Switch Mode

စာစဥ် (၂၄) အပိုင်း (၃၃၅)

ဂူနန်းယှဉ်ပြိုင်ပွဲအစ

လုဟုန်း၏ အုပ်စုပေါ်လာချိန်တွင် လူတိုင်း၏ အကြည့်များက တစ်နေရာတည်းသို့ ရောက်ရှိသွားတော့သည်။ အခုရောက်လာသော အဖွဲ့နှင့် မူလသူတော်စင် တောင်ထွတ်မှ အခြားနှစ်ဖွဲ့နှင့် နှိုင်းယှဉ်ကြည့်ပါက သည်အုပ်စုမှာ အစောပိုင်းက ရှိနေသော နှစ်ဖွဲ့ထက် သာလွန်စွာ ရှိပေသည်။

သို့သော်လည်း လုဟုန်း၏ အုပ်စုမှာ အလွန် တောင့်တင်း နေသောကြောင့် အခြားသော အုပ်စုနှစ်ခု အားနည်းသွားခြင်း ဖြစ်သည့်အတွက် ထိုအုပ်စုနှစ်ခုကို အပြစ်တင်၍ မရပေ။ လုဟုန်း၏ အဖွဲ့မှာ ဓားကပ်ဘေး တောင်ထွတ်တွင်ပင် ဖြုံချင်စရာ ကောင်းသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ထိုအပြင် သည်နှစ်အတွင်း မူလသူတော်စင် တောင်ထွတ်သို့ လာသည့် ပါရမီရှိသော တပည့် တော်တော်များများကို ခေါ်ယူခဲ့သောကြောင့် အခြားသော အဖွဲ့နှစ်ခုမှာ လုဟုန်း၏ တပည့်အင်အားကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။

လုဟုန်းမှာ သူ၏လက်ကို နောက်ပစ်ကာ အရှေ့ဆုံးတွင် ရှိနေခဲ့ပြီး သူ၏ အမူအရာမှာလည်း အရင်တိုင်းပင် ရှိနေခဲ့သည်။

သူရောက်လာပြီးနောက် စိန်းထိုက်ယွမ်နှင့် လုစုန့်ကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး နောက်ဆုံး ကျန်နေသည့် ပွဲကြည့်စင်ပေါ်သို့ တက်ရောက် သွားတော့သည်။

သူ၏ လက်အောက်မှ တပည့်များ စင်မြင့်ပတ်ပတ်လည်တွင် အုပ်စုလိုက်ကြီး စုဝေးလျက် ရှိနေသည်မှာ တော်တော်လေးကို ခံ့ညားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ပုံရိပ်သုံးခုသာလျှင် လုဟုန်း၏ အနောက်မှလိုက်ကာ ပွဲကြည့်စင်ပေါ်သို့ တက်သွားသည်။ သူတို့ထဲမှ တစ်ယောက်မှာ ပုံမှန်အတိုင်းပင် ပထမတပည့်ဖြစ်သည့် ယွမ်ဟုန်းဖြစ်ပြီး နောက်တစ်ယောက်မှ လုရွှမ်းယင် ဖြစ်သည်။

သူမမှာ လုဟုန်း၏ တပည့်မဟုတ်သော်လည်း လုဟုန်းမှာ သူတို့ကလန်မှာ အကြီးအကဲ တစ်ယောက်ဖြစ်သည်။

လုရွှမ်းယင်၏ နံဘေးတွင် မြင့်မားသော အရပ်အမောင်းနှင့် အထက်တန်းကျသော ကိုယ်နေဟန်ထား ရှိသူတစ်ယောက် ပါလာပေသည်။ ထိုလူငယ်မှာ တစ်ခေါင်းလုံး အနီအရောင်ဆံပင်များနှင့် ဖြစ်ပြီး သူ၏ နှုတ်ခမ်းမှာ ယောင်ယောင်လေး ပြုံးထားသည့်ပုံ ပေါ်နေပေသည်။ သူ၏ မျက်လုံးအစုံမှာ တင်းမာနေပြီး အန္တရာယ်ဟူသော ခံစားချက်ကို ခံစားစေသောကြောင့် ကြင်နာတတ်သော စိတ်နှလုံးသား မရှိသည့် လူတစ်ယောက် ဖြစ်ကြောင်း သိသာပေသည်။

သူကို ရှီးယန်ဟုခေါ်ပြီး လုဟုန်း၏ တပည့်မဟုတ်သော်လည်း လုရွှမ်းယင်နှင့် ဆရာတူတပည့် ဖြစ်ပေသည်။ သူ၏ အဖေမှာ ကန်ရွှမ်းကလန်၏ အကြီးအကဲ တစ်ယောက် ဖြစ်ပြီး ဓားကပ်ဘေး တောင်ထွတ်တွင် တော်တော်လေး ကျော်ကြားသူ ဖြစ်ကာ သူကိုယ်တိုင်မှာလည်း ခရမ်းရောင် ခါးစည်းတပည့် တစ်ယောက် ဖြစ်သည်။

ရှီးယန်၏ အကြည့်က ဇူယွမ်ဆီသို့ ရောက်သွားပြီးနောက် ပြုံးစစနှင့် မေးလိုက်သည် “ရွှမ်းယင်၊ သူက လုဖန်းဆီကနေ ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံနေရာကို ခိုးသွားတဲ့ တစ်ယောက်လား”

လုရွှမ်းယင်မှာ အသာအယာ ခေါင်းညိတ် လိုက်ပြီးနောက် မခံမရပ်နိုင် ဖြစ်နေပုံဖြင့် ပြောလိုက်သည် “သူက တော်တော်လေးကို ဉာဏ်နီဉာဏ်နက် များတယ် လုဖန်းကို သူ့ရဲ့ အဖွဲ့တွေနဲ့ တားထားပြီးတော့ ကံကောင်းစွာနဲ့ပဲ အနည်းငယ်ရိုက်နှက်ပြီး အနိုင်ရအောင် လုပ်သွားတာ”

ရှီးယန်မှာ ရယ်မောလိုက်ပြီး ဇူယွမ်၏ အကြောင်းကို လုံး၀ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည် “အဲဒါက ကိစ္စမရှိဘူး။ သူ့အတွက် ရယ်နိုင်တာက ဒီနေ့နောက်ဆုံးပဲ ဖြစ်လိမ့်မယ်။ ဝေယိုရွှမ်း တစ်ယောက်တည်းကပဲ အကြီးအကဲစိန်းရဲ့ အဖွဲ့ကို ရှုံးနိမ့်စေလိမ့်မည်”

ရှီးယန်နှင့် လုရွှမ်းယင်တို့မှာ တော်တော်လေး နီးစပ်မှုရှိသည်ဟု ပြောနိုင်ပေသည်။ ထို့ကြောင့် သူအနေဖြင့် ယခင်က ဇူယွမ်နှင့် မည်သည့်ပတ်သက်မှုများ မရှိခဲ့စေကာမှု လုရွှမ်းယန်ဘက်မှ အပြည့်အ၀ ရပ်တည်ခဲ့ပေသည်။

လုရွှမ်းယင်မှာ ထိုစကားကို ကြားရသောအခါ၌ ခံစားချက် အနည်းငယ် ကောင်းသွားသလို ပြောလိုက်သည် “သူ့ရဲ့ အဆင့်အတန်းကို ဆုံရှုံးသွားတာက သူနဲ့ထိုက်တန်တဲ့အရာပဲ။ သူက သူကိုယ်သူ အပြင်ဘက်တောင်မှာပဲ ရှိနေသေးတယ်လို့ တကယ်ထင်နေတာလား မသိဘူး။ သူ့လို ရွှေရောင်ခါးစည်းအဆင့် တပည့်တစ်ယောက်ကို ရင်ဆိုင်ဖို့က အများကြီး လွယ်ကူလွန်းတယ်”

“အကြီးအကဲမြောင်က သူ့ကို သည်လို မြင့်မားစွာ တန်ဖိုး သတ်မှတ်လိုက်တာ ဘာကြောင့်မှန်း ငါတကယ် နားမလည်ခဲ့ဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ မကြာခင် သူမအရှက်ရမှာ သေချာတယ်”

လုရွှမ်းယင်၏ နှုတ်ခမ်းထောင့်မှာ ရှုံမဲ့သွားခဲ့ပြီး လှောင်ပြောင် သရော်လိုက်သည် “သူက အစ်ကိုတော် ချူးချင်းနဲ့ ယှဉ်နိုင်မယ်လို့ သူ့ကိုယ်သူ ထင်လိုက်သေးတယ်”

သူတို့နှစ်ယောက် စကားပြောနေစဉ် အတွင်း လုဟုန်းမှာ မျက်လုံးပင့်လိုက် ပြီးနောက် အခြားပွဲကြည့်စင်တွင် ရှိနေသော စိန်းထိုက်ယွမ်ဆီသို့ လှမ်းကြည့်ကာ့ ခပ်တည်တည် ပြောလိုက်သည် “လူတိုင်း ရောက်ပြီဆိုတော့ တတ်နိုင်သမျှ မြန်မြန်ပြီးအောင်လို့ စတင်လိုက်ကြရအောင်။ ငါ့မှာ အခြားအာရုံစိုက်စရာ ကိစ္စတွေ ရှိနေသေးတယ်”

သူ၏ လေသံမှာ အေးဆေးနေခဲ့ပြီး သည်တစ်ခေါက် ဂူနန်းယှဉ်ပြိုင်ပွဲ နှင့်ပတ်သက်ပြီး အနည်းငယ်မျှပင် စိတ်ပူသည့်ပုံ မပေါ်ပေ။

စိန်းထိုက်ယွမ်မှာ လုဟုန်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ပုံမှန်အားဖြင့် နားလည်ပေသည်။ သူက အေးစက်စက်သာ ရယ်မောလိုက်ပြီးနောက် တုံ့ပြန်ပြောလိုက်သည် “သည်ပွဲ ပြီးသွားတဲ့အချိန်မှာ အကြီးအကဲလုအနေနဲ့ တခြားအရာတွေ ဆက်ပြီးလုပ်နိုင်တဲ့ စိတ်အခြေအနေ ရှိနေဖို့ မျှော်လင့်ပါတယ်”

လုဟုန်းမှာ သရော်ပြုံးပြုံးလိုက်ပြီး “ကံမကောင်းစွာနဲ့ပဲ အကြီးအကဲ စိန်းက များစွာသော ဂူနန်း ယှဉ်ပြိုင်ပွဲပြီးတိုင်းမှာ စိတ်ဓာတ် ကျနေခဲ့ရတဲ့သူ ဖြစ်နေခဲ့တဲ့ပုံပဲ”

ထိုအခိုက်တွင် စိန်းထိုက်ယွမ်၏ မျက်နှာမှာ တွန့်ဆုတ်သွားခဲ့ပြီး သူ၏ အမူရာကိုပင် မထိန်းချုပ်နိုင်တော့ပဲ ရုပ်ပျက်သွားကာ ဒေါသကြောင့် အသက်ရှူနှုန်းပင် မြန်လာတော့သည်။

ထိုမြင်ကွင်းကြောင့် လုဟန်း၏ သရော်ပြုံးမှာ ပိုမို ပီပြင်လာခဲ့ကာ သူ၏ လက်ကိုဝှေ့ယမ်းလိုက်ပြီး ခေါ်လိုက်သည် “ဝေယိုရွှမ်း၊ ဖုန်းယုနှင့် ချိန်းယွင်း”

ပုံရိပ်သုံးခုက ပွဲကြည့်စင်အောက်ရှိ လူအုပ်ထဲမှ ထွက်လာခဲ့ပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကာ လုဟုန်းကို အရိုအသေ ပြုလိုက်သည်။

လုဟုန်းက မပြောင်းလဲသော လေသံဖြင့် ပြောလိုက်သည် “သွားတော့၊ ဒီနေ့မှာ ငါတို့ကို အရှက်ရအောင် မလုပ်နဲ့”

သူတို့သုံးယောက်လုံးမှာ ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် အာရုံစိုက်နေသော အကြည့်များအောက်တွင် ချောက်ကမ်းပါးပေါ်ရှိ ကြီးမားသော ကျောက်တုံးစင်မြင့် သုံးခုပေါ်သို့ တက်လိုက်ကြသည်။

စိန်းထိုက်ယွမ်မှာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောလိုက်သည် “ထုံးလုံ၊ ဖန်းစုန်၊ ဇူယွမ်”

ထုံးလုံနှင့် ဖန်းစုန်မှာ အရှေ့သို့ လျင်မြန်စွာ ထွက်လာခဲ့ကြပြီး ဇူယွမ်မှာ ကျောက်တုံး ပွဲကြည့်စင်ပေါ်မှ ဆင်းလိုက်သည်။

“မင်းတို့သုံးယောက်လုံး အကောင်းဆုံး ကြိုးစားခဲ့”  စိန်းထိုက်ယွမ်က ပြောလိုက်ပြီးနောက် သူက ထုံးလုံနှင့် ဖန်းစုန်ကို ကြာမြင့်စွာကြည့်လိုက်သည်။ သူတို့နှစ်ယောက်မှာ ရွှေရောင်ခါးစည်း တပည့်များအကြားတွင် ပထမနှင့် ဒုတိယ ထိုင်စရာနေရာမှ တပည့်များ ဖြစ်သောကြောင့် သူတို့အားလုံးထဲတွင် အသန်မာဆုံးများ ဖြစ်ပေသည်။

ထုံးလုံနှင့် ဖန်းစုန်တို့၏ အမူအရာများမှာ စိတ်လှုပ်ရှားကာ ကြောက်ရွံ့နေသောကြောင့် တော်တော်လေး အဆင်မပြေ ဖြစ်နေကြပေသည်။ သို့သော်လည်း သူတို့က အားတင်းကာ ခေါင်းညိတ်လိုက်ကြသည်။

စိန်းထိုက်ယွမ်မှာ ဇူယွမ်ကိူ သတိပေးလိုက်သည် “ဇူယွမ် ဒါက မင်းရဲ့ ပထမဆုံး ယှဉ်ပြိုင်ပွဲဖြစ်ပေမဲ့လည်း အရမ်းကြီး စိတ်လှုပ်ရှားနေဖို့ မလိုဘူး။ မင်းရဲ့ ပြိုင်ဘက်ကို မင်းမယှဉ်နိုင်တော့ရင် မင်းမှတ်ထားရမှာက မင်းရဲ့ လုံခြုံမှုက ပိုအရေးကြီးတယ် ဆိုတာကိုပဲ။ အနိုင်အရှုံး ရလဒ်တွေက ခဏတာပဲ ဖြစ်လို့ အရာရာတိုင်းကို မဆုံးဖြတ်နိုင်ဘူး”

အခြားသော တောင်ထွတ်မှ တပည့်များမှာလည်း ဒီနေ့တွင် လာကြည့်ရှုကြသည့် အတွက်ကြောင့် စိန်းထိုက်ယွမ်က ဇူယွမ်အနေဖြင့် ကောင်းကောင်း အစွမ်းမပြနိုင်ခဲ့လျှင် ဖြစ်ပေါ်လာမည့် အပြင်းအထန် လှောင်ပြောင် ရယ်မောမှုများက သူ၏ စိတ်ကို များစွာ ထိခိုက်စေမည်ကို စိုးရိမ်နေခဲ့ပေသည်။

ဇူယွမ်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ပြုံးလျက်ပင် ခေါင်းညိတ်ပြလိုက်သည်။

သူတို့သုံးယောက် လမ်းလျှောက် ထွက်လာသည်နှင့် အစောပိုင်းထက် သူတို့အား ကြည့်ရူသူ ပိုများလာပေသည်။ သို့သော်လည်း အကြည့်များမှာ သိသာစွာပင် ဇူယွမ်ကို ကြည့်နေကြခြင်းဖြစ်သည်။

တီးတိုးပြောဆိုသံများ စတင် ပျံ့နှံ့လာခဲ့သည်။

“သူက ဇူယွမ်လား”

“ကြည့်ရတာ ဘာမှလဲ မထူးခြားပါဘူး”

“ဟီးဟီး၊ ကြည့်ရတာတော့ အကိုတော် ချူးချင်းရဲ့ နာမည်ကိုအသုံးချပြီး နာမည်ကြီးချင်တဲ့ နောက်ထပ် လူတစ်ယောက်ပဲနဲ့တူတယ်”

“ဒါပေမဲ့ သနားစရာ ကောင်းတာက သူရွေးချယ်တဲ့လူ မှားသွားတာပဲ။ အစ်ကိုတော် ချူးချင်းက အလွန် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အတွက် ဇူယွမ် ကောင်းကောင်း လုပ်ဆောင်နိုင်ရင် တောင်မှပဲ သူ့ရဲ့ တည်ရှိမှုက အစ်ကိုတော် ချူးချင်းနဲ့ နှိုင်းယှဉ်ဖို့ လိုအပ်နေဦးမှာပဲ”

“……”

လာကြည့်ကြသူများထဲတွင် အများဆုံးမှာ အမျိုးသမီးတပည့်များ ဖြစ်ပြီး သူတို့အားလုံးမှာ ငယ်ရွယ်ပြီး လှပကြပေသည်။ လုယန်နှင့် တူညီစွာပင် သူတို့အားလုံးမှာ ချူးချင်းအား အရူးအမူး ထောက်ခံကြသော အဖွဲ့များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ဂရုဏာကင်းမဲ့သော စကားများမှာ တော်တော်လေးကို နားမခံသာ ဖြစ်ရပေသည်။

ထုံးလုံနှင့် ဖန်းစုန်တို့မှာလည်း ထိုအကြည့်များ၏ ဒဏ်ကို ခံစားလိုက်ရပြီး အနည်းငယ် မသက်မသာ ခံစားလိုက်ရပေသည်။ သည်တစ်ကြိမ်မှာ မူလသူတော်စင် တောင်ထွတ်၏ ဂူနန်းယှဉ်ပြိုင်မှုကို လူပေါင်းများစွာ ပထမဆုံး လာကြည့်ကြခြင်း ဖြစ်ပေသည်။

ထိုအပြင် သူတို့၏ အကြည့်များထဲတွင် ကြင်နာမှများ မရှိပေ။

သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခါးသက်သက် ရယ်မောလိုက်ကြသည်။ သူတို့နှစ်ယောက်လုံးမှာ အပြစ်မဲ့သော ဒုက္ခသည်လေးများ ဖြစ်ပေသည်။

သူတို့နှစ်ယောက်မှ ဇူယွမ်ကြောင့် ထိခိုက်ခံရသူများ ဖြစ်သော်လည်း ထုံးလုံမှာ တော်တော်လေးကို သဘောထားကြီးသူ ဖြစ်သောကြောင့် ဇူယွမ်အား အပြစ်တင်ခြင်းမရှိပေ။ ထိုအစား ဇူယွမ်ကို နှစ်သိမ့်ရန် ကြိုးစားလိုက်ကြသည် “ဇူယွမ် ဒါက မင်းရဲ့ ပထမဦးဆုံး ဂူနန်းယှဉ်ပြိုင်မှုပဲ ဒါကြောင့်မို့လို့ ငါတို့နှစ်ယောက်က အရင်သွားလိုက်မယ်။ မင်းက အနောက်မှ သေချာလေ့လာနေလိုက်။ စိတ်လှုပ်ရှားနေဖို့ မလိုဘူး”

ဇူယွမ်မှာ ပြုံးပြကာ ခေါင်းညိတ်လိုက်ပြီး ကျေနပ် ဝမ်းမြောက်ကြောင်း ပြလိုက်သည်။ ထုံးလုံနှင့် ဖန်းစုန်တို့ အနိုင်ရခဲ့ပါက သူ့အနေဖြင့် အရှေ့ထွက်စရာ မလိုတော့ပေ။ စောင့်ကြည့်နေသူများ မည်သို့ပင် ထင်မြင်ယူဆပါစေ သူ့အနေဖြင့် နည်းနည်းလေးမှပင် ဂရုမစိုက်နိုင်ပေ။

သူက ဆပ်ကပ်ထဲမှ မျောက်တစ်ကောင် မဟုတ်သည့်အတွက် သည်နေရာမှရှိနေသော လူတိုင်းကို မဖျော်ဖြေပေးနိုင်ပေ။

အားလုံး၏ အာရုံစိုက်နေသော အကြည့်များအောက်တွင် ထုံးလုံ၊ ဖန်းစုန်နှင့် ဇူယွမ်တို့မှာ လှုပ်ရှားလိုက်ပြီးနောက် ဝေယိုရွှမ်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကျောက်တုံးစင်မြင့် သုံးခုပေါ်သို့ တက်လိုက်ကြသည်။

ဝေယိုရွှမ်းမှာ သုံးယောက်လုံးကို ဂရုမစိုက်သည့်ဟန်ဖြင့် ကြည့်နေခဲ့ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ သူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင် ရယ်မောလိုဟန်များ ပါဝင်နေပေသည်။

“မင်းတို့သုံးယောက်လုံး ယှဉ်ပြိုင်သူအဖြစ် ပါဝင်လာရဲတာ မယုံကြည်နိုင်ဘူး။ ဒါက တကယ်ပဲ ငါ့ကို အံ့အားသင့်စေတယ်” ဝေယိုရွှန်းက ပြုံးလျက် ပြောလိုက်သည်။

ထုံးလုံ၏ အမူအရာမှာ နက်မှောင်သွာပြီး “ဝေယိုရွှမ်း သောက်ရမ်း လေလုံးကြီးမနေနဲ့။ ငါတို့တိုက်ခိုက်ရင် ဘယ်သူနိုင်မလဲ သိလိမ့်မယ်”

သိုသော်လည်း ဝေယိုရွှမ်းက ရယ်မောရုံသာ ရယ်မောလိုက်ပြီးနောက် သူ၏ အကြည့်က ဇူယွမ်ထံသို့ ရောက်ရှိသွားပြီး ထေ့ငေါ့ကာ ပြောလိုက်သည် “အစ်မတော် လုရွှမ်းယင်က အစောတုန်းက ငါကိုခေါ်ပြီး မင်းကို ဂရုစိုက်ပေးဖို့ မှာလိုက်တယ်၊ ဒါကြောင့် ငါလက်လွန်သွားရင် အပြစ်မတင်ပါနဲ့”

ဇူယွမ်က အောက်သို့ ကြည့်လိုက်ကြီး ထိုစကားကို မကြားချင်ယောင် ဆောင်လိုက်သည်။

နှစ်ဖက်လုံး စကားလုံး တိုက်ပွဲဝင်နေစဉ်မှာပဲ လုဟုန်းက ပါးစပ်ဖွင့်ကာ ပြောလိုက်သည် “စတော့…”

သူ၏ စကားသံကြောင့် လေထုမှာ ချက်ချင်းပင် တင်းမာ သွားခဲ့ပြီးနောက် လူတိုင်းက ပုံရိပ်ခြောက်ခု ရှိနေသော နေရာသို့ လှမ်းကြည့်လိုက်ကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset