အပိုင်း(၁၂၁၄)

မုန်တိုင်းမလာခင် ည

ရီဖူရှင်းက ပြုံးကာ ပြောသည်။

“ကျေးဇူးပါ။ ကျုပ် နားလည်ပါတယ် အရှင်မင်းသား”

အနီးတွင် ရပ်နေသည့် ရှားရှင်းယွန်သည် သူ့ထံသို့ ဖျတ်ခနဲ လှမ်းကြည့်ပြီးနောက် အလျင်အမြန်ပင် အကြည့်လွှဲသွားခဲ့သည်။

“တာလီရဲ့အခြေအနေကတော့ ဘုရင်ထန်တောက်ဟာ သူ့စစ်တပ်ကို ဦးဆောင်ပြီး အင်ပါယာရှားဘုံ နယ်စပ်ကို ရောက်လာခဲ့တယ်။ သူတို့က တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ။  ရှန့်ထိုအဆင့် စစ်သူကြီးက ရှေ့တန်းကို ဦးဆောင်လာတယ်။ ဒီတစ်ခါတော့ အင်ပါယာလီဘုံက လျှို့ဝှက်ကြံစည် နေပြီးတော့ ဒီနေရာမှာ မဟာမိတ်ရှာဖို့ ပြင်ဆင်နေကြတယ်။ တာလီပြည်ထောင်က ဒီတစ်ခါမှာ အနိုင်ရဖို့ ကြိုတင်ပြင်ဆင် ထားကြတယ်။ ကျုပ်တို့ အတော်လေးကို သတိထားရမယ့် အခြေအနေပဲ”

ရှားရုန်က ပြောသည်။ သူက ချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်ပြီး သူ့လေးသံက လေးနက်လာခဲ့၏။

“မင်းသမီးက အဲဒီအတွက် ကြိုတင်ပြင်ဆင်ရမယ်”

ရီဖူရှင်း ပြောသည်။

“ဟုတ်တယ်”

ရှားရုန်က ပြောသည်။

“မင်းတို့အားလုံး တာလီတော်ဝင် အကြံပေးက ဘယ်လိုလူမျိုးလဲ သိမယ်လို့ ထင်တယ်။ တာလီ ပြည်ထောင်မှာဆိုရင် သူက သူတို့ရဲ့ ဒုတိယအင်ပါယာ ဖြစ်ပြီးတော့ အရမ်းရိုသေ လေးစားကြတယ်။ သူက အခု သွေးနဂါးဘုံကို ကိုယ်တိုင်လာခဲ့တယ်။ သူတို့က တခြားလူတွေနဲ့ ပူးပေါင်းဖို့ လျှို့ဝှက် စီစဉ်ပြီးပြီလို့ ငါယုံတယ်။ တာလီကနေ သတင်းရတာက မင်းသားကြီးကလည်း သူ့အိမ်တော်ကနေ ထွက်ခွာသွားပြီတဲ့”

ရီဖူရှင်း မျက်မှောင်ကြုတ်သည်။ ကိစ္စတွေက ပိုပြီး ပြင်းထန်လာပြီလား။

မကြာသေးခင်က သူသည် လီယောင် သူ့ကို လုပ်ကြံလာစေရန်  ငါးစာချသည့် သတင်းကို ရှားရှင်းယွန်အား သတင်းလွှင့်စေခဲ့သည်။

လီယောင် သွားရဲလျှင် ရီဖူရှင်းသည် သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လီယောင်သည် တော်ဝင်အကြံပေးကို သွေးနဂါးဘုံသို့ စေလွှတ်ခဲ့ပြီး ရလဒ်အနေဖြင့် အခြေအနေက ပို၍ ရှုပ်ထွေးလာခဲ့၏။ အရာအားလုံးက ရီဖူရှင်း၏ အတွေးများနှင့် သွေဖယ် ဖြစ်ပေါ်လာခဲ့ကာ ဘုံနှစ်ခုကြားမှ စစ်ပွဲကြီးတစ်ခု အစပျိုးတော့မည့်ပုံ ပေါ်ပေသည်။ ရီဖူရှင်း စီစဉ်ခဲ့သည့် အစီအစဉ် အရဆိုလျှင် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်မလာသင့်ပေ။

တာလီ၏ အုပ်ချုပ်သူမှာ သဘောတူညီမှုအချို့ ရရှိထားပုံပေါ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရီဖူရှင်းကို ဖမ်းရန် တစ်ခုတည်း မဟုတ်ပေ။

“အရှင်မင်းသား အိမ်တော်ထဲ အရင်ဝင်ပြီးမှ စကားပြောတာ ဘယ်လိုလဲ”

မှော်ဆရာက အကြံပေးသည်။ လူတိုင်းက သဘောတူ၏။ ထို့နောက်တွင် သူတို့ မြို့စားအိမ်တော်သို့ ဦးတည်သည်။

ရီဖူရှင်း သေသေချာချာ သိနားလည်သည်မှာ လီယောင်သည် သွေးနဂါးမြစ် တိုက်ပွဲအတွင်း၌ ယူချင်းကို ပိတ်ဆို့ထားစေသည်မှာ တိဟောက်တို့၏ ခွန်အား မည်မျှ သန်မာသည်ကို ပြသလိုသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် တိဟောက်သည်သာ ရှုံးနိမ့်သူ ဖြစ်ခဲ့သည်။

သည်အတိုင်းဆိုပါက သူတို့အကြားတွင် နောက်ထပ် တိုက်ပွဲများ ဖြစ်ပေါ်လာပေလိမ့်မည်။

တစ်ခု ပြောနိုင်သည်က ထိုတိုက်ပွဲသည် သူတို့နှစ်ယောက်ကြားက ရန်ငြိုးရန်စ သက်သက်သာ မဟုတ်ဘဲ ဘုံနှစ်ခုကြားက စစ်ပွဲဖြစ်သွားလိမ့်မည်။

ရီဖူရှင်းသည် ရှန်းနန်ပေးလိုက်သည့် စာမှတစ်ဆင့် ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။

ဤသေရေးရှင်ရေး အခိုက်အတန့်၌ ရှန်းနန်သာ ဝင်ရောက်စွက်ဖက်ခဲ့လျှင် အတော်လေး ဆိုးဝါးလိမ့်မည် ဖြစ်သည်။

သူ ဂရုစိုက်ရန် လိုအပ်ပေသည်။

မြို့စားအိမ်တော် အတွင်းတွင် ရီဖူရှင်းသည် ဆန်းထျန်ကျန့် ကျင့်ကြံနေရာသို့ သွားရောက်၍ တွေ့ဆုံခဲ့သည်။

“ကျင့်ကြံနေတာကို နှောင့်ယှက်ရတာ အားနာမိပါတယ်”

ရီဖူရှင်းက ပြောသည်။ ကျောင်းဆောင် အတွင်းမှာတော့ ဆန်းထျန်ကျန့်သည် မျက်လုံးများကို ဖွင့်လိုက်သည်တွင် ရီဖူရှင်းက သူ့ကို အရိုအသေ ပေးနေသည်အား မြင်၏။

“ဒီနေ့ အရှင်ရီ ဒီကို လာတာ ဘာကိစ္စရှိလို့ပါလဲ”

ဆန်းထျန်ကျန့်က မေးသည်။ သူသည် ရီဖူရှင်း မည်သည့်အကြောင်းအား ပြောမည်ကို ခန့်မှန်းပြီး ဖြစ်သည်။

“အမှန်အတိုင်း ပြောရရင် ကျုပ်က သွေးနဂါးဘုံကို လာခဲ့တာ အင်ပါယာလီဘုံက မင်းသားလီယောင်နဲ့ ကျုပ်ကြားက ရန်ငြိုးဟောင်းကြောင့်ပါ။ အဲဒီရန်ငြိုးဟောင်းက မကြာခင်မှာ အနှောင့်အယှက် ဖြစ်စရာတွေ သယ်လာပါလိမ့်မယ်။ ဒီနေ့ ဒီကို လာရတာက စီနီယာက အကူအညီ ပေးစေလိုတာကြောင့်ပါပဲ”

ရီဖူရှင်းက ပြောသည်။

“ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်ကို ရောက်နေပေမဲ့ ရန်ဟောင်ဘုံ နှစ်ခုကြားက အရှုပ်အထွေးတွေကို ဝင်ရောက် ဖျန်ဖြေဖို့အတွက် ကျုပ်ရဲ့ စွမ်းရည်က အဝေးကြီး လိုသေးတယ်။ ကျုပ်အတွက်တော့ ချန်ယဲ့မြို့ကိစ္စက သင်ခန်းစာပါပဲ။ မင်း လွယ်လွယ်လေး ရနိုင်ခဲ့တာပဲလေ”

ဆန်းထျန်ကျန့်က သူ့ကို ဂရုတစိုက်ကြည့်ရင်း ပြောသည်။

“စီနီယာ ကျုပ် ထင်တာတော့ အင်ပါယာရှားဘုံက ဒီမှာ ကာလရှည်တပ်စွဲဖို့ ပြင်ဆင်ပြီးကြောင်း စီနီယာက မြင်နိုင်ပါလိမ့်မယ်။ တကယ်လို့ စီနီယာသာ စစ်ပွဲမှာ ပါဝင်ဖို့ ဆန္ဒရှိရင် ကျုပ်တို့ရဲ့ အဖွဲ့ဝင် ဖြစ်လာပါလိမ့်မယ်။ အင်ပါယာရှားဘုံက ခင်ဗျားရဲ့ အန္တရာယ်ကင်းမှုအတွက် တာဝန်ယူနိုင်ပါတယ်။ အခြေအနေက မတည်ငြိမ်ဘူးဆိုရင် ဘယ်အချိန်မဆို အင်ပါယာရှားဘုံကို ပြန်ဆုတ်ခွာလို့ ရပါတယ်”

ရီဖူရှင်းက ဆက်ပြောသည်။

“မင်း ဆိုလိုတာက ငါ့ကို အင်ပါယာရှားဘုံအတွက် အမှုထမ်းခိုင်း နေတာလား”

ဆန်းထျန်ကျန့်က တည်ငြိမ်စွာ မေးသည်။

“ကျုပ် အရင်က ပြောခဲ့သလိုပဲ ဒီမုန်တိုင်းကို ဖြတ်ကျော်ပြီးတဲ့အခါ ဒီမြို့ကို စီနီယာ့ဆီ ပြန်ပေးပါမယ်။ သွေးနဂါးဘုံမှာ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် စီနီယာလည်း အင်ပါယာရှားဘုံကို သွားစရာလိုမှာ မဟုတ်ပါဘူး။ ကျုပ်က အဆိုးဆုံး အခြေအနေအတွက် ပြောနေတာပါ။ စီနီယာက အင်ပါယာရှားဘုံရဲ့ လက်အောက်ခံ ဖြစ်လာစရာ မလိုပါဘူး”

ရီဖူရှင်းက ရှင်းပြသည်။

“ပြီးတော့လည်း ချန်ယဲ့မြို့ ဆက်လက် တည်တံ့နိုင်ဖို့အတွက် စီနီယာရဲ့ ကူညီမှုကို လိုအပ်တာမို့ လာရောက်အကူအညီ တောင်းတာပါ။ ဒီအတွက် စီနီယာ သဘောတူတယ်ဆိုရင် တောင်းဆိုချင်တာတွေကို ပြောနိုင်ပါတယ်။ သဘောမတူဘူး ဆိုရင်တော့ ကျုပ် ပြောတာကို မေ့ပစ်လိုက်ပါ”

“ဘာတောင်းဆိုချက် ဖြစ်ဖြစ်လား”

ဆန်းထျန်ကျန့်က မေးသည်။

“ကျုပ် ဖြည့်ဆည်းပေးနိုင်တဲ့ အတိုင်းအတာအတွင်းက ဘယ်လို တောင်းဆိုချက်မျိုးမဆို ရပါတယ်။ စီနီယာက ကျုပ်ရဲ့ အကန့်အသတ်ကို ကျော်လွန်တဲ့ တောင်းဆိုချက် မျိုးနဲ့တော့ ဖိအားမပေးဘူးလို့ ယုံပါတယ်”

ရီဖူရှင်းက ပြောသည်။

“ကောင်းတယ်”

ဆန်းထျန်ကျန့်က ခေါင်းညိတ်သည်။

ရီဖူရှင်းသည် ခေတ္တရပ်လိုက်ပြီး သူ့ကို မျှော်လင့်ချက်များစွာဖြင့် ကြည့်သည်။

“ကျုပ် တိုက်ပွဲမှာ ပါမယ်လို့ ကတိပေးတယ်”

ဆန်းထျန်ကျန့်က ပြောသည်။ သူ၏ ဆုံးဖြတ်ချက်က ရီဖူရှင်းကို အံ့သြသွားစေသည်။ ရီဖူရှင်းက ဆန်းထျန်ကျန့်ကို ကြည့်ကာ မေးသည်။

“စီနီယာရဲ့ တောင်းဆိုချက်က ဘာများလဲ”

“ကျုပ် မဆုံးဖြတ်ရသေးဘူး။ ဆုံးဖြတ်ချက်ချပြီးရင် မင်းကို ပြောပြပါ့မယ်”

ဆန်းထျန်ကျန့်က ပြောသည်။

ရီဖူရှင်းသည် ရှန့်ထို ပထမဆင့် ဖြစ်သည့် နတ်ဘုရားဆေးကြော သန့်စင်ခြင်း အဆင့်၌သာ ရှိသေးသည်။ ရီဖူရှင်းသည် အင်ပါယာရှားဘုံမှ သူ၏ အဆင့်အတန်းကို အသုံးပြု၍ အချို့ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် ကတိပေးနိုင်သလို တန်ဖိုးကြီး ရတနာများလည်း ရယူပေးနိုင်သော်လည်း ပြန်လည်မွေးဖွားခြင်း အဆင့်တွင်ရှိသော ဆန်းထျန်ကျန့်အတွက် ထိုအရာများက အသုံးမဝင်ပေ။

ဆန်းထျန်ကျန့်၏ ကျင့်ကြံဆင့်အရ သူသည် ရီဖူရှင်းထံမှ မည်သည့် တောင်းဆိုမှုကိုမှ ရယူရန် မလိုအပ်သော်လည်း သူက ကူညီရန် ကတိပေးခဲ့သည်။ ထိုသို့လုပ်ခြင်းမှာ ရီဖူရှင်း၏ အလားအလာအတွက် မျက်နှာသာပေးခြင်း တစ်မျိုးလည်းဖြစ်၏။ တစ်နေ့တွင် သူပေးခဲ့သော အကူအညီအတွက် အကျိုးကျေးဇူး တစ်ခုခု ပြန်ရနိုင်ပေသည်။

သို့သော်လည်း ရီဖူရှင်း၏ ကျင့်ကြံခြင်းသည် အနာဂတ်၌ မည်မျှ ခရီးရောက်မည်ကို ကြည့်ရန်လည်း လိုသေးပေသည်။

“ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ”

ရီဖူရှင်းက အလေးအနက် အရိုအသေပေးကာ ပြောသည်။

“ကျုပ် တစ်ခုတော့ အရင်ပြောထားမယ်။ ဒီတိုက်ပွဲက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဆိုရင် ကျုပ် ဒီတိုက်ပွဲကို စွန့်ပစ်ခဲ့မှာ”

ဆန်းထျန်ကျန့်က ပြောသည်။

“ရပါတယ်”

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။ သူသည်လည်း အခြေအနေ တစ်ခုအတွက်နှင့် ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်၏ အသက်ကို အလကား ဖြုန်းတီးပစ်မည် မဟုတ်ပေ။

သူ၏ အခြေအနေက ဤမျှလောက်သာ ထိုက်တန်ခြင်း မဟုတ်ပေ။

***

ရှန်းမြို့တွင် ရှန်းနန်၏ အစေခံက ချန်ယဲ့မြို့မှ ပြန်ရောက်လာပြီး ဖြစ်ပျက်သမျှအား အစီရင်ခံ၍ သိုလှောင်လက်စွပ်အား ရှန်းနန်ထံသို့ ပေးသည်။

ရှန်းနန်၏ စိတ်အသိက လက်စွပ်ထဲသို့ ဝင်ရောက်သွား၏။ သူက အထဲမှ ပစ္စည်းများကို မြင်သည့်အခါ လှောင်ပြုံးပြုံးသည်။

“ရီဖူရှင်းက မြို့တော်အရှင်ပဲ။ ပြီးတော့ သူက အင်ပါယာရှားဘုံရဲ့ အရေးကြီးတဲ့သူ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် ကပ်စေးကုပ်ရတာလဲ”

ရှန်းနန်က ရေရွတ်သည်။ လက်စွပ်ထဲမှ ပစ္စည်းများသည် သာမန် ရှန့်ထိုအဆင့် ကျင့်ကြံသူအတွက် ဆိုလျှင် အလျှံပယ်သော အရင်းအမြစ်များဟု ဆိုနိုင်ပေသည်။

သို့သော်လည်း ရှန်းနန်သည် ထို့ထက်ပို၍ ကောင်းမွန်သော ပစ္စည်းများကို ပိုင်ဆိုင်ပြီး ဖြစ်၏။

ရီဖူရှင်းက သူ့ကို သူတောင်းစားလို ဆက်ဆံလိုက်သည်လား။

အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံကြားမှ အလွန်ပြင်းထန်နေပြီး ဖြစ်ကာ ရှန်းနန်သည်လည်း စာထဲ၌ ရှင်းရှင်းလင်းလင်း ရေးသားထားခဲ့သည်။ ရီဖူရှင်းက အဘယ်ကြောင့် သူ၏ တည်ရှိမှုကို လျစ်လျူရှုရသနည်း။

မဟုတ်လျှင် ရီဖူရှင်းက ရှန်းနန်အား သည်အရှုပ်အထွေးထဲ ဝင်မပတ်သက် ရဲသည်အား သေသေချာချာ သိနေသည်လား။

“တာလီမြို့ကို သွားပြီး လီယောင်ကို ပြောလိုက်။ တိုက်မယ့်နေ့ကျရင် တိုက်ပွဲကို ငါလာခဲ့မယ်လို့”

ရှန်းနန်က ပြောသည်။ သူ့မျက်နှာထက်မှာ အပြုံးတစ်ပွင့်က ဖူးပွင့်လာသည်။ သူက တိုက်ပွဲမှာ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ အနည်းဆုံးတော့ ဤကဲ့သို့ ပျော်ရွှင်စရာပွဲလေးကို ပရိတ်သတ်အနေနှင့် သွားရောက်နိုင်ပေသည်။

ထို့ကြောင့် သူသည် လီယောင်ထံသို့ သူ တက်ရောက်မည့်အကြောင်း သတင်းပို့လိုက်ခြင်း ဖြစ်သည်။ သူက တိုက်ပွဲသို့ သွားမည်ဖြစ်သော်လည်း လီယောင်အတွက် မည်သည့်အရာကိုမှ လုပ်ဆောင်ရန် ကတိပေးမည် မဟုတ်ပေ။

“ကောင်းပါပြီ”

သံတမန်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။ သူသည် မကြာခင် လီမြို့သို့ ဦးတည်ထွက်ခွာ သွားသည်။

သတင်းပို့သူ ထွက်ခွာသွားသည်နှင့် ရှန်းနန်၏ မျက်နှာမှာ မျက်နှာသေအဖြစ်သို့ ပြောင်းလဲသွားသည်။ သွေးနဂါးတွင် သူ၏ ရည်မှန်းချက်မှာ သွေးနဂါးမြစ်တိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ ဒေသနန်းတော်သို့ ဝင်ရောက်ရန် ဖြစ်သည်။

သို့သော်လည်း သူသည် ရက်ရက်စက်စက် ကျရှုံးခဲ့ရပေသည်။ သူသည် ထိုအရာကို အရှက်တကွဲဖြင့် သည်အတိုင်း မထားခဲ့လိုက်နိုင်ပေ။

သူသည် ထိုလူများထံမှ တစ်ခုခု ရယူလိုသည်။ အနည်းဆုံး ထိုလူများထံမှ တစ်ခုခု ပေးဆပ်မှုအား သူလိုလား၏။

ပျံလွှားနှင့် ခုံးကောင် တိုက်ခိုက်သည့်အခါ တံငါသည်က အကျိုးအမြတ် ရပေသည်။ တာလီမင်းသားက သူ့ဆီသို့ လူကိုယ်တိုင် လာရောက်၍ အခွင့်အရေးကို လာပေးခဲ့သည်။ ရှန်းနန်က မည်သို့ အခွင့်အရေးအား လက်လွှတ်ခံနိုင်မည်နည်း။

မကြာခင်မှာပင် သံတမန်သည် ရှန်းနန် ပို့လိုက်သည့် စာကို လီမြို့သို့ သွားရောက် ပေးပို့ခဲ့သည်။

လီယောင်သည် စာကို လက်ခံရရှိသောအခါ၌ မည်သည့် စိတ်မကျေနပ်ခြင်း လက္ခဏာကိုမှ မပြသခဲ့ပေ။ သတင်းပို့သူ ထွက်ခွာသွား ပြီးနောက်တွင် လီယောင် မျက်မှောင်ကြုတ်သည်။ သူသည် စိတ်ကျေနပ်ခြင်း မရှိပေ။

ရှန်းနန် ဆိုလိုသည်အား သူ နားလည်သည်။ ရှန်းနန်သည် မည်သည့်ကတိကိုမှ မပေးဘဲ အခြေအနေအရ လိုက်၍ လှုပ်ရှားမည်ဖြစ်သည်။

သို့ပေမဲ့လည်း သူသည် သူ၏ ကမ်းလှမ်းချက်ကို ရှန်းနန်အား ရှင်းပြခဲ့ပြီး ဖြစ်သည်။

ရှန်းနန်သည် သူ၏ ဖိတ်ခေါ်မှုကို လက်မခံဘဲ အင်ပါယာရှားဘုံနှင့် သူတို့ကြားမှ ပဋိပက္ခကို အခွင့်ကောင်းယူကာ မည်သည့်တန်ဖိုးမှ မပေးဆပ်ဘဲ အခွင့်အရေး ရယူလိုခြင်း ဖြစ်သည်။

အင်ပါယာရှန်းဘုံမှ သားတော်သည် စိတ်ဓာတ်ရေးရာ ကစားပွဲကို ကစားလိုနေသည်။

လီယောင်သည် အလွန်ပင် မကျေမနပ် ဖြစ်သော်လည်း မျက်နှာတွင် ဖော်ထုတ် ပြသခြင်းတော့ မရှိပေ။ အနည်းဆုံးတော့ ရှန်းနန်သည် သူတို့ကို ဆန့်ကျင်လိမ့်မည် မဟုတ်ဘဲ သူတို့၏ ရန်သူကို ခြိမ်းခြောက်နိုင် လိမ့်မည်။ လီယောင်သည် သူ၏ ရည်မှန်းချက် မပြည့်ဝခဲ့သော်လည်း မမျှော်လင့်ထားသည့် ရလဒ်က သူ့ကို စောင့်ကြိုနေသေးသည်။ သူသည် သူ၏ မျှော်လင့်ချက် အားလုံးကို ရှန်းနန်ပခုံးပေါ်သို့ ပုံအပ်ထားခြင်း မဟုတ်ပေ။

သူ လုပ်စရာရှိသည်ကိုတော့ လုပ်ပြီးပြီ ဖြစ်၏။

ထိုအကြောင်းကို စိတ်ထဲတွင် သိမ်းထားလိုက်ပြီး လီယောင်သည် အခြားအိမ်တော် တစ်ခုဆီသို့ လျှောက်သွားသည်။ သူက ရန်ယွင်ကို တွေ့ကာ နှုတ်ဆက်သည်။

“စီနီယာ ရန်ယွင်”

“ဘာကိစ္စရှိလို့ပါလဲ အရှင်မင်းသား”

ရန်ယွင်က မေးသည်။

“ကျွန်တော်က တော်ဝင်အကြံပေးနဲ့ လာတွေ့တာပါ”

လီယောင်က ပြောသည်။ သူက ထိုသို့ ပြောလိုက်စဉ်တွင်ပင် တာလီတော်ဝင် အကြံပေးက လျှောက်လာနေသည်။ သူက လီယောင်ထံသို့ ညိုမှိုင်းသည့် မျက်လုံးများနှင့် ကြည့်ရင်း နှုတ်ဆက်သည်။

“အရှင်မင်းသား”

“အင်ပါယာရှားဘုံက ပထမမင်းသား ရှားရုန်က ချန်ယဲ့မြို့ကို ရောက်နေပြီဆိုတာ တော်ဝင်အကြံပေး သိထားပြီးပြီမလား”

လီယောင်က မေးသည်။

နှစ်ဖက်ကြားမှ ဆက်ဆံရေးသည် ပြင်းထန်နေသည်။ နှစ်ဖက်လုံး၏ သတင်းပေးများသည် တစ်ဖက်မြို့များ၌ အသီးသီး ရှိကြသည်။ ထို့ကြောင့် ဤကဲ့သို့ လူသိရှင်ကြား သတင်းများသည် လီယောင်ထံသို့ ချက်ချင်း အစီရင်ခံကြရ၏။

“ဟုတ်တယ်”

တော်ဝင်အကြံပေးက ခေါင်းညိတ်ရင်း ပြန်ဖြေသည်။

“အရှင်မင်းသား … ကျုပ်တို့ ဒီမှာ ရှိနေတယ်လို့ ကြားကတည်းက အင်ပါယာရှားဘုံက လူတွေက ချန်ယဲ့မြို့ကနေ မထွက်ခွာကြသေးဘူး။ အဲဒါကကြောင့် သူတို့ဟာလည်း တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေပြီးတာ ဖြစ်နိုင်တယ်။ သူတို့ရဲ့ အင်အားကို ကျုပ်တို့ သိပေမဲ့လည်း အင်ပါယာရှားဘုံက သူတို့ရဲ့ တခြား အင်အားတွေကို ဝှက်မထားဘူးလို့ အရှင်မင်းသား သေချာပါရဲ့လား”

တော်ဝင်အကြံပေးက မေးသည်။

“တကယ်လို့ ကျုပ်တို့က အရဲကိုးပြီး စစ်ပွဲကို စခဲ့မယ်ဆိုရင် ဘယ်အမှားကြောင့်မဆို အရှင်မင်းသားရဲ့ လုံခြုံရေးကို ထိခိုက်မှာ စိုးရွံ့မိပါတယ်”

“တာလီက တခြားလူတွေလည်း လာလိမ့်မယ်။ တော်ဝင်အကြံပေး ကိုယ် လုပ်စရာရှိတာသာ လုပ်ပါ”

လီယောင်က တော်ဝင်အကြံပေးကို ပြောသည်။

တော်ဝင်အကြံပေးသည် လီယောင်ကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် သူ ခေါင်းညိတ်ကာ ပြောသည်။

“ကျူပ်သိပြီ။ မင်းသားက မစောင့်ချင်တော့တာ သေချာပြီဆိုရင် ကျုပ်သွားပြင်ဆင် လိုက်တော့မယ်”

“ကျေးဇူးပါ တော်ဝင်အကြံပေး”

လီယောင်က ခေါင်းညိတ်ကာ ပြောသည်။ သူက ထိုနေရာမှ ပြန်လှည့်ထွက် သွားတော့သည်။ သူက ယဉ်ကျေးဟန်ဆောင် နေသော်လည်း တော်ဝင်အကြံပေး အပေါ်၌ ယခင်လို လေးစားမှု မရှိတော့ပေ။

သူ ထွက်သွားသည်ကို ကြည့်ကာ တော်ဝင်အကြံပေး သက်ပြင်းချသည်။

“ရန်ယွင်”

တော်ဝင်အကြံပေးက ခေါ်သည်။

“ဆရာ… ကျွန်တော် ရှိပါတယ်”

ရန်ယွင်က ပြန်ဖြေ၏။

“ငါက ရည်မှန်းချက် ကြီးကြီးမားမား မရှိတဲ့ သာမန်အဘိုးကြီး တစ်ယောက်ဆိုတာ မင်း သိပါတယ်။ ငါက အဖေတစ်ယောက် တာဝန်ကို ယူပြီး အေးအေးဆေးဆေး နေချင်တယ်။ နောက်ပိုင်းမှာ ဘာပဲဖြစ်လာခဲ့ ဖြစ်လာခဲ့ ဖေးရွှီကို ငါ့အစား ဂရုစိုက်ပေးပါ”

တော်ဝင်အကြံပေးက ပြောသည်။

ရန်ယွင်သည် သူ့ကို ဝေခွေမရသောပုံစံဖြင့် ကြည့်သည်။ သူ့မျက်နှာက ဖြူဖျော့လာပြီး ပြောသည်။

“တိုက်ပွဲမှာ ဘယ်လိုရလဒ်မျိုးပဲ ဖြစ်ဖြစ် ဆရာ့ စွမ်းရည်နဲ့ဆိုရင် အန္တရာယ်ရှိမှာ မဟုတ်ပါဘူး”

“အရာရာကို ငါတို့ ထိန်းချုပ်နိုင်တာ မဟုတ်ဘူး”

တော်ဝင်အကြံပေးက ဆက်ပြောသည်။

“ဒါက မင်းအတွက် ငါပေးခဲ့တဲ့ တာဝန်ပဲ”

ရန်ယွင်သည် ခဏမျှ တိတ်ဆိတ်သွားသည်။

“ဟုတ်ကဲ့ပါ ဆရာ”

သူသည် ခိုင်မာစွာ ဆုံးဖြတ်သည်။ သူ့ဆရာက မည်သို့ပင် အနာဂတ်ကို ကြိုတင်သိမြင် နေပါစေ၊ သူသည် စစ်ပွဲတွင် အစွမ်းကုန် ကြိုးစား၍ သူ့ဆရာကို အန္တရာယ်အတွင်းသို့ ကျရောက်ခွင့် ပြုမည်မဟုတ်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset