသည် ပြူးကျယ်နေပြီး ထိုသူကို စိုက်ကြည့်နေကာ သူ့မျက်နှာသည် ဖျော့တော့သော မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။

သူ့ထက်ပိုပြီး ထိုနာမည်ကို ရင်းနှီးသူ ရှိမည် မဟုတ်တော့ပေ။ သူသည် ထိုလူကို မည်သည့် နည်းနှင့်မဆို သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ပေသည်။

သို့သော်လည်း သူသာလျှင် ထပ်ပြီး လှည့်စားခံခဲ့ရသည်။

လီယောင်၏ ခန္ဓာကိုယ်မှ ကြမ်းတမ်း ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။ သူသည် အမျက်ပြင်းထန်သည့် နဂါးတစ်ကောင်ကဲ့သို့ ဒေါသထွက်လာသော်လည်း သူ၏ ဒေါသများထဲတွင် အကြောက်တရားများ ပျော်ဝင်နေသည်။

သတ္တမဓားသည် သူ့ကို ထိခိုက်စေလုနီးပါးပင် ဖြစ်၏။

ယခင်က ရန်ယွင်က သူ့ရှေ့တွင် ရှိသည့်အတွက် ပြန်လည် မွေးဖွားခြင်း အဆင့်အောက်၌ ရန်ယွင်ကို မည်သူမှ ဆန့်ကျင်နိုင်မည် မဟုတ်သည့်အတွက် သူက ယုံကြည်ချက် ရှိပေသည်။ လီယောင်သည် တာလီတော်ဝင် အကြံပေး၏ တပည့်များကို အကြွင်းမဲ့ ယုံကြည်ပေသည်။

ရန်ယွင်သည် အမှန်ပင် အစွမ်းထက်လှသည်။ သူ့တွင် များပြားလှသော ဒဏ်ရာများ ရရှိနေလျှင်ပင် သူသည် အင်ပါယာရှားဘုံမှ ထိပ်တန်းပုဂ္ဂိုလ်နှစ်ဦးကို အောင်မြင်စွာ တားဆီးထားနိုင်ဆဲ ဖြစ်ပြီး သူ့ကို ထွက်ပြေးနိုင်ရန် လုပ်ဆောင်ပေးခဲ့သည်။

အခုချိန်တွင်လည်း သူ့ရှေ့၌ ရပ်တည်ပေးသူမှာ တာလီတော်ဝင် အကြံပေး၏ နောက်ထပ် တပည့်တစ်ဦး ဖြစ်သော လုချွန် ဖြစ်သည်။ သူ့ အရည်အချင်းသည်လည်း အလွန်ပင် ထူးချွန်လှသည်။

သို့သော်လည်း လီယောင်သည် ယုံကြည်ချက် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

သူ့ပြိုင်ဘက်သည် ရီဖူရှင်း ဖြစ်၏။

ရီဖူရှင်းသည် သူ အလွန် သတ်ချင်နေသည့် အမုန်းဆုံးသူ ဖြစ်သော်ငြား လီယောင်၏ နှလုံးသားအောက်ခြေ၌ ရီဖူရှင်း၏ စွမ်းရည်ကို အကြွင်းမဲ့ အသိအမှတ် ပြုထားဆဲပင် ဖြစ်၏။

ဤနေရာသည် ကသောင်းကနင်း တိုက်ခိုက်မှုမှ ရပ်တန့်နေစဉ်တွင် ထူးဆန်းစွာ တိတ်ဆိတ်နေသည်။

လေပြေတစ်သုတ်က ဖြတ်တိုက်သွားပြီး ရပ်နေသည့် ထိုသူ၏ ဝတ်စုံက လေထဲတွင် လူးလွန့် လှုပ်ရှားနေသည်။ သူ့ ဆံပင်ရှည်များသည် နောက်ဆုံးအကြိမ်၌ မြင်တွေ့ခဲ့ရသကဲ့သို့ ငွေဖြူရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ မျက်နှာ သဏ္ဌာန်သည်လည်း ပြောင်းလဲသွားခဲ့သည်။ ခဏချင်းပင် သူ၏ ချောမောလှသည့် မျက်နှာသည့် လီယောင်၏ ရှေ့၌ ရှင်းလင်းစွာ ပေါ်ထွက်လာသည်။

သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်သည်။ သူ့မျက်နှာသည် အလွန်ပင် ညို့မှိုင်းနေ၏။

“ရီဖူရှင်း”

သူသည် ထိုအမည်ကို အဆိပ်ရှိ မြွေတစ်ကောင်ကဲ့သို့ ထုတ်ခေါ်သည်။

ရီဖူရှင်းသည် လီယောင်ကို ကြည့်ပင်မကြည့်ဘဲ လျစ်လျူရှု ထားလေသည်။ သူ၏ မျက်လုံးများသည် လုချွန်ထံ၌သာ တည်ရှိနေသည်။

“အစ်ကို ကျွန်တော့်ကို ဒီတိုင်း ဖြတ်သွားဖို့ ခွင့်ပြုနိုင်မလား”

“ခွင့်မပြုနိုင်ဘူး”

လုချွန်က ပြန်ဖြေသည်။ သူသည် သူ၏ ကျင့်စဉ်ကို ထုတ်ဖော်လိုက်ကာ ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြားမှ စွမ်းအားများ ထွက်ပေါ်လာပြီး လေထုကိုပင် အပိုင်းပိုင်း စုတ်ဖြဲတော့မတတ် ဖြစ်သည်။ စွမ်းအား မုန်တိုင်းသည် လေဟာနယ်အတွင်း ဖြစ်ပေါ်လာပြီး နေရာတစ်ခုလုံးကို ဖျက်ဆီးရန် ကြိုးစားလေသည်။ လုချွန်၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ် ဓားစွမ်းအားများ ဝန်းရံထားသည်။

“မလွဲသာလို့ တိုက်ခိုက်ရတဲ့အတွက် နားလည်ပေးပါ”

ရီဖူရှင်းက ပြောသည်။ သူ၏ လက်ထဲတွင် ရှည်လျားသည့် လှံတစ်ချောင်း ထွက်ပေါ်လာသည်။ အချိန်နှင့် လေဟာနယ်လှံသည် ဝါးမျိုသွားပြီး လေထုကို ဖြတ်သန်း ရှင်းလင်းနိုင်သည့် ကြောက်မက်ဖွယ် လေဟာနယ် စွမ်းအားများကို ထုတ်ဖော်လိုက်ကာ ၎င်းကို အေးခဲသွားစေပြီး ချိပ်ပိတ်ရန် ကြိုးစားသည်။

မဟာလမ်းစဉ်သည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။ လီယောင်နှင့် လုချွန်သည် လေဟာနယ်အတွင်း၌ နစ်မြုပ်သွားသလို ခံစားလိုက်ကြရသည်။ ထိုအခိုက်တွင် လုချွန်သည် သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ငွေရောင်ဓားအလင်းသည် ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားပြီး လေဟာနယ်စွမ်းအားကို ဖြိုခွဲသည်။ မမြင်ရသည့် စွမ်းအားနှစ်ခုသည် အချင်းချင်း ထိခတ်မိသွားကြသည်။

ဘန်း…

ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ထူထဲသော လေဟာနယ် စွမ်းအားများကို ထုတ်လွှတ်လိုက်ကာ ကောင်းကင်ကိုပင် လှုပ်ခါစေကာ ၎င်းကို အေးခဲပစ်လုနီးပါး ဖြစ်သွားသည်။

လုချွန်၏ အကြည့်များမှာ တည်ငြိမ်နေသည်။ ငွေရောင်မုန်တိုင်းသည် ပို၍ ကြီးမားသန်မာလာကာ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသည်ထိ ဖြစ်ပေါ်လာသည်။

ဘန်း…

နောက်ထပ်တစ်လှမ်း…

ရီဖူရှင်းက ရှေ့သို့ ဆက်လက် လှမ်းနေသည်။ လေထုသည် တဖန် တုန်ခါလာပြန်သည်။ သူသည် စွမ်းအားများထဲသို့ ရွှမ်ယွင် ခြေလှမ်းသိုင်းကို ပေါင်းစပ်ထားပြီး သူ၏ အရှိန်အဝါမှာ ပို၍ပင် သန်မာလာသည်။

သူသည် တတိယမြောက် ခြေလှမ်းကို လှမ်းလိုက်ပြီးနောက် ရီဖူရှင်းသည် သူ ရပ်နေရာမှ ပျောက်ကွယ်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် များလှစွာသော အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကာ လုချွန်၏ အရှေ့၌ ပြန်ပေါ်လာသည်။ မရေတွက်နိုင်သည့် လှံကြီး၏ အရိပ်များက ကောင်းကင်နှင့် မြေကြီးအကြားတွင် တဖန်ပေါ်လာပြီး တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားသည်။ တစ်ခုတည်းသော လှံကြီးသည် ကောင်းကင်ကို ဖြတ်သန်း ထိုးဖောက်သွားသည်။

အဆုံးမဲ့အရိပ် … အရာခပ်သိမ်း ကင်းမဲ့ခြင်းလှံချက် …

လုချွန်၏ လက်ထဲမှ ငွေရောင်ဓားရှည်သည် စတင်လှုပ်ရှားလာသည်။ ရုတ်ခြည်းပင် ကောင်းကင်နှင့် မြေကြီးသည် စတင်အော်မြည် လာ၏။

ဓား၏ ခုတ်ချက်သည် အလင်းကို ပိုင်းဖြတ်ပြီး အရိပ်ကို ပြတ်ထွက်သွားစေကာ ကောင်းကင်ကို စုတ်ပြဲစေ၍ အနန္တငွေရောင် မီးပွားများ ထုတ်လွှတ်နေသည်။

သူတို့၏ တိုက်ခိုက်မှုများ တွေ့ဆုံသွားသည့်အခါ ကောင်းကင်နှင့် မြေကြီးကြားတွင် အဖျက်အဆီး မုန်တိုင်းက ဖြစ်ပေါ်လာသည်။ ပြင်းထန်သည့် ပေါက်ကွဲမှုနှင့်အတူ ရီဖူရှင်းသည် မြေပေါ်သို့ ခြေထောက် ဆောင့်နင်းလိုက်ကာ တစ္ဆေသဖွယ် စတင် ရွေ့လျားသည်။ သူသည် လှံကို ရှေ့သို့ တိုးကာ နောက်ထပ် ထိုးချက်တစ်ခုကို ထုတ်ဖော်သည်။ ပျက်သုဉ်းခြင်းသည် ဒုတိယလှံချက်နှင့်အတူ ရောက်ရှိလာလေသည်။

မဟာလမ်းစဉ်၏ စွမ်းအားများသည် ကောင်းကင်တွင် ကွဲကြေသွားပြီး ငွေရောင် ဓားစွမ်းအားများကို အထိန်းအချုပ်မရှိ ချေမွပစ်လိုက်၍ လုချွန်၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာသည်။

လုချွန်း၏ လက်ချောင်းသည် ဓားပေါ်သို့ ထိသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ ဓားစွမ်းအားများသည် တောက်ပနေသည်။ ထူးခြားသော တောက်ပမှုသည် ဓားပေါ်သို့ သွန်းလောင်းလာကာ မဟာလမ်းစဉ်၏ စွမ်းအားများသည် ဓားနှင့် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားသည်။ ဓား ထွက်ပေါ်လာသည်နှင့် ကောင်းကင်က အက်ကွဲလာသည်။ ထိုအခိုက်တွင် ဓားတစ်ချောင်းသာ ကျန်ရစ်ခဲ့၏။

အလွန်တောက်ပသည့် အလင်းတန်းများသည် ၎င်းတို့ အကြား၌ ပေါ်ပေါက်လာသည်။ ကြီးမားပြင်းထန်သည့် တိုက်ခိုက်မှု စွမ်းအားသည် ဓားချက်ကြောင့် တစ်ဝက်တိတိ ခုတ်ပိုင်းခံလိုက်ရသည်။ လုချွန်၏ ခန္ဓာကိုယ်ထက်တွင် ပညာရှိကျမ်း ကျင့်စဉ်သည် ပွင့်ထွက်လာသည်။ အရှိန်အဝါ ရောင်စဉ်များသည် သူ့ကိုယ်ကို လွှမ်းခြုံလာသည်။ မဟာလမ်းစဉ်က ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ကို ဓားစွမ်းအားများနှင့် ဝန်းရံထားကာ ဖောက်ထွင်းမြင်လာရပြီး သူကိုယ်တိုင်သည် ဓားတစ်လက် ဖြစ်လာသည်။

တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ တူညီသည့် စွမ်းအားများ ထုတ်လွှတ်လာသည်။ ပညာရှိကျမ်း၏ ရောင်စဉ်များသည်လည်း သန့်စင်၏။ မဟာလမ်းစဉ်သည် တစ်ခုတည်း ဖြစ်လာပြီး အားလုံးသော စွမ်းအားများသည် လေဟာနယ်စွမ်းအား အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်နှင့် မြေကြီးသည် အဟန့်အတား ဖြစ်လာသည်။ မရေတွက်နိုင်သည့် ဓားစွမ်းအားများ လေထုထဲတွင် ပေါ်ပေါက်လာကာ လုချွန်ကို တိုက်ခိုက်သည်။

လုချွန်၏ ခန္ဓာကိုယ်သည် မလှုပ်ရှားခဲ့ပေ။ သူသည် ထိုနေရာ၌ပင် ခိုင်မြဲစွာ ရပ်နေဆဲ ဖြစ်သည်။ ဓားက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်လာသည့်အခါတွင် သူ၏ ဓားအကာအကွယ်ကို မချိုးဖောက်နိုင်ပေ။

ဘန်း

ရီဖူရှင်းသည် ခြေတစ်လှမ်း ထပ်လှမ်းလာပြန်သည်။ ကောင်းကင်နှင့် မြေကြီးသည် လေးလံလာသည်။ သူသည် ရှေ့သို့ ဆက်လက် လျှောက်နေသည်။ လုချွန်၏ အကြည့်များသည် ပို၍ပင် တည်ငြိမ်လာ၏။ သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ အလွန် လေးလံသော ဖိအားများကို သယ်ဆောင်ထားသကဲ့သို့ မြင်ရပေသည်။

“အစ်ကို သတိထားတော့”

ရီဖူရှင်းက ပြောသည်။ သူ ပြောပြီးသည်နှင့် နောက်တစ်လှမ်း ထပ်လှမ်းသည်။ သူ့ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းညွှတ်လာသည်။ သူသည် ရတနာလှံကို ထုတ်လွှတ်သည်။ အဖျက်အဆီး မုန်တိုင်းသည် ကောင်းကင်ကိုပင် ပျက်စီးစေကာ ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။

၎င်း၏ အရှေ့၌ ရှိနေသမျှ အားလုံးကို ဖျက်ဆီးပစ်တော့မလိုပင် ဖြစ်၏။

တတိယလှံချက် …  အဆုံးမဲ့လေဟာနယ်…

မဟာလမ်းစဉ်သည် အဆုံးမဲ့လေဟာနယ် အဖြစ်သို့ ပြောင်းလဲသွားသည်။ အရာအားလုံးသည် အမြစ်ဖြတ်ချေမှုန်းခံရသည်။

လုချွန် လက်ထဲမှ ဓားကို သူ့ရင်ဘတ်ရှေ့တွင် ထားကာ သူသည် လက်ဝါးရိပ်နှစ်ခုကို ထုတ်ဖော်သည်။ မဟာလမ်းစဉ်၏ ဓားစွမ်းအားများက ကောင်းကင်နှင့် မြေကြီးမှ ဓားဆီသို့ ပျံသန်းလာသည်။ ဓားသည်  ထိုစွမ်းအင်များကို အငမ်းမရ ဝါးမျို၍ ထောင်ပေါင်းများစွာသော ငွေရောင်အလင်းများကို လေထဲသို့ ထုတ်လွှတ်ခဲ့သည်။ ဓားအရိပ်အားလုံးသည် တစ်ခုတည်း ဖြစ်လာပြီး ဓားအတွင်းသို့ ရောယှက်သွား၏။

ဓားသည် သတ္တုရိုက်ခတ်သံများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး လေဟာနယ်တွင် အက်ကြောင်းများ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးသည် အစိတ်စိတ် စုတ်ဖြဲခံလိုက်ရသည်။

မဟာလမ်းစဉ်၏ အစီအရင်ပုံစံများသည် ဓား၏ ဝင်ရိုးနှင့်အတူ ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ မဟာလမ်းစဉ်၏ အစီအရင်ပုံစံများတွင် ဓားများအားလုံးသည် တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားကာ ဓားအတွင်းသို့ ပေါင်းစပ်သွား၏။

နောက်ဆုံးတွင် လုချွန်သည် သူ့လက်ကို ရှေ့သို့ တွန်းထုတ်သည်။ ဓားက ထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့် မြေကြီးသည် အော်မြည်လာသည်။

သူ့ ရှေ့တွင် ရီဖူရှင်းသည် ရတနာလှံကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားပြီး ဓားဆီသို့ ချိန်ရွယ်သည်။

ရတနာလှံသည် ဓားနှင့် ထိခတ်သွားသည်။ အဖျက်အဆီး မုန်တိုင်းသည် ကောင်းကင်နှင့် တိုက်မိသွား၏။

မုန်တိုင်းမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ပေါက်ကွဲမှုသည် ဓားကို နောက်သို့ ဆုတ်ခွာသွားစေသည်။ ပြင်းထန်သည့် စွမ်းအားများက လုချွန်၏ ခန္ဓာကိုယ်သို့ ရိုက်ခတ်မိသွားသည်။ သူသည် လွင့်စဉ်သွားပြီး သွေးပင် အန်လိုက်ရ၏။

ဝှီး …

အလင်းရောင်စဉ်တန်းသည် ကောင်းကင်ကို ဖြတ်၍ လင်းလက်လာသည်။ ရတနာလှံသည် လုချွန်၏ ရင်ဘတ်သို့ ချိန်ရွယ်လိုက်သော်လည်း သူ့ကို မထိုးခဲ့ပေ။

လုချွန်သည် သူ့ခေါင်းကို မော့ကာ ရှေ့မှ ပုံရိပ်ကို ကြည့်လိုက်၍ သက်ပြင်းချသည်။

သူနှင့် ရန်ယွင်သည် သတိထားကာ အစီအစဉ်များကို လုံလောက်အောင် ချမှတ်ထားခဲ့သော်လည်း ရှုံးနိမ့်ဆဲပင် ဖြစ်သည်။

“ခွင့်လွှတ်ပါ အစ်ကို”

ရီဖူရှင်းက ပြောသည်။ ထို့နောက် ရီဖူရှင်းသည် သူ့ကို ဖြတ်ကျော်သွားပြီး လီယောင်ထံသို့ ဦးတည်သည်။

လုချွန်သည် လိုက်၍ မတားဆီးခဲ့ပေ။ ရီဖူရှင်းသည် သူ့ကို သက်ညှာခဲ့သည်။ မဟုတ်လျှင် သူ အသတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းကို နောက်တစ်ခါ တားဆီးခြင်းမှာ အဓိပ္ပာယ် မရှိပေ။

သူက ဘာကြောင့် အင်ပါယာရှားဘုံမှာ မွေးလာရတာလဲ။

မြို့စားအိမ်တော်မှ တိုက်ပွဲတွင် ရန်ယွင်သည် သံသယကင်းစင်ခြင်း အဆင့်မှ ထိပ်တန်းပုဂ္ဂိုလ် နှစ်ဦးကို ဆန့်ကျင် တိုက်ခိုက်နေသည်။ သူသည် ရီဖူရှင်း ရောက်ရှိလာသည်အား ခံစားမိသည်။ သူက ကောင်းကင်သို့ ခြေလှမ်းသည်။ သူ၏ မဟာလမ်းစဉ် ဝင်္ကပါသည် ကောင်းကင်ကို ဖုံးလွှမ်း၍ ရာရာနှင့် ကျိယွင်ကို ပိတ်ဆို့ရန် ကြိုးစားသည်။ သူသည် တိုက်ပွဲမှ ထွက်ခွာ၍ လီယောင်အား ကူညီရန် ကြိုးစားလိုသည်။

သို့သော်လည်း ထောင်ပေါင်းများစွာသော ဓားများသည် ကျဆင်းလာပြီး ကောင်းကင်နှင့် မြေကြီးကို ချိပ်ပိတ်သည်။ ရာရာသည် သူ့ကို တိုက်ပွဲမှ ထွက်သွားခွင့် ပြုရန် မဖြစ်နိုင်ပေ။

***

ရီဖူရှင်းသည် ကောင်းကင်ကို ဖြတ်သန်းကာ ခရီးဆက်လာပြီး လီယောင်ထံ လျင်မြန်စွာ ဦးတည်သည်။

လီယောင်သည် ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခဲ့သော်လည်း ရီဖူရှင်း၏ မျက်မှောက်၌ တိုက်ခိုက်ရန် သတ္တိမရှိပေ။ သူသည် ရီဖူရှင်းအား ရှုံးနိမ့်အောင် ဘယ်သောအခါမှ လုပ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်။

ထိုကြောင့်ပင် သူသည် ထွက်ပြေးလိုနေ၏။

“သူ့ကိုသတ်”

လီယောင်သည် အရိပ်သက်တော်စောင့်များနှင့် တိုက်ခိုက်နေသည့် စစ်သည်များကို အမိန့်ပေးသည်။ ထိုစစ်သည်သည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်မှ ရှန့်ထို စစ်သည်ဖြစ်ပြီး ထူးချွန်သည့် စွမ်းရည်ရှိသည်။ သူသည် အရိပ်စစ်သည်နှင့် လက်ရည်တူ တိုက်ခိုက်နေပြီး သူသည် ထွက်ပြေးရန် ကြိုးစားနေသည့် လီယောင်ကို ကာကွယ်ရန် ရီဖူရှင်းဘက်သို့ လှည့်သည်။

ရီဖူရှင်းသည် လေထဲသို့ ခြေလှမ်းလိုက်ပြီး သူ့ရှေ့ကို လက်တစ်ချောင်းဖြင့် ညွှန်ပြသည်။ သူသည် ကျားယဲ့ဓားကို ဆင့်ခေါ်၍ လေထဲကို အပိုင်းပိုင်း စုတ်ဖြဲသည်။

ထိုစစ်သည်က လေထဲသို့ ပျံသန်းလိုက်ပြီး လက်ဝါးရိုက်ချက် နှစ်ချက်ကို ဆင့်ကဲထုတ်ဖော်သည်။ ရုတ်ခြည်းပင် ထောင်ပေါင်းများစွာသော လက်ဝါးရိပ်များ ထွက်ပေါ်လာပြီး ကျားယဲ့ဓားကို အပိုင်းပိုင်းအစစ ကွဲထွက်သွားစေသည်။

သို့သော်လည်း ရီဖူရှင်းသည် ရှေ့သို့ ဆက်တိုးလာနေသည်။ ပို၍ များပြားသော ဓားများသည် တိုက်ခိုက်ရန် ထွက်ပေါ်လာသည်။ ရက်စက်သည့် အရိပ်အယောင်များက သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ ထိုလူက ဘယ်လောက်ပင် အရည်အချင်း ရှိပါစေ သူသည် ရှန့်ထို ပထမအဆင့်၌သာ ရှိပေသည်။ သူက ဘာကြောင့် အနီးသို့ ကပ်လာရဲရသည်လဲ။

အနန္တဓားများ အားလုံးသည် ဖျက်ဆီးခံလိုက်ရ ပုံပေါ်သည်။ စစ်သည်က ရီဖူရှင်းထံသို့ လက်ဝါးဖြင့် ရိုက်ချသည်။

ထိုအချိန်တွင် သန်မာလှသည့် ဖျက်ဆီးမှုအားအင်သည် သူ့ထံသို့ ကျရောက်လာသည်။

ဓားများအားလုံးကြားမှ တစ်ချောင်းသည် ထိုသို့ ကြောက်မက်ဖွယ် အသက်စွမ်းအားကို ထုတ်လွှတ်နေပြီး ထိုမှနေ၍ သူ့ထံသို့ နီးကပ်လာသည့် သေမင်း၏ အငွေ့အသက်များကို သူ ခံစားမိသည်။

ဓားသည် ရီဖူရှင်း၏ မျက်ခုံးနှစ်ခု အလယ်ကြားမှ ပေါ်ထွက်လာခြင်း ဖြစ်ပုံရသည်။ ၎င်းသည် သူ၏ လက်ဝါးရိပ်ကို ကြောက်မက်ဖွယ် အရှိန်ဖြင့် ထိုးဖောက် ဖြတ်သန်းသွားသည်။ သူက အော်ဟစ်သည်။ မကြာခင်မှာ ကြီးမားသည့် စွမ်းအားများက သူ့ကို ကာကွယ်ရန် သူ့ရှေ့၌ ပေါ်ပေါက်လာသည်။ ယင်းသည် မဟာလမ်းစဉ်၏ စွမ်းအားများပင် ဖြစ်သည်။

ဓားသည် ယင်း၏ ရှေ့သို့ တိုးဝင်လာသည်။ အလွန်တောက်ပသည့် အလင်းရောင်များ ဓားမှ ထွက်ပေါ်လာ၏။ သူ့မျက်လုံးများက ဖမ်းစားခံလိုက်ရပြီး သူ့စိတ်အတွင်းတွင် မြင်နိုင်သည်က ဧကရာဇ်နစ်ပါး၏ စွမ်းအား အငွေ့အသက်များနှင့် တွန်းလှန်နိုင်ခြင်း မရှိသည့် ဓားတစ်လက်သာ ဖြစ်သည်။

ထိုဓားသည် ရီဖူရှင်း၏ တောင်းဆိုမှုဖြင့် တိမ်တိုက်တောင်ကြားမှ ခေါင်းဆောင်ကိုယ်တိုင် သွန်းလုပ်ပေးခဲ့သည့် ဓားဖြစ်သောကြောင့် သူ၏ ဧကရာဇ် အငွေ့အသက်များကိုပင် ဓားနှင့် ပေါင်းစပ်နိုင်ပေသည်။
ဓားသည် ရိပ်ခနဲပင် စစ်သည်၏ ဦးခေါင်းကို ထိုးဖောက်သွားသည်။ ရီဖူရှင်းသည် ထိုနေရာ၌ ရပ်တန့်မနေပေ။ သူသည် အလောင်းကို ခွကျော်လျက် ရှေ့သို့ ဆက်လက် လျှောက်လာနေသည်။
လီယောင်၏ မျက်လုံးများထဲတွင် ကြီးမားသော အကြောက်တရားကို ခံစားနိုင်သည်။

ရီဖူရှင်းက ဘယ်လိုများ ဓားစွမ်းအားကို ဒီလောက်ထိ သန်မာအောင် လေ့ကျင့်ထား နိုင်ရတာလဲ

သူသည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုတစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်ပစ်လိုက်နိုင်သည်။

လီယောင်၏ နှလုံးသားမှာ မြန်ဆန်စွာ ခုန်ပေါက်နေသည်။ သူသည် သူ့နောက်မှ နီးကပ်လာသည့် အသက်စွမ်းအားကို ခံစားနိုင်သည်။ သူသည် အလွန် ကြောက်လန့်နေ၏။

သူသည် အောက်ဘုံ ပြည်နယ်ကိုးခုမှ အင်ပါယာရှားဘုံကို လာစဉ်က ဤကဲ့သို့ နေ့မျိုး ရောက်ရှိလာမည်ဟု ထင်မထားခဲ့ပေ။

ထိုအချိန်၌ သူသည် အထက်ဘုံမှ မင်းသား တစ်ပါးဖြစ်ပြီး အင်ပါယာလီ၏ မျိုးဆက်ဖြစ်သည်။ သူ၏ အဆင့်အတန်းသည် အောက်ဘုံမှ လူများအတွက်တော့ အမှန်ပင် မြင့်မြတ်လှသည်။

သူ့အတွက် အောက်ဘုံမှ လူများသည် အာရုံစိုက်မိရန်ပင် မထိုက်တန်သော မနှစ်မြို့စရာ ပုရွက်ဆိတ်များထက် မပိုပေ။

ထို့ကြောင့် ရှန့်ထိုကျဲက ရီဖူရှင်း၏ မိန်းမကို သတ်သည်ကိုပင် သူ ဂရုမစိုက်ခဲ့ပေ။

သို့သော်လည်း ယနေ့တွင် သူတစ်ချိန်က လျစ်လျူရှုခဲ့သည့် အောက်ဘုံမှ နောက်ထပ် ပုရွက်ဆိတ် တစ်ကောင်သည် တာလီမင်းသား တစ်ပါးကို သတ်ဖြတ်ရန် ကြိုးစားနေလေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset