ထိုနေရာ တစ်ခုလုံး တစ်ခဏမျှ ငြိမ်ကျသွား၏။
လူတိုင်းမှာ အသိစိတ်များ ဂယောင်ချောက်ချား ဖြစ်နေကြပြီး ဝမ်ပေါင်လဲ့အား ဆွံ့အမှင်တက်စွာ စိုက်ကြည့်နေကြသည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေပြီး သူ၏နောက်တွင် သွေးချီပင်လယ်ကြီးတစ်စင်းလည်း ရှိနေသေးသည်။ သူသည် တုနှိုင်းမဲ့ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဟိတ်ဟန်အပြည့်ဖြင့် ကျိုးရိရှန်၏ ခန္ဓာကိုယ်အား လေပေါ်သို့ မြှောက်လိုက်၏။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိနှိပ်အားများကြောင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်နေကြပြီး ရင်ခုန်နှုန်းများ မြန်လာကြသည်။ ကျိုးရိရှန်မှာ သမင်ဖြူတာအိုကျောင်း၏ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်သောကြောင့် အခြားသူများထက် သာလွန်သော လူတစ်ယောက်ဖြစ်၏။ သူသည် ပါရမီရှင်တစ်ယောက် ဖြစ်သည့်အပြင် သူ၏ အတိတ်ဘဝဝင်စားခြင်းဆေးလုံးကို မျိုချကာ သူ၏ ရှိရင်းစွဲ စွမ်းအားများထက် ပို၍ သာလွန်သော စွမ်းအားများကို ထုတ်လွှတ်ခဲ့သည်။ လက်ရှိတွင် ကျိုးရိရှန်မှာ ဖွံ့ထွားသွေးကြောအဆင့်၏ ထိပ်ဆုံးဟု လူအများက သတ်မှတ်ထားကြသည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ့အား အာနာပါန တစ်ပိုင်းအဆင့် ဝါရင့်တစ်ယောက်ဟု သတ်မှတ်လျှင်ပင် ပုံကြီးချဲ့ရာ ကျမည် မဟုတ်ပေ။
ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စု၏ ပညာရပ်များ ပေါင်းစည်းရာမှ ထွက်ပေါ်လာသော သွေးချီပြန်ဝင်စားခြင်း အတတ်ကို ဓမ္မမန္တန်တစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်သည် မဟုတ်ပါလော။
သို့သော် ၎င်းတို့မှာ ဝမ်ပေါင်လဲ့နှင့် ယှဥ်လိုက်ပါက ပါမွှားအဆင့်တွင်သာ ရှိနေ၏။ ဝမ်ပေါင်လဲ့တစ်ယောက် ကျိုးရိရှန်၏ လည်ပင်းကိုညှစ်ကာ လေပေါ်သို့မြှောက်လိုက်သည့် မြင်ကွင်းကြောင့် လူတိုင်း၏ စိတ်နှလုံးထဲတွင် ခံစားချက်ပေါင်းစုံ ပေါ်ထွက်လာရပြီး သူတို့မှာ တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးလောက်အောင် တုန်လှုပ်ချောက်ချားသွားကြတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ပကတိ တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် အသက်ရှူသံများကိုသာ ကြားနေရ၏။ ကျိုးရိဖန်ပင် ကတုန်ကယင်ဖြစ်ကာ အသက်ရှူသံများ ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့မှာ အစွမ်းထက်ကြောင်းကို သူက သိထားပါသော်လည်း ယခုလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဘေးပတ်ပတ်လည်မှ လူများ အံ့ဩတုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့၏ လည်ပင်းညှစ်ခြင်းကို ခံနေရသော ကျိုးရိရှန်မှာမူ ကြောက်ရွံ့လွန်းလှသောကြောင့် ကြက်သေသေနေရတော့သည်။ သူသည် ရုန်းထွက်ချင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ခွတစ်ခုကဲ့သို့ သူ၏လည်ပင်းအား မြဲမြံစွာ ညှစ်ထားသည်ဖြစ်ရာ သူ၏ ရုန်းကန်မှုများမှာ အချည်းနှီးပင်။ ထို့အပြင် ဝမ်ပေါင်လဲ့ စကားပြောလိုက်စဉ်တုန်းက သူ၏ အေးစက်စက် အကြည့်ကြီးနှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အေးစက်မှုများကြောင့် ကျိုးရိရှန်မှာ ဝိညာဉ်လွင့်လုမတတ် ကြောက်ရွံ့သွားရ၏။
” သူ အရင်က လူသတ်ဖူးတာပဲ ”
ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်လာသော အေးစက်မှုမျိုးကို ကျိုးရိရှန် ခံစားဖူးသည်။ ၎င်းမှာ အခြားသူများကို သတ်ဖြတ်ဖူးသော သူ၏ မျိုးနွယ်စုဝင်များထံမှ ခံစားရသည့် အငွေ့အသက်ကြီးနှင့် ဆင်တူ၏။ ယခု သူ ကြုံတွေ့နေရသော အသက်အန္တရာယ်ကြီးမှာ အရှိန်အဟုန်ဖြင့် ရိုက်ခတ်နေသော လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်နေသောကြောင့် သူ၏ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေတော့သည်။ သို့သော် သူသည် အားမလျှော့မိသွားအောင် မာန်တင်းလိုက်ပြီး ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ အသံဩဩကြီးဖြင့် မေးလိုက်၏။
” မင်းရဲ့ ဒီ ရွှေရောင်အလင်းတန်းတွေက ဘာကျင့်ကြံခြင်းပညာရပ်လဲ ”
ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်၏ မျက်ဝန်းထဲရှိ ကြောက်ရွံ့မှုများကို သတိထားမိလိုက်ပြီး သူသည် ယခုလို စိတ်တည်တည်ငြိမ် ထားနိုင်အောင် ခက်ခက်ခဲခဲ ကြိုးစားထားရသည်ဖြစ်ကြောင်း ရိပ်မိသွားသောအခါ ကျေနပ်အားရသွား၏။ ထို့နောက် သူသည် ခေါင်းမော့ကာ တည်ကြည်စွာ ဆိုလိုက်၏။
” ငါက ဒီကျင့်ကြံခြင်းပညာရပ်ကို ခြောက်နှစ်သား အရွယ်ကတည်းက သိထားတာ။ မင်း ဒီအသက်အရွယ်အထိ ဒီအကြောင်းကို လုံးဝမသိမှတော့ တော်တော်ကို ဗဟုသုတနည်းတာပဲကွ ”
ထိုနှစ်ယောက်မှာ ထိုကဲ့သို့ အပြန်အလှန် စကားပြောလိုက်ကြသောအခါ အနီးနားတွင် ရှိနေသော သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားခြောက်ယောက်မှာ မှင်တက်နေရာမှ အသိစိတ် ပြန်ဝင်လာကြသည်။ သူတို့၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများကို အတိုင်းသား မြင်နေရသည်။ သူတို့ထဲမှ တစ်ယောက်မှာ သူ့ကိုယ်သူ မာန်တင်းလိုက်ပြီး ကတိုက်ကရိုက် ဝင်ပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ ဒါ…. ဒါ နားလည်မှုလွဲတာပါ။ လူသတ်ရလောက်တဲ့ အဆင့်အထိ ရောက်စရာမလိုပါဘူး။ စိတ်အေးအေးထားပါကွာ။ မလောပါနဲ့ ”
ဝမ်ပေါင်လဲ့ကို ဖျောင်းဖျရန် လိုအပ်ပေသည်။ အကယ်၍ လူတစ်ယောက်သာ သေသွားမည်ဆိုပါက ထိုကိစ္စကြီးမှာ ချက်ချင်းပင် ဟိုးလေးတကျော်ကျော် ဖြစ်သွားမည်ဖြစ်ပြီး သူတို့မှာလည်း ထိုအရှုပ်ထုပ်ထဲသို့ ရောက်သွားကြမည် ဖြစ်သည်။ ယခုတွင်မူ သူတို့အားလုံး ကျိုးရိရှန်အား ကူညီပေးရန် သဘောတူခဲ့မိသည်ကို နောင်တကြီးစွာ ရနေကြတော့သည်။
ကျိုးရိဖန်ပင်လျှင် အသက်ရှူသံများ မြန်လာပြီး သူ၏ မျက်လုံးများထဲတွင် စိုးရိမ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် ကျိုးရိရှန်၏ အသက်ကို ဂရုမစိုက်ပါသော်လည်း အကယ်၍ ဝမ်ပေါင်လဲ့သာ လူတစ်ယောက်ကို သတ်လိုက်မည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားနေမည်ဖြစ်သည်။
သူ၏ဘေးနားမှလူများမှာ သူ့အား နားချနေကြသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှိတ်လိုက်၏။ သူသည် လူသတ်ရန် ဆန္ဒမရှိပါသော်လည်း ကျိုးရိရှန်၏ မိသားစုနောက်ခံအင်အားမှာ အထင်သေး၍မရကြောင်း သိထား၏။ ထို့ကြောင့် သူသည် ကျိုးရိရှန်အား သူ့အကြောင်း တွေးမိလိုက်တိုင်း ကြောက်ရွံ့နေရသည့်အထိ သေရာပါအောင် မှတ်မိနေမည့် သင်ခန်းစာတစ်ခုပေးရန် ဆုံးဖြတ်လိုက်၏။
” အဲဒါဆိုလည်း ဒီလို လုပ်ကြတာပေါ့ ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဖျတ်ခနဲ လက်သွားပြီး မိုးသစ်တောထဲတွင် ဖြစ်ပျက်ခဲ့သည့် ပုံရိပ်များမှာ သူ၏ အတွေးထဲ၌ ပြန်၍ပေါ်လာ၏။ သူသည် သူ၏ သတ်ဖြတ်လိုစိတ်များကို စုစည်းကာ ကျိုးရိရှန်အား ခြောက်လှန့်ရန် ပြင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ရုတ်တရက်ပြောင်းလဲသွား၏။ ထို့နောက် သူသည် ချက်ချင်းပင် ခေါင်းလှည့်ကာ ခပ်လှမ်းလှမ်းရှိ တောင်ကုန်လေးတစ်ခုအား လှမ်း၍ ကြည့်လိုက်၏။
သူသည် ထိုနေရာတွင် ရှိနေသော အားကောင်းသည့် ဆွဲငင်အားတစ်မျိုး သူ့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေကြောင်း အာရုံမိလိုက်သည်။ သူ လှမ်းကြည့်နေသည့်ဘက်တွင် သူ အလွန် လိုချင်တပ်မက်နေသော အရာတစ်ခု ရှိနေသည့် အလားပင်။
ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုအရာကြီးကို အာရုံခံလိုက်မိသည်တော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ လည်ပင်းညှစ်ခြင်းကို ခံထားရဆဲဖြစ်သော ကျိုးရိရှန်ပင်လျှင် မျက်လုံးပြူးကြီးများဖြင့် ထိုတောင်ကုန်းလေး ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက် ထိုကဲ့သို့ လှည့်ကြည့်လိုက်ကြသည်နှင့် တစ်ပြိုင်နက် အုန်းခနံအသံကျယ်ကြီးတစ်သံ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာ၏။ ထို့နောက် သူတို့၏ မျက်စိအဆုံးရှိ တောင်ကုန်းအကျော်နားတွင် လူရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး အော်ဟစ်မြည်တမ်းကာ သူတို့ဆီသို့ ပြေးလာ၏။
ထိုလူရိပ်ကြီး၏ မျက်နှာမှာ ပြောင်သလင်းခါနေပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီနေ၏။ ၎င်းမှာ ကြောက်ခမန်းလိလိ အမြန်နှုန်းမျိုးဖြင့် ပြေးလာပြီး အနည်းငယ် ခပ်လှမ်းလှမ်းတွင်သာ ရှိနေသေးသည့်တိုင်အောင် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှစ်လက်မဝိညာဉ်အမြစ်တစ်ခု ရှိနေသည်ကို ဝမ်ပေါင်လဲ့နှင့် ကျိုးရိရှန်တို့က ချက်ချင်းပင် သတိထားမိလိုက်၏။
ထိုဝိညာဉ်အမြစ်မှာ တလက်လက် တောက်ပနေသောကြောင့် အလွန် သိသာနေ၏။
” ရှစ်လက်မဝိညာဉ်အမြစ် တစ်ခုပဲ ”
ကျိုးရိရှန်မှာ အသံကွဲကြီးဖြင့် အော်ဟစ်လိုက်သောအခါ ဘေးပတ်ပတ်လည်ရှိ လူများမှာ အံ့အားသင့်သွားကြ၏။
ထိုလူရိပ်ကြီးမှာ ရှစ်လက်မဝိညာဉ်အမြစ် ဖြစ်နေ၏။ အခြားသော ဝိညာဉ်အမြစ်များနှင့် ကွဲပြားသည့်အချက်မှာ ရှစ်လက်မဝိညာဉ်အမြစ်က စွယ်စုံရဝိညာဉ်အမြစ်တစ်ခု ဖြစ်နေခြင်းပင်။ ခုနစ်လက်မဝိညာဉ်အမြစ် အခြေခံရှိထားသည့် မည်သူမဆို ၎င်းအား တိုက်ခိုက်ပြီး တစ်စစီဖြစ်သွားအောင် လုပ်နိုင်ပါက ၎င်းကို စုပ်ယူနိုင်မည် ဖြစ်သည်။
ထို ရှစ်လက်မဝိညာဉ်အမြစ်ကြီး ပေါ်လာသောအခါ ၎င်း၏နောက်မှ အော်ဟစ်မြည်တမ်းသံများမှာလည်း တစ်ပြိုင်နက် ပေါ်ထွက်လာကြသည်။ ထို့နောက် ထိုတောင်ကုန်းလေးဆီမှ လူရိပ်ခြောက်ခု ထွက်ပေါ်လာကြပြီး သူတို့မှာ ရပ်နားခြင်းမရှိဘဲ ပြေးလာကြ၏။ သူတို့အားလုံးမှာ ထိုဝိညာဉ်အမြစ်နောက်သို့လိုက်ရင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည်။
ထို ခြောက်ယောက်ထဲတွင် သမင်ဖြူတာအိုကျောင်းမှ မီးဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင် လီယီနှင့် မဟာမြစ်တာအိုကျောင်းမှ ဝူဖန်တို့လည်း ပါ၏။ ထို့အပြင် သမင်ဖြူတာအိုကျောင်းခွဲမှ အနက်ရောင်တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် အနက်ရောင်မျက်နှာနှင့် လူငယ်လေးတစ်ယောက်လည်း ရှိနေ၏။ သူ၏ အကြောင်းကို ကောင်းကင်တာအိုကျောင်း၏ ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားခြင်းမရှိရာ သူသည် ဖျက်မြင်းတစ်ကောင် ဖြစ်ရပေမည်။ သူ၏ ခုနစ်လက်မဝိညာဉ်အမြစ်မှ ထွက်ပေါ်နေသော အငွေ့အသက်မှာ အလွန် အစွမ်းထက်ပြီး သူ၏ အမြန်နှုန်းမှာ လီယီနှင့် ဝူဖန်တို့ နှစ်ယောက်စလုံးကို ယှဉ်နိုင်သည့် အနေအထားတွင် ရှိသည်။
အခြားသုံးယောက်မှာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အမျိုးသမီးဖြစ်သူမှာ ကျက်သရေရှိကာ ကျစ်လျစ်သေးသွယ်ပြီး အလွန် ဆွဲဆောင်မှုရှိ၏။ သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကောင်းကင်တာအိုကျောင်း၏ ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထား၏။ သူမမှာ မဟာမြစ်တာအိုကျောင်း၏ မှော်ဆေးရည်ဌာနမှ ချမ့်မုန့် ဖြစ်သည်။
အခြားနှစ်ယောက်မှာမူ သမင်ဖြူတာအိုကျောင်းမှ တာအိုဝတ်ရုံများကို ဆင်မြန်းထားကြသည်။ သူတို့ထဲမှတစ်ယောက်မှာ အရပ်ရှည်ပြီး အခြားတစ်ယောက်မှာ အရပ်ပု၏။ သူတို့ နှစ်ယောက်စလုံး၏ မျက်ဝန်းများထဲတွင်မူ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေ၏။ သူတို့နှစ်ယောက်မှာ ပူးပေါင်းထားကြသည့်ပုံ ပေါ်ပြီး ဝိညာဉ်အမြစ်၏ နောက်သို့လိုက်ကာ သူတို့၏ဘေးမှလူများကို ရှေ့သို့မတက်နိုင်အောင် ပိတ်ပင်တားဆီးရန် ကြိုးပမ်းနေကြ၏။
” လီဖုန်းနဲ့ ချန်လင်းယီ တို့ပါလား ”
ဝမ်ပေါင်လဲ့၏ ဘေးတွင် ရပ်နေကြသော သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားများမှာ ထိုနှစ်ယောက်ကို မြင်လိုက်ရသောအခါ တအံ့တဩ ရေရွတ်မိလိုက်ကြ၏။ သူတို့နှစ်ယောက်မှာ ရှစ်လက်မဝိညာဉ်အမြစ်အား လုယူသည့် တိုက်ပွဲကြီးထဲတွင် ပါနေလိမ့်မည်ဟု သူတို့က လုံးဝမထင်ထားခဲ့ကြသည့် ပုံပင်။
ထိုနှစ်ယောက်၏ အချက်အလက်များမှာလည်း ကောင်းကင်တာအိုကျောင်း၏ ကျောက်စိမ်းပေလွှာထဲတွင် ရှိမနေခဲ့ပေ။
ရှစ်လက်မဝိညာဉ်အမြစ် ပေါ်ပေါက်လာမှုကြောင့် ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာ မြန်ဆန်လာ၏။ သူသည် ရှစ်လက်မဝိညာဉ်အမြစ်အား အချိန်အကြာကြီး ရှာဖွေနေခဲ့ပါသော်လည်း အကျိုးမထူးခဲ့သည်ဖြစ်ရာ ယခုတွင် သူ၏ မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွား၏။ ထို့ကြောင့် သူသည် ကျိုးရိရှန်အား ခြောက်လှန့်ချင်စိတ် မရှိတော့ဘဲ လည်ပင်းညှစ်ထားသည့် သူ၏ ညာလက်ကို လွှတ်ကာ အားပါပါ ကန်ကျောက်လိုက်၏။
သူ၏ ကန်ချက်မှာ ကျိုးရိရှန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောကြောင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း ကြိုးပျက်သွားသော စွန်တစ်ခုအလား ခပ်လှမ်းလှမ်းရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ရဲရဲနီနေသော သွေးများမှာ သူ၏ ပါးစပ်ထဲမှ ထပ်၍ ပန်းထွက်လာရပြန်သည်။ ဝမ်ပေါင်လဲ့၏ ကန်ချက်ကြောင့် သူသည် အတွင်းကြေဒဏ်ရာ ရရှိသွားသဖြင့် သူသည် ရှစ်လက်မဝိညာဉ်အမြစ်ကို လုယူရန် ကြိုးပမ်းနိုင်တော့မည် မဟုတ်ချေ။
ဝမ်ပေါင်လဲ့မှာမူ ကျိုးရိရှန်အား ကန်ကျောက်လိုက်ပြီးနောက် ရပ်တန့်နေခြင်းမရှိဘဲ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူကာ ကျိုးရိဖန်ဆီသို့ ချက်ချင်းပင် လှမ်းပစ်ပေးလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်၍ မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ပြေးထွက်သွား၏။ ထိုအခါ ရွှေရောင် သွေးချီပင်လယ်ကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး သူသည် အော်ဟစ်မြည်တမ်းကာ ထို ရှစ်လက်မဝိညာဉ်အမြစ်ဆီသို့ ဦးတည်၍ ပြေးသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့ဆီမှ ထိုရွှေရောင်သွေးချီပင်လယ်ကြီး ပျံ့နှံ့လာသောအခါ အဝေးတွင် ရှိနေသည့် ထိုရှစ်လက်မဝိညာဉ်အမြစ်ကြီးမှာ ဝမ်ပေါင်လဲ့အား အာရုံခံမိသွားသည့် အမူအရာဖြင့် ရုတ်တရက် သူ့ဘက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက် ထိုဝိညာဉ်အမြစ်ကြီးမှာ လမ်းကြောင်းပြောင်းကာ ဝမ်ပေါင်လဲ့ဆီသို့ တည့်မတ်စွာ ဦးတည်သွားေသာကြောင့် လီယီနှင့် အခြားသူများမှာ အံ့ဩမှင်တက်ကာ ပင့်သက်များ ရှိုက်မိသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး ဟက်ဟက်ပက်ပက် ရယ်မောကာ အရှိန်တင်လိုက်၏။ ထို့ကြောင့် လီယီနှင့် အခြားငါးယောက်မှာမူ ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြ၏။ ထို့နောက် သူတို့မှာ စိုးရိမ်ပူပန်သွားကြသောကြောင့် တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်နိုင်ကြတော့ပေ။
” ဝမ်ပေါင်လဲ့ ”
လီယီမှာ အံကြိတ်ကာ ကြိမ်းဝါးလိုက်၏။ သူမသည် ဝမ်ပေါင်လဲ့အား နဂိုကတည်းက မကျေမနပ် ဖြစ်နေခဲ့သည်ဖြစ်ရာ ယခုတွင် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ကျောက်စိမ်းလည်ဆွဲလေးတစ်ခုကို ထုတ်ယူလိုက်၏။ ထို ကျောက်စိမ်းလည်းဆွဲလေးမှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချစ်ချစ်တောက်ပူနေသော မီးလုံးတစ်လုံးအသွင် ပြောင်းလဲသွားသည်။ ထို့နောက် သူမသည် ထိုမီးလုံးအား ရှစ်လက်မဝိညာဉ်အမြစ် ရှိရာဘက်သို့ လှမ်း၍ပစ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ရပ်တန့်ခြင်းမရှိပါက ထို မီးလုံးကြီး၏ အနားသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သေချာပေါက် ပိတ်ဆို့တားဆီးခံလိုက်ရမည် ဖြစ်သည်။
တချိန်တည်းမှာပင် ဝူဖန်၏ အကြည့်မှာ အေးစက်သွား၏။ သူသည် လက်နှစ်ဖက်ဖြင့် သူ၏ ရင်ဘတ်ကို ရိုက်လိုက်သောအခါ သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုအက်ကွဲကြောင်းထဲမှနေ၍ ထူထဲသော သွေးချီများ ချက်ချင်း စီးထွက်လာ၏။ ထိုသွေးချီများမှာ လေထဲတွင် သွေးရောင်လက်ဝါးကြီးတစ်ခုအသွင် ပေါင်းစည်းသွားကြပြီး ရှစ်လက်မဝိညာဉ်အမြစ်ကြီးအား ရိုက်နှက်လိုက်၏။
အနက်ရောင်မျက်နှာနှင့် လူငယ်လေးမှာလည်း အခြေအနေကို ရိပ်စားမိလိုက်သောကြောင့် အလျင်စလို ဖြစ်သွား၏။ သူသည် သူ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်သောအခါ ကြီးမားသော မန္တန်အစီအရင်ကြီးတစ်ခု ပေါ်ပေါက်လာကာ ပတ်ပတ်လည်ရှိ ဝိညာဉ်ချီများကို စုပ်ယူလိုက်ပြီးနောက် ရှစ်လက်မဝိညာဉ်အမြစ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ၏။
ဒေါင်ရှည်နှင့် ဂျပုအတွဲဖြစ်သော လီဖုန်းနှင့် ချန်လင်းယီတို့မှာမူ သူတို့၏ အစွမ်းအထက်ဆုံး လျှို့ဝှက်ဆန်းကြယ်ရတနာများကို ထုတ်ယူလိုက်ကြပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ ထိုရတနာများမှာ အလွန်စူးရှချွန်ထက်ပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ကိန်းအောင်းနေသည့် ဓားပျံနှစ်လက်ဖြစ်သည်။ ၎င်းတို့မှာ ရွှီခနဲမြည်ကာ လေထုကြီးကို ထိုးခွင်းသွား၏။
နောက်ဆုံးတွင်မူ ညှို့ဓာတ်ပြင်းသော အမျိုးသမီးဖြစ်သည့် ချမ့်မုန့်မှာ မျက်လုံးများကို မှိတ်လိုက်ပြီး အဆိပ်ဆေးလုံးများကို အမြောက်အမြား ထုတ်ယူလိုက်သည်။ သူမက ၎င်းတို့အား ပစ်လွှတ်လိုက်သောအခါ ၎င်းတို့မှာ ပေါက်ကွဲသွားကြပြီး အဆိပ်ငွေ့များ ပေါ်ထွက်လာ၏။ ထိုအဆိပ်ငွေ့များထဲမှ အဆိပ်ပြင်းသော တီကောင်များမှာလည်း တရှူးရှူး တရှဲရှဲနှင့် ထွက်ပေါ်လာကြ၏။ သူမမှာ မှော်ဆေးရည်ဌာနထဲရှိ ရှားပါးသော အဆိပ်ပညာရှင်တစ်ယောက် ဖြစ်ကြောင်း သိနိုင်ပေသည်။
သူတို့ ခြောက်ယောက်စလုံး အစွမ်းထက်ဆုံး စွမ်းရည်များကို ထုတ်သုံးကာ ရှစ်လက်မဝိညာဉ်အမြစ်အား တိုက်ခိုက်နေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တွင်မူ သူတို့၏တိုက်ကွက်အားလုံးမှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာခြင်းသာ ဖြစ်သည်။
” ဒီလောက်ကြီး ရက်စက်ဖို့ လိုလို့လားဟ ”
ဝမ်ပေါင်လဲ့မှာလည်း တုန်လှုပ်ချောက်ချားသွားရပြီး နှလုံးခုန်သံများ မြန်လာ၏။ ထိုခြောက်ယောက်၏ တိုက်ကွက် တစ်ခုချင်းစီတိုင်း တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားခြားနားနေကြသလို သူတို့အားလုံးမှာ ထူးချွန်ထက်မြက်သော ကျောင်းသားများ ဖြစ်နေကြသည် မဟုတ်ပါလော။ သူတို့က သူတို့၏ အစွမ်းထက်ဆုံး တိုက်ကွက်များကို ထုတ်သုံးခဲ့သည်ဖြစ်ရာ အာနာပါနအဆင့် ဝါရင့်တစ်ယောက်ပင်လျှင် သူ၏ အငွေ့အသက်များကို အသုံးပြုကာ ထိုတိုက်ကွက်များကို မချုပ်တည်းသရွေ့ ၎င်းတို့အားလုံးကို ခုခံရင်ဆိုင်နိုင်ရန် အခက်တွေ့နေရမည် ဖြစ်သည်။