အခန်း ( ၁၀၁ )

ငါ့ညီလေး

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်ရွာထဲသို့ စတင်ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် တာအိုကျောင်းမှ အတန်းဖော်တစ်ယောက်၏ အကူညီတောင်းသည့် အချက်ပြမှုကို လက်ခံရရှိလိုက်ခြင်း ဖြစ်သည်။ ထိုကျောက်စိမ်းပေလွှာကို အကူအညီတောင်းခံရာ၌ အသုံးပြုပါက အကွာအဝေးသတ်မှတ်ချက်တစ်ခု ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်း၏ အနားတွင် ရှိမနေပါက ထိုနေရာတွင်ရှိနေသော သံလိုက်စက်ကွင်း၏ ‌ကြားဖြတ်နှောင့်ယှက်မှုများကြောင့် ထိုအချက်ပြမှုကို အောင်မြင်စွာ ထုတ်လွှင့်ပေးပို့နိုင်မည် မဟုတ်ပေ။

ကောင်းကင်တာအိုကျောင်း တစ်ကျောင်းတည်းသာ ထိုသို့ဖြစ်နေသည်တော့ မဟုတ်ပေ။ အခြား တာအိုကျောင်းသုံးကျောင်းမှာလည်း ထိုနည်းတူပင်။ သို့သော် ထိုကဲ့သို့ အားနည်းချက် ရှိနေသည့်တိုင်အောင် ထိုကျောက်စိမ်းပေးလွှာမှာ သူ့နည်းသူ့ဟန်နှင့် အသုံးဝင်သေးသည်သာ ဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့၍ ထိုကျောက်စိမ်းပေလွှာကြီးအား စိုက်ကြည့်နေ၏။ သူသည် ထိုကျောက်စိမ်းပေလွှာထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ပြီးနောက် ထိုအကူအညီ တောင်းခံခဲ့သူ၏ တည်နေရာကို ရှာဖွေကာ ထိုနေရာသို့ သုတ်ခြေတင် ပြေးသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အတန်းဖော်အားလုံးကို အစွမ်းကုန် ကူညီပေးခဲ့သည်သာ ဖြစ်သည်။ သူသည် ကောင်းကင်တာအိုကျောင်း၏ ဓမ္မလက်နက်ဌာနမှ သုံးထပ်ကွမ်းကျောင်းသားခေါင်းဆောင်ဖြစ်သောကြောင့် အကူအညီလိုအပ်နေသည့် လူများကို လျစ်လျူမရှုနိုင်ပေ။

သူ၏ ပင်ကိုယ်စိတ်ဓာတ်ကိုက ထိုကဲ့သို့ ဖြစ်နေသည့်အပြင် သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကိုလည်း ဖတ်ထားဖူးသည်ဖြစ်ရာ အချိတ်အဆက်များများ ရှိခြင်း၏ အရေးပါမှုကိုလည်း ကောင်းကောင်းကြီး နားလည်ထားသည်။ ထို့ကြောင့် သူသည် မိတ်ဆွေအသစ်ဖွဲ့ရန် အမြဲတမ်း အဆင်သင့်ရှိနေ၏။

အခြားသူများကို အကူအညီပေးခြင်းမှာ အထင်ကြီးလေးစားမှုများနှင့် ခင်မင်ရင်းနှီးမှုများကို အမြန်ဆုံး တိုးပွားလာစေနိုင်သည့် နည်းလမ်းများထဲမှ တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အခြားသူများအား ကူညီရခြင်းကို နှစ်ခြိုက်ပြီး ၎င်းမှာ အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲရှိ အခြေခံသဘောတရားများနှင့်လည်း လိုက်လျောညီထွေမှုရှိနေကြောင်း မှတ်ယူထား၏။ ထို့ကြောင့် သူသည် စတင်လှုပ်ရှားလိုက်ပြီး ကျောက်စိမ်းပေလွှာကြီးက ညွှန်ပြနေသော နေရာဆီသို့ ချဉ်းကပ်သွား၏။

ကျောက်စိမ်းပေလွှာကြီး ညွှန်ပြနေသော နေရာသို့ ရောက်သွားသောအခါ ဝမ်ပေါင်လဲ့၏ရှေ့တွင် တောင်ကြားတစ်ခု ရှိနေ၏။ ထိုတောင်ကြားထဲတွင် ကျိုးရိဖန်မှာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လေပေါ်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာ၏။

ထို့ကြောင့် သူ၏ ပါးစပ်ထဲမှ သွေးများ စီးကျလာပြီး သူ၏လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် အရေးပေါ် ဆက်သွယ်ရာ၌ အသုံးပြု‌သော ကျောက်စိမ်းပေလွှာလေးမှာလည်း ဘေးဘက်သို့ လွင့်ထွက်သွား၏။

ဒဏ်ရာရနေသော ကျိုးရိဖန်မှာ လက်တစ်ဖက်ဖြင့် မြေကြီးကိုထောက်ကာ အခြားလက်တစ်ဖက်ဖြင့် သူ၏ရင်ဘတ်ကို ဖိထားရင်း ဒူးထောက်ထလာ၏။ သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း ရိုက်နှက်ကန်ကျောက်ခံထားရသည်။ သူ၏ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာများစွာရှိနေပြီး သူ၏ ရဲရဲနီနေသော မျက်လုံးများထဲတွင်မူ နာကြည်းမှုများနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် ညည်တွားကာ သူ၏ရှေ့တွင်ရှိနေသော လူတစ်ယောက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။ ထိုလူငယ်လေး၏ ပုံပန်းသွင်ပြင်မှာ သူနှင့် အလွန် ဆင်တူနေသည်။

” ကျိုးရိရှန် ”

ထိုရုပ်ရည်ချောမောခံ့ညားသော လူငယ်လေးမှာ ကျိုးရိရှန်ဖြစ်ပြီး အဖြူရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည်။ သူ၏ပုံစံမှာ ကြော့ရှင်းမှုအပြည့် ရှိနေ၏။ သူသည် ကျိုးရိဖန်အား ကန်ကျောက်လိုက်သည့် သူ၏ ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး သူ့အား ပြုံး၍ကြည့်လိုက်၏။

” ဒေါသထွက်နေတယ်ပေါ့ ဟုတ်လား ညီလေး ”

ကျိုးရိရှန်မှာ ထိုသို့မေးလိုက်သောအခါ သူ၏နောက်မှ ရယ်မောသံများစွာ ပေါ်ထွက်လာ၏။ သူနှင့် သိပ်မဝေးသောနေရာတွင် အဖြူရောင် ဝတ်ရုံများ ဆင်မြန်းထားကြသော သမင်ဖြူတာအိုကျောင်းမှ ကျောင်းသား ခြောက်ယောက်ရှိနေ၏။ သူတို့ တစ်ယောက်ချင်းစီတိုင်း အဆင့်မြင့်သော တိုက်ရည်ခိုက်ရည်များကို ပိုင်ဆိုင်ထားကြပြီး အများစုမှာ ခြောက်လက်မဝိညာဉ်အမြစ်ကို စုပ်ယူထားပြီး ဖြစ်သည်။ သူတို့အားလုံးမှာ စိတ်အေးလက်အေး ဖြစ်နေကြပြီး မာန်မာန ထောင်လွှားသော အမူအရာများဖြင့် အပြင်းအထန် ဒဏ်ရာရထားသော ခုနစ်လက်မ ဝိညာဉ်အမြစ်တစ်ခုကို ဝိုင်းထားကြသည်။

ထို ခုနစ်လက်မဝိညာဉ်အမြစ်၏ မျက်နှာမှာ ပြောင်သလင်းခါနေခြင်း မရှိဘဲ ၎င်းမှာ ကျိုးရိဖန်အသွင် ပြောင်းလဲထားပြီးသား ဖြစ်သည်။

ကျိုးရိရှန်မှာ သူ၏ ကျောင်းမှ ကျောင်းသားများကို ဦးဆောင်ကာ ကျိုးရိဖန်အား ထို ခုနစ်လက်မဝိညာဉ်အမြစ်အား မစုပ်ယူနိုင်အောင် တားဆီးခဲ့သည့်ပုံပင်။ သို့မှသာ သူတို့သည် ထိုဝိညာဉ်အမြစ်ကို သိမ်းပိုက်နိုင်မည် မဟုတ်ပါလော။

” ကျောင်းသားခေါင်းဆောင်ရိရှန်။ သူက ကျောင်းသားခေါင်းဆောင် ပြောခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ကို ထပ်ခါတလဲလဲ စိန်ခေါ်ဖို့ ကြိုးစားနေတဲ့ သုံးစားမရတဲ့ ညီလေးဆိုတာလား ”

” သမင်ဖြူတာအိုကျောင်းကို ဝင်ခွင့်မရလို့ ကောင်းကင်တာအိုကျောင်းကို တက်ခဲ့ရတဲ့ ကောင်ကများကွာ… သူ့မှာ ဘာအစွမ်းတွေ ရှိမှာမလို့လဲ ”

ကျိုးရိဖန်၏ ခုနစ်လက်မဝိညာဉ်အမြစ်အား ဝိုင်းထားကြသော လူများမှာ လှောင်ပြောင်ရယ်မောလိုက်ကြသည်။

” ငါ မင်းတို့အားလုံးရဲ့ရှေ့မှာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေပါပြီ။ ဒီကိစ္စတွေ ပြီးသွားတဲ့ အချိန်ကျရင် သမင်ဖြူတာအိုကျောင်းရဲ့ အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရတဲ့ အထိမ်းအမှတ်အနေနဲ့ ငါ မင်းတို့အားလုံးကို တစ်ဝိုင်းဧည့်ခံမယ်ကွာ ”
ကျိုးရိရှန်၏ ယဉ်ကျေးပျူငှာနေသော အပြုံးမှာ နွေဦးရာသီ၏ လေပြေလေညင်းလေး တစ်ခုကဲ့သို့ပင်။

ထိုအခါ သမင်ဖြူတာအိုကျောင်းမှ ကျောင်းသား ခြောက်ယောက်စလုံးမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြ၏။ သူတို့အားလုံးမှာ ကျိုးရိရှန်၏ ပွင့်လင်းမှုကို သဘောကျနေသည်။ တချိန်တည်းမှာပင် သူတိုသည် သမင်ဖြူတာအိုကျောင်း၏ ထိပ်သီးအဆင့်ကျောင်းသားများထဲမှ အတော်ဆုံးတစ်ယောက်ဖြစ်သော ထို တမူထူးခြားသည့် ကျောင်းသားခေါင်းဆောင်နှင့်လည်း မိတ်ဆွေဖွဲ့ချင်နေကြသည်။

ဤ အခြေအနေကြီး တစ်ခုလုံးမှာ အဖတ်ဆယ်၍ မရနိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျိုးရိဖန်မှာ သနားစရာကောင်းစွာ သွေးတစ်ပွက် ထပ်အန်လိုက်ရပြန်သည်။ သူသည် မခံမရပ်နိုင် ဖြစ်နေပါသော်လည် ခိုကိုးရာမဲ့နေရသည် မဟုတ်ပါလော။ ခုနစ်လက်မဝိညာဉ်အမြစ်မှာ သူ၏မျက်လုံးရှေ့တွင် ရှိနေလျှင်တောင် သူနှင့် အလှမ်းဝေးနေရသည်ဖြစ်ရာ အရာအားလုံးမှာ သနားစရာ ကောင်းနေတော့သည်။

သူသည် သိုင်းပညာဌာန၏ ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ပတ်လုံး လုံလဝီရိယအပြည့်ဖြင့် ကြိုးစားခဲ့ပါသော်လည်း သူ ငယ်ရွယ်စဉ်အခါကတည်းက အခန်းကဏ္ဍတိုင်းတွင် သူ့ထက်ပို၍ ထူးချွန်ထက်မြက်ခဲ့သော သူ၏အစ်ကိုဖြစ်သူနှင့် ရင်ဆိုင်လိုက်ရသည့် အခါတွင်မူ လုံးဝ မယှဉ်နိုင်ခဲ့ပေ။

ထို့အပြင် သူ့ဘက်တွင် အကူအညီပေးမည့်သူ ခြောက်ယောက်တိတိ ရှိနေသေးသည် မဟုတ်ပါလော။ သူတို့မှာ တိုက်ခိုက်ရန်ပင် မလိုအပ်ပေ။ သူတို့မှာ ခုနစ်လက်မဝိညာဉ်အမြစ်အား ဝိုင်းထားလိုက်ရုံဖြင့် ကျိုးရိဖန်မှာ စိတ်ပျက်နေရပြီဖြစ်သည်။

” ငါ့ရဲ့ ချစ်ညီလေး။ မင်းက ငါတို့မိသားစုရဲ့ မျိုးမစစ်တစ်ယောက် ဖြစ်တာတောင် ကောင်းကင်တာအိုကျောင်းကို တက်ရောက်နိုင်ခဲ့တာကိုကြည့်ရင် ငါတို့ရဲ့အဖေက ဘယ်လောက် သဘောထားကြီးလဲဆိုတာကို မင်း သိမှာပါ။ မင်းက အဲဒီ အဆင့်နိမ့် မိန်းမကနေ ‌မွေးလာတဲ့ မျိုးမစစ်တစ်ယောက်မလို့ ခြောက်လက်မအဆင့်က မင်းအမြင့်ဆုံး မှန်းနိုင်မဲ့ အဆင့်ပဲ ”
ကျိုးရိရှန်မှာ အပြုံးမပျက်သွားဘဲ ကျိုးရိဖန်၏မျက်နှာရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ သူ၏မျက်နှာကို ပုတ်လိုက်၏။

” ခုနစ်လက်မဝိညာဉ်အမြစ်ကိုတော့ စိတ်ကူးထဲတောင်မထည့်နဲ့ ”

ကျိုးရိဖန်မှာ စော်ကားခံနေရသောကြောင့် သူ၏ မျက်နှာပေါ်မှ အစိမ်းရောင်သွေးကြောကြီးများမှာ တဆတ်ဆတ် တုန်ရီနေရတော့သည်။ သူ၏ မျက်လုံးများမှာလည်း ပို၍ပင် နီမြန်းလာပြီး သူ၏ လက်သီးများကိုလည်း ပို၍တင်းကျပ်စွာ ဆုပ်ထားလိုက်သဖြင့် သူ၏ လက်ဖမိုးပေါ်မှ သွေးကြောပင်လျှင် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေတော့သည်။

သူသည် တုံ့ပြန်တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် သူ၏ အစ်ကိုဖြစ်သူမှာ သူ့အား အေးစက်စက်ကြည့်ကာ သူ၏ ရင်ဘတ်ကို ထိုးနှက်လိုက်သောကြောင့် သူ၏ ပါးစပ်ထဲမှ သွေးစိမ်းများ ထပ်၍ ပန်းထွက်လာရပြန်သည်။ ကျိုးရိရှန်၏ တိုက်ခိုက်မှုကြောင့် သူ ပင်ပင်ပန်းပန်း စုစည်းထားရသော စွမ်းအင်များမှာ လွင့်စင်ပျောက်ကွယ်သွားရ၏။

” ဘာလို့များ အပင်ပန်း ခံနေရသေးတာလဲ ညီလေးရ။ မင်းက ငယ်ငယ်လေးကတည်းက ဒီလိုပဲလေ။ မင်းရဲ့ မျက်လုံးတွေကို ငါ ဘယ်လောက်အထိ ဖောက်ထုတ်ပစ်ချင်နေသလဲဆိုတာကို မင်းသိလား။ မင်းရဲ့ အကြည့်တွေက တော်တော်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတာပဲ ”
ကျိုးရိရှန်မှာ ပြုံး၍ သူ၏ညီလေးအား ကြည့်ကာ တိုးတိုးလေး ဆိုလိုက်သည်။

” မင်း ”
ကျိုးရိဖန်မှာ အသက်ရှူသံများ လေးလံလာ၏။ ပြင်းထန်သော ဝေဒနာများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့နေပါသော်လည်း သူသည် ကူရာကယ်ရာ မဲ့နေ၏။ ကျိုးရိရှန်း၏ စကားများကြောင့် သူသည် အတိတ်ကပုံရိပ်များကို ပြန်၍ သတိရသွားပြီး ၎င်းတို့မှာ သူ၏အသိစိတ်ထဲတွင် ထပ်ခါတလဲလဲ ပြန်ပေါ်လာနေတော့သည်။ ကောင်းကင်တာအိုကျောင်းမှ အတန်းဖော်များကမူ သူသည် လျှို့ဝှက်ဆန်းကြယ်သော မိသားစုတစ်ခုမှ ဖြစ်သည်ဟု သိထားကြပါသော်လည်း တမူထူးခြားသော တိုက်ရည်ခိုက်ရည်များကို ပိုင်ဆိုင်ထားသောကြောင့် နာမည်ကျော်ကြား၏။ သို့သော် အမှန်တွင်မူ သူသည် သူ၏ ငယ်ဘဝတစ်ခုလုံးကို ခါးသီးစွာ ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်သည်။ သူ၏ မိခင်ဖြစ်သူ သေဆုံးသွားခဲ့သည်မှာ အလွန် ကြာမြင့်နေပြီဖြစ်ပြီး သူ၏ ဖခင်ဖြစ်သူကလည်း သူ့ကို အေးတိအေးစက်သာ ဆက်ဆံခဲ့သည်။

ထို့ကြောင့် သူ၏ ကလေးဘဝမှာ အေးစက်စက်နှင့် အထီးကျန်ဆန်ခဲ့၏။ သူ၏ အစ်ကိုဖြစ်သူကလည်း ငယ်ရွယ်စဉ်ကတည်းက သူ့အား အဆက်မပျက် ညှဉ်းပန်းနှိပ်စက်ကာ ဖိအားများ ပေးခဲ့၏။ သူသည် ကောင်းကင်တာအိုကျောင်းသို့ ရောက်သွားပါက သူ၏ အနာဂတ်ကို သူကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်ပြီး သူ၏ မိသားစုမျိုးနွယ်စုနှင့် ခပ်ခွာခွာ နေနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ ခုနစ်လက်မဝိညာဉ်အမြစ်ကို ရယူနိုင်အောင် ကြိုးစားနေသည့်အချိန်မှ သူ့အစ်ကို၏ နှောင့်ယှက်မှုကို ခံလိုက်ရမည်ဟု သူက လုံးဝ တွေးမထားခဲ့ပေ။

” အလျှော့မပေးပါနဲ့ကွ။ ဟုတ်ပြီလား။ ငါက မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ မင်းရဲ့ အနာဂတ်ကို ပြင်ဆင်ထားပေးပြီးသား ”
ကျိုးရိရှန်က စိတ်လှုပ်ရှားနေသည့် မျက်ဝန်းများဖြင့် ကျိုးရိဖန်၏ မျက်နှာကို နောက်ထပ်တစ်ကြိမ် ထပ်၍ပုတ်ကာ ဆိုလိုက်၏။

” မင်း ဒီ ဒဏ်ရာတွေကြောင့် သတိမေ့မြောသွားအောင်လို့ မင်းဆီမှာရှိတဲ့ ဆေးလုံးတွေကို ငါ ယူသွားလိုက်မယ်။ ပြီးရင် မင်း ထွက်မပြေးနိုင်မဲ့ နေရာတစ်ခုမှာ မင်းကို ပိတ်လှောင်ထားလိုက်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မင်း မသေစေရပါဘူး။ ရက်အနည်းငယ်ကြာရင် သတိပြန်ရလာမှာပါ။ ဒါပေမဲ့ မင်းရဲ့ဒဏ်ရာတွေကတော့ ပိုပြီးတော့ ဆိုးနေလောက်ပြီပေါ့ ”

” မင်းကိုယ်မင်း ကယ်တင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ခြောက်လက်မဝိညာဉ်အမြစ်ကို အသုံးပြုပြီး ရှေးဟောင်းသိုင်းအဆင့်ကနေ ဖောက်ထွက်ပြီးတော့ အာနာပါနအဆင့် ကို တက်လှမ်းဖို့ပဲ ရှိတော့တယ်ဆိုတာ မင်းသိလာရမှာပဲ။ မင်း အာနာပါနအဆင့် ရောက်မှသာ ဒီနေရာမှာရှိတဲ့ တွန်းထုတ်အားကို အသုံးပြုပြီးတော့ ဒဏ်ရာတွေ ဗရပွဖြစ်နေတဲ့ မင်းရဲ့ ခန္ဓာကိုယ်ကြီးကို မှော်ဝင်နယ်မြေအပြင်ဘက်ကို ပြန်ပို့နိုင်မှာလေ ”

” ဘယ်လိုလဲ။ မင်းရဲ့ အစ်ကိုကြီးက သဘောကောင်းတယ်မလားကွ ”

ကျိုးရိဖန်မှာ ကျိုးရိရှန်၏ စကားများကို ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။ ထိုစကားများမှာ ရက်စက်ကြမ်းကြုတ်လွန်းသောကြောင့် ကျိုးရိဖန်၏ မျက်လုံးများမှာ ရဲရဲနီသွားရပြီး ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။ သို့သော် သူသည် တုံ့ပြန်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက်နှင့် သူ၏လက်ထဲမှ လွတ်ကျသွားသော ကျောက်စိမ်းပေလွှာလေးကို လှမ်း၍ကြည့်လိုက်၏။ ၎င်းမှာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် မဟုတ်ပါလော။

” ကြည့်မနေနဲ့တော့။ မင်းကိုကယ်ဖို့လာတဲ့လူလည်း မင်းရဲ့အရှုပ်ထုပ်ထဲ ရောက်သွားမှာပဲ ”
ကျိုးရိရှန်မှာ ရယ်မောကာ ကျိုးရိဖန်အား မြှောက်၍ ကျောက်စိမ်းပေလွှာလေး ပြုတ်ကျသွားသောနေရာသို့ လှမ်း၍ ကိုင်ပေါက်လိုက်၏။ ထို့နောက် ထိုကျောက်စိမ်းပေလွှာကို သူ၏ ‌ခြေထောက်ဖြင့် တစ်စစီ နင်းချေပစ်လိုက်ပြီး ကျိုးရိဖန်၏ နောက်ဆုံး မျှော်လင့်ချက်မီးတောက်ကလေးကို ငြှိမ်းသတ်လိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။

ကျိုးရိဖန်မှာမူ ထို ကျောက်စိမ်းပေလွှာလေး တစ်စစီ ကြေမွသွားသည်ကို မြင်လိုက်ရသဖြင့် အားအင်များ ကုန်ခမ်းသွားပြီး စိတ်ပျက်လက်ပျက်နှင့် မျက်လုံးများကို မှိတ်လိုက်တော့သည်။

သို့သော် ထိုကျောက်စိမ်းပေလွှာလေး ကြေမွသွားပြီး ကျိုးရိဖန် မျက်လုံးများ မှိတ်သွားသည့်အချိန်တွင် ခပ်လှမ်းလှမ်းမှနေ၍ လူတစ်ယောက်ပြေးလွှားလာသော အသံများကို ကြားလိုက်ရသည်။ ထို့နောက် ကျိုးရိဖန် ရင်းရင်းနှီးနှီး ကြားဖူးနေသော ‌ဒေါသတကြီး အော်ဟစ်သံကြီးတစ်သံ ပေါ်ထွက်လာသည်။ ၎င်းမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းသွား၏။

” ကျိုးရိရှန် … အတင့်ရဲလှပါလားကွ ”

ထိုအသံကြီးနှင့်အတူ ဝမ်ပေါင်လဲ့မှာ ရင်သပ်ရှုမောဖွယ်ကောင်းသော အမြန်နှုန်းမျိုးဖြင့် လျှပ်စီးတန်းတစ်တန်းကဲ့သို့ ချက်ချင်းပင် ပေါ်ပေါက်လာသည်။ သူသည် ကျိုးရိရှန်၏ ရှေ့သို့ ရောက်သွားပြီး သူ့အား ချက်ချင်းပင် ထိုးနှက်လိုက်၏။

ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် ကျိုးရိရှန်နှင့် သူ၏ အတန်းဖော် ‌ခြောက်ယောက်မှာ တုံပြန်ချိန်ပင် မရလိုက်ပေ။ ဝမ်ပေါင်လဲ့၏ လက်သီးချက်ကြောင့် တရွှီရွှီမြည်သံများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။

ကျိုးရိရှန်၏ အမူအရာမှာလည်း ချက်ချင်းပင် ပြောင်းလဲသွား၏။ ထိုကဲ့သို့ အသက်တမျှ အရေးကြီးနေသော အခိုက်အတန့်တွင် သူသည် ကျိုးရိဖန်ကို ‌ဆွဲထူကာ ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုရန် ကြိုးပမ်းလိုက်၏။ သူ၏ လက်စွပ်မှာလည်း လင်းလက်စွာ ‌တောက်ပသွားပြီး သူ၏ အကာအကွယ်ဒိုင်းကို ထုတ်ကာ ဝမ်ပေါင်လဲ့၏ လက်သီးချက်ကို တားဆီးလိုက်၏။

ထို့ကြောင့် တအုန်းအုန်း မြည်သံကြီးများ ချက်ချင်းပင် ပေါ်ထွက်လာ၏။ ကျိုးရိရှန်မှာ အမြန်ဆုံးသောအရှိန်ဖြင့် ခုတ်မောင်းလာသည့် ရထားတစ်စင်းက သူ့အား ဝင်တိုက်သွားသကဲ့သို့ ပြင်းထန်သော အားကြီးတစ်ခုကို ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရပြီး ကျိုးရိဖန်မှာလည်း သူ၏ လက်ထဲမှ လွတ်ကျသွား၏။ ထို့နောက် သူသည် ထိုပြင်းအားကြီးကြောင့် လေထဲသို့ မြောက်တက်သွားတော့သည်။ သူ လေထဲ၌ ရှိနေစဉ်တွင် သူ၏ ဓမ္မရတနာမှ ထုတ်လွှတ်ပေးထားသော အလင်းရောင်များမှာ တစ်လွှာပြီးတစ်လွှာ ပျက်စီးသွားပြီး နောက်ဆုံးတွင် အုန်းခနဲမြည်ကာ တစ်စစီ ပျက်စီးသွားရတော့သည်။ ကျိုးရိရှန်၏ ခန္ဓာကိုယ်မှာလည်း နောက်သို့ ပေတစ်‌ရာကျော်အထိ လွင့်ထွက်သွားရသည်။ သူ မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ ထို့နောက် သူသည် ခေါင်းမော့ကြည့်လိုက်သောအခါ ကျိုးရိဖန်၏ ဘေးတွင် ပေါ်လာသည့်လူမှာ ဝမ်ပေါင်လဲ့ဖြစ်နေကြောင်း မြင်လိုက်ရသဖြင့် အံ့အားသင့်သွား၏။

” ဝမ်ပေါင်လဲ့ ”
ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့အား ချက်ချင်းပင် မျက်မှန်းတန်းမိသွားသောကြောင့် အသက်ရှူသံများ မြန်လာ၏။ တချိန်တည်းမှာပင် သူ၏ အတန်းဖော်‌ ခြောက်ယောက်မှာလည်း အသက်ပင် မရှူနိုင်လောက်အောင် တုန်လှုပ်နေကြပြီး ဝမ်ပေါင်လဲ့အား တအံ့တဩနှင့် စိုက်ကြည့်နေကြတော့သည်။

ဝမ်ပေါင်လဲ့မှာ မြန်ဆန်လွန်းနေပြီး သူ၏ လက်သီးချက်မှာ အလွန် အားပြင်းနေသောကြောင့် သူတို့ သိထားသော ဖွံ့ထွားသွေးကြောအဆင့်ထက်ပင် သာလွန်နေ၏။ သူတို့မှာ သူ၏ လက်သီးချက်ပြင်းအားကြောင့် အတိုင်းအတာတစ်ခုအထိ အံ့ဩမှင်တက်သွားရ၏။

” သူက ဘယ်လိုကျင့်ကြံခြင်းအဆင့်မျိုးကို ပိုင်ဆိုင်ထားတာလဲဟ ”

” ကျောင်းသားခေါင်းဆောင်ရိရှန်ရဲ့ အကာအကွယ် ဓမ္မအဆောင်က ချက်ချင်းကို ပျက်စီးသွားတာပါလား ”

သူတို့မှာ အံ့ဩတုန်လှုပ်နေကြစဉ် ကျိုးရိဖန်မှာ မျက်လုံးများပွင့်လာပြီး သူ၏ဘေးတွင်ရပ်နေသော ဝမ်ပေါင်လဲ့အား ရီဝေဝေနှင့် စိုက်ကြည့်နေ၏။ သူသည်လည်း အံ့အားသင့်လွန်းနေသောကြောင့် ဆွံ့အနေရပြီ ဖြစ်သည်။ သူသည် အကူအညီတောင်းခဲ့ပါသော်လည်း သူ့အား ကယ်တင်ရန် ရောက်လာမည့်လူမှာ ဝမ်ပေါင်လဲ့ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူတို့ နှစ်ဦး၏ ကြားတွင် စိတ်မချမ်းမြေ့ဖွယ်ရာ ပဋိပက္ခများ ရှိခဲ့ဖူးသည် မဟုတ်ပါလော။

သူတို့နှစ်ဦးကြားတွင် ရန်ငြှိးရန်စများ ရှိနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ကူညီပေးခဲ့သည်ဖြစ်ရာ ကျိုးရိဖန်းမှာ စိတ်နှလုံး လှုပ်ရှားသွားရ၏။ သူ၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်ပေါင်းစုံ ပေါ်ထွက်လာရပြီး သူသည် အတန်ငယ် အပြစ်မကင်းသလို ခံစားလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာမူ ကျိုးရိဖန်၏ ခံစားချက်ပေါင်းစုံ ဖုံးလွှမ်းနေသော မျက်နှာထားကို သတိမထားမိလိုက်ဘဲ သူ့အား ကျောပေးကာ ကျိုးရိရှန်အား လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာထားမှာ ရန်လိုနေသည့်ပုံစံ ပေါက်နေပြီး သူ၏မျက်လုံးများထဲတွင် ‌ဒေါသစိတ်များကို အတိုင်းသားမြင်နေရသည်။

သူသည် ထိုနေရာသို့ နောက်ကျပြီးမှ ရောက်လာခဲ့ပါသော်လည်း သူ၏ရှေ့တွင် မြင်နေရသည့် အနေအထားကိုကြည့်၍ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စရပ်များကို ခန့်မှန်းနိုင်၏။ ညီအစ်ကိုများ ဖြစ်ကြသော ကျိုးရိဖန်နှင့် ကျိုးရိရှန်တို့မှာ အဘယ့်ကြောင့် ယခုလို ဖြစ်နေရမှန်း သူက နားမလည်နိုင်ပါသော်လည်း ကျိုးရိရှန်၏ ရက်စက်ယုတ်မာမှုများမှာ ပေါ်လွင်နေ၏။

” မင်းတို့က ဒီအတိုင်း ရိုးရိုးတန်းတန်း လုယက်တာလောက်ဆို ကိစ္စမရှိဘူး။ ငါလည်း အဲဒီလို လုခဲ့ဖူးတာပဲ။ ဒါပေမဲ့ အဲဒီလောက်ဆို တော်ပြီလေ။ မင်းတို့က သူများရဲ့ အခွင့်အရေးတစ်ခုကို အလစ်သုတ်တဲ့အပြင် သူ့ရဲ့ မျှော်လင့်ချက်တွေကိုပါ ရိုက်ချိုးနေတာပဲ။ တော်တော်ကို တရားလွန်တာပဲကွ “


Comment

Leave a Reply

Options

not work with dark mode
Reset