အပိုင်း(၁၂၁၈)

တော်ဝင်အကြံပေး၏ အရှိန်အဝါ

တာလီတော်ဝင် အကြံပေးနှင့် မှော်ဆရာတို့သည် ကောင်းကင်ထက်တွင် အချင်းချင်း မျက်နှာချင်းဆိုင် ရပ်နေကြသည်။ တော်ဝင်အကြံပေးသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မှော်ဆရာသည် ခြုံထည်ကြီးတစ်ခုကို ဝတ်ဆင်ထားလေသည်။

မှော်ဆရာသည် ခြုံထည်ကို ချွတ်လိုက်ပြီး သူ၏ ဖြူဖျော့သော မျက်နှာကို ဖော်ပြသည်။

“ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ အရည်အချင်းရှိပြီးတော့ ရီဖူရှင်းကိုလည်း အင်ပါယာရှားဘုံကို ပြန်လိုက်ပို့ပေးခဲ့တာ ကျူပ်သိတယ်။ ဒီနေ့ ဘာလို့များ ဒီကို ဒုက္ခပေးဖို့ ရောက်လာရတာလဲ”

မှော်ဆရာက မေးသည်။

“ကျုပ်က တာလီရဲ့ တော်ဝင်အကြံပေးပဲ။ အဲဒါကြောင့် ကျုပ်ရဲ့ ရပ်တည်ချက်က ရှင်းလင်းရမယ်”

တော်ဝင်အကြံပေးက ပြန်ဖြေသည်။

မှော်ဆရာက ခေါင်းညိတ်သည်။ သူ ခန့်မှန်းရ သလောက်ကတော့ တော်ဝင်အကြံပေးသည် ဤနေရာသို့လာရန် ဆန္ဒမရှိပေ။ မဟုတ်လျှင် သူသည် ရီဖူရှင်းကို လိုက်ပို့ခဲ့မည် မဟုတ်ပေ။

တာလီတော်ဝင် အကြံပေးက သူ၏ ကိုယ်ပိုင် ကျင့်စဉ်ဖြစ်သော ပညာရှိကျမ်းကိုပင် ရီဖူရှင်းကို သင်ပေးခဲ့ခြင်းမှာ သူ၏ ဆက်ခံသူ အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သူ သိသည်။ ထပ်ပေါင်းပြောရလျှင် သူသည် ရီဖူရှင်းကို အင်ပါယာရှားဘုံသို့ ကိုယ်တိုင် လိုက်ပို့ပေးခဲ့ခြင်းကြောင့် တာလီပြည်သူတို့၏ သံသယဝင်ခြင်းကိုပင် ခံခဲ့ရသည်။

မှော်ဆရာသည် ယခု တော်ဝင်အကြံပေးက သူ၏ ပြိုင်ဘက် ဖြစ်နေလျှင်ပင် ထိုကဲ့သို့ သဘောထားကြီးသည့် နှလုံးသားအတွက် သဘောကျ လေးစားမိလေသည်။

“တော်ဝင်အကြံပေး ကျေးဇူးပြု ပြီးသင်ပြပေးပါ … ”

မှော်ဆရာက ပြောသည်။ သူ၏ လက်ထဲတွင် နှင်တံကို ကိုင်ထားပြီး သူ့အမူအရာက လေးနက်သွားသည်။

မှော်ဆရာသည် သူ့အား လေးစားသော်လည်း သူတို့သည် တိုက်ပွဲကွင်းပြင်၌ ရောက်နေခြင်း ဖြစ်သည်။ တာလီတော်ဝင် အကြံပေးသည် တာလီ၌ အင်ပါယာလီအပြင် အသန်မာဆုံးဟု ဆုံးဖြတ်နိုင်ပေသည်။ သူသည် တာလီတွင် အင်ပါယာလီအပြင် ပြိုင်ဘက်မရှိလျှင် ဘုရင်ထန်တောက်ထက် ပို၍ သန်မာပေလိမ့်မည်။

တာလီမှ တော်ဝင်အကြံပေးဟူသည့် အဆင့်အတန်းကို ဖယ်ကာ မှော်ဆရာသည် ထိုမျှသန်မာသည့် ပြိုင်ဘက်ကို ဆန့်ကျင်တိုက်ခိုက်ရန် သူ အစွမ်းကုန် တိုက်ခိုက်ရ ပေလိမ့်မည်။

တာလီတော်ဝင်အကြံပေး ပြောသွားသည့် အတိုင်းပင် သူသည် သူ့ရပ်တည်ချက်ကို ရှင်းလင်းရမည်။ ဤတိုက်ပွဲသည် မည်သည်က မှန်၍ မည်သည်က မှားသည်ဟူသော အကြောင်းမဟုတ်ပေ။ ဤသည်မှာ ကွဲပြားသည့် ဘက်မှ ရပ်တည်ချက်သာ ဖြစ်ပေသည်။ တာလီတော်ဝင် အကြံပေးသည် သက်ညှာလိမ့်မည်ဟု သူ တွေးမထားသောကြောင့် သူသည်လည်း ထိုသို့ပင် လုပ်ဆောင်ရပေမည်။

“ကျေးဇူးပြုပြီး”

တာလီတော်ဝင် အကြံပေးက ပြောသည်။ သူ ထိုစကားကို ပြောပြီးသည့်နောက် မဟာလမ်းစဉ်၏ အရှိန်အဝါများသည် ကောင်းကင်ထက်တွင် စတင် စီးမျောလာသည်။

ရုတ်ခြည်းပင် အဆုံးမဲ့ ဓာတ်ငါးမျိုး ရှစ်ထောင့်ဝင်္ကပါသည် တာလီတော်ဝင် အကြံပေး၏ ကိုယ်အနီးတွင် ပေါ်ပေါက်လာသည်။  ရှေးဟောင်း စာလုံးများသည် ကောင်းကင်တွင် အစီအရင်ပုံစံ ပေါ်ပေါက်လာသည်။

“ချန်၊ ခွင်း၊ လီ၊ ခန်…”

ကောင်းကင်နှင့် မြေကြီးတွင် ဒြပ်စင်ငါးပါး ရှိသည်။ မဟာလမ်းစဉ်သည် ချန် ကောင်းကင်နှင့် ခွင်း မြေကြီးအကြားတွင် ပြေးလွှားနေသည်။ အဆုံးမဲ့ အစီအရင် ပုံစံများသည် ၎င်းတို့ကိုယ်တိုင် လှုပ်ရှားနေသည်။ တိမ်တိုက်များကြား ရပ်နေသည့် တာလီတော်ဝင် အကြံပေး၏ အဝတ်များသည် လေနှင့်အတူ လူးလွန့်နေသည်။ မဟာလမ်းစဉ်၏ စွမ်းအားများက သူ့ခန္ဓာတွင်းသို့ စီးဝင်နေသည်။ ကြည့်ရသည်မှာ လောကတစ်ခွင်လုံးက သူ၏ အမိန့်အောက်သို့ ကျရောက်သွားသကဲ့သို့ပင် ဖြစ်၏။

ဤသည်မှာ တာလီတော်ဝင် အကြံပေး၏ ကျင့်စဉ်ဖြစ်သော ပညာရှိကျမ်းပင် ဖြစ်သည်။

လူအများသည် ထို ကြောက်မက်ဖွယ် မဟာလမ်းစဉ် စွမ်းအားများကို ခံစားမိပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကာ ထိတ်လန့် တုန်လှုပ်သွားကြသည်။

တာလီတော်ဝင် အကြံပေးနှင့် မှော်ဆရာတို့သည် သူတို့၏ တိုက်ပွဲစွမ်းအားများက အခြားလူများကို မသက်ရောက်စေရန် ကောင်းကင်ထက်တွင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် တိုက်ခိုက်နေရာမှ စွန့်ခွာကာ ကောင်းကင်အထက်သို့ သွားခဲ့လေသည်။

ရွှေရောင် ကြာပန်းကြီးသည် မှော်ဆရာ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ပေါ်လာသည်။ ကြာပွင့်ချပ်များသည် ပွင့်အာလာကာ ကြီးမားကျယ်ပြန့်လာပြီး ၎င်းကိုယ်တိုင် မဟာလမ်းစဉ်၏ ကြာပွင့်ဖြစ်လာသည်။

လေထဲတွင် ကြာပန်းများသည် အဆုံးမဲ့ ပွင့်လန်းလာကြပြီး မဟာလမ်းစဉ်ကို ခံစားမိသည်။ ၎င်းတို့သည် လောကကြီး၏ ထောင့်ပေါင်းစုံသို့ ဖြတ်သန်း ပျံ့နှံ့သွားသည်။ နေရာအနှံ့တွင် ကြာပန်းများ ပွင့်လန်းနေ၏။

အဆုံးမဲ့ ကြာပန်းများသည် တာလီတော်ဝင် အကြံပေး၏ ကြီးမားသော ဓာတ်ငါးမျိုး ရှစ်ထောင့်ဝင်္ကပါကိုပင် ဝန်းရံလာသည်။

ခမ်းနားသည့် ရွှေချည်မျှင်များက အဆုံးမဲ့ ကြာပန်းများဆီမှ ထွက်ပေါ်လာပြီး တာလီတော်ဝင် အကြံပေးကို ဖုံးလွှမ်းရန် ဆန့်ထွက်လာသည်။ ရွှေချည်မျှင်များ၏ လှုပ်ရှားမှုသည် အလွန်ပင် လျင်မြန်လှပြီး ပါးလွှာထက်ရှသည့် ဓားများကဲ့သို့ပင် ကောင်းကင်ကို ဖြတ်သန်း၍ တာလီတော်ဝင် အကြံပေး၏ ခန္ဓာကိုယ်အပါအဝင် အတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားလေသည်။

တာလီတော်ဝင် အကြံပေးသည် ထိုမြင်ကွင်းကို မြင်သည်နှင့် သူ၏ လက်နှက်ဖက်ကို ကောင်းကင်သို့ မြှောက်သည်။ ရုတ်ခြည်းပင် မဟာလမ်းစဉ်၏ အစီအရင်ပုံစံများ ပေါ်ထွက်လာပြီး သူ၏ လက်လှုပ်ရှားမှုအတိုင်း လိုက်ပါလာသည်။ ထိုမှတစ်ဆင့် ရှေးဟောင်းစာလုံးများ ပျံသန်းလာသည်။ ‘ချန်’ စာလုံးသည် ဆက်လက် ကြီးထွားနေပြီး မဟာလမ်းစဉ်၏ မန္တန်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို လွှမ်းမိုးသည်။ ယင်းသည် တိမ်တိုက်များတွင် တည်ရှိနေပြီး ကောင်းကင်တစ်ခုလုံးကို ထောက်ပံ့ထားသည်။

တစ်ချိန်တည်းမှာပင် သူသည် မြေပြင်သို့ ခြေဆောင့် နင်းချလိုက်ပြီး ‘ခွင်း’ စာလုံးသည် ကျဆင်းလာကာ မြေကြီးအဖြစ်သို့ ပြောင်းလဲသွား၍ အောက်ဘက်ရှိ နေရာကို ချိပ်ပိတ်ပစ်သည်။

တာလီတော်ဝင် အကြံပေးသည် မဟာလမ်းစဉ်၏ သရုပ်ပင် ဖြစ်၏။ သူသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကြောက်ရွံ့မည့်အရာ မည်သည့်အရာမှ မရှိပေ။

သူသည် ရှေ့သို့ ခြေတစ်လှမ်း ယူလိုက်ပြီး နတ်မိုးကြိုး၏ သဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ ‘ကျန်း’ ဟူသည့် စာလုံးသည် တဟုန်ထိုး ထွက်ပေါ်လာပြီး ကောင်းကင်ကိုးဆင့်မှ နတ်ဘုရားမိုးကြိုးကို ဆင့်ခေါ်သည်။ သူသည် ယင်းကို မှော်ဆရာထံသို့ ပစ်ချစေလိုက်ပြီး သူထံသို့ တိုးဝင်လာနေသည့် ရွှေရောင် ချည်မျှင်များကို ဖျက်ဆီး ရှင်းလင်းသည်။

သူ့ ခန္ဓာကိုယ်သည် လေအလျင်အတိုင်း လိုက်ပါလှုပ်ရှားနေသည်။ ကောင်းကင်နှင့် မြေကြီးသည် အော်မြည်နေပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ မဟာလမ်းစဉ်၏ အစီအရင်ပုံစံများနှင့် မှော်ဆရာ၏ ခန္ဓာကိုယ်ဆီ အလျင်အမြန် တိုးဝင်သွာပြီး ရှင်းလင်း သုတ်သင်ပစ်ရန် ကြိုးစားလေသည်။ ယင်းကို မည်သည့်အရာမှ မတားဆီးနိုင်ပေ။

မှော်ဆရာသည် တာလီတော်ဝင် အကြံပေးကို ကြည့်သည်။ သူသည် နတ်ဘုရား တစ်ပါးကဲ့သို့ မဟာလမ်းစဉ်ကို သယ်ဆောင်ပြီး အလွန် လျင်မြန်လှသည့် အရှိန်နှင့် သူ့ထံသို့ ချဉ်းကပ်လာနေသည်။

အင်ပါယာရှားဘုံတွင် ပြောကြသည်က တာလီတော်ဝင် အကြံပေးသည် အမျိုးစုံသော နည်းလမ်းပေါင်း များစွာကို လေ့ကျင့်ထားသည်။ သူသည် မတူညီသည့် ကျင့်စဉ်များကို အသုံးပြု၍ ကျင့်ကြံနိုင်ပြီး အရာအားလုံးကို လုပ်ဆောင်နိုင်သည်။

ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် တာလီတော်ဝင် အကြံပေးနှင့် ထိပ်တိုက် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ မှော်ဆရာသည် ကောလာဟလများကို အမှန်ဟု မမှတ်ယူသော်လည်း သူသည် တာလီတော်ဝင် အကြံပေး၌ ကျင့်စဉ်မျိုးစုံ၌ ပါရမီအရည်အချင်း ရှိသည်ဟု လက်ခံသည်။

ကြာပန်းများသည် လောက၏ ဖြစ်တည်မှုများ အဖြစ်သို့ ပြောင်းလဲသွားသည်။ မှော်ဆရာသည် လက်ထဲတွင် နှင်တံကို ကိုင်စွဲထားသည်။ အဆုံးမဲ့ရွှေရောင် အလင်းရောင်စဉ်များသည် သူ့ရင်ဘတ်ရှေ့တွင် တောက်ပနေပြီး ကောင်းကင်ကို စုတ်ဖြဲတော့မတတ် မဟာလမ်းစဉ်၏ ဓားတစ်လက်အဖြစ် ပေါင်းစည်းသွားသည်။ သူသည် နှင်တံကို ဆန့်ထုတ်လိုက်ပြီး မဟာလမ်းစဉ်၏ ဓားကြီးသည် ရှေ့သို့ ရွေ့လျားသွားသည်။ ရုတ်ခြည်းပင် ၎င်းသည် ကောင်းကင်ကို ထိုးခွင်းသွားကာ စုတ်ဖြဲပစ်သည်။ ၎င်းသည် မရေတွက်နိုင်သည့် ရွှေချည်မျှင်များနှင့် ရှုပ်ထွေးသွားကာ ကောင်းကင်နှင့် မြေကြီးကို တစ်ဝက် ပိုင်းဖြတ်တော့ မလိုပင် ဖြစ်သည်။

ဘုန်း…

နေရာအနှံ့မှ ကောင်းကင်ကိုးဆင့်၏ နတ်မိုးကြိုး တိမ်တိုက်များသည် တစ်လောကလုံးကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းနေသည်။ တာလီတော်ဝင် အကြံပေးသည် ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ်ကို ဝါးမျိုနေသည်။ ‘ကျန်း’ စာလုံးသည် လောကတစ်ခွင်ကို ဝန်းရံနေပြီး သူသည် မိုးကြိုးနတ်ဘုရား အဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် လက်ချောင်းနှင့် ညွှန်ပြလိုက်ပြီး မရေတွက်နိုင်သည့် စာလုံးများသည် လှုပ်ရှားလာသည်။ ဓားနှင့် လက်ချောင်းထိပ်သည် ထိခတ်သွားသည်။ မိုးကြိုးတိမ်တိုက်များကို ထိုးဖောက် ဖြတ်သန်း၍ ကောင်းကင်ကိုပင် လှုပ်ခါစေသည့် ဓားကြီးသည် အစိတ်စိတ် ကြေမွသွားစေသည်။ တော်ဝင်အကြံပေးသည် ရှေ့သို့ ဆက်လက် လျှောက်လာသည်။ သူသည် မှော်ဆရာကို မြဲမြံစွာ ကြည့်နေပြီး သူ၏ လှုပ်ရှားမှုများကို ဘယ်အရာကမှ မရပ်တန့်နိုင်ဟု ပြောနေသကဲ့သို့ ဖြစ်သည်။

သူတို့၏ အောက်မှ မရေတွက်နိုင်သော လူများသည် ကောင်းကင်သို့ မော့ကြည့်ပြီး ထိတ်လန့် တုန်လှုပ်နေဆဲပင် ဖြစ်သည်။

တာလီတော်ဝင် အကြံပေးက ဘယ်လောက် သန်မာလိုက်သလဲ။

သူသည် မဟာလမ်းစဉ်ကို ဝင်္ကပါအဖြစ် အသုံးချခဲ့သည်။ ‘ချန်’ ကောင်းကင်၊ ‘ခွင်း’ မြေကြီးနှင့် မဟာလမ်းစဉ်၏ ဒြပ်စင်ငါးပါးသည် သူ့အမိန့်ကို လိုက်နာကြသည်။

မဟာလမ်းစဉ်သည် သူ့ခန္ဓာအတွင်း ဝင်ရောက်သွားသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ်အတွက် ဆေးမီးဖိုကြီးတစ်လုံး ဖြစ်လာသည်။ သူ့လက်များသည် ကောင်းကင်ကို ထောက်ကာ ခြေထောက်များသည် မြေကြီးကို တွန်းကန်ထားသည်။ သူခန္ဓာကိုယ်သည် မိုးကြိုးနတ်ဘုရား ဖြစ်လာပြီး သူ့စွမ်းအားများမှာ အဆုံးမဲ့ပင် ဖြစ်သည်။ လက်တစ်ချောင်း တည်းနှင့်ပင် မှော်ဆရာ၏ ဓားကြီးကို ပြိုကွဲပျောက်ကွယ် သွားစေရန် လုပ်ဆောင်နိုင်သည်။

သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် သန့်စင်သော ရောင်စဉ်အရှိန်အဝါများ ဝန်းရံနေသည်။

ရှားရှင်းယွန်သည် ကောင်းကင်မှ တိုက်ပွဲကို မော့ကြည့်ပြီး ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ မှော်ဆရာ၏ ခွန်အားသည် သူမ၏ ဖခင်ပင် အသိအမှတ်ပြုရသူ ဖြစ်သည်။ ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များကြားတွင် သူသည် ထိပ်တန်းပုဂ္ဂိုလ် ဖြစ်သည်။

သို့သော်လည်း မှော်ဆရာသည် တာလီတော်ဝင် အကြံပေးနှင့် တိုက်ခိုက်ရာတွင် ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။ ထိုသည်မှာ တော်ဝင်အကြံပေးသည် မည်မျှ စွမ်းအားကြီးကြောင်း သက်သေပြနေသည်။

ထိုမှတစ်ဆင့် ပြောနိုင်သည်မှာ တာလီသည် အင်ပါယာရှားဘုံမှ ထိပ်တန်း ပုဂ္ဂိုလ်များထက်ပို၍ အစွမ်းထက်ကြောင်းပင် ဖြစ်၏။ ဘုံနှစ်ခုကြား၌ စစ်မက်ဖြစ်ပွားခဲ့လျှင် သူ၏ ခွန်အားအရ တာလီတော်ဝင် အကြံပေးသည် အင်ပါယာရှားဘုံ၌ ရန်ဟောင်မှလွဲ၍ အခြားပြိုင်ဘက် ရှာတွေ့မည် မဟုတ်ပေ။

တာလီတော်ဝင် အကြံပေးနှင့် မှော်ဆရာကြား၌ တိုက်ပွဲ ဖြစ်ပွားနေစဉ်တွင် မင်းသား လီကျန်း နှင့် မင်းသား ရှားရုန်သည်လည်း လေထဲတွင် တိုက်ခိုက်နေကြသည်။

အခြားတိုက်ပွဲ တစ်ခုတွင် မြို့များ၏ အုပ်ချုပ်သူဟောင်းများ ဖြစ်သည့် ယန်ခွင်းနှင့် ဆန်းထျန်ကျန့်သည်လည်း စတင် တိုက်ခိုက်နေပြီ ဖြစ်၏။ နှစ်ယောက်လုံးသည် သွေးနဂါးဘုံ၏ ဒေသခံတန်ခိုးရှင်များ ဖြစ်ကြပြီး မီးဓာတ်ကို အသုံးပြုရာ၌ အထူး ကောင်းမွန်လေသည်။ သူတို့ တိုက်ခိုက်သည့်အခါ လောင်မီးဓားများသည် လေထုအတွင်း လောင်ကျွမ်းနေသည်။ ကောင်းကင်တိမ်တိုက် များသည်လည်း လောင်ကျွမ်း ပူလောင်လာကာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်ထားပေသည်။ များပြားလှသည့် လူများသည် နောက်သို့ ဆုတ်ခွာသွားကြသည်။ ကျင့်ကြံခြင်း စွမ်းရည်၌ အဆင့်နိမ့်သူများမှာ အတော်ဝေးဝေးသို့ ပြေးကြလေသည်။ ဆက်ပြီး ကြည့်နေခြင်းက သူတို့အတွက် လုံခြုံမှု မရှိနိုင်ပေ။

ထိုထိပ်တန်း ပုဂ္ဂိုလ်များအပြင် လူအများသည် နှစ်ယောက်တွဲ တိုက်ပွဲများ စတင်ခဲ့ကြသည်။ ရှန့်ထိုအဆင့် တန်ခိုးရှင်များကြားမှ ထိတ်လန့်ဖွယ် ကောင်းသော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီ ဖြစ်၏။

မြို့နှစ်မြို့မှ စစ်သည်များဖြစ်သော စစ်ထိုကလန်မှ လူများပင် တိုက်ပွဲတွင် ပါဝင်လာသည်။ စစ်ပွဲ၏ မီးစများက ဆက်လက်ပျံ့နှံ့နေပြီး မြင်ကွင်းကို ပို၍ မငြိမ်မသက် ဖြစ်လာစေသည်။ ထိတ်လန့်ဖွယ် စစ်ပွဲသည် ချန်ယဲ့မြို့ကို ဗဟိုပြု၍ နေရာအနှံ့တွင် ဖြစ်ပွားနေပြီး လူအများကို ကြောက်ရွံ့စေသည်။

“သူက ဘယ်သူလဲ။ သူ့စွမ်းရည်က အရမ်း သန်မာတာပဲ”

ထိုစဉ်၌ လူအများ၏ မျက်လုံးများသည် ဓားအသုံးပြုသည့် တန်ခိုးရှင် တစ်ဦးထံ၌ ကပ်ငြိနေကြသည်။ သူ၏ ဓားစွမ်းရည်သည် အလွန်ပင် သန်မာလှသည်။ သူ၏ ပြင်းထန်လှသော ဓားချက်တိုင်းသည် ကောင်းကင်ကိုပင် နှစ်ခြမ်းခွဲ နိုင်တော့မတတ် သန်မာလှသည့် အင်အားများကို ပြသနေသည်။

ရှားရှင်းယွန်သည်လည်း သူ့ကို သတိပြုမိပေသည်။ အနက်ရောင်ဝတ်စုံနှင့် ထိုလူသည် သံသယ ကင်းစင်ခြင်း ရှန့်ထိုအဆင့်၌သာ ရှိသေးသည်။ သူ တိုက်ခိုက်သောအခါ ဓားကို ပိုင်နိုင်ပြည့်စုံစွာ ထိန်းချုပ်နိုင်ပေသည်။ သူသည် စစ်ထိုကလန် ခေါင်းဆောင်နှင့် တိုက်ပွဲတွင် အနိုင်ရပြီး ခေါင်းဆောင်၏ လက်မောင်းကိုပင် ဖြတ်မိတော့မလို ဖြစ်သွားသည်။

“တာလီတော်ဝင် အကြံပေးရဲ့ တတိယမြောက် တပည့် မုချွန်းယန်”

ထိုလူ၏ အမည်က ရှားရှင်းယွန် စိတ်ထဲသို့ ဝင်လာသည်။ သူသည် ရီဖူရှင်း တာလီ၌ ကျင့်ကြံခဲ့စဉ်က သူ၏ ဆရာတူအစ်ကိုကြီး ဖြစ်၏။

ရှားရှင်းယွန် မျက်မှောင်ကြုတ်သည်။

တာလီတော်ဝင် အကြံပေး၏ တတိယမြောက် တပည့်။ ထိုအကြောင်းအရာက သူမကို ပြောနေသည်မှာ ဒုတိယတပည့် အပါအဝင် တာလီတော်ဝင် အကြံပေး၏ အခြားတပည့်များလည်း လာကြခြင်း ဖြစ်လိမ့်မည်။

သို့ဆိုလျှင် တာလီတော်ဝင် အကြံပေး၏ အထူးချွန်ဆုံး ပထမတပည့် ရန်ယွင်ကရော ဘယ်ရောက်နေလဲ။

သူမ၏ မျက်ဝန်းများသည် တိုက်ပွဲကွင်းပြင်တွင် လိုက်ရှာကြည့် နေသော်လည်း ရန်ယွင်နှင့် တူသည့် မည်သူ့ကိုမှ ရှာမတွေ့ပေ။ အကယ်၍ တာလီတော်ဝင် အကြံပေး၏ တပည့်များ ရှိနေလျှင် သူတို့သည် မျက်စိကို အလွန်ဖမ်းစား နိုင်ပေလိမ့်မည်။ သို့သော်လည်း ဤကျယ်ပြန့်သည့် တိုက်ပွဲကွင်းပြင်တွင် မင်းသား၃ လီကျန်း ထက် သူမ သတိပြုမိသည်မှာ မုချွန်းယန်သာ ရှိပေသည်။

ရန်ယွင် ဤနေရာတွင် မရှိသည်မှာ သေချာလေသည်။

ရှားရှင်းယွန် တစ်ယောက်သာ ရန်ယွင် ဤနေရာ၌ မရှိသည်ကို သတိပြုမိခြင်း မဟုတ်ဘဲ တာလီမှ လူများသည်လည်း ရီဖူရှင်းကို အစအန ပျောက်နေကြောင်း သတိပြုမိကြ၏။

ဤတစ်ကြိမ်၌ တာလီမှ လူများသည် လီယောင်အား ကာကွယ်ရန် သူ့ကို တိုက်ပွဲသို့ လိုက်မလာခိုင်း သကဲ့သို့ အင်ပါယာရှားဘုံမှ လူများသည်လည်း တမင်သက်သက် ရီဖူရှင်းကို တိုက်ပွဲရှောင်ခိုင်း ထားသည်လား။

တိုက်ပွဲကွင်းပြင်၏ တစ်နေရာတွင် များပြားလှသော မိစ္ဆာစွမ်းအင်များသည် လှုပ်ရှားနေပြီး အန္တိမနတ်ဆိုးပုံရိပ်များ ထွက်ပေါ်လာတော့မည်နှင့် တူပေသည်။ သူ့ခန္ဓာကိုယ်မှ ကြမ်းတမ်း ပြင်းထန်သော မိစ္ဆာစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူတစ်ယောက်သည်သာ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့် ဖြစ်သော်လည်း သူ၏ ထူးကဲသော သွင်ပြင်သည် သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ ကြောက်မက်ဖွယ် ခံစားမှုကို ပေးစွမ်း၏။

တာလီမှ ရှန့်ထိုတစ်ဦးက လက်တစ်ဖက်ကို မြှောက်လိုက်ကာ ကြီးမားသည့် လက်ဝါးရိပ်ကြီးကို သူ့ထံသို့ ပို့ဆောင်လိုက်သော်လည်း မိစ္ဆာလမ်းစဉ် ကျင့်ကြံသူသည် ထိုလက်ဝါးရိပ်ကြီးကို သူ့ခန္ဓာကိုယ်နှင့် တိုက်ရိုက် ပစ်ခံလိုက်လေသည်။ ကျယ်လောင်သည့် အသံနှင့်အတူ လက်ဝါးရိပ်ကြီးသည် အပြီးတိုင် ကွဲကြေသွားခဲ့သည်။ မိစ္ဆာကျင့်စဉ် ကျင့်ကြံသူသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်၍ လက်သီးတစ်ချက် ပစ်သွင်းသည်။ တာလီမှ ရှန့်ထိုသည် ၎င်းကို သူ့လက်နှင့် ခုခံဟန့်တားသည်။ သို့သော်လည်း ကွဲအက်သံများ ပေါ်လာပြီး လက်သီးချက်က သူ့လက်ကို ကျိုးသွားစေခဲ့ကာ ရင်ဘတ်ကို တိုက်ရိုက် ပစ်ဝင်သွား၏။ သူသည် နောက်သို့ လွင့်စဉ်သွားကာ မြေပေါ်သို့ ပစ်စလတ်ခတ် ပြုတ်ကျသွားခဲ့သည်။

ထိုမိစ္ဆာလမ်းစဉ် ကျင့်ကြံသူမှာ ယူချင်း ဖြစ်သည်။ သူ့ဘေးမှာတော့ ရှန့်ထိုအဆင့်ကို ဝင်ရောက်ကာစ ရီဝူချင်းသည်လည်း တိုက်ပွဲတွင် ပါဝင်လေသည်။

မြို့စားအိမ်တော်တွင် ဂူတုံးလျှိုနှင့် ကျူးကော့မင်းယွီသည် စံအိမ်တစ်ခုတွင် ပခုံးချင်းယှဉ် ရပ်နေကြသည်။

ဂူတုံးလျှိုသည် ကောင်းကင်ထက်မှ တိုက်ပွဲများကို မော့ကြည့်နေသည်။ ခမ်းနားထည်ဝါသည့် အလင်းများက သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် ပြေးလွှားနေသော်လည်း သူသည် အထက်ကောင်းကင်မှ တိုက်ပွဲကို ကြည့်နေသောကြောင့် ၎င်းကို သတိထားမိဟန် မတူပေ။

တာလီတော်ဝင် အကြံပေးနှင့် မှော်ဆရာကြားမှ တိုက်ပွဲ၊ ယန်ခွင်းနှင့် ဆန်းထျန်ကျန့် ကြားမှ တိုက်ပွဲ၊ လီကျန်း နှင့် ရှားရုန်ကြားမှ တိုက်ပွဲ၊ အစ်ကို၁၏ တိုက်ပွဲနှင့် ယူချင်း၏ တိုက်ပွဲ။

မှင်တက်ဖွယ် တိုက်ပွဲများသည် မြင်ကွင်း အပြည့်ပင် ဖြစ်၏။

အားလုံးသည် ရှန့်ထို အဆင့်များကြားမှ တိုက်ပွဲများ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှ အလင်းရောင် စီးဆင်းမှုသည် ပို၍ တောက်ပကာ အားကောင်းလာသည်။ ရှန့်ထိုအဆင့်၏ အသက် စွမ်းအားများသည် လေထဲမှ ဖြတ်၍ ထုတ်လွှင့်လာသည်။ ရှန့်ထိုအရှိန်အဝါ အငွေ့အသက်က သူ့ကိုယ်ကို ရစ်ပတ် လွှမ်းခြုံလာသည်။ သူ့စိတ်သည် အဝေးသို့ ပျံ့လွင့်နေပြီး လေထုထဲတွင် ရောယှက်သွားသည်။ ကောင်းကင်တွင် မိုးကြိုးမုန်တိုင်းများက အော်မြည်နေသည်။ နတ်ဘုရားပြစ်ဒဏ် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ကျူးကော့မင်းယွီသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး တောက်ပသော အပြုံးများက သူမ၏ မျက်လုံးများထဲတွင် စွန်းထင်းလာသည်။ နောက်ဆုံးတွင် သူလည်း ရှန့်ထိုအဆင့်သို့ ဝင်ရောက်တော့မည်။

မောင်ငယ်လေးနှင့် ယူချင်းသည် ရှန့်ထိုအဆင့်သို့ အသီးသီး ဝင်ရောက်သွား သော်လည်း ဂူတုံးလျှိုသည် စိတ်ဖိစီးမှုမထားဘဲ သူ့ ကိုယ်ပိုင်အရှိန်အတိုင်းသာ ကျင့်ကြံနေသည်။ သူသည်လည်း တစ်နေ့တွင် ရှန့်ထိုအဆင့်သို့ ဝင်ရောက်လိမ့်မည်ဟု သူ ယုံကြည်ပေသည်။ သူ စိတ်ရှည်ရှည် စောင့်နေခဲ့သည့် နေ့က ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ယခုတွင် မဟာလမ်းစဉ် တိုက်ပွဲကို စောင့်ကြည့်နေပြီး နောက်ဆုံးတွင် အဟန့်အတားကို ချိုးဖျက်နိုင်စွမ်းရှိပြီ ဖြစ်ကာ လိုအပ်သော စိတ်အခြေအနေကို လက်လှမ်းမိသွား၍ ရှန့်ထိုအဆင့်သို့ ဝင်ရောက်တော့မည် ဖြစ်သည်။

လူအများသည် ထိုမြင်ကွင်းကို မြင်သည့်အခါ အံ့သြကုန်ကြသည်။ သူက စစ်ပွဲအတွင်းမှာ ရှန့်ထိုအဆင့်ကို တက်လှမ်းတော့မည် ဖြစ်၏။

သို့သော်လည်း သူက ရှန့်ထိုအဆင့်သို့ ဝင်ရောက်သွားလျှင်ပင် စစ်ပွဲကို အကျိုးသက်ရောက်မှု သိပ်ရှိလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးတော့ ရန်ဟောင်ဘုံများကြား စစ်ပွဲမှ စစ်သည်တော်များသည် ရှန့်ထိုအဆင့်များသာ ဖြစ်မည်ဟုတ်ပါလား။

***


Comment

Leave a Reply


Options

not work with dark mode
Reset