သွေးနဂါးဘုံမှ ကိစ္စများမှာ သာမန်သာ ဖြစ်ပျက်နေပြီး သွေးနဂါးမြို့နှင့် သူ့ဝန်းကျင်မှ မြို့များမှာ သက်ဝင်လှုပ်ရှား နေသည်။ ပူပြင်းသည့် နေမင်းကြီးသည် ကောင်းကင်ထက်တွင် ထွန်းလင်းနေလျက် မြေပြင်ပေါ်သို့ လောင်ကျွမ်းသည့် အပူများ ထုတ်ပေးနေသည်။
ဤနေရာ၌ နေ့သာ ရှိ၍ ည မရှိပေ။
နေ့တိုင်းပင် ကောင်းကင်ထက်တွင် နေမင်းကြီး ထွန်းလင်း တောက်ပလျက် ရှိသည်။
အင်ပါယာလီဘုံ၏ လီမြို့သည် ချန်ယဲ့မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။
ထိုအချိန်၌ ချန်ယဲ့မြို့၏ အရှေ့ဘက် အဝေးတစ်နေရာ၌ လူတစ်စု ကျင့်ကြံနေကြသည်။ သားရိုင်းစွမ်းအားက စံအိမ်တွင် ပျံ့နှံ့လျက် ရှိသည်။
ကောင်းကင်ကို ဖြတ်၍ ကျယ်လောင်သည့် အသံတစ်ခု ထွင်းဖောက်ထွက်လာသည်။ ယင်းသည် သားရိုင်းတစ်ကောင် မြေပြင်သို့ ဆင်းသက်လာခြင်း ဖြစ်၏။ ကျင့်ကြံနေသည့် လူများ တစ်ယောက်ပြီး တစ်ယောက် မျက်လုံးများ ဖွင့်သည်။ ရုတ်တရက် သားရိုင်းစွမ်းအားများက အော်မြည်နေပြီး မိုးခြိမ်းသကဲ့သို့ ပြင်းထန်စွာ လှည့်ပတ်နေသည်။ လူတစ်ယောက်သည် ထိုးဆင်းလာသည့် သားရိုင်းကို ကြည့်သည်။ သားရိုင်းသည် ကြီးထွားသန်မာပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိသော်လည်း ထိုလူသည် ထိုနေရာတွင်သာ ထိုင်၍ အောက်မှ မြင်ကွင်းကို သူ၏ သားရိုင်းဆန်ဆန် အကြည့်ဖြင့် ရုပ်တုတစ်ခုအလား ကြည့်နေသည်။
ထိုဆင်းသက်လာသည့် သားရိုင်း၏ လက်သည်းကြား၌ စာတစ်စောင် ရှိနေသည်။ သားရိုင်းဆန်ဆန် လူက ဖွင့်ကြည့်သည်။ သူ ဖတ်ကြည့် ပြီးသည့်နောက်တွင် သူ၏ အမူအရာမဲ့နေသည့် ညိုမှိုင်းသော မျက်လုံးများဖြင့် အဝေးသို့ ကြည့်သည်။
ကြည့်ရသည်မှာ သည်တစ်ခေါက်၌ သူ အကျိုးအမြတ်တစ်ခုခု ရိတ်သိမ်းနိုင်မည် ထင်ရ၏။ သူ ကျင့်ကြံထားသည့် သားရိုင်းကျင့်စဉ်သည် သည်တစ်ခေါက်တွင် နတ္ထိဘုံတိုက်ပွဲ အတွင်း၌ ကောင်းကလန်မှ မျိုးဆက်များကို သတ်ဖြတ်သွားသည့် နတ်ဆိုးကျင့်စဉ် ကျင့်ကြံသူအပေါ်၌ အလုပ်ဖြစ်သင့်သည်။
“သွားစို့”
ကောင်းခေါင် မတ်တတ်ရပ်လိုက်ပြီး သူ၏ သားရိုင်း စွမ်းအားများမှာ အဝေးထိ ပျံ့နှံ့သွားခဲ့သည်။ စံအိမ်အတွင်းရှိ အခြားလူများမှာလည်း ထရပ်လိုက်ကြ၏။ ရုတ်တရက် သန်မာလှသည့် သားရိုင်း စွမ်းအားများက လေထုထဲတွင် ပျံ့နှံ့သွားသည်။
ထိုစစ်သည်များမှာ ကောင်းကလန်မှ လူများဖြစ်ပြီး တာလီပြည်ထောင်မှ သားရိုင်းကျင့်စဉ် ကျင့်ကြံသူမိသားစုမှ ဖြစ်သည်။
ဤတစ်ကြိမ်၌ မင်းသားကြီးသည် လူကိုယ်တိုင် လာရောက်၍ သူတို့သို့ သွေးနဂါးဘုံသို့ သွားကာ တစ်ခုခု လုပ်ပေးရန် သွေးဆောင်ခဲ့သည်။
ကောင်းကလန်သည် တာလီတွင် စွမ်းအားကြီးမားသည့် ကလန်တစ်ခုဖြစ်ပြီး သူတို့သည် မင်းသားကြီး၏ အမိန့်ကို နာခံသူများ မဟုတ်ပေ။ သို့သော်လည်း သည်တစ်ကြိမ်တွင် မင်းသားကြီးသည် သူတို့ကို အကျိုးအမြတ်များစွာ ကမ်းလှမ်းခဲ့၏။ ယခု သူက စာကို ရလျှင်ရချင်း အတော်လေး အံ့သြသွားသည်။ ယခု သူ့အတွက် ထိုနေရာသို့ သွားရန် ထိုက်တန်လိမ့်မည်။
အခြားအကြောင်းပြချက် တစ်ခုမှာ မည်သို့ပင် မင်းသားကြီးက ဤကိစ္စကို စီစဉ်သူ ဖြစ်သော်ငြား သူပြောနိုင်သည်က မင်းသားကြီး၏ အပြုအမူ နောက်ကွယ်၌ အင်ပါယာလီ၏ အင်ပါယာရှားဘုံကို လွှမ်းမိုးလိုသည့် ရည်ရွယ်ချက် ပါဝင်နေသည်ကို သူ သိပေသည်။
သွေးနဂါးဘုံသည် နှစ်ဖက်၏ ကနဦး ထိပ်တိုက် ရင်ဆိုင်သည့် စစ်ပွဲဖြစ်လာလိမ့်မည်။
လီယောင်နှင့် ရီဖူရှင်းက ရန်ငြိုးဟောင်းများက အဓိက အကြောင်းအရာ ဖြစ်နေသော်လည်း တိုက်ပွဲသည် ထိုတစ်ခုတည်းကြောင့် မဟုတ်ပေ။
မဟုတ်လျှင် တာလီ၏ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်သုံးဦး သွေးနဂါးဘုံသို့ အတူတူ လာရောက်ကြမည် မဟုတ်ပေ။ သူတို့ အားလုံးကို အတူတူ မြင်ရခြင်းကပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီး မင်းသား၃ သည်လည်း ဝင်ရောက်ပတ်သက် လာလိမ့်မည် မဟုတ်ပေ။
တာလီပြည်ထောင်၏ မင်းသား၃ သည် အလွန်ပင် အရည်အချင်း ရှိသည်။ အင်ပါယာလီသည် သူ့အပေါ်တွင် မျှော်လင့်ချက် ကြီးမားပြီး သူ့ကို အင်ပါယာ၏ အမွေဆက်ခံသူ တစ်ဦးအဖြစ် ဆုံးဖြတ်ထားခဲ့သည်။ ဤနေရာသို့ မင်းသား၃ လာရောက်ခြင်းမှာ ကျိန်းသေ အဓိပ္ပာယ်ရှိသည်မှာ မလွဲဧကန်ပင် ဖြစ်၏။
သူတို့သည် လေထဲသို့ ခုန်တက်လိုက်ကြ၏။ ရုတ်တရက် သားရိုင်းစွမ်းအင်များက ကောင်းကင်နှင့် မြေကြီးကြား၌ လှိုင်းထကာ ပျံ့နှံ့လာသည်။ မြို့တွင်းမှ လူများသည် ကောင်းကင်သို့ မော့ကြည့်ကာ ထိတ်လန့်ကုန်ကြ၏။ ချက်ချင်းပင် သန်မာလှသည့် ဖိအားက တစ်မြို့လုံးကို သတိပေးလိုက်ပြီး လူအများက ကြောက်ရွံ့ကုန်ကြသည်။
သို့သော်လည်း သားရိုင်း ကျင့်ကြံသူများမှာ သူတို့ထံသို့ လာခြင်း မဟုတ်ပေ။ ထိုလူများ ဖြတ်သွားရုံသွားမှန်း သိကာမှ တစ်မြို့လုံး စိတ်သက်သာရာ ရသွားကြသည်။
ထိုအချိန်၌ ရှန်းမြို့မှ ရှန်းနန်သည်လည်း လီမြို့မှ လီယောင်၏ စာတစ်စောင်ကို လက်ခံရရှိသည်။
စာတွင် ပြောထားသည်က အင်ပါယာလီဘုံက စတင်ရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။
စာကို ဖတ်ပြီးသောအခါ ရှန်းနန် သရော်ပြုံးပြုံးသည်။ ရှန်းနန်က တတိယလူ အနေဖြင့်သာ တိုက်ပွဲမှ အကျိုးအမြတ်ကို ကြားဖြတ်ရယူလိုမှန်း လီယောင်က သိလျက်ဖြင့် အင်ပါယာရှန်းဘုံက အင်ပါယာရှားဘုံသို့ ရင်ဆိုင်ရာ၌ ကူညီနိုင်သည်ဟု လီယောင် မျှော်လင့်နေဆဲ ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် သူတို့သည် အချင်းချင်းထံမှ အကျိုးအမြတ်ကိုသာ ရယူလိုနေကြသည်။
ဤကဲ့သို့သော မဟာမိတ်မျိုးအတွက် မည်သည့်ရိုးသားမှုမှ မလိုအပ်ပေ။ တစ်ဖက်စီက သူတို့ စိတ်ဝင်စားသည့် အကြောင်းအရာပေါ်၌သာ အာရုံစိုက်ကြသည်။
“သွားကြစို့။ မင်းတို့အားလုံး ငါနဲ့အတူ ချန်ယဲ့မြို့ကို သွားကြမယ်”
ရှန်းနန်က ပြောသည်။
“အရှင်မင်းသား၊ ဒီစစ်ပွဲမှာ ပါမလို့လား”
အင်ပါယာလီဘုံက ထိုနေရာတွင် ရှိနေပြီး သူတို့နှစ်ဖက်၏ စွမ်းအားများက ချန်ယဲ့မြို့ကို ဖိနှိပ်နိုင်မည် မှန်သော်လည်း ဤသည်မှာ ရန်ဟောင်ဘုံ နှစ်ခုကြားက ရန်ငြိုးဟောင်းသာ ဖြစ်သည်။ သူတို့ တိုက်ရိုက် ဝင်စွက်ဖက်ခြင်းသည် ဉာဏ်နည်းရာ ရောက်၏။ ထို့အပြင် အခြေအနေသာ ပြောင်းလဲသွားခဲ့လျှင် အကျိုးဆက်သည် သူတို့၏ ထိန်းချုပ်မှုမှ လွတ်ထွက်သွားလိမ့်မည်။
ဤသည်မှာ ရှန်းနန်ဘေး၌ ရပ်နေသည့် လူက သူ့ကို သတိပေးရခြင်း အကြောင်းရင်း ဖြစ်သည်။
“မဟုတ်ဘူး။ ငါတို့ သွားရုံပဲ သွားကြမှာ။ ဝင်ပါဖို့ မဟုတ်ဘူး”
ရှန်းနန်က ပြောသည်။ သူတို့သည် စွမ်းအားကြီးအင်အားစု နှစ်ခုကြားမှ ပဋိပက္ခများအတွင်း သွားရောက် ကြည့်ခြင်းသာ ဖြစ်၍ ရည်ရွယ်ချက် များစွာ မရှိပေ။
သူသည် တိုက်ပွဲ၏ ပွဲကြည့်ပရိသတ်သာ လုပ်လိုခြင်းဖြစ်၏။
“ဟုတ်ကဲ့ပါ”
လူများက ခေါင်းညိတ်ကာ ပြန်ဖြေသည်။ အင်ပါယာရှန်း၏ သားတော်အနေဖြင့် သူ၏ စကားများမှာ လေးလံသော အဓိပ္ပာယ်များ သယ်ဆောင်ထားသည်။ သူက သွားချင်သည်ဟု ဆိုလျှင် သူ့လက်အောက်ခံများမှာ သူနှင့်အတူ လိုက်ပါပေးရပေမည်။
ချန်ယဲ့မြို့မှ လူများမှာ သူတို့ကို ထိရဲလိမ့်မည် မဟုတ်ပေ။
သူတို့သည် ချန်ယဲ့မြို့သို့ ခရီးစဉ်ကို စတင်ခဲ့ကြသည်။
***
လီမြို့တွင် ပိုပိုပြီး များပြားသည့် စစ်သည်များ စုဝေးနေပြီး သူတို့သည် အသေးစား တပ်ရင်းအသွင် ရှိသည်။ သူတို့ အားလုံးနီးပါးသည် ရှန့်ထိုအဆင့်များ ဖြစ်ကြသည်။
တော်ဝင်အကြံပေးနှင့် တာလီမင်းသား၃ သည် ရှေ့ဆုံးတွင် ရပ်နေပြီး သူတို့၏ မျက်နှာများပေါ်တွင် လေးနက်သည့် အမူအရာများ ရှိနေပြီး အဝေးသို့ ကြည့်နေကြသည်။
လီယောင်သည် သူတို့နောက်၌ ရပ်နေသည်။ သူသည် ကောင်းကင်သို့ ကြည့်နေပြီး စာက ယခုချိန်၌ ရောက်လောက်ပြီဟု ခန့်မှန်းနေသည်။
ရှန်းမြို့၏ စစ်သည်များလည်း သူတို့မြို့မှ ထွက်လာပြီး ဖြစ်လောက်သည်။
သူ၏ တွက်ချက်မှုသာ မှန်ကန်မည်ဆိုလျှင် ရှန်းနန်သည် အခြားလူများထက် ဦးစွာ ချန်ယဲ့မြို့သို့ ရောက်နေလိမ့်မည်။
ရှန်းနန်က သူတို့ဆီကမှ အကျိုးအမြတ်များ ယူရန် ကြိုးစားနေခြင်းကို လီယောင် သိသည်။ သူသည် ရှန်းနန်ကို ထိုသို့ လုပ်ခွင့်ပြုထားပြီး ရှန်းနန်ကို ချန်ယဲ့မြို့နှင့် ညှိနှိုင်းရန် ခဏ ချန်ထားခဲ့မည်။
သို့သော်လည်း သူ လိုချင်သည့် ရလဒ်ကို ရရန် ရှန်းနန်အပေါ်တွင် အကုန်လုံး မူတည်နေ၏။
ဤအချိန်ကာလ၌ သူတို့ကြားတွင် ပဋိပက္ခတစ်ခုခု ဖြစ်ခဲ့လျှင်လည်း ထိုသည်မှာ သူ့အလုပ် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူသည် ချန်ယဲ့မြို့သို့ သတင်းအချို့ ဖြန့်ရန် သူ့လူများကို အမိန့်ပေးခဲ့သည်။ ရှန်းနန်က ချန်ယဲ့မြို့သို့ သတင်းပို့သူ စေလွှတ်နိုင်လျှင် လီယောင်လည်း လုပ်နိုင်ပေသည်။
“အရှင်မင်းသား ဒီမှာ နေခဲ့ပါ”
ရန်ယွင်က လီယောင်ကို ပြောသည်။
လီယောင်က ရန်ယွင်ကို ကြည့်ကာ မေးသည်။
“စီနီယာ အဲဒါ ဘာအဓိပ္ပာယ်များလဲ”
“ဒီစစ်ပွဲက ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုတွေကြားက တိုက်ပွဲ ဖြစ်နိုင်တယ်။ အရှင်မင်းသားက ရှန့်ထိုအဆင့်ကို ရောက်နေပြီဆိုပေမဲ့ ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်တွေ ကြားမှာတော့ အားနည်းတဲ့ ပစ်မှတ်တစ်ခု ဖြစ်နေတုန်းပဲ။ အဲဒါကြောင့် အရှင်မင်းသား စစ်ပွဲကို လိုက်ပါဖို့အတွက် ကျွန်တော် အကြံမပြုချင်ဘူး”
ရန်ယွင်က ပြောသည်။
“ရန်ယွင် ပြောတာ မှန်တယ်။ မင်း ဒီမှာပဲ နေခဲ့”
မင်းသား၃က လီယောင်ကို ပြောသည်။
“ဒီမှာ မင်းကို ကာကွယ်ဖို့ တပ်သားနည်းနည်း ထားပေးခဲ့မယ်”
လီယောင်၏ မျက်နှာထက်၌ ရှုပ်ထွေးသော အကြည့်များ ဖြစ်ပေါ်လာသည်။ သူက နေခဲ့ရန်အတွက် တွန့်ဆုတ်နေသည်။ သူက စစ်ပွဲဖြစ်လာဖို့ လှုံ့ဆော်ခဲ့သူ ဖြစ်နေမှတော့ လူကိုယ်တိုင် မျက်မြင်တွေ့ရရန် မစောင့်နိုင်ပေ။ သူက ရီဖူရှင်းကို ဖမ်း၍ သတ်ရန် ဆန္ဒပြင်းပြ နေလေသည်။
သို့သော်လည်း ရန်ယွင်နှင့် အစ်ကိုတော်သုံး နှစ်ယောက်လုံးက သူ့ကို နေခဲ့ရန် ပြောနေသည်။
သူတို့ ထိုသို့ ပြောသည်မှာလည်း လီယောင် တစ်ယောက်တည်းသာ ရှန့်ထိုပထမဆင့် ဖြစ်နေ၍ ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်း အဆင့်များက သူ့ကို ပစ်မှတ်ထားလျှင် အန္တရာယ် ဖြစ်လာပေလိမ့်မည်။
စစ်ပွဲတွင် အရာအားလုံး ဖြစ်နိုင်တာကြောင့် သူ့အနေဖြင့် ဂရုစိုက်ရန် လိုအပ်ပေသည်။
“သွားကြစို့”
တော်ဝင်အကြံပေးက ပြောသည်။ စစ်သည်များ အားလုံးသည် လေထဲသို့ ခြေချလိုက်ပြီး ချန်ယဲ့မြို့သို့ ဦးတည်လိုက်ကြသည်။
ခြိမ်းခြောက်နိုင်သည့် အသက် စွမ်းအားများသည် ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးတစ်ခွင်ကို လွှမ်းမိုးသွားတော့သည်။
လီမြို့မှ လူများသည် သူတို့၏ ခေါင်းကို မော့လိုက်ပြီး စစ်သည်များ ပျံသန်းသွားသည်ကို ကြည့်ကာ အံ့သြနေကြသည်။
အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံကြားမှ ပဋိပက္ခများသည် အစပြုခဲ့ပြီ ဖြစ်၏။
မုန်တိုင်းက ရောက်လာချေပြီ။
တိုက်ပွဲက ဖြစ်လာနိုင်သော်လည်း မည်သည့် အတိုင်းအတာအထိ ဖြစ်မည်ကို အတိအကျ မသိကြပေ။
ဘုံနှစ်ခုကြားမှ စစ်ပွဲသည် အမှန်တကယ် ဖြစ်ပေါ်လာတော့မည်လား။
တာလီမြို့ လူအုပ်ကြားထဲတွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် ကောင်းကင်သို့ မော့ကြည့်နေပြီး သူ့ဆီမှ အသက်စွမ်းအားကို ခံစား၍ မရနိုင်ပေ။ သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေသည်။ သူ့ ပခုံးပေါ်တွင် စူးရှသည့် မျက်လုံးများနှင့် မိစ္ဆာသားရဲတစ်ကောင် ထိုင်နေသည်။ လေထဲမှ စစ်တပ်၏ ပုံရိပ်များသည့် ၎င်း၏ မျက်လုံးများအတွင်း ရောင်ပြန်ဟပ်နေ၏။
***
ချန်ယဲ့မြို့တွင် ရီဖူရှင်းသည် ရှန်းနန်နှင့် လီမြို့မှ စစ်သည်များ ထွက်ခွာလာပြီ ဖြစ်ကြောင်း သတင်းလက်ခံ ရရှိခဲ့သည်။
မြို့စားအိမ်တော်တွင် မြို့အိမ်တော်၏ စစ်သည်များ၊ အင်ပါယာရှားဘုံမှ စစ်သည်များ အပါအဝင် စစ်ထိုကလန်နှင့် မော့ကလန် ကဲ့သို့သော ဒေသခံတန်ခိုးရှင်များ စုရုံးရောက်ရှိနေသည်။ ဆန်းထျန်ကျန့်နှင့် အခြားစစ်သည်များလည်း မြို့စားအိမ်တော်အတွင်း ရောက်ရှိနေ၏။
ဆန်းထျန်ကျန့်သည် ရီဖူရှင်းကို ကူညီမည်ဟု ကတိပေးခဲ့သည်။ ယခင်မြို့စားဟောင်းနှင့် မြို့စားသစ် ပူးပေါင်းမှုက အလွန် လွှမ်းမိုးနိုင်စွမ်းရှိပြီး ချန်ယဲ့မြို့၏ အချို့နယ်ခံ တန်ခိုးရှင်များပင် စစ်ပွဲတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်ကြပြီး သူတို့၏ အသက်များကို မြို့စားအိမ်တော်သို့ မြှုပ်နှံသည်။
တစ်ခုခု မှားယွင်းသွားခဲ့လျှင် သူတို့၏ ကလန်များသည်လည်း အပိုင်းပိုင်းအစစ ဖြိုခွဲခံရနိုင်သည့် အတွက် ဤသည်မှာ အရေးကြီးသော ဆုံးဖြတ်ချက် ဖြစ်သည်။
သို့သော်လည်း ဤတိုက်ပွဲ ပြီးသွားသည့်နောက်တွင် သွေးနဂါးဘုံ၌ အင်ပါယာရှားဘုံသည် အခိုင်အမာ ခြေကုပ်ယူနိုင်သွားပြီး သူတို့အတွက် အခွင့်အရေးများလည်း ရရှိနိုင်မည်ဖြစ်သည်။
ဆန်းထျန်ကျန့်ပင်လျှင် စွန့်စားရဲလျှင် သူတို့ကလည်း စွန့်စားရန် တွန့်ဆုတ်ခြင်း မရှိကြတော့။
စစ်သည်တော်များသည် မြို့စားအိမ်တော် အတွင်းတွင် တည်ငြိမ်စွာ ရပ်နေကြသည်။ အင်ပါယာရှားဘုံ၏ ပထမမင်းသား ရှားရုန်က သူတို့၏ ခေါင်းဆောင်ဖြစ်သည်။ မှော်ဆရာနှင့် ရှားရှင်းယွန်သည် သူ့ဘေးတွင် ရပ်နေကြသည်။
ထူးဆန်းသည်က ရီဖူရှင်း ယခုထိ ပေါ်မလာသေးပေ။ သူ၏ ရောက်လာရန် ပျက်ကွက်မှုက လူအများကို အံ့အားသင့်စေသည်။
ရီဖူရှင်း ဘယ်မှာလဲ။
လူအများသည် မကြာသေးခင်က သူ့ကို မြင်ခဲ့ကြသေးသည်။ ထို့အပြင် လီမြို့မှ စစ်သည်မှာ ထွက်ခွာလာသည့် သတင်းကိုလည်း ရီဖူရှင်းထံမှ သိရခြင်း ဖြစ်၏။ သို့သော် အဘယ့်ကြောင့် သူက ရုတ်တရက် ပျောက်ကွယ် သွားရသနည်း။
အင်ပါယာလီဘုံ၏ ပစ်မှတ်က ရီဖူရှင်း ဖြစ်သောကြောင့် သူတစ်နေရာရာတွင် သွားပုန်းနေသည်လား။
သို့သော်လည်း ထိုသည်က ရီဖူရှင်း၏ အကျင့်စရိုက် မဟုတ်ပေ။ ထို့အပြင် ယူချင်းနှင့် သူ၏ အခြားမိတ်ဆွေများ ဤနေရာ၌ ရှိနေသေး၏။
ဖြစ်နိုင်သည်က ရီဖူရှင်းထံတွင် အခြားအစီအစဉ် တစ်ခုခု ရှိနေပေလိမ့်မည်။
မြို့စားအိမ်တော်၏ ကျင့်ကြံရေး ကျောင်းဆောင်မှ နေရာအနှံ့တွင် ချက်ချင်းပင် ဓားအသိများ ထုတ်လွှတ်လိုက်ပြီး နေရာအနှံ့သို့ တောက်လျှောက် ပျံ့နှံ့သွားသည်။ ဓားအသိများက တစ်ခုခု၏ ပိတ်ဆို့ထားခြင်း ခံရကာ လေထဲတွင် မပီပြင်ဝိုးတဝါး ကြောက်စရာအသွင် ဖြစ်လာသည်။ အနီးကပ် စစ်ဆေးကြည့်လျှင် ကြီးမားသည့် ဓားစွမ်းရည် ပုံစံများကို ကျောင်းဆောင်၏ မြေပြင်ထိ ဖြတ်ကာ ဝင်္ကပါအသွင် ဖြစ်ပေါ်လာကြောင်း သိရှိနိုင်ပေသည်။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး တစ်ဦးသည် ဓားဝင်္ကပါအလယ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် စွမ်းအား ပြည့်ဝလှသည့် ဓားအသိများက ဝန်းရံနေသည်။ ဓားစွမ်းရည်များက ဝင်္ကပါနှင့် ဖြည်းညင်းစွာ ရောယှက်သွားပြီး အလင်းရောင်များ တောက်ပလာသည်။
ကြည့်ရသည်မှာ ထိုကြီးမားသည့် ဓားဝင်္ကပါကြီးသည် ကျင့်ကြံရေး ကျောင်းဆောင်၏ အကျယ်အဝန်းနှင့် မကိုက်ညီတော့ သကဲ့သို့ ဖြစ်သည်။
အင်အားကြီးမားသည့် ဓားစွမ်းရည်များ နှင့်အတူ စွမ်းအားပြည့်လှသော လေဟာနယ် စွမ်းရည်သည်လည်း ဝင်္ကပါမှ ထွက်ပေါ်လာသည်။
ဓားစွမ်းရည်များသည် အဆက်မပြတ် လှိုင်းထလာပြီး ကျောင်းဆောင်မှ နေရာအနှံ့ကို လွှမ်းမိုးသွား၏။ သူတို့သည် မည်သူကမှ ထို ဓားအသိများ၏ ပြင်းထန်မှုကို ဖိနှိပ်နိုင်စွမ်း ရှိမည့်ပုံ မပေါ်ပေ။
ထိုဝင်္ကပါအလယ်၌ တင်ပျဉ်ခွေ ထိုင်နေသည့် မိန်းမငယ်လေးမှာ ရာရာ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်သည် သန့်စင်သော သလင်းကျောက်များနှင့် ပြုလုပ်ထားသော ဓားတစ်ချောင်းကဲ့သို့ ထွင်းဖောက် မြင်နေရသလို ဖြစ်နေသည်။
မြို့စားရုံးတော် အပြင်ဘက်မှ များပြားလှသော လူများသည် ပုံမှန်မဟုတ်သည့် အသက်စွမ်းအင်ကို ခံစားမိကြပြီး ကောင်းကင်မှ စစ်သည်များကို မော့ကြည့်လိုက်ကြသည်။
စစ်ပွဲ စတင်တော့မည်ကို သူတို့ သိလိုက်ကြ၏။
ချန်ယဲ့မြို့မှ လူများပင် မဟုတ်ဘဲ သွေးနဂါးဘုံရှိ အခြားမြို့များသည်လည်း ထိုသတင်းကို ကြားကြသည်။ လူအများသည် ချန်ယဲ့မြို့သို့ လာရောက်ပြီး ရန်ဟောင်ဘုံများ အကြားမှ စစ်ပွဲကို မျက်မြင်တွေ့ရရန်ပင် လာရောက်ကြသည်။
သူတို့ကြားတွင် ဥဒေါင်းအင်ပါယာဘုံ၏ ထိပ်တန်း ပုဂ္ဂိုလ်ဖြစ်သော ခွန်ရွှမ်နှင့် ခွန်ကျန်းလည်း အပါအဝင်ဖြစ်၏။ ခွန်ရွှမ်က စစ်ပွဲမှာ ပါဝင်ရန် လီယောင်၏ တောင်းဆိုချက်အား ငြင်းပယ်လိုက်သော်လည်း သူမသည် တိုက်ပွဲကို အလွန် စိတ်ဝင်စားသဖြင့် ချန်ယဲ့မြို့သို့ စောစောစီးစီးပင် ရောက်ရှိနေ၏။ သူမကို အထင်လွဲမည် စိုးရိမ်သောကြောင့်လည်း သူမနှင့်အတူ စစ်သည် အနည်းအကျဉ်းသာ ခေါ်ဆောင်လာသည်။ နှစ်ဖက်လုံးက ယခုအချိန်တွင် ဆတ်ဆတ်ထိမခံ ဖြစ်နေသောကြောင့် သူမ၏ လုပ်ရပ်ကို မည်သည့်ဘက်ကမှ နားလည်မှု လွဲသွားသည်မျိုး သူမ မလိုလားပေ။ သူမက ပွဲကြည့်ပရိသတ် သက်သက်သာ ဖြစ်ပေသည်။
ရန်ဟောင်ဘုံ နှစ်ခုအကြားမှ ယှဉ်ပြိုင်မှုအတွင်းတွင် ရီဖူရှင်းနှင့် လီယောင် မည်သူက အနိုင်ရသူ ဖြစ်လိမ့်မည်နည်း။
လောင်ကျွမ်းနေသည့် နေမင်းက ကောင်းကင်ထက်တွင် ထွန်းလင်းနေသော်လည်း ပတ်ဝန်းကျင် အခြေအနေသည် ချန်ယဲ့တစ်မြို့လုံးကို တိမ်နက်များ လွှမ်းခြုံထားသကဲ့သို့ ခံစားရစေပေသည်။
***