စာစဥ် (၂၄) အပိုင်း (၃၃၄)

ရုတ်ရုတ်သဲသဲ အဖြစ်ဆုံး ဂူနန်းယှဉ်ပြိုင်ပွဲ

ဇူယွမ်၏ နဂါးရှစ်ကောင် ကောင်းချီး သတင်းကြောင့် ဖြစ်ပေါ်လာသော လှုပ်လှုပ်ရှားရှား ဖြစ်မှုများမှာ နောက်ဆုံးတွင် လွန်ခဲ့သော ရက်များကတည်းက ဖြည်းဖြည်းချင်း ကွယ်ပျောက်နေပြီ ဖြစ်ပြီး လက်ရှိတွင် လုဟုန်းနှင့် စိန်းထိုက်ယွန်တို့ အုပ်စုအကြားတွင် ဖြစ်ပေါ်လာတော့မည် ဂူနန်းယှဉ်ပြိုင်မှုတွင် မည်သူ ထိုနေရာကို ရသွားမလဲ ဆိုသည်က ရေပန်းစားသော အကြောင်းအရာ ဖြစ်နေခဲ့သည်။

မူလသူတော်စင် တောင်ထွတ်၏ အဓိကတောင်ထွတ် ချိပ်ပိတ်ခံရပြီး နောက်တွင် ဂူနန်းကဲ့သို့ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ လျော့နည်း သွားခဲ့ရသည်။ သည်လိုနှင့် ဂူနန်းများ ကုန်ဆုံးသွားတော့မည့် အချိန်တွင် များစွာသော တပည့်များကြောင့် ပြင်းထန်သော ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။

သည်တစ်ကြိမ် ဂူနန်းယှဉ်ပြိုင်မှုမှာ နောက်ဆုံး ကျန်နေသည့် ခရမ်းရောင် မူလဂူနန်းအား ပိုင်ဆိုင်မည့် အသင်းအား ဆုံးဖြတ်မည်ဖြစ်သည်။

ထို့ကြောင့် သည်ပွဲမှာ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲယူသွားတော့သည်။ တကယ်တော့ ထိုကဲ့သို့ အရည်အသွေးရှိသည့် မူလဂူနန်းမှာ ကန်ရွှမ်းကလန်တွင်ပင် အဆင့်မြင့်မားသည့် ကျင့်ကြံခြင်း အရင်းအမြစ် တစ်ခုဖြစ်ပြီး သာမန်တပည့်များ အတွက် ပိုင်ဆိုင်ရန် အိပ်မက်သာ မက်နိုင်သည့် အရာတစ်ခု ဖြစ်သည်။

ထပ်ပြီးပြောရလျှင် ခရမ်းရောင် ဂူနန်းအတွက် ဆိုသည်မှာ ယှဉ်ပြိုင်ပွဲ၏ အပေါ်ယံသာဖြစ်ပြီး ထိုအရာက မူလသူတော်စင် တောင်ထွတ်အတွင်းမှ စွမ်းအားပြိုင်မှု ဖြစ်ကြောင်း လူတိုင်း နားလည်ခဲ့ပေသည်။

လုဟုန်း၏ အဖွဲ့မှာ မူလသူတော်စင် တောင်ထွတ်သို့ ကောင်းကင်မှ ကျလာသလို ရောက်လာခဲ့ပြီး စိန်းထိုက်ယွမ်နှင့် လုစုန့်တို့ အဖွဲ့များ၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဗိုလ်ကျစွာဖြင့် စတင်ပြီး ယူဆောင် နေကြပေသည်။ ထိုအကြောင်းကပဲ အဖွဲ့များကွဲရန် ဖြစ်လာပေတော့သည်။

တုံ့ပြန်မှုအနေဖြင့် အကြီးအကဲ လုစုန့်က လက်လျှော့ရန် ရွေးချယ်ခဲ့ပြီး လူအိုကြီး စိန်းထိုက်ယွမ်မှာတော့ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် သူတို့၏ စွမ်းအားနှင့် သြဇာလွှမ်းမိုးမှုကို အပြင်လူ တစ်ယောက်အား ယူဆောင်ခွင့် မပေးလိုသည်မှာ ထင်ရှားနေပေသည်။

မူလသူတော်စင် တောင်ထွတ်မှာ အနိမ့်ပိုင်းတွင် ရောက်ရှိ နေခဲ့ပေသည်။ သူတို့သာ လုဟုန်းကို သူတို့ထက် ကျော်လွန်စေပြီး အရှင်သခင် တစ်ယောက် ဖြစ်ခွင့်ပေးလိုက်ပါက သေချာစွာပင် လူတိုင်းက သူတို့၏ တည်ရှိမှုကိုပင် မေ့သွားမည် ဖြစ်ပြီး အနာဂတ်တွင် သူတို့ တပည့်များအတွက် ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိရန် ပိုမို ခက်ခဲသွားစေပေမည်။

ထိုသို့သော ရလဒ်သည် သူတို့ဦးဆောင်ရမည့် သူတို့၏ တပည့်များ အားလုံးကို ဆုံးရှုံးသွားရခြင်း ဖြစ်ပြီး အကြီးအကဲနှစ်ယောက် အဖြစ်မှ အတင်းအကျပ် အနားယူခိုင်းခြင်း ခံရကာ ကလန်တွင် မည်သည့် အာဏာမှ မရှိသော အကြီးအကဲများ ဖြစ်လာပေလိမ့်မည်။

ယခုလာမည့် ဂူနန်းယှဉ်ပြိုင်မှု မတိုင်မီတွင် လုဟုန်း၏ အဖွဲ့မှာ အုပ်စုသုံးခုတွင် အများဆုံး အနိုင်ရသူများ ဖြစ်ပေသည်။ ထိုသည်မှာ လက်ရှိ အခြေအနေတွင် သူတို့နှစ်ဖက်လုံး ရပ်တန့်၍ မရနိုင်တော့သည့် အဓိက အကြောင်းပြချက် ဖြစ်သည်။

ထို့ကြောင့် စိန်းထိုက်ယွမ် အတွက် သည်နေရာ တစ်ခုတည်းကသာ သူ၏ မျှော်လင့်ချက်ဖြစ်ပြီး လာမည့် ပြိုင်ပွဲတွင် အနိုင်ရမှသာ သူတို့၏ လုယူမှုကို ရပ်တန့်နိုင်မည် ဖြစ်သည်။ လုဟုန်းတို့သာ ဆက်လက် အနိုင်ရသွားပါက စိန်းထိုက်ယွမ်၏ အဖွဲ့သားများ၏ စိတ်ဓာတ်မှာ ပြင်းထန်စွာ ထိုးနှက်ခံရပေလိမ့်မည်။

ထိုအပြင် ထိုသတင်းသာ ပျံ့နှံ့သွားပါက အခြားသော တောင်ထွတ်များမှာ မူလသူတော်စင် တောင်ထွတ်ကို ပိုမို အထင်သေးသွားကြမည် ဖြစ်ပြီး အသုံးမကျဘူးဟု ယုံကြည် သွားကြပေလိမ့်မည်။ ထိုသို့ဖြစ်ပါက သူတို့အား ငဲ့ညှာသနားခြင်းမရှိဘဲ အဆုံးတွင် သူတို့၏ နေရာများမှာ အစားထိုး ခံရပေမည်။

ထိုအကြောင်းများကြောင့် စိန်းထိုက်ယွမ်က လာမည့် ဂူနန်းယှဉ်ပြိုင်မှုတွင် မရှုံးနိမ့်လိုခြင်း ဖြစ်သည်။

***

ရက်အချို့ မျှော်လင့်ခဲ့ပြီးနောက်တွင် ဂူနန်းယှဉ်ပြိုင်ပွဲနေ့မှာ နောက်ဆုံးတွင် ရောက်လာခဲ့ပေသည်။

မူလသူတော်စင် တောင်ထွတ်မှ တောင်များထဲမှ တောင်တစ်လုံးပေါ်တွင် ကြီးမားသော ဂူနန်းကြီးတစ်ခု ရှိနေခဲ့ပေသည်။ မှော်စာလုံးများက ဂူနန်းသို့ ဝင်ရာအပေါက်တွင် တောက်ပနေခဲ့ပြီး ထိုဂူနန်းအား ချိပ်ပိတ်ထားသည့် အတားအဆီးတစ်ခု ဖြစ်ပေါ်နေပေသည်။

ထို့အပြင် အလွန်အမင်း သန်စင်ပြီး သိပ်သည်းသော မူလချီများမှာ ဂူနန်းဆီမှ စိမ့်ထွက်လျက်ရှိပြီး ဂူပေါက်ဝမှာ တခြားသူများ အသုံးမပြုရသေးကို မြင်ရသည်က ပုံမှန်ထက်ပိုပြီး တက်ကြွမှု ရှိစေပေသည်။

သိသာစွာပင် ထိုအရာက ခရမ်းရောင် မူလဂူနန်း တစ်ခုဖြစ်ပေသည်။

ဂူနန်း၏ အပြင်ဘက်တွင် နက်စောက်သော ချောက်ကမ်းပါးတစ်ခု ရှိနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ မြူများဖြင့် ယှက်သိုင်းနေပေသည်။ ကြီးမားသော ကျောက်တုံးကြီးများကိုလည်း ဖြတ်ထားပြီး ထိုချောက်ကမ်းပါးပေါ်တွင် တင်ထားခဲ့ကာ ကျယ်ပြန့်သော ကျောက်တုံးစင်မြင့် တစ်ခု ဖြစ်ပေါ်နေပေသည်။

ထိုနေရာကား ဂူနန်းယှဉ်ပြိုင်ပွဲ ကျင်းပမည့် နေရာဖြစ်သည်။

အတိတ်တွင် အလွန်နည်းပါးသော လူများသာလျှင် သည်နေရာသို့ လာကြသော်လည်းပဲ သည်နေ့တွင်တော့ ထိုနေရာမှာမှု မူလသူတော်စင် တောင်ထွတ်၏ အရှုပ်အယှက် အခက်ဆုံးသော နေရာဖြစ်လာခဲ့သည်။

များစွာသော ပုံရိပ်များမှာ စီးကြောင်းများအလား တောင်ပတ်ပတ်လည်တွင် ဆက်လက် ဆင်းသက်လျက်ရှိပြီး ထိုနေရာတွင် များပြားလှသည့် လူအုပ်ကြီးကို မြင်နိုင်ပြီး ပုံမှန်အားဖြင့် အေးချမ်းနေသော ဧရိယာမှာ လူအုပ်ကြီးကြောင့် ဆူညံလျက်ရှိပေသည်။

အကြီးအကဲလုစုန့်မှာ ချောက်ကမ်းပါး အနီးရှိ ကျောက်တုံး ပွဲကြည့်စင်မြင့်၏ ထိပ်တွင် ထိုင်လျက်ရှိကာ သူ၏အနောက်တွင် လုယန်နှင့် အခြားခရမ်းရောင် ခါးစည်း တပည့်အချို့မှာ မတ်တတ်ရပ်လျက် ရှိသည်။

ပွဲကြည့်စင်မြင့်၏ အပြင်ဘက်တွင် သူတို့အားလုံးပေါင်း အရေအတွက်ထက် များသော ရွှေရောင်ခါးစည်းနှင့် အနက်ရောင် ခါးစည်းတပည့်များ ရှိနေကြပေသည်။

“ဘာလို့ ဒီနေ့ကျမှ ဒီနေရာမှာ လူတွေ တအားများနေရတာလဲ” လုစုန့်မှာ လက်ဖက်ရည်ခွက်ကို လက်ထဲတွင်ကိုင်လျက် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။ များစွာသော ပုံရိပ်များမှာ ထိုအချိန်တွင် ဆက်လက်ပြီး လာနေကြဆဲဖြစ်သည်။

ထိုအပြင် ထိုသူများမှာ မူလသူတော်စင် တောင်ထွတ်မှ မဟုတ်ကြပေ။

ထိုသို့ တွေ့လိုက်ရသည်က သူ့အား တော်တော်လေး စိတ်ရှုပ်ထွေး သွားစေခဲ့ပေသည်။ ဂူနန်းယှဉ်ပြိုင်ပွဲ တစ်ခုသည် ထိုအရာကို ပိုင်ဆိုင်သော တောင်ထွတ်နှင့်သာ သက်ဆိုင်မှုရှိပြီး အခြားတောင်ထွတ်၏ တပည့်များနှင့် မည်သည့် သက်ဆိုင်မှုမှ မရှိပေ။ ထို့ကြောင့် သည်နေ့တွင် လူအများကြီး ဘာကြောင့် လာနေကြသနည်း။ မည်သည့်အချိန်တုန်းက မူလသူတော်စင် တောင်ထွတ်၏ ဂူနန်းယှဉ်ပြိုင်ပွဲ တစ်ခုက များစွာသော တပည့်များ လာကြည့်အောင် စွမ်းဆောင် သွားနိုင်သနည်း။

လုယန်မှာ မျက်မှောင်ကြုတ်လိုက် သော်လည်း အားရဝမ်းသာစွာ ပြောလိုက်သည် “ဘာကြောင့်ဖြစ်ရမှာလဲ။ သူတို့အားလုံးက ဇူယွမ်ကြောင့် ဒီကိုရောက်လာကြတာ”

လုစုန့်၏ မျက်ခုံးနှစ်ဖက်မှာ မြင့်တက်သွားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်တုန်းက နှင်းပဒုမ္မာ တောင်ထွတ်က အကြီးအကဲမြောင်က လူအများရှေ့မှာပဲ ဇူယွမ်ရဲ့ အနာဂတ် အလားအလာက အကန့်အသတ်မရှိဘဲ အစ်ကိုတော်ချူးချင်းကို အနာဂတ်မှာ ယှဉ်နိုင်လိမ့်မယ်လို့ ပြောခဲ့တယ်” လုယန်က ပြုံးလျက် ပြောနေသော်လည်း လူတိုင်းက သူမ၏ အသံတွင် အထင်သေးမှုများ ပါဝင်နေသည်ကို ကြားရပေသည်။

“များစွာသော တပည့်များရဲ့ နှလုံးသားထဲမှာ အစ်ကိုတော်ချူးချင်းက ဘယ်လို အနေအထားမျိုးတွင် ရှိနေခဲ့သလဲ။ အကြီးအကဲမြောင်ရဲ့ စကားလုံးတွေက လွန်ကဲလှတဲ့အတွက် အချင်းများမှုနဲ့ သဘောထား ကွဲလွဲမှုတွေကို  ဖြစ်စေခဲ့တယ်လေ။ ဒီလိုနဲ့ သူတို့က ဇူယွမ် ဒီနေ့ မူလဂူနန်း ယှဉ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတာ သိသွားကြတဲ့အတွက် ဒီကိုလာပြီး အကြီးအကဲမြောင် ပြောသွားတာနဲ့ ညီမညီလာကြည့်ကြတာ…”

နောက်ဆုံးတွင် အကြီးအကဲ လုစုန့်မှာ နားလည်သွားခဲ့သည်။ ကြည့်ရသည်မှာ အခြားသော တောင်ထွတ်မှ တပည့်များက ဒီနေရာကို မိတ်ဆွေဖြစ်လိုသော ရည်ရွယ်ချက်နဲ့ လာပုံမရပေ။

သည်နေ့တွင်သာ ဇူယွမ်အနေဖြင့် အံ့အားသင့်စရာ ကောင်းလောက်အောက် မစွမ်းဆောင်နိုင်ပါက ထိုအကြောင်းမှာ ကလန်တစ်ခုလုံးကို ပျံ့နှံ့သွားမည်ဖြစ်ပြီး။ ဇူယွမ်အနေဖြင့် လှောင်ပြောင်မှုနှင့် သရော်မှုများကို မည်မျှ ရင်ဆိုင်ရမှန်း မည်သူမှ မသိနိုင်တော့ပေ။

ချူးချင်းမှာ တကယ်တော့ အလွန် အံ့မခန်းဖြစ်သူ တစ်ယောက်ဖြစ်ပြီး  ဇူယွမ်မှာလည်း ချူးချင်းကဲ့သို့ ပုံမှန်ထက်ပိုသော စွမ်းဆောင်မှုများ လုပ်နိုင်ခဲ့ပင်လျှင် သူ၏ တည်ရှိမှုက နှိုင်းယှဉ်ရန် မဖြစ်နိုင်သေးသဖြင့် ချူးချင်းနှင့် ယှဉ်သောအခါတွင် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။

“အကြီးအကဲမြောင်က တကယ့်ကို အာချောင်တာပဲ။ သူက သည်လိုမျိုး မှတ်ချက်ကို ဘယ်လိုတောင် ပေါ့ပေါ့တန်တန် ပေးနိုင်ရတာလဲ” လုစုန့်မှာ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ စိတ်ထဲတွင်ပင်လျှင် ဇူယွမ်ကို မြင့်မားစွာ တွေးထားသော်လည်း ထိုသို့သော စကားမျိုးကို လူအများရှေ့တွင် ပြောမည် မဟုတ်ပေ။

ယခုတော့ သည်လို လူအများကြီးကို ဆွဲဆောင်ခဲ့ပြီး ဇူယွမ်အား ကြီးမားသော ဖိအားအောက်သို့ ရောက်စေပေသည်။

လုစုန့်မှာ လုဟုန်းနှင့် မတိုက်ခိုက်ရန် ရွေးချယ်ခဲ့သော်လည်းပဲ သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် စိန်းထိုက်ယွမ်ဘက်သို့ ပါနေပေသည်။ တကယ်တော့ လုဟုန်းဘက်ကသာ နောက်ထပ် ဂူနန်းယှဉ်ပြိုင်မှု တစ်ခုတွင် အနိုင်ရပြီး စိန်းထိုက်ယွမ်၏ အုပ်စုထက် များစွာသာလွန်သွားပါက လုစုန့်၏ အဖွဲ့အတွက် အကျိုးရှိမည် မဟုတ်ပေ။

လုယန်ကတော့ လက်ရှိအခြေအနေကို လျစ်လျူရှုထားပြီး အခြားတစ်ဖက်တွင် ရပ်တည်နေပေသည်။ သူမက လက်ပိုက်လျက် ပြောလိုက်သည် “ဇူယွမ်က ဒီအဖြစ်ကို တောင်းဆိုခဲ့တာပဲ။ သူ့လို အတွင်းတောင်ရဲ့ တပည့်အသစ်တစ်ယောက်က ချက်ချင်းလက်ငင်း ကျော်ကြားလာခဲ့တာနဲ့ပဲ သူက အစ်ကိုတော် ချူးချင်းနဲ့တူမယ်လို့ တကယ်ပဲ ယုံကြည့်နေတာလား”

“အမြင့်မားဆုံးဖြစ်တဲ့ သစ်ပင်က လေပြင်းဒဏ်ကို အရင်ဆုံးခံရမှာပဲ။ အရည်အချင်း လုံလောက်မှု မရှိတဲ့ သူတစ်ယောက်က သူ့ရဲ့ သေးငယ်တဲ့ ကျော်ကြားမှုလေးကိုပဲ ကာကွယ်ဖို့ ကြိုးစားနေသင့်တယ်”

ချူးချင်းကို အရူးအမူး ထောက်ခံအားပေးနေသည့် မည်သူမဆိုပင်လျှင် လုယန်ကဲ့သို့ပင် အကြီးအကဲမြောင်၏ တန်ဖိုးဖြတ်မှုကို သဘောတူမည် မဟုတ်ပေ။ လုယန်၏ အမြင်တွင် နှစ်ယောက်လုံးမှာ မတူညီသော အဆင့်တွင် ရှိနေကြပေသည်။ ဇူယွမ်မှာ အစ်ကိုတော် ချူးချင်းနှင့် နှိုင်းယှဉ်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

ထိုအရာမှာ အနာဂတ်တွင် နောက်ထပ် ဘယ်သူ စွမ်းဆောင်နိုင်ဦးမလဲ မသိသည့် နဂါးရှစ်ကောင် ကောင်းချီးသာ ဖြစ်သည်။ ပြောရလျှင် ဇူယွမ်မှာ အစ်ကိုတော်ချူးချင်း၏ အောင်မြင်မှုများထဲမှ တစ်ခုကိုသာ ယှဉ်နိုင်ခြင်းဖြစ်ပြီး အကုန်လုံး မဟုတ်သေးပေ။

ထို့ကြောင့် လုယန်မှာ ဂူနန်းယှဉ်ပြိုင်မှု အပြီးတွင် အကြီးအကဲမြောင်မှ ဇူယွမ်အား ချီးကျူးခဲ့သော စကားလုံးများမှာ သူအား ကဲ့ရဲ့ရန်အတွက် စကားလုံး ကုန်ကြမ်းများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေခဲ့ပေသည်။ အမှန်အတိုင်းပြောရလျှင် အကြီးအကဲမြောင်၏ စကားလုံးများက ဇူယွမ်၏ ပခုံးပေါ်သို့ တင်လိုက်သော ကျောက်တုံးကြီးနှင့် တူသွားပြီး သူ့ကို ခေါင်းမထောင် နိုင်အောင် လုပ်ပေလိမ့်မည်။

လုစုန့်က သူမကို လှမ်းကြည့်လိုက်ပြီး အမှုမထားဟန်ဖြင့် ပြောလိုက်သည် “သူတို့သာ ရှုံးသွားခဲ့ရင် လုဟုန်းတို့ အဖွဲ့ရဲ့ ဂုဏ်သတင်းက ပိုမိုကြီးထွားလာခဲ့ပြီးတော့ ပိုပြီး အရှက်မဲ့စွာ လွှမ်းမိုး ချုပ်ကိုင်လာလိမ့်မယ်။ အဲဒါက ငါတို့အတွက်လည်း မကောင်းတဲ့အရာပဲ”

လုယန်မှာ ထိုအခိုက်တွင် အေးခဲသွားသော်လည်း လေးစားစွာ ပြန်ပြောလိုက်သည် “သူတို့အားလုံးက သူတစ်ယောက်တည်းအပေါ် မူတည်နေတာမှ မဟုတ်တာ… သူက မူလစဦး တတိယအဆင့်ပဲ ရှိသေးတဲ့အတွက် သူတို့တွေထဲက အဖြည့်ခံ တစ်ယောက်ပဲ ဖြစ်လိမ့်မယ်”

လုစုန့်မှာ သက်ပြင်းချလိုက်သည်။ စိန်းထိုက်ယွမ်၏ အခွင့်အရေးက အခြေအနေကောင်း တစ်ခုတွင် ရှိမနေမှန်း သူမသိဘဲမနေပေ။

သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တောင်တစ်ခုလုံးမှ မရေမတွက်နိုင်သော အကြည့်များမှာ တစ်ခုသောအရပ်သို့ စိတ်ဝင်စားစွာ ကြည့်လိုက်ကြသည်။

အုပ်စုတစ်ခုမှာ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

အရှေ့ဆုံးတွင် စိန်းထိုက်ယွမ်က ရှိနေပြီး ဇူထိုက်၊ ကျန့်ယန်၊ ဇူယွမ်နှင့် ယောင်ယောင်တို့ လူစုမှာ အနောက်မှ လိုက်ပါလာကြသည်။

သူတို့ အုပ်စု၏ အရေအတွက်မှာ တော်တော်လေး များပြားလှပြီး ထိုထဲတွင် စိန်းထိုက်ယွမ်၏ လက်အောက်မှ တပည့်များအားလုံး ပါဝင်လာကာ အနည်းဆုံးအနေဖြင့် လုပ်ဆောင်ချက် အနေဖြင့် အားပေးရန် ရောက်လာခဲ့ကြသည်။

စိန်းထိုက်ယွမ် လာနေစဉ်အတွင်း တောင်၏အရှေ့တွင် မည်းနက်နေအောင် စုရုံးနေခဲ့သော ပုံရိပ်များကိုကြည့်ပြီး ချက်ချင်း ကြောင်အသွားခဲ့ပေသည်။ သူလည်းပဲ ဂူနန်းယှဉ်ပြိုင်ပွဲက ဤမျှလူအုပ်ကြီးကို ဆွဲဆောင် နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက မျက်မှောင်ကြုတ် လိုက်သော်လည်း မည်သည်မှ မပြောဘဲ အရှေ့သို့သာ ဆက်လျှောက်သွားခဲ့သည်။ လုစုန့်ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး နောက်တွင် စိန်းထိုက်ယွမ်မှာ ချောက်ကမ်းပါး အစွန်းနားရှိ နောက်ထပ် ပွဲကြည့်စင်မြင့်ပေါ်သို့ သွားလိုက်သည်။

ဇူယွမ်က ပွဲကြည့်စင်အတွင်း မတ်တတ်ရပ်နေရင်းမှ များစွာသော ရင်းနှီးမှု မရှိသောအကြည့်များတွင် ပါဝင်နေသည့် ရယ်မော လှောင်ပြောင်မှုများကို ခံစားမိလိုက်သည်။ ထိုအရာကြောင့် သူပြောနိုင်သည်မှာ ထိုတပည့်များမှာ သူ့ကြောင့် အခြား တောင်ထွတ်များမှ သည်နေရာသို့ လာခဲ့ခြင်း ဖြစ်သည်ကိုပင်။

ယောင်ယောင်က သူ့အား ဘေးမှ လှမ်းစလိုက်သည် “ဘယ်လောက်တောင် အသက်ဝင်လိုက်လဲ။ ကြည့်ရတာ နောက်ဆုံးတော့ နင်နာမည် စကြီးလာပြီပဲ”

ဇူယွမ်မှာ မနေနိုင်ပဲ ရယ်မောလိုက်သည်။ သည်နေရာတွင်ရှိသော အကြည့်များက သူအား ရူးချင်ယောင် ဆောင်နေသည် ထင်ကာ ပိုမိုကြည့်လာကြပြန်သည်။

သို့သော်လည်း ဇူယွမ်မှာ ထိုသူတို့၏ အမူအရာများကြောင့် ဒေါသထွက်ခြင်း မရှိပေ။ သူမျက်လုံးအစုံမှာ တည်ငြိမ်ကာ ကြည်လင်နေပေသည်။ သူတို့ သည်နေရာကို ဘာကြောင့်ပဲလာလာ ဒီနေ့အတွက် သူ့တွင်တော့ ပန်းတိုင်တစ်ခုသာ ရှိသည်။

ခရမ်းရောင် မူလဂူနန်းအား အရယူရန်  ဖြစ်သည်။

စိန်းထိုက်ယွမ်တို့ လူစုရောက်ပြီး မကြာမီခင်မှာပဲ နောက်ထပ် ဆူညံသံများကို ကြားလိုက်ရပြီး နောက်ထပ် လူတစ်စုက ထိုဧရိယာအတွင်းသို့ ဝင်ရောက်လာပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲယူသွားတော့သည်။

ထိုသူများကို ဦးဆောင်လာသူမှာ လုဟုန်းဖြစ်ပေသည်။

သို့သော်လည်း ဇူယွမ်မှာ လုဟုန်း၏ နဘေးတွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

အနက်ရောင် ဝတ်စုံက သူမ၏ ဆွဲမက်ဖွယ် ကောင်ကြောင်းများ ပေါ်တွင် လွှမ်းခြုံထားလျက်ရှိပြီး သူမ၏ ခြေတံများမှာလည်း ရှည်လျား သေးသွယ်ပေသည်။ သူမ၏ ခါးလေးမှာတော့ ညွှတ်ကျမတတ် ပျော့ပြောင်းကာ သေးကျဉ်းပေသည်။ သူမ၏ မျက်ဝန်းများမှာတော့ မာနကြီးမှုနှင့် အေးစက်မှု အရှိန်အဝါတို့ကို ထုတ်လွင့်လျက် ရှိပေသည်။

သူမမှာ လုရွှမ်းယင်ပင် ဖြစ်ပေသည်။။

သူမပေါ်လာသည်နှင့် သူမ၏ အေးစက်ပြီး မောက်မာသော မျက်လုံးအစုံက ဇူယွမ်ကိုသာ ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးတစ်ခု ပေါ်လာပေသည်။

တစ်ချိန်တည်းမှာပဲ သူမ၏ မျက်လုံးထဲမှ မုန်းတီးမှုများ တောက်လောင် လာပေတော့သည်။

“ဇူယွမ် နင်က လုဖန်းဆီကနေ ပထမနေရာကို ယူသွားခဲ့ပြီး သူရရှိသင့်တဲ့ ကျော်ကြားမှုတွေကို ခိုးယူသွားတဲ့အတွက် နင်ဒီနေ့မှာ ဘယ်လို အရှက်ကွဲမလဲဆိုတာကို ငါကိုယ်တိုင် လာကြည့်တာပဲ”


Comment

Leave a Reply


Options

not work with dark mode
Reset