နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် သူ၏ နေ့ဓဒူဝအတိုင်း မနက်စောစောနိုးလာ၏။ ဤဟိုတယ်က ပန်းခြံအတွင်း၌ တည်ဆောက်ထားသဖြင့် ရဲ့လင်းချန်အတွက် အဆင်ပြေပြီး ပန်းခြံထဲ၌ မနက်ခင်း လမ်းထ လျှောက်နိုင်လေသည်။
သူ လမ်းလျှောက်နေစဉ်အတွင်း ပန်းခြံက အတော်လေး ကြီးမားကြောင်း သတိပြုလိုက်မိသည်။ ဟိုတယ်အပြင် ပန်းခြံအတွင်း၌ အိမ်တော်တစ်ချို့လည်း ရှိသည်။ သစ်ပင်ကြီးများ ကြားထဲမှနေ၍ အုတ်နီခဲများနှင့် အပြာရောင် တိုင်များကို မြင်နေရသည်။ ဤနေရာက အလွန် နေရထိုင်ရ အေးဆေးလှသည်။
ဤနေရာ၌ နေထိုင်သူများက ချမ်းသာ၍ ဩဇာကြီးသောလူများ ဖြစ်ကြောင်းကိုမူ ပြောနေစရာပင် မလိုတော့ချေ။ မနက်ခင်း လမ်းလျှောက်နေရင်းနှင့် မြစ်ဘေး၌ နေရာလွတ်တစ်ခုကို ရဲ့လင်းချန် တွေ့လိုက်သဖြင့် ထိုနေရာ၌ အရဟာ လက်သီးကို လေ့ကျင့်လိုက်သည်။
သုံးနာရီကြာပြီးနောက် တိတ်ဆိတ်နေသော ပန်းခြံတွင် ခြေသံများ များပြားလာ၏။ သက်ကြီးရွယ်အိုများက အဖွဲ့လိုက် လမ်းလျှောက်လာပြီး နေရာယူကာ သူတို့၏ ထိုက်ကျိ လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်း လုပ်နေကြသည်။ သူတို့၏ လှုပ်ရှားမှုက သပ်ရပ်လှသည်။
သူတို့ကို သူ တစ်ခဏမျှ ကြည့်နေပြီးနောက် နေရာရွှေ့လိုက်သည်။ သို့သော် သူ နောက်ထပ် မြေနေရာ အလွတ်တစ်ခုသို့ ရောက်သောအခါ တစ်ခဏမျှ ရပ်လိုက်မိသည်။
မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်အောက်၌ အဖြူရောင် အားကစားဝတ်စုံ ဝတ်ထားသည့် မိန်းမပျိုလေး တစ်ယောက်က သိုင်းလေ့ကျင့်နေသည်။ ဘေးနားတွင် အဘိုးအိုတစ်ယောက်က တစ်ခါတရံ ချောင်းဆိုးရင်း ကြည့်နေ၏။ သူက မိန်းမပျိုလေးကို ရံဖန်ရံခါ ညွှန်ကြားမှုများ လုပ်ပေးနေသည်။ ထိုအဘိုးအို၏ အနောက်၌ အနက်ရောင်ဝတ်စုံနှင့် သက်တော်စောင့် နှစ်ယောက်က စောင့်ရှောက်ပေးနေ၏။
*သူတို့က ဆေးရုံကို ရောက်လာတဲ့ အဘိုးနဲ့ မိန်းကလေး မဟုတ်လား*
ရဲ့လင်းချန် မျက်မှောင်ကြုတ်မိသွားသည်။ သူတို့က ပေကျင်းမှ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
*သူတို့ရဲ့ လှုပ်ရှားမှုတွေက တော်ဝင်ဆန်နေတာက အံ့ဩစရာ မရှိတော့ဘူးပဲ*
ထိုအချိန်က သူ့ကြောင့်သာ မဟုတ်လျင် ထိုအဘိုးအို သေစာရင်း အသွင်းခံနေရလောက်သည်။ ထိုအဘိုးအို၏ မျက်နှာက ယခင်အတိုင်း ဖြူရော်နေသော်လည်း တစ်ခါတခါမှသာ ချောင်းဆိုးတော့သည်။
ရဲ့လင်းချန်၏ အာရုံက မိန်းမပျိုလေးထံ၌သာ ကျရောက်နေသည်။ သူ့အကြည့်က သူမ၏ လှုပ်ရှားမှုကို စိတ်ဝင်စားကြောင်း ပြသနေ၏။
*ဒီကောင်မလေးရဲ့ လှုပ်ရှားမှုက … ဒါ … သိုင်းပညာလား*
သူ အရဟာ လက်သီးကိုသာ မလေ့လာမိထားလျင် ရဲ့လင်းချန် ထိုသို့သောအတွေးမျိုး ရလာမည် မဟုတ်ပါ။
*ဒီဘက်ခေတ်ထဲမှာ သိုင်းပညာ လေ့ကျင်တဲ့လူ ရှိသေးတာလား*
ရဲ့လင်းချန် အံ့ဩသွားပြီး သူတို့အနားသို့ ဖြည်းဖြည်းချင်း တိုးသွားမိသည်။ ထိုမိန်းမပျိုလေးသည် သူမ၏ သိုင်းပညာ၌ အလွန် အာရုံစိုက်ထားသည်။ လက်သီးချက်တိုင်း၌ လေတိုးသံများ ထွက်ပေါ်နေ၏။ သူမ၏ ရှည်လျား သွယ်လျသော ကိုယ်ခန္ဓာလေးမှ ရဲစွမ်းသတ္တိရှိသော မိန်းမလှလေးတစ်ယောက်၏ အရှိန်အဝါမျိုး ထုတ်ဖော်နေ လေသည်။
“ခါးကိုမတ်ထား၊ ကိုယ်နေဟန်ထားကို ကျစ်လျစ်နေအောင်လုပ်၊ ထိုးလိုက်တဲ့အချိန် တုံ့ဆိုင်းမနေနဲ့”
အဘိုးအိုသည် ချောင်းတဟွတ်ဟွတ်ဆိုးနေရင်းနှင့် ဘေးနားမှ အသံမာမာနှင့် သင်ပြပေးနေ၏။
[လင်းရှို့ရွှယ်၏ သိုင်းလေ့လာခြင်းမှ ရှစ်ဆပြင်းထန် လက်သီးသိုင်း စွမ်းရည် တစ်မှတ် ရရှိပါတယ်]
[လင်းရှို့ရွှယ်၏ သိုင်းလေ့လာခြင်းမှ ရှစ်ဆပြင်းထန် လက်သီးသိုင်း စွမ်းရည် တစ်မှတ် ရရှိပါတယ်]
[လင်းရှို့ရွှယ်၏ သိုင်းလေ့လာခြင်းမှ ရှစ်ဆပြင်းထန် လက်သီးသိုင်း စွမ်းရည် တစ်မှတ် ရရှိပါတယ်]
…
သူ အနားသို့ တိုးသွားလေ သူ့အတွေးထဲ၌ စွမ်းရည် အမှတ်ရရှိသည့် စာတိုများ ဆက်တိုက် ရလာလေ ဖြစ်လာသဖြင့် ရဲ့လင်းချန် အံ့ဩသွားရသည်။
*သူတို့ လေ့ကျင့်နေတာက ရှစ်ဆပြင်းထန် လက်သီးသိုင်းလား*
အရဟာ လက်သီးသိုင်းကို လေ့လာခဲ့ပြီးနောက် ရဲ့လင်းချန်သည် သိုင်းပညာနှင့် ပတ်သက်သော စာအုပ်မျိုးစုံကို ရှာဖွေခဲ့ပါသည်။ သူ လေ့ကျင့်နိုင်သည့်အရာတစ်ခုမှ မတွေ့ခဲ့သော်လည်း သိုင်းပညာ၏ လျှို့ဝှက်ချက် တော်တော်များများကို သူ လေ့လာခဲ့ရသည်။
ရှစ်ဆပြင်းထန် လက်သီးသိုင်းသည် ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှုအတွက် ကျော်ကြားပြီး လက်တွေ့ တိုက်ခိုက်မှု၌ အသုံးတည့်သည်။ ဤသိုင်းကွက်သည် တိုက်ခိုက်ခြင်းနှင့် လေ့ကျင့်ခြင်းတို့ ပေါင်းစပ်ထားသည့် သိုင်းပညာတစ်မျိုး ဖြစ်လေသည်။
၎င်း၏ တကယ့် တိုက်ခိုက်ရာ၌ အသုံးဝင်မှုကြောင့် စစ်သည်တော် လေ့ကျင့်ရေးဌာနနှင့် လက်နက်ကိုင် ရဲတပ်ဖွဲ့တို့တွင် ရှစ်ဆပြင်းထန် လက်သီးသိုင်းကွက်ထဲမှ လုံးထွေးသတ်ပုတ်ခြင်း၊ ကိုင်ပေါက်ခြင်းနှင့် ထိုးနှက်ခြင်း နည်းစနစ်တို့ကို လေ့ကျင့်ကြရသည်။
နိုင်ငံရေးသမားများ၏ သက်တော်စောင့် တော်တော်များများသည် ရှစ်ဆပြင်းထန် လက်သီးသိုင်းကို ကျင့်ကြံသူများ ဖြစ်ကြလေသည်။
ရှစ်ဆပြင်းထန် လက်သီးသိုင်း၌ “အသက်ရှိသရွေ့ သစ္စာရှိ ဖြောင့်မှတ်၍ ခန္ဓာကိုယ်အား ဒိုင်းသဖွယ် သတ်မှတ်ကာ အတ္တကင်းကင်းနှင့် အများအတွက် အန္တရာယ်ကို အရင် ရင်ဆိုင်မည်” ဟူသည့် ကိုယ်ပိုင်ဆောင်ပုဒ်လည်း ရှိသည်။
ရှစ်ဆပြင်းထန် လက်သီးသိုင်းကို လေ့ကျင့်နိုင်သဖြင့် ဤအဘိုးအိုနှင့် မိန်းမလှလေး၏ နောက်ခံက စိတ်ဝင်စားဖွယ် ကောင်းလှသည်။
မိန်းမပျိုလေး၏ ခန္ဓာကိုယ်၌ ချွေးများ ရွှဲနစ်နေပြီး သူမ၏ သေးသွယ်သော ခါးအလှက ပေါ်လွင်ကာ အဝတ်အစားက ကိုယ်နှင့် ကပ်ညိနေသဖြင့် သူမ၏ ရင်ဘတ်တစ်ဝိုက်မှ ကောက်ကြောင်းများက သိသိသာသာ ထင်ပေါ်နေ၏။
အချိန်တစ်ချို့မျှ လေ့လာပြီးနောက် သူ၏ စွမ်းရည်အဆင့်က နှစ်ဆယ်ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။ သူ ထင်ထားသည့်အတိုင်းပင် ဤမိန်းမပျိုလေး၏ ရှစ်ဆပြင်းထန် လက်သီးသိုင်းက ပြီးပြည့်စုံရန် အတော်လေး အလှမ်းကွာနေသေးသည်။ သူမ၏ ကိုယ်နေဟန်ထားက မှန်ကန်သော်လည်း အနှစ်သာရ ကင်းမဲ့နေသည်။
စနစ်၏ ဆင့်ကဲပြုပြင်ပေးမှုကြောင့် သူ၏ စွမ်းရည်က နှစ်ဆယ် ရာခိုင်နှုန်းအထိ တိုးလာပြီးနောက် ရပ်သွားသည်။ ယင်းအဓိပ္ပာယ်မှာ ရဲ့လင်းချန် ထိုအဆင့်ထက်ပို၍ သင်ယူနိုင်၍ မရတော့ဟု ဆိုလိုနေလေသည်။
ရဲ့လင်းချန်က ရှစ်ဆပြင်းထန် လက်သီးသိုင်း၏ သိုင်းကွက်များကို ကောင်းကောင်း နားလည်သွား၍ တော်သေးသည်။ အရဟာ လက်သီးနှင့် ပေါင်းလိုက်လျင် မူလ ရှစ်ဆ ပြင်းထန် လက်သီးသိုင်းကို ထုတ်ဖော် နိုင်လိမ့်မည်ဟု သူ ယုံကြည်မှု ရှိသည်။ သူ ကျင့်ကြံသည့်အချိန်တွင် စွမ်းရည်ကို သူ့ဘာသာသူ မြင့်တက်လာအောင် လုပ်ဆောင်နိုင်လောက်သည်။
အဘိုးအိုမှာမူ တစ်စုံတစ်ယောက်က သူတို့ကို တစ်ခဏမျှ လေ့လာပြီး ရှစ်ဆပြင်းထန် လက်သီးသိုင်းကို အပြည့်အဝ သိနားလည် သွားလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပါ။ သို့မဟုတ်ပါက သူ ဤမိန်းမပျိုလေးကို ယခုနေရာ၌ လေ့ကျင့်ခိုင်းမည် မဟုတ်ပေ။
သိုင်းသမားတစ်ယောက်၏ လမ်းကြောင်းမှာ ဆရာဖြစ်သူများ၏ နည်းပေးလမ်းညွှန်မှုများ ကင်းလွတ်နေ၍ မဖြစ်ပေ။ လူတစ်ယောက်က သိုင်းကွက်အားလုံးကို လေ့လာပြီးလျင်တောင်မှ ကောင်းကောင်း ပြန်အသုံးပြုနိုင်ရန် ခက်ခဲလှသည်။ သို့သော် ရဲ့လင်းချန်က ခြွင်းချက်ပင်။
တစ်ယောက်ယောက်ကို အပြစ်တင်ချင်မည်ဆိုလျင် ရဲ့လင်းချန်က အလွန် အံ့ဩစရာ ကောင်းနေသည့် အချက်ကိုသာ အပြစ်တင်ရပေမည်။
ဆက်ကြည့်နေလည်း အကျိုးမရှိတော့သဖြင့် ရဲ့လင်းချန်က ခေါင်းခါ၍ လှည့်ထွက်လာလိုက်သည်။ သူ ခေါင်းခါ၍ သက်ပြင်းချလိုက်သည့် ပုံစံကို လေ့ကျင့်နေသည့် လင်းရို့ရွှယ်က ဘေးတိုက်အနေအထားဖြင့် မြင်လိုက်လေသည်။
သူမသည် ပင်ကို မာနကြီးသော လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်နေရာမှ ရပ်လိုက်ပြီး ရဲ့လင်းချန်၏ နောက်ကျောကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ဆတ်ခနဲ လှုပ်ရှား၍ သူ့နောက်ကျောသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
သူ့အနောက်မှ လေတိုးသံကို ကြားလိုက်ရသဖြင့် ရဲ့လင်းချန် ဘေးသို့ အနည်းငယ် ရွှေ့ကာ လက်သီးချက်ကို ရှောင်လိုက်သည်။ ထို့နောက် ဘေးဘက်မှနေ၍ ခန္ဓာကိုယ်ကို ပြန်ယိမ်းကာ လင်းရို့ရွှယ်ကို ပြန်တွန်းထုတ် လိုက်သည်။ အရဟာ တောင်ယိမ်းယိုင်အကွက်ဖြင့် လင်းရို့ရွှယ်ကို သူ ပြန်တိုက်ခိုက်လိုက်နိုင်၏။
“နင်က သိုင်းသမားမှန်း ငါ သိနေသားပဲ”
လင်းရို့ရွှယ် နောက်ဆုတ်လိုက်ရပြီးနောက် မျက်နှာက ရေခဲတမျှ အေးစက်သွားသည်။ သူမက အေးစက်စွာ ပြန်မာန်မဲလိုက်သည်။
“နင် ဘာလို့ ခေါင်းခါရတာလဲ၊ နင် ငါ့ကို အထင်သေးတာလား”
သူမ၏ ကျွမ်းကျင်မှုက အမှန်တကယ် စံချိန်မမီသေးပါ။ ရဲ့လင်းချန်၏ နားလည်နိုင်စွမ်းက သူမထက် ပိုသာ၏။ ရှစ်ဆ ပြင်းထန် လက်သီးသိုင်းကို သူ တစ်ခါမျှ ပြန်စဉ်းစားလိုက်မိရုံနှင့်တင် အနည်းနှင့်အများဆိုသလို သူ သဘောပေါက် သွားပြီးသား ဖြစ်သည်။ လင်းရို့ရွှယ်၏ ရှစ်ဆပြင်းထန် လက်သီးသိုင်းသည် သိသာသော ဟာကွက်များဖြင့် ပြည့်နှက်နေ၏။
သူ့အနေဖြင့် ယင်းသိုင်းပညာကို အကြိမ်တစ်ချို့မျှ လေ့ကျင့်ရန်သာ လိုအပ်ပေသည်။ ထိုသို့ဆိုလျင် သူ၏ ရှစ်ဆပြင်းထန် လက်သီးသိုင်း၏ ကျွမ်းကျင်မှုအဆင့်က အရဟာ လက်သီးသိုင်း၏ ကျွမ်းကျင်မှုအဆင့်သို့ အချိန် မရွေး ရောက်သွားနိုင်သည်။ တစ်ရာရာခိုင်နှုန်းသို့ပင် ရောက်ရှိနိုင်ပေသည်။
“ငါ ဒီအတိုင်း ဖြတ်သွားမိလို့ လိုက်ကြည့်မိရုံလေးပါ၊ ငါ့မှာ အခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး”
ရဲ့လင်းချန်က ခေါင်းခါ၍ ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“နင်က သိုင်းလေ့ကျင့်တဲ့သူဆိုမှတော့ ပြိုင်ရအောင်”
ရဲ့လင်းချန်က သူမနှင့် သက်တူရွယ်တူ ဖြစ်နေသည်ကို သတိထားမိသည်နှင့် လင်းရို့ရွှယ်၏ ပြိုင်ဆိုင် ချင်သောစိတ်က နိုးကြားလာ၏။
“ငါက ဒီအတိုင်း လေ့ကျင့်ရုံလေးပါ၊ မင်းနဲ့ မယှဉ်နိုင်ပါဘူး”
ရဲ့လင်းချန် ဘာပြဿနာမှ မဖြစ်ချင်သဖြင့် ထွက်သွားရန် ပြင်လိုက်သည်။
“အဲ့မှာ ရပ်နေစမ်း”
လင်းရို့ရွှယ် လှမ်းအော်လေသည်။
“ဟန်ဆောင်မနေနဲ့၊ နင် စောနက ခေါင်းခါတာကိုက နင် အားမလို အားမရ ဖြစ်နေတယ်လို့ ပြနေတာပဲ၊ နင် ငါနဲ့ မပြိုင်ရင် ငါ နင့်ကို ဘယ်တော့မှ အလွတ်မပေးဘူး”
အဘိုးအိုကလည်း ရှေ့တိုးလာပြီးနောက် အကြိမ်အနည်းငယ်မျှ ချောင်းဆိုးနေသည်။ သူက ရဲ့လင်းချန်အနားသို့ လျှောက်လာပြီး မိတ်ဆက်လေသည်။
“ကျုပ်က လင်းထျန်းဟွာပါ၊ ငါ မင်းနာမည်ကို သိခွင့်ရှိမလား လူငယ်လေး”
“ကျွန်တော်က ရဲ့လင်းချန်ပါ”
“အခုခေတ်မှာ သိုင်းပညာက ယိုယွင်းလာနေတာ၊ မင်းကို ဒီမှာ တွေ့ရတာ အံ့ဩစရာပဲ၊ ဒါကို ရေစက်လို့ သတ်မှတ်ရမှာပဲ၊ ငါ မင်းဆရာ ဘယ်သူလဲ သိလို့ရမလား”
အဘိုးအိုက အပြုံးဖြင့် မေးလာသည်။
“ကျွန်တော် သိုင်းပညာ လေ့ကျင့်နိုင်တာက မတော်တဆ တိုက်ဆိုင်ရုံလောက်လေးပါပဲ၊ ကျွန်တော် ဘယ်အဖွဲ့အစည်း ထဲမှာမှ မပါပါဘူး”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
အဘိုးအိုကမူ ရဲ့လင်းချန်က လျှို့ဝှက်ရန် ကြိုးစားနေသည်ဟုသာ နားလည်သွားလေသည်။
“ရုတ်တရက် မေးခွန်းထုတ်လိုက်မိတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်”
“နှုတ်ဆက်ပါတယ်”
ရဲ့လင်းချန် ဆက်မနေချင်တော့ပါ။ သူ နှုတ်ဆက်ပြီးသည်နှင့် ချက်ချင်း ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် လူရိပ်တစ်ခုက မကျေနပ်သော အသံနှင့်အတူ ပြေးတက်လာ၏။ လခြမ်းကဲ့သို့သော ခန္ဓာကိုယ်ကောက်ကြောင်း ပိုင်ရှင်က လက်သီးကို တင်းနေအောင် လုပ်၍ ရဲ့လင်းချန်ထံ ပြေးဝင်ကာ တိုက်ခိုက်လာလေသည်။
ရဲ့လင်းချန်၏ မျက်နှာ သုန်မှုန်သွားပြီး ကျားတစ်ကောင်ကဲ့သို့ တင်းမာသော မျက်နှာထားဖြင့် လျှပ်တစ်ပြက် နောက်လှည့်၍ ထိန်းချုပ်လိုက်သည်။
လင်းရို့ရွှယ် မသဲမကွဲသာ မြင်လိုက်ရပြီးနောက် သူမ၏လက်များက ရဲ့လင်းချန်၏ ခိုင်မြဲစွာ ဖမ်းချုပ်ခြင်း ခံလိုက် ရသည်။ သူမ တအံ့တဩနှင့် ခေါင်းမော့ကြည့်လိုက်သောအခါ စိတ်ရှုပ်နေသော မျက်ဝန်းတစ်စုံကို မြင်လိုက်ရပြီး ရင်တစ်ချက် ခုန်သွားရသည်။
ချက်ချင်းဆိုသလိုပင် ရဲ့လင်းချန်က ကိုယ်ကိုကိုင်းလိုက်သည်။ သူမခန္ဓာကိုယ်က လေထဲမြောက်တက်သွားပြီး တစ်ပတ်လည်ကာ မြေကြီးပေါ် အရှိန်ဖြင့် ပြန်ပြုတ်ကျသွားသည်။
သူမ ကိုင်ပေါက်လွှင့်ပစ်ခြင်း ခံလိုက်ရလေသည်။ သူမ လှည့်ကြည့်လိုက်သောအခါ ရဲ့လင်းချန်၏ ကျောပြင်ကိုသာ မြင်လိုက်ရသည်။
“နင် …”
လင်းရို့ရွှယ် ခက်ခက်ခဲခဲ ပြန်ထလိုက်ပြီးနောက် ရဲ့လင်းချန်၏ နောက်ကျောကို သေမတတ် စိုက်ကြည့်မိသည်။ သူမ တစ်ကိုယ်လုံး နာကျင်နေ၏။
“အံ့ဩစရာကောင်းတဲ့ လှုပ်ရှားမှုပဲ”
အဘိုးအိုက တဖြည်းဖြည်း ဝေးသွားသည့် ရဲ့လင်းချန်၏ ပုံရိပ်ကိုကြည့်ပြီး ချီးမွမ်းလိုက်သည်။
“လေလိုလှုပ်ရှားပြီး တစ်ချက်တည်းနဲ့ အပြတ်ဖြတ်နိုင်တယ်၊ ဒီလူငယ်လေးရဲ့ သိုင်းပညာ ကျွမ်းကျင်မှုက မဟာသခင် အဆင့်တောင် ရောက်နေပြီ”
“သူက မိန်းကလေးတစ်ယောက်ကို ဘယ်လိုကြင်နာရမလဲ မသိတဲ့ လူ့တိရစ္ဆာန်ကြီး”
လင်းရို့ရွှယ်က မချိတင်ကဲ အော်ဟစ်လိုက်သည်။
“သူက ယောက်ျား မဟုတ်ဘူး”
“ဟားဟားဟား … အခု ကိုယ့်ထက် သာတဲ့လူတစ်ယောက် အမြဲရှိနေနိုင်တယ်ဆိုတာကို နားလည်သွားပြီလား”
အဘိုးအိုက ရယ်နေသည်။
“ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်မျိုးကို မမြင်ရတာ ကြာနေပြီ”
“ဟွန်း … သမီးတော့ သူ့ကို ထပ်မမြင်ချင်ပါဘူး”
လင်းရို့ရွှယ်က သူမကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်နေသည်။ အစောပိုင်းက ရဲ့လင်းချန်၏ မျက်လုံးကို ပြန်စဉ်းစားမိ ပြီးနောက် သူမစိတ်ထဲ၌ ရင်းနှီးသော ခံစားချက်မျိုး ဝင်လာ၏။
“ငါ ဒီမျက်လုံးတွေကို အရင်က မြင်ဖူးနေသလိုပဲ”
…
ဟိုတယ်သို့ ပြန်ရောက်သော် ရဲ့လင်းချန် ခပ်သွက်သွက် ရေချိုး၍ ရှောင်ဖေးဖေးနှင့် သွားတွေ့လိုက်သည်။ ဤဟိုတယ်က မနက်စာကို ဘူဖေး ကျွေးသည်။ အာရှ အစားအသောက်များနှင့် အနောက်တိုင်း ဟင်းလျာများဖြင့် တည်ခင်း ဧည့်ခံလေသည်။
ရဲ့လင်းချန်က ခေါက်ဆွဲတစ်ပွဲ၊ ပေါင်မုန့်နှစ်ချပ်၊ နွားနို့တစ်ခွက်၊ ကြက်ဥပြုတ်တစ်လုံး၊ ကြက်အူချောင်း နှစ်ချောင်းနှင့် ဝက်ဆားနယ်ခြောက် တစ်ခုကို ယူလိုက်သည်။
တစ်ဖက်တွင်မူ ရှောင်ဖေးဖေးနှင့် အစ်မလင်းတို့က ပဲနို့တစ်ခွက်၊ ပေါင်မုန့်တစ်ချပ်နှင့် ကြက်ဥပြုတ် တစ်လုံးသာ ယူထားကြသည်။ ရဲ့လင်းချန်နှင့် ယှဉ်လိုက်သော် အတော်လေး စားချင်စိတ် ကွာဟနေ၏။
“နင် တော်တော် အစားကြီးတာပဲ”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို တအံ့တဩနှင့် ပြောလေသည်။ သူသည် အစားကြီးရုံသာမက အစားလည်း မြန်လှသည်။ ခေါက်ဆွဲပြုတ်ပန်းကန်ကို နှစ်လုပ်တည်းနှင့် ပြိုက်ခနဲ ကုန်အောင် စားပစ်လိုက်သည်။
“ခင်ဗျားတို့ကိုက အစားနည်းနေတာလေ”
ရဲ့လင်းချန်က ပြန်ထောက်ပြလိုက်သည်။ ထို့နောက် ပန်းကန်ကိုမ၍ ဘူဖေးမှ သွားထပ်ထည့်လေသည်။
“ဒီမှာ အစားအသောက်က နည်းလိုက်တာ”
“နင်က ဇူဇကာပုဏ္ဏားလား”
အစ်မလင်းက ရဲ့လင်းချန်၏ နောက်ကျောကို စိုက်ကြည့်၍ အပြစ်တင်လိုက်သည်။ ထို့နောက် အစ်မလင်းက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ရှောင်ဖေးဖေးကို ပြောလိုက်သည်။
“ဖေးဖေး ငါ ခုနလေးတင် သတင်းရလာတယ်၊ ဒီတစ်ခေါက် ဒဏ္ဍာရီလာ အမျိုးသမီး သူရဲကောင်း ဇာတ်လမ်းတွဲ အတွက် စပွန်ဆာတွေထဲမှာ လုလုပ်ငန်းစုလည်း ပါတယ်တဲ့”
“လုလုပ်ငန်းစုလား”
ရှောင်ဖေးဖေး မျက်မှောင်ကြုတ်သွားသည်။
“လုလုပ်ငန်းစုက နေရာတိုင်းမှာ ရှိနေတာပဲ၊ ရှောင်လို့မရဘူး”
အစ်မလင်း၏ အမူအရာကလည်း ဆိုးရွားနေ၏။
“ဒီလိုဆိုရင် ဒဏ္ဍာရီလာ အမျိုးသမီး သူရဲကောင်း ဇာတ်လမ်းတွဲထဲမှာ နင်က ဇာတ်လိုက်မင်းသမီးဆိုတဲ့ သတင်းက လုဟောင်ရဲ့ နားဆီ ရောက်မှာပဲ”
လုဟောင်ဟူသော နာမည်ကို ထုတ်ပြောလာသောအခါ ရှောင်ဖေးဖေး၏ မျက်လုံး၌ မုန်းတီးရိပ်များ စွန်းထင်း လာသည်။
“လုလုပ်ငန်းစုရဲ့ လွှမ်းမိုးနိုင်စွမ်းက မထင်ထားလောက်အောင်ပဲလေ၊ ဇာတ်ညျွန်းကောင်း ဖြစ်နေသရွေ့ သူတို့က ဝင်ပါမှာပဲ”
အစ်မလင်းက မတတ်သာဟန်ဖြင့် သက်ပြင်းချလေသည်။ လုဟောင်သည် လုလုပ်ငန်းစုပိုင်ရှင်၏ တစ်ဦးတည်း သော သားဖြစ်ပြီး လုလုပ်ငန်းစုကို ဆက်ခံမည့် တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်လေသည်။ သူသည် ပေကျင်း၏ နာမည်ကြီး မင်းသားတစ်ပါး ဖြစ်လေသည်။
သူ၏ ရှောင်ဖေးဖေးအပေါ် အရူးအမူး စွဲလမ်းခြင်းက ယခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ သူ၏ ဖိတ်ကြားချက်ကို ရှောင်ဖေးဖေး သုံးကြိမ်တိုင်တိုင် ငြင်းခဲ့သည်။ သူမ သူ့ထံမှ ရှောင်ပုန်းချင်သော်လည်း အချည်းနှီးပင်။
“လုဟောင်သာ ဒီတစ်ခေါက် နင့်ကို ထပ်ဖိတ်ရင် ငါ စိုးရိမ်တာက …”
အစ်မလင်း စိုးရိမ်နေ၏။ တစ်ကြိမ်၊ နှစ်ကြိမ် ငြင်းဆန်ခြင်းက အဆင်ပြေသော်လည်း သုံးကြိမ်ကျော်လာလျင် မလိုမုန်းတီး ဖြစ်လာနိုင်သည်။ လုဟောင်သည် အရှက်ကွဲသလို ဖြစ်သွားရမှ ဒေါသထွက်လာနိုင်၏။
“တော်လောက်ပြီ အစ်မလင်း၊ ဒီကိစ္စကို ထားလိုက်တော့ ကျွန်မ ပင်ပန်းနေပြီ”
ရှောင်ဖေးဖေး သက်ပြင်းချလိုက်မိသည်။
“ဒီတစ်ခေါက် ဘာမှမတတ်နိုင်ရင်လည်း အဆိုးဆုံးတွေ ဖြစ်လာမယ်ဆိုလည်း ဖြစ်ပါစေတော့ …”
“မင်းတို့ ဘာပြောနေတာလဲ”
ရဲ့လင်းချန်၏ ပန်းကန်တွင် ဟင်းလျာများက တောင်လိုပုံနေ၏။ သူသည် ထိုင်ခုံ၌ ပြန်ထိုင်လိုက်ပြီးနောက် စစ်တိုက်သကဲ့သို့ စားစရာများကို ခပ်မြန်မြန် စားသောက်လိုက်သည်။
“အဲ့လောက်တောင် စားကောင်းလား”
ရှောင်ဖေးဖေးက ရဲ့လင်းချန်၏ အပြုအမူကိုကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းမရတော့ချေ။ သူမ၏ စိတ်ညစ်နေရာမှ အနည်းငယ် နေသာလာသည်။
“ရဲ့လင်းချန်”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို မေးထောက်၍ ကြည့်နေသည်။
“နင် သရုပ်ဆောင်ရတာ မကြိုက်တာ၊ လူတွေ မျက်စိဒေါက်ထောက် ကြည့်တာကို မကြိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်မယ်ထင်တယ်”
အများ၏ မျက်စိဒေါက်ထောက် ကြည့်ရှုနေမှုတွင် လူတစ်ယောက်သည် မရေတွက်နိုင်သော ချီးကျူးမှုများ ရနိုင်သလို မကောင်းသောသူများ၏ ပစ်မှတ်ထားခြင်းလည်း ခံရနိုင်သည်။
ဤလောက၌ မည်သူက လွတ်လပ်မှု အစစ်ကို ရရှိနိုင်သနည်း။
Chapter 22
ရှစ်ဆပြင်းထန် လက်သီးသိုင်း
? Views, on July 3, 2022