ဝမ်ပေါင်လဲ့တွင် ရွေးချစ်စရာ နှစ်ခုသာ ရှိတော့သည်။ ရှေ့ဆက်တိုးမလား၊ နောက်ဆုတ်မလား ဟူ၍ပင်ဖြစ်သည်။
အကယ်၍ သူသည် နောက်ဆုတ်လိုက်မည်ဆိုပါက သူတို့ခြောက်ယောက်၏ တိုက်ကွက်များကို ရှောင်တိမ်းနိုင်မည် ဖြစ်သော်လည်း ရှစ်လက်မဝိညာဉ်အမြစ်ကို ရယူနိုင်တော့မည် မဟုတ်ပေ။ သို့သော် ၎င်းမှာ ထိုခြောက်ယောက်၏ ပစ်မှတ်လည်း ဖြစ်နေသောကြောင့် လမ်းခုလတ်မှ ကြားဖြတ်ဝင်လာသော ဝမ်ပေါင်လဲ့အား သူတို့၏ရှေ့တွင် ထိုရှစ်လက်မဝိညာဉ်အမြစ်ကို အလစ်သုတ်ခွင့် ပေးကြမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မဟုတ်ဘဲ အခြားတစ်ယောက်ယောက် ဖြစ်နေလျှင်တောင် ထိုခြောက်ယောက်မှာ ဒေါတသကြီး တိုက်ခိုက်ကြမည်သာဖြစ်သည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေခဲ့ကြသည်ဖြစ်ပြီး အခြားမည်သူ့ကိုမှ အောင်မြင်ခွင့် ပေးကြမည် မဟုတ်ပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ ရှေ့ဆက်တိုးလိုက်မည်ဆိုပါက သူသည် သူ့အား တိုက်ခိုက်ရန်အတွက် ပူးပေါင်းခဲ့ကြသည့် လူခြောက်ယောက်၏ရှေ့တွင် သူ၏ အံ့သြဖွယ်ကောင်းသော တိုက်ရည်ခိုက်ရည်များကို ထုတ်ပြရမည် ဖြစ်သည်။
” တောက်ကွာ။ ဘာကိစ္စ အလျှော့ပေးရမှာလဲ။ ငါ့ဆီမှာ ရွှေရောင်ခန္ဓာနဲ့ ဓမ္မအဆောင်တွေ အများကြီးရှိတာပဲ။ ဘယ်သူ့ကိုမှ မကြောက်ဘူးဟေ့ ”
ဝမ်ပေါင်လဲ့မှာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများမှာ ရှေ့တည့်တည့်သို့ စိုက်ကြည့်ရင်း သူသည် အရှိန်ထပ်၍ မြှင့်တင်လိုက်၏။
သူသည် ရှေ့သို့ပြေးထွက်သွားလိုက်ပြီး သူ၏ ညာလက်ကို အားပါပါ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ သိုလှောင်လက်ကောက်ထဲတွင် ရှိနေခဲ့သော အသေးစား ဓမ္မအဆောင်တံဆိပ်တော် ဆယ်ခုကျော် ချက်ချင်းပင် ထွက်ပေါ်လာ၏။ ၎င်းတို့၏နောက်တွင် ဓားပျံဆယ်လက်ကျော်မှာလည်း အမြန်ဆုံးသော အရှိန်ဖြင့် လေထဲသို့ ပျံထွက်လာ၏။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ ဓမ္မအလင်းရောင်များ တောက်ပနေသော ကြိုးဆယ်ချောင်းကျော်ကို ထိုခြောက်ယောက်ဆီသို့ ပစ်လွှတ်လိုက်၏။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ ခရမ်းရောင်နဂါး ကျောက်စိမ်းလည်ဆွဲကလေးနှင့် ရွှေခေါင်းလောင်းဒိုင်းကာအသွင် ပြောင်းလဲနိုင်သော ပုတီးစေ့ဆယ်လုံးကျော်ကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ပြန်သည်။ နောက်ဆုံးတွင်မူ သူကိုယ်တိုင် ပြုပြင်မွမ်းမံထားခဲ့သော တိုက်ခိုက်ရေးသုံး လက်အိတ်ကြီးကို ထုပ်ယူလိုက်၏။
ထိုသို့ဖြင့် သူသည် ချက်ချင်းပင် လက်နက်တန်ဆာ အပြည့်အစုံဖြစ်သွားပြီး ဓမ္မအဆောင် ရာပေါင်းများစွာက သူ့အား ဝန်းရံနေကြတော့သည်။ ထို့ကြောင့် သူ၏ အငွေ့အသက်ကြီးမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းတာတော့သည်။
ထိုမျှလောက်နှင့် ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်ပြတ်သားမှုကို အပြည့်အဝ ထုတ်ပြနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ပြတ်သားမှု အရိပ်အယောင်များ ဖုံးလွှမ်းနေသော မျက်ဝန်းတစ်စုံဖြင့် သူ၏ အစွမ်းထက်ဆုံး လှည့်ကွက်ကို ထုတ်သုံးလိုက်တော့သည်။
” ရုပ်သေးရုပ်တွေ ”
ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းကာ ရာနှင့်ချီသော ရုပ်သေးရုပ်များကို ထုတ်ယူ၍ သူ၏ရှေ့တွင် လူသားတံတိုင်းတစ်ခု ဖန်တီးလိုက်၏။ ၎င်းတို့မှာ တဝေါဝေါမြည်ကာ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေသော လှိုင်းလုံးများပမာ ထိုခြောက်ယောက်ဆီသို့ စစ်တပ်ကြီးတစ်ခုကဲ့သို့ ချီတက်သွားကြ၏။
ထို့နောက် ဝမ်ပေါင်လဲ့က အသံကျယ်ကျယ်နှင့် ညည်းတွားလိုက်ပြီး သူ၏နောက်ရှိ ရွှေရောင်သွေးချီပင်လယ်ကြီးကို စီးနင်းကာ လေပြင်းမုန်တိုင်းများနှင့် လျှပ်စီးများ ပေါင်းစည်းသွားရာမှ ပေါ်ထွက်လာသည့် စွမ်းအားမျိုးဖြင့် ထို ရှစ်လက်မဝိညာဉ်အမြစ်ဆီသို့ ဦးတည်သွား၏။
” အဲဒီ ဝိညာဉ်အမြစ်က ငါ့အပိုင်ပဲ။ မင်းတို့တွေ ငါ့လက်ထဲကနေ လုသွားမယ် မကြံနဲ့။ မင်းတို့တွေ လမ်းဖယ်ပေးမှာလား၊ မဖယ်ပေးဘူးလား ”
အဝေးမှ ကြည့်လိုက်ပါက ထိုနေရာတစ်ခုလုံးတွင် မရေမတွက်နိုင်လောက်အောင် များပြားသော ရုပ်သေးရုပ်များနှင့် ဓမ္မအဆောင်များဖြင့် ပြည့်နှက်နေသည်ကို မြင်နိုင်ပေသည်။ ရှေးဟောင်းသိုင်းအဆင့်တွင်မူ ထိုမြင်ကွင်းကို ကြည့်နေကြသည့် လူတိုင်း၏ အမြင်တွင် သူတို့၏ ပုံစံများမှာ အလွန် အံ့ဩဖွယ်ရာကောင်းနေပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်း၏။
ထိုမြင်ကွင်းကြောင့် လီယီနှင့် သူမ၏အဖော်များမှာ စိုးရိမ်သွားကြ၏။ သူတို့မှာ ဦးခေါင်းများ ထုံကျဥ်ကိုက်ခဲသွားကြသည်။ ဝမ်ပေါင်လဲ့၏ ဓမ္မအဆောင်များမှာ အဆမတန် များပြားနေသည် မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ရှိရှိသမျှ အရာအားလုံးကို လောင်းကြေးထပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်ရာ လူတိုင်း အံ့ဩတုန်လှုပ်ကာ အသက်ပင် မရှူနိုင်တော့ပေ။
” မင်း ရူးနေတာလားကွ။ ဝမ်ပေါင်လဲ့ … ဒီလောက် ခက်ခက်ခဲခဲ တိုက်ခိုက်နေရတာ ဘာအကျိုးရှိလို့လဲ။ ဒီနားတစ်ဝိုက်မှာ ရှစ်လက်မဝိညာဉ်အမြစ်က တစ်ခုတည်း ရှိတာမဟုတ်ဘူးလေ ”
လီယီတစ်ယောက်သာ ဝေခွဲမရဖြစ်နေခြင်းမဟုတ်ဘဲ ဝူဖန်၊ ချမ့်မုန့်၊ အနက်ရောင်မျက်နှာနှင့် လူငယ်လေးတို့အပြင် အခြားသူများအားလုံးမှာလည်း ဤအခြေအနေကြီးကို နားမလည်နိုင်လောက်အောင် ဖြစ်သွား၏။ ဝမ်ပေါင်လဲ့မှာ သူတို့၏တိုက်ကွက်များကို လိုအပ်သည်ထက်ပို၍ တုံ့ပြန်တိုက်ခိုက်လိုက်သည်ဖြစ်ရာ သူတို့မှာ ဇဝေဇဝါ ဖြစ်သွားကြပြီး ချီတုံချတုံ ဖြစ်နေကြတော့သည်။
သို့သော် ရှစ်လက်မဝိညာဉ်အမြစ်မှာ သူတို့၏ မျက်လုံးရှေ့တွင် ရှိနေသည်ဖြစ်ရာ လက်လျှော့ရန် မဖြစ်နိုင်ပေ။ ဝူဖန်မှာ ချက်ချင်းပင် သူ၏လျှာထိပ်ကို ကိုက်၍ ရဲရဲနီနေသော သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။ ထို့နောက် သူ စတင်လှုပ်ရှားလိုက်သောအခါ သွေးများမှာ သွေးချီလက်ဝါးကြီးတစ်ခုအသွင် ထပ်၍ ပြောင်းလဲသွားပြီး သူ၏ တိုက်ကွက်ကြီးကို အားဖြည့်ပေးလိုက်သည်။
လီယီနှင့် အခြားသူများမှာလည်း အံကြိတ်ကာ ဆက်လက် တိုက်ခိုက်လိုက်ကြပြန်သည်။ ထိုအခိုက်အတန့်တွင် သူတို့၏ ကျင့်ကြံခြင်းပညာရပ်များနှင့် ဓမ္မအဆောင်များသာမက အဆိပ်ငွေ့များနှင့် မန္တန်အစီအရင်များမှာ ဝမ်ပေါင်လဲ့၏ ဓမ္မအဆောင်များနှင့် ရုပ်သေးရုပ်တပ်ဖွဲ့ကြီးတို့ဖြင့် ထိပ်တိုက်ရင်ဆိုင်သွားကြတော့သည်။
ထို့နောက် နားစည်များ ကွဲအက်သွားနိုင်လောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံ ပေါ်ထွက်လာပြီး ပဲ့တင်ထပ်ကာ အရပ်မျက်နှာအနှံ့သို့ တုန်ရီပျံ့နှံ့သွား၏။ ထိုအသံကြီးမှာ အနီးအနားရှိ တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများဆီသို့ပင် ရောက်ရှိသွား၏။ သူတို့မှာ ကယောင်ချောက်ချား ဖြစ်နေကြပြီး တိုက်ပွဲကြီးက ဇာတ်ရှိန်အမြင့်ဆုံး ဖြစ်နေသည့်အချိန်တွင် ဝမ်ပေါင်လဲ့၏ ကြိုးဆယ်ချောင်းကျော်မှာ ချက်ချင်းပင် ထွက်ပေါ်လာ၏။
ထိုကြိုးများကို ဝမ်ပေါင်လဲ့ကိုယ်တိုင် ပြုပြင်မွမ်းမံ ထားသည်ဖြစ်သည်။ ၎င်းတို့မှာ အရင်ဆုံး ဝူဖန်၏ သွေးချီလက်ဝါးကြီးကို ရစ်ပတ်ကာ ပေါက်ကွဲသွားကြသဖြင့် ထိုလက်ကြီးမှာ ပေါက်ကွဲမှုဒဏ်ကြောင့် တစ်စစီဆုတ်ပြဲကာ ပျက်စီးသွား၏။
ထို့နောက် သံလိုက်အား၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ဓားပျံများမှာ မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ပျံထွက်လာ၏။ ၎င်းတို့အားလုံးပေါ်တွင် အလိုလို ပေါက်ကွဲနိုင်သည့် ကမ္ဗည်းစာလုံးများကို ရေးထိုးထားသည်၏။ ထို့ကြောင့် ၎င်းတို့မှာ အခြားပစ္စည်းများနှင့် ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ထုတ်ချင်းဖောက်သွားပြီးနောက် အလိုလို ပေါက်ကွဲသွားမည်ဖြစ်ရာ နှစ်ကြိမ်တိတိ ထိခိုက်ဒဏ်ရာရသွားမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ကျွမ်းကျင်သေသပ်သော ထိန်းချုပ်မှုအောက်တွင် ထိုဓားများမှာ လီယီ၏ မီးကျောက်စိမ်းလည်ဆွဲဆီသို့ ဦးတည်သွားကြ၏။ ထိုနောက် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ထိုမီးကျောက်စိမ်းလည်ဆွဲမှာ မည်မျှပင် အစွမ်းထက်စေကာမူ ဓားပျံများ၏ ပေါက်ကွဲမှုဒဏ်နှင့် ယုံကြည်နိုင်ဖွယ်ရာမရှိသော အမြန်နှုန်းများကို ခုခံနိုင်စွမ်း မရှိပေ။ ထို့ကြောင့် ပေါက်ကွဲမှု အသံကြီးနှင့်အတူ ထိုမီးကျောက်စိမ်းလည်ဆွဲမှာ ငြိမ်သက်သွား၏။ ၎င်းမှာ တစ်စစီ ပျက်စီးသွားခြင်း မရှိပါသော်လည်း ဓားပျံများကြောင့် အဝေးသို့ လွင့်ထွက်သွား၏။
အသေးစားတံဆိပ်တော် ဆယ်ခုကျော်၏ ပစ်မှတ်မှာ အနက်ရောင်မျက်နှာနှင့် လူငယ်လေးမဟုတ်သလို လီဖုန်းနှင့် ချန်လင်းယီတို့လည်း မဟုတ်ပေ။ ၎င်းတို့၏ ပစ်မှတ်မှာ ချမ့်မုန့်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ချမ့်မုန့်၏ အဆိပ်ငွေ့ကြီးကို အလွန် ကြောက်ရွံ့ကာ စိုးရိမ်နေ၏။ အသေးစား တံဆိပ်တော်များမှာလည်း ထိုအဆိပ်ငွေ့ကြီးဆီသို့ ချဉ်းကပ်သွားလိုက်ပြီးနောက် ပေါက်ကွဲသွားကြ၏။ ထို့နောက် ၎င်းတို့မှာ အပြင်းအထန် တိုက်ခတ်နေသော လေပြင်းများအသွင် ပြောင်းလဲသွားကြသဖြင့် ထို အဆိပ်ငွေ့များမှာ လွင့်စင်ပျောက်ကွယ်သွားကြပြီး အဆိပ်ပိုးမွှားပေါင်း မြောက်မြားစွာ ပေါ်ထွက်လာ၏။ သို့သော် ထိုပိုးမွှားအများစုမှာ တစ်စစီ ဆုတ်ပြဲသွားကြပြီဖြစ်သလို ကျန်ရှိနေသေးသော ပိုးမွှားများအားလုံးမှာလည်း လူးလွန့်နေကြပြီ ဖြစ်သည်။
” ဝမ်ပေါင်လဲ့။ နင်က ဓမ္မအဆောင်တွေ သုံးနေတာလား၊ ဗုံးတွေ သုံးနေတာလားဟ ”
လီယီနှင့် အခြားသူများမှာ ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ ဝမ်ပေါင်လဲ့၏ ဓမ္မအဆောင်အားလုံးမှာ အလိုလို ပေါက်ကွဲနိုင်သည့် ဂုဏ်သတ္တိများ ပါဝင်နေသောကြောင့် သူတို့အားလုံး အလွန် စိတ်ပျက်လက်ပျက်ဖြစ်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ပေါက်ကွဲမှု ပညာအား အသုံးပြုကာ သူတို့ခြောက်ယောက်အား တစ်ယောက်တည်း လျင်မြန်သွက်လက်စွာ ရင်ဆိုင်တိုက်ခိုက်နေသည် ဖြစ်ရာ သူတို့မှာ မျက်လုံးများနှင့်ပင် လိုက်မီအောင် မကြည့်နိုင်တော့ဘဲ ဖြစ်နေရသည်။ ဝမ်ပေါင်လဲ့၏ ဓမ္မအဆောင်များမှာ သူတို့သုံးယောက်၏ တိုက်ကွက်များကို ခုခံတွန်းလှန်လိုက်ပြီးနောက် သူ၏ ရုပ်သေးရုပ်များမှာ လူသားတံတိုင်းတစ်ခု ဖန်တီးလိုက်ကြပြီး လီဖုန်းနှင့် ချန်လင်းယီတို့၏ လျှို့ဝှက်ဆန်းကြယ်ရတနာများဖြစ်သော ဓားပျံများနှင့် အနက်ရောင်မျက်နှာနှင့်လူငယ်လေး၏ မန္တန်အစီအရင်တို့နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။
ရုပ်သေးရုပ်များမှာ အလွန် များပြားနေသောကြောင့် သူတို့မှာ ထိုတိုက်ကွက်များကို ပိတ်ပင်တားဆီးလိုက်ပြီးနောက် လူစုခွဲကာ အခြားသူများဆီသို့ ဦးတည်သွားကြတော့သည်။ ထိုရုပ်သေးရုပ်များမှာ အလွန် တောင့်တင်းမာကြောပြီး ထိခိုက်ဒဏ်ရာများ ရထားသည့်တိုင်အောင် လှုပ်ရှားနိုင်စွမ်း ရှိနေဆဲပင်။ ထို့ကြောင့် အရားအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ထိုကျောင်းသားများမှာ စိုးရိမ်စိတ်များ ကြီးထွားလာကြသလို မခံမရပ်နိုင်လည်း ဖြစ်သွားကြတော့သည်။
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့အား ရွှေခေါင်းလောင်းဒိုင်းကာကြီးက လွှမ်းခြုံသွား၏။ ထို့အပြင် ခရမ်းရောင်နဂါးလေး၏ ခုခံကာကွယ်နိုင်စွမ်းလည်း ရှိနေသေးသည်ဖြစ်ရာ သူသည် ဘယ်ညာ နှစ်ဘက်စလုံးမှနေ၍ သူ့ဆီသို့ ချဉ်းကပ်လာနေကြသော အခြား ဓမ္မအဆောင်များ၏ ရိုက်ခတ်မှုကို ခုခံနိုင်စွမ်းရှိသွား၏။ ထို့နောက် သူ၏ အမြန်နှုန်းမှာ တစ်မုဟုတ်ချင်း ထိုးတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း သူသည် ရှစ်လက်မဝိညာဉ်အမြစ်၏ ရှေ့တွင် ပေါ်လာ၏။
” ငါ့ကို မတိုက်ခိုက်ကြပါနဲ့ကွာ။ ဒါတွေ ပြီးသွားရင် ငါ မင်းတို့ အကုန်လုံးကို ထမင်းကောင်းကောင်း လိုက်ကျွေးပါမယ်။ အခုတော့ ငါ ဒီ ရှစ်လက်မဝိညာဉ်အမြစ်ကို ယူသွားလိုက်မယ်နော်။ ဟုတ်ပြီလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူ၏ ပန်းတိုင်မှာ အစကတည်းက ရှစ်လက်မဝိညာဉ်အမြစ်ကို ရယူနိုင်ရန်သာ ဖြစ်သည်။ သူသည် လီယီနှင့် သူမ၏ အပေါင်းအပါများကို တားဆီးချင်သောကြောင့်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံး ယောက်ယက်ခတ်နေကြသည့် အချိန်တွင် သူသည် ရှစ်လက်မဝိညာဉ်အမြစ်အား တန်း၍ တိုက်ခိုက်လိုက်၏။
ထို ရှစ်လက်မဝိညာဉ်အမြစ်မှာ အစွမ်းထက်ပါသော်လည်း ဒဏ်ရာရထားပြီးသား ဖြစ်သည်။ ထို့အပြင် နှစ်ဘက်စလုံးမှ ဓမ္မအဆောင်များမှာ ၎င်းအတွက် အကာအကွယ်မရှိသော နေရာများတွင် ပေါက်ကွဲခဲ့သေးသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ အပြင်းအထန် ဒဏ်ရာရနေပြီး တစ်စစီပျက်စီးတော့မည့် အရိပ်အယောင်များ ပြနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့ တိုက်ခိုက်လိုက်သောအခါ ထိုရှစ်လက်မဝိညာဉ်အမြစ်ကြီး၏ ခန္ဓာကိုယ်အနှံ့အပြားတွင် အက်ကွဲကြောင်းများ ပေါ်လာ၏။ ၎င်းမှာ တစ်စစီ ပြိုကွဲသွားတော့မည်ဖြစ်သည်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားပြီး ထိုရှစ်လက်မဝိညာဉ်အမြစ်၏ ရင်ဘတ်တည့်တည့်အား အားပါပါ ထိုးနှက်လိုက်ပြန်သည်။ သူ၏ လက်သီးချက်ကြောင့် ထိုဝိညာဉ်အမြစ်မှာ တစ်စစီ ပြိုကွဲပျက်စီးသွားတော့မည်ဖြစ်ကြောင်း သူက အပြည့်အဝ ယုံကြည်ထားသည်။
လီယီနှင့် အခြားသူများမှာမူ ပူပန်သောကရောက်ကာ စိုးရိမ်တကြီး ဖြစ်နေရပြီဖြစ်သည်။ ထိုအချိန်တွင် သမင်ဖြူတာအိုကျောင်းခွဲမှ အနက်ရောင်မျက်နှာနှင့် လူငယ်လေး၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖျတ်ခနဲလက်သွား၏။ ထို့နောက် သူသည် ရှေးဟောင်း မန္တန်အစီအရင် သံလိုက်အိမ်မြောင်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ညာလက်ဖြင့် အားပါပါဖိချလိုက်သည်။
” ခန္ဓာကိုယ်၊ ချုပ်နှောင်စေ ”
သူ ထိုကဲ့သို့ ရေရွတ်လိုက်သောအခါ ထိုသံလိုက်အိမ်မြောင်ထဲမှနေ၍ လေပြင်းများ ချက်ချင်းတိုက်ခတ်လာ၏။ အနက်ရောင်မျက်နှာနှင့် လူငယ်လေး၏ ဆံပင်များမှာ လေထဲတွင် ဖွာလန်ကြဲသွားပြီး ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်ချီများမှာ စုဝေးလာကြပြီး မျက်လုံးဖြင့် မမြင်နိုင်သော သမုဒ္ဒရာကြီး တစ်စင်းကဲ့သို့ အရပ်မျက်နှာအနှံ့မှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ ချဉ်းကပ်လာကြသည်။ ၎င်းတို့မှာ အချုပ်အနှောင်တစ်ခုအသွင် ပြောင်းလဲသွားကြမည့် ပုံပင်။
ဝမ်ပေါင်လဲ့မှာ ထိုအနက်ရောင်မျက်နှာနှင့် လူငယ်လေးထံမှ ယခုလို တန်ပြန်တိုက်ကွက်တစ်ခု ပေါ်ထွက်လာလိမ့်မည်ဟု ထင်မထားခဲ့သောကြောင့် ထခုန်လုမတတ် အံ့အားသင့်သွား၏။
ထိုမျှလောက်နှင့် မပြီးသေးပေ။ ထိုအနက်ရောင်မျက်နှာနှင့် လူငယ်လေး၏ နှုတ်ခမ်းအစွန်းမှ သွေးများစီးကျလာပြီး သူသည် လေသံတိုးတိုးဖြင့် ထပ်၍ ညည်းတွားလိုက်ပြန်သည်။
” ဓမ္မ၊ ချုပ်နှောင်စေ ”
ထိုအခါ ဝိညာဉ်ချီများ ထပ်၍ပေါ်ထွက်လာပြီး ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့ဆီသို့ မဟုတ်ဘဲ သံလိုက်အိမ်မြောင်၏ အလယ်ဗဟိုဆီသို့ ဦးတည်လာကြသည်။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ရုပ်သေးရုပ်များနှင့် ၎င်းတို့၏ ဝိညာဉ်အမြုတေများပေါ်တွင် ရေးထိုးထားသော ကမ္ဗည်းစာလုံးများကြားရှိ ဆက်သွယ်မှု အချိတ်အဆက်များကို နှောင့်ယှက်ကာ ဖြတ်တောက်လိုက်သည့်ပုံပင်။ ထို ရုပ်သေးရုပ်များမှာ အပြင်းအထန် တုန်ရီသွားကြပြီး အကြောသေသလို ဖြစ်ကာ ရပ်တန့်သွားကြတော့သည်။
ထိုအခါ အခြားငါးယောက်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြကာ မတ်တတ်ထလာကြပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြတော့သည်။
” ဒီနည်းလမ်း ရှိသေးတာလားဟ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်၏။ သူသည် အာနာပါနအဆင့် ဝါရင့်တစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်သည်အထိ တိုက်ရည်ခိုက်ရည် ကြွယ်ဝနေပါသော်လည်း အာနာပါနအဆင့်၏ ဖိအားကို ပိုင်ဆိုင်ထားခြင်းမရှိပေ။
ထို့ကြောင့် သူသည် မာန်မာန ထောင်လွှားကာ စိတ်ကြီးဝင်နေခဲ့ခြင်း မရှိသလို အခြားတာအိုကျောင်းမှ ပါရမီရှင်များကိုလည်း အထင်သေးခဲ့ခြင်းမရှိပေ။ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားပြီး သူသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်သွေးချီသမုဒ္ဒရာကြီး ချက်ချင်းပင် ပေါ်ထွက်လာပြီး အချုပ်အနှောင်ကြောင့် အရပ်မျက်နှာအနှံ့မှ သူ့ဆီသို့ စီးဆင်းလာနေကြသော ဝိညာဉ်ချီများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။
ထို ရိုက်ခတ်မှုကြောင့် ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်မှ ပေါ်ထွက်နေသည့် ရွှေရောင်အလင်းတန်းက ပို၍ပင် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာ၏။ ထိုအလင်းတန်းကြီးမှာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွားပြီး သူ၏ပတ်ပတ်လည်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ပေါ်ထွက်လာသည်။ ၎င်းမှာ အချုပ်အနှောင်ကြီးကို တားဆီးနေသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ ရပ်တန့်နေခြင်းမရှိဘဲ ထိုအခွင့်အရေးကို အသုံးချကာ ရှစ်လက်မဝိညာဉ်အမြစ်၏ ရင်ဘတ်အား အားပါပါ ထိုးနှက်လိုက်တော့သည်။
” ပျက်စီးစေ ”
အုန်း
လီယီနှင့် အခြားသူများ ရောက်လာသောအခါ ထို ရှစ်လက်မဝိညာဉ်အမြစ်ကြီးမှာ တစ်စစီ ပျက်စီးသွားပြီဖြစ်ပြီး အစိမ်းရောင် မြူခိုးများအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့၏ လက်သီးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။
ထို့နောက် ရှစ်လက်မဝိညာဉ်အမြစ်ကြီးမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ခုနစ်လက်မဝိညာဉ်အမြစ်၏ နေရာကို အစားထိုးလိုက်၏။
ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ရှစ်လက်မဝိညာဉ်အမြစ်ကြီးကို အာရုံခံမိလိုက်သောကြောင့် ဟက်ဟက်ပက်ပက် ရယ်မောကာ ကျန်ရှိနေသေးသော ဓမ္မအဆောင်များနှင့် ရုပ်သေးရုပ်များကို သူ၏ သိုလှောင်လက်ကောက်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ပြေးသွားတော့သည်။
” ရန်မဖြစ်ကြပါနဲ့ မိတ်ဆွေလေးတို့။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ကတိတည်ပါတယ်ကွ။ ဒီကနေ ထွက်ခွာပြီးရင် ငါ မင်းတို့ကို တစ်ဝကြီး ဧည့်ခံကျွေးမွေးပါ့မယ်။ မင်းတို့ ကြိုက်တာစားလို့ရတယ်။ ငါက ဓမ္မလက်နက်ဌာနကဆိုတော့ ငွေရေးကြေးရေးက ခြေသလုံးမွေးပဲလေ ”
အနက်ရောင်မျက်နှာနှင့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရပြီး ရှစ်လက်မဝိညာဉ်အမြစ်ကြီး သူ၏မျက်စိရှေ့တွင် စုပ်ယူခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ အလွန် စိတ်ပျက်သွား၏။ ထို့နောက် သူသည် သက်ပြင်းချလိုက်ပြီး သံလိုက်အိမ်မြောင်ကို သိမ်းဆည်းကာ လက်လျှော့လိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ နင် ထမင်းကျွေးကျွေး မကျွေးကျွေး ဘယ်သူကမှ ဂရုမစိုက်ဘူးဟဲ့ ”
လီယီမှာလည်း ဒေါသတကြီး အော်ဟစ်လိုက်ပါသော်လည်း ရပ်တန့်သွား၏။ သူမမှာ မကျေမချမ်း ဖြစ်နေသည့်တိုင်အောင် ယခုအခြေအနေကို လက်ခံလိုက်ရမည်သာဖြစ်ကြောင်း နားလည်ထား၏။
ဝူဖန်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ချမ့်မုန့်မှာလည်း အရုပ်ဆိုးသော မျက်နှာအမူအရာကြီးဖြင့် ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့၏ နောက်ကျောအား စူးရှစွာ စိုက်ကြည့်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ ရှစ်လက်မဝိညာဉ်အမြစ်အား အလစ်သုတ်သွားခဲ့သည့်တိုင်အောင် ဤကဲ့သို့ တိုတောင်းလှသော တိုက်ပွဲလေးထဲတွင် သူတို့အားလုံး ဝမ်ပေါင်လဲ့၏ စွမ်းပကားကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရ၏။ သူတို့မှာ သူနှင့်သာ တစ်ယောက်ချင်းစီ တိုက်ခိုက်ရမည်ဆိုပါက မည်သူကမှ ယှဉ်နိုင်မည် မဟုတ်ကြောင်းကို နားလည်ထားကြသည်။
” ဒီဖက်တီးက တော်တော်ကို အစွမ်းထက်တာပဲ။ သူ့မှာ ဓမ္မအဆောင်တွေ အများကြီးရှိနေတာ။ ပြီးတော့ သူ့ကို တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး ”
လီဖုန်းနှင့် ချန်လင်းယီတို့မှာ ရှုံ့မဲ့မဲ့သာ ရယ်မောနေကြတော့သည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြပြီး အခြား ရှစ်လက်မဝိညာဉ်အမြစ်များကို ဆက်လက်ရှာဖွေရန် နောက်သို့လှည့်ကာ ထွက်ခွာသွားကြတော့သည်။