Switch Mode

အပိုင်း(၁၂၁၁)

ပြိုင်ဘက်များ ထိပ်တိုက်တွေ့ဆုံခြင်း

သွေးနဂါး မြစ်ကမ်းပါးမှ အသံများ ဆူညံဆူညံ ထွက်ပေါ်လာသည်။ လူတိုင်းသည် အံ့သြထိတ်လန့်စွာဖြင့် ပင့်သက်ရှိုက် လိုက်ကြသည်။

သူက အခု ဒေသနန်းတော်သို့ ဝင်ရောက်သွားလျှင်ပင် ယူချင်းသည် သူနှင့် သက်ဆိုင်သည့် နေရာရှိနေဆဲ ဖြစ်သည်။

ဒေသနန်းတော်မှ တပည့်များသည် ဝင်ခွင့်ရရှိရန်အတွက် ယူချင်းကဲ့သို့ပင် သူတို့၏ ပြိုင်ဘက်များ အားလုံးကို အနိုင်ပိုင်းခဲ့ကြသည့် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော်လည်း ယနေ့ သွေးနဂါးမြစ် ပြိုင်ပွဲသည်တော့ ယခင်က ကျင်းပခဲ့သည့် ပွဲများမှ အောင်နိုင်သူများထက် ပို၍ အထင်ကြီးဖွယ် ကောင်း၏။

လူများစွာတို့က ခံစားချက်မျိုးစုံဖြင့် သက်ပြင်း ချလိုက်ကြသည်။ ဤတိုက်ပွဲကို မျက်မြင် တွေ့ခဲ့ရသည်မို့ သူတို့၏ ခရီးက အလဟဿ မဖြစ်ခဲ့ပေ။

ယူချင်းသည် ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းချိုးကို ရှုံးနိမ့်စေခဲ့သောကြောင့် ရှင်ချိုးသည် ဒေသနန်းတော်သို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် ဤရှုံးနိမ့်မှုအပြီး၌ အခြားအခွင့်အရေး ရရှိရန် ပို၍ ခက်ခဲသွားနိုင်သည်။

အခြားထက် ဤနေရာသို့ မလာရောက်နိုင်ခဲ့သည့် ရှီတန်ခိုးရှင်များသည် အိပ်မောကျ နဂါးပြိုင်ပွဲဖြစ်စေ၊ သွေးနဂါးမြစ် ပြိုင်ပွဲသို့ဖြစ်စေ လာရောက် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။ သို့သော်လည်း သူတို့ ရှန့်ထိုအဆင့် ရောက်ပြီးသောအခါ၌ သွေးနဂါးဘုံအတွင်း ကြီးမားသော ပါရမီအရည်အချင်းနှင့် ခွန်အားကို ပြသနိုင်ခဲ့လျှင် ဒေသနန်းတော်၏ ဖိတ်ခေါ်မှုကို ခံရနိုင်သေးသည်။

သို့ပေမဲ့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရသည့် ရှင်းချိုးအတွက်တော့ မဖြစ်နိုင်တော့ပေ။

လူအများစုမှာ ဒေသနန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေး တစ်ခုသာ ရှိသည်။ ထို့ကြောင့်ပင် လူအများမှာ အိပ်မောကျ နဂါးပြိုင်ပွဲတွင် ဝင်ရောက်၍ အကောင်းဆုံး ဖြစ်ရန် ကြိုးစားဖို့ရာ ရွေးချယ်ကြသည်။

ရှင်းချိုးသည်သာမက သူ့အရှေ့မှ အင်ပါယာရှန်းဘုံ၏ မင်းသား ရှန်းမြို့မှ ရှန်းနန်သည်လည်း အနိုင်ရရှိမှုနှုန်း မြင့်မားခဲ့သည်။ သို့သော် သူသည်လည်း ယူချင်း၏ ဖိအားကြောင့် ကျရှုံးခဲ့ပြီး ဒေသနန်းတော်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။

ထို့အပြင် ဒေသနန်းတော်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး တစ်ခုသာ ဆုံးရှုံးခဲ့ခြင်း မဟုတ်ပေ။ တန်ခိုးရှင် လေးယောက်သည် ပြိုင်ပွဲအတွင်း၌ ရှန့်ထိုအဆင့်သို့ တက်ရောက်နိုင် ခဲ့သော်လည်း ထိုအထဲတွင် ရှန်းနန် မပါဝင်ခဲ့ချေ။ သူ ထိုသို့ မလုပ်ဆောင်နိုင်ခင်မှာပင် ယူချင်း၏ ကြီးမားသော လက်ဝါးရိပ်ကြီးက သူ့ကို ပျက်စီးစေခဲ့သည်။ ယင်းသည် နှစ်ပေါင်းများစွာ တိုင်အောင် သူ့ကို အနှောင့်အယှက် ဖြစ်စေမည့် တစ်စုံတစ်ခု ဖြစ်လာလိမ့်မည်။

နောက်ဆုံးတွင် ရန်ဟောင်၏ မင်းသားတစ်ပါး ရှန်းနန်သည် အလွန်ပင် မောက်မာသည်ကို ရီဝူချင်းအား ပြောခဲ့သည့် စကားမှတစ်ဆင့် မြင်နိုင်ပေသည်။ သူ ရီဝူချင်းအား ပြောခဲ့သည်မှာ မဟာလမ်းစဉ်၏ ရှန့်ထိုဖြစ်လာမည့် အခွင့်အရေးကို ကြိုးစား ဆုပ်ကိုင်နိုင်မည့် အခွင့်အလမ်းရရှိရန် မထိုက်တန် ဟူ၍ ဖြစ်သည်။ သူတွေးသည်က သူသည်သာ ထိုအရာများနှင့် ထိုက်တန်သူ ဖြစ်သည်။

သို့သော်လည်း ယူချင်းက သူ့အား မည်သို့ ပြုမူသင့်သည်များအား သင်ခန်းစာများ ပေးကာ သင်ကြားပေး သွားခဲ့သည်။

သည်အဖြစ်က သူ့တစ်သက်တာ စိတ်ဒဏ်ရာများပင် ဖြစ်သွားနိုင်ပေ၏။

ရှန်းနန်က သည်ကိစ္စအား သည်အတိုင်း လွှတ်ပေးနိုင်မည်လားတော့ မည်သူမျှ မသိပေ။ အကယ်၍ သူသည် ဤစိတ်ဒဏ်ရာများအား မကုစားနိုင်ခဲ့ပါက သူ၏ စိတ်အခြေအနေကို သက်ရောက်မှုရှိပြီး နတ်ဘုရားလမ်းစဉ်သို့ ဝင်ရောက်ခြင်းအား နှောင့်နှေးစေလိမ့်မည်။

အခြားတစ်ဖက်တွင်တော့ ခွန်ရွှမ်သည် ထူးခြားသည့် အမျိုးသမီးဖြစ်သည်။ ဥဒေါင်းအင်ပါယာ၏ မင်းသမီးသည် သူမ၏ ခွန်အားဖြင့် ယူချင်းကို လှုပ်လာနိုင်မည် မဟုတ်ကြောင်း သိရှိသော်လည်း သူ၏ တိုက်ခိုက်မှုကို သုံးကြိမ်တိုင်တိုင် ခုခံနိုင်ခဲ့သည်။ အဆုံးတွင် သူမ၏ အကန့်အသတ်ကို ကျော်လွန်သွားကာ ရှန့်ထိုဖြစ်လာခဲ့သည်။

သူမ ရှုံးနိမ့်ခဲ့သော်လည်း သူမအပေါ်တွင် ကြီးမားသော သက်ရောက်မှု မရှိခဲ့ပေ။

သို့ပေမဲ့ ဥဒေါင်းအင်ပါယာမှ အတူ လာခဲ့သော ရွှေရောင်ငှက်ကြီးမှာ ကံဆိုးလှပေသည်။ ဤတိုက်ပွဲမှ မှတ်ဉာဏ်များမှာ သူ့ဘဝ တစ်လျှောက်လုံးအတွက် ပြဿနာတစ်ရပ်ပင် ဖြစ်သွားနိုင်ပေသည်။

တိုက်ပွဲကွင်းပြင်မှ တိုက်ခိုက်မှုအားလုံး ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

ယူချင်းထံမှ ထွက်ပေါ်နေသည့် နတ်ဆိုးစွမ်းအား များမှာလည်း ကွယ်ပျောက်သွားခဲ့သည်။ သူသည် လေထဲမှ အမြင့်တစ်နေရာတွင် ပေါ်ပေါက်လာသော်လည်း သူ၏ အရှိန်အဝါမှာ ယခင်ကနှင့်မတူ ကွဲပြားသွားပေသည်။ သူသည် နတ်ဆိုးစွမ်းအားများကို ဖြတ်သန်းပြီး ရှန့်ထိုအဆင့်သို့ ရောက်ရှိကာ နတ်ဆိုးရှန့်ထို တစ်ပါး ဖြစ်လာခဲ့သည်။

ကောင်းကင်အမြင့်တွင် သွေးနီရောင်ဝတ်ရုံနှင့် သွေးနဂါးစစ်တပ် ခေါင်းဆောင်သည် ငုံ့ကြည့်ကာ မေးသည်။

“ဘယ်သူတွေ ဆက်တိုက်ကြဦးမှာလဲ”

ထိုနေရာတွင် ခွန်ကျန်း၊ ဟောင်ကျူဂီ၊ ရီဝူချင်းနှင့် အခြားလူများကဲ့သို့ လူအများအပြား  ရပ်နေဆဲပင် ဖြစ်၏။

“သွားကြစို့”

ခွန်ရွှမ်က ခွန်ကျန်းကို ပြောသည်။ သူတို့၏ ပုံရိပ်များသည် သွေးနဂါးမြစ် ပြိုင်ပွဲကွင်းပြင်မှ လျှပ်တစ်ပြက်အတွင်း ထွက်သွားကြသည်။

ရီဝူချင်းနှင့် အခြားလူများသည်လည်း ယူချင်းကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် ယူချင်းကို စင်ပေါ်တွင် ထားခဲ့ကာ ထွက်သွားရန် ပြင်ကြလေသည်။

“ဝူချင်း မင်း မနေခဲ့ဘူးလား”

ယူချင်းက ရုတ်တရက် မေးသည်။

သူသည် ဒေသနန်းတော်သို့ ဝင်ရောက်ရန် ဆန္ဒသိပ်မရှိပေ။ သူ၏ နတ်ဆိုးကျင့်စဉ်သည် ပြီးပြည့်စုံလှသည့် နတ်ဆိုးကျင့်စဉ် ဖြစ်ပြီး သွေးနဂါးဘုံ၏ အကောင်းဆုံးဖြစ်သော နတ်ဘုရား ကျင့်စဉ်များပင်လျှင် သူ့အတွက် အသုံးဝင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ရီဝူချင်းသည် ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခြင်း၌ ကြီးစွာသော အခက်အခဲကို ရင်ဆိုင်ခဲ့ရသည်။ သူသာ ထိုနေရာ၌ ကျင့်ကြံနိုင်မည်ဆိုလျှင် ဤသည်မှ သူ့အတွက် ကြီးစွာသော အကျိုးအမြတ် ရရှိနိုင်လိမ့်မည်။

ထို့ကြောင့် သူသည် ရီဝူချင်းအတွက် ထိုအခွင့်အရေးကို ပေးလိုခဲ့သည်။

များလှစွာသော လူများသည် ယူချင်းပြောသည့် စကားကို ကြားလျှင် သူ့ကို အထိတ်တလန့် ကြည့်လိုက်ကြသည်။

သူက ဘာကို ဆိုလိုတာလဲ။

သူသာ ဒေသနန်းတော်ကို ဝင်ရောက်နိုင်လျှင် သွေးနဂါးဘုံ၏ အကောင်းဆုံးသော နတ်ဘုရား ကျင့်စဉ်များကို လေ့ကျင့်နိုင်မည်။ များလှစွာသော လူများသည် ထိုအရာကို ရရှိနိုင်ရန်အတွက် ကြိုးစားနေကြခြင်း ဖြစ်သော်လည်း သူသည် သူ့သူငယ်ချင်းအတွက် လက်လျှော့လိုသည်ဟု ပြောနေသည်လော။

ရီဝူချင်းသည် ယူချင်းအား အပြုံးနှင့် ကြည့်သည်။ သူက ယူချင်း မည်သည်ကို တွေးနေသည်လဲ သိပေသည်။

သို့သော် ဤစင်မြင့်သည် ယူချင်းအတွက်သာ ဖြစ်သည်။ အကယ်၍ သူက ဒေသနန်းတော်သို ဝင်ရောက်ခဲ့လျှင်ပင် စိတ်မသက်မသာ ခံစားနေရမည်ဖြစ်ကာ သူ့အတွက် လေးနက်သော အဓိပ္ပာယ်များ ကင်းမဲ့နေပေလိမ့်မည်။

“သွေးနဂါးမြစ်ပြိုင်ပွဲက အနိုင်ရတဲ့သူပဲ ဒေသနန်းတော်ကို ဝင်ပြီး ကျင့်ကြံနိုင်တယ်။ တခြားလူကို မင်း အစားလွှတ်လိုက်လို့ မရဘူး”

တိုက်ပွဲကွင်းပြင် အပြင်မှ အသံ ထွက်ပေါ်လာပြီး လူတစ်စုသည် သူတို့ဆီသို့ လမ်းလျှောက်လာနေသည်။

ထိုစကားကို ပြောလိုက်သည့်သူမှာ ရှင်းခိုင်ဖြစ်သည်။ သူက တည်ငြိမ်သည့် အမူအရာဖြင့် ရှင်းချိုးကို လှမ်းကြည့်သည်။ သူ့အကြည့်များက စိတ်ပျက်နေသည့် အကြည့်မျိုး မဟုတ်ပေ။

သူသည် ရှင်းချိုးကို ဒေသနန်းတော်သို့ ဝင်ပြီး သူနှင့်အတူ ကျင့်ကြံနိုင်ရန် မျှော်လင့်ခဲ့သည်။ ရှင်းချိုးသည် သူ၏ အရည်အချင်းများကို ကောင်းမွန်စွာ ပြသခဲ့ပြီး တိုက်ပွဲအတွင်း၌ ရှန့်ထိုပင် ဖြစ်လာခဲ့သေးသည်။ သို့သော်လည်း သူသည် အနည်းငယ် ကံဆိုးစွာဖြင့် ယူချင်းသည်လည်း ရှန့်ထိုအဆင့်သို့ ဖြတ်ကျော်သွား ပြီးနောက် သူ့ကို ရှုံးနိမ့်စေခဲ့သည်။

ယခင်က ကျင်းပခဲ့သည့် သွေးနဂါးမြစ် ပြိုင်ပွဲများတွင်ဆိုလျှင် အနိုင်ရရှိရန်မှာ ရှင်းချိုးအတွက် မည်သည့်ပြဿနာမှ ရှိလိမ့်မည် မဟုတ်ပေ။ ယူချင်းနှင့် တွေ့ဆုံခဲ့ခြင်းသည် သူ၏ ကံမကောင်းမှုသာ ဖြစ်၏။

သို့သော်လည်း ဤကဲ့သို့ တိုက်ပွဲမျိုးက သူ့အတွက် မကောင်းသည်တော့ မဟုတ်ပေ။ နောက်ဆုံးတွင်တော့ ရှေ့လျှောက် သူတို့ ရင်ဆိုင်ကြရမည့် ရန်သူများမှာ ထို့ထက်ပို၍ သန်မာဖို့သာ ရှိပေသည်။

မဟာလမ်းစဉ်ကို ကျင့်ကြံခြင်းသည် အခက်အခဲအပြည့်နှင့် ဆူးခင်းလမ်းကို လျှောက်နေရခြင်းပင် ဖြစ်၏။

ယူချင်းသည် ရှင်းခိုင်ကို ကြည့်လိုက်ပြီးနောက် သွေးနဂါးစစ်တပ်မှ တန်ခိုးရှင်များကို ကြည့်သည်။ ယူချင်းကလည်း သူလွဲမှားနေမှန်း သိသော်လည်း ရီဝူချင်းကို တမင်ပင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းသည် သွေးနဂါးအင်ပါယာနှင့် နီးစပ်ရန် သူ့အား ဒေသနန်းတော်သို့ ဝင်ရောက်ဖို့ ပြောခဲ့သည်။ အနာဂတ်တွင် သူတို့သည် ဘုံများကို ဖြတ်သန်းသွားလာရန် သွေးနဂါးအင်ပါယာ၏ စွမ်းအားကို အသုံးပြုရပေမည်။

အင်ပါယာရှားဘုံသည် သွေးနဂါးအင်ပါယာ၏ ပိုင်နက်အတွင်းမှ တစ်ခုသာ ဖြစ်သည်။ သူတို့ အခြားဘုံများသို့ သွားရောက်လိုပါက သွေးနဂါး အင်ပါယာဘုံတွင် ကောင်းကောင်း အခြေကျရန် လိုအပ်လိမ့်မည်။

သို့သော်လည်း သူက ရီဝူချင်းကို မြင်သောအခါ ထိုအခွင့်အရေးကို ဝူချင်းထံ ပေးလိုခဲ့သည်။ ထိုမှသာ သူသည် မဟာလမ်းစဉ်ကို ချောမွေ့စွာ လျှောက်လှမ်းနိုင် လိမ့်မည်။

“ဒီကောင်ကတော့…”

ရီဖူရှင်းက ပြုံးရင်းနှင့် ပြောသည်။ ယူချင်းဖြစ်စေ၊ ဝူချင်းဖြစ်စေ သူတို့သည် စကားများများ ပြောရသည်ကို မနှစ်သက်ကြပေ။ သို့သော်လည်း သူတို့၏ ခင်မင်မှုသည် နှလုံးသားထဲတွင် ခိုင်မာစွာ အမြစ်တွယ်ထား၏။

“သွားကြရအောင်”

ရီဖူရှင်းနှင့် အခြားလူများသည် ပြိုင်ပွဲကွင်းပြင်သို့ ခဏချင်း ရောက်ရှိသွားသည်။

ထိုအချိန်၌ ရှင်းခိုင်သည် ဆက်၍ ပြောနေသည်။

“မင်းက ဒီသွေးနဂါးမြစ် ပြိုင်ပွဲမှာ ပြိုင်ဘက်ကင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီဒေသနန်းတော်ကို ဝင်ရောက်ခဲ့တဲ့ ဘယ်သူမဆို မင်းလို လူမျိုးတွေချည်းပဲ။ မင်းက သွေးနဂါးအင်ပါယာဘုံရဲ့ အင်အားအကောင်းဆုံး မြင့်မြတ်နယ်မြေကို ဝင်ရောက်တော့မယ် ဆိုမှတော့ လေးစားမှုလေး ထားသင့်တယ်။ သူ့ရဲ့ ဓားစွမ်းရည်က ကောင်းတယ်။ ဒါပေမဲ့ ဒေသနန်းတော်ကို ဝင်ရောက်နိုင်ဖို့ ဆိုရင်တော့ အရည်အချင်းက လိုအပ်နေသေးတယ်”

ယူချင်းသည် မျက်မှောင် ကြုတ်လိုက်ပြီး ရှင်းခိုင်ကို အေးစက်စက် ကြည့်သည်။ သို့သော်လည်း ရှင်းခိုင်သည် ထိုအကြည့်အား ဂရုမစိုက်ဘဲ သာမန်မျှသာ တုံ့ပြန်ခဲ့သည်။ သူ၏ မျက်လုံးများ အတွင်းတွင် ရွှေရောင်အလင်းများ လင်းလဲ့နေ၏။

“သူပြောတာ မှန်တယ်။ မင်းပဲ သွားလိုက်သင့်တယ်”

ရီဝူချင်းက ပြော၏။ သူက ရှင်းခိုင်ပြောသည့် စကားများကို ဒေါသမထွက်ပေ။ အမှန်တကယ်လည်း သူသည် ဒေသနန်းတော်သို့ ဝင်ရောက်ရန် မထိုက်တန်သေးပေ။

ရှင်းခိုင်ပြောသည်မှာ အနည်းငယ် တဲ့တိုးဆန်နေသော်လည်း သူသည် ယနေ့ကျင်းပခဲ့သည့် သွေးနဂါးမြစ်ပြိုင်ပွဲတွင် ကောင်းမွန်လုံလောက်သော အရည်အချင်းကို ပြသနိုင်ခြင်း မရှိခဲ့ပေ။

ဓားသမားများသည် အဆက်မပြတ် ရုန်းကန် ကြိုးစားရင်း ရှေ့ဆက်နေသင့်ပြီး ကိုယ့်အတိုင်းအတာ ကိုလည်း ကိုယ် သိသင့်သည်။

ခွန်ရွှမ်နှင့် အခြားလူများအပြင် သူ့ထက်သန်မာသည့် ရှန်းနန်ကဲ့သို့သော လူပင် ယူချင်း၏ တိုက်ခိုက် ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ယူချင်းသည် တိုက်ပွဲကွင်းပြင်မှ ပြိုင်ဘက်အားလုံးကို ရှင်းလင်းပစ်ခဲ့ပြီး ထိုအခွင့်အရေးကိုတော့ သူထံ ပေးအပ်နေသည်။ သူသည် ဤအခွင့်အရေးကို လက်မခံသင့်ဟု ခံစားရပေသည်။

ယူချင်းက ခေါင်းညိတ်ကာ ဘာမှ ထပ်မပြောတော့ပေ။

“ဂုဏ်ပြုပါတယ်”

အထက်ကောင်းကင်မှ သွေးနဂါးစစ်တပ်၏ လူတစ်ဦးက ပြောသည်။ သူသည် ယူချင်းထံသို့ တံဆိပ်ပြားတစ်ခု လက်ကမ်းပေးရင်း ပြောသည်။

“ဒီဟာနဲ့ မင်း ဒေသနန်းတော်ကို ဝင်ပြီး ကျင့်ကြံလို့ ရတယ်။ မင်း အဲဒီကို ရောက်တာနဲ့ တခြားဆုတွေ ပေးအပ်ဖို့ ရှိသေးတယ်။ အခုချက်ချင်းပဲ သွားချင်လား”

ယူချင်းက တံဆိပ်ကို လက်ခံကာ ပြောသည်။

“ကျွန်တော် အခု လုပ်ရမယ့် ကိစ္စတချို့ ရှိနေသေးတယ်။ ကျွန်တော် လုပ်ပြီးသွားတာနဲ့ နန်းတော်ကို လာခဲ့ပါ့မယ်”

အင်ပါယာလီဘုံမှ လာရောက်သည့် တန်ခိုးရှင်များမှာ လီယောင်၏ အမိန့်ဖြင့် ရီဖူရှင်းကို တိုက်ခိုက်ရန် ရောက်လာကြခြင်း ဖြစ်သည်။ သူသည် ထိုပြဿနာအား ဖြေရှင်း၍ မပြီးသေးမီ စိတ်အေးရလိမ့်မည် မဟုတ်ပေ။

ထိုတန်ခိုးရှင်က ခေါင်းညိတ်သည်။

“ကောင်းပြီ။ မင်း ကြိုက်တဲ့အချိန် လာနိုင်တယ်”

ထို့နောက် သူသည် ရှင်းခိုင်ကို ကြည့်ကာ အနည်းငယ် ဦးညွှတ်သည်။ ထိုလူက ပြုံးလိုက်ပြီး သူတို့ အားလုံး ထွက်ခွာ သွားကြသည်။

သွေးနဂါးမြစ် ပြိုင်ပွဲသည် တရားဝက် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

ယူချင်းသည် ဒေသနန်းတော်သို့ ဝင်ရောက်လိမ့်မည်။

ဒေသနန်းတော်သို့ ဝင်ရောက်ခွင့်ရမည့် နောက်တစ်ယောက် အတွက်ကား နောက်တစ်နှစ်ကာလကို စောင့်စားရဦးမည် ဖြစ်သည်။

ရီဖူရှင်းနှင့် သူ့လူများသည် တိုက်ပွဲကွင်းပြင်သို့ ဆင်းသက်လာကြသည်။ သူသည် တောက်ပသော အပြုံးတစ်ပွင့်နှင့် ယူချင်း၊ ရီဝူချင်းနှင့် အခြားလူများကို ကြည့်သည်။

ယူချင်းနှင့် ရီဝူချင်းကလည်း သူ့ကို ပြန်ကြည့်နေသည်။ ယူချင်းက စပ်ဖြဲဖြဲ ရယ်သည်။ သူ့မျက်လုံးများထဲမှ ထူးခြားထက်မြက်သည့် အကြည့်များက ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူ့အကြည့်များသည် ရိုးရှင်းကာ သဘာဝဆန်လှသည်။

ထိုသည်ကို မြင်သောအခါ ရှားရှင်းယွန်၏ မျက်နှာထက်တွင် အံ့သြမှုများ ပေါ်ပေါက်လာသည်။ သူသည် တိုက်ပွဲအတွင်းများ နတ်ဆိုး စွမ်းအင်များနှင့် ဦးဆောင်လွှမ်းမိုး ခဲ့သည်။ ရီဖူရှင်းသည်လည်း တစ်ခါတစ်ရံ ထိုသို့သော အရည်အချင်းများ ရှိတတ်သည်။

တစ်ခါတစ်ရံ၌ အေးစက်ပြီး ရက်စက်သည်။ ပြည်နယ်ကိုးခုမှ တော်ဝင်စစ်ပွဲ၌ ဖြစ်စေ၊ ကျူးထန်နန်းတော်တွင် ဖြစ်စေ၊ ရှောင်ရှမ်းနှင့် တိုက်ပွဲတွင် ရှောင်ရှမ်းကို သတ်ပစ်ခဲ့သည်ကို ကြည့်လျှင် သူသည် အမြဲခမ်းနား ကြီးကျယ်၍ စွမ်းအား ကြီးမားလေသည်။ သို့သော်လည်း တစ်ခါတစ်ရံ၌ သူ၏ ရိုးရှင်း၍ ပွင့်လင်းသော တစ်ဖက်ခြမ်းကို မြင်တွေ့နိုင်လေသည်။

အထူးသဖြင့် သူ၏ သူငယ်ချင်းများနှင့် အတူ ရှိနေသောအခါတွင် ဖြစ်သည်။ ကြည့်ရသည်မှာ သူတို့ ငယ်စဉ်ကပင် များပြားလှစွာသော အခက်အခဲများကို အတူတူရင်ဆိုင် ကျော်ဖြတ်ခဲ့ကြပုံ ရလေသည်။

ရီဝူချင်းသည်လည်း တောက်ပစွာ ပြုံးနေပြီး သူတို့သည်သာ နားလည်နိုင်သည့် အပြုံးမျိုး ဖြစ်သည်။

သူတို့သည် ငယ်စဉ်ကတည်းကပင် အတူတူ ကြီးပြင်းလာကြပြီး ယခုအချိန်တွင် သူတို့ အားလုံး ရှန့်ထိုများ ဖြစ်ခဲ့ကြပြီ ဖြစ်၏။

တိုက်ပွဲကွင်းပြင်၏ အခြားတစ်ဖက်တွင် ရှင်းခိုင်သည် သူ့ညီ ရှင်းချိုးထံသို့ လမ်းလျှောက် သွားသည်။

ရှင်းချိုးသည် သူ့အစ်ကိုကို ကြည့်လိုက်ပြီး ဖြောင့်တန်းစွာ မတ်မတ်ရပ်နေသော်လည်း ခေါင်းကို ညွှတ်ကာ အရိုအသေပေးသည်။ သူကို ကြည့်ရသည်မှာ အနည်းငယ် ရှက်ရွံ့နေပုံရသည်။

“မဆိုးပါဘူး”

ရှင်းခိုင်က အပြုံးနှင့် ပြော၏။ ရှင်းချိုးသည် ရှင်းခိုင်ကို ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောသည်။

“ရှုံးတာကတော့ ရှုံးတာပါပဲ”

“မဟာလမ်းစဉ်ကို ကျင့်ကြံပြီဆိုတာနဲ့ မရှုံးနိမ့်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ”

ရှင်းခိုင်က မေးသည်။

“အစ်ကိုဆို ဘယ်တော့မှ မရှုံးဘူးလေ”

ရှင်းချိုးက ပြော၏။

“တစ်နေ့မှာ ငါလည်း ရှုံးနိုင်တယ်”

ရှင်းခိုင်က ပြောသည်။

“ပြီးတော့လည်း သမိုင်းမှာ မရှုံးနိမ့်နိုင်တဲ့ သူရဲကောင်း ဘယ်လောက် များများရှိလဲ။ ဒါပေမဲ့ မင်းက တစ်ကြိမ် ရှုံးနိမ့်ပြီးတာနဲ့ အဲဒီအဆင့်ကို ဘယ်တော့မှ မရောက်တော့ဘူး။ ဒါကြောင့် မင်းရဲ့ ရှုံးနိမ့်မှုက ဘာမှမဟုတ်ဘူး။ မင်း နောက်ကျရင် ဒေသနန်းတော်ကို ဝင်လာပြီး သူ့ကို နိုင်အောင် ရိုက်လိုက်ပေါ့။ အဲဒါဆို ပိုတောင် ခမ်းနားကြီးကျယ် လိမ့်ဦးမယ်”

ရှင်းချိုးက ယူချင်းကို ကြည့်သည်။

ရှင်းခိုင်ပြောသည့် စကားကို ကြားလျှင် ရီဖူရှင်းနှင့် ယူချင်းသည် သူတို့ကို လှမ်းကြည့်သည်။

“မင်း အဲဒီလို မျှော်လင့်ချက်မျိုး မထားသင့်ဘူး။ ဘာလို့လဲဆိုတော့ ဒီဘဝမှာ မင်း ဘယ်တော့မှ အဲဒီလိုအခွင့်အရေးမျိုး ရမှာ မဟုတ်လို့ပဲ”

ရီဖူရှင်းက ညင်သာစွာ ရယ်မောရင်း ပြောသည်။ ရှင်းခိုင်ပြောသည်မှာ မမှားယွင်းပေ။ သို့သော်လည်း သူက သူ့ကိုယ်သူ သက်သေပြရန် ယူချင်းကို ရှုံးနိမ့်စေလိုသည် ဆိုလျှင်တော့ သူ့တွင် အခွင့်အရေးမရှိတာမို့ ဝမ်းနည်းကြောင်း ဆိုရပေလိမ့်မည်။

ရှင်းခိုင်က ရီဖူရှင်းအား ကြည့်သည်။

သူတို့၏ စကားများကို ကြားသည့်အခါ လူတိုင်း၏ မျက်နှာမှာ အထိတ်တလန့် အကြည့်များ ပေါ်ပေါက်လာသည်။ ရီဖူရှင်းသည် ယူချင်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။ ထို့အပြင် ချန်ယဲ့မြို့၏ အရှင်သခင်သည် ယူချင်းမဟုတ်ဘဲ ရီဖူရှင်းသာ ဖြစ်၏။

မင်းသမီး ရှားရှင်းယွန်က ဤနေရာ၌ ရှိနေသည်ဆိုလျှင်ပင် မြို့တော်အရှင် ရာထူးက သူ့တွင် ရှိနေသေးသည်။

ထို့ကြောင့် ထိုလူက ယူချင်းကို လွှမ်းမိုးနိုင်သည်လား။

ယခင်က ရှင်းချိုးနှင့် ယူချင်း ရင်ဆိုင်ခဲ့ကြသည်။ ယခု ရှင်းခိုင်နှင့် ရီဖူရှင်းသည်လည်း ထိုသို့ ပြုလုပ်နေသည်။ ထိုသည်က လူအများ၏ သွေးများကို ဆူပွက်လာစေသည်။ သူတို့ကြားမှာ တိုက်ပွဲ ဖြစ်လာနိုင်သလား။

ရှင်းခိုင်သည် သူနှင့် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသည်ဟု ပြောကြသည်။ သူက အနာဂတ် တစ်ချိန်တွင် ရှုံးနိမ့်ခြင်း ဖြစ်နိုင်သော်လည်း သွေးနဂါးဘုံတွင်တော့ ကျိန်းသေမဖြစ်နိုင်ပေ။

“မဟာလမ်းစဉ်ကို လျှောက်ရမယ့် ခရီးက ရှည်လျားလွန်းတယ်။ သေချာပေါက်ဆိုတဲ့ အရာမျိုး မရှိဘူး”

ရှင်းခိုင်က ပြောသည်။

“တချို့အရာတွေကတော့ သေချာပါတယ်”

ရီဖူရှင်းက ပြန်ပြော၏။

ရှင်းခိုင်က ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောသည်။

“ကျုပ်က ရှေးဟောင်းတော်ဝင်မြို့က ရှင်းခိုင်”

“ကျုပ်က ချန်ယဲ့မြို့က ရီဖူရှင်း”

ရီဖူရှင်းက တုံ့ပြန်သည်။

သူတို့ ထိုစကားများကို ပြောပြီးနောက်တွင် ဘာမှမဖြစ်ခဲ့သလို တစ်ဖက် လှည့်သွားကြတော့သည်။

သို့သော်လည်း မည်သူကမှ သူတို့ မည်သို့ တွေးနေသည်ကို မသိကြပေ။

ရီဖူရှင်းနှင့် ကျန်သူများအပါဝင် လူတိုင်းက သွေးနဂါးမြစ် တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားကြသည်။ သူတို့ ထွက်သွားပြီးနောက် လီယောင်သည် တိဟောက်အပါအဝင် အခြားလူများနှင့်အတူ အိမ်သို့ ပြန်လာကြသည်။ သူတို့ အားလုံး၏ မျက်နှာမှာ မှောင်မည်းနေကြ၏။

သွေးနဂါးမြစ်တိုက်ပွဲ သတင်းသည် သွေးနဂါးဘုံ၏ အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset