ရှန်းနန်တစ်ယောက် ချန်ယဲ့မြို့သို့ ရောက်ရှိသည့်တိုင် အင်ပါယာလီဘုံမှ စစ်သည်များ ရောက်မလာသေးပေ။
လီယောင်က တမင်သက်သက် သူ အရင်ဆုံး ရောက်နေစေရန် သတင်းကို စောစောပို့လိုက်ခြင်း ဖြစ်ရမည်။
ရှန်းနန်သည် ထိုအကြောင်းကို သတိထားမိသောကြောင့် မြို့စားရုံးတော်သို့ သွားရောက်ရန် အလျင်မလိုပေ။ သို့သော်လည်း အသက် စွမ်းအင်လှိုင်းများကို အခြေခံ၍ အင်ပါယာရှားဘုံမှ စစ်သည်များသည် သူ့ကို သတိပြုမိသွားကြောင်း သူ ပြောနိုင်သည်။
သူတို့က ရပ်တန့်လိုက်ပြီး မြို့စားအိမ်တော်နှင့် အတော်ဝေးဝေး၌ ပြန်၍ နေရာယူသည်။
လီယောင်တွင် သူ၏ လျှို့ဝှက်အစီအစဉ် ရှိသည်။ သူသည် ရှန်းနန်ကို အင်ပါယာလီဘုံမှ မလှုပ်ရှားခင် အရင်ရောက်လာစေရန် လုပ်ဆောင်ခဲ့သည်။
ဘယ်လောက် ကလိန်ကကျစ် ကျလိုက်တဲ့ ကောင်လဲ…
ဥဒေါင်းမြို့မှ စစ်သည်များသည်လည်း ရောက်ရှိနေပြီ ဖြစ်၏။ ခွန်ရွှမ်နှင့် သူမ၏ နောက်လိုက်များသည် ကောင်းကင်ထက်တွင် ရပ်နေပြီး အဝေးမှ မြို့စားအိမ်တော်ဘက်သို့ ကြည့်နေကြသည်။
ထို့နောက်တွင် မြို့စားအိမ်တော်မှ လူစုသည် ထွက်လာခဲ့ကြသည်။ ဦးဆောင်လာသည့် သူမှာ ထူးကဲသာလွန်သည့် အသွင်အပြင် ရှိသည်။ သူသည် ရှန်းမြို့နှင့် ဥဒေါင်းမြို့မှ စစ်သည်များကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်နှင့် မေးသည်။
“ဒီနေ့ ဘာကြောင့် ရောက်လာလဲဆိုတာ ကျွန်တော် မေးလို့ရမလား”
“ကျွန်မက ဒီစစ်ပွဲကို မျက်မြင်တွေ့ချင်လို့ ရောက်လာတာပါ”
ခွန်ရွှမ်က ပြောသည်။ သူမက ဤနေရာသို့ ပွဲကြည့်ရန်သာ လာခဲ့ခြင်း ဖြစ်သည်။
စကားပြောလိုက်သည့် သူမှာ အင်ပါယာရှားဘုံမှ ပထမမင်းသား ရှားရုန်ဖြစ်သည်။
ပြောကြသည်က သူသည် ခေါင်းမာသော လူတစ်ယောက် ဖြစ်သည် ဟူ၍ ဖြစ်သည်။
“အတူတူပါပဲ”
ရှန်းနန်က ပြုံးကာ ပြောသည်။
ရှားရုန်က ခေါင်းညိတ်ကာ ပြော၏။
“ဒီနေ့တိုက်ပွဲရဲ့ ရည်ရွယ်ချက်က အင်ပါယာရှားဘုံနဲ့ အင်ပါယာလီဘုံကြားက ရန်ကြွေးဟောင်းကို ဖြေရှင်းဖို့ပါ။ လွတ်လွတ်လပ်လပ် ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်လုံခြုံရေးကိုတော့ ကိုယ် ဂရုစိုက်ကြပါ။ ဒါပေမဲ့လည်း တစ်ယောက်ယောက်က တိုက်ပွဲကြားကို ကြားဝင်ချင်တယ် ဆိုရင်တော့…”
ရှားရုန်၏ အသံက ချက်ချင်း အေးစက်သွားကာ မမြင်နိုင်သည့် ဖိအားများနှင့် အေးစိမ့်မှုများကို ထုတ်လွှတ်နေသည်။
“မှော်ဆရာ၊ တစ်ယောက်ယောက်ကများ ကျုပ်တို့ရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အကျိုးအမြတ် လိုချင်လို့ ကြားဝင်လာရဲရင် ကျုပ်တို့က အမြစ်ပြတ် ချေမှုန်းသုတ်သင် ပစ်ရမယ်။ အင်ပါယာလီဘုံနဲ့ တိုက်ပွဲမှာ ရှုံးရင်တောင် ကျုပ်တို့ နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူ ဘယ်သူ့ကိုမဆို အရင်ဆုံး အပြစ်ပေးရလိမ့်မယ်။ အဲဒီလို လုပ်လို့ ဘုံတွေကြားက စစ်ပွဲတွေ ဖြစ်လာတာ ဖြစ်မလာတာကို ကျုပ် ဂရုမစိုက်ဘူး”
“အမိန့်အတိုင်းပါ အရှင်မင်းသား”
မှော်ဆရာက ပြန်ဖြေသည်။
“ကျွန်တော်တို့ အရှင်မင်းသားရဲ့ အမိန့်ကို လိုက်နာပါ့မယ်”
သူ့နောက်မှ စစ်သားများကလည်း သံပြိုင်အော်လိုက်ကြသည်။ ရှားရုန်သည် ရှန်းနန်ကို အေးစက်စက် အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ဘာမှ မဖြစ်သကဲ့သို့ ပြုံးသည်။
“ဒီမှာ ရှိနေတဲ့ ဘယ်သူကမှ အဲဒီလို စက်ဆုပ်စရာ လုပ်ရပ်မျိုးကို လုပ်လိမ့်မယ်လို့ ကျုပ် မယုံပါဘူး။ အဲဒါကြောင့် သက်သောင့်သက်သာ ကြည့်ကြပါ”
ရှားရုန်သည် စကားပြောပြီးနောက် ရှန်းနန်၏ မှောင်မည်းနေသည့် အမူအရာကို လျစ်လျူရှုကာ လှည့်ထွက်သွားသည်။
ရှန်းနန်သည် ရှီအဆင့်သာ ရှိသေး၏။ သူ ရှန့်ထိုအဆင့်သို့ ဝင်ရောက်ရန်မှာ များစွာ လိုသေးသည်။ ထို့အပြင် သူ၏ နှလုံးသားသည် ယူချင်း၏ ရှုံးနိမ့်စေခဲ့မှုကြောင့် ဒဏ်ရာများ ရှိနေဆဲပင် ဖြစ်၏။ ပြောစရာ မလိုအောင်ပင် သူသည် ရှားရုန်ကဲ့သို့ သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
သူက အခြေအနေကို အခွင့်ကောင်းယူကာ လှုပ်ရှားရန် လာခြင်းဖြစ်၏။
သို့သော်လည်း သူ မမျှော်လင့်ခဲ့သော ရှားရုန်၏ ပုံစံမှာ အလွန်ပင် ဩဇာ သက်ရောက်နိုင်စွမ်း ရှိ၏။ ရှားရုန်သည် သူ့အား လှုပ်ရှားရန် အခွင့်အရေး ပေးလိုဟန်မရပေ။
ရှားရုန်သည် သူတို့ကြားတွင် ဝင်ရောက် နှောင့်ယှက်ကာ ဖျက်ဆီးရဲသည့် မည်သူ့ကိုမဆို သတ်မည်ဟု တိုက်ရိုက်ကြေညာ သွားခဲ့သည်။
ထိုသို့ ပြုလုပ်သောကြောင့် ဘုံများအကြားမှ စစ်ပွဲဖြစ်ပွားလျှင်ပင် ဂရုမစိုက်ဟု ဆိုသည်။
ရှန်းနန်က မည်သို့ ဝင်စွက်ဖက်ရဲ တော့မည်နည်း။
ရှန်းနန်သည် အကျဉ်းအကျပ်ထဲ ကျရောက်သွားခဲ့သည်။ အင်ပါယာရှန်းဘုံမှာ စစ်သည်များထဲမှ တစ်ယောက်သည် သူ့ကို ကြည့်လိုက်ပြီး သူတို့ မင်းသားသည် ရင့်ကျက်မှုမရှိဟု တွေးလိုက်လေသည်။ သူသည် သူ၏ အရည်အချင်းနှင့် ထူးချွန်သော်လည်း ရှားရုန်ကဲ့သို့ ဘဝအတွေ့အကြုံများ လိုအပ်နေသေးသည်။
သူတို့သာ တိုက်ပွဲတွင် ဝင်စွက်ဖက်ခဲ့ပါက များပြားလှသည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်။
အင်ပါယာလီနှင့် အင်ပါယာရှားဘုံကြားမှ ပဋိပက္ခသည် နှစ်ဖက်လုံး၏ စွမ်းအားအမြင့်ဆုံး ပုဂ္ဂိုလ်များမှ စီစဉ်ကြခြင်း ဖြစ်သည်။
ရှန်းနန်၏ အဆင့်အတန်းမှာ သွေးနဂါးဘုံရှိ အင်ပါယာရှန်း အမွေအနှစ်ကို စောင့်ရှောက်ရန်သာ ဖြစ်ပြီး သူတို့သည် ဤကဲ့သို့ အရေးကြီးသည် တိုက်ပွဲမျိုး၌ ပါဝင်ရန် အခွင့်အာဏာ မရှိပေ။
ရှားရုန်သည်လည်း ဤသည်ကို သိရှိ၏။ ထို့ကြောင့်လည်း သူက အထက်စီးဖြင့် ဖိနှိပ်ရဲခြင်း ဖြစ်သည်။ ဤသည်က စစ်တပ်တွင် နှစ်ပေါင်းများစွာ နေလာခဲ့သည့် သူ့ပုံစံလည်း ဖြစ်နိုင်သည်။
သို့ပေမဲ့ စစ်သည်များသည် ရှန်းနန်ကို မည်သည့်စကားမှ မဆိုသလို နားချခြင်းလည်း မပြုလုပ်ကြပေ။ သူတို့သာ တစ်ခုခု ပြောလိုက်မည်ဆိုလျှင် ရှန်းနန် ပို၍ အရှက်ရ ရလိမ့်မည်။
ထို့ကြောင့် သူတို့သည် ရှန်းနန် ဦးဆုံး သွေးအေးသွားစေရန် စောင့်နေလိုက်ကြသည်။
ခွန်ရွှမ်သည် ရှန်းနန်ကို အဝေးကနေ ကြည့်သည်။ သူမသည် ရှားရုန် ပြောသွားသည်နှင့် ပတ်သက်၍ ခံစားချက် ကြီးကြီးမားမား မရှိပေ။ အဆုံးတွင်တော့ သူမသည် ထိုကိစ္စ၌ ပါဝင်ပတ်သက်ရန် ဘယ်တုန်းကမှ မဆုံးဖြတ်ခဲ့ဘူးပေ။ သို့သော်လည်း ရှန်းနန်သည်တော့ ရှားရုန်၏ စကားများကြောင့် ထိတ်လန့် သွားခဲ့သည်။
ရှန်းနန်သည် ဤပြဿနာတွင် ရေထဲမှငါးကို ဖမ်းဆီးရန် လုံလောက်သော ရင့်ကျက်မှု မရှိပေ။
မင်းသားတစ်ပါး ဖြစ်နေလျှင်ပင် သူသည် ရှားရုန်၏ အဆင့်သို့ မရောက်သေးသောကြောင့် တိုက်ပွဲအတွင်း ဝင်စွက်ဖက်ရန် အရည်အချင်း မပြည့်မီပေ။
***
ချန်ယဲ့မြို့၏ အရှေ့ဘက် ဝင်ပေါက် အပြင်ဘက်တွင် သားရိုင်းစွမ်းအင်များ ယှက်သိုင်းနေသည်။ သားရိုင်း စွမ်းအင်များသည် အနက်ရောင် တိမ်တိုက်များကဲ့သို့ပင် အော်မြည်ကာ ရှေ့သို့ ရွေ့လျားနေသည်။ ကောင်းကလန်၏ စစ်သည်များ ရောက်ရှိလာခြင်း ဖြစ်သည်။
သားရိုင်းအသက် စွမ်းအင်များသည် ကြောက်မက်ဖွယ် ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမျိုတော့မတတ် ဖြစ်သည်။ အန္တိမသားရိုင်းများ ရောက်ရှိလာခြင်းအဖြစ် ညွှန်ပြနေသည်။
ဘုန်း…
သားရိုင်းစွမ်းအား စီးကြောင်းများက ဆက်လက် တိုးပွားလာနေသည်။ ကောင်းခေါင်နှင့် ကောင်းကလန်မှ သားရိုင်း စစ်သည်များမှာ အတန်ကြာသည်အထိ ချီတက်လာနေသည်။ သူသည် ခေါင်းကို မော့ကာ ချန်ယဲ့မြို့သို့ ကြည့်သည်။
နောက်ဆုံးတော့ သူ ရောက်ရှိလာပြီ ဖြစ်သည်။ တော်ဝင်အကြံပေးနှင့် မင်းသားကြီး ရောက်နေပြီလား သူ မသိပေ။
ထို့ပြင် အင်ပါယာရှားဘုံက မည်သို့သော ပြင်ဆင်မှုများ ပြုလုပ်ထားကြသည် ကိုလည်း သူမသိပေ။
အင်ပါယာရှားက သူ့ကို စိတ်မပျက်စေရန်သာ သူ မျှော်လင့်မိသည်။ သူသည် ဤခရီးမှ စိတ်လှုပ်ရှားမှုများ အလိုရှိ၏။
သူ၏ မျက်လုံးနက်များသည် ကောင်းကင်သို့ ကြည့်နေပြီး ကြီးမားသည့် ဖိအားစွမ်းရည်များဖြင့် ပြည့်မေသည်။ ဤလူ၏ ရိုးရှင်းသော အကြည့်လေး တစ်ချက်နှင့်ပင် မြေပြင်မှ လူများသည် ကြောက်ရွံ့ထိတ်လန့် နေကြသည်။ သာမန်လူများသည် ထိုအကြည့်တစ်ချက်တွင် ပါဝင်နေသည့် စွမ်းအားများ၏ ဖိအားကို တောင့်မခံနိုင်ကြပေ။ သူ၏ မျက်လုံးများသည် သားရိုင်းကျင့်စဉ်ထဲသို့ ဖြားယောင်း သွေးဆောင် နိုင်ပေသည်။
ဘုန်း…
ကျယ်လောင်သည့် အသံကြီး ပေါက်ကွဲထွက်လာသည်။ ကောင်းခေါင်နှင့် သူ့နောက်မှ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ ရပ်တန့်သွားကြသည်။
ကောင်းခေါင်သည် ကောင်းကင်သို့ မော့ကြည့်သည်။ သူ၏ မျက်လုံးများသည် ကောင်းကင်ကိုပင် ထိုးဖောက်တော့မတတ် သူ၏ ထူးကဲသာလွန်သော သဘာဝကို ရောင်ပြန်ဟပ်နေသည်။
အမျိုးသားတစ်ဦး လာနေသည်။
ကောင်းခေါင်သည် တစ်ယောက်ယောက်က သူတို့ကို ဟန့်တားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ထို့အပြင် လာနေသူသည် ကောင်းခေါင်ကို အံ့အားသင့်သွားစေသည်။
ကောင်းကလန်၏ သားရိုင်း စစ်သည်များသည် သူတို့၏ ကိုယ်များကို ခြိမ်းခြောက်နိုင်သည့် စွမ်းအားများ ဖုံးလွှမ်းလာကြောင်း ခံစားမိသည်။ ယင်းသည် လင်ထျန်းဓား စွမ်းအားများ၏ ဖိအားပင် ဖြစ်သည်။ ၎င်းက သားရိုင်း စစ်သည်များ၏ စွမ်းအားကို အတွင်း၌ ပိတ်လှောင်ထားသည်။
ကောင်းကင်ထက်တွင် ထောင်ပေါင်းများစွာသော တောက်ပသည့် အလင်းတန်းများက အမှောင်ထဲမှ လေထုအား ဖြတ်သန်း စုတ်ဖြဲလာသည်။ ကောင်းကင်တွင် အက်ကွဲရာများ ပေါ်လာပြီး ဓားရောင်စဉ်များ ထွက်ပေါ်လာသည်။
ဓားသည် ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်လုနီးပါး ဖြစ်သည်။ ရုတ်တရက် ယင်းတို့သည် ကောင်းခေါင်ဆီသို့ ပစ်ဝင်လာသည်။
ထိုဓားသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖြတ်သန်း စုတ်ဖြဲနိုင်ပေသည်။
ဘုန်း…
အော်မြည်သံကြီး နှင့်အတူ ကောင်းခေါင် ရပ်လိုက်ပြီး လေထဲသို့ လက်ဝါးတစ်ခု ပစ်လွှတ်သည်။ သားရိုင်းလက်ဝါးကြီး လေထဲတွင် ပေါ်လာပြီး ကောင်းကင်ထဲက ဓားကြီးကို ရိုက်ထုတ်သည်။
ဘန်း…
ကျယ်လောင်သည့် ပေါက်ကွဲမှုနှင့်အတူ လက်ဝါးရိပ်နှင့် ဓားကြီး နှစ်ခုလုံး အပိုင်းပိုင်း အစစ ဖြစ်သွားလေသည်။
တစ်ချိန်တည်းမှာပင် အထက်အမြင့်နေရာ၌ မျက်စိ ကျိန်းလောက်သည့် အလင်းများ ထွက်ပေါ်လာသည်။ မရေတွက်ဓားများ ပေါ်ပေါက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။
ထိုသည်ကို ကြည့်၍ ချန်ယဲ့မြို့မှ လူများ ထိတ်လန့် အံ့သြကုန်ကြသည်။ ကောင်းကင်ထက်မှ ထောင်ပေါင်းများစွာသော ဓားများအလယ်၌ လူတစ်ယောက် မတ်တတ်ရပ်နေသည်။
“လီဟန်ဓားသခင်”
ကောင်းကလန်မှ ကောင်းခေါင်သည် အေးစက်စက်ဖြင့် ထိုသူ၏ နာမည်ကို ခေါ်သည်။ သူ၏ အသံက လေထဲတွင် ပျံ့နှံ့သွားပြီး ချန်ယဲ့မြို့မှ စစ်သည်များကို တုန်ယင်သွားစေသည်။
လူအများသည် အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံကြားမှ တိုက်ပွဲသတင်းကို ကြားသိရသောကြောင့် မြို့စားအိမ်တော်သို့ ဦးတည်နေကြသည်။
သို့သော်လည်း သူတို့သည် ဤနေရာ၌ပင် တိုက်ပွဲတစ်ခုကို မြင်တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။
တိုက်ပွဲကွင်းပြင်တွင် ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင် နှစ်ယောက်က မျက်နှာချင်းဆိုင် ရှိနေသည်။
ကောင်းခေါင်၏ မျက်လုံးထဲမှ သားရိုင်းစွမ်းအားများက ပို၍ သန်မာလာသည်။ လီဟန်နန်းတော်တွင် လီဟန်ဓားသခင်သည် အသန်မာဆုံးဖြစ်ပြီး အင်ပါယာရှား၏ အုပ်ချုပ်ခံ မဟုတ်သည်ကို သူ သိပေသည်။ ကြည့်ရသည်မှာ သွေးနဂါးဘုံမှ ဤတိုက်ပွဲသည် မူလက တွေးထားသည်ထက် ပို၍ ရှုပ်ထွေးလာပုံရ၏။
လီဟန်ဓားသခင်သည် တိုက်ပွဲကို ကူညီ ထောက်ပံ့ပေးရန် လူကိုယ်တိုင် လာရောက်ခဲ့သည်။
ကောင်းခေါင်နှင့် မင်းသားကြီးသာ မပါဝင်ခဲ့လျှင် လီယောင်တစ်ယောက် အန္တရာယ်တောထဲ ကျရောက်ပေလိမ့်မည်။
လီဟန်ဓားသခင်၏ မျက်လုံးများသည် ဓားများကဲ့သို့ ထက်ရှနေသည်။ သူသည် ကောင်းခေါင်ကို ငုံ့ကြည့်လိုက်ပြီး မရေတွက်နိုင်သော ဓားများကို လက်နှစ်ဖက်နှင့် ထုတ်ဖော်သည်။ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ဓားစွမ်းအားများက လှည့်ပတ်နေပြီး ကောင်းကင်တစ်ခွင်လုံးကို အပိုင်းပိုင်း စုတ်ဖြဲပစ်တော့မလိုပင် ဖြစ်၏။
“သွား”
လီဟန်ဓားသခင်သည် သူ့လက်ကို ဝှေ့ယမ်းသည်။ ရုတ်တရက် ကျဆင်းလာသည့် သန်းချီသည့် ဓားများက နေမင်းနှင့် ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားကာ စစ်သည်အားလုံးကို အပြီးသတ် ချေမှုန်းပစ်ရန် အသင့်ဖြစ်နေလေသည်။
“မင်း အရင်သွားနှင့်။ သူ့ကို ငါပဲ ရင်ဆိုင်လိုက်မယ်”
ကောင်းခေါင်က ပြောသည်။ သူက ရှေ့သို့ လှမ်းသွားသည်။ သားရိုင်း စွမ်းအင်များက ဆက်လက်၍ လှည့်ပတ်နေပြီး အော်မြည်ကာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေသည်။
မိစ္ဆာတိမ်တိုက်များသည် နေမင်းကို ဝှက်ကာ ကောင်းကင်ကို ဖုံးလွှမ်းသည်။ နက်မှောင်သည့် မိစ္ဆာစွမ်းအား စီးကြောင်းသည် ကောင်းကင်ကို ဖြတ်၍ အော်မြည်နေပြီး မရေတွက်နိုင်သည့် မိစ္ဆာလက်ဝါးများ အဖြစ်သို့ ပြောင်းလဲသွားကာ ကျဆင်းလာနေသည့် ဓားများကို ရိုက်ခတ်သည်။
အန္တိမမိစ္ဆာ အရိပ်သည် ကောင်းခေါင်၏ နောက်၌ ပေါ်ပေါက်လာသည်။ ယင်းသည် ပေတစ်သောင်းနီးပါး မြင့်မားပြီး ကြောက်မက်ဖွယ် အော်မြည်သံနှင့် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ရိုက်စေသည်။
မရေတွက်နိုင်သည့် ဓားများ ကျဆင်းလာသည်။ ထိုဓားများသည် သားရိုင်းစွမ်းအင် စီးကြောင်းနှင့် တိုက်မိကာ အားလုံး ပိတ်ဆို့ခံလိုက်ရသည်။
ထိုအခိုက်တွင် မရေတွက်နိုင်သည့် ဓားများဆီမှ တောက်ပသည့် အလင်းရောင်များ ထုတ်လွှတ်သည်။ လီဟန်ဓားသခင်သည် သူ့လက်ဝါးကို ဆန့်ထုတ်သည်။ ရုတ်တရက် ခန့်မှန်းရန် မလွယ်သော အရှည်ရှိသည့် ဓားတစ်လက် ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာသည်။ ဓားကြီးသည် တစ်သောင်းမျှသော အလင်းရောင်စဉ်များကို ထုတ်လွှတ်နေသည်။ ယင်းသည် ကောင်းခေါင်၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့် ကျရောက်လာသည်။
ပေတစ်သောင်းမျှ မြင့်သည့် မိစ္ဆာအရိပ်ကြီးသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ရိုက်ခတ်လာသည်။ ယင်းသည် လက်ဝါးကြီးကို ဆန့်ထုတ်လိုက်ပြီး မရေတွက်နိုင်သည့် လက်ဝါးရိပ်များ ထုတ်ဖော်သည်။
သို့သော်လည်း ကျဆင်းလာသည့် ဓားကြီးသည် ဖျက်ဆီး၍ မရနိုင်သော အလင်းများအဖြစ်သို့ ပြောင်းလဲသွားကာ အလင်းရောင်၏ တောက်ပမှုအောက်တွင် မရေတွက်နိုင်သည့် မိစ္ဆာလက်ဝါးရိပ်များမှာ ပျက်စီး ပျောက်ကွယ်သွားသည်။
ကောင်းကင်သည် အပိုင်းပိုင်း စုတ်ပြဲလုနီးပါး ဖြစ်သွား၏။
အန္တိမမိစ္ဆာ အရိပ်ကြီးသည် အော်ဟစ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ပူးကာ ဓားတစ်လက်ကို ဖမ်းဆွဲသည်။ ကြောက်မက်ဖွယ် စုတ်ပြဲသံကြီး ထွက်ပေါ်လာသည်။ ယင်းသည် မိစ္ဆာ၏ လက်များ အပိုင်းပိုင်း ပြတ်သွားခြင်း ဖြစ်၏။
ဓားကြီးသည် ဆက်လက်၍ ကျဆင်းနေသည်။ လီဟန်ဓားသခင်သည် သူ့လက်ချောင်းကို ထိုအပေါ်သို့ ချကာ ဖြည်းညင်းစွာ တွန်းလိုက်ကာ သူ၏ အဆုံးမဲ့ ခွန်အားများက ဓားပေါ်သို့ ကျဆင်းလာသည်။
သူတို့ လေးစားရသော ဘုံများ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်နှစ်ဦးကြားမှ တိုက်ပွဲ ဖြစ်သည်။
ကောင်းကလန်မှ စစ်သည်များက ထိုနေရာမှ ထွက်ခွာ၍ ရှေ့သို့ ဆက်သွားရန် ကြိုးပမ်းသည်။ သို့သော်လည်း သူတို့သည် ဓားသမားအဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင် ရလေသည်။
ဓားသမားများသည် သူတို့ကို တိတ်တဆိတ် ဝန်းရံထားပြီး တစ်ဦးချင်းစီမှာ သူတို့၏ ကိုယ်ပေါ်၌ သန်မာသော ဓားစွမ်းရည်များ လှည့်ပတ်နေသည်။
သိသိသာသာပင် လီဟန်ဓားသခင်သည် တစ်ယောက်တည်း လာခြင်း မဟုတ်ပေ။ သူသည် ဤတိုက်ပွဲအတွင်း၌ ထိပ်တန်း ပြိုင်ဘက်ကို ပိတ်ဆို့ထားရန် စွန့်စားခဲ့သည်။
သူသည် မည်သူလာသည် ဖြစ်စေ၊ သည်နေရာမှ လာမည့်လူအား စောင့်ဆိုင်းနေခဲ့သည်။
ကြည့်ရသည်မှာ သူစောင့်နေခဲ့သည့် သူများသည် တာလီကောင်းကလန်မှ တန်ခိုးရှင်များ ဖြစ်သည်။
လီဟန်ဓားသခင်သည် သူ့ရည်မှန်းချက် ပြည့်ဝရန် လိုအပ်သည်။ သူသည် ဤအရပ်၌ စောင့်ဆိုင်းနေပြီး အခြားတိုက်ပွဲကို ကူညီရန် ရောက်လာသူများအား မည်သူမဆို ဤနေရာမှ ဖြတ်သန်းခွင့် ပြုမည်မဟုတ်ပေ။
ထိုလူက ကောင်းခေါင် ဖြစ်နေလျှင်ပင် သူက တားဆီးပေမည်။
ကောင်းခေါင် ရောက်ရှိသည့် အချိန်မှာပင် တာလီအကြံပေးသည် တာလီမှ စစ်သည်များကို ဦးဆောင်၍ ချန်ယဲ့မြို့ ပိုင်နက်သို့ ရောက်လာသည်။
ချန်ယဲ့ မြို့စားအိမ်တော်မှ လူများသည် သူတို့ စထွက်လာသည့် အချိန်လောက်ကတည်းက ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
“သူတို့ရောက်ပြီ”
ဆန်းကြယ်သည့် ဝတ်ရုံရှည်နှင့် မှော်ဆရာက ပြောသည်။
သူသည် အဝေးသို့ သူ၏ ညိုမှိုင်းသော မျက်လုံးများဖြင့် ကြည့်သည်။
သူသည် အင်ပါယာလီဘုံမှ စစ်သည်များနှင့်အတူ တော်ဝင်အကြံပေး အဆောတလျင် လာနေသည်ကို မြင်နိုင်သည်။ သို့သော်လည်း တာလီ တော်ဝင်အကြံပေး တစ်ယောက်သာ မဟုတ်ပေ။
မင်းသားကြီးသည်လည်း ဤတိုက်ပွဲသို့ ပါဝင်ရန် အခြားတစ်ဖက်မှ ရောက်ရှိလာသည်။ ကြည့်ရသည်မှာ လူသတ်ပွဲကြီး ဖြစ်တော့မည် ထင်၏။