Switch Mode

အပိုင်း(၁၂၁၀)

သွေးနဂါးမြစ်ပြိုင်ပွဲ အဆုံးသတ်

ဤသည်က ရူးလောက်စရာပင် ဖြစ်သည်။

လူတိုင်း၏ နှလုံးသားများက ကဆုန်ပေါက်နေသည်။ ယခင် ကျင်းပခဲ့သော သွေးနဂါး မြစ်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သူများမှာ ရှန့်ထို အဆင့်အောက်တွင် ထိပ်တန်း ပါရမီရှင်များ ဖြစ်သဖြင့် နတ်ဘုရားပြစ်ဒဏ် ထွက်ပေါ်လာခြင်းမှာ ထူးခြားအံ့သြဖွယ် သိပ်မရှိချေ။

တစ်စုံတစ်ယောက်က သူတို့၏တန်ဖိုးအား တိုက်ပွဲအတွင်း ရှန့်ထိုအဆင့် ဖြစ်လာခြင်းဖြင့် သက်သေပြခြင်း ဖြစ်သည်။

သို့သော်လည်း တိုက်ပွဲတစ်ခု အတွင်း၌ တန်ခိုးရှင် လေးဦးသည် ရှန့်ထိုအဆင့်သို့ ဆက်တိုက် တက်ရောက် သွားခြင်းသည် မကြုံစဖူး ထူးကဲသော တိုက်ဆိုင်မှုဖြစ်၏။

အထူးသဖြင့် ယူချင်း ဖြစ်သည်။ ရှင်းချိုးက နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရသည်အား တွေ့လျှင် တွေ့ချင်း သူသည် ကောင်းကင်ကို သူ့နည်းသူ့ဟန်ဖြင့် ဖိအားပေးလျက် မဟာလမ်းစဉ်၏ အတားအဆီးများ အားလုံးကို အတင်းအဓမ္မ ချိုးဖျက်၍ ရှန့်ထိုအဆင့်သို့ တက်ရောက်ရန် ပိတ်ဆို့နေသော တားဆီးမှုများကို ဖြတ်ကျော်လေသည်။ ဤသည်မှာ သူ မည်မျှ ခေါင်းမာသည်ကို ပြသခြင်း ဖြစ်သည်။ သူ ရှန့်ထိုအဆင့်သို့ တက်ရောက်လိုပါက မဟာလမ်းစဉ်သည်ပင် သူ့ကို မရပ်တန့်နိုင်ပေ။

ထို့ကြောင့်ပင် သူက ကောင်းမွန်စွာ ဖြတ်သန်းသွားနိုင်၏။

ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများက အော်မြည်နေပြီး မဟာလမ်းစဉ်၏ နတ်ဘုရား ပြစ်ဒဏ်က ကျဆင်းလာသည်။

သွေးနဂါးမြစ်ပြင်ပေါ်မှ ကောင်းကင်သည် နီရဲလောင်ကျွမ်းနေဆဲ ဖြစ်ပြီး ၎င်းက ကြောက်မက်ဖွယ် မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်နှင့် ဆုံတွေ့သောအခါ အမှန်တကယ်ပင် ကမ္ဘာပျက်သည့်အလား ထင်မှတ်ရသည်။ ထိုရိုက်ခတ်မှုသည် လူတိုင်းကို နက်ရှိုင်းစွာ ခံစားမိစေခဲ့သည်။

သူတို့သည် တိုက်ခိုက်ခြင်း မပြုတော့ဘဲ အားလုံးက နတ်ဘုရား ပြစ်ဒဏ်ကို ရင်ဆိုင်နေကြသည်။

အကြောင်းပြချက်မှာ သူတို့သည် ဒေသနန်းတော်သို့ ဝင်ရောက်ကာ ပို၍ သန်မာလာ လိုသောကြောင့် ဖြစ်၏။ ယခု သူတို့သည် နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခွင့်အရေး ရရှိနေပြီဖြစ်ရာ အဆင့်တက်မှုကို ဦးဆုံး လုပ်ဆောင်ကြသည်မှာ သဘာဝပင် ဖြစ်သည်။

ကျန်ကျောင်းနှင့် ဟောင်ကျူဂီသည် ကောင်းကင်ထက်မှ ယူချင်းကို မော့ကြည့် လိုက်ကြသည်။ ကျန်ကျောင်း၏ မျက်လုံးများထဲတွင် ခံစားမှုအချို့ ရှိနေသည်။ ရီဖူရှင်းနှင့် အခြားလူများ သင်္ချိုင်းကုန်း ကျေးရွာသို့ လာရောက်စဉ်အခါက သူတို့သည် နိုဘယ်အဆင့်နှင့် ရှီအဆင့်များသာ ရှိကြသေးသည်။ ယခုချိန်တွင်တော့ သူသည် တစ်ယောက်ပြီး တစ်ယောက် ရှန့်ထိုအဆင့် တက်သွားသည်ကို မျက်မြင် တွေ့နေရလေပြီ။

ယနေ့တွင် ရီဝူချင်းနှင့် ယူချင်းသည် တိုက်ပွဲကွင်းပြင်၌ မတူညီသော နည်းလမ်းများဖြင့် နောက်တစ်ဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက် နိုင်ခဲ့သည်။ ယင်းသည် သူ့အတွက် ကြီးမားသော အကျိုးသက်ရောက်မှု ရှိသည်။

ရီဝူချင်းသည် ဓားသမား တစ်ယောက်ဖြစ်ကာ သူ့တွင် တောက်ပသော အနာဂတ် ရှိပေသည်။ ယူချင်းသည်လည်း အလွန်ပင် ထူးချွန်လှပြီး မဟာလမ်းစဉ်ပင်လျှင် သူ့အား မရပ်တန့်နိုင်ပေ။ သူ၏ စိတ်အခြေအနေသည် မှန်ကန်သော အနေအထား မရှိသော်လည်း ကောင်းကင်ကို ဆန့်ကျင်၍ နောက်တစ်ဆင့်သို့ အဓမ္မချိုးဖျက်ကာ တက်ရောက်ရန် ကြိုးစားခဲ့သည်။

သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ယခု ဤအဆင့်သို့ ရောက်နေသော်လည်း နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်ရန် မဖြစ်နိုင်သေးပေ။

သူ့တွင် သွေးဆူလွယ်သော စရိုက်နှင့် ဓားသမား တစ်ယောက်တွင် ရှိသည့် ခိုင်မာသော စိတ်ဓာတ်၊ ကောင်းကင်ဘုံကိုပင် ခြိမ်းခြောက်နိုင်စွမ်း ဖြစ်စေ တိမ်တိုက်များကိုပင် ထိုးထောင်နိုင်သည့် ထက်ရှသော အရည်အချင်းများ လစ်လပ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။

အခုချိန်တွင် ရီဝူချင်းသည် ကျဆင်းလာသည့် မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်ကို အကြိမ်ပေါင်းများစွာ ခံယူပြီး ဖြစ်သည်။ သူသည် ဓားတစ်ချောင်းကဲ့သို့ ရပ်နေပြီး သူ၏ အရည်အချင်းကို ပြသကာ ခန္ဓာကိုယ်ကို သန့်စင်စေသည်။

သို့သော်လည်း ရှင်းချိုးနှင့် ယူချင်း၏ နတ်ဘုရား ပြစ်ဒဏ်သည် နှစ်ဆခန့်မျှ ပို၍ ရက်စက် ပြင်းထန်လှသည်။ သူတို့၏ ခန္ဓာကိုယ်များသည် မြင့်မြတ် သန့်စင်လာကာ ရှန့်ထိုခန္ဓာကိုယ်များ ဖြစ်လာကြသည်။

သွေးနဂါး မြစ်ကမ်းပါး၌ မှော်ဆရာသည် ရှားရှင်းယွန်၏ အနောက်၌ ရပ်နေသည်။ ခေါင်းစွပ်အောက်မှ သူ့မျက်လုံးများသည် တောက်ပနေသည်။

“သူ့မှာ မွေးကတည်းက တာအို ရှိနေခဲ့တာပဲ”

သူက ခပ်တိုးတိုး ရေရွတ်သည်။

ရှားရှင်းယွန်က သူ့ကို လှည့်ကြည့်၏။

“မင်းသမီး”

မှော်ဆရာက ပြောသည်။

“ဒီလူရဲ့ နောက်ကြောင်းက သာမန်မဟုတ်ဘူး”

အချို့လူများသည် မြင့်မားလှသည့် ပါရမီ အရည်အချင်းများနှင့် မွေးဖွားလာပြီး သူတို့သည် ဉာဏ်အလင်းပွင့်ရန် ကံဇာတာ ပါပြီးသားဖြစ်သည်။

ယူချင်းသည်လည်း သိသာထင်ရှားစွာပင် ထိုသို့သော လူမျိုးဖြစ်၏။

ရှားရှင်းယွန်သည် သိပ်ဂရုမစိုက်ပေ။ သူမသည် ရီဖူရှင်း၏ နောက်ကြောင်းက ရိုးရိုးရှင်းရှင်း မဟုတ်သည်ကို သိရှိထား၏။ ယူချင်းက သူနှင့်အတူ ကြီးပြင်းလာသည်ဟု ဆိုပြီး ပြိုင်ဘက်ကင်း စွမ်းအားများကို ပြသခဲ့ရာ ထိုအချက်များအရ သူသည် ထူးကဲသာလွန်သည့် နောက်ကြောင်း ရှိနေမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်၏။

“အဖေက ဒီအကြောင်းကို သိတယ်။ ဘယ်သူ့ကိုမှ မပြောပါနဲ့”

ရှားရှင်းယွန်က မှော်ဆရာကို ပြောသည်။ ထူးခြားသည့် လူတချို့က ထိုအကြောင်းကို မြင်နိုင်မည် ဖြစ်သော်လည်း လူအများ၏ အာရုံစိုက်မှု ဖြစ်လာစေရန် ထိုသတင်းကို ဖြန့်ရန် မလိုအပ်ပေ။

“ဟုတ်ကဲ့ပါ . … အရှင်မင်းသမီး”

မှော်ဆရာက ပြောသည်။

ဘုန်း…

မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ် အသံသည် သွေးနဂါးမြစ်ပေါ်မှ တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လူတိုင်း၏ ဝိညာဉ်ကိုပင် တုန်ခါသွားစေသည်။

ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်မှာ ဒဏ်ရာများကြောင့် အနည်းငယ် ရုန်းကန်နေရသည့် ရီဝူချင်းမှ လွဲ၍ ကျန်သူများမှာ နတ်ဘုရားပြစ်ဒဏ်ကို အားစိုက်မှုပင် သိပ်မရှိဘဲ ရင်ဆိုင်နေကြခြင်း ဖြစ်၏။

ယူချင်းနှင့် ရှင်းချိုးသည် နတ်ဘုရားပြစ်ဒဏ်ကို တက်ကြွစွာ ကြိုဆို၍ သူတို့ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာကို သန့်စင်စေသည်။ သူတို့သည် သူတို့ရှိနေသည့် နေရာ၌ တည်ကြည်ခိုင်မာစွာ ရပ်နေကြလေသည်။

သူတို့သည် အမှန်တကယ် စွမ်းအားအကောင်းဆုံး တန်ခိုးရှင်များထဲတွင် အပါအဝင် ဖြစ်၏။ တစ်စုံတစ်ယောက်က သူတို့ထက် ပို၍စောပြီး ရှန့်ထို ဖြစ်လာလျှင်ပင် သူတို့ ရှန့်ထိုအဆင့်သို့ ရောက်သောအခါ၌ အားလုံးသည် တူညီနေပေလိမ့်မည်။

မဟာလမ်းစဉ်၏ နတ်ဘုရား ပြစ်ဒဏ်သည် မရပ်စဲသွားပေ။ ရီဝူချင်းသည် ပထမဆုံး ရင်ဆိုင်သူဖြစ်၏။ သူသည် တိုက်ပွဲစင်မြင့်ထက်၌ ခြေထောက်နှစ်ဖက်ကို ယှက်ခွေထိုင်လိုက်ပြီး ဓားအသိများနှင့် သူ့ကို သန့်စင်နေသည်။ ထိုအခိုက်တွင် သူ၏ သိမြင်နားလည်မှုတို့တွင် အရာအားလုံးသည် ဓားများပင် ဖြစ်၏။

တာအိုသည် ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် သဘာဝတရားတို့ကို ဖန်တီးခဲ့သည်။

တောက်ပသည့် ဓားအသိများမှာ သူ့တစ်ကိုယ်လုံးတွင် လှည့်ပတ် စီးဆင်းနေသည်။ သူ၏ ဘယ်ဘက်လက်မောင်းမှ လက်တစ်ချောင်း ဖြည်းညင်းစွာ ဖြစ်ပေါ်လာသည်။ ဓားအသိများသည် ၎င်းက လက်အစစ်အဖြစ် ပုံစံပေါ်လာသည့် တိုင်အောင် ရစ်ပတ်စီးဆင်းနေ၏။

သူသည် မျက်လုံးကို ဖွင့်လိုက်ပြီး သူ့မျက်လုံးများက ဓားအသွင် ထက်ရှနေသည်။ သူသည် ဝမ်းနည်းမှု ဝမ်းသာမှု ကင်းမဲ့နေသည့် အမူအရာဖြင့် သူ့လက်မောင်းကို ငုံ့ကြည့်သည်။ သူ၏အမူအရာက စိုးစဉ်းမျှ ပြောင်းလဲခြင်း မရှိပေ။

“ချန်းယွီသာ မြင်ရင် ပျော်သွားမှာပဲ”

သူသည် သူ့ဇနီး လျှိုချန်းယွီကို တွေးလိုက်မိသည့်အခါ နွေးထွေးသော အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ဖြစ်တည်လာ၏။

သူသည် အကြည့်များကို သွေးနဂါး မြစ်ကမ်းပါးသို့ ပို့လိုက်ပြီး ရီဖူရှင်းကို လှမ်းကြည့်သည်။

ရီဖူရှင်းသည်လည်း သူ၏ ချောမောလှသည့် မျက်နှာထက်တွင် တောက်ပသည့် အပြုံးတစ်ပွင့် ရှိနေပြီး ရီဝူချင်းကို ပြန်ကြည့်နေသည်။

လွန်ခဲ့သည့် နှစ်၂၀ခန့်က ရီဝူချင်းသည် သူတို့အတွက် သူ့လက်မောင်းကို ဖြတ်ပစ်ခဲ့သည်။ ယခု သူ ရှန့်ထိုအဆင့် ရောက်သွားပြီးနောက်၌ သူ့လက်မောင်းသည် ပြန်လည် ဖြစ်တည်လာခဲ့သည်။ ရီဖူရှင်းက မပျော်ဘဲ မည်သို့ နေမည်နည်း။

ရီဝူချင်း လျှောက်ခဲ့ရသည့် လမ်းသည် သူနှင့် ယူချင်းတို့ထက် ပို၍ ခက်ခဲကြမ်းတမ်း ခဲ့သည်။

ယခုအချိန်တွင်တော့ သူသည် မဟာလမ်းစဉ်သို့ ပထမဆုံးခြေလှမ်းကို စတင်နိုင်ခဲ့ပြီ ဖြစ်သည်။

ရှန့်ထိုများသည် လူသားတို့၏သာမန် ဖြစ်တည်ခြင်းမှ လွန်ဆန်၍ အသစ်ပြန်လည် မွေးဖွားကြသည်။ သူ၏ အရည်အချင်းသည် ယခင်က သာမန်သာ ဖြစ်သော်လည်း ယနေ့တွင် အသစ်တဖန် ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ အစစ်အမှန် ရှန့်ထိုဖြစ်လာသည့် လူအများစုအား တားဆီးထားသည့် ပထမ အတားအဆီး ကန့်သတ်မှု ဖြစ်သည်။ များလှစွာသော လူများမှာ မဟာလမ်းစဉ်၏ ပထမအတားအဆီး၌ ရပ်တန့်နေခဲ့ကြရ၏။

ဤသည်မှာ နယ်မြေတစ်ရာဒေသမှ ခရီးရှည်ကြီးအား ဆက်ခဲ့ရသည့် သူတို့သုံးယောက်၏ ကံကောင်းခြင်းပင် ဖြစ်တော့သည်။

ထို့နောက် ခွန်ရွှမ်က နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ကိုးရောင်စဉ် အလင်းများ လင်းလက်နေပြီး မည်သူမှ မမြင်ဖူးခဲ့သည့် ပုံစံဖြင့် တောက်ပနေခဲ့သည်။

သူမ၏အသားအရေက အပြစ်အနာအဆာ ကင်းမဲ့နေပြီး ယခုအခါ၌ ပို၍ပင် နတ်ဘုရားမနှင့် သဏ္ဌာန်တူနေပေသည်။ သူမသည် အလွန် လှပသည့် အစစ်အမှန် နတ်ဘုရားမတစ်ပါးနှင့် အလားတူပေသည်။

ဥဒေါင်းအင်ပါယာ၏ သမီးတော် တစ်ပါးအနေနှင့် ခွန်ရွှမ်သည် ရှန့်ထိုဖြစ်လာသည့် သားရဲတစ်ကောင် ဖြစ်သည်။ နတ်စွမ်းအင်နှင့် သားရဲစွမ်းအင် အရှိန်အဝါ နှစ်မျိုးလုံးက သူမထံတွင် ရောယှက်နေသည်။ သူမသည် မှင်တက်ဖွယ် ကောင်းလောက်အောင် လှပလွန်းပေသည်။

သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ရှင်းချိုးနှင့် ယူချင်းကို ကြည့်သည်။

တိုက်ပွဲသည် သူမအတွက် ပြီးဆုံးခဲ့ပြီ ဖြစ်သော်လည်း သူတို့အတွက်တော့ မဟုတ်ပေ။ သို့ပေမဲ့ ယခုအခါတွင်တော့ သူတို့သည် မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်နှင့် ရင်ဆိုင်နေကြပြီး အချင်းချင်း မတိုက်ခိုက်ကြပေ။

သို့သော်လည်း သူတို့ အဆင့်တက်ပြီးသည့် အခါ၌ တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားမည် ဖြစ်၏။

“သူတို့ရဲ့ နတ်ဘုရားပြစ်ဒဏ်က ကြည့်ရတာ နည်းနည်း ပိုအားကောင်းသလိုပဲ”

လူအများက ပင့်သက်ရှိုက်ရင်း ပြောလိုက်ကြသည်။ အထူးသဖြင့် ယူချင်းအတွက် ထိုအချက်က ပိုမှန်ကန်၏။ နတ်ဆိုး အရှိန်အဝါများက သူ့ထံမှ ထွက်ပေါ်နေသည်။ ကောင်းကင်တွင် အနက်ရောင် မီးတောက်များ ရှိနေပြီး ကြောက်မက်ဖွယ် အမှောင်လေပွေ လေရိုင်းများသည် အလွန်ကြမ်းကြုတ် ရက်စက်လှသည့် ကြောက်မက်ဖွယ် ကောင်းသည့် နတ်ဆိုးပြစ်ဒဏ်မှ လာခြင်းဖြစ်သည်။ အကြိမ်တိုင်း သူ့ကို ရိုက်ခတ်နေပြီး လူတိုင်းသည် ထိုဖိအားကြောင့် သူတို့၏ ဦးရေခွံများ ထုံထိုင်းလာသလို ခံစားနေကြရသည်။ ဤနတ်ဆိုး ဆန်လှသည် နတ်ဘုရားပြစ်ဒဏ်က သူ၏ ဝိညာဉ်ကိုပင် ဖျက်ဆီးတော့မလို ထင်မှတ်ရပေသည်။

သို့သော်လည်း ယူချင်းသည် မိစ္ဆာနတ်ဘုရား တစ်ပါးအသွင်ဖြင့် မယိမ်းမယိုင် ခိုင်ကြည်စွာ ရပ်နေဆဲ ဖြစ်သည်။

တစ်ခဏအကြာတွင် သူတို့နှစ်ဦး၏ ကောင်းကင်ထက်မှ နတ်ဘုရား ပြစ်ဒဏ်သည် လွင့်ပျယ်သွားသည်။ တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် တိမ်တိုက်များ ပျောက်ကွယ်သွားသည့် အခါတွင် သွေးနဂါးမြစ် အထက်ကောင်းကင်တွင် အနီရောင်ရဲရဲသာ ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင် ရှင်းချိုးသည် သူ၏ မျက်လုံးများကို ဖွင့်သည်။  လောကကြီး၏ မဟာလမ်းစဉ်က တစ်သားတည်း ဖြစ်နေသည်။ မဟာလမ်းစဉ်၏ အဆုံးမဲ့ ရောင်ဝါအလင်းများက ကောင်းကင်တွင် လင်းလက်နေပြီး စစ်နတ်ဘုရား ကဲ့သို့ပင် မယိမ်းယိုင်သည့် ပုံရိပ်တစ်ခုက ခန့်ညားထည်ဝါစွာ ရပ်နေပေသည်။ ၎င်းသည် မြင့်မားသထက် မြင့်မားကြီးထွားလာပြီး တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို စစ်၏ စွမ်းအား အငွေ့အသက်များ ဖုံးလွှမ်းသွားစေသည်။ ယင်းသည် စစ်နတ်ဘုရား နိုးထလာခြင်းနှင့် ဆင်တူပေသည်။

ရှန့်ထိုတစ်ပါး အနေဖြင့် ရှင်းချိုးသည် စစ်နတ်ဘုရားပင် ဖြစ်သည်။ သူ၏ တိုက်ခိုက်လိုသော အငွေ့အသက်များသည် သူ့အနီးရှိ အရာရာကို ဖိနှိပ်ထားသည်။

ရီဝူချင်းသည် တိုက်ပွဲကွင်းပြင်၏ နေရာတစ်ခုတွင် ရပ်နေပြီး ထိုတိုက်ခိုက်လိုသည့် အငွေ့အသက်များကို သူ ခံစားမိလေသည်။ သို့သော်လည်း သူသည် မလှုပ်ရှားဘဲ တည်ငြိမ်စွာဖြင့် ဆက်လက် ရပ်နေသည်။

သူသည် အားလုံးထဲတွင် ဦးဆုံးအနေဖြင့် ရှန့်ထို ဖြစ်လာသောကြောင့် ရှင်းချိုးကို သွားရောက်တိုက်ခိုက် နိုင်ပေသည်။ သို့သော်လည်း သူက ထိုသို့ မလုပ်ခဲပေ။

ယူချင်းသာ ရှန့်ထိုဖြစ်လာခဲ့လျှင် ပိုပြီး သန်မာမည်ကို သူ သိသည်။ သူသည် ရှင်းချိုးထက်ပင် ပို၍ သာလွန်သွားလိမ့်မည် ဖြစ်သည်။

ယူချင်းသည် ရှင်းချိုးနှင့် ရင်ဆိုင်မည်ဖြစ်ရာ သူ့အနေဖြင့် ဝင်ပါရန် မလိုအပ်ပေ။ ဤတိုက်ပွဲသည် သွေးနဂါးမြစ် ပြိုင်ပွဲ၌ အသန်မာဆုံးသော ပုဂ္ဂိုလ် နှစ်ယောက်ကြားမှ တိုက်ပွဲ ဖြစ်သည်။

ထိုတိုက်ပွဲပြီးဆုံးလျှင် ယူချင်းသည် လူအများရှေ့မှောက်၌ ဒေသနန်းတော်သို့ ဝင်ရောက်ခွင့် ရလိမ့်မည်။ မည်သူမျှ ဤသည်ကို သံသယမရှိပေ။

သူသည် ရှီအဆင့်တွင်ဖြစ်စေ ရှန့်ထိုအဆင့်တွင် ဖြစ်စေ အသန်မာဆုံး လူသားပင် ဖြစ်သည်။

ထိုအခိုက်တွင် ယူချင်းသည် သူ့ထံမှ စွမ်းအားများကို ခံစားမိသည်။ ကြောက်မက်ဖွယ် ပုံရိပ်ယောင် တစ်ခုသည် သူ့စိတ်အတွင်း၌ ပေါ်ပေါက်လာသည်။ သူ ကျင့်ကြံခဲ့သည့် ကျင့်စဉ် နည်းစနစ်သည် သူနှင့်အတူ တိုးတက် ပြောင်းလဲလာသည်။

နတ်ဆိုး စွမ်းအားများသည် သူ့ထံတွင် လှည့်ပတ်နေပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

ထိုခဏ၌ သူသည် မျက်လုံးများကို ဖွင့်လိုက်ရာ နတ်ဆိုး စွမ်းအားများက တိုက်ပွဲကွင်းပြင်ကို ဖုံးလွှမ်းသွားကာ တုန်ခါသွားစေသည်။ သူသည် ရှင်းချိုးကို စစ်မှန်သော နတ်ဆိုး မျက်လုံးများဖြင့် ကြည့်သည်။ ထိုအကြည့် တစ်ချက်သည်ပင် ရှင်းချိုးကို ထောင်ပေါင်းများစွာသော နတ်ဆိုးများကြားသို့ ရောက်ရှိနေသည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။

ယူချင်း၏ နောက်တွင် ထီးထီးမားမား ရှိနေသည့် မိစ္ဆာနတ်ဘုရား ပုံရိပ်ကြီး ထွက်ပေါ်လာသည်။ ၎င်းသည် တိမ်တိုက်များ အတွင်းတွင် ရပ်နေ၏။

နတ်ဆိုး စွမ်းအင်များသည် ကောင်းကင်ကို ဖြတ်၍ လှုပ်ရှားလာပြီး အတူတကွ စုဝေးလာကြသည်။ ကောင်းကင်နှင့် မြေကြီးသည် နတ်ဆိုးစွမ်းအင်များဖြင့် ရစ်ပတ်ခံထားရပြီး နတ်ဆိုး ပုံရိပ်များက နေရာအနှံ့တွင် ပေါ်ပေါက်လာသည်။

ရှင်းချိုး မြင်လိုက်ရသည့်အရာမှာ ပုံရိပ်ယောင် မဟုတ်ဘဲ အစစ်အမှန်ပင် ဖြစ်တော့သည်။

ထိုအချိန်၌ သူရပ်နေသည့် တိုက်ပွဲကွင်းပြင် နေရာတွင် ထောင်ပေါင်းများစွာသော နတ်ဆိုးများက သူ့ကို ဝန်းရံထားလေသည်။

နတ်ဆိုးပုံရိပ် တစ်ခုချင်းစီသည် သူ ဆင့်ခေါ်ထားသည့် စစ်နတ်ဘုရားထက် ပို၍ စွမ်းအား ပြည့်လေသည်။

သူတို့အားလုံးသည် ယူချင်းမှ ဆင့်ခေါ်ထားသည်ဖြစ်ရာ သူ၏ အမိန့်အတိုင်း လိုက်နာလေသည်။

ယူချင်းသည် သူ့နောက်မှ နတ်ဆိုးဘုရင် ပုံရိပ်နှင့်အတူ လေထဲတွင် ရပ်နေသည်။ သူသည် ထောင်ပေါင်းများစွာသော နတ်ဆိုးများ၏ အရှင်သခင် ဖြစ်ပုံရပေသည်။ လောကကြီးထဲရှိ နတ်ဆိုးစွမ်းအားများ အားလုံးသည် သူ၏ အမိန့်ပေးမှုအောက်၌ တည်ရှိသည်။

ရှင်းချိုးသည် စွမ်းအား ကြီးမားလှသည့် ဖိအားကို ခံစားမိလျှင် မျက်မှောင်ကြုတ်၏။

သူသည် စစ်မှန်သော စစ်နတ်ဘုရား ဖြစ်သော်လည်း ထောင်ပေါင်းများစွာသော နတ်ဆိုးများ အလယ်တွင် ဖိအားကို ခံစားနေရဆဲပင် ဖြစ်သည်။

သူသည် လေထဲသို့ ခြေလှမ်းလိုက်ပြီး ရုတ်တရက် ရောင်ဝါသင်္ကေတများက သူ့အနီးတွင် တောက်ပသော အလင်းရောင် များနှင့်အတူ ထွက်ပေါ်လာသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ လက်ခုပ်တီးလိုက်ပြီး လျှပ်တစ်ပြက် အတွင်း၌ ရောင်ဝါသင်္ကေတများမှ လက်ဝါးရိပ်ကြီး ထွက်ပေါ်လာ၍ ယူချင်းဆီသို့ ပြေးဝင်သွားသည်။

ယူချင်းသည်လည်း လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ လက်သီးဖြင့် အောက်သို့ ပစ်လွှတ်သည်။ နတ်ဆိုးဆန်လှသည့် အော်မြည်သံကြီးသည် ထိုမှ ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားကို တုန်ရီသွားစေသည်။ သူ၏ နောက်ဘက်မှ နတ်ဆိုးပုံရိပ်ကြီး သည်လည်း ၎င်း၏ လက်သီးကို ထိုသို့ ပြုလုပ်သည်။

အားလုံးသော နတ်ဆိုးပုံရိပ် များသည်လည်း တူညီသည့် အပြုအမူကို ပြုလုပ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်သည် မှောင်မိုက်လာပြီး နက်မှောင်သည့် နတ်ဆိုး လက်အရိပ်များ ထွက်ပေါ်လာ၏။ တစ်ခုချင်းစီက နှိုင်းယှဉ်၍ မရအောင်ပင် ကြီးမားလှသည်။ ၎င်းတို့သည် ရှင်းချိုးဆီသို့ ပစ်ဝင်သွားကြသည်။

ထိတ်လန့် ချောက်ချားဖွယ် အသံများ ဆင့်ကဲ ထွက်ပေါ်လာပြီး အသံတစ်ခုချင်းစီက လူတိုင်း၏ နှလုံးများကို ဒုန်းစိုင်း ခုန်ပေါက်နေရန် ပြုလုပ်နေသည်။

ထို့နောက် ရှင်းချိုး၏ လက်ဝါးအရိပ်များသည် လူတိုင်း စောင့်ကြည့်နေသည့် အတွင်း၌ပင် လုံးဝ ဝါးမျိုခြင်းကို ခံလိုက်ရပြီး စစ်နတ်ဘုရား၏ ပုံရိပ်သည် ဖိနှိပ်ခံထားရသည်။

နောက်ဆုံး၌ ကြောက်မက်ဖွယ် လက်သီးကြီးသည် ရှင်းချိုးကို ကောင်းကင်ထက်မှ လွင့်ထွက်သွားအောင် ပြုလုပ်လိုက်ပြီး သွေးနဂါးမြစ်ပြိုင်ပွဲ ကြမ်းပြင်နှင့် ပြင်းထန်စွာ မိတ်ဆက် သွားလေသည်။

သူ၏ လက်ဝါး အရိပ်များမှာလည်း ကွဲအက်ပျက်စီး သွားလေသည်။ သူသည် မြေပြင်ပေါ်မှ ကြီးမားလှသည့် လက်ငါးချောင်းနှင့် လက်ဝါးပုံရိပ်ကြီး အလယ်တွင် လဲလျောင်းနေသည်။

သူသည် ကောင်းကင်မှ လွင့်စဉ်ကာ မြေပြင်ပေါ်သို့ ရိုက်ချခံခဲ့ရသည်။

သူသည် စစ်နတ်ဘုရားအဖြစ် ပြောင်းလဲနိုင်သည့် ရှန့်ထိုတစ်ပါး ဖြစ်လာသော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ထို မကောင်းဆိုးဝါး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

စစ်နတ်ဘုရားဖြစ်နေပါလျက်နှင့် ရှုံးနိမ့်သွားခဲ့လေသည်။

သွေးနဂါးမြစ် တိုက်ပွဲကွင်းပြင်၏ အထက်ကောင်းကင်တွင် လူတစ်ယောက်သာလျှင် ရပ်လျက် ကျန်ရစ်ပေသည်။

“ပြီးဆုံးသွားပြီ”

လူတိုင်းသည် သူတို့ကိုယ်သူတို့ ပြောလိုက်ကြသည်။

သူတို့သည် သွေးနဂါးမြစ်အထက် ကောင်းကင်တွင် ရပ်နေသည့် ယူချင်းကို ကြည့်ရင်း အိပ်မက် မက်နေသည်ဟုပင် ခံစားနေကြရသည်။ ဤတစ်ခေါက် သွေးနဂါးမြစ် တိုက်ပွဲသည် စိတ်ကူးယဉ် အိပ်မက်နှင့် တူလှပြီး ထိတ်လန့် အံ့သြဖွယ်ရာ ကိစ္စများ အလွန်များပြားခဲ့သည်။

ယခုတွင် အိပ်မောကျ နဂါးပြိုင်ပွဲတွင် ရှန့်ထိုသားရဲ နဂါးကြီးကို လွှင့်ပစ်ခဲ့သူ ယူချင်းသည် သူ၏ ပြိုင်ဘက်အားလုံးကို ဖိနှိပ်ခဲ့ပြီး ရပ်တန့်၍မရနိုင်သော ပုံစံကို ပြသခဲ့ကာ အဆုံးသတ်ခဲ့သည်။

ရီဝူချင်းနှင့် ဟောင်ကျူဂီသည် သူ့ကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤနေရာ၌ သူ့ကို တိုက်ခိုက်မည့် အခြား မည်သူမှ မရှိတော့ပေ။

ချန်ယဲ့မြို့မှ ယူချင်းသည် သွေးနဂါးမြစ်တိုက်ပွဲ၌ အသန်မာဆုံး တန်ခိုးရှင်ဖြစ်သည်။ သူသည် ဒေသနန်းတော်သို့ ဝင်ရောက်လိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset