Switch Mode

အခန်း (၃၁)

မှောင်စပျိုးချိန်တွင်မက်မွန်ပွင့်လေးရဲ့သိမ်မွေ့သောရနံ့

အခန်း (၃၁) မှောင်စပျိုးချိန်တွင်မက်မွန်ပွင့်လေးရဲ့သိမ်မွေ့သောရနံ့

ဆန်းလျန်၏ ခန္ဓာကိုယ်မှာ လှုပ်ရှားမှုမရှိ။ မျက်လုံးများကလည်း သေနေပြီး ခန္ဓာကိုယ်ကလည်း တောင့်တင်း နေလေသည်။ သူ့ မျက်နှာကတော့ ရှင်းသန့် ကြည်လင်နေလေသည်။

သို့သော် လေထဲတွင် လွင့်မျောနေသည့် ဆန်းလျန်၏ ပုံရိပ်ကတော့ ဆန့်ကျင်ဘက် ဖြစ်လေသည်။

အချိန်မှာ မှောင်စပျိုးနေပြီ ဖြစ်လေသည်။ နေဝင်သွားပြီဖြစ်ပြီး ကောင်းကင်က ပုစွန်ဆီရောင် သန်းနေသည်။

အခန်းထဲတွင် အမှောင်ထုက ကြီးစိုးနေသည့်အတွက် သာမန်လူ မျက်လုံးဖြင့် ဆိုလျှင် မည်သည့် အရာကိုမျှ မြင်နိုင်စွမ်း ရှိမည် မဟုတ်တော့ပေ။

ရွှီဟုန်မှာ ကြောက်ရွံ့ လွန်းသောကြောင့် တုန်ယင်နေပြီး တိုင်လုံး တစ်ခုကို ဖက်ထားလေသည်။ လေထဲတွင် လွင့်မျောနေသည့် ဒုတိယ ဆန်းလျန်မှာ ငြိမ်သက်နေသည့် ပထမဆန်းလျန် ရှေ့တွင် ပေါ်လာလေသည်။ မှိန်ပျပျ နေရောင်အောက်တွင် သူ၏ ခန္ဓာကိုယ် အကြည်ဓာတ်ကို ထိုးဖောက်ပြီး မြင်နေရသည်။

မွှေးပျံ့သည့် စန္ဒကူးသား ရနံ့မှာ နေဝင်ချိန် နေရောင်ခြည်နှင့် ထိတွေ့ပြီး ပြည့်စုံလှပသည့် ပုံရိပ်တစ်ခု ဖြစ်နေလေသည်။

လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဆန်းလျန်က အနက်ရောင် တောဝက်သိုးကြီးဆီသို့ တိုးဝင် တိုက်ခိုက်လိုက်သည်။ သူ့လက်ထဲတွင် ဓားရှိမနေပါ။ သို့သော် သူ့ နှလုံးသားထဲတွင်တော့ နက်ရှိုင်း လှပသည့် ဓားတစ်လက် ရှိနေလေသည်။

ထိုတစ်ခဏတွင် ဆန်းလျန်မှာ ခံစားချက် ကင်းမဲ့နေလေသည်။ တစ်ချိန်တည်းမှာပင် နတ်သက်ခြွေ ဓားသိုင်းဖြင့် ရန်သူကို တိုက်ခိုက်လိုက်သည်။ ထိုသို့ တိုက်ခိုက်လိုက်ခြင်းမှာ မိမိကိုယ်တိုင်လည်း အခန့်မသင့်လျှင် ဒဏ်ရာ ရရှိသွားနိုင်လေသည်။ မိမိကိုယ်တိုင်၏ ဝိညာဉ်ကို ဓားတစ်လက်ကဲ့သို့ အသုံးပြုပြီး ရန်သူ၏ ဝိညာဉ်ကို တိုက်ခိုက်ရသည့် တိုက်ကွက် ဖြစ်လေသည်။

ဆန်းလျန်က တစ်ဟုန်ထိုး ဝင်ရောက် တိုက်ခိုက်လိုက်သည်။

သေခြင်းနှင့်ရှင်ခြင်းမှာ ကံတရားပေါ်တွင် မူတည်လေသည်။

အစိမ်းရောင်ဝတ် လူမှာ နတ်သက်ခြွေ ဓားသိုင်းကို အသုံးပြုပြီး သွားလျှင် ဝိညာဉ်စွမ်းအား ပြန်ပြည့်ရန် အချိန် အတိုင်းအတာတစ်ခု လိုအပ်လေသည်။ သူ၏ တိုက်ခိုက်မှုတွင် အသုံးပြုသည့် စွမ်းအား ပမာဏအပေါ် မူတည်ပြီး သူ့တွင်လည်း တန်ပြန် ထိခိုက်ပြီး ဒဏ်ရာ ရသောကြောင့် ဖြစ်လေသည်။

စိတ်ဝိညာဉ်နှင့် လူသားခန္ဓာမှာ အချင်းချင်း တိုက်ဖျက် မိသောကြောင့် ဒဏ်ရာရရခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ အတွေးစိတ်ကူးများမှာ အဆုံးစွန်ထိ ပြင်းထန်နေပြီး ဝိညာဉ်အာရုံ စက်ကွင်းများ ဖြစ်ပေါ်နေလေသည်။ တောဝက်သိုးကြီးကို သူသတ်ပစ် ချင်နေသည်။ သို့သော် ထိုသို့သော မကောင်းသည့် အတွေးများသည် သူ့နှလုံးသားထဲတွင် တစ်ခဏချင်းမှာပင် သန့်စင်သွားပြီး ခံစားချက်များမှ လွတ်မြောက် သွားပြန်လေသည်။

သို့သော် မရေရာ မသေချာမှုဆီသို့ သူပြန်လည် ရောက်ရှိသွားပြီး သူ၏ စိတ်အခြေအနေမှာ အကြင်နာတရား ကင်းမဲ့သွားပြန် လေသည်။

တင်းပုတ် ကိုင်ထားသော နတ်မင်းတစ်ပါးပမာ ဆန်းလျန်မှာ အသွင်ကူးပြောင်း သွားလေသည်။ စန္ဒကူးရနံ့မှာ နေရောင်ခြည်နှင့် ပေါင်းစပ်ပြီး ဆန်းလျန်၏ဝိညာဉ်အတွင်းသို့ စီးဝင်သွားသည်။ ပူလောင်သည့် စွမ်းအင်မျိုး မဟုတ်သည့်တိုင်အောင် တဖြည်းဖြည်း ပူနွေးလာလေသည်။

နေက ဝင်လုဆဲဆဲ …

လက ထွက်လာသည့် အချိန် …

“ယင်” နှင့် “ယန်” အတူတကွ တည်ရှိနေသည့် ခဏတာသော အချိန်လေး …

ဆန်းလျန်မှာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ထဲမှ အဓိပ္ပာယ်များကို တစ်ခဏချင်းတွင် နားလည်သွားလေ သည်။

ထိန်းချုပ်ထားသည့် စိတ်ဝိညာဉ်နှင့် စွမ်းအား ထက်မြက်သည့် ဝိညာဉ်တို့မှာ အတွေးအာရုံဆီမှ မြစ်ဖျားခံလာခြင်း ဖြစ်လေသည်။ ကျောက်သား သံမဏိများကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည့် ဝရဇိန် လက်နက်ကဲ့သို့ စွမ်းအား ကြီးမားလေသည်။

ဆန်းလျန်၏ စိတ်အာရုံမှာ အမှောင်နယ်ပယ်ထဲမှ လွတ်မြောက်သွားပြီး စွမ်းအားအသစ်များ ရရှိလာလေသည်။

သူက တောဝက်သိုးကြီးဆီသို့ တစ်ရှိန်ထိုး ဝင်ရောက် တိုက်ခိုက်လိုက်သည်။

တောဝက်သိုးကြီးမှာ နာကျင်စွာဖြင့် ညည်းညူသံ ကြားလိုက်ရသည်။

ထို့နောက်တွင်တော့ တောဝက်သိုးကြီးမှာ မြေပြင်ပေါ်တွင် လဲကျနေပြီ ဖြစ်လေသည်။

မျက်ဆံများမှာ အဖြူရောင်သို့ ပြောင်းလဲသွားပြီး အသက်ကင်းမဲ့ နေလေပြီ။

ရွှီဟုန်မှာ ယခုမှပင် ထိုနတ်ဘုရားကို တောဝက်သိုး နတ်ဆိုးကြီးမှန်း သိရလေသည်။ သူ၏ ချစ်ဇနီး ယန်သခင်မမှာ ဤကဲ့သို့သော မကောင်းဆိုးဝါးကြီး၏ အဓမ္မကျင့်ခြင်း ခံရသည့်အတွက် စိတ်ထဲတွင် စက်ဆုတ်ဝမ်းနည်း နေမိလေတော့သည်။

ဆန်းလျန်က တောဝက်သိုးကြီးကို တစ်ချက် ကြည့်လိုက်သည်။ တောဝက်သိုးကြီးတွင် တောက်ပသော အနက်ရောင်အမွေးများ ရှိလေသည်။ သို့သော် သာမာန်ဝက်သိုးတစ်ကောင်တော့မဟုတ်ပေ။ ဤကဲ့သို့သော ထူးဆန်းသည့် သတ္တဝါ၏ အသားမှာ အရသာ မည်သို့ရှိမည်ကို ဆန်းလျန် သိချင်နေမိသည်။

ဆန်းလျန် ကြားဖူးသည်ကတော့ ဤကဲ့သို့သော သတ္တဝါများ၏ အသားမှာ အာဟာရ ပြည့်ဝပြီး အသက်ဓာတ်အတွက် အလွန် ကောင်းလေသည်။

စွမ်းအားများကို အသုံးပြု လိုက်ရသည့်အတွက် ဆန်းလျန်မှာလည်း ပြန်လည် အားဖြည့်ဖို့ လိုအပ်သည် မဟုတ်ပါလား။

ယန်သခင်မ သတိရလာသည့် အခါတွင်တော့ ရွှီဟုန်က နတ်ဆိုး ငါးကောင်အကြောင်းကို ပြောပြလိုက်သည်။ ထို့နောက် ရွှီဟုန်က ကြောက်လန့်စွာဖြင့် ပြောလိုက်သည်။

“တခြား နတ်ဆိုးတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ”

နတ်ဘုရားအသွင် ဖန်ဆင်းထားသည့် တောဝက်သိုးကြီးကို ဆန်းလျန်က နှိမ်နင်း လိုက်နိုင်သော်လည်း အခြားသော နတ်မိစ္ဆာ လေးပါး ကျန်ရှိနေသေးသည်။ ဆန်းလျန်မှာ ကျန်သည့် နတ်ဆိုးများကို နိုင်အောင် မတိုက်ခိုက်နိုင်လျှင် ဒုက္ခ ရောက်တော့မည်ဟု  ရွှီဟုန်က စိုးရိမ်နေခြင်း ဖြစ်လေသည်။

ညဦးပိုင်းအချိန် လမင်းက ထိန်ထိန်သာနေသည်။

ဆန်းလျန်မှာ ညစ်ပတ် ပေရေနေပြီး ကျောက်စိမ်း အရိုင်းတုံးလေး တစ်တုံးနှင့်ပင် တူနေ လေသည်။ မိစ္ဆာဝိညာဉ်ဆိုးကို နှိမ်နင်းထားသည့်အတွက် အနက်ရောင် မြူခိုးငွေ့များ သူ့ဘေးတွင် ဝန်းရံနေကြသည်။ ဆန်းလျန်ကို ကြည့်ရသည်မှာ မိုးကောင်းကင်မှ ဆင်းသက်လာသည့် နတ်ဘုရား တစ်ပါးနှင့်ပင် တူနေ လေတော့သည်။

ရွှီဟုန်မှာ သူပြောခဲ့သည့် စကားများအတွက် နောင်တ ရနေမိလေသည်။ ဆန်းလျန်ကို မလေးမစား ပြုမိသလို ဖြစ်သွားသည့်အတွက် ကြောက်လန့် နေမိသည်။

သို့သော် နောက်ဆုံးတွင်တော့ သူက စကား စပြောလိုက်လေသည်။

“ဒါပေမယ့် မင်းရှိနေရင် ငါတို့ မကြောက်တော့ပါဘူး”

ဆန်းလျန်မှာ ရွှီဟုန်ပြောသည့် စကားများကို စိတ်ထဲ မထားသည့်အပြင် ရယ်မောလိုက်ရင်း …

“အဲဒီနတ်ဆိုးတွေ လာတဲ့အထိ မစောင့်နိုင်တော့ဘူး။သူတို့ကို သွားရှာလိုက်တော့မယ်”

ဟု ပြောလိုက် လေတော့သည်။

တောဝက်သိုးကြီးကို နှိမ်နင်းပြီးသည့်နောက် မည်သည့်အရာမျှ သူ့ကို လွှမ်းမိုးနိုင်ခြင်း မရှိတော့သလို ဆန်းလျန် ခံစားနေရသည်။ သူက သွက်လက်နေပြီး စွမ်းအားနှင့် ပြည့်နေလေသည်။ သူ့ကို မည်သည့် အရာကမှ မတားဆီးနိုင်ပေ။

ဆန်းလျန် အခန်းထဲမှ ထွက်ခွာသွားလေသည်။ သူ့ကိုယ်ပေါ်သို့ ဖြာကျနေသည့် လရောင်ကြောင့် သူ၏ ဝတ်ရုံမှာ ငွေရောင်များ တောက်ပနေလေသည်။ သူ့ကို ကြည့်ရသည်မှာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပပြီး ကျက်သရေအပေါင်းနှင့် ပြည့်စုံ နေလေတော့သည်။

သိပ်မကြာခင်တွင် ရွှီအိမ်တော် အရှေ့တောင်ဘက်ရှိ ဝတ်ကျောင်းတော်ထဲမှ ဝက်အော်သံများနှင့် မြင်းဟီသံများ ထွက်ပေါ် လာလေသည်။

ရွှီဟုန်က အစေခံများ စေလွှတ်ကာ အခြေအနေကို စုံစမ်း ခိုင်းလိုက်လေသည်။ အစေခံများ ပြန်ရောက်လာပြီး သခင်လေး ဆန်းလျန်က လူတစ်စုကို နှိမ်နင်းတိုက်ခိုက် နေသည်ကို တွေ့ခဲ့ရကြောင်း ပြန်ပြော ကြလေသည်။

အရှေ့တောင်ဘက် အဆောင်များဆီသို့ ရွှီဟုန်နှင့် သူ၏လူများ ရောက်လာကြသည့် အခါတွင်တော့ ဝတ်ကျောင်းတော် တစ်ခုလုံးမှာ ပျက်စီးနေပြီ ဖြစ်လေသည်။ ဆန်းလျန်က ရွှီဟုန်ကို မြင်သည်နှင့် ဝက်တစ်ကောင်နှင့် မြင်းတစ်ကောင်ကို လက်ညှိုး ထိုးပြလိုက်ပြီး …

“ဦးလေးရွှီ၊ ဒီဝက်ရယ်၊ မြင်းရယ် ပြီးတော့ ခုန အခန်းထဲက ဝက်သိုးကြီးရယ် ကျွန်တော့် တည်းခိုရိပ်သာကို ပို့ပေးပါလား။ပြီးတော့ ဦးလေးရဲ့ စားဖိုမှူးကိုလည်း ရက်နည်းနည်းလောက် ငှားနိုင်မလား”

ဟု ပြောလိုက်လေတော့သည်။

“ငှားမနေ ပါနဲ့တော့ မင်းကို လက်ဆောင်အဖြစ် ပေးလိုက်မယ်။ခေါ်သာသွားပါ”

ရွှီဟုန်က ဝမ်းသာအားရဖြင့် ပြောလိုက်လေတော့သည်။

ယန်သခင်မက ရွှီဟုန်၏ အင်္ကျီစကို လှမ်းဆွဲလိုက်ပြီး …

“အဲဒါက နှစ်ကောင်ပဲ ရှိသေးတာပဲ။ဝက်သိုးကြီးနဲ့ပေါင်းမှ သုံးကောင်၊ ကျန်တဲ့ နှစ်ကောင်ကရော”

ဟု မေးလိုက်လေသည်။

သူမက နတ်ဆိုး ငါးကောင်မှာ အလောင်း သုံးလောင်းသာ ရှိပြီး နှစ်လောင်း ပျောက်နေသောကြောင့် ပြောလိုက်ခြင်း ဖြစ်လေသည်။

ရွှီဟုန်မှာ ခေါင်းများပင် မူးသွားပြီး အဖြေကို သိချင်ဇောဖြင့် မေးလိုက်လေသည်။

“တူလေး … ကျန်တဲ့ မိစ္ဆာနှစ်ကောင်ရဲ့ အလောင်းတွေရော ပြီးတော့ ဒီအလောင်းတွေကို မင်းရဲ့ တည်းခိုခန်းကို ဘယ်လို ပို့ပေးရမလဲ”

“ကျန်တဲ့ နှစ်ကောင်က အတောင်တွေ ပါတော့ ပျံပြေးသွားကြတာ”

ဆန်းလျန်က စိတ်မကောင်းသည့် ပုံစံဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်က မြေလျှိုးမိုးပျံ အတတ်ပညာကို မတတ်သေးပေ။ ထို့ပြင် ဝိညာဉ်စွမ်းအားဖြင့် သွားမည် ဆိုပါကလည်း သူ၏ ဝိညာဉ်မှာ ရုပ်ခန္ဓာနှင့် အဝေးကြီးသို့ ခွဲခွာပြီး မသွားနိုင်သေးပေ။

သူက ဝိညာဉ်လောကတွင် အစွမ်းထက်သော်လည်း သူ၏ ဝိညာဉ်မှာ ရုပ်ခန္ဓာကိုလည်း ကာကွယ် ပေးနေရ သေးသည်။

“အိမ်မှာ နှစ်ရက်လောက် နေပါဦးလား။မင်းဦးလေးငါက အရမ်းကို ကြောက်နေလို့ပါ။ ဒီလို ကိစ္စတွေကို ငါ အရမ်းကြောက်တာပဲ”

ရွှီဟုန်က ခါးခါးသီးသီး ပြောလိုက်လေသည်။ သူက လွတ်မြောက်သွားသည့် မိစ္ဆာနှစ်ကောင် ပြန်လာပြီး လက်စားချေမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်လေသည်။ ဆန်းလျန်မရှိလျှင် သူတို့မှာ ဒုက္ခ ရောက်ရမည် ဖြစ်လေသည်။

“ညဉ့်နက်နေပြီ။ကျွန်တော် တည်းခိုရိပ်သာကို ပြန်မှဖြစ်မယ်။ဦးလေးရွှီ မနက်ဖြန်တော့ ဒီအကောင်တွေ ပို့ပေးဖို့ မမေ့နဲ့နော်။သူတို့ ခြေထောက်တစ်ဖက်တောင် မပျောက်စေနဲ့”

ဆန်းလျန်က ရွှီဟုန်၏ တောင်းဆိုမှုကို ပြန်မဖြေဘဲ ပြောလိုက်ခြင်း ဖြစ်လေသည်။ ထို့နောက် သူ၏ စန္ဒကူးဓားကို သိမ်းလိုက်ပြီး ထွက်ခွာ သွားလေတော့သည်။

ရွှီဟုန်မှာ ဆန်းလျန်ကို တားချင်သော်လည်း ဆန်းလျန်ဆီမှ စွမ်းအားရိုက်ခတ်မှုကြောင့် နောက်သို့ ဆုတ်လိုက်ရ လေသည်။ သူလှုပ်ရှား၍ မရတော့ဘဲ ဆန်းလျန် လေထဲတွင် လွင့်မျောထွက်ခွာ သွားသည်ကိုသာ ငေးကြည့် နေရလေသည်။

ဆန်းလျန်က သူ၏ ခံစားချက်များကို ထိန်းချုပ် မထားတော့ဘဲ စိတ်လွတ်ကိုယ်လွတ်ဖြင့် သီချင်း ဆိုလိုက်လေသည်။

“မြင့်မားတဲ့ အဆောက်အဦ ထက်ဆီက ….

မြို့တော်ကို ငုံ့ကြည့်လိုက်ရင်း …

လပြည့်ဝန်းနားမှာ တိမ်လေးတွေက

ဟိုဟိုဒီဒီ ပြေးလွှားလို့ …

လောကထဲက လူပေါင်းများစွာထဲမှာ…

ဘယ်သူက အစစ်အမှန်လဲဆိုတာ … ”

ဆန်းလျန် ကိုယ်တိုင်ကတော့ အဆောက်အဦ၏ အမြင့်ဆုံး ထိပ်ဖျားတွင်မဟုတ်ပါ။ သို့သော် သူ၏ ဝိညာဉ်ကတော့ မြင့်မားသော အဆောက်အဦးများထက်ပင် ပိုမို မြင့်မားသည့် နေရာသို့ သွားရောက် နိုင်လေသည်။

“လောကထဲက လူပေါင်းများစွာထဲမှာ …

ဘယ်သူက အစစ်အမှန်လဲဆိုတာ …”

ဆိုသည့် သီချင်းစာပိုဒ်လေးကြောင့် ရွှီဟုန်မှာ ဝမ်းနည်းမှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရ လေတော့သည်။

***

တည်းခိုရိပ်သာ …

အနီရောင် မီးပုံးများ ချိတ်ဆွဲ ထားလေသည်။ ယနေ့က သူတို့ တည်းခိုရိပ်သာ စတင် ဖွင့်လှစ်သည့်နေ့ ဖြစ်လေသည်။ အိမ်တော်ထိန်း ဝူမှာ မီးအိမ်များ အောက်တွင် ထိုင်နေလေသည်။ သူက စာရင်း စာအုပ်များကို စစ်ဆေးရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဒီလောက် နှစ်ပေါင်းများစွာ ရှိပြီ။ ပေးထားတဲ့ နာမည်ကို မပြောင်းသင့်ပါဘူး။ခုတော့ ဧည့်သည်တောင် သိပ်မလာတော့ဘူး”

ဆန်းအိမ်တော်မှာ ကံတရားကို အစိုးရသူများ မဟုတ်ပေ။ ထို့ပြင် တည်းခို ရိပ်သာမှာလည်း ဆန်းလျန်ကို အပိုင်ပေးလိုက်ပြီ ဖြစ်လေသည်။ ဆန်းအိမ်တော်မှ မိသားစုဝင်များမှာ ဆန်းလျန်၏ လုပ်ငန်းကို ဝိုင်းဝန်း ကူညီကြလေသည်။

သိပ်ပြီး တန်ဖိုးမကြီးသည့်တိုင် သူတို့က ဆန်းလျန်ပေးသည့် လက်ဆောင် ပစ္စည်းများကိုလည်း လိုချင်ကြသောကြောင့် ဖြစ်လေသည်။ ဤအချက်က လူတွေမည်မျှ ပစ္စည်းမက်ကြသည်ကို ဖော်ပြ နေလေသည်။

ဆန်းလျန်က တည်းခို ရိပ်သာထဲသို့ ဝင်လိုက်ပြီး အိမ်တော်ထိန်းဝူ ဘေးတွင် ရပ်လိုက်သည်။ သူက အိမ်တော်ထိန်းဝူ လက်ထဲက စာရင်းစာအုပ်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလိုက်ရင်း …

“ဦးလေးဝူ ဒီနေ့ ပင်ပန်းသွားပြီ”

ဟု ပြောလိုက်လေသည်။

အိမ်တာ်ထိန်းဝူက ရယ်မောလိုက်ပြီး …

“လျန်သခင်လေး … ဒီနေ့ ဧည့်သည်တောင်မရှိဘူး။ဘယ်လိုလုပ် ပင်ပန်းမှာလဲ”

“ဒီလိုကိုး။မနက်ဖြန် ဦးလေးရွှီဟုန် ဒီမှာ လာနေလိမ့်မယ်။အဲဒီအခါကျ သူ့ဆီက တစ်နေ့ကို ငွေသားတစ်ထောင် တောင်းလိုက်မယ်။ ဒါဆို ဧည့်သည်မလာလဲ ဘာမှပူစရာ မရှိတော့ဘူး။ ပိုက်ဆံက အလိုလိုနေရင်း ရနေတော့မှာ။မကောင်းဘူးလား”

ဟု ဆန်းလျန်က ပြောလိုက်လေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset