Switch Mode

အခန်း ( ၁၀၂ )

မင်း သေချင်နေတာလား

” ဝမ်ပေါင်လဲ့ … ဒါ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုရဲ့ အတွင်းရေးနော်။ မင်းအခုချက်ချင်း ထွက်သွားမယ်ဆိုရင် ငါက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမဲ့အပြင် မင်းကို အကောင်းစား လက်ဆောင်ကြီးတစ်ခုတောင် ပေးဦးမှာ ”
ကျိုးရိရှန်မှာ မျက်နှာပျက်နေပြီး အနည်းငယ်ပင် ကြောက်ရွံ့နေသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့၏ တိုက်ကွက်ကြောင့် သူသည် တုန်လှုပ်ချောက်ချားကာ နှလုံးခုန်သံများ မြန်နေရဆဲပင်။

” သေသေချာချာ စဉ်းစားဆင်ခြင်ပြီးမှ ဆုံးဖြတ်နော်။ ဒါက အတွင်းရေးတစ်ခုပဲ။ တာအိုကျောင်းနှစ်ကျောင်းကြားက ယှဉ်ပြိုင်မှု မဟုတ်ဘူး။ အစကနေ အဆုံးအထိ သူ့ကို ငါတစ်ယောက်တည်း တိုက်ခိုက်ခဲ့တာ။ ငါ့ရဲ့ အတန်းဖော်တွေ တစ်ယောက်မှ မပါဘူး။ သူတို့က ဒီခုနစ်လက်မဝိညာဉ်အမြစ်ကို ဝိုင်းထားဖို့ပဲ ငါ့ကို ကူညီပေးခဲ့တာ ”

အခြားတစ်ယောက်သာဆိုလျှင် ကျိုးရိရှန်မှာ အလုပ်ရှုပ်ခံ၍ ရှင်းပြနေမည် မဟုတ်ပေ။ သူသည် တိုက်ခိုက်‌၍သာ ခြောက်လှန့်မောင်းထုတ်လိုက်မည်သာဖြစ်သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ အခြားရွေးချယ်စရာ မရှိသောကြောင့် စိတ်ရှည်ရှည်ထား၍ ရှင်းပြနေရ၏။

” အတွင်းရေး ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် ကျိုးရိဖန်နှင့် ကတောက်ကဆ ဖြစ်ခဲ့ဖူးသည့်တိုင်အောင် သူတို့မှာ အတန်းဖော်များ ဖြစ်နေကြဆဲပင်။ ထို့အပြင် သူတို့နှစ်ယောက်ကြားမှ ပဋိပက္ခမှာ ဖြေရှင်း၍မရနိုင်သော အခြေအနေအထိ မရောက်ရှိသေးပေ။ အကယ်၍ သူသည် ဤကိစ္စရပ်ကြီးကို သတိမထားမိခဲ့ပါက အလုပ်ရှုပ်ခံနေမည် မဟုတ်သော်လည်း ယခုတွင်မူ သူကိုယ်တိုင် မြင်တွေ့လိုက်ရပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျောင်းသားခေါင်းဆောင်တစ်ယောက်၊ အတန်းဖော်တစ်ယောက်နှင့် အလွန် အစွမ်းထက်သော လူတစ်ယောက် ဖြစ်နေသည်ဖြစ်ရာ ဤကိစ္စကြီးကို စိတ်သန့်သန့်နှင့် မျက်ကွယ်ပြုနိုင်မည် မဟုတ်ပေ။

” အတွင်းရေး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါ ဂရုမစိုက်ဘူး။ ငါ ဝမ်ပေါင်လဲ့ ဒီကိစ္စမှာ ဝင်ပါမှရမယ် ”
ဝမ်ပေါင်လဲ့က ရှေ့တည့်တည့်သို့ စိုက်ကြည့်ကာ ရေရွတ်လိုက်ပြီး ရှေ့သို့ ပြေးထွက်လာ၏။

သူသည် ကျိုးရိရှန်ဆီသို့ ပြေးသွားခြင်းမဟုတ်ဘဲ ခုနစ်လက်မ ဝိညာဉ်အမြစ်အား ဝိုင်းထားကြသည့် သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားခြောက်ယောက်ဆီသို့ ပြေးသွားလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ အံ့အားသင့်သွားရ၏။ ဝမ်ပေါင်လဲ့မှာ စိတ်မြန်လက်မြန်ရှိသော လူတစ်ယောက်ဖြစ်ကြောင်း သူတို့က သိထားပါသော်လည်း သူတို့မှာ သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားများဆိုသည့် မာနကြောင့် ထွက်မပြေးကြပေ။ ထို့ကြောင့် သူတို့အားလုံးမှာ ရှေ့သို့ ပြေးထွက်လာပြီး အင်အားစုပေါင်း၍ ဝမ်ပေါင်လဲ့အား ခုခံတွန်းလှန်ရန် ကြိုးစားလိုက်ကြသည်။

သို့သော် သူတို့ပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ သူ၏ ဘယ်ဖက်လက်ကို ချက်ချင်းပင် မြှောက်လိုက်သောအခါ ဓားပျံဆယ်လက်ကျော်မှာ ဓားထိန်းချုပ်ပညာရပ်၏ ထိန်းချုပ်ခြင်းကိုခံထားရသည့် ပုံစံဖြင့် ထိုးထွက်လာ၏။ ၎င်းတို့မှာ ခမ်းနားကြီးကျယ်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ကာ သူတို့ခြောက်ယောက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြသည်။

” ဓားထိန်းချုပ်ပညာရပ်ပါလား ”
ထိုကျောင်းသားခြောက်ယောက်မှာ အံ့အားသင့်သွားကြပြီး ၎င်းအား ခုခံနိုင်ရန်အတွက် ၎င်းတို့၏ ဓမ္မအဆောင်များကို ချက်ချင်းပင် ထုတ်ယူလိုက်ကြသည်။

ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများမှာ အလွန် မြန်ဆန်လွန်းနေ၏။ ထိုကျောင်းသားခြောက်ယောက်မှာ ထိုဓားပျံများကို ခုခံရန် ကြိုးစားနေကြသည့် အချိန်တွင် ကျိုးရိရှန်၏အမူအရာမှာ ပြောင်းလဲသွား၏။ သူသည် အကူအညီပေးချင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ လမ်းကြောင်းပြောင်းသွားပြီ ဖြစ်သည်။ သူ၏ ပန်းတိုင်မှာ ကျိုးရိရှန်မဟုတ်သလို ကျောင်းသားခြောက်ယောက်လည်းမဟုတ်ပေ။ ၎င်းမှာ ကျိုးရိဖန်၏ ခုနစ်လက်မဝိညာဉ်အမြစ်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ စူးရှထက်မြက်သော အာရုံခံနိုင်စွမ်းများကြောင့် သူသည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက ထိုခုနစ်လက်မဝိညာဉ်အမြစ်မှာ အရေးအကြီးဆုံးအရာဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့၏။ သူသည် ယခင်ကထက်ပင် ပို၍မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် အရှိန်အဟုန်ပြင်းစွာ ရှေ့သို့ ပြေးထွက်လာပြီး အပြင်းအထန် ဒဏ်ရာရရှိထားသောကြောင့် ထွက်ပြေးရန်ကြိုးစားနေပါသော်လည်း အချည်းနှီးဖြစ်နေရသည့် ခုနစ်လက်မဝိညာဉ်အမြစ်ဆီသို့ ချဉ်းကပ်သွားလိုက်၏။ ထို့နောက် သူသည် ၎င်းအား ဆုပ်ကိုင်ကာ အားပါပါ ရိုက်ချလိုက်သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ထိုခုနစ်လက်မဝိညာဉ်အမြစ်ကြီးမှာ ထိုပြင်းအားကို ခုခံနိုင်စွမ်းမရှိတော့ပေ။ ၎င်းမှာ လေပေါ်မှာတင် တစ်စစီ ပျက်စီးပျောက်ကွယ်သွားပြီး အစိမ်းရောင်မြူခိုးများအသွင် ပြောင်းလဲကာ ကျိုးရိဖန်ဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာကြပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားတော့သည်။

သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားခြောက် ယောက်မှာမူ ဓားပျံများ၏ အဆက်မပြတ်တိုက်ခိုက်မှုကို ခံနေရသောကြောင့် ကြောက်ရွံ့ကာ ဒေါသထွက်နေသည့် အမူအရာများဖြင့် နောက်သို့ ဆုတ်ခွာသွားကြသည်။ သူတို့မှာ ဖြန့်ကျက်၍ ကျိုးရိဖန် ထိုအစိမ်းရောင်မြူခိုးများကို မစုပ်ယူနိုင်အောင် တားဆီးရန် ကြိုးစားလိုက်ကြပါသော်လည်း ဘာမှမလုပ်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ ခြိမ်းခြောက်စကားကြီးကို ကြားလိုက်ရသည်။

” မင်းတို့အကုန်လုံး သေချာစဉ်းစားပြီးမှ လုပ်နော်။ စောစောကဖြစ်ရပ်တွေအကုန်လုံးကို လူတစ်ယောက်ရဲ့ အခွင့်အရေးကို အလစ်သုတ်တဲ့လုပ်ရပ်နဲ့ အတန်းဖော်တစ်ယောက်ကို ကူညီပေးတဲ့ လုပ်ရပ်ဆိုပြီး သတ်မှတ်လို့ရတယ်။ အဲဒီနှစ်မျိုးစလုံးက ဘာမှ ကြီးကြီးမားမား မဟုတ်ဘူး။ ဒါပေမဲ့ အခု ကျိုးရိဖန်က စုပ်ယူခြင်းလုပ်ငန်းစဉ်ကို စတင်နေပြီ။ အငြှိုးအတေး ကြီးကြီးမားမား မရှိဘဲ မင်းတို့ ဝင်ပါမယ်ဆိုရင်တော့ ကောင်းကင်တာအို ကျောင်းသားတစ်ယောက်ရဲ့ အနာဂတ်တက်လမ်းကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဆိုပြီး သတ်မှတ်ခံရမှာပဲ ”

” ငါက ဒီကိစ္စကို ဒီအတိုင်း ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး။ မင်းတို့တွေအကုန်လုံးက သမင်ဖြူတာအိုကျောင်းရဲ့ အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရထားကြပြီပဲကို။ အဲဒီေတာ့ ဒီလို ပြဿနာ အသေးအဖွဲလေးကြောင့် မင်းတို့ထဲက ဘယ်သူကမှ မင်းတို့ရဲ့ ရာထူးအဆင့်အတန်းကို အထိအပါးခံချင်မှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား ”

ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ ထိုကျောင်းသားခြောက်ယောက်၏ မျက်နှာမူအရာများမှာ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲသွားကြပါသော်လည်း သူတို့မှာ ချက်ချင်းပင် ငြိမ်ကျသွား၏။ ဝမ်ပေါင်လဲ့၏ ပြောစကားမှာ လုံးဝအဓိပ္ပါယ်ရှိပေသည်။ အကယ်၍ စုပ်ယူခြင်းလုပ်ငန်းစဉ်ကို မစတင်ရသေးပါက ထိုလုပ်ရပ်မှာ လူတစ်ယောက်၏ အခွင့်အရေးကို အလစ်သုတ်ခြင်းအ‌ဆင့်လောက်သာ ရှိမည်ဖြစ်ပြီး လူတိုင်းမှာလည်း အတိုင်းအတာ တစ်ခုအထိ ထိုကဲ့သို့ လုပ်ဖူးကြမည်သာဖြစ်သည်။ သို့သော် စုပ်ယူခြင်းလုပ်ငန်းစဉ်မှာ စတင်သွားပြီဖြစ်ရာ ၎င်းအား တားဆီးရန် ကြိုးစားလိုက်မည်ဆိုပါက တားမြစ်ထားသည့် စည်းကမ်းတစ်ခုကို မလိုက်နာသကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး တာအိုကျောင်းကြီးလေးကျောင်း၏ စည်းမျဉ်းစည်းကမ်းများကိုလည်း ချိုးဖောက်လိုက်သလို ဖြစ်သွားမည်ဖြစ်သည်။

ထို့အပြင် သူတို့မှာ ကျိုးရိရှန်ကဲ့သို့ ကျိုးရိဖန်နှင့် အမျိုးတော်ဆက်သူများလည်း မဟုတ်ကြပေ။ သူတို့မှာ တူညီသော မိသားစုနောက်ခံအင်အားကို ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ ဤကိစ္စကြီးကို ဖြေရှင်းနိုင်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ သူတို့၏ ပြစ်မှုကျူးလွန်မှုများကို သက်သေနှင့်တကွ တင်ပြလိုက်မည်ဆိုပါက သူတို့မှာ အကြီးအကျယ် ဒုက္ခရောက်သွားကြမည်သာ ဖြစ်သည်။

” ဝမ်ပေါင်လဲ့ … မင်းက ငါ့ရဲ့အောင်မြင်မှုကို ဖျက်လိုဖျက်ဆီး လုပ်ရလောက်တဲ့အထိ အတင့်ရဲနေပါလား ”
ကျိုးရိရှန်မှာ ထိုအခြင်းအရာအားလုံးကို မြင်လိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသောစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။ ထို့ကြောင့် သူသည် ညာဖက်လက်ကိုမြှောက်ကာ ဆေးလုံးတစ်လုံးကိုထုတ်ယူလိုက်ပြီး ချက်ချင်းပင် မျိုချလိုက်၏။ ထိုအခါ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ် အငွေ့အသက်များမှာ အလျင်အမြန် မြင့်တက်လာပြီး သူသည် ခြေလှမ်းကျဲကြီးများဖြင့် ဝမ်ပေါင်လဲ့ဆီသို့ တဟုန်ထိုး ပြေးလာတော့သည်။

ထို့နောက် သူ တိုက်ခိုက်လိုက်သောအခါ သူ၏နောက်တွင် ပုံရိပ်ယောင်လူရိပ်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ သူ၏ မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းကြောင့် ပေါ်ထွက်လာခြင်း မဟုတ်ဘဲ သွေးချီစုစည်းမှုကြောင့်သာ ဖြစ်တည်လာခြင်း ဖြစ်သည်။ ထို့နောက် အနီရောင် အလင်းတစ်ခု ခပ်မှိန်မှိန် တောက်ပလာသောကြောင့် ဝမ်ပေါင်လဲ့မှာ အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရ၏။

” ဝမ်ပေါင်လဲ့ … သူက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာပဲ ရှိတဲ့ အတိတ်ဘဝဝင်စားခြင်းဆေးလုံးကို သောက်လိုက်တာ။ အဲဒီဆေးလုံးကြောင့် သူက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာရပ်တွေကို ထုတ်သုံးနိုင်စွမ်းရှိသွားပြီ။ ကျိုးရိရှန်ရဲ့ နောက်က လူရိပ်ကြီးက သူ့ရဲ့ အတိတ်ဘဝ ပြန်ဝင်စားလို့ ပေါ်လာတာ။ အဲဒီလူရိပ်ကြီးက သူ့ရဲ့ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ် ”
ကျိုးရိဖန်က သူ၏မျက်လုံးရှေ့တွင် ဖြစ်ပျက်နေသောအရာများကို ကြည့်ကာ ဝိညာဉ်အမြစ်ကို ဆက်လက်စုပ်ယူရင်း ဝမ်ပေါင်လဲ့အား အသိပေးလိုက်၏။

ကျိုးရိဖန်မှာ ဝမ်ပေါင်လဲ့အား အသိပေးနေစဉ်တွင် ကျိုးရိရှန်မှာ သူ၏ဘေးသို့ ရောက်လာပြီဖြစ်သည်။ သူသည် ညာခြေထောက်ကို မြှောက်၍ အားပါပါ ကန်ကျောက်လိုက်သောအခါ သူ၏ နောက်ရှိ အတိတ်ဘဝ ပြန်ဝင်စားမှု ပုံရိပ်ကြီးကလည်း သူ့အတိုင်း လိုက်၍ ကန်ကျောက်လိုက်သောကြောင့် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာသည်။ ထို့နောက် သူတို့၏ကန်ချက်များမှာ တစ်ခုပေါ်တစ်ခု ထပ်သွားသဖြင့် ကျိုးရိရှန်၏ ကန်ချက်မှာ ရဲရဲနီအောင် တောက်ပသွား၏။

သူတို့၏ အမြန်နှုန်းများမှာ အဆမတန် တိုးပွားလာရုံသာမက သူတို့၏ ပြင်းအားမှာလည်း သိသိသာသာ မြင့်တက်လာ၏။ ထို နှစ်ယောက်ပေါင်းကန်ချက်ကြောင့် နားစည်များပင် ကွဲသွားစေနိုင်သော တရွှီရွှီမြည်သံများ ပေါ်ထွက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ မျက်စိရှင်ရှင်ထားကာ အာရုံအပြည့်စိုက်ထား၏။ ထို့နောက် သူသည်လည်း ကျိုးရိရှန်အတိုင်းပင် ညာခြေထောက်ကိုမြှောက်၍ ကျိုးရိရှန်အား အားပါပါ ကန်ကျောက်လိုက်၏။

ထိုအခါ ကောင်းကင်များကိုပင် တုန်ရီသွားစေနိုင်သည့် အသံကြီးတစ်သံ ပေါ်ထွက်လာသည်။ ထို့နောက် သွေးချီများမှာ သမုဒ္ဒရာတစ်စင်းကဲ့သို့ ထိုးထွက်လာ၏။ ကျိုးရိရှန်ကမူ နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး လေသံတိုးတိုးဖြင့် ညည်းတွားမိလိုက်၏။

” ဘာလို့ ဒီဖက်တီးရဲ့ စွမ်းအားက စောစောကထက်တောင် ပိုပြီးတော့ များလာရတာလဲဟ ”
ကျိုးရိရှန်၏ အတိတ်ဘဝ ပြန်ဝင်စားမှု ပုံရိပ်ကြီး၏ ညာခြေထောက်မှာ ကျိုးရိရှန်အစား ကာကွယ်ပေးသည့်အနေဖြင့် ဝမ်ပေါင်လဲ့၏ ကန်ချက်ကို အစားဝင်ခံပေးလိုက်သည့်အလား လွင့်စင်ပျောက်ကွယ်သွား၏။

ကျိုးရိရှန်မှာမူ အနည်းငယ်လေးပင် ဒဏ်ရာရမသွားခဲ့ပေ။ သူသည် အံ့ဩတုန်လှုပ်နေရပါသော်လည်း တစ်ခဏလေးပင် တွေဝေတုံ့ဆိုင်းသွားခြင်း မရှိဘဲ သူ၏ညာလက်ကို မြှောက်လိုက်၏။ ထိုအခါ အနက်ရောင် ဓားတိုတစ်လက် ချက်ချင်းပင်ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့၏ ရင်ဘတ်အား ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့မည့် ပုံစံဖြင့် ဦးတည်လာ၏။

” စိတ်ဝင်စားစရာပဲ ”
ကျိုးရိရှန်မှာ ပါမွှားတစ်ယောက် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ နိုးထလာသဖြင့် သူ၏ ညာဖက်လက်ဝါးထဲမှ စုပ်အားတစ်မျိုး ထွက်ပေါ်လာ၏။ ထိုအားမှာ ကျိုးရိရှန်၏ ဓားတိုလေးကိုသာမက ကျိုးရိရှန်၏ ခန္ဓာကိုယ်ကိုပါ ဆွဲငင်လိုက်တော့သည်။

ထိုကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာသော စုပ်အားကြောင့် ကျိုးရိရှန်မှာ အံ့အားသင့်သွားရသည်။ သို့သော် သူ့အတွက်မူ ရုန်းထွက်နိုင်ရန် နောက်ကျသွားရပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ကျိုးရိရှန်၏ ရင်ဘတ်ကို အားပါပါ ကန်ကျောက်လိုက်၏။

ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ကျိုးရိရှန်၏ လက်ချောင်းပေါ်မှ လက်စွပ်မှာ ဖျတ်ခနဲလက်သွားကာ အကာအကွယ်‌ ဒိုင်းကာတစ်ခုက သူ၏ ခန္ဓာကိုယ်အား နောက်ထပ်တစ်ကြိမ်ထပ်၍ အုပ်မိုးသွားပြန်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ကန်ချက်ကို ခုခံလိုက်နိုင်ပါသော်လည်း ချက်ချင်းပင် တစ်စစီပျက်စီးသွား၏။ ထိုသို့ ပျက်စီးသွားရာမှ ပေါ်ထွက်လာသော တုန်ခါမှုကြောင့် ကျိုးရိရှန်မှာ နောက်သို့ ဆုတ်သွားလိုက်ရသည်။

ဝမ်ပေါင်လဲ့ကမူ အလျင်အမြန် လှုပ်ရှားကာ မြေကြီးပေါ်သို့ အားပါပါနင်း‌၍ ချက်ချင်းပင် ရှေ့သို့ပြေးထွက်လာပြီး သူ၏ ညာလက်ဖြင့် အနီးအနားရှိ ဓားပျံများကို လက်ညှိုးထိုးလိုက်သည်။ ထိုအခါ သံလိုက်အားများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသဖြင့် ထိုဓားပျံများမှာ ရုတ်တရက်ဆိုသလို လေပေါ်သို့ ပျံတက်လာကြသည်။

သို့သော် ကျိုးရိရှန်မှာလည်း တိုက်ခိုက်ရေး အတွေ့အကြုံများဖြင့် ကြွယ်ဝနေသည့် လူတစ်‌ယောက် ဖြစ်သည်။ သူသည် နောက်သို့ဆုတ်ရင်း ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် သူ၏ ရင်ဘတ်ကို အားပါပါ ထုနှက်လိုက်သောအခါ အနက်ရောင်သွေးပွက်တစ်ပွက် အန်ထွက်လာ၏။

” အရိပ်သတ်ဖြတ်ခြင်း ပညာရပ် ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကန်ကျောက်မှုဒဏ်ကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည့် သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီ ပြန်ဝင်စားမှုပုံရိပ်ကြီးမှာ ရုတ်တရက်ဆိုသလို သူ၏ခန္ဓာကိုယ်အား စွန့်ခွာကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးထွက်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်လာသောအခါ အလိုအလျောက် ပေါက်ကွဲသွားတော့သည်။

ထို့ကြောင့် အုန်းခနဲမြည်သံကြီးတစ်သံ ကျယ်လောင်စွာပေါ်ထွက်လာပြီး ထိုပေါက်ကွဲမှုကြောင့် လေထဲသို့ စုပ်ယူခံလိုက်ရသည့် ဖုန်မှုန့်များမှာ ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ဖုံးလွှမ်းသွားကြသည်။ ကျိုးရိရှန်၏ ခန္ဓာကိုယ်ထဲမှလည်း သွေးများပန်းထွက်လာ၏။ သူ၏ အတိတ်ဘဝ ပြန်ဝင်စားခြင်းပုံရိပ်ကြီး၏ ပေါက်ကွဲမှုဒဏ်ကို သူကိုယ်တိုင်လည်း ခံစားလိုက်ရဟန်တူသည်။

သူသည် ပေကျံနေသော သွေးစက်များကိုပင် သုတ်ရန် အချိန်မရတော့ဘဲ နောက်သို့ဆုတ်ခွာသွားစဉ် သူ၏လက်ချောင်းပေါ်မှ လက်စွပ်လေးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဖျတ်ခနဲ လက်သွားပြန်သည်။ ထို့နောက် အကာအကွယ်ဒိုင်းကာများ ပြန်လည်ပေါ်ထွက်လာပြီး သူ့ဆီသို့ ဦးတည်လာနေသော ဓားပျံများကို တားဆီးလိုက်၏။

ထိုရိုက်ခတ်သံများ ပဲ့တင်ထပ်သွားချိန်တွင် ကျိုးရိရှန်မှာ အကျည်းတန်စွာ ရယ်မောလိုက်၏။

” ဝမ်ပေါင်လဲ့ … မင်းက တကယ်ကို အစွမ်းထက်တာပဲကွ။ ဒါပေမဲ့ ငါ့ မိသားစုမျိုးနွယ်စုရဲ့ အကာအကွယ်ရတနာကြောင့် မင်း ရှုံးရမှာပါပဲ ”

အနီးနားရှိ သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားခြောက်ယောက်မှာမူ အံ့ဩတုန်လှုပ်ကာ ကြက်သေသေနေကြတော့သည်။ သူတို့မှာ ကျိုးရိရှန်၏ အကာအကွယ် ဒိုင်းကာကြီး ပျက်စီးသွားပြီး ချက်ချင်း ပြန်လည်ပေါ်ထွက်လာသည်ကို ကြည့်ရင်း သူ၏လက်စွပ်မှာ သာမန်ပစ္စည်းတစ်ခု မဟုတ်နိုင်ကြောင်း ရိပ်မိသွားတော့သည်။

သို့သော် ကျိုးရိရှန် ထိုသို့ဆိုလိုက်စဉ်မှာပင် အတိတ်ဘဝ ပြန်လည်ဝင်စားခြင်းပုံရိပ်ကြီး၏ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာခဲ့သော ဖုန်လုံးကြီးထဲမှ ရယ်မောသံတစ်သံ တိုးတိုးကလေး ပေါ်ထွက်လာ၏။

” မင်းရဲ့အစွမ်းက ဒါအကုန်ပဲလား ”

ထိုအသံကြီးကို ကြားလိုက်ရသောအခါ ကျိုးရိရှန်မှာ မှင်တက်သွား၏။ ထို့နောက် ထိုဖုန်လုံးကြီးထဲတွင် ရွှေရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။

ထို ရွှေရောင်အလင်းတန်းကြီးမှာ ဝင်းလက်တောက်ပနေပြီး အာရုံဖမ်းစားနိုင်စွမ်း အပြည့်ရှိနေ၏။ ထိုအလင်းတန်းကြီး ဖြာထွက်လာသောအခါ သွေးချီသမုဒ္ဒရာတစ်စင်း ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့မှာ ယခင်ကထက်ပင် ပို၍မြန်သော အမြန်နှုန်းမျိုးဖြင့် ထိုအလင်းတန်းထဲမှ ထိုးထွက်လာ၏။ သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်လက်နေပြီး သူသည် ကျိုးရိရှန်၏ ရှေ့တည့်တည့်တည့်တွင် ပေါ်လာ၏။ ထို့နောက် သူသည် ညာဖက်လက်ကိုမြှောက်ကာ ကျိုးရိရှန်၏ လည်ပင်းအား ဆုပ်ကိုင်၍ လေပေါ်သို့ မြှောက်လိုက်၏။

” မင်းကသေချင်နေတာလား ”
ဝမ်ပေါင်လဲ့က မေးလိုက်၏။ သူ၏ခန္ဓာကိုယ်အား ‌ရွှေရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံထားသောကြောင့် သူသည် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset