နဂါးများသည် ချန်ယဲ့မြို့အထက်တွင် အော်မြည်လျက် ရှိသည်။
အထက်ကောင်းကင်တွင် ရွှေရောင် နတ်နဂါးများသည် တိမ်တိုက်များကို ဖြတ်သန်းကာ ရှေ့သို့ ချီတက်နေသည်။ သူတို့၏ ဟိန်းဟောက်သံများက လေထုကိုပင် တုန်ခါစေသည်။
မြို့ထဲမှ လူအားလုံးသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို အထိတ်တလန့် အံ့အားသင့်စွာ ကြည့်နေကြသည်။
များစွာသောလူတို့သည် ရွှေရောင် နတ်နဂါးကြီးများ၏ ကျောပေါ်၌ ရပ်နေကြသည်။ နဂါးကြီး၏ ရှေ့ဆုံး၌ လိုက်ပါလာသူသည် မင်းသားကြီး ဖြစ်သည်။ သူ၏ ရွှေချည်ပန်းထိုး အမှုထမ်းဝတ်စုံသည် လေတွင် တလွင့်လွင့် ဖြစ်နေသည်။ သူ၏ အမူအရာက တည်ငြိမ်ခန့်ညားပြီး ဂုဏ်သရေရှိသည်။
အခြားနဂါးကြီးများ ပေါ်တွင် စီးနင်းလိုက်ပါ လာသူများမှာ တာလီတော်ဝင် မိသားစုမှ အသန်မာဆုံးများ ဖြစ်သည့် ရှန့်ထိုအဆင့် စစ်သည်များ ဖြစ်သည်။
နဂါးများသည် သူတို့၏ ရှေ့မှ မြို့စားအိမ်တော်သို့ ချဉ်းကပ်လာသည်။ သူတို့ရောက်သည့် အချိန်၌ လူတစ်စုသည် လေထဲတွင် ရပ်ကာ သူတို့ကို စောင့်ဆိုင်းနေသည်။ သိသာစွာပင် သူတို့၏ သံတမန်က သတိပြုမိခဲ့ခြင်း ဖြစ်ရမည်။
လူစု၏ အရှေ့တွင် ရပ်နေသူမှာ အင်ပါယာရှားဘုံ၏ ပြန်လည် မွေးဖွားခြင်းအဆင့် စစ်သည်တော် လုယွီ ဖြစ်သည်။
အင်ပါယာရှားဘုံတွင် လုယွီ၏ နာမည်ကို သိသူမှာ သိပ်မများလှပေ။ သူသည် အင်ပါယာရှား၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါစောင့်ရှောက် ပေးခဲ့သည့် အင်ပါယာရှား၏ သက်တော်စောင့် ဖြစ်သည်။ အင်ပါယာရှားက ရန်ဟောင် ဖြစ်လာသည့်အခါ လုယွီသည် မင်းသားနှင့် မင်းသမီးများကို ကာကွယ်ပေးသည့် တာဝန်ကို ယူခဲ့သည်။ သူသည် နတ္ထိဘုံတိုက်ပွဲ၌ မင်းသမီး ရှားရှင်းယွန်ကို ကာကွယ်ရန် တာဝန်ယူခဲ့လေသည်။
တစ်ခုပြောနိုင်သည်က သူသည် မင်းသမီး ရှားရှင်းယွန်၏ နောက်ကွယ်မှ စောင့်ရှောက်သူ ဖြစ်သည်။ သူ့အတွက်တော့ ရှားရှင်းယွန်၏ လုံခြုံမှုသည် အမြဲတမ်း အရေးကြီးဆုံး ဖြစ်သည်။
ယနေ့တွင် သူသည် အင်ပါယာရှားဘုံမှ စစ်သည်များကို ဦးဆောင်၍ မင်းသားကြီးကို လာရောက် တားဆီးခဲ့သည်။
အော်မြည်နေသည့် ရွှေရောင်နဂါးကြီးများ လာနေသည်ကို ကြည့်ရင်း လုယွီသည် ခရမ်းရောင် အလင်းများကို ထုတ်လွှတ်သည်။ တောက်ပသော ရွှေရောင်အလင်းများ ထုတ်လွှတ်ထားသည့် မင်းသားကြီးကို အင်ပါယာရှားဘုံမှ လူက ဟန့်တားသည်။
အော်မြည်နေသည့် ရွှေရောင်နဂါးကြီးများ လာနေသည်ကို ကြည့်ကာ လုယွီသည် ထုတ်လွှတ်ထားသည့် ခရမ်းအလင်းများကို ပို၍ ထူထဲသော ခရမ်းရောင်စဉ်များအဖြစ် ပြောင်းလဲစေသည်။
ထိုအချိန်၌ သံပြိုင်အော်မြည်လျက် ရှေ့သို့ ချီတက်လာနေသည်ကို မြင်လျှင် လုယွီသည် လက်နှစ်ဖက်လုံးကို လှုပ်ရှားသည်။ ရုတ်တရက် အထက်ကောင်းကင်တွင် အဆုံးမဲ့ ခရမ်းရောင်စဉ်များ ပေါ်ပေါက်လာပြီး ဆက်လက်၍ ကြီးမားလာကာ ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားသည်။ အလင်းရောင်စဉ်များသည် ကောင်းကင် တိမ်တိုက်များထက်တွင် ရှိနေပြီး ဟိန်းဟောက်နေသည့် နဂါးကြီးများ၏ လမ်းကို ပိတ်ဆို့ထားသည်။
မင်းသားကြီးသည် ခြိမ်းခြောက်နိုင်သော အကြည့်များဖြင့် ရှေ့သို့ စူးစိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။
“လုယွီ… မင်းက နှစ်ပေါင်း များစွာကြာအောင် အင်ပါယာရှားနောက်ကို လိုက်ခဲ့တယ်။ ဒါပေမဲ့ မင်းမှာ ကျော်ကြားမှုရော ရာထူးအဆင့်အတန်းရော မရှိဘူး။ မင်း ဒီနေ့ တာလီကို သစ္စာခံလိုက်ရင်ရော ဘယ်လိုလဲ။ အရှင်မင်းကြီးဆီမှာ မင်းအတွက် မြင့်မြတ်တဲ့ ရာထူး အဆင့်အတန်းကို ကျုပ် တောင်းဆိုပေးမယ်”
သူသည် တာလီပြည်ထောင်၏ မင်းသားကြီး အနေနှင့် အင်ပါယာရှားဘုံမှ ထိပ်တန်း ပုဂ္ဂိုလ်များ၏ အမည်နှင့် ရင်းနှီးသော်လည်း ဤနတ်ဘုရားနှင့်တူသည့် တစ်ကိုယ်တည်းသမား မပါဝင်ပေ။
အင်ပါယာရှားဘုံတွင် ဖြစ်စေ တာလီပြည်ထောင်၌ ဖြစ်စေ တန်ခိုးရှင် အနည်းစုသည်သာ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ဝင်ရောက်နိုင်သည်။ မင်းသားကြီးသည် ထိုလူများကို လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်နိုင်သောကြောင့် သူသည် လုယွီအား သတိပြုမိလေသည်။
လုယွီသည် မင်းသားကြီး၏ အသံကို လျစ်လျူ ရှုထားပြီး ပြန်ဖြေရမည့်အစား လက်ဝါးရိပ်နှစ်ခုကို ရေးဆွဲသည်။ ရုတ်တရက် ခရမ်းရွှေရောင် ရောင်စဉ်များသည် ကျယ်ပြန့်လာသည်။ အတွင်းတွင် ကြောက်မက်ဖွယ် ခရမ်းရောင်နှင့် ရွှေရောင်အလင်းများသည် အော်မြည်ကာ လှုပ်ရှားလာသည်။ စုစည်းလာပြီး ကမ္ဘာမြေအထက်တွင် မိုးကြိုး တိမ်တိုက်များအသွင် ဖြစ်ပေါ်လာသည်။ ကောင်းကင်သည် အဆုံးသတ်အချိန်၏ ရှေ့ပြေးနိမိတ်သဖွယ် ဖြစ်နေ၏။
“သေလိုက်တော့”
လုယွီက ပြောလိုက်ပြီး ခရမ်းနှင့်ရွေရောင် ရောင်စဉ်များသည် အဆုံးမဲ့ ခရမ်းရောင်စဉ်များအဖြစ် ထွက်ပေါ်လာကာ တိမ်တိုက်များကို ထိုးဖောက်၍ အော်မြည်နေသည့် ရွှေရောင်နဂါးကြီးများ ဆီသို့ ဦးတည် ပြေးဝင်သွားသည်။
“အားလုံး သတိထားကြ”
မင်းသားကြီးက လေထဲသို့ လျှောက်သွားရင်းက ပြောသည်။ မရေတွက်နိုင်သည့် ရွှေရောင် နဂါးကြီးများသည် ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ လမ်းကြောင်းတွင် တိုက်ခိုက် လိုက်ကြသည်။ သို့သော်လည်း ခရမ်းရောင် အလင်းများသည် ဆက်လက် ရောက်ရှိလာပြီး ရောင်စဉ်များသည် နဂါးကြီးများ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။
ထည်ဝါသည့် ခရမ်းရောင် အလင်းများသည် နတ်ဓားကဲ့သို့ နဂါးကြီးများကို ခုတ်ပိုင်းသွားခဲ့သည်။
ဘန်း…
မင်းသားကြီးသည် လေထဲတွင် ပြင်းထန်သည့် ခြေလှမ်းကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို ယမ်းခါသွားစေသည်။ ရွှေရောင်နဂါးများသည် နောက်တဖန် ထပ်ပေါ်ပေါက်လာပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် အော်မြည်ကာ လှုပ်ရှားလာသည်။ ထိတ်လန့် တုန်လှုပ်ဖွယ် အော်သံကြီး ထွက်ပေါ်လာပြီးနောက် ပေတစ်သောင်းခန့် ရှည်လျားသည့် လက်သည်းငါးခု ရွှေရောင်နဂါးကြီးသည် မင်းသားကြီးနောက်၌ ပေါ်ပေါက်လာပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။
၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ခွေရစ်နေပြီး ကြီးမားသည့် ဦးခေါင်းကြီးသည် အောက်ဘက်ကမ္ဘာဆီမှ အရာအားလုံးကို ငုံ့ကြည့်နေသည်။ နဂါးကြီးသည် ထည်ဝါသည့် အရှိန်အဝါများ ပြည့်နှက်နေပြီး နဂါးများအားလုံး၏ ဘိုးဘေးဘီဘင်ကဲ့သို့ ထင်မှတ်ရသည်။
“လီဟန် ဓားသမားလည်း ဒီကို ရောက်နေတယ်။ ကြည့်ရတာ အင်ပါယာရှားဘုံက အကုန်လုံး ပြင်ဆင်ပြီးပြီ ထင်တယ်။ မင်းတို့က ဒီနေရာမှာ တာလီမင်းသားကို သတ်မလို့ ဟုတ်တယ်မလား”
မင်းသားကြီးက သရော်ပြုံး ပြုံးကာ မေးသည်။ သူ သတိပြုမိသည်က လီယောင်သည် အခြေအနေကို မသိဘဲ ရီဖူရှင်းကို သတ်ရန် သွားမည် ဆိုပါက မကောင်းသည့် ရလဒ်များ ဖြစ်လာနိုင်ပေသည်။
အင်ပါယာရှားဘုံမှ လူများသည် သူ့ကို ဆန့်ကျင်၍ လျှို့ဝှက်ပူးပေါင်း ကြံစည်နေသည်။ ထိုသည်မှာ ရီဖူရှင်းသည် လျှို့ဝှက် အကြံအစည်များ ရှိသည်ဟူသော သဘောဖြစ်သည်။
အင်ပါယာရှားဘုံမှ အင်ပါယာရှားနှင့် မင်းသမီး ရှားရှင်းယွန်သည် ရီဖူရှင်းကို အလွန်ကောင်းမွန်စွာ ဆက်ဆံလေသည်။ ထိုမိန်းကလေးသည် ရီဖူရှင်းနှင့် မေတ္တာမျှနေခြင်း ဖြစ်နိုင်လေသည်။
မင်းသားကြီး၏ ခြေလှမ်းများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါနေစေသည်။ သူသည် လက်ဝါးရိုက်ချက် တစ်ခုကို ထုတ်ဖော်သည်။ ကြီးမားသော ရောင်စဉ်နဂါးကြီးသည် သူ၏ အပြုအမူအတိုင်း လိုက်လုပ်လိုက်ကာ လက်သည်းငါးခုနှင့် လက်ကြီးက အောက်သို့ ရိုက်ချသည်။ ပေတစ်သောင်း ရှည်သည့် နဂါးကြီး၏ ရောင်ပြန်များသည်လည်း တိမ်တိုက်များပေါ်တွင် ပေါ်ပေါက်လာပြီး သူတို့၏ လက်သည်းများဖြင့် ရိုက်ချသည်။
ရွှေရောင် လက်သည်းများ၏ ရှေ့တွင် လုယွီ၏ ပုံရိပ်သည် အလွန်သေးငယ်နေပြီး သူသည် အပိုင်းပိုင်း ပြတ်သွားလိမ့်မည်ဟု ထင်မှတ်ရပေသည်။
လုယွီသည် သူ၏ ခေါင်းကို မော့ကာ တည့်တည့်ကြည့်သည်။ ခရမ်းရောင် အလင်းရောင်စဉ်များက သူ့ခန္ဓာကိုယ်ကို ဝန်းရံလွှမ်းခြုံထားပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေသည်။ အဆုံးမဲ့ ရောင်စဉ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကာ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး အခြားသော ဓားများထက်ကို ထက်ရှသည့် ခရမ်းရောင်ဓားကြီး အဖြစ် ပေါ်လာပေသည်။
ဘုန်း…
ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ရပြီး ကောင်းကင်တစ်ခုလုံး လှုပ်ခါသွားသည်။ ထက်မြသည့် လက်သည်းကြီးများသည် ခရမ်းရွှေရောင်စဉ်များနှင့် ပြင်းထန်စွာ ထိတွေ့သွားခဲ့သည်။ ပျက်စီးခြင်း၏ အရှိန်အဝါများ ထွက်ပေါ်လာပြီး မြင်ကွင်း တစ်ခုလုံးကို အေးခဲသွားစေသည်။
ရွှေရောင်ရောင်စဉ်များနှင့် နဂါးလက်သည်းများသည် အလင်းရောင်များ မှေးမှိန်သွားကာ အပိုင်းပိုင်း ပေါက်ကွဲ ပျက်စီးသွားလေသည်။
မင်းသားကြီးသည် နှာမှုတ်ကာ လှောင်လိုက်ပြီး လောကကြီးထဲမှ မည်သည့်အရာကမှ သူ့ကို မတားဆီးနိုင်သကဲ့သို့ ဆက်လက်ကာ ရှေ့တိုးလာသည်။
လုယွီသည်လည်း နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။ ခရမ်းရောင်စဉ်များသည် လေထုထဲတွင် ဆက်လက်အော်မြည်၍ လွင့်မျော ရွေ့လျားနေသည်။
***
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေစဉ်တွင် အခြားတစ်နေရာ၌ မှော်ဆရာ ဦးဆောင်သည့် စစ်သည်များသည် ကောင်းကင်ထက်တွင် ရပ်ကာ သူတို့၏ ပြိုင်ဘက်များ ရောက်အလာကို စောင့်ဆိုင်းနေကြသည်။
ဤတိုက်ပွဲ၏ ပင်မတိုက်ပွဲ အင်အားစုများ ဖြစ်သည့် တာလီတော်ဝင် အကြံပေးနှင့် သူ့ စစ်သည်များသည် ရောက်ရှိလာကြသည်။
မင်းသား ၃နှင့် တာလီအင်ပါယာမှ အခြားစစ်သည်များသည် ဤတပ်ဖွဲ့၌ အားလုံး ပါဝင်လေသည်။ သူတို့၏ ပြည့်ဝလှသော စွမ်းအား အရှိန်အဝါများသည် ကောင်းကင်ကို လွှမ်းခြုံနေသည်။
တာလီတော်ဝင် စစ်သည်များသည် မှော်ဆရာ၏ ရှေ့၌ ရပ်တန့်သည်။ သူတို့သည့် သူတို့ရှေ့မှ ရန်သူများကို ထွင်းဖောက်နိုင်သည့် မျက်လုံးများနှင့် ကြည့်နေကြသည်။
တာလီတော်ဝင် အကြံပေးသည် မှော်ဆရာကို ကြည့်သည်။ သူတို့နှစ်ဦးလုံးသည် သူတို့၏ သက်ဆိုင်ရာ တပ်ဖွဲ့များတွင် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
တာလီတော်ဝင် အကြံပေး၏ ဘေးတွင် နောက်ထပ် ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်တစ်ဦး ရပ်နေသည်။ ထိုသူသည် လီမြို့၏ အုပ်ချုပ်သူဟောင်း ယန်ခွင်း ဖြစ်သည်။
ယန်ခွင်း၏ မျက်လုံးများသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ချန်ယဲ့မြို့၏ အုပ်ချုပ်သူဟောင်း ဆန်းထျန်ကျန့်ထံသို့ ကျရောက်နေသည်။
ဆန်းထျန်ကျန့်လည်း ဤတိုက်ပွဲတွင် ပါဝင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
တာလီတော်ဝင် အကြံပေးသည် သူ၏ မြို့ကို သိမ်းယူပြီးနောက်တွင် ယန်ခွင်းကို ဘာမှ မလုပ်ခဲ့သည့်အပြင် လေးစားမှုအပြည့်ဖြင့် ဆက်ဆံခဲ့သည်။ ထို့ကြောင့် ရန်ခွင်းသည် တော်ဝင်အကြံပေးကို လေးစားကြည်ညို လေသည်။ ထို့အပြင် လီယောင်သည်လည်း သူ့ကို ကြီးမားသော အကျိုးအမြတ်များဖြင့် ကမ်းလှမ်းခဲ့သောကြောင့် ရန်ဟောင်ဘုံများကြားမှ တိုက်ပွဲကို ဝင်ပါရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဆန်းထျန်ကျန့်သည်လည်း တူညီသော ဖြစ်ရပ်မျိုး ရှိခဲ့ခြင်းပေလော။
တာလီအင်ပါယာ၏ မင်းသား၃ လီကျန်းသည် အင်ပါယာရှားဘုံ၏ ပထမမင်းသား ရှားရုန်ကို ကြည့်သည်။ သူတို့သည် အကြည့်တစ်ချက်နှင့်ပင် သူတို့၏ ပြိုင်ဘက်များကို ရွေးချယ်ပြီးသွားခဲ့သည် ထင်၏။
တာလီမင်းသား၃သည် တာလီတွင် အလွန်မြင့်မားသော အဆင့်အတန်း ရှိသည်။ သူ၏ အရည်အချင်းနှင့် ကျင့်ကြံမှုများသည် သူ၏ အစ်ကိုတော် နှစ်ဦးကိုပင် ဖိနှိပ်ထားနိုင်သည်။ သူသည် အင်ပါယာလီဘုံ၏ အင်ပါယာဆက်ဆံသူ ဖြစ်ရန် အနီးစပ်ဆုံးပင် ဖြစ်၏။
အင်ပါယာရှားဘုံ၏ ပထမမင်းသား ရှားရုန်သည်လည်း အလွန်ထူးချွန်လှသည်။ ရှားရှင်းယွန်ကို မမွေးဖွားမီက သူသည် အင်ပါယာရှားဘုံ၏ ဆက်ခံသူဖြစ်ရန် အနီးစပ်ဆုံးသူအဖြစ် သတင်းမွှေးခဲ့သည်။ သူသည် ကျင့်ကြံရန်အတွက် စစ်တပ်ကို ဝင်ရောက်ခဲ့ပြီး ထူးကဲသာလွန်သည့် အရည်အချင်းအား ပြသခဲ့သည်။ အင်ပါယာရှားဘုံမှ လူများသည် သူ့ကို ကြည်ညိုကာ လေးစားကြ၏။
ရှားရှင်းယွန်သည် တစ်ဦးတည်းသော မင်းသမီးဖြစ်ပြီး အင်ပါယာရှားသည် အလွန်ပင် ချစ်ခင်မြတ်နိုးသည်။ အင်ပါယာရှားသည် ရှားရှင်းယွန်၏ ပါရမီ အရည်အချင်းသည် သူ့ထက်သာလွန်သည်ဟု ကြေညာခဲ့သောကြောင့် လူအများသည် ရှားရှင်းယွန်သည်သာ အင်ပါယာရှား၏ ဆက်ခံသူ ဖြစ်လာလိမ့်မည်ဟု တွေးကြသည်။
သို့သော်လည်း ထိုသည်မှာ သူတို့၏ ကျင့်ကြံရေး ပေါက်ရောက်မှု ပေါ်တွင် အလုံးစုံ မှီခိုနေလိမ့်မည်။
သူတို့ထဲက မည်သူမဆို ရန်ဟောင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် အင်ပါယာ၏ ဆက်ခံသူ ဖြစ်လာနိုင်မည် ဖြစ်သည်။
သို့သော်လည်း ထိုအချိန်၌ တိုက်ပွဲတွင် လီကျန်းနှင့် ရှားရုန်သည် အသင့်တော်ဆုံး ပြိုင်ဘက်များ ဖြစ်သည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။ သူတို့သည် အချင်းချင်း စူးစိုက်ကြည့်နေကြပြီး သူတို့၏ ကိုယ်မှ သန်မာသည့် တိုက်ပွဲစွမ်းအား အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။
“ရီဖူရှင်းက တာလီပြည်ထောင်ကို တာလီတန်ခိုးရှင် သတ္တမဓားဆိုပြီး လိမ်လည် ဝင်ရောက်လာခဲ့တယ်။ သူက ကျုပ်တို့ရဲ့ကျင့်စဉ်တွေကို တိတ်တဆိတ် သင်ယူသွားပြီး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။ ရှားရုန်… မင်းသာ သူ့ကို ကျုပ်ဆီ လက်လွှဲပေးရင် မင်းကို လွှတ်ပေးလိုက်မယ်”
လီကျန်းက ရှားရုန်ကို ပြောသည်။
“လီယောင်က နတ္ထိဘုံတိုက်ပွဲမှာ ရီဖူရှင်းကို ရှုံးသွားပြီးတဲ့နောက် လုပ်ကြံဖို့ လူသတ်သမားတွေ စေလွှတ်ခဲ့တယ်။ အဲဒါကရော စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ မဟုတ်ဘူးလား။ လီယောင်ကို လက်လွှဲပေးဖို့ ကျုပ်လည်း မေးသင့်တယ်”
ရှားရုန်က အေးစက်စွာ ပြောသည်။
“ရီဖူရှင်းက တာလီမှာ ဘာအမှားမှ မကျူးလွန်ခဲ့ဘူး။ လီယောင်သာ အသတ်ခံခဲ့ရမယ်ဆိုရင် အဲဒါက သူ့အတွက် ထိုက်တန်လို့ပဲ။ မင်း တိုက်ချင်ရင် တိုက်တော့။ အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့”
လီကျန်းက သရော်သည်။ ရှားရုန်က အမှန်ပင် ခေါင်းမာလှ၏။ သူက စစ်တပ်ကို ဦးဆောင်နေသည့် မင်းသားတစ်ပါး ဖြစ်သည်မှာ အံ့သြစရာ မရှိတော့ပေ။
“အင်ပါယာရှားဘုံရဲ့ ပထမ မင်းသားအကြောင်း ကျူပ် အများကြီး ကြားဖူးတယ်။ ဒီနေ့ မင်း ဘယ်လောက် သန်မာလဲဆိုတာ ကျုပ်ကို ပြလိုက်ပေါ့”
လီကျန်း က ပြောလိုက်ကာ ရှေးဟောင်း နဂါးကြီးသဖွယ် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလာခဲ့သည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါများမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူသည် အလွန်ချောမောလှပြီး သူ့ဆီမှ ထုတ်လွှတ်နေသည့် ခြိမ်းခြောက်နိုင်သော အရှိန်အဝါများမှာ သူ့ခေတ်အခါတွင် ရှားပါးလှသူ ဖြစ်ပေသည်။
ရှားရုန်သည်လည်း ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ ရှည်လျားသော ဆံပင်များမှာ လေထဲတွင် ဝဲလွင့်နေသည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်မှု သံမဏိစွမ်းအား အရှိန်အဝါများ ထွက်ပေါ်လာသည်။
နှစ်ယောက်လုံးသည် တော်ဝင်မင်းသားများ အနေနှင့် ဦးဆောင် လွှမ်းမိုးနိုင်သည့် ရောင်ဝါများ ရှိသော်လည်း သူတို့၏ သတ်ဖြတ်မှု အငွေ့အသက်များမှာ ကွာခြားလှသည်။
သူတို့သည့် ရှေ့သို့ ခြေလှမ်းလိုက်ပြီး တစ်ယောက်ဆီသို့ တစ်ယောက် လျှောက်လာနေကြသည်။ မည်သူကမှ သူတို့၏ တိုက်ပွဲတွင် ကြားဝင်မစွက်ဖက် ကြပေ။ ဤသည်မှာ အင်ပါယာလီဘုံမှ မင်းသားနှင့် အင်ပါယာရှားဘုံမှ မင်းသား၏ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲ ဖြစ်သည်။ သူတို့သည် ဤတိုက်ပွဲကို ကြားဝင်ဖြတ်လိုခြင်း မရှိကြပေ။
မည်သည့်ပညာရပ်မှ မပါဘဲနှင့် လီကျန်း နှင့် ရှားရုန်သည် အချင်းချင်းရှေ့သို့ လျှောက်သွားကာ လက်သီးတစ်လုံးစီ ပစ်သွင်းလိုက်ကြသည်။
လီကျန်းသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်အောင် အော်မြည်လိုက်သည့် နဂါးတစ်ကောင်၏ စွမ်းအားများ ပါဝင်နေသော လက်သီးကို ထုတ်ဖော်သည်။ လက်သီးတစ်ချက် ထွက်ပေါ်လာသည့် အခါတွင် ကြောက်မက်ဖွယ် လှိုင်းများလွှမ်းခြုံသွားပြီး ၎င်း၏ ရှေ့၌ ရှိသမျှ အရာအားလုံးမှာ အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေသွားကြသည်။ ၎င်းသည် သဘာဝ၏ မတည်ငြိမ်မှုနောက်ကို လိုက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုဟန ရှိသည်။ လီကျန်း၏ နောက်၌ ဘိုးဘေးနဂါးကြီး တစ်ကောင် ရှိနေသည်။ ထိုအချိန်တွင် သူ၏ တည်ရှိမှုကို မည်သည့်အရာကမှ မခိုးယူနိုင်ပေ။ သူသည် လောကထဲတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။
စွမ်းအားများသည် ရှေ့သို့ ဆက်သွားနေပြီး ကောင်းကင် လေဟာနယ်ကိုပင် လောင်ကျွမ်းလာစေသည်။
ရှားရုန်သည် ဟွမ်ထန်းလက်သီးအား သုံးဆယ့်သုံးလွှာ၏ စွမ်းရည်ကို ထုတ်ဖော်သည်။ သူ ပထမဆုံး ပစ်လွှတ်လိုက်သည့် လက်သီးတွင် ဟွမ်ထန်း လက်သီးအား၏ နှစ်ဆယ့်နှစ်လွှာ ပါဝင်လေသည်။ တစ်ချက်ပြီး တစ်ချက်တွင် ကြီးမားလာ၍ သန်မာသထက် သန်မာလာသည်မှာ ကမ်းခြေကို ရိုက်ခတ်လာသော လှိုင်းလုံးများသဖွယ် ဖြစ်သည်။
ရိုက်ခတ်မှု ဖြစ်ပွားသည့်အခါ လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ မမြင်ရသည့် လေထုသည် ရှင်းလင်းခံလိုက်ရပြီး ကောင်းကင်နှင့် မြေကြီးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
လက်သီးအားများသည် ဖျက်ဆီးတတ်သည့် စွမ်းအားများသို့ လုံးဝ ပြောင်းလဲသွားသည်။ ထိတ်လန့် ကြောက်ရွံ့ဖွယ် မုန်တိုင်းကြီးများသည် မင်းသားများ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေသည်။ သူတို့၏ ဆံပင်များနှင့် အဝတ်အစားများသည် လေထဲတွင် ကြမ်းတမ်းစွာ လူးလွန့်နေသည်။ လောကကြီးထဲက မည်သည့်အရာမှ သူတို့ကို မရပ်တန့်နိုင်ပေ။
ဤသည်မှာ အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံမှ အထူးချွန်ဆုံး မင်းသား နှစ်ယောက်ကြားမှ တိုက်ပွဲဖြစ်သည်။ ရုတ်တရက် ဆိုသလိုပင် အခြားတိုက်ပွဲတွင် ကြီးမားသော နေရာတစ်ခု ပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ အခြားစစ်သည်များသည် သူတို့နှင့် တူညီသည့် ပြိုင်ဘက်များကို ရှာဖွေ၍ မင်းသားနှစ်ပါးကို နှစ်ဦးတည်း တိုက်ခိုက်စေရန် တမင်သက်သက် ချန်ထားလိုက်ပုံရသည်။
ကောင်းကင်မှ အခြားလူများနှင့် ဝေးကွာသည့် လေထုအထက်တွင် ပုံရိပ်နှစ်ခုသည် တိမ်တိုက်များပေါ်၌ ပေါ်ပေါက်လာခဲ့သည်။
ယင်းတို့မှာ တာလီတော်ဝင်အကြံပေးနှင့် မှော်ဆရာပင် ဖြစ်တော့၏။
***