အခန်း (၁၃၀)

ညှိနှိုင်းဆွေးနွေးပွဲ

အခန်း (၁၃၀) ညှိနှိုင်းဆွေးနွေးပွဲ

ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ဆရာဖြစ်သူရှိရာ နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။

သူက ဝယ်ယူလာသည့်အကောင်းစားသေရည်ဖြင့် ဆရာဖြစ်သူကို ဂါရဝပြုလိုသောကြောင့် ဖြစ်သည်။ ဆရာဖြစ်သူကို နောက်တစ်ကြိမ် အကောင်းစားသေရည်ဖြင့် ဂါရဝပြုနိုင်ရန် အချိန်ကြာမြင့်ဦးမည် ဖြစ်၏။

သူက တောင်ပေါ်မှ တစ်ဖဝါးမှမခွာရန် ဆုံးဖြတ်ထားလေရာ သေရည်ဆိုင်သို့လည်း သွားရောက်ဖြစ်တောမ့ည် မဟုတ်ပေ။

“ဆရာ…”

ကျန်းလန်က သေရည်အိုးကို ဆရာဖြစ်သူထံ ကမ်းပေးလိုက်သည်။

မော့ကျန်းသုန့်က ကျန်းလန်ပေးသည့် သေရည်အိုးကို ယူလိုက်ရင်း…

“အခု မင်း တစ်ယောက်တည်း ကျင့်ကြံတော့မလို့လား…”

ပြောပြီးသည်နှင့် မော့ကျန်းသုန့်က ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီး တည်ရှိရာနေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။

ယနေ့ နဂါးမျိုးနွယ်မှဧည့်သည်များ ခွန်လွန်တောင်သို့ ရောက်ရှိလာကြသည်။

ဤသည်က ခွန်လွန်တောင်အတွက် အပြောင်းအလဲအချို့ကို ဆောင်ကြဉ်းပေးမည့် နိမိတ်လက္ခဏာ ဖြစ်၏။

ထိုအပြောင်းအလဲများကလည်း တပည့်ဖြစ်သူနှင့် ပတ်သက်နေလေရာ မော့ကျန်းသုန့်အနေဖြင့် ခပ်ပေါ့ပေါ့ သဘောမထားရဲပေ။

ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…

“ဟုတ်… ကျွန်တော် တစ်ယောက်တည်းကျင့်ကြံဖို့ စီစဉ်ထားပါတယ်…”

သေရည်ဆိုင်တွင် အင်မော်တယ်တံခါးသို့ ရောက်ရှိနိုင်ခဲ့ခြင်း မရှိသည့်တိုင် ကျန်းလန်ကတော့ မူလဝိညာဉ်အဆင့်သို့ တက်ရောက်ရမည် ဖြစ်သည်။

သူ အဆင့်မတက်နိုင်လျှင် ဆရာဖြစ်သူက အကြောင်းရှာပြီး နောက်တစ်နေရာသို့ စေလွှတ်နေမည်ကို ကျန်းလန် စိတ်ပူမိသည်။

ထို့ကြောင့် အချိန်ခဏအတွင်း မူလဝိညာဉ်အဆင့်တက်ရောက်နိုင်ရန် အမြန်ဆုံး ကြိုးစားရမည် ဖြစ်သည်။

မော့ကျန်းသုန့်က…

“မင်း အစီအင်ပညာသင်ယူဖို့နဲ့ နဂါးသုတ်သင်ဓားသိုင်းသင်ယူဖို့ကတော့ ရက်နည်းနည်းလောက် နောက်ဆုတ်ရဦးမယ်ထင်တယ်…”

မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်ရင်း စကားဆက်ပြောလိုက်သည်။

“ဒီနေ့ နဂါးမျိုးနွယ်တွေ ရောက်လာကြတယ်… ၊ ခွန်လွန်က တောင်သခင်တွေနဲ့ နဂါးမျိုးနွယ်တွေ အသေးစိတ်ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ကြလိမ့်မယ်… ၊ ကြည့်ရတာ လနဲ့ချီပြီး အချိန်ကြာမယ်ထင်တယ်…”

ကျန်းလန်က…

“သူတို့လာတာ မင်္ဂလာပွဲကိစ္စအတွက်လား ဆရာ…”

မော့ကျန်းသုန့်က…

“ဟုတ်တယ်… မင်္ဂလာကိစ္စအတွက် ရောက်လာကြတာ… ၊ စေ့စပ်ပွဲလုပ်ဖို့ဆိုတာက လွယ်ပေမယ့် စေ့စပ်ပွဲမလုပ်ခင် နှစ်ဖက်ညှိနှိုင်းစရာကိစ္စတွေက အများကြီးရှိတယ်လေ… ၊ ဒီတော့ အချိန်ကြာမှာပေါ့ကွာ…”

ကျန်းလန်က…

“ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးလည်း ညှိနှိုင်းဆွေးနွေးပွဲတက်မှာလား…”

မော့ကျန်းသုန့်က ခေါင်းညိတ်ပြလိုက်၏။

ကျန်းလန်က…

“ဒါဖြင့် ဆရာလည်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရမှာပေါ့…”

မော့ကျန်းသုန့်က ခေါင်းခါရမ်းပြလိုက်သည်။

ပဉ္စမတောင်ထွတ်မှ တောင်သခင်မက ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်မည်ဆိုလျှင် ဆရာဖြစ်သူက အဘယ့်ကြောင့် မတက်ရောက်ရပါသနည်း။

မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်ပြီး ပြုံးလိုက်သည်။

“မင်းက တောင်သခင်တွေနဲ့ သိပ်ပြီးထိတွေ့မှုမရှိတော့ သူတို့အကြောင်းတွေကိုမသိတာ မဆန်းပါဘူး… ၊ အခု ညှိနှိုင်းဆွေးနွေးပွဲမှာ ခွန်လွန်တောင်ဘက်က အဓိကဆွေးနွေးမယ့်သူက မင်းရဲ့ ဆရာဒေါ်လေး’မြောင်ယွဲ့’ ပဲ… ၊ ပထမတောင်ထွတ်က တောင်သခင်နဲ့ အဋ္ဌမတောင်ထွတ်နဲ့ တောင်သခင်တို့က သူ့ကို ကူညီပေးကြလိမ့်မယ်…”

ထိုသို့ဆိုလျှင် တောင်သခင် (၃)ပါးနှင့် နဂါးမျိုးနွယ်များ ဆွေးနွေးကြမည်ဖြစ်၏။

ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့က ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ရာတွင် ကျွမ်းကျင်သူ ဖြစ်သည်။

ပထမတောင်ထွတ်မှ တောင်သခင်ကတော့ မည့်သည့်အရာ ကျွမ်းကျင်သည်လဲ ကျန်းလန် မသိရှိပေ။ အဋ္ဌမတောင်ထွတ်မှ တောင်သခင်ကတော့ တိုက်ခိုက်ရေး အလွန်ကျွမ်းကျင်သူ ဖြစ်သည်။

ပထမတောင်ထွတ်မှ ဆရာဦးလေးကို မတွေ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။

ပထမတောင်ထွတ်သို့လာရောက်ရန် ဆရာဦးလေးက ဖိတ်ခေါ်သည်ကို ကျန်းလန် ငြင်းဆန်လိုက်ပြီးနောက် ဆရာဦးလေး သူ့အပေါ် မကျေမနပ်ဖြစ်မည်ကို ကျန်းလန် စိတ်ပူပန်ခဲ့သည်။

သို့သော် ကံကောင်းစွာပင် ဆရာဦးလေးက သူ့အပေါ် မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်ခဲ့ပေ။

ကျန်းလန်က ခဏမျှ ချီတုံချတုံဖြစ်နေပြီးမှ…

“ဆရာ… ကျွန်တော်တို့ ခွန်လွန်တောင်ဘက်က သဘောမတူနိုင်တဲ့အချက်တွေကို သူတို့ဘက်က တောင်းဆိုနိုင်မလား…”

ခွန်လွန်တောင်ဘက်မှ မလိုက်လျောနိုင်သည့် ကိစ္စများကို နဂါးမျိုးနွယ်များဘက်မှ တောင်းဆိုပါက မင်္ဂလာကိစ္စပျက်မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူလည်း စိတ်ဖိစီးနေစရာ မလိုတော့ပေ။

မော့ကျန်းသုန့်က ခေါင်းခါရမ်းလိုက်ရင်း…

“သူတို့ဘက်က အဲဒီလို မလုပ်လောက်ဘူး…”

မော့ကျန်းသုန့်က ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။

ပြီးမှ သူက စကားဆက်ပြော၏။

“ခွန်လွန်တောင်က မလိုက်လျောနိုင်တဲ့ တောင်းဆိုမှုတွေ လုပ်ရဲရလောက်အောင် နဂါးမျိုးနွယ်တွေ သတ္တိမရှိပါဘူး ၊ ခွန်လွန်တောင်ဘက်ကလည်း အတူတူပဲလေ… ၊ နဂါးမျိုးနွယ်တွေဘက်က မလိုက်လျောနိုင်တာတွေကို တောင်းဆိုမယ် မထင်ဘူး… ၊ မဟုတ်ရင် နှစ်ဘက်လုံး ပြဿနာတက်ကုန်လိမ့်မယ်… ၊ ဘယ်လိုပဲ အခြေအနေတင်းမာပါစေ နှစ်ဘက်လုံးက ဒီဆွေးနွေးပွဲ ပျက်တဲ့အထိတော့ မဖြစ်ခံကြမှာ မဟုတ်ဘူး…”

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

သို့သော် သူ စိတ်ပျက်သွားခြင်း မရှိပေ။ ဖြစ်လာသမျှကို ရင်ဆိုင်ရမည်ပဲ မဟုတ်ပါလား။

ထို့နောက် ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်ပြီး မရဏဂူသို့ ပြန်လာခဲ့သည်။

မရဏဂူသို့ ပြန်ရောက်သည်နှင့် ကျန်းလန် အစီအရင်ပညာများကို စတင်သုတေသနပြုသည်။

(၃)ရက်ခန့် အစီအရင်ပညာများကို သုတေသနပြုပြီးနောက် ကျန်းလန် မရဏဂူအပြင်ဘက်တွင် အစီအရင်တစ်ခု စတင်ပြုလုပ်လိုက်သည်။

တစ်ယောက်တည်းကျင့်ကြံနေစဉ် ပြင်ပမှ အခြေအနေများကို သိရှိရန်အတွက် အစီအရင် ပြုလုပ်ထားခြင်း ဖြစ်၏။

နောက်တစ်နေ့တွင်တော့ စာကြည့်တိုက်သို့သွားကာ အစီအရင်ပညာအကြောင်း (၁)ရက်ခန့် လေ့လာနေလိုက်သည်။ ပြီးမှ မရဏဂူသို့ပြန်လာပြီး ကျင့်ကြံခြင်းကို စတင်ပြုလုပ်လိုက်၏။

သူနှင့် လုန်ယွိ၏ မင်္ဂလာပွဲကိစ္စ ညှိနှိုင်းဆွေးနွေးခြင်းက လနှင့်ချီပြီး အချိန်ကြာမည် ဖြစ်သည်။ ကျန်းလန်က ထိုကိစ္စကို ဒီအတိုင်း ထိုင်စောင့်မနေနိုင်ပေ။

အင်မော်တယ်လမ်းစဉ်လိုက်သူများအတွက် အချိန်က အလွန်တန်ဖိုးရှိသည် မဟုတ်ပါလား။

(၁၀)ရက်ခန့် အကြာတွင်တော့ ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးမှ အလင်းရောင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ခွန်လွန်တောင်မှ တောင်သခင် (၃)ပါးနှင့် နဂါးမျိုးနွယ်များ ညှိနှိုင်းဆွေးနွေးပွဲ စတင်ပြီ ဖြစ်သည်။

ဆွေးနွေးသည့် အဓိကအကြောင်းအရာကတော့ နဂါးမျိုးနွယ်နှင့် ခွန်လွန်တောင်အကြား ချစ်ကြည်ရေးလက်ထပ်မင်္ဂလာပွဲကိစ္စ ဖြစ်၏။

ညှိနှိုင်းဆွေးနွေးပွဲက မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မသိရှိနိုင်ပေ။

သို့သော် မူလဦးတည်ချက်ဖြစ်သည့် ကျန်းလန်နှင့် လုန်ယွိ၏ မင်္ဂလာကိစ္စကတော့ မည်သည့်နည်းနှင့်မှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။

ကျန်းလန်ကတော့ ညှိနှိုင်းဆွေးနွေးပွဲကို အရေးမစိုက်တော့ဘဲ ပုံမှန်အတိုင်း ကျင့်ကြံခြင်းကိုသာ ပြုလုပ်နေတော့သည်။

သူက နေ့ဘက်တွင် စာကြည့်တိုက်သို့သွားကာ အစီအရင်ပညာအကြောင်းလေ့လာပြီး ညဘက်တွင် မရဏဂူသို့ပြန်လာကာ ကျင့်ကြံလေ့ရှိသည်။

ပဉ္စမတောင်ထွတ်မှ တောင်သခင်မက သူ့ကို အစီအရင်ပညာများ သင်ပြပေးမည်ဖြစ်သည်။

သို့သော် ကျွမ်းကျင်ပညာရှင်တစ်ယောက်ထံတွင် ပညာသင်ယူရမည်ဆိုသည့်အခါ ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်ပေ။

အစီအရင်ပညာကို အခြေခံမျှပင် နားမလည်ဘဲ ပညာရှင်တစ်ယောက်ထံ သွားရောက်ပညာသင်ယူမည်ဆိုလျှင် ထိုပညာရှင်အပေါ် မထီလေးစားပြုရာကျပေလိမ့်မည်။

ပဉ္စမတောင်ထွတ်မှ တောင်သခင်မ သူ့ကို မကျေမနပ်ဖြစ်ပြီး ပညာသင်ပေးရန် ငြင်းဆိုလိုက်ပါက သူ့အတွက် ပညာသင်ယူရမည့် အခွင့်အရေးတစ်ခု လက်လွှတ်ရမည် ဖြစ်သည်။

ထို့ပြင် ဆရာဖြစ်သူက သူ့အတွက် ကူညီပေးခဲ့သည်မှာလည်း အလကား ဖြစ်ရပေလိမ့်မည်။

………………

မျက်စိတစ်မှိတ်အတွင်း (၃)လဆိုသည့်အချိန် ကုန်ဆုံးသွားလေသည်။

ကျန်းလန်ကတော့ နတ်လူသားမျိုးနွယ်များရော နတ်မိစ္ဆာများကိုပါ စိတ်ထဲမထားတော့ပေ။

နဝမတောင်ထွတ်ကို ကာကွယ်ရန်အတွက် အစီအရင်များ ၊ အရံအတားများ ထပ်မံပြုလုပ်ထားခဲ့သည်။

သူပြုလုပ်ထားသည့် အစီအရင်များက နဝမတောင်ထွတ်သို့ ခိုးဝင်လာသူများနှင့် သူလျှိုများကို တားဆီးရန် မဖြစ်နိုင်သော်လည်း မည်သူဝင်ရောက်လာကြောင်းကိုတော့ သိရှိနိုင်မည် ဖြစ်သည်။

ခွန်လွန်တောင်သို့ ခိုးဝင်လာမည့်သူများနှင့် သူလျှိုများထဲတွင် စွမ်းအားမြင့်မားသူ ပါဝင်မည် မဟုတ်ပေ။ စွမ်းအားမြင့်မားသူများက အသက်နှင့်ရင်းပြီး ခိုးဝင်ရန် စဉ်းစားကြမည် မဟုတ်ပေ။

သို့သော် သူ့အနေဖြင့် ရန်သူကို လျှော့တွက်၍ မရပေ။ ရန်သူ့ဘက်တွင် သေရမည်ကို မကြောက်သူများ ရှိကောင်းရှိပေလိမ့်မည်။

ယနေ့တော့ ကျန်းလန် နဝမတောင်ထွတ်ခန်းမဆောင်ကို သန့်ရှင်းရေး ပြုလုပ်နေလေ၏။

ထိုစဉ်…

“ဘုန်း…”

ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထိုအသံကြီးက ခွန်လွန်တောင် အဓိကခန်းမဆောင်မှ ထွက်ပေါ်ခြင်း ဖြစ်သည်။

ကျန်းလန် မော့ကြည့်လိုက်သည့်အခါ ခွန်လွန်တောင် အဓိကခန်းမဆောင်တွင် ထွက်ပေါ်နေသည့် အလင်းရောင်မှာ ကြီးမားသည့် စွမ်းအားကြီးတစ်ခု၏ လွှမ်းမိုးမှုကြောင့် အနည်းငယ် ပုံပျက်သွားသည်ကို တွေ့လိုက်ရသည်။

သို့သော် အလင်းရောင်က ပျောက်ကွယ်သွားခြင်းတော့ မရှိပေ။

“ကြည့်ရတာ ညှိနှိုင်းဆွေးနွေးပွဲက သိပ်အဆင်မချောဘူးထင်တယ်…”

ကျန်းလန် တွေးလိုက်သည်။

ယခုဆိုလျှင် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်နေသည်မှာ ရက်ပေါင်း (၁၀၀)ခန့် ရှိပြီ ဖြစ်၏။

ကျန်းလန် ကြည့်နေစဉ်မှာပင် အလင်းရောင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ဒီညှိနှိုင်းဆွေးနွေးပွဲရဲ့ အဓိကအကြောင်းအရာတွေကို တောင်သခင်တွေအပြင် တခြားဘယ်သူတွေ သိသေးလဲ မသိဘူး…”

ကျန်းလန် တွေးလိုက်သည်။

ညှိနှိုင်းဆွေးနွေးပွဲပြီးလျှင်တော့ ထွက်ပေါ်လာသည့်ရလဒ်များကို အားလုံးကို သိခွင့်ပေးမည်ဟု ကျန်းလန် ယူဆမိသည်။

ညှိနှိုင်းဆွေးနွေးခြင်း အောင်မြင်သွားပါက ကျန်းလန်အနေဖြင့် ဝေဖန်တိုက်ခိုက်မှုများနှင့် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံရပေတော့မည်။

ညှိနှိုင်းဆွေးနွေးခြင်း မအောင်မြင်လျှင်လည်း ဝေဖန်တိုက်ခိုက်မှုမှုများနှင့် မုန်တိုင်းဒဏ်ကို ခံရမည်ပဲ ဖြစ်သည်။

ထို့ကြောင့် ညှိနှိုင်းဆွေးနွေးပွဲရလဒ်က မည်သို့ပင်ဖြစ်လာပါစေ ကျန်းလန်ကတော့ နဝမတောင်ထွတ်တွင် ဆယ်စုနှစ်နှင့်ချီပြီး ပုန်းအောင်းနေရန် ဆုံးဖြတ်ထားသည်။

ထိုသို့ဆိုလျှင် သူ့ကိုမည်သူမှ သတိပြုမိကြတော့မည် မဟုတ်ပေ။

ဝေဖန်တိုက်ခိုက်ခံရမှုများနှင့် မုန်တိုင်းများ ပြီးဆုံးချိန်ရောက်မှသာ သူက ပြင်ပသို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အချိန်ကြာသွားသည်နှင့်အမျှ ဝေဖန်ခံရမှုများ ရံဖန်ရံခါ ရှိဦးမည်ဖြစ်သော်လည်း အလွန်အမင်း ပြင်းထန်တော့မည် မဟုတ်ပေ။

သို့သော် ဤကိစ္စက နဝမတောင်ထွတ်အပေါ်တွင် များစွာသက်ရောက်ပေလိမ့်မည်။

နဝမတောင်ထွတ်ဟု ပြောလိုက်သည်နှင့် လူအများစုက ကျောက်စိမ်းရေကန်နတ်ဘုရားမအကြောင်း စဉ်းစားမိကြပေလိမ့်မည်။

ကျန်းလန် ခေါင်းတစ်ချက်ခါရမ်းလိုက်ပြီး စာကြည့်တိုက်ဘက်သို့ ထွက်လာကာ အစီအရင်ပညာအကြောင်း စာအုပ်များ ဖတ်နေလိုက်သည်။

ကျင့်ကြံခြင်းအဆင့်မြင့်တက်လာခြင်းနှင့် စနစ်မှရရှိသည့် ပြဒါးဆေးများကို စားသုံးထားခြင်းက ကျန်းလန်၏ သင်ယူလေ့လာနိုင်စွမ်းကို များစွာ အထောက်အကူပြုသည်။

ကျန်းလန် ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးကို လှမ်းကြည့်လိုက်စဉ်တွင် အခြားတပည့်များကလည်း ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးကို လှမ်းကြည့်လိုက်ကြသည်။

ကျင်းထင်က သူ့ဘေးနားတွင်ရှိနေသည့် လင်စီးယာကို စပ်စုလိုက်၏။

“ဂိုဏ်းတူညီမလေး’လင်’ … ဘာတွေဖြစ်နေတာလဲ သိလား…”

ခွန်လွန်တပည့်များက ယခုရက်များအတွက် ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ခန့်မှန်းကြည့်နေကြသော်လည်း တကယ်တမ်း မည်သည့်အကြောင်းအရာများ ဖြစ်ပျက်နေသည်ကို သိရှိသူ မရှိကြပေ။

လင်စီးယာက ခေါင်းခါရမ်းလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

သူမကတော့ အဖြစ်အပျက်များကို အစအဆုံးသိရှိသူဖြစ်သော်လည်း ကျင်းထင်နှင့် အခြားတပည့်များကို ပြောမပြနိုင်ပေ။

ညှိနှိုင်းဆွေးနွေးပွဲ နောက်ဆုံးရလဒ် အဖြေထွက်မလာသေးဘဲ သူမက သတင်းဖြန့်လိုက်ပါက ခွန်လွန်တောင်တစ်ခုလုံး ထိန်းမရအောင် အုံးအုံးကြွက်ကြွက် ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် သူမ၏ ဂိုဏ်းတူအစ်မလုန်ယွိသည်လည်း များစွာ ထိခိုက်သွားနိုင်သည်။

လင်စီးယာထံမှ အဖြေမရသော်လည်း ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များ ဆွေးနွေးနေသည့်ကိစ္စမှာ ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် ပတ်သက်နေကြောင်း ကျင်းထင် ရိပ်မိထားပြီး ဖြစ်သည်။

ထိုစဉ် တပည့်တစ်ယောက်က…

“ကြည့်ရတာ နဂါးမျိုးနွယ်တွေက ကျောက်စိမ်းရေကန်နတ်ဘုရားမကို ပြန်ခေါ်သွားချင်တာကို တောင်သခင်တွေက သဘောမတူလို့ ညှိနှိုင်းနေကြတာ ဖြစ်မယ်ကွ… ၊ အဖြေဘယ်လိုထွက်လာမလဲ မသိဘူး…”

နောက်တပည့်တစ်ယောက်က…

“ဖြစ်နိုင်တယ်… ဒါပေမဲ့ ပြဿနာက အတော်လေးကြီးတယ်ထင်တယ်… ၊ (၃)လတောင်ကြာနေပြီ… အခုထိ အဖြေထွက်မလာသေးဘူး…”

“အမှန်ပဲ… ကျုပ်ကြားတာတော့ ဒီတစ်ခေါက် နဂါးမျိုးနွယ်တွေဘက်က အတော်လေး သြဇာအာဏာရှိတဲ့သူတစ်ယောက် ရောက်လာတယ်လို့ကြားထားတယ်…”

“ကျုပ်တို့ခွန်လွန်တောင်ဘက်ကလည်း တောင်သခင် (၃) ပါး ဆွေးနွေးနေတာပဲလေ… ၊ ဒီကိစ္စဘယ်လောက် အရေးကြီးလဲဆိုတာ ထင်ရှားနေတာပဲ…”

“ဆွေးနွေးညှိနှိုင်းပြီးရင် ဘယ်လိုအဖြေထွက်လာမလဲ သိချင်လိုက်တာ…”

“အဆုံးထိ စောင့်ကြည့်ကြတာပေါ့… သိပ်ကြာတော့မယ် မထင်ပါဘူး…”

တပည့်အများစုက ဘာဖြစ်နေသည်ကို မသိရှိကြသလို ဘာဆက်ဖြစ်လာမည်ကိုလည်း သိရှိကြခြင်း မရှိပေ။

………………

လုန်ယွိကတော့ ကျောက်စိမ်းရေကန်နံဘေးတွင် မတ်တတ်ရပ်လျှက် ရှိလေသည်။

သူမက ခွန်လွန်တောင် အဓိကခန်းမဆောင်တွင် တောက်ပနေသည့် အလင်းရောင်ကို လှမ်းကြည့်နေသည်။

ခန်းမဆောင်မှ အလင်းရောင်ပျောက်ကွယ်သွားသည်နှင့် သူမ၏ အနာဂတ်ကံကြမ္မာသည်လည်း ဆုံးဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံးရလဒ်အဖြေက မည်သို့ဖြစ်လာမည်လဲ သူမ သိရှိခြင်း မရှိပေ။

သို့သော် မင်္ဂလာကိစ္စ အထမမြောက်ပါစေနှင့်ဟု သူမ ဆုတောင်းနေမိသည်။ မင်္ဂလာကိစ္စက သူမကို များစွာ စိတ်ဖိစီးစေသည်။

ထို့နောက် သူမ ကျောက်စိမ်းရေကန်နံဘေးတွင် တိတ်ဆိတ်စွာထိုင်ချလိုက်ရင်း နဝမတောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

ဤရက်များအတွင်း သူမ ကျင့်ကြံခြင်းပင် မပြုလုပ်နိုင်ခဲ့ပေ။ သူမ၏ ကံကြမ္မာ မည်သို့ရှိလာမည်ကို စောင့်ဆိုင်းနေမိလေသည်။

သို့သော် ညှိနှိုင်းဆွေးနွေးပွဲမှ မည်သို့သော ရလဒ်ထွက်လာပါစေ သူမ လက်ခံနိုင်ပါမည်လား။

ဖြစ်သမျှအကြောင်း အကောင်းပဲဟု ယူဆကာသူမ အရာရာကို လက်ခံနိုင်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ သို့သော် နောက်ဆုံးရလဒ်ကို သူမ အလွန်သိချင်နေမိသည်။

သူမနှင့် ကျန်းလန်၏ မင်္ဂလာကိစ္စ တကယ်တမ်း အတည်ပြုခဲ့ပြီဆိုလျှင် အခြေအနေများက မည်သို့ရှိမည်နည်း။

သူမနှင့် ကျန်းလန် တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးခွင့်ရရန်ပင် သူတို့တွင် အချိန်ရှိနိုင်ပါမည်လား။

သူမက ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်လေရာ ကျောက်စိမ်းရေကန်တွင်ပင် အမြဲတမ်းနေထိုင်ရမည့်သူ ဖြစ်သည်။ ထို့အတူ ကျန်းလန်ကလည်း နဝမတောင်ထွတ်တွင် အမြဲတမ်းဂူအောင်းနေသူ ဖြစ်၏။

သူတို့ (၂)ယောက် ဆယ်စုနှစ်များစွာအတွင်း တစ်ကြိမ်ပင် တွေ့ဆုံရန် ဖြစ်နိုင်ပါမည်လား။

လုန်ယွိ ထိုအကြောင်းများကို မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးမှ ထွက်ပေါ်နေသည့် အလင်းရောင် ပျောက်ကွယ်သွားမည့်အချိန်ကိုသာ ငေးမောကြည့်ရင်း စောင့်ဆိုင်းနေမိသည်။

သူမ၏ အနာဂတ်ကို ကံတရားအတိုင်း လက်ခံထားရန် ဆုံးဖြတ်လိုက်လေတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset