Chapter 20

မြို့တော်ကြီးရေ ငါ လာပြီဟေ့ …

ပညာရေးဝန်ကြီးဌာနမှ အရာရှိများသည် လူအများနှင့် ဆက်စပ်မှု မရှိသော စကားစမြည်များ ပြောဆိုပြီးနောက် ကားပေါ် ပြန်တက်၍ ထွက်သွားကြသည်။

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ များစွာသော ရွာသူရွာသားများက ရဲ့လင်းချန်နှင့် သူ့မိခင်ကို ကြည့်နေကြသည်။ သူတို့၏ အမူအရာက အနေရခက်ဟန်နှင့် အားကျစိတ်များ ရောပြွမ်းနေ၏။ ဤသို့ ရုတ်တရက် အံ့ဩစရာ ကောင်းလှသော အခြေအနေ၌ မည်သူမှ စကားမပြောနိုင်ကြချေ။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာမှ လူများသည် ခရိုင်၏ အမှတ်အများဆုံး ဖြစ်သော ရဲ့လင်းချန်ကြောင့် လာခြင်း ဖြစ်သော အရူးပင် သိနေလေသည်။

ချူဟောင်က သူ့ကိုယ်သူ အထင်ကြီးသော ထင်ကြေးမျိုး ပြောရဲသည့် သတ္တိ ရှိနေသည်က ရယ်ချင်စရာပင်။ သူ့အမှတ်က ရဲ့လင်းချန်နှင့်ယှဉ်လျင် ဘာမှမဟုတ်ချေ။

“အမေ သွားရအောင်”

ရဲ့လင်းချန်က ထပ်ပြောလာသည်။

“အင်း … အမေလည်း မင်းအဖေကို ဒီသတင်း မြန်မြန် သိစေချင်လှပြီ”

ရှုကျန်း အလျင်စလို ခေါင်းညိတ်လိုက်သည်။ သူမအသံက ပြောမတတ်အောင် စိတ်လှုပ်ရှားနေကြောင်း သိသာ လှသည်။ သူမ တစ်ဖက်လှည့်၍ မျက်လုံးထောင့်မှ မျက်ရည်များကို ခိုးသုတ်လိုက်သည်။

နှစ်ယောက်သား ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ ရဲ့လင်းချန်က တစ်ခဏမျှ ရပ်သွားပြီး ချူဟောင်ဘေးသို့ လျှောက်သွားလေသည်။ သူ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းဦးလေးရဲ့ ကားဂိုထောင်က ငါ့ကို အလုပ်ခန့်နိုင်မယ် မထင်ဘူးကွ”

ချူဟောင်၏ အမူအရာက သူ၏ မတည်ငြိမ်သော ခံစားချက်များကို ပြသနေ၏။ သူ့မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် နီရဲနေသည်။

ခရိုင်၏ အမှတ်အများဆုံး ကျောင်းသားကို အလုပ်ခန့်ရအောင် သူ့ဦးလေး၏ ကားဂိုထောင်၌ အဘယ် အစွမ်းအစများ ရှိမည်နည်း။

ရှုကျန်းသည် ထိုနေရာမှ ထွက်လာသည်နှင့် ချက်ချင်း ဖုန်းကိုထုတ်၍ တက်ကြစွာ ဖုန်းဆက်လေသည်။

“ဟဲလို”

ဖုန်းထဲမှနေ၍ ရဲ့ကျင်း၏ အသံ ထွက်လာသည်။

“ကျွန်မတို့ လင်းချန်ရဲ့ အမှတ်ကို သိပြီးသွားပြီ”

ရှုကျန်း၏အသံက ပိုတုန်လာလေသည်။ တစ်ဖက်မှ အသံက အချိန် အတော်ကြာအောင် တိတ်ကျသွားသည်။ ရဲ့ကျင်းက အတင်းလုပ်ယူထားသော တည်ငြိမ်မှုနှင့် ပြန်ပြောလာသည်။

“မနက်ဖြန်မှ ငါတို့ သိရမယ်လို့ ထင်နေတာ”

“ဧည့်ခံပွဲက ကျောင်းသားတစ်ယောက်က တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ကြည့်ခိုင်းတာ”

ရှုကျန်း၏ အသံအရ သူမ မျက်ရည်မကျအောင် ဟန်ထိန်းထားရကြောင်း ရဲ့ကျင်း သိလိုက်သည်။ သူ နဂိုကတည်းက မျှော်လင့်ချက် ကြီးကြီးမားမား မထားသော်လည်း နှလုံးသားက ချောက်နက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက် ရသည်။ သူက အက်ကွဲနေသော အသံဖြင့် ပြန်ပြောလိုက်သည်။

“အစကတည်းက သူ အမှတ်နည်းမယ်လို့ ငါတို့ ခန့်မှန်းထားပြီးသားလေ”

ထိုသို့ပြောပြီးနောက် သူ တစ်ခဏမျှ ငြိမ်သွားသည်။ သူ့သိချင်စိတ်ကို ဆက်မထိန်းချုပ်ထားနိုင်သဖြင့် နောက်ဆုံး မျှော်လင့်ချက်လေးဖြင့် မေးလိုက်သည်။

“အဲ့တော့ … သူ့အမှတ်က ဘယ်လောက်လဲ”

ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသကဲ့သို့ သူ့လေသံက လေးနက်တည်ငြိမ်နေ၏။

“လင်းချန်က … အမှတ် ခုနစ်ရာနှစ်ဆယ့်ငါးမှတ် ရတာ”

“ခုနစ်ရာ နှစ်ဆယ့်ငါးဆယ် … အမှတ်က …”

ရဲ့လင်းချန် အခြေအနေကို ချက်ချင်း သတိမမူမိ‌ပေ။ သို့သော် တစ်ခဏအတွင်း သူ မျက်လုံးပြူးကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ့အသံက တုန်ခါလုနီးပါးပင် ဖြစ်လာရသည်။

“ငါ ခုနက နားကြားမှားတာ ထင်တယ်၊ ဘယ်နှစ်မှတ်လို့ ပြောလိုက်တာလဲ”

“ခုနစ်ရာ နှစ်ဆယ့်ငါးမှတ်၊ လင်းချန်က ခရိုင် အမှတ်အများဆုံး ကျောင်းသား”

ရှုကျန်း ထိန်းချုပ်မရတော့ဘဲ မျက်ရည်များ စီးကျလာသည်။ သူမ ပျော်ရွှင်မှုနှင့် ကလေးအတွက် မျှော်လင့်ချက် ကြီးကြီးမားမား ထားမိသည်။

“အမှတ်ကို သေချာ စစ်ထားတာလား”

ရဲ့ကျင်း မနေနိုင်ဘဲ ထပ်မေးလိုက်မိသည်။

“ပညာရေးဝန်ကြီးဌာနက လူတွေတောင် ကျွန်မတို့ဆီ လာလည်ပြီးနေပြီ၊ ပြီးတော့ သူတို့က လင်းချန်ကို ယွမ် ငါးသောင်း ပညာသင်ဆု ဆုချမယ်တဲ့”

ရှုကျန်းက ယနေ့ဖြစ်ခဲ့သော အဖြစ်အပျက်များကို သူမခင်ပွန်းအား ရှင်းပြလေသည်။

“ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ် …”

ရဲ့ကျင်း စိတ်လှုပ်ရှားမှုကြောင့် ပြောစရာ စကားမရှိအောင် ဖြစ်နေ၏။ သူ တစ်ခဏမျှ ဟိုဟိုဒီဒီ ရေရွတ်နေ ပြီးနောက် ပြန်ပြောလိုက်သည်။

“ငါ အခု အိမ်ပြန်လာမယ်”

အိမ်တွင် ရဲ့ကျင်းနှင့် ရဲ့လင်းချန်တို့က မျက်နှာချင်းဆိုင် ထိုင်နေပြီး အချင်းချင်း ကြည့်နေကြသည်။ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် စကား မပြောကြချေ။

နှစ်အတော်ကြာအတွင်း ရဲ့လင်းချန် သူ့ဖခင်ကို အနီးကပ် မြင်ရသည်က ပထမဆုံးအကြိမ်ပင်။ သူ့ဖခင်၏ မျက်လုံးက မသိမသာ ဖူးယောင်နေသည်။ သူ့မျက်လုံးထောင့်၌ အရစ် လေး၊ ငါးခုပင် ရှိနေလေပြီ။ ရဲ့လင်းချန်၏ မှတ်ဉာဏ်တွင်းမှ သူ၏ တောက်ပသော မျက်လုံးများသည် အချိန်နှင့် ဇရာတို့ကြောင့် အရောင်မွဲလာသည်။

“သား …”

ရဲ့ကျင်းက ရဲ့လင်းချန်ကို ကြည့်လာသည်။ သူ့၌ ပြောစရာ စကားများ မြောက်မြားစွာ ရှိသော်လည်း နောက်ဆုံး၌ သူ ဤသို့သာ ပြောလိုက်မိသည်။

“မင်း အရွယ်ရောက်လာပြီပဲ”

“မင်း အရွယ်ရောက်လာတဲ့အချိန်မှာ ငါကတော့ အိုမင်းလာပြီ”

ရဲ့လင်းချန် မျက်ရည်ဝဲလာသောကြောင့် အမြင်အာရုံများ ဝေဝါးလာ၏။ သူ မျက်လုံးကို လက်ဖြင့် ခပ်သွက်သွက် ပွတ်ကာ ပြန်ပြောလိုက်သည်။

“အဖေ အခုချိန်ကစပြီး အဖေနဲ့ အမေ ကျွန်တော့်ကို စိတ်ပူစရာ မလိုတော့ပါဘူး”

ရဲ့ကျင်း၏ မျက်လုံးတွင်လည်း မျက်ရည်များ ရစ်ဝဲလာသည်။

“ဟားဟားဟား … သိပ်ကောင်းတယ်၊ ဒါဆို ဒီနေ့ည ငါတို့သားအဖ သောက်ကြတာပေါ့”

ဆရာဝန်တစ်ယောက် ဖြစ်သောကြောင့် ရဲ့ကျင်းသည် ပုံမှန်နေ့များ၌ အရက် မသောက်ပေ။ သို့သော် သူ ယနေ့ကို ခြွင်းချက်ထားပြီး ရှုကျန်းအား သူ စုဆောင်းထားသည့်အထဲမှ အရက် နှစ်ပုလင်းကို ထုတ်စေလိုက်သည်။

“လင်းချန်က ကလေးပဲ ရှိသေးတယ်၊ ဘယ်လိုလုပ် အဖေတစ်ယောက်က သူ့သားကို သောက်ဖို့ အားပေးနေ ရတာလဲ”

ရှုကျန်းက စောဒက တက်လိုက်သည်။ သားအဖနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်မောလိုက်သည်။ ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်သည်က အကောင်းဆုံးပင်။

ထိုည၌ အဖေဖြစ်သူ ရဲ့ကျင်းနှင့် သားဖြစ်သူ ရဲ့လင်းချန်တို့ အကြောင်းအရာ တော်တော်များများကို ပြောဆိုခဲ့ပြီး အရက် တော်တော် သောက်ဖြစ်လေသည်။ ရဲ့ကျင်းက စကားတစ်ခွန်းကို ထပ်ခါတလဲလဲ ပြောခဲ့သည်။

“လင်းချန် တော်တယ်၊ မင်းက တကယ်ကို ငါ့သားပဲ၊ ဟားဟားဟား …”

ရဲ့ကျင်း မူးပြီး အိပ်ပျော်သွားချိန်တွင် စားသောက်ပွဲ ပြီးဆုံးသွားလေသည်။ တစ်ဖက်တွင် ရဲ့လင်းချန်၏ အယ်ကိုလ်ဟော ခံနိုင်ရည်က ခုနစ်ဆယ် ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။

နောင်တွင် သူ့အား အမူးလွန်အောင် လုပ်ရန် ခက်လာနိုင်ကြောင်း ရဲ့လင်းချန် တွေးလိုက်မိသည်။ ရဲ့လင်းချန် အရက်သောက်ထားသော်လည်း ယခင်အတိုင်း မမူးပေ။ သူ ရဲ့ကျင်းကို အခန်းထဲ လိုက်ပို့ပြီးမှ သူ့အခန်းသို့ ပြန်၍ အိပ်ရာဝင်လေသည်။

နောက်တစ်နေ့တွင် ရဲ့ကျင်းသည် မနက်ခင်း၌ နောက်ကျပြီးမှ နိုးလာပြီး အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူ နိုးလာသည့် အခိုက်မှာပင် ချက်ချင်း အမူးပြေသွားလေသည်။ သူသည် တယ်လီဖုန်းရှေ့၌ မတ်မတ် ထပ်လိုက်ပြီး စာရွက်နှင့် ဘောပင်ကို ယူ၍ အကြောင်းအရာတစ်ချို့ကို ချရေးလိုက်သည်။

ရှုကျန်းထံမှ သူ ရဲ့လင်းချန်၏ အမှတ်ကို သိပြီးသော်လည်း ထိုအမှတ်က တရားဝင် မကြေငြာရသေးမည်ကို သူ စိုးရိမ်မိနေသေးသည်။

အမှတ်စစ်ဆေးရမည့် တယ်လီဖုန်းနံပါတ်နှင့် ရဲ့လင်းချန်၏ ခုံနံပါတ်ကို သူ စိတ်ထဲ၌ စွဲနေအောင် အလွတ် မှတ်လိုက်သည်။ ထို့နောက် တုန်ယင်နေသော လက်များဖြင့် နံပါတ်များကို နှိပ်လိုက်လေသည်။

“ဟဲလို၊ လူကြီးမင်းရဲ့ အမှတ်က …”

ဘာသာရပ်တိုင်း၏ အမှတ်ကို ကြေငြာသွားသည်နှင့် ရဲ့ကျင်းက အမှတ်ကို သေချာ သတိထား၍ လိုက်မှတ် လေသည်။ နောက်ဆုံးဘာသာရပ်၏ အမှတ်ကို ကြေငြာပြီးနောက် ရဲ့ကျင်း မနေ့က ကြိုးစား၍ မျိုသိပ်ခဲ့ရသော မျက်ရည်များ စီးကျလာ၏။ ထို့နောက် သူ ဖုန်းကို အားကြိုးမာန်တက် ပြန်ကိုင်လိုက်သည်။

“ဟဲလို ဒါ ဒုတိယ ဦးလေး မဟုတ်လား၊ ကျွန်တော်ပါ ရဲ့ကျင်းလေ၊ ကျွန်တောင့်သားရဲ့ အမှတ် ထွက်လာပြီဗျ၊ သူ ခုနစ်ရာ နှစ်ဆယ့်ငါးမှတ် ရတယ်၊ သိပ်မဆိုးပါဘူး၊ ကံကောင်းလို့ ခရိုင်တစ်ခုလုံးရဲ့ အမှတ်အများဆုံး ဖြစ်သွားတာလေ”

“ဟဲလို ဒါ မရီး မဟုတ်လား၊ ကျွန်တော်ပါ ရဲ့ကျင်းလေ၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်တွေ ထွက်လာပြီဗျ၊ ကျွန်တော့်သားက ခုနစ်ရာ နှစ်ဆယ့်ငါးမှတ် ရတယ်ဗျ၊ ဟားဟားဟား … သူ့အမှတ်က သိပ်မဆိုးပါဘူး”

ရဲ့ကျင်းသည် တစ်နေ့လုံး သူ မှတ်မိနိုင်သလောက် ဆွေမျိုးတိုင်း၏ ဖုန်းနံပါတ်များကို ခေါ်ဆိုရင်း အချိန်ကုန်နေ၏။ သူ ကလေးတစ်ယောက်သဖွယ် ပျော်ရွှင်စွာ ရယ်နေမိသည်။ ရဲ့လင်းကျန်မှာမူ လက်ရှိ၌ လုံဟူ အိမ်ရာမြေဘက်သို့ ရောက်နေသည်။

“မင်း မြို့တော်ကြီးကို သွားတော့မလို့လား”

ရဲ့လင်းချန်က ရှောင်ဖေးဖေး၏ ပိုးသားသဖွယ် နူးညံ့သော အသားအရေနှင့် ခန္ဓာကိုယ်ကို နှိပ်ပေးရင်း တအံ့တဩ ပြောလိုက်မိသည်။

“အင်း”

ရှောင်ဖေးဖေး ခေါင်းညိတ်ပြလိုက်သည်။ သူမမျက်ဝန်းများက ကြောင်ပေါက်လေးသဖွယ် မှေးစင်း၍ ရဲ့လင်းချန်၏ နှိပ်နယ်ခြင်း ကုသမှုကို ကျေနပ်ကြောင်း ပြသနေသည်။ ထို့နောက် သူမက ခေါင်းလှည့်၍ ရဲ့လင်းချန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ငါ အခုတလော သိုင်းရုပ်ရှင် ဇာတ်လမ်းတွဲမှာ ပါဖို့ စာချုပ်ချုပ်ထားတယ်၊ ငါ ရုပ်ရှင်ရိုက်ဖို့ မြို့တော်ကြီးကို ပြန်သွားရမှာ”

“ငါ နေပြန်မကောင်းခင်အထိ နှစ်ဝက်လောက် အနှိပ်ခံ ကုသဖို့ လိုတယ်လို့ နင် အရင်က ပြောခဲ့တယ်နော်၊ နင် ငါနဲ့ မြို့တော်ကြီးကို လိုက်ခဲ့ပါလား”

ရဲ့လင်းချန် ငြိမ်ကျသွားသည်။ ပေကျင်းသည် တရုတ်နိုင်ငံ၏ မြို့တော်ကြီး ဖြစ်သည်။ ယင်းမြို့တော်သည် လူဦးရေ အလွန် ထူထပ်ပြီး စည်ပင်ဝပြောသော မြို့ဖြစ်လေသည်။ မြို့၏ အလှအပက များစွာသော လူအများအား ဆွဲဆောင်ပြီး စီးပွားရေးလုပ်ငန်းများ ပေါများလာစေသည်။

ရှောင်ဖေးဖေး မပြောလျင်တောင်မှ ရဲ့လင်းချန်သည် သူ၏ ထူးချွန်သော အမှတ်များအရ ချင်းဟွာတက္ကသိုလ် သို့မဟုတ် ပီကင်းတက္ကသိုလ်ကို လျှောက်လျင် တက္ကသိုလ်ဘက်မှ လက်ခံခြင်း ခံရလောက်သည်။

“နွေရာသီ အားလပ်ရက်အတွက် နင့်မှာ ဘာအစီအစဉ် ရှိလဲ”

ရှောင်ဖေးဖေး မေးလိုက်သည်။

“လောလောဆယ်တော့ ဘာမှမရှိပါဘူး”

ရဲ့လင်းချန် ခေါင်းခါပြလိုက်သည်။

“နင့်မှာ ဘာအစီအစဉ်မှ မရှိဘူးဆိုတော့ ငါ့နောက်လိုက်ပြီး ပေကျင်းကို လိုက်လည်ပါလား၊ ငါ နင့်ရဲ့ ဧည့်လမ်းညွှန် လုပ်ပေးမယ်လေ”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ကြည့်ကာ စွဲမက်ဖွယ်လေသံဖြင့် ဆက်ပြောလာသည်။

“ပြီးတော့ ငါ နင့်လစာကိုလည်း ပေးမှာပါ”

“မင်း ဘယ်တော့သွားမှာလဲ”

ရဲ့လင်းချန် ပြန်မေးလိုက်သည်။ ထိုအခါ ရှောင်ဖေးဖေးက ပြန်ဖြေလာ၏။

“ငါတို့ မနက်ဖြန် နေ့ခင်းပိုင်းလောက် သွားမှာ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သူ အလျင်စလို မလုပ်သေးပါ။ ထို့အပြင် သူ ယခင်က တစ်ခါမှ တစ်ယောက်တည်း ခရီးဝေး မသွားဖူးပေ။ သူ ဤမြို့၌ ဆက်နေ၍ မိဘများကို အဖော်လုပ်လျင် ကောင်းမလားဟု တုံ့ဆိုင်းနေမိသည်။ သို့ရာတွင် သူ ထိုမြို့မှ တက္ကသိုက်၌ သွားတက်မည်ဟု မဆုံးဖြတ်ခင် စည်ကားသော မြို့ကြီးကိုလည်း လည်ပတ်ချင်နေမိလေသည်။

သူသည် လူငယ်တစ်ဦး၏ ပင်ကိုယ်စရိုက်များ ရှိပြီး ယခုအချိန်က သူ၏ အောင်မြင်မှုအတွက် ဂုဏ်ယူရမည့် အချိန်ကောင်း ဖြစ်သည်။ သူ မတူညီသော နေရာအား အလွန် သွားရောက် လေ့လာချင်နေ၏။

“စိတ်မပူပါနဲ့ မြို့တော်ကြီးက ငါ့နယ်မြေပါ၊ အဲ့နေရာမှာ နင် အနိုင်ကျင့်မခံရအောင် ငါ သေချာပေါက် လုပ်ပေးမှာ”

ရှောင်ဖေးဖေးက ရုတ်တရက် အသက်ကြီးသော စီနီယာ အမျိုးသမီးတစ်ယောက် လေသံဖြင့် ပြောလာသည်။ ထိုသို့ပြောပြီး သူမကိုယ်သူမ ခပ်တိုးတိုး ရယ်မိလေသည်။ ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားနေပြီးနောက် သူ့အတွက် အရေးအကြီးဆုံး အချက်ကို မေးလိုက်သည်။

“လစာကို ဘယ်လောက် ပေးမှာလဲ”

ရှောင်ဖေးဖေး “…”

အစ်မလင်း “…”

ရဲ့လင်းချန် အိမ်ပြန်ရောက်ပြီးနောက် သူ့မိဘများနှင့် အတော်ကြာအောင် ဆွေးနွေးလိုက်သည်။ ထို့နောက် သူသည် နောက်နေ့ ထွက်ခွာရန်အတွက် ခရီးဆောင်အိတ်ကို ပြင်ဆင်ထုပ်ပိုးလေသည်။

“အမေ ကျွန်တော် ပီကင်း တက္ကသိုလ်ကို လျှောက်ဖို့ စီစဉ်ထားတယ်၊ မြို့တော်ကြီးကို ရောက်တာနဲ့ ပထမ နှစ်ဝက်ကာလ စတာနဲ့ ကျွန်တော် တက္ကသိုလ်ကို တန်းလျှောက်မယ်”

ရဲ့လင်းချန် ပြောပြလိုက်သည်။

“အင်း”

ရှုကျန်းက နူးညံ့စွာ ပြန်ဖြေလေသည်။ သူမ ရဲ့လင်းချန်ကို ခရီးဆောင်အိတ် ကူထုပ်ပိုးပေးနေသည့် တစ်ချိန်လုံး ခေါင်းကို ငုံ့ထားသည်။ ဘေးနားမှ ရဲ့ကျင်းကလည်း ငြိမ်နေ၏။

“မြို့တော်ကြီးရဲ့ ရာသီဥတုက ခြောက်သွေ့ပြီး မိုးနည်းတယ်တဲ့၊ အခု အခြောက်သွေ့ဆုံး ရာသီလို့ အမေ ကြားတယ်၊ သားကိုယ်သား ကျန်းမာရေး ဂရုစိုက်မှ ဖြစ်မယ်”

ရှုကျန်းက သူမသားကို အတိုချုံး၍ ပြောပြနေသည်။

“အမေ မင်းရဲ့ နွေရာသီ အဝတ်အစားကို ဒီအကန့်မှာ ထည့်ထားတယ်၊ ဆောင်းဦးရာသီ အဝတ်အစားတွေကို အလယ်ကန့်မှာ၊ ဆွယ်တာနဲ့ ကုတ်အင်္ကျီကို ဒီဘက်မျာ ထည့်ထားတယ်၊ ရာသီဥတု တအား အေးလာရင် ထုတ်ဝတ်နော်”

“အမေ အခု ကျွန်တော့်အတွက် ဆောင်းရာသီ အဝတ်အစားပါ ထည့်ဖို့ တအား စောနေသေးတယ်”

ရဲ့လင်းချန် ဘာပြောရမှန်း မသိတော့ပေ။

“ရာသီဥတုက မှန်းရခက်တယ်၊ မင်း အရင်က ဒီလောက် ဝေးဝေး မသွားဖူးဘဲနဲ့၊ ပြီးတော့ မင်းက တော်တော် ကြာအောင် အဝေးရောက်နေမှာလေ၊ ကြိုပြင်ထားတော့ ပိုကောင်းတာပေါ့”

ရှုကျန်း ပြောလိုက်သည်။ သူမ မျက်ရည်များကို သုတ်လိုက်မိသည်။

“မင်းသားက မြို့ကို ခရီးထွက်သွားတာပါ၊ ဒါ အလားအလာ ကောင်းပဲကို၊ ငိုမနေပါနဲ့”

ဘေးနားမှ ရဲ့ကျင်းက ဝင်ပြောလေသည်။ ရှုကျန်းက ရဲ့လင်းချန်ကို ကူညီ၍ ခရီးဆောင်အိတ်ကို ဇစ်ပိတ်ကာ ဘေးနားမှ အိတ်တစ်ခုကို သယ်လာသည်။

“ဒီထဲမှာ အမေ စားစရာတွေ ထည့်ထားပေးတယ်၊ ဒါ အမေတို့ ရူကောင်းမြို့ရဲ့ မြို့ထွက်ပစ္စည်းတွေပဲ၊ ခရီးသွားနေတုန်း ဆာလာရင် ထုတ်စား၊ မင်း ပိုက်ဆံကုန်သွားလို့ ထပ်လိုချင်ရင် အမေ့ကို စာပို့လိုက်၊ အမေ မင်းကို ငွေပို့ပေးမယ်”

“ပြီးတော့ ဒီမှာ မင်းသုံးဖို့ ပိုက်ဆံ၊ သားအဖေက အခုကစပြီး လတိုင်း သားဘဏ်အကောင့်ကို ငွေလွှဲပေးလိမ့်မယ်၊ လိုအပ်ရင် သုံးသာသုံး”

ရှုကျန်းက ပုံမှန်ထက် စကား ပိုပြောလာသည်။ သူမစကားများက အဆုံးမသတ်တော့ဟု ခံစားလာရသည်။ သူမက ရဲ့လင်းချန်အား ဟိုဟိုဒီဒီ မရပ်မနား အကြံပေးနေ၏။

“အမေ ကျွန်တော်လည်း ကိုယ်တိုင် ပိုက်ဆံ ရှာနိုင်ပါပြီ”

“မြို့တော်ကြီးက အသုံးစရိတ်က မြင့်တယ်လေ၊ မပူနဲ့၊ အမေနဲ့ အဖေမှာ စုထားတာလေး ရှိပါတယ်၊ အတွေးလွန် မနေပါနဲ့”

ရဲ့လင်းချန် ဘေးမှနေ၍ သူ့အမေစကားများကို ငြိမ်နားထောင်နေသည်။ သူ့မိဘများကိုကြည့်ပြီး သူ စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်သည်။

*ငါ ထိပ်ဆုံးကို ရောက်အောင်လုပ်ပြီး ရွာကို အဆင့်အတန်း မြင့်မြင့်နဲ့ ပြန်လာရမယ်*

“လင်းချန် မင်းအားထုတ်မှုက ကောင်းလို့ မြို့တော်ကို အပို့ခံရတာ၊ နောက်လည်း ကြိုးစားအားထုတ်နိုင်ဖို့ သေချာ လုပ်ပါ”

ရဲ့လင်းချန် မသွားခင် ရဲ့ကျင်းက အကြံပေးလာ၏။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် မိဘများကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ပြန်လှည့်ကာ ကားပေါ် တက်လိုက်သည်။

“သား မင်းကိုယ်မင်း ဂရုစိုက်ဖို့ သတိရနော်၊ မင်း ဘာအခက်အနဲ့တွေ့တွေ့၊ ပြီးတော့ အကူအညီ လိုလာရင် အိမ်ကို ဖုန်းဆက်နော်”

ရှုကျန်း စိတ်မထိန်းနိုင်ဘဲ ရှေ့သို့ နည်းနည်း လှမ်းလာ၏။ ရဲ့လင်းချန်က လှည့်မကြည့်ဘဲ အသာ ပြန်ဖြေလိုက်သည်။

ကားက တဖြည်းဖြည်း ထွက်ခွာလာ၏။ နောက်ကြည့်မှန်မှတစ်ဆင့် မိဘနှစ်ပါး၏ ပုံရိပ်ကို ရဲ့လင်းချန် မြင်နေရပြီး အတော်ဝေးသွားမှ မိဘနှစ်ပါး၏ ပုံရိပ်က ပျောက်ကွယ်သွားလေသည်။

ရဲ့လင်းချန် စိတ်အခြေအနေ မကောင်းမှန်း ရိပ်စားမိ၍လား မသိပေ။ အစ်မလင်းနှင့် ရှောင်ဖေးဖေးတို့က ခရီးတစ်လျှောက် သူ့ကို စကားမပြောကြပါ။

ကားက တစ်နာရီကျော် မောင်းလာပြီးနောက် လေဆိပ်သို့ ရောက်လာသည်။ သူတို့ လေယာဉ်ပေါ် နေ့လယ်သုံးနာရီတွင် တက်လိုက်လေသည်။

ပြတင်းပေါက်မှတစ်ဆင့် ခြေထောက်အောက်မှ မြေပြင်က တဖြည်းဖြည်း သေးငယ်သွားပြီး အဆောက်အဦးများက ပုရွက်ဆိတ်တမျှ ဖြစ်ကုန်ပြီး ပျောက်ကွယ်သွားသည်ကို သူ ကြည့်နေမိသည်။

*နှုတ်ဆက်ပါတယ် ရူကောင်းမြို့ရေ*

*မြို့တော်ကြီးရေ ငါ လာပြီဟေ့*


Comment

Leave a Reply


Options

not work with dark mode
Reset