Switch Mode

Chapter 21

မမျှော်လင့်ထားသော အဖြစ်အပျက်များ

နှစ်နာရီကြာပြီးနောက် လေယာဉ် ဆင်းသက်လာ၏။ ရဲ့လင်းချန်သည် မြို့တော်ကြီး၏ နယ်မြေအတွင်းသို့ ခြေချလာနိုင်သည်။

ရှောင်ဖေးဖေးက အနက်ရောင် နေကာမျက်မှန်ကို တပ်ဆင်ထားပြီး သူမ၏ ပခုံးထိ ရောက်နေသော နက်မှောင်သည့် ဆံသားများကို ဖြန့်ချထားသည်။ သူမပုံစံက ကြော့ရှင်း၍ ကြည့်ကောင်းလှပြီး ယခင်ကနှင့် မတူတော့ချေ။
သုံးယောက်သား လူအုပ်ကြီး၏ အာရုံကို မနှိုးဆွချင်သဖြင့် ခပ်သွက်သွက် လမ်းလျှောက်၍ တိုယိုဘာ အယ်လ်ဖတ်ပေါ်သို့ တက်လိုက်ကြသည်။
“ဘယ်သူမှ ငါတို့ကို မမှတ်မိလို့ တော်သေးတယ်”
ကားထဲရောက်သည်နှင့် အစ်မလင်းက သက်ပြင်းချလေသည်။ ရှောင်ဖေးဖေးက မျက်မှန်ကိုချွတ်၍ စနောက်သလို လျှာလေး ထုတ်ပြလိုက်ပြီး မောပန်းသလို ခံစားနေရသည်။
မြို့တော်ကြီးသို့ ပြန်လာသည့် ခရီးအား တိတ်တဆိတ် လုပ်ဆောင်နိုင်သွားခဲ့သည်။ သူမ ရောက်လာသည့် အချိန်တွင်း၌ အစောင့်တစ်ချို့လည်း ထားထားရသည်။ အကယ်၍ တစ်ယောက်ယောက်သာ သူမကို မှတ်မိသွားပါက ရူးသွပ်လှသည့် ပရိသတ်များနှင့် ရင်ဆိုင်ရလျင် သူမ ကားပေါ်တက်ရန် အခက်တွေ့ရပေမည်။
“မိန်းကလေးရှောင် မတွေ့ရတာ ကြာပြီနော်၊ မင်းက လှမြဲလှဆဲပဲ”
တစ်စုံတစ်ယောက်က ဒရိုင်ဘာဘေး၌ ထိုင်နေပြီး စောင့်နေလေသည်။
“ဒါရိုက်တာလီ”
ရှောင်ဖေးဖေး တအံ့တဩ ပြန်ခေါ်လိုက်သည်။
“ရှင်ကိုယ်တိုင် ဒီကိုလာလိမ့်မယ်လို့ မထင်ထားမိဘူး၊ ဖေးဖေး ဂုဏ်ယူမိပါတယ်”
“ဟားဟား ရှောင်ဝမ်ဖေးကို ကျုပ်ရဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါအောင် လုပ်နိုင်ကတည်းက ကျုပ်က ဂုဏ်ယူရမှာပါ”
ဒါရိုက်တာလီက ကျယ်လောင်စွာ ရယ်မောလေသည်။
“ပြီးတော့ မင်းတို့က ဒီလောက် ဝေးတဲ့ခရီးကို ထွက်လာရတာ၊ မင်းကို ငါကိုယ်တိုင် လာကြိုတာ သဘာဝ ကျပါတယ်”
ရှောင်ဖေးဖေးသည် နန်းတွင်း သမိုင်းဇာတ်လမ်းတွဲ၌ ဝမ်ဖေးဇာတ်ရုပ်၌ သရုပ်ဆောင်ရမည် ဖြစ်သည်။ ထို့ကြောင့် လူအများစုက သူမအား ရှောင်ဝမ်ဖေးဟု ခေါ်ဆိုကြသည်။
ဒါရိုက်တာလီသည် အသက်မကြီးသေးသော်လည်း လူအများအား ကြင်နာစွာ ဆက်ဆံတတ်သည်။ သူ၏ရယ်သံက အခြားသူများကို ချစ်ခင်စိတ် ဝင်စေသည်။
စကားစမြည် ပြောပြီးနောက် ဒါရိုက်တာလီက သူတို့နှင့်အတူ ပေါ်လာသော ရဲ့လင်းချန်ကို တစ်ချက် ကြည့်လေသည်။ သူ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါက ဘယ်သူများလဲ”
“သူ့နာမည်က ရဲ့လင်းချန်၊ ကျွန်မ မိတ်ဆွေတစ်ယောက်ပါ”
ရှောင်ဖေးဖေး ပြန်ဖြေလိုက်သည်။
“ဟဲလို ကျုပ်က လီထိုက်ပါ”
ဒါရိုက်တာလီက ရဲ့လင်းချန်ကို သေချာကြည့်၍ ခေါင်းညိတ် နှုတ်ဆက်လေသည်။
“ဟဲလို”
ရဲ့လင်းချန်က တူညီစွာ ပြုံးပြ၍ ပြန်နှုတ်ဆက်လိုက်သည်။ ဤဒါရိုက်တာသည် နာမည်ကြီး ရုပ်သံဇာတ်လမ်း တွဲများကို ရိုက်ကူးခဲ့ဖူးသော်လည်း ရဲ့လင်းချန်က တည်ငြိမ်စွာဖြင့် မည်သည့် ခံစားချက်ကိုမှ မဖော်ပြချေ။
ထိုအပြုအမူကြောင့် လီထိုက် မျက်ခုံးပင့်လိုက်မိသည်။
“ဪ …. ဒါ ဇာတ်လမ်းအတွက် အသေးစိတ် ပြင်ထားတဲ့ ဇာတ်ညွှန်း၊ လုံခြုံရေးကြောင့် ကျုပ် ဒါကို အရင်က မပို့လိုက်တာပါ”
လီထိုက်က ပြောပြီး ဇာတ်ညွှန်းကို ထုတ်ပေးလိုက်သည်။ ရှောင်ဖေးဖေးက သူ့တွေးပူမှုကို နားလည်သဖြင့် ကားထဲ၌ ဇာတ်ညွှန်းကို စဖတ်လိုက်သည်။
သူတို့ သွားလိုသောနေရာသို့ ချောချောမွေ့မွေ့ ရောက်သွားခဲ့သည်။ ရဲ့လင်းချန်သည် အိမ်ကိုလွမ်းသော ခံစားချက်ကို ကျော်ဖြတ်နေရသည်။ သူသည် ပြတင်းပေါက်မှတဆင့် မြို့တော်ကြီး၏ ညရှုခင်းကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။
ညမှောင်လာသည်နှင့် လမ်းမီးများ လင်းထိန်လာ၏။ ကားများ ပိတ်လာပြီး မီးပွင့်များ အရောင်ပြောင်းနေ၏။ မီးရောင်များက လင်းထိန်ကာ ရှုပ်ယှက်ခပ်နေသည်။ လမ်း၏ တစ်ဖက်တစ်ချက်၌ အရောင်စုံသော အလင်းများ ရှိနေပြီး အလင်းက မှိန်လည်း မမှိန်သလို အရမ်းလည်း စူးမနေချေ။ အနီးအနားမှ မီးရောင်များကြောင့် ပတ်ဝန်းကျင် အဆောက်အဦးများ၏ ပုံစံကိုသေချာ မြင်နေရသည်။ အထင်ကြီး လေးစားဖွယ်ကောင်းသော ရှုခင်းများပင်။
လမ်းတစ်လျှောက်၌ မိုးပျံလမ်းများက သက်တန့်သဖွယ် ဖြစ်တည်နေပြီး ကောင်းကင်ယံ၌ ကြည့်ကောင်း လှသည်။
မိုးပျံလမ်းများကို ကျော်လွန်၍ မိုးမျှော်တိုက်များကို မြင်နေရပြီး ဝတ်စားတတ်သော လူငယ်များကို လမ်းမပေါ်၌ တွေ့နေရသည်။ ဤအရာများအားလုံးသည် ရူကောင်းမြို့၌ ရဲ့လင်းချန် တစ်ခါမှ မမြင်ဖူးသော အရာများ ဖြစ်ပေသည်။ ရဲ့လင်းချန် မျက်လုံး အဝိုင်းသားဖြင့် တအံ့တဩ ဖြစ်နေသည်။
*ဒီမြို့က တကယ်ကို စိတ်ဝင်စားစရာတွေ ပြည့်နေတာပဲ*
အတိတ်တုန်းကဆိုလျင် ရဲ့လင်းချန် ဤနေရာမျိုး၌ နေရလိမ့်မည်ဟု ထင်မထားခဲ့ပါ။ သို့သော် ယခုအချိန်၌ သူ ဤမြို့သို့ ခြေချရန် ကံပါလာသည်ဟု သူ ခံစားမိနေ၏။
ထိုစဉ် ခေါင်းတစ်ဝက် ဖြူနေသော သက်ကြီးပိုင်းတစ်ယောက်က အရက်မူးနေသကဲ့သို့ လျှောက်နေသည်ကို မြင်လိုက်ရပြီး ရဲ့လင်းချန်၏ မျက်လုံးများ ငြိမ်သက်သွားသည်။ ထိုလူသည် အနက်ရောင် sedan ကားရှေ့၌ ဖြည်းဖြည်းချင်း လှဲကျသွားလေသည်။
ထိုလဲကျမှုက တိတ်ဆိတ်နေသော လမ်းမအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ အနက်ရောင် sedan ကားပေါ်မှ လူသုံးယောက် ဆင်းလာ၏။ လင်မယားနှစ်ယောက်နှင့် ငါးနှစ်၊ ခြောက်နှစ်သာ ရှိဦးမည့် ကလေးမ‌လေး တစ်ယောက်တို့ပင်။ မိသားစုသုံးယောက် ဖြစ်ပုံရသည်။
စုံတွဲ၏ မျက်နှာ၌ စိုးရိမ်၍ ဘာလုပ်ရမှန်း မသိဟန်များ ထွက်ပေါ်နေသည်။ သူတို့သည် အဘိုးအိုဘေး၌ ရပ်၍ ရှင်းပြရန် ကြိုးစားနေလေသည်။
*ဘာတွေ ဖြစ်နေတာလဲ*
လဲကျသွားသော ထိုအဘိုးအိုကို ရဲ့လင်းချန် တအံ့တဩ ကြည့်နေမိသည်။
“ဒါ တမင်လုပ်ကြံတာပဲ”
အစ်မလင်းက ရဲ့လင်းချန်၏ အံ့အားသင့်နေသော အမူအရာကိုကြည့်ပြီး ရှင်းပြလိုက်သည်။
“အဲ့အဘိုးကြီးက သူတို့ကို ရိုက်စားလုပ်ဖို့ ကြိုးစားနေတာ၊ ကားမှာ ဘလက်ဘောက်စ် ပါရင်တော့ သူတို့ အဆင်ပြေမှာပါ၊ မပါရင်တော့ သူတို့ ပိုက်ဆံ ကောင်းကောင်း ပေးလိုက်ရဖို့သာ ပြင်ပေတော့ပဲ”
“အဲ့အဘိုးကြီးက တမင် သူ့ဘာသူ ပြေးသွားတာကို ကျွန်တော် မြင်လိုက်တယ်၊ သူ့လိုလူအတွက် ကားပိုင်ရှင်က တာဝန်ယူစရာ လိုသေးလို့လား”
ရဲ့လင်းချန်က ဤကိစ္စ၏ နောက်ကွယ်မှ အဖြစ်ကို နားမလည်နိုင်သေးချေ။
“သူတို့ ဘာလုပ်နိုင်မှာမို့လို့လဲ၊ အဲ့အဘိုးကြီးက သူ ကားတိုက်ခံရပါတယ်လို့ ပြောရင် နင် ဘာပြောနိုင်မှာလဲ”
အစ်မလင်းက ဤအဖြစ်အပျက်ကို မြင်ဖူးနေပုံရသည်။
“သူ့ရိုက်စားအကြံက မအောင်မြင်ရင်တောင်မှ သူ ဘာမှ မနစ်နာဘူး၊ ဆေးဖိုးရရုံနဲ့တင် သူ့အတွက် သေချာပေါက် နိုင်နေပြီ”
တစ်ခဏအတွင်းမှာပင် ထိုနေရာသို့ လူများအုံလာ၏။ ထိုလူများသည် ရပ်ရုံရပ်၍ အတင်းတုပ်နေကြသည်။ မည်သူမှ ဝင်မပါကြပေ။
“ဒီလိုကိစ္စမျိုးက ထိန်းလို့မရတော့ဘူး၊ ငါတို့ ဟိုတယ်ကို မြန်မြန်သွားပြီး အနားယူသင့်ပြီ”
လီထိုက်က သက်ပြင်းချလိုက်ပြီး ဒရိုင်ဘာအား ဆက်မောင်းရန် ညွှန်ကြားလေသည်။
“ခဏလေး နေပါဦး”
ရဲ့လင်းချန် ဝင်ပြောလိုက်သည်။ ထို့‌နောက် သူ ကားပေါ်မှ ပြေးဆင်းသွားသည်။ အစ်မလင်းက သူ့အား စိုက်ကြည့်လေသည်။
“နင် ဘာလုပ်တာလဲ၊ အခု ရပ်လိုက်၊ နင် သူ့ကို သွားမကူနဲ့”
ရဲ့လင်းချန်က သူမကို မကြားချင်ယောင်ဆောင်၍ ထိုကိစ္စ ဖြစ်ပျက်နေရာသို့ ပြေးသွားလေသည်။ အစ်မလင်း ဒေါသူပုန်ထသွားသည်။ သူမ ဒါရိုက်တာလီကို တောင်းပန်သလို ပြုံးပြလိုက်ရသည်။
“အစ်မလင်း ညီမတို့ ကားပေါ်ကနေ ရဲ့လင်းချန် ဘာလုပ်မလဲ ကြည့်ရအောင်လား”
ရှောင်ဖေးဖေးက ကားမှန်ချ၍ ရဲ့လင်းချန်ကို သိချင်စိတ်ဖြင့် လှမ်းကြည့်နေ၏။
“မြို့ကို ပထမဆုံး ရောက်ဖူးတဲ့ တောသားလေးက ဘာလုပ်နိုင်မှာလဲ၊ သူ့ဘာသာသူ ပြဿနာ ရှာနေမိဦးမယ်”
အစ်မလင်းက မကျေနပ်ဟန်ဖြင့် ပြောနေသော်လည်း သူမမျက်လုံးများက ရဲ့လင်းချန်ထံ ကပ်ညိနေသည်။ သူမ၏ ရှောင်ဖေးဖေးနှင့် ရဲ့လင်းချန်အပေါ် ဆက်ဆံသော အပြုအမူ မတူသည်ကို ဒါရိုက်တာလီ ခံစားမိသည်။ သူသည်လည်း ရဲ့လင်းချန်ကို လိုက်ကြည့်၍ စူးစမ်းနေ၏။
ထိုအခိုက်တွင် သားအဖ သုံးယောက်လုံး ကြံရာမရ ဖြစ်နေကြသည်။
“လူကြီးမင်း ကျွန်တော်တို့က မရှိဆင်းရဲသား မိသားစုလေးပါ၊ ဒီကားကို ချေးငွေနဲ့ ဝယ်ထားရတာပါ၊ လူကြီးမင်း ဒီလိုလုပ်ရင် ကျွန်တော်တို့ စားဝတ်နေရေးအတွက် လုပ်ငန်းတွေ ဆုံးရှုံးရပါလိမ့်မယ်၊ ကျွန်တော်တို့ကို ညှာတာလို့ မရဘူးလား”
ခင်ပွန်းသည်က တောင်းပန်လေသည်။
“လူကြီးမင်း ကျွန်မတို့မှာ စောင့်ရှောက်ရမယ့် ကလေးလည်း ရှိပါတယ်၊ ကျွန်မတို့မှာ အပို ပိုက်ဆံ မရှိပါဘူး”
ဇနီးသည်ကလည်း စိုးရိမ်နေသော မျက်နှာဖြင့် တောင်းပန်လေသည်။ သူမက ဘေးမှ ရပ်ကြည်သူများကို အကူအညီ ရလိုရငြားဖြင့် မျက်ရည်ဝဲကာ လိုက်ကြည့်မိသည်။
“ခုနက အဖြစ်အပျက်ကို ရိုက်ထားမိတဲ့ ဘလက်ဘောက်စ်များ ရှိလား၊ ဒီမိသားစုသုံးယောက်က အခြေအနေ မကောင်းရင် ကျုပ်တို့ ဝင်ကူသင့်တယ်ထင်တယ်”
ရပ်ကြည့်သူများထဲမှ တစ်ယောက်က အသံထွက်လာပြီး ကူညီရန် ကြိုးစားလေသည်။ ထိုအဘိုးအိုက ကျွမ်းကျင်အဆင့် ဖြစ်နေသည်က စိတ်မကောင်းစရာပင်။ သူသည် မမြင်ရသော မျက်ကွယ်ထောင့်ကို ရွေးထားခြင်း ဖြစ်သည်။ သို့မှသာ အခြားကားများ၏ ဘလက်ဘောက်စ်မှ မှတ်တမ်းမတင်နိုင်မှာ ဖြစ်လေသည်။
“လူကြီးမင်း ကျွန်တော်တို့ စုထားတာ ယွမ်တစ်ထောင်ပဲ ရှိပါတယ်၊ ဒါလေးကို လျော်ကြေးနည်းနည်းလို့ သတ်မှတ်ပြီး ကျွန်တော်တို့ကို သက်ညှာပေးလို့ ရမလား”
အမျိုးသားက ကားထဲမှနေ၍ ယွမ်တစ်ထောင်ယူ၍ ပြန်ဆင်းလာသည်။ သူ မျက်မှောင်ကြုတ်ထားမိသဖြင့် နဖူးကြောများပင် တွန့်နေ၏။
“အား … ငါ့ခါး ကျိုးပါပြီ၊ ယွမ်နှစ်သောင်း၊ သုံးသောင်းသာ မသုံးရင် ငါ မတ်မတ်မရပ်နိုင်မှာတောင် စိုးတယ်”
အဘိုးအိုက အသက်ရှူမဝဟန်ဖြင့် မြေကြီးပေါ် လျှပ်တစ်ပြက် လှဲချလိုက်သည်။
“လူကြီးမင်း …”
“အား … ငါ့ခေါင်း နာတယ်၊ ဒါ ဦးနှောက်အာရုံကြော ထိတာလား၊ ဒါလည်း နောက် နှစ်သောင်း၊ သုံးသောင်း ကုန်မှာပဲ”
အဘိုးအိုက ခေါင်းကိုင်၍ လူးလှိမ့်နေပြန်သည်။ ကလေးမလေးက သူ့မိဘများ ဒုက္ခရောက်နေသည်ကို မြင်ပြီး ငိုလေတော့သည်။ လူအုပ်ကြီးသည် သက်ပြင်းချ၍ ခေါင်းခါကာ လက်ညှိုးတထိုးထိုး ဖြစ်နေသည်။
အများစုမှာ ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ wechat ပေါ် တင်နေကြသည်။
“လမ်းဖယ်ပေးပါ၊ အားလုံး ကျွန်တော် ဖြတ်ပါရစေ”
ထိုအခိုက်တွင် လူငယ်တစ်ယောက်က လူအုပ်ကြီးကို တွန်းတိုက်လာ၏။ ထိုလူငယ်သည် ဦးထုပ်ဆောင်းထားပြီး လက်ကို အိတ်ကပ်ထဲထည့်၍ မတော်တဆ ဖြစ်နေရာသို့ အေးအေးလူလူ လျှောက်လာသည်။ သူက ခေါင်းစွပ်အင်္ကျီကို ဝတ်ထားသဖြင့် မျက်နှာကို ကောင်းကောင်း ဖုံးထားလေသည်။
“လူကြီးမင်း ခင်ဗျား ထနိုင်လား”
ရဲ့လင်းချန် ဆောင့်ကြောင့်ထိုင်၍ အဘိုးအိုကို မေးလိုက်သည်။
“မရဘူး၊ တစ်ကိုယ်လုံး နာနေတယ်၊ ငါ ထလို့မရဘူး”
အဘိုးအိုက အော်ဟစ်လေသည်။
“ငါ မထနိုင်တော့ဘူး”
ရဲ့လင်းချန် မျက်လုံးလက်ခနဲ ဖြစ်သွားပြီးနောက် အဘိုးအို၏ ဖုန်းကိုကောက်ကိုင်၍ ချက်ချင်း ထပြေးလေသည်။ အဘိုးအို စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်နေသည်။
“…”
“အာ … ဟေ့ မပြေးနဲ့လေ”
အဘိုးအို သွေးပျက်သွားသည်။ သူ ချက်ချင်း ကုန်းထ၍ အခြားသူများထက် ပို၍ မြန်ဆန်စွာ ပြေးပြီး ရဲ့လင်းချန်ကို လိုက်ဖမ်းလေသည်။
“သူခိုးဗျို့၊ အဲ့သူခိုးကို ဖမ်းကြပါ၊ သူ ကျုပ်ဖုန်းကို ခိုးသွားတယ်”
လူရိပ်နှစ်ခုက လူအုပ်နှင့် ဝေးသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်လုမတတ် ဖြစ်သွားလေသည်။ သူတို့ အဝေးသို့ ရောက်သွားတာတောင်မှ လူအုပ်ကြီးသည် အခြေအနေက သတိမဝင်သေးပေ။ သူတို့ တစ်ယောက်ကို တစ်ယောက် အူကြောင်ကြောင် ကြည့်လိုက်မိကြသည်။
*ဒါ … လုပ်ကြံထားတဲ့ လုပ်ကွက်ပဲ*
မိသားစုသုံးယောက်သည် အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ကားပေါ် ချက်ချင်းတက်၍ ဤနေရာ၌ ကြာကြာ မနေရဲသဖြင့် ထွက်သွားလေသည်။
“ဒါ … ဒါ ဘာသဘောလဲ”
အစ်မလင်း နားဝေတိမ်တောင် ဖြစ်နေသည်။
“ခစ်”
ရှောင်ဖေးဖေး ဗိုက်ကိုဖိထားမိသည်။ သူမ ဣန္ဒြေမဆယ်နိုင်တော့ဘဲ အော်ရယ်မိတော့သည်။ ငါးမိနစ်ကြာသော် ရဲ့လင်းချန် ပြန်ရောက်လာပြီး ကားပေါ် ပြေးတက်လာ၏။
“အဲ့အဘိုးကြီးက မြန်တယ်ဗျ၊ ဒါနဲ့များ သူ့အရိုးတွေ ကျိုးပါပြီလို့ ပြောရဲသေးတယ်၊ လူလိမ်”
ရဲ့လင်းချန် တစ်ကိုယ်တည်း ပြောဆိုရင်း ကားတံခါးကို ပိတ်လိုက်သည်။
“ဖုန်းရော”
အစ်မလင်း ပြန်မေးလိုက်သည်။
“ကျွန်တော် သူ့ဆီ ပြန်ပစ်ပေးလိုက်တယ်လေ”
ရဲ့လင်းချန် လက်ကာပြလေသည်။
“ဘာလို့ ကျွန်တော်က သူ့ဖုန်းကို လိုချင်ရမှာလဲ”
“ဟားဟားဟား … ညီလေးရေ … ဒါ တော်တော် မိုက်တယ်ကွ”
လီထိုက်သည်လည်း ရဲ့လင်းချန်ကို လက်မထောင်ပြကာ ရယ်နေမိသည်။ သူ ဆက်မေးလိုက်မိသည။
“မင်း ဘယ်နေရာမှာ အလုပ်လုပ်ဖို့ စဉ်းစားထားလဲ ငါ့ညီ”
“ကျွန်တော်က ကျောင်းတက်နေတုန်းပါ၊ နွေရာသီ အားလပ်ရက်ကုန်ရင် ကျွန်တော် ပီကင်း တက္ကသိုလ်မှာ တက်မှာပါ”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
“ပီကင်း တက္ကသိုလ်လား”
လီထိုက်က ရဲ့လင်းချန်ကို ထပ်ကြည့်လိုက်သည်။
“သူရဲကောင်းတွေက တကယ်ကို လူငယ်တွေထဲက မွေးဖွားလာတာပဲ”
အစ်မလင်း ရဲ့လင်းချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။ ရဲ့လင်းချန်က သူ့အဖြေစာရွက်ကို စောစော အပ်ခဲ့ကြောင်း သူမ မှတ်မိနေသေးသည်။ ဤသည်က မယုံနိုင်စရာ ကောင်းလှသည်။
သို့သော်ငြားလည်း သူမက နှုတ်ခမ်းစူလိုက်ပြီးနောက် လည်ချောင်းရှင်း၍ ဝင်ပြောလိုက်သည်။
“ဒါရိုက်တာလီ သူ့ကို ချီးကျူးတာ ထိန်းပါဦး၊ သူ့မာနကြီးတာက ထိန်းချုပ်မရနိုင်အောင်ကို ဖြစ်နေပြီးသား”
“ဟဲဟဲ ငါ့ညီ မင်း သရုပ်ဆောင် ဖြစ်ဖို့ စိတ်ဝင်စားလား”
လီထိုက်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။ ရှောင်ဖေးဖေးနှင့် အစ်မလင်းတို့ အံ့ဩသွားပြီးမှ ရဲ့လင်းချန်ကို မျက်လုံးဖြင့် အချက်ပြလေသည်။
လီထိုက်သည် နိုင်ငံတွင်း၌ နာမည်ကြီး ဒါရိုက်တာ ဖြစ်ပြီး အထူးသဖြင့် ရှေးခေတ် ဝူရှဇာတ်လမ်းတွဲ၌ ကျော်ကြားသည်။ သူ၏ ပါရမီရှင်များကို ရှာဖွေတတ်သော ဝါသနာက ဗီဇပြလာလေပြီ။ ရဲ့လင်းချန် တစ်ခဏအတွင်း နာမည်ကြီးလာနိုင်သည်။
“သရုပ်ဆောင်တာလား”
ရဲ့လင်းချန် အံ့ဩသွားပြီးမှ ခေါင်းခါလိုက်သည်။
“ကျွန်တော် သရုပ်မဆောင်ဘူး”
“နင် ဦးနှောက်ပျက်နေလား”
အစ်မလင်းက ထပြောလေသည်။
“ဒီလိုအခွင့်အရေးမျိုးရဖို့ လူ ဘယ်လောက်များများ အိပ်မက်မက်နေရလဲ သိရဲ့လား”
“တခြားသူတွေ အိပ်မက်မက်တာကို ကျွန်တော် စိတ်မဝင်စားဘူး”
ရဲ့လင်းချန်က ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။
“ကျွန်တော့်မျက်နှာကို လူအများကို ချပြရတာကို သဘောမကျဘူး”
သရုပ်ဆောင်နယ်ပယ်၌ လူတစ်ယောက်သည် လူအများ၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းအောက်၌ နေထိုင်ရသည်။ သူ့၌ ပါရမီရှင်စနစ် ရှိနေပြီ ဖြစ်သည်။ သူ အခြားသော အရာများစွာကို လုပ်နိုင်နေလေပြီ။ သရုပ်ဆောင်ရန် အတွက်နှင့် သူ့လွတ်လပ်မှုကို မည်သို့ ဆုံးရှုံးခံနိုင်ပါမည်နည်း။
အစ်မလင်းက “အရူး”ဟု ကျိတ်၍ ရေရွတ်မိသည်။ သူ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်ချေ။ ကားထဲ၌ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားသည်။
ဆယ်မိနစ်ကြာပြီးနောက် ကားက ပန်းခြံတစ်ခုသို့ ဖြတ်လာသည်။ ၎င်းတွင် နားခိုနိုင်သည့် မဏ္ဍပ်လေးများ၊ လှေကားထစ် စိုက်ခင်းများနှင့် လျှောက်လမ်းများ ရှိပြီး သေချာ ထိန်းသိမ်းထားသော ရေကန်ပေါ်၌ ဆောက်လုပ်ထားသော တံတားများနှင့်လည်း ချိတ်ဆက်ထားသည်။
အပြင်ဘက်မှ ဆူညံနေသော ကားသံများနှင့် ယှဉ်လျင် ပန်းခြံက တိတ်ဆိတ်လှပြီး မတူညီသော ကမ္ဘာနှစ်ခုဟု ခံစားရသည်။
“ဒါက ဟိုတယ်ပန်းခြံလေ၊ ဟိုတယ်က အပြင်က အနှောင့်အယှက်တွေကို ရှောင်ဖယ်ဖို့ ပန်းခြံထဲမှာ ဆောက်ထားတာ”
လီထိုက်က ရှင်းပြရင်း သူတို့၏ ခရီးဆောင်အိတ်များကို ကူချပေးသည်။
“မနက်ဖြန်မနက် ငါ လူလွှတ်ပြီး မင်းတို့ကို လာကြိုခိုင်းလိုက်မယ်”
လီထိုက်က သူတို့အတွက် အားလုံး စီစဉ်ပြီးနောက် ပြန်ထွက်သွားသည်။
“ကျေးဇူးတင်ပါတယ် ဒါရိုက်တာလီ”
ရှောင်ဖေးဖေးနှင့် အစ်မလင်းက သူ့ကို နှုတ်ဆက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset