Switch Mode

အပိုင်း(၁၂၂၀)

ဤနေရာတွင် ဓားဝင်္ကပါ ပေါ်ပေါက်လာခဲ့သည်

ဓားပျံသည် လေထုထဲတွင် ရစ်ဝဲနေပြီး ကြမ်းတမ်းသည့် သတ္တုထိခတ်မိသံမျိုး ထုတ်လွှတ်နေသည်။ ၎င်းသည် ရန်ယွင်ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ရမည်။

ရန်ယွင်သည် သူ့ခေါင်းကို မော့လိုက်ပြီး ဓားကို ကြည့်သည်။ ထိုဓားသည် တစ်ယောက်ယောက်က ထိန်းချုပ်ထားသည်နှင့် တူပေသည်။

ထိုအချိန်တွင် အဝေးတစ်နေရာရှိ ချန်ယဲ့မြို့၏ မြို့စားအိမ်တော်မှ ကျင့်ကြံရေး ကျောင်းဆောင်ပေါ်တွင် အမျိုးသမီး တစ်ဦးသည် တင်ပျဉ်ခွေကာ ထိုင်နေသည်။ သူမသည် အဆုံးမဲ့ ဓားအသိများနှင့် လွှမ်းခြုံခံထားရသည်။ သူမ၏ အောက်ခြေ၌ ဓားဝင်္ကပါ အစီအရင်သည် တလက်လက် တောက်ပနေ၏။

သူမ၏ မျက်တောင်များက ခပ်ဖြည်းဖြည်း တုန်ခါနေပြီး ဓားဝင်္ကပါ အစီအရင်မှ အလင်းများက ရုတ်ခြည်း တောက်ပလာသည်။

ဓားဝင်္ကပါသည် ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ်၏ ဓားစွမ်းအင်များကို စုပ်ယူနေသည်။ ထိုသို့ ဖြစ်လာသောအခါ ဓားများအားလုံးသည် အမျိုးသမီး၏ ကိုယ်ကို ဝန်းရံနေ၏။ ကြောက်မက်ဖွယ် ဓားစွမ်းအား မုန်တိုင်းသည် နေရာအနှံ့အပြားသို့ သိမ်းကျုံး ဖုံးလွှမ်းသွားသည်။ ဓားပညာလေ့ကျင့်သူ အချို့သည် သူတို့ ခန္ဓာကိုယ်အနီးမှ ဓားစွမ်းအားများသည် ပျံသန်းထွက်သွားပြီး သူတို့၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားကာ နေရာတစ်ခုဆီသို့ ဦးတည်သွားလေသည်။

“ဘာတွေ ဖြစ်နေတာလဲ”

လူများ၏ မျက်လုံးများသည် ဦးတည်ရာတစ်ခုတွင် ဆုံစည်းသွားကြပြီး ဖမ်းစားခံလိုက်ရ သကဲ့သို့ ထိုနေရာတွင် မြဲမြံနေသည်။ သူတို့သည် ကောင်းကင်ထက်မှ ပုံစံပေါ်လာသည့် ဓားလမ်းကြောင်းကြီးကို မြင်နိုင်လေသည်။ ဓားစွမ်းအားများ၏ အဆုံးမဲ့ စွမ်းအင် စီးကြောင်းများသည် ကောင်းကင်မှ ကျဆင်းလာပြီး မြို့စားအိမ်တော်၏ နေရာတစ်ခုသို့ ပျံသန်းသွားသည်။

တောက်ပနေသော ဓားစွမ်းအားများသည် ထိုနေရာမှ ပြန်လည် ထွက်ပေါ်လာသည်။

ကောင်းကင်ထက်တွင် တော်ဝင်အကြံပေးနှင့် မှော်ဆရာသည် တိုက်ခိုက်နေဆဲ ဖြစ်၏။ သူသည် ဘေးဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ စွမ်းအားများကို ထုတ်လွှတ်သည်။ သူသည် အသစ် တည်ဆောက်ထားသည့် ဓားစွမ်းအင် လမ်းကြောင်းအတိုင်း လိုက်ပါရန် ကြိုးစားလိုက်ပြီး သူ၏ မျက်နှာက ဖြူဖျော့သွားသည်။

တော်ဝင်အကြံပေးသည် လက်ဝါးရိပ်နှစ်ခုကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်သည်။ ‘ချန်’ ဟူသော စာလုံးကြီးသည် ပျံသန်းထွက်ပေါ်လာသည်။ ထို့နောက် သူသည် ခပ်ဆတ်ဆတ် ပြော၏။

“ချိပ်ပိတ်စမ်း”

သူ ပြောပြီးသည်နှင့် ကောင်းကင်သည် တုန်ခါသွားသည်။ ယင်းသည် ကောင်းကင်တွင် ပြည့်နှက်သွားပြီး ဓားလမ်းကြောင်းကို ပိတ်ဆို့ကာ ချိပ်ပိတ်ရန် ကြိုးစားသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ဓား၏ တောက်ပသော အလင်းများက မြင့်တက်လာသည်။ ထောင်ပေါင်း များစွာသော ဓားများက ရှေးဟောင်း ဓားလမ်းကြောင်းကြီး တစ်လျှောက် တဟုန်ထိုး ကျဆင်းလာသည်။ တာလီတော်ဝင် အကြံပေးသည် ‘ချန်’ စာလုံးကို ကောင်းကင်ကို ချိပ်ပိတ်ရန် အသုံးပြုသည်။ ဓားလမ်းစဉ်၏ ပြင်းထန်သော စီးဆင်းနေမှုသည် ရုတ်တရက် အားကောင်းလာပြီး ချိပ်စည်းကို ချိုးဖက်ရန် ကြိုးစားသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံကို ကြားလိုက်ရပြီး ကောင်းကင်နှင့် မြေကြီးကို ယမ်းခါသွားစေသည်။

သို့ပေမဲ့ ရှေးဟောင်း ဓားလမ်းကြောင်းကို ချိပ်ပိတ်ရန် ကြိုးစားနေသည့် မဟာလမ်းစဉ်၏ ရှေးဟောင်း စာလုံးကြီးသည် ကွဲကြေပျက်စီးသွားခြင်း မရှိခဲ့ပေ။

ထိုအခိုက်တွင် အမျိုးသမီး၏ ခန္ဓာကိုယ်သည် ဓားအစီအရင်ပုံစံ ရောင်စဉ်များနှင့် ရောယှက်သွားပြီး အလင်းရောင်စဉ်တန်း အဖြစ် ပြောင်းလဲသွားကာ ကောင်းကို ထိုးဖောက်၍ ‘ချန်’ စာလုံးကို ဖျက်ဆီးရန် ကြိုးစားသည်။ ရှေးဟောင်း ဓားလမ်းစဉ်၏ လမ်းကြောင်းကြီးက ပြန်လည် ပေါ်ပေါက်လာသည်။ အမျိုးသမီးသည် ပြန်လှည့်လိုက်ပြီး ရှေးဟောင်း ဓားလမ်းစဉ်၏ လမ်းကြောင်းပေါ်မှ ဓားဝင်္ကပါနှင့်အတူ ပျောက်ကွယ်သွားသည်။ များပြားလှသည့် ဓားစွမ်းအားများသည်သာ နောက်၌ ကျန်ရစ်ခဲ့သည်။

“ဒါက…”

မရေတွက်နိုင်သည့် မျက်လုံးအစုံတို့သည် အမျိုးသမီး ပျောက်သွားခဲ့သည့် နေရာမှ ရှေးဟောင်း ဓားလမ်းစဉ်၏ လမ်းကြောင်းပေါ်တွင် အေးခဲကျန်ခဲ့သည်။

ထိုမြင်ကွင်းသည် အလွန်ပင် ထိတ်လန့် အံ့သြဖွယ်ပင် ဖြစ်၏။

ဘာဖြစ်သွားခဲ့သည်လဲ။

ရန်ဟောင်ဘုံနှစ်ခုကြားမှ တိုက်ပွဲသည် များပြားလှသော ပြန်လည် မွေးဖွားခြင်းအဆင့် စစ်သည်များစွာ အချင်းချင်း တိုက်ခိုက်ကြသည့် သွေးနဂါးဘုံ၏ ဖြစ်ခဲလှသော ဖြစ်ရပ်တစ်ခု ဖြစ်လာလေသည်။ ဤသည်မှာ ရန်ဟောင်အဆင့် တိုက်ပွဲဖြစ်သည်။

အင်ပါယာရှားဘုံသည် များပြားလှသည့် ထိပ်သီးပုဂ္ဂိုလ်များ တိုက်ခိုက်နေကြသည့် အချိန်တွင် ထိုကဲ့သို့ ဓားဝင်္ကပါမျိုးကို မည်ကဲ့သို့ ပြင်ဆင်နိုင်သနည်း။

ထိုဓားဝင်္ကပါ၏ တိုက်ခိုက်မှုကို ဆန့်ကျင်ခုခံရန်မှာ အလွန်ခက်ခဲလိမ့်မည် ဖြစ်၏။

ထိုသို့ တွေးလိုက်မိလျှင် အင်ပါယာရှန်းဘုံမှ စစ်သည်များနှင့် ရပ်နေသော ရှန်းနန်၏ မျက်နှာတွင် ကြောက်လန့်သည့် အကြည့်များ ဖြစ်ပေါ်လာသည်။

ရှားရုန်ပြောခဲ့သည်က သတိပေးရုံသက်သက် မဟုတ်ခဲ့ပေ။ အင်ပါယာရှန်းဘုံက အင်အားကြီးသော်လည်း သွေးနဂါးဘုံရှိ ရှန်းမြို့ကို စောင့်ကြပ်နေသည့် စစ်သည်မှာ အနည်းငယ်သာ ရှိသည်။ သူတို့အကြားတွင် ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်မှာ တစ်ယောက်သာ ရှိ၏။ ထိုကဲ့သို့အဆင့် တိုက်ပွဲမျိုးတွင် ရှန်းနန်သာ လှုပ်ရှားခဲ့လျှင် ရှားရုန်သည် သူ့ကို ပစ်မှတ်ထား၍ တန်ဖိုးအားလုံး ပေးဆပ်ခိုင်းမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုထွက်ပေါ်လာသည့် ဓားသည် တိုက်ပွဲအတွင်း၌ မည်သူ့ကိုမဆို လွယ်ကူစွာ သုတ်သင်ပစ် နိုင်လေသည်။ ကြည့်ရသည်မှာ တိုက်ပွဲအတွင်း၌ အချိန်မရွေး သတ်ဖြတ်နိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ အခုချိန်တွင် ဤတိုက်ပွဲပေါ်၌ အသုံးမပြုခဲ့ပေ။ ယင်းအစား လေထဲတွင် တည်ဆောက်ထားသည့် ဓားလမ်းကြောင်းသည် ကောင်းကင်ကို ထိုးဖောက်ကာ ပျောက်ကွယ်သွားလေသည်။

***

လီမြို့၏ မြို့စားအိမ်တော်တွင် ရန်ယွင်သည် တစ်ခုခုကို ခံစားမိကာ ကောင်းကင်ပေါ်မှ ဓားကို မော့ကြည့်နေသည်။ သူသည် လှည့်လိုက်ပြီး အနီးရှိ လူများကို ပြောသည်။

“အရှင်မင်းသားကို အခုချက်ချင်း အဝေးခေါ်သွားတော့”

သူ ဤနေရာတွင် ရှိမနေသင့်ပေ။

ထိုအင်အားက ဘယ်လောက်ထိ စွမ်းအားကြီးပြီး အန္တရာယ်များသည်ကို သူ ခံစားနိုင်သည်။ ၎င်းသည် သူ့ကိုပင် ခြိမ်းခြောက်နိုင်၏။

ကျိယွင် သုံးလိုက်သည့် ဓားသည် ဦးဆောင်လမ်းပြခြင်း ဓားပင် ဖြစ်သည်။

“အရှင်မင်းသား ကျေးဇူးပြုပြီး ဒီလမ်းကို ကြွပါ”

သူတို့သည် လီယောင်ရှေ့၌ ပေါ်လာကာ ခေါ်ဆောင်သွားရန် အသင့်ပင် ဖြစ်သည်။

လီယောင် မျက်မှောင်ကြုတ်သည်။ သူ့ မျက်လုံးထဲမှ တစ်စုံတစ်ခုက ပြောင်းလဲသွားသည်။ သူ ပြောနိုင်သည်မှာ ရန်ယွင်၏ အသံက အလွန်ပင် လေးနက်လာနေသည်။

ရန်ယွင်ပင် စိုးရိမ်တကြီး ဖြစ်ရလောက်အောင် အခြေအနေက ဆိုးဝါးလာသည်လား။

အင်ပါယာရှားဘုံက အခြားစစ်သည်တွေ ထပ်ရောက်လာ နေလို့လား။

သို့သော်လည်း ဤမျှ အရေးကြီးနေသည့် တိုက်ပွဲအတွင်းတွင် အင်ပါယာရှားဘုံက ထိပ်တန်း စစ်သည်တွေကို သည်နေရာသို မည်သို့ စေလွှတ်နိုင်ရသနည်း။

မည်သို့ပင်ဖြစ်စေ ဤအခြေအနေတွင် သူများစွာ တွေးနေရန် အချိန်မရှိပေ။ သူက လေထဲသို့ ခုန်တက်လိုက်ကာ သူ့ကို လိုက်ကာကွယ်မည့် လူများနှင့် ထွက်ခွာရန် ပြင်ဆင်သည်။ ကြည့်ရသည်မှာ သူ့ကဲ့သို့ ရှီအဆင့်က ဤတိုက်ပွဲ၌ ဝင်ပါရန် အဆင့်မီပုံ မရပေ။

တစ်ချိန်တည်းမှာပင် ရန်ယွင်သည် ဓားဝင်္ကပါနှင့် ဖုံးလွှမ်းခံထားရသည့် ကျိယွင်ကို ငုံ့ကြည့်သည်။ သူ၏ ဘယ်ဘက်လက်သည် ‘ဟော်’ ဟူသည့် စာလုံးကို ထိလိုက်ကာ မဟာလမ်းစဉ်၏ ခမ်းနားသော ဝင်္ကပါကို တဖန်ထပ်၍ ဆန့်ကျင်ပြီး ပြိုကွဲပျက်စီးစေသည်။  [မှတ်ချက်။ ‘ဟော’=မီး]

သူ ထိုစာလုံးကို ပြောပြီးသည့်အခါ ဝင်္ကပါသည် ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ် မီးတောက်များ၏ ဝါးမျိုသွားခြင်းကို ခံလိုက်ရသည်။ ကောင်းကင်ထက်မှ နေမင်း၏ ရောင်စဉ်များသည် ဝင်္ကပါ အစီအရင်ပုံစံများဆီသို့ ဆွဲယူခံလိုက်ရကာ ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလေသည်။

ရုတ်ခြည်းပင် မီးတောက်များသည် ဝင်္ကပါကို ဝါးမျိုသွားပြီး မီးနဂါးများအဖြစ် ပြောင်းလဲသွားကာ ကျိယွင်ထံသို့ တိုးဝင်သွားသည်။ မဟာလမ်းစဉ်၏ မီးတောက်များသည် နေရာတစ်ခုလုံးကို ပြာဖြစ်သွားအောင် လောင်ကျွမ်းပစ်ရန် ကြိုးစားနေသည်။

ကျိယွင်သည် ခမ်းနားလှသည့် ဝင်္ကပါကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။ ဤတာလီတော်ဝင် အကြံပေး၏ တပည့်ကြီးသည် တော်ဝင်အကြံပေး၏ စွမ်းရည်များကို ဆက်ခံနိုင်ပြီး သူ့ကို ရင်ဆိုင်ရ အမှန်တကယ် ခက်ခဲစေသည်။

ရန်ယွင်၏ ရှေ့၌ သူ့သေဆုံးခြင်း စွမ်းရည်ကို သုံးဖို့ရာ အခွင့်အရေးပင် မရှိချေ။

ထိုအချိန်တွင် ဓားစွမ်းအားများသည် ကောင်းကင်ထက်မှနေ၍ ရန်ယွင်၏ ကိုယ်ပေါ်သို့ ကျဆင်းလာသည်။ ထိုစွမ်းအားများက အလွန်စွမ်းအား ကြီးမားခြင်း မရှိသော်လည်း ထိုအရာသည် အလွန် အန္တရာယ်များကြောင်း ရန်ယွင် ခံစားနိုင်သည်။

အနန္တဓားများသည် ကောင်းကင်ထက်မှ မြင်ကွင်းထဲသို့ ဝင်ရောက်လာကာ ကောင်းကင်တစ်ခွင်ကို ချိပ်ပိတ်ပစ်သည်။

လီယောင်နှင့် အခြားလူများ၏ မျက်နှာမှာ သွေးဆုတ်သွားခဲ့ပြီး ကောင်းကင်သို့ မော့ကြည့် လိုက်ကြသည်။

သူတို့၏ ဦးခေါင်းအထက်တွင် ရှေးဟောင်း ဓားလမ်းစဉ်၏ လမ်းကြောင်းကြီးက မရေတွက်နိုင်သည့် ဓားများနှင့်အတူ အထက်မှ ကျဆင်းလာသည်။

ရန်ယွင် မျက်နှာမှာ ရုတ်တရက် သွေးဆုတ်ဖြူရော် သွားသည်။ သူသည် ချက်ချင်းပင် ကျိယွင်ကို သွားခွင့်ပေးလိုက်ပြီး မဟာလမ်းစဉ်၏ ဝင်္ကပါအစီအရင်ကို လက်နှစ်လုံးနှင့် ပင့်မလိုက်ကာ ကောင်းကင်သို့ ပစ်သွင်းသည်။

သူသည် လက်နှစ်ဖက်လုံးနှင့် ကောင်းကင်နှင့် မြေကြီးကြားမှ ဝင်္ကပါကို ပင့်မထားသည်။ ဝင်္ကပါသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အငမ်းမရ ဝါးမျိုနေပြီး ဆက်လက်၍ ကြီးမားလာသည်။ ၎င်းသည် ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် အစီအရင် တစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။

ကောင်းကင်အောက်မှ လူများအားလုံးသည့ မော့ကြည့်လိုက်ကြပြီး သူတို့ မြင်လိုက်ရသည့် အရာများကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ရန်ယွင်သည် အမှန်တကယ် စွမ်းအား ကြီးမားလှပေသည်။

လေဟာနယ်ဓား လမ်းကြောင်းကြီးသည် ကောင်းကင်ထက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ မရေတွက်နိုင်သည့် ဓားများ ကျဆင်းလာပြီး မဟာလမ်းစဉ်၏ ဝင်္ကပါ အစီအရင်ပုံစံကို တိုက်ခိုက်သည်။

နောက်ဆုံးတွင် အဆုံးမဲ့ဝင်္ကပါ အစီအရင်တစ်ခုသည် ရှေးဟောင်း ဓားလမ်းကြောင်း၏ အဆုံးတွင် ပေါ်ပေါက်လာသည်။ ထိုဝင်္ကပါအလယ်၌ အမျိုးသမီးတစ်ဦး ရပ်နေပေသည်။ သူမသည် ချက်ချင်းပင် အလင်းအဖြစ် ပြောင်းလဲသွားကာ လျှပ်တစ်ပြက်အတွင်း ဓားဝင်္ကပါနှင့်အတူ ဆင်းသက်လာသည်။

ထောင်ပေါင်းများစွာသော ဓားများသည် ရှေးဟောင်း ဓားလမ်းကြောင်းမှ ကျဆင်းလာကာ အရာအားလုံးကို ဖျက်ဆီးပစ်လေသည်။

ဘုန်း… ဘုန်း… ဘုန်း…

ဆက်တိုက်ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ဓားများသည် ဝင်္ကပါကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပြီး မဟာလမ်းစဉ်၏ ဝင်္ကပါ အစီအရင်ပုံစံသည် အက်ကြောင်းများ ပို၍ ပို၍ ထင်လာသည်။

လေဟာနယ်ဓား ဝင်္ကပါသည် ရန်ယွင်၏ ကိုယ်ပေါ်သို့ တည့်တည့် ကျဆင်းလာသည်။ ဓား၏ အလင်းရောင်စဉ်တန်းသည် ကောင်းကင်ထက်မှ ကျဆင်းလာ၏။

ဓားများသည် မည်သည်ကိုမဆို ခချိုးဖျက်နိုင်သည်ဟု ထင်မှတ်ရသည်။

ဘုန်း…

ကျယ်လောင်သည့် ဆူညံသံနှင့်အတူ ဝင်္ကပါသည် အက်ကွဲလာသည်။ ဓားများအားလုံးသည် လေထဲမှ ကျဆင်းလာသည်။ သူတို့၏ စွမ်းအားများသည် တစ်ဝက်ကျော်မျှ အားနည်းသွား သော်လည်း များပြားလှသော စစ်သည်များမှာ သူတို့ကို ခုခံကာကွယ်ရန် ခက်ခဲနေဆဲပင် ဖြစ်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထည်ဝါလှသည့် မြို့စားအိမ်တော်သည် အမှုန့် ဖြစ်သွားတော့သည်။

လီယောင်၏ အနီးမှ စစ်သည်များသည် လွင့်ထွက်သွားကာ တစ်နေရာစီ တကွဲတပြား ဖြစ်သွားတော့သည်။ သူတို့သည် ပျံသန်းလိုသော်လည်း များပြားလှသည့် ဓားပုံရိပ်များသည် သူတို့ကို ဝိုင်းပတ်ကာ တိုက်ခိုက်မှုများ ထုတ်ဖော်လာသည်။ သူတို့သည် အင်ပါယာရှားဘုံမှ အရိပ် သက်တော်စောင့်များ ဖြစ်ပုံရပေသည်။

တိုက်ပွဲကွင်းပြင်သည် အပျက်အစီး အများအပြား ဖြစ်လာသည်။ စစ်သည်များသည်လည်း တကွဲတပြား ဖြစ်ကုန်သည်။

အခြားတိုက်ပွဲ ကွင်းပြင်၌ ဓားဝင်္ကပါသည် ကောင်းကင်မှ ရောက်ရှိလာပြီး မဟာလမ်းစဉ်၏ ဝင်္ကပါအစီအရင်ကို ချိုးဖျက်သည်။ ဓားကြီးသည် ဆက်လက်၍ ကျဆင်းလာပြီး ရန်ယွင်ကို တိုက်ခိုက်သည်။ ဓားစွမ်းအားသည် ရန်ယွင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်း ထိုးဖောက်သွားကာ သူ့နှုတ်ခမ်း ထောင့်စွန်းဆီမှ သွေးများ စီးကျလာသည်။

စိတ်ပိုင်းဖြတ်ထားသည့် မျက်ဝန်းတစ်စုံနှင့် ရန်ယွင်သည် ကောင်းကင်တွင် ရပ်နေသည့် ဝတ်စုံဖြူ မိန်းကလေးကို ကြည့်နေသည်။

မဟာလမ်းစဉ်၏ စွမ်းအားမုန်တိုင်းက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး ရန်ယွင်သည် မဟာလမ်းစဉ်၏ မီးပြင်းဖိုသဖွယ် ဖြစ်လာကာ မဟာလမ်းစဉ်၏ ဒြပ်စင်ငါးပါး စွမ်းအင် အားလုံးကို သူ့ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူသည်။ သူသည် ကြီးမားသည့် ဓားကြီးကို ဆုပ်ကိုင်ထားသည်။ သူကိုယ်တိုင်သည် တာအိုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ့ခန္ဓာကိုယ်တွင် အရှိန်အဝါတစ်ခုက လွှမ်းခြုံနေသည်။ သူသည် ပညာရှိကျမ်း၏ အဆုံးစွန်သော စွမ်းအားများကို ထုတ်လွှတ်သည်။

“ရှင် လက်လျှော့လိုက်သင့်ပြီ”

ဝတ်စုံဖြူနှင့် မိန်းကလေးက သူ့ကို ပြောသည်။

ရန်ယွင်သည် ခေတ္တမျှ ရပ်တန့်သွားကာ သူမ၏ မျက်လုံးများထဲသို့ ကြည့်သည်။ ထို့နောက် ရန်ယွင်သည် ပြုံးရင်း အက်ကွဲစွာ ပြောသည်။

“ကျုပ် သူ့ကို ဘာထောက်ညှာမှုမှ ထားမှာမဟုတ်ဘူးလို့ တစ်ခါ ပြောဖူးတယ်။

ပြောပြီးသည်နှင့် သူသည် လက်နှစ်ဖက်ကို အတူတူ စုစည်းကာ ပြောသည်။

“ကျိုးပျက်စမ်း”

ထိုစကားလုံး ထွက်ကျလာပြီးသည်နှင့် သူ့ခန္ဓာသည် တာအိုအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားများ အားလုံးကို သူ့ဆီသို့ ဖြတ်သန်းခွင့်ပြုသည်။ တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သည့် မဟာလမ်းစဉ်၏ ဓားစွမ်းအားများသည် သူ့ပြိုင်ဘက် ဝင်္ကပါဆီသို့ ရိုက်ခတ်သွားသည်။ ဝင်္ကပါအစီအရင်၌ အက်ကြောင်းများ ပေါ်ပေါက်လာပြီး အပိုင်းပိုင်းအစစ ပြိုကွဲသွားလေသည်။

ကျယ်လောင်သည့် အသံကြီးနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များမှာ လွင့်ထွက်သွားသည်။

ရန်ယွင်၏ အဝတ်များမှာ စုတ်ပြဲသွားပြီး သူ့တစ်ကိုယ်လုံးသည် သွေးများဖြင့် စွန်းထင်းနေသည်။ ရာရာသည် ကောင်းကင်သို့ ပစ်ခုန်လိုက်ပြီး သူမ၏ မျက်လုံးများသည် ရန်ယွင်ထံ၌ တည်မြဲနေသည်။

သူမသည် ကောင်းကင်ထက်တွင် ဓားဝင်္ကပါကို ထုတ်ဖော်ခဲ့သည်။ တာလီတော်ဝင် အကြံပေးပင်လျှင် ၎င်း၏ စွမ်းအားများနှင့် ပိတ်ဆို့ခြင်း ခံခဲ့ရလျှင် သံသယကင်းစင်ခြင်း အဆင့်တန်ခိုးရှင် တစ်ယောက်ကို သတ်နိုင်ရန် စွမ်းအား လုံလောက်သင့်ပေသည်။

သို့သော်လည်း ရန်ယွင်သည် ၎င်းကို ဖျက်ဆီးခဲ့သည်။

ရန်ယွင်တွင် ဒဏ်ရာများစွာ ရရှိထားသည်ကို သူမ သိသော်လည်း သူသည် သူမ၏ ဓားဝင်္ကပါ တိုက်ခိုက်မှုကို တွန်းလှန်နိုင်သေးသည်။

သူ့အဆင့်သည် ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်ရှိရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။

ကျိယွင်သည် လေထံသို့ ခြေလှမ်းလိုက်ကာ ထွက်ခွာရန် ကြိုးစားလိုက်သော်လည်း ရန်ယွင်သည် သူ့လက်တစ်ဖက်ကို မြှောက်သည်။ သူ၏ လက် လှုပ်ရှားမှုနှင့်အတူ ဓားစွမ်းအား မုန်တိုင်းသည် ကောင်းကင်ကို ထိုးဖောက်ဖြတ်သန်းကာ သူ့လမ်းကို ပိတ်ထားသည်။ ရန်ယွင်က မေးသည်။

“ခင်ဗျား ဘယ်သွားမလို့လဲ”

ကျိယွင်က သူ့ကို ပြန်လှည့် ကြည့်ကာ မေးသည်။

“မင်းက တိုက်ခိုက်ချင်သေးလို့လား”

ထိုတိုက်ခိုက်မှုသည် ယခုအခါ၌ နှစ်ယောက် တစ်ယောက် ဖြစ်နေလေသည်။

ရန်ယွင်၏ စွမ်းရည်က အလွန်အမင်း သန်မာသည်ဆိုလျှင်ပင် နှစ်ယောက်ကို ဆန့်ကျင် တိုက်ခိုက်ပါက သူ့အတွက် အကျိုးရှိလိမ့်မည် မဟုတ်ပေ။ တိုက်ခိုက်မှုကြောင့် သူ့တွင် ဒဏ်ရာအများအပြား ရရှိထားသေးသည်။

ရန်ယွင်သည် ဖိအားပေး၍ မဟာလမ်းစဉ်၏ စွမ်းအားများကို ထုတ်ဖော်သည်။ အစီအရင် ပုံစံများသည် သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် တဖန် ပေါ်ပေါက်လာသည်။ ခမ်းနားသည့် အရှိန်အဝါသည် သူ့ကို လွှမ်းခြုံနေပြီး တောက်ပနေကာ သူ့ကို ကြည့်ရသည်မှာ တည်ငြိမ်နေ၏။

ဤသည်မှာ သူ လက်မရှောင်လိုခြင်း မဟုတ်ဘဲ ထိုသို့လုပ်၍ မရခြင်းသာဖြစ်သည်။

လီယောင်ထံအား အန္တရာယ်ကျရောက်၍ မရပေ။

ဤသည်မှာ သူ့ဆရာအတွက် ဖြစ်သည်။ သူ၏ အပြုအမူသည် အခြားမည်သည့် အကြောင်းကိစ္စဖြစ်စေ မည်သူ့အတွက်ဖြစ်စေ မဟုတ်ဘဲ သူ့ဆရာ၏ လုံခြုံရေးအတွက်သာ ဖြစ်သည်။ ထိုနေ့က ဆရာ သူ့ကို ပြောခဲ့သည့် စကားများသည် သူ့ကို ကြီးစွာ ထိတ်လန့်စိုးရွံ့စေခဲ့၏။

ကျိယွင်သည် သူ့ ရှေ့တွင် ရပ်နေသည့် ဂုဏ်ယူဖွယ် ကောင်းသည့် လူသားကို ကြည့်ကာ သက်ပြင်းချသည်။ ဤကဲ့သို့သော ပြိုင်ဘက်မျိုးသည် လေးစားဖို့ရာ အမှန်တကယ် ထိုက်တန်ပေသည်။

ကံမကောင်းသည်က သူတို့မှာ ဆန့်ကျင်ဘက်၌ ရပ်တည်နေကြသည်။

သူတို့ နှစ်ယောက်ကြား၌ လုပ်နိုင်သည့် အရာမှာ တိုက်ခိုက်ခြင်းသာ ဖြစ်လိမ့်မည်။

အခြားနေရာတစ်ခုတွင် လီယောင်သည် ထောင်ပေါင်းများစွာသော ဓားများ ကျဆင်းလာသည်ကို မြင်တွေ့ခဲ့ပြီး များပြားလှသည့် ရှီအဆင့် စစ်သည်များက ဓားမိုးရွာသွန်းမှုကြောင့် ကျဆုံးခဲ့ကြသည်။ ထိုအခိုက်တွင် သူသည် အင်ပါယာရှားဘုံမှ အရိပ်သက်တော်စောင့်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည်။ သူသည် မြန်နိုင်သမျှ မြန်အောင် ထွက်ပြေးရန် ကြိုးစားနေပြီး အလွန်ပင် အရှက်ရဖွယ် အခြေအနေနှင့် ကြုံတွေ့နေရ၏။

သူသည် စစ်ပွဲ၌ မပါဝင်ဘဲ လီမြို့စားအိမ်တော်တွင် နေနေရင်းနှင့် ထိုသို့ ကိုးရိုးကားရား အခြေအနေထဲ ကျရောက်ရမည်ဟု မထင်မိခဲ့ပေ။ ရန်ယွင်၏ ကာကွယ်ပေးမှု ရှိနေလျက်နှင့်ပင် သူသည် ထွက်ပြေးရန် ဖိအားပေး ခံနေရသည်။

“အရှင်မင်းသား ဒီလမ်းကို လာပါ”

အသံတစ်ခုက တစ်နေရာကနေ ပြောသည်။ လီယောင်သည် အသံနောက်မှ လိုက်ကာ ထိုနေရာ၌ ရှီအဆင့်စစ်သည် တစ်ဦးက သူ့အား လမ်းပြရန် စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက လီယောင်နှင့် အတော်လေး ရင်းနှီးနေသည်။ သူ့အား မင်းသား၃၏ လူဖြစ်နိုင်ပေသည်ဟု သူ ထင်မိပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset