Chapter 19

ကျောင်းသားရဲ့က ဘယ်သူလဲ

ရဲ့လင်းချန်၏ အမှတ်ကို စစ်ကြည့်မည်ဟု သူတို့ ပြောနေသည်ကို ကြားလိုက်ရ သောအခါ ရှုကျန်းတစ်ကိုယ်လုံး တောင့်တင်း သွားသည်။ သူမလက်များကို တင်းနေအောင် ဆုပ်ထားလိုက်မိပြီး ထိန်းချုပ်မရအောင် စိုးရိမ် ပူပန်လာပုံ ရသည်။

ရဲ့လင်းချန်သည်လည်း လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားသည်။ သူသည် ဘေးမှနေ၍ တိတ်တိတ် ဆိတ်ဆိတ်ဖြင့် ပွဲထိုင်ကြည့်နေလိုက်သည်။

“ရဲ့လင်းချန်ရဲ့ ခုံနံပါတ်က တစ်****”

ဟူကျီက ရဲ့လင်းချန်၏ ခုံနံပါတ်ကို ဖြည်းဖြည်းချင်း ရွတ်ပြသည်။ ချူဟောင်က နံပါတ်တစ်ခုကို ကောက်နှိပ် လေသည်။

“အဖေ ကျွန်တော့ နောက်သူငယ်ချင်းတစ်ယောက် ကျန်နေသေးလို့၊ သူ့အမှတ် ကိုရော အဖေ ကူညီပေးလို့ ရမလား”

“ရတာပေါ့ ပြဿနာ မရှိဘူး”

သို့သော် ယခုတစ်ခေါက်၌ ချူဟောင် အချိန်အတော်ကြာ စောင့်လိုက်ရသည်။ ဖုန်းတစ်ဖက်မှ မည်သို့သော တုံ့ပြန်မှုမှ ရှိမနေပေ။ သူ မသဲမကွဲ ဆူညံသံ များနှင့် အားပေးသော အသံတစ်ချို့ကို သူ ကြားနေရသည်။

“အဖေ ကြည့်လို့ရပြီလား”

ချူဟောင် မနေနိုင်ဘဲ မေးလိုက်မိသည်။ ဘေးနားမှ လူများလည်း စိတ်အား ထက်သန်စွာ စောင့်နေကြသည်။ ရှုကျန်း၏ လက်ဝါးများမှာ ချွေးစေးပြန် နေလေသည်။ သူမ၏ ကျောင်းတွင်း စွမ်းဆောင်ရည်ကို သူမ ကောင်းကောင်း သိသော်လည်း မိဘတစ်ယောက်အနေဖြင့် သူမသားတွင် ဆန်းကြယ်မှုတစ်ခု ဖြစ်ပေါ်လာစေဟု မျှော်လင့်နေမိသည်။

“နေဦး နေဦး ပညာရေးဌာနတွေက ဟိုနားမှာ စစ်ကြည့်နေတယ်၊ သူတို့ တစ်ခုခုကို ဆွေးနွေးနေတဲ့ပုံပဲ”

ချူဟောင်၏အဖေက ပြန်ပြောလာသည်။ တစ်မိနစ်ကြာသော် သူ့အဖေ အသံကို ပြန်ကြားလိုက်ရသည်။ သူက စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလာ၏။

“သား မင်းတို့အားလုံး ဘယ်မှာလဲ၊ အဲ့ကနေ မသွားနဲ့ဦး၊ ပညာရေး ဝန်ကြီးဌာနရဲ့ ဝန်ကြီးချုပ်က သူကိုယ်တိုင် လာပြီး ဂုဏ်ပြုစကား ပြောမလို့ ပြီးတော့ မင်းကျောင်းရဲ့ ကျောင်းအုပ်လည်း ပါတယ်ကွ”

“ဗျာ …”

ချူဟောင် အသက်ရှူမြန်လာ၏။ သူသည် ဘေးနားမှ လူများကို ဝေ့ကြည့် လိုက်သောအခါ သူတို့သည်လည်း ထိန်းချုပ်မရအောင် စိတ်လှုပ်ရှား နေကြလေသည်။ သူ စိတ်အား ထက်သန်စွာ ပြုံးလိုက်သည်။

“ကျွန်တော်တို့ ရူကောင်းမြို့ရဲ့ ထောင်လင်းရွာမှာ ရှိတယ်၊ ခဏလေး ကျွန်တော် အဖေ့ဆီ ကျွန်တော့် တည်နေရာကို ပို့လိုက်မယ်”

“အေး မသွားနဲ့နော်၊ ခဏနေရင် ဣန္ဒြေရရ ပြုမူမို့ သတိရဦး၊ အဖေတို့ ခဏနေရင် အဲ့ကို ရောက်မယ်”

ချူဟောင်၏ အဖေက ပြောလိုက်ပြီးသည်နှင့် ချက်ချင်း ဖုန်းချသွားသည်။

“ချူဟောင် ကျောင်းအုပ်နဲ့ ပညာရေးဝန်ကြီးဌာနက လူတွေ လာမယ်လို့ ငါ ကြားလိုက်တယ်၊ အဲ့ဒါ တကယ်ပဲလား”

တစ်စုံတစ်ယောက်က မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ ချူဟောင် သည်လည်း ထပ်တူ စိတ်လှုပ်ရှားနေ၏။ သူ့မျက်နှာက နီမြန်းနေသည်။

“တကယ် ဖြစ်နေတာ၊ သူတို့ လာတောင် လာနေပြီ”

*ဝိုး …*

*သူတို့ တကယ်ကြီး လာနေတာပဲ*

လူတိုင်း အံ့ဩမှုကြောင့် မှင်တက်နေကြသည်။ သူတို့တစ်ယောက်ပြီး တစ်ယောက် ပျာယာခတ်စွာဖြင့် ပျာပန်းခပ်မျှ လှုပ်ရှားနေလာသည်။ သူတို့အားလုံးသည် ဤရွာမှ ရွာသားများ ဖြစ်ကြသည်။ ယနေ့ခေတ်တွင် ကားများကို ကျယ်ပြန့်စွာ အသုံးပြုနေကြပြီ ဖြစ်သော်လည်း ရွာသား အများစုသည် ရွာမှ ထွက်မသွားကြပေ။ ဤရွာသားများ အတွက် ပညာရေး ဝန်ကြီးဌာန၏ ဝန်ကြီးချုပ်နှင့် ကျောင်းအုပ်သည် ရာထူးကြီးသော အရာရှိများအဖြစ် သတ်မှတ် နိုင်ပေသည်။ သူတို့သည် တီဗွီရုပ်သံများတွင်သာ မြင်တွေ့နိုင်သည့် လူများ ဖြစ်ကြသည်။

“မဟုတ်သေးဘူး၊ ငါ အိမ်ပြန်ပြီး ကြည့်ကောင်းတာ တစ်ခုခုနဲ့ ပြန်လဲရမယ်”

“ငါရောပဲ”

“ငါ့မှာ ရစ်ပုမျိုးငှက်တွေ ရှိတယ်၊ ငါ အဲ့ကောင်တွေကို ဖမ်းပြီး သူတို့ကို လက်ဆောင်ပေးလိုက်ရမလား”

မကြာခင်မှာပင် သတင်းက ရွာသူကြီးထံသို့ ရောက်သွားလေသည်။ ရွာသူကြီးသည် အသက်ခြောက်ဆယ်နီးပါး ရှိသော်လည်း ကျန်းမာ၍ အားအင်တက်ကြွနေဆဲပင်။ သူ ခြေလှမ်းကျဲကျဲဖြင့် ပြေးလာပြီး အစီအစဉ်တကျ စီစဉ်လေသည်။

“အားလုံးပဲ ပျာယာခတ်မေနေနဲ့၊ ဝန်ကြီး ငါတို့ရွာဆီ လာတာ ကောင်းတဲ့ကိစ္စပဲ၊ ငါတို့ သူ ရောက်လာတာကို ကြိုဆိုကြောင်း ဆိုင်းဘုတ်ကို မြန်နိုင်သမျှ မြန်မြန် ထောင်နိုင်အောင် ကြိုးစားရမယ်၊ ငါတို့ ဝန်ကြီးဆီမှာ အမြင်ကောင်း ရအောင် လုပ်မှ ဖြစ်မယ်”

သူတို့၏ လုပ်အားက တစ်စုံတစ်ယောက်က စီမံခန့်ခွဲမှုများ လုပ်ပေးလာသောအခါ တိုးတက်လာကြသည်။

“သူတို့ သားကို သားအမှတ် မပြောသေးဘူးလား”

ရှုကျန်း မနေနိုင်ဘဲ မေးလိုက်မိသည်။ ပညာ‌ရေးဌာနမှ လူများထက် ရဲ့လင်းချန်၏ အမှတ်က သူမအတွက် ပိုအရေးပါပုံ ရသည်။ မည်သူမှ ထိုအကြောင်းကို ထပ်မပြောကြချေ။

“ချူဟောင် ပညာ‌ရေး ဝန်ကြီး ဘာလို့လာလဲ မင်း သိလား”

တစ်စုံတစ်ယောက်က သိချင်စိတ်ဖြင့် မေးလာသည်။ ချူဟောင်က ခေါင်းခါလိုက်သည်။ သို့သော် သူ ချက်ချင်း ပြန်ဖြေလေသည်။

“တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အမှတ်တွေနဲ့ ပတ်သက်နေတာ သေချာတယ်လို့ ငါ ထင်တယ်၊ ငါတို့ အမှတ်တွေ စုံစမ်းနေတဲ့အချိန် သူတို့ ဒီကို လာဖို့ စီစဉ်တာ မဟုတ်လား”

လူအုပ်က ထောက်ခံသလို ခေါင်းညိတ်သည်ကိုမြင်ပြီး ချူဟောင် ပြုံးလိုက်သည်။

“ငါ စောနတုန်းက မင်းတို့တွေ အများကြီးကို အမှတ်တွေ ကူကြည့်ပေးခဲ့တယ်လေ၊ အဲ့ထဲမှာ ရလဒ် အနည်းဆုံးလူတောင် ပထမအဆင့် တက္ကသိုလ်ကို လျှောက်နိုင်ခြေ ရှိနေတာ၊ ပြီးတော့ ငါတို့ထဲက တစ်ချို့က စာမေးပွဲမှာ တော်တော်လေး အမှတ်များနေတာလေ၊ ငါတို့ထဲမှာ ငါးယောက်က အမှတ် ခြောက်ရာ့လေးဆယ် နဲ့အထက် ရထားတာလေ၊ ပညာရေးဝန်ကြီးဌာနက ငါတို့ကို အာရုံစိုက်တာ အံ့ဩစရာ မရှိပါဘူး၊ ငါတို့ကို ဂုဏ်ပြုဖို့ လာတာလို့ ငါ သေချာပေါက်နီးပါး ပြောရဲတယက်ွာ”

“သခင်လေးချူရဲ့ သုံးသပ်မှုက တိကျတယ်”

ဟူကျီက ဆက်ပြောသည်။

“ဒါပေမဲ့ ငါတို့အမှတ်က သူတို့နဲ့ ဘာမှမပတ်သက်နိုင်ဘူး၊ အဓိက အရေးပါဆုံးအချက်က သခင်လေးချူရဲ့ အမှတ်က ဒီလို ကြီးမားတဲ့ ဂုဏ်သတင်းကို ယူဆောင်လာနိုင်တာလို့ ငါ ထင်တယ်”

“ဟုတ်တယ် အမှတ်က ခြောက်ရာ့ခြောက်ဆယ်တောင်၊ မင်းက ကျောင်းတစ်ခုလုံးရဲ့ ထိပ်ဆုံး ဆယ့်ငါးယောက် ထဲမှာ နံပါတ်တစ် ချိတ်လိမ့်မယ်လို့ ငါ ထင်တယ်”

“ပြီးတော့ ခြောက်ရာငါးဆယ့်ကိုးမှတ်ရတဲ့ ကျန်းယွင်ရှီလည်း ရှိတယ်လေ၊ ပညာရေး ဝန်ကြီးဌာနက ဒါကို အလေးအနက် ထားနေတာက အံ့ဩစရာ မရှိတော့ဘူး”

မိနစ်နှစ်ဆယ် ကြာပြီးနောက် …

“ယွင်ရှီ ဝန်ကြီးရဲ့ကားက ရွာထဲကို ဝင်လာနေပြီ နင် ရှေ့ကို မြန်မြန် သွားသင့်တယ်”

“အမေ ဘာမှမဖြစ်ပါဘူး သမီး ဒီမှာ လင်းချန်နဲ့ ထိုင်နေလိုက်မယ်”

ကျန်းယွင်ရှီက ခေါင်းခါပြလိုက်သည်။

“ငါ့သမီး နင် ဘာဖြစ်နေတာလ၊ နင် စာမေးပွဲမှာ ဒီလောက် အမှတ်ကောင်းထားတာ၊ ဝန်ကြီးတောင် နင့်ကို ဂုဏ်ပြုဖို့ ဒီရောက်လာပြီ၊ နင် အရှေ့တက်နေသင့်တာပေါ့၊ အမေနဲ့ မြန်မြန် လိုက်ခဲ့စမ်း”

ကျန်းယွင်ရှီက သူမအမေ၏ ဆွဲခေါ်ခြင်း မခံရခင် ရဲ့လင်းချန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လေသည်။ မကြာခင်မှာပင် ကားစက်သံများကို ကြားလိုက်ရသည်။ Buick MPV ကားနှစ်စီးက ရွာထဲသို့ ဖြည်းဖြည်းချင်း မောင်းဝင်လာသည်။  ကားတစ်စီးစီမှ လူသုံးယောက် ဆင်းလာ၏။ နှစ်ယောက်သည် ဆံပင်များ ဖြူနေသော လူနှစ်ယောက် ဖြစ်ပြီး ကျန်လူများမှာ ဝတ်စုံပြည့် ဝတ်စားထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား လေးယောက် ဖြစ်လေသည်။ ထိုအမျိုးသားထဲမှ တစ်ယောက်သည် လေးထောင့်ကျကျ မျက်နှာထား ရှိပြီး အနက်ရောင် မျက်မှန်ကိုင်းကို တပ်ထားသည်။

“အဖေ”

ချူဟောင်က လူလတ်ပိုင်းအရွယ် အမျိုးသားထဲမှ တစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက တည်ကြည်သော မျက်နှာထားဖြင့် ကျန်လူများကို တစ်ချက်ကြည့်လိုက်သည်။

“ချူဟောင် ဒီလာခဲ့၊ ဒါ မင်းရဲ့ နံပါတ်တစ် အထက်တန်းကျောင်းက ကျောင်းအုပ်ပဲ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးကာ ချူဟောင်ကို လက်ပြလိုက်ပြီး သူ့ဘေးနားမှ အဘိုးအိုကို တရိုတသေ ပြောလာသည်။

“ကျောင်းအုပ်ချန် ဒါ ကျုပ်သား ချူဟောင်ပါ၊ သူက စာမေးပွဲမှာ အမှတ် ခြောက်ရာ့ခြောက်ဆယ် ရတာလေ”

“အင်း … တော်တော်‌လေး အထင်ကြီးစရာကောင်းတာပဲ၊ မစ္စတာချူက ကိုယ့်သားကို ကောင်းကောင်းမွန်မွန် သင်ပြ ထားနိုင်တာပဲ”

ကျောင်းအုပ်ချန်က ချူဟောင်ကို ကြင်နာစွာ ပြုံးပြလေသည်။

“ဒီလို ကြိုးစားတာကို ဆက်ထိန်းထား၊ ပြီးတော့ နောင်အနာဂတ်မှာ နိုင်ငံရဲ့ ထောက်တိုင် ဖြစ်လာဖို့ ကြိုးစားပေါ့”

“စိတ်မပူပါနဲ့ ကျောင်းအုပ်ချန်၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံး လုပ်ပါ့မယ်”

ချူဟောင်က ကြက်သွေးဖြင့် အထိုးခံလိုက်ရသကဲ့သို့ တက်ကြွစွာ အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။

“ဘယ်သူက ကျန်းယွင်ရှီလဲ”

ကျောင်းအုပ်ချန်က မေးလာသည်။

“အဲ့ဒါ ကျွန်မသမီးပါ”

ကျန်းယွင်ရှီ၏ မိခင်က ချက်ချင်း ဝင်ပြောလိုက်သည်။ ထို့နောက် သူမက ကျန်းယွင်ရှီအား ရှေ့တိုးရန် ဆွဲခေါ် လေသည်။

“အင်း … ဒီလို အမှတ်ကောင်းမျိုး ရဖို့က တော်တော်ကို မလွယ်တာပဲ၊ ကောင်းတယ်”

ကျောင်းအုပ်ချန်က ပြုံးလိုက်ပြီး ကျောင်းသားများစွာကို တစ်ချက်ကြည့်လိုက်သည်။

“မင်းတို့အားလုံး တာဝန်ကျေပါတယ်”

ထိုစဉ် မျက်မှန်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ရှေ့သို့ လျှောက်လာသည်။ သူက ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်၍ မေးလိုက်သည်။

“ကျောင်းသားရဲ့က ဘယ်သူလဲဆိုတာ ကျုပ် သိချင်တယ်”

*ကျောင်းသားရဲ့လား*

မတ်တပ်ရပ်နေသည့်လူများ အချင်းချင်း ဇဝေဇဝါ မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။ ချူဟောင်က အသံကျယ်ကျယ်ဖြင့် အော်မေးလေသည်။

“ငါတို့အတန်းမှာ ရဲ့မျိုးရိုးနဲ့ တစ်ယောက်ယောက် ရှိလား၊ ရှိရင် ရှေ့တက်လာခဲ့လေ”

“မင်းတို့အတန်းနဲ့ မဆိုင်ဘူး၊ သူက ငါတို့ နံပါတ်သုံး အထက်တန်းကျောင်းက ကျောင်းသားပဲ၊ ကျောင်းသား ရဲ့လင်းချန် ဒီမှာ ရှိလား”

တစ်ခြား အဘိုးအိုတစ်ယောက်က ပိုစိတ်အား ထက်သန်နေသည့်ပုံပင်။

*ရဲ့လင်းချန်*

လူတိုင်းသည် ကိုယ်ကိုစောင်း၍ ထောင့်နား၌ ထိုင်နေသော သားအမိနှစ်ယောက်ကို ပြိုင်တူ လှမ်းကြည့်လိုက် မိသည်။ ထိုအဘိုးအိုက ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။

“မင်းက ရဲ့လင်းချန်လား”

“ကျွန်တော်ပါပဲ”

“ငါက နံပါတ်သုံး အထက်တန်းကျောင်းရဲ့ ကျောင်းအုပ် ရှီရန်ပါ”

လူအိုကြီးက လက်ကိုဆန့်၍ ရဲ့လင်းချန်အား တက်ကြွစွာ လက်ဆွဲနှုတ်ဆက်လေသည်။

“ကျောင်းအုပ်ရှီ တွေ့ရတာ ဝမ်းသာပါတယ်”

ရဲ့လင်းချန်က တည်ငြိမ်စွာ မတ်တပ်ထရပ်၍ တည်တည်ကြည်ကြည် အမူအရာဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ အတိတ်တုန်းကဆိုလျင် သူသည် ကျန်ကျောင်းသားများနည်းတူ စိတ်လှုပ်ရှားနေလောက်သည်။ သို့သော် ယခု သူသည် ပါရမီရှင် စနစ်ကို လက်ဆောင်ရထားပြီးသား ဖြစ်နေသည်။ ထို့အပြင် သူသည် ဂိမ်းကစားနိုင်စွမ်း ရှိပြီး နာမည်ကြီး ဂိမ်းတင်ဆက်သူ ဖြစ်နေပြီး နာမည်ကြီး အနုပညာရှင်အား နှိပ်နယ်ပေးခြင်း ပြုလုပ်နေရသည့်အပြင် ထောင်ချီသော ပရိသတ်များ ရနေပြီ ဖြစ်သည်။ သူ၏ စိတ်ထားက ပြောင်းလဲသွားလေပြီ။ ရူကောင်း အထက်တန်း ကျောင်း၏ ကျောင်းအုပ်က သူ့အား ဖိအားမပေးနိုင်တော့ချေ။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်”

ကျောင်းအုပ်ရှီက ကောင်းတယ် ဟူသော စကားကို သုံးကြိမ်ဆက်တိုက် ပြောနေသည်။ သူ့အကြည့်တွင် ရဲ့လင်းချန်ကို ပို၍လေးစားသော အကြည့်များဖြင့် ပြည့်နေ၏။

“မင်းက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ရေလို တည်ငြိမ်တာပဲ၊ မင်းက ခရိုင်တစ်ခုလုံးရဲ့ အမှတ်အများဆုံးလူပဲ၊ ငါ နံပါတ်သုံး အထက်တန်းကျောင်းကိုယ်စား မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောလိုက်ပြီးနောက် ကျောင်းအုပ်ရှီက ရဲ့လင်းချန်ကို အလေးအနက် ဦးညွှတ်လေသည်။ ကောင်းကင်ဘုံ၏ ဆောင်မမှုကြောင့် နံပါတ်သုံး အထက်တန်းကျောင်းသည် အပျင်းထူသော ကျောင်းသားများ စုဝေးနေမည့် စုရပ်တစ်ခုသာ ဖြစ်နေတော့မည် မဟုတ်ပါ။ ခရိုင်တစ်ခုလုံး၏ အမှတ်အများဆုံး မဆိုထားနှင့် သူ့ကျောင်းမှ တစ်မြို့လုံး၏ အမှတ်အများဆုံး ကျောင်းသား ဖြစ်ခဲ့လျင်တောင်မှ သူ မီးရှူးမီးပန်းများ ပစ်ဖောက်၍ ဂုဏ်ပြုလောက်သည်။ ကျောင်းအုပ်ရှီသည် ဤကိစ္စကို သိခဲ့စဉ်က စိတ်လှုပ်ရှားမှုကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။

“ကျောင်းအုပ်ရှီ ကျွန်တော်က ဒီလို ချီးကျူးမှုမျိုးနဲ့ မထိုက်တန်ပါဘူး”

ရဲ့လင်းချန်က နှိမ့်ချခြင်းလည်းမဟုတ် မာန်တက်ခြင်းလည်း မဟုတ်သော အမူအရာဖြင့် ပြန်လည်၍ ဦးညွှတ် အရိုအသေ ပေးလိုက်သည်။

*သူက ခရိုင် … ခရိုင်တစ်ခုလုံးရဲ့ အမှတ်အများဆုံး နံပါတ်တစ်လား*

လျင်မြန်စွာ ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် လူတိုင်း လိုက်မမီတော့ဟု ခံစားမိလာသည်။ သူတို့ ပါးစပ်အဟောင်းသား ဖြစ်နေပြီး အတွေးများက ဗလာနတ္ထိ ဖြစ်နေ၏။

ရှုကျန်းသည် အစက အနည်းငယ် စိုးရိမ်သလို ခံစားမိနေသည်။ သို့သော် ခရိုင်တစ်ခုလုံး၏ အမှတ် အများဆုံးသူ ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ထိတ်လန့်၊ စိတ်လှုပ်ရှားကာ စိုးရိမ်၍ မယုံနိုင် ဟန်များဖြင့် ပြည့်နှက် လာသည်။

“ကျွန်မသားက တကယ်ပဲ ခရိုင်တစ်ခုလုံးရဲ့ အမှတ်အများဆုံးလား”

“သိပ်မှန်တာပေါ့ဗျာ၊ ခင်ဗျားသားက ခရိုင်တစ်ခုလုံးရဲ့ နံပါတ်တစ် အမှတ်အများဆုံးသူပါ၊ ဒီလို ထူးချွန်တဲ့ ကလေးကို ပျိုးထောင်ပေးနိုင်တယ်ဆိုတော့ ခင်ဗျားက သိပ်ကို အံ့ဩစရာကောင်းတဲ့ မိခင်ပဲ”

ကျောင်းအုပ်ရှီက ခေါင်းညိတ်၍ ပြောလေသည်။

“ကျုပ် ကျောင်းကိုယ်စား ဒီလို ထူးချွန်တဲ့ ကလေးမျိုး ပျိုးထောင်ပေးတဲ့ ခင်ဗျားရဲ့ အရည်အချင်းကိုလည်း ကျေးဇူး တင်ချင်ပါတယ်”

ရှုကျန်း ပါးစပ် အဟောင်းသား ဖြစ်သွားပြီး လူပေါင်းများစွာ၏ အားကျသော အကြည့်များကို ခံယူလိုက်ရည်။ ထို့နောက် သူမသားကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး အိပ်မက်မက်နေသည်ဟု ခံစားမိနေ၏။

တစ်ခဏမျှ ထိတ်လန့်နေပြီးနောက် ချူဟောင်က ခေါင်းခါ၍ အသည်းအသန် အော်လေသည်။

“လုံးဝ မဖြစ်နိုင်ဘူး၊ သူက ဘယ်လိုလုပ် ခရိုင်တစ်ခုလုံးရဲ့ အမှတ်အများဆုံး ဖြစ်နိုင်မှာလဲ”

“မင်းက ငါ့စကားကို သံသယဝင်တာလား”

ကျောင်းအုပ်ရှီက မျက်မှောင်ကြုတ်သွားပြီး ကျောင်းအုပ်တစ်ယောက်၏ အရှိန်အဝါကို ပြသလာသည်။ သူက ချူဟောင်ကို မကျေနပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“သူက ကျောင်းတစ်ခုလုံးရဲ့ စာမေးပွဲတိုင်းမှာ ဘိတ်ချေးရတာလေ၊ သူက ဘယ်လိုလုပ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ကောင်းကောင်း ဖြေနိုင်မှာလဲ၊ ဒါ လုံးဝ ယုတ္တိမရှိဘူး”

ချူဟောင်က ပြန်ပြောလိုက်သည်။

“တကယ်တော့ ကျောင်းသားရဲ့က တတိယ အစမ်းစာမေးပွဲ မတိုင်ခင်အထိ သူ့အရည်အချင်းတွေကို ဖုံးကွယ် ထားတာ၊ တတိယ အစမ်းစာမေးပွဲပြီးတော့ သူကိုယ့်သူ ဖုံးကွယ်နေရာကနေ သူရဲ့ ထိတ်လန့်စရာ အရည်အချင်း တွေကို ပြသခဲ့တယ်”

ကျောင်းအုပ်ရှီ ဖြည်းဖြည်းချင်း ပြောလေသည်။

“စဉ်းစားကြည့်စမ်းပါ၊ မင်းတို့ထဲက ဘယ်သူက အဖြေမှန် ရွေးရမယ့် မေးခွန်းတစ်ရာကို အဖြေမှန်တွေအားလုံးကို ရှောင်နိုင်စွမ်း ရှိလဲ”

လူတိုင်း မနေနိုင်ဘဲ ခေါင်းခါလိုက်မိသည်။

“ကျောင်းသားရဲ့က အဲ့လိုလုပ်နိုင်တယ်”

ကျောင်းအုပ်ရှီက ဩဇာသံအပြည့်ဖြင့် ပြောလေသည်။

“သူ ဘယ်လိုလုပ်လိုက်တာလဲ သိလား၊ သူ့အရည်အချင်းကြောင့်ပေါ့”

“ကျောင်းသားရဲ့က ရှားပါး အရည်အချင်း ရှိပင်မယ့် သူ့ကိုယ်သူ ဖုံးကွယ်နိုင်ခဲ့တယ်၊ သူက အခြားသူတွေ မလုပ်နိုင်တာကို လုပ်နိုင်တယ်၊ မင်းလို ကျောင်းသားမျိုးကို မွေးထုတ်နိုင်တဲ့ ငါ့နံပါတ်သုံး အထက်တန်းအတွက် ဂုဏ်ယူစရာပဲ”

ကျောင်းအုပ်ရှီ အပျော်လွန်နေ၏။ သူ ရဲ့လင်းချန်ကို ကောင်းကင်ဘုံအထိရောက်အောင် ချီးကျူးချင်စိတ် ပေါက်နေသည်။

“ငါက ပညာရေး ဝန်ကြီးဌာနက ဒုဝန်ကြီး ရှဲ့ချောင်ပါ”

မျက်မှန်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ရှေ့သို့ လှမ်းလာသည်။ သူက ရဲ့လင်းချန်ကို ကြင်နာစွာ ပြုံးပြ လေသည်။

“ကျောင်းသား ရဲ့လင်းချန် မင်းက တရုတ်စာ တစ်ရာလေးဆယ့်ငါးမှတ်၊ သင်္ချာ တစ်ရာလေးဆယ့်ငါးမှတ်၊ အင်္ဂလိပ်စာ တစ်ရာလေးဆယ့်ငါးမှတ်၊ သိပ္ပံစွမ်းရည် တစ်ရာလေးဆယ့်ငါးမှတ် ရတယ်၊ မင်း အမှတ်ပေါင်းက ခုနစ်ရာ နှစ်ဆယ့်ငါးမှတ်”

သူက ရဲ့လင်းချန်နှင့် လက်ဆွဲနှုတ်ဆက်ရန် အလျင်စလို လက်ကမ်းပေးလာသည်။

“ကျောင်းသားရဲ့ ဂုဏ်ယူပါတယ်”

အမှတ်က လူတိုင်းကို အသက်ရှူမှားသည်အထိ ထိတ်လန့်သွားစေသည်။ ချူဟောင် ထိတ်လန့်လွန်းသဖြင့် မျက်နှာ ဖြူရော်နေ၏။ သူ၏ မူလက မောက်မာနေသော ပုံစံသည် အညှာအတာမဲ့စွာ နင်းချေ ဖျက်စီးခံလိုက်ရသည်။ ကျန်းယွင်ရှီ စိတ်လှုပ်ရှားကာ မျက်နှာ နီမြန်းလာ၏။ သူမ ရဲ့လင်းချန်အတွက် လက်ခုပ်တီး အားပေးမိသည်။

ပညာရေး ဝန်ကြီးဌာနက ရှေ့တက်၍ ဤသို့ ကြေငြာသဖြင့် ရဲ့လင်းချန်၏ အမှတ်က အစစ်ဖြစ်သည်မှာ သေချာ ပေသည်။

“ကျောင်းသားရဲ့က ဘာသာရပ်တိုင်းမှာ ငါးမှတ်စီပဲ လျော့တယ်၊ မင်း ကောင်းကောင်း ထိန်းဖြေခဲ့တဲ့ပုံပဲ”

ကျောင်းအုပ်ရှီက ရဲ့လင်းချန်ကို အပြုံးဖြင့် ကြည့်နေ၏။

“ရှင်းပါတယ်၊ ကျွန်တော် တစ်ဘာသာချင်းရဲ့ နောက်ဆုံးမေးခွန်းကို မဖြေဘဲ ကျော်သွားဖို့ဘဲ လိုခဲ့တာပါ”

ရဲ့လင်းချန်၏ အဖြေက အားလုံးကို မျက်မှောင်ကြုတ်သွားစေသည်။ အစောပိုင်းက သူ ထိုသို့ပြောခဲ့ပြီး သူတို့က ၎င်းကို ဟာသအဖြစ် သတ်မှတ်ခဲ့ကြသည်ကို သတိရသွားလေသည်။ သို့သော် သူတို့ ယခု ဘာကိုမှ မရယ်နိုင် တော့ပါ။

“ပါရမီရှင်၏ စကားကို နားမလည်ခြင်းအား နားလည်ပေးနိုင်သော်လည်း ဘယ်သောအခါမှ သံသယ မဝင်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့က လုံးဝ အဆင့်မတူကြချေ။

“ဟီးဟီး … ငါတို့ ရူကောင်းမြို့က ခရိုင်တစ်ခုလုံးရဲ့ အမှတ်အများဆုံးကို မွေးထုတ်ပေးခဲ့တာ ငါးနှစ်တောင် ရှိသွားခဲ့ပြီ၊ ကျောင်းသား ရဲ့လင်းချန် ငါတို့မြို့ ဂုဏ်တက်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဒုဝန်ကြီးရှဲ့က ရဲ့လင်းချန်ကို ပြုံး၍ ပြောလေသည်။

“အမှတ်တွေကို ဇယားဆွဲနေတာက ပြီးဖို့လိုသေးပင်မယ့် အရင်နှစ်နဲ့ ယှဉ်လိုက်ရင် ရဲ့လင်းချန်ရဲ့ အမှတ်က ခရိုင် တစ်ခုလုံးမှာ ပထမဆိုတာ သေချာတယ်၊ ထပ်အတည်ပြုပြီးသွားရင် ကျုပ်အထက်လူကြီးကို သူ့ကို ယွမ်ငါးသောင်းတန် ပညာသင်ဆု ချီးမြှင့်ဖို့ ပြောပေးမယ်”

အခြားသော ခေါင်းစဉ်အတုများနှင့် ယှဉ်လျင် ပညာသင်ဆုက ပို၍ လက်တွေ့ကျသော စိတ်ကူးပင်။ ရွာသားများ၏ မျက်နှာတွင် အားကျမှုများ ပြည့်လျှံလာ၏။

*တစ်ယောက်ယောက်ရဲ့ သားကတော့ တကယ် အံ့ဩစရာပဲ …*


Comment

Leave a Reply


Options

not work with dark mode
Reset