စာစဥ် (၂၄) အပိုင်း (၃၃၂)

တန်ဖိုးဖြတ်ခြင်း

မရေမတွက်နိုင်သော တပည့်များ၏ အာရုံစိုက်မှုအောက်တွင် မူလရေကန်၏ အထက်စီမှ တိမ်တိုက်များမှာ အဆုံးမဲ့သော မူလချီများနှင့်အတူ ဖြည်းညင်းစွာ ပျောက်ကွယ် လာတော့သည်။ သိသာစွာပင် ကောင်းချီးခံယူမှုမှာ ပြီးဆုံးတော့မည် ဖြစ်သည်။

တပည့်များ၏ မျက်လုံးများထဲတွင် မနာလိုမှုများနှင့် ပြည့်နေခဲ့သည်။ နဂါးရှစ်ကောင် ကောင်းချီး… ထိုအရာသည် ဇူယွမ်ကဲ့သို့ မူလစဦး ဒုတိယအဆင့် တစ်ယောက်ကို မဆိုထားနှင့် ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်ကိုပင် အကျိုးရှိစေပေသည်။ ထို့ကြောင့် သူ့အတွက် အကျိုးများစွာ ပိုမိုရှိမည်မှာ အသေအချာပင် ဖြစ်သည်။

တိမ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် အမျှ ဇူယွမ်၏ ပုံရိပ်မှာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။

သူက ရှေးဟောင်း ကျောက်တိုင်လုံးကြီးပေါ်တွင် မျက်စိပိတ်လျက် ထိုင်နေခဲ့ပြီး အချိန်အချို့ကြာမှ မျက်စိဖွင့်လိုက်သည်။ ရွှေရောင် အလင်းတန်းများက သူ၏ မျက်ဝန်းတွင် ယှက်သန်းသွားခဲ့ပြီး နဂါးတစ်ပိုင်း စပါးအုံးတစ်ပိုင်း ကောင်ကြီးသည် ပဲ့တင်ထပ်ကာ အော်မြည်နေခဲ့ကာ သူ၏ ခန္ဓာကိုယ်မှ မူလချီများမှာ မြင့်တက်လာခဲ့သည်။

လူတိုင်းက ဇူယွမ်၏ ခန္ဓာကိုယ်မှ မူလချီ သန်မာမှုမှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။

မူလစဦး တတိယအဆင့်။

လူအုပ်ကြီး၏ နှလုံးသားများမှာ ချက်ချင်းပင် တုန်ခါသွားတော့သည်။ သေချာစွာပင် ကောင်းချီးက ဇူယွမ်အား ကျင့်ကြံခြင်း နောက်တစ်ဆင့်ကို တိုက်ရိုက် မြှင့်တင်ပေးခဲ့ပြီး သူ့အား မူလစဦး တတိယအဆင့်သို့ တက်လှမ်းသွားစေခဲ့သည်။

များစွာသော အကြည့်များမှာ မနာလိုမှုများနှင့် ပြည့်နှက်သွားခဲ့သည်။ ပြောကြသည်မှာ ဇူယွမ်သည် လွန်ခဲ့သော တစ်လကျော်လောက်ကမှ မူလစဦး ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ် အဆင့်တက်သည်မှာ မယုံကြည်နိုင် လောက်အောင် ဖြစ်စေပေသည်။ ထို့အပြင် သူ၏ မူလချီများမှာ အလွန်အမင်းကို သိပ်သည်း ခိုင်မာနေပြီး အတင်းအကျပ် အဆင့်တက်သွားသူ တစ်ယောက်နှင့် မတူပေ။

မျက်လုံး ဖွင့်လိုက်သည်နှင့် ဇူယွမ် ပထမဆုံး ပြုလုပ်လိုက်သည့် အရာမှာ သူ၏စိတ်အာရုံကို မူလချီသိုလှောင်ခန်းသို့ ပို့ကာ စစ်ဆေးလိုက်ခြင်း ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပီပြင်စွာ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ ချီသိုလှောင်ခန်း အတွင်းရှိ မူလချီ ကြယ်ပွင့်များမှာ (၇၀၀) ကျော်သွားခဲ့ပြီ ဖြစ်သည်။

သူ မူလစဦး ဒုတိယအဆင့်တွင် ရှိစဉ်အခါက မူလချီကြယ်ပွင့် အရေအတွက်မှာ လေးရာကျော်သာ ရှိပေသည်။

ထိုအရာက မူလချီကြယ်ပွင့်များ နှစ်ဆနီးပါး တိုးလာခြင်း ဖြစ်သည်။

မူလချီ သိုလှောင်ခန်းအတွင်းရှိ မူလချီ ကြယ်ပွင့် အရေအတွက်ကို ကြည့်ခြင်းဖြင့် လူတစ်ဦး၏ မူလချီ၏ အရည်အသွေးကို ဆုံးဖြတ်နိုင်သည်။ တစ်နည်းအားဖြင့် မူလကောင်းချီး ခြင်ဆီက ဇူယွမ်၏ မူလချီကို နှစ်ဆနီးပါး တိုးလာစေခြင်း ဖြစ်သည်။

“ပုံမှန်အတိုင်းဆိုရင် သာမန် မူလစဦး ပဉ္စမအဆင့် တစ်ယောက်က သူ၏ မူလ ချီသိုလှောင်ခန်းထဲမှာ မူလချီကြယ်ပွင့် ငါးရာကျော် ရှိနေသင့်တယ်။ ငါက မူလစဦး တတိယအဆင့်ပဲ ရှိသေးပေမဲ့ ငါ့ရဲ့ မူလချီကို အသုံးပြုပြီး သာမန် မူလစဦးအဆင့် တပည့်တစ်ယောက်ကို နင်းချေပစ်လို့ ရတယ်”

စိတ်လှုပ်ရှားမှုကြောင့် ဇူယွမ်၏ မျက်လုံးအစုံတွင် ငွေရောင် လင်းလက်နေခဲ့သည်။ သူနှင့် ချောင်းစည်တို့ နောက်တစ်ကြိမ် တိုက်ပွဲဖြစ်မည်ဆိုပါက ထိုတိုက်ပွဲမှာ အလွန်ကို တစ်ဖက်သတ် ဆန်လွန်း သွားပေလိမ့်မည်။

“ငါရဲ့ လက်ရှိ မူလချီနဲ့ဆိုရင် မူလစဦး ပဉ္စမအဆင့် တစ်ယောက်ကို ကြောက်ဖို့ မလိုအပ်တော့ဘူး”

ဇူယွမ်မှာ သူ၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသကဲ့သို့ သက်ပြင်းချလိုက်သည်။ သည်အောင်မြင်မှုမှာ သူ့အတွက် အလွန်အမင်း အရေးပါခဲ့ပေသည်။ သည်သန်မာမှုနှင့်ဆိုပါက ဂူနန်းယှဉ်ပြိုင်မှုတွင် အနိုင်ရရှိဖို့ အခွင့်အရေးရှိကြောင်း ယုံကြည်မှုရှိပြီ ဖြစ်သည်။

ဇူယွမ်မှာ မတ်တတ်ထရပ် လိုက်ပြီးနောက် သူ့ခြေထောက်အောက်ရှိ ကျောက်တိုင်လုံးကို တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

အသီးတစ်လုံး၏ ချိုမြိန်မှုကို ခံစားမိပြီးနောက်တွင် ထိုအရာကို ဆာလောင်စိတ်များက သိသာစွာပင် ပိုမို မြင့်တက်လာခဲ့သည်။

မူလကောင်းချီးခြင်ဆီက လူတစ်ယောက်၏ ကျင့်ကြံမှုကို ရူးသွပ်သွားနိုင်သည် အထိ အကျိုးဖြစ်ထွန်းစေပေသည်။

ကံမကောင်းစွာပဲ သူက ယခုတွင် ရွှေရောင် ခါးစည်းတပည့် တစ်ယောက်သာ ဖြစ်သေးသည့်အတွက် တောင်ထွတ်ရွေးချယ်မှု ချန်ပီယံဖြစ်သောကြောင့် ပေးအပ်ခဲ့သော အခွင့်အရေးကို အသုံးပြုပြီးနောက်တွင် မူလရေကန်ထဲ ထပ်မံဝင်ရောက်ရန် ကြာရှည်စွာ စောင့်ဆိုင်းရပေဦးမည်။

“ကြည့်ရတာ ငါ့အနေနဲ့ ခရမ်းရောင်ခါးစည်း တပည့်တစ်အောင် တတ်နိုင်သမျှ မြန်မြန် လုပ်ရမဲ့ပုံပဲ” ဇူယွမ်၏ မျက်နှာပေါ်တွင် တွေးတောနေပုံ ပေါ်နေသည်။ ခရမ်းရောင် ခါးစည်းတပည့် တစ်ယောက်ဖြစ်လာပါက နှစ်လတစ်ကြိမ် မူလကောင်းချီးခြင်ဆီကို ခံယူနိုင်မည် ဖြစ်သည်။

နောက်ဆုံးတွင် ဇူယွမ်မှာ ခေါင်းမှအတွေးများကို ရှင်းထုတ် လိုက်ပြီးနောက် သူ၏ခေါင်းကို မော့ကြည့်လိုက်လျှင် သူအား အံ့အားသင့်စွာ စိုက်ကြည့်နေသော အကြည့်များစွာကို တွေ့မြင်လိုက်ရသည်။

သိသာစွာပင် အစောက သူ၏  နဂါးရှစ်ကောင် ကောင်းချီးသည် လူအများ၏ အာရုံစိုက်မှုကို ရလိုက်ပေသည်။

သို့သော်လည်း ဇူယွမ်မှာ ထိုအရာကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သောကြောင့် သူ၏ အမူအရာမှာ တည်ငြိမ်လျက်ရှိသည်။ သည်နေ့ မျိုးဆက်များထဲတွင် ယခင်က ချူးချင်းတစ်ယောက်သာ ထိုကောင်းချီးကို ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သေးသောကြောင့် ဇူယွမ်အနေဖြင့် နဂါးရှစ်ကောင် ကောင်းချီး၏ အဓိပ္ပာယ်ကို လုံးဝနားလည်ခဲ့ပေသည်။

ခလပ်…ခလပ်…။

လက်ခုပ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ အကြီးအကဲမြောင်မှာ ဇူယွမ်ကို အံ့အားသင့်စွာ ကြည့်နေခဲ့ပြီးနောက် ပြောလိုက်သည် “ဂုဏ်ပြုပါတယ် ဇူယွမ်၊ နင်က ငါတို့ ကန်ရွှမ်းကလန်ရဲ့ သမိုင်းတစ်လျှောက်မှာ နဂါးရှစ်ကောင် ကောင်းချီးကို ရရှိခဲ့တဲ့ ပထမဦး ရွှေရောင် ခါးစည်တပည့်ပဲ။ နင့်ရဲ့ နာမည်ကို မကြာခင်မှာ ကလန်တစ်ခုလုံး သိသွားကြတော့မှာ သေချာတယ်”

သူ၏ မျက်နှာပေါ်တွင် သဘောကျခြင်းများ ပါဝင်နေပေသည်။ ဇူယွမ်၏ ဒီနေ့လုပ်ဆောင်မှုမှာ အမှန်ပင် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလွန်းလှပေသည်။

ဇူယွမ်က မိမိကိုယ်ကို နိမ့်ချလျက်ပင် ရှိနေပြီး သူ၏ လက်သီးနှစ်ဖက်ကိုဆုပ် အကြီးအကဲမြောင်အား အရိုအသေပေးကာ ပြောလိုက်သည် “ကျွန်တော်က အချီးမွမ်းခံဖို့အတွက် ထိုက်တန်မှုမရှိသေးပါဘူး။ ဒီအရာက ကောင်းချီးတစ်ခုသာ ဖြစ်ပြီး ဘာမှ သိပ်မဟုတ်သေးပါဘူး”

ဇူယွမ်မှာ ကောင်းမွန်စွာ လုပ်ဆောင် နိုင်ခဲ့သော်လည်း မည်သည့် မောက်မာမှုမှ မရှိသောကြောင့် အကြီးအကဲမြောင်၏ မျက်နှာပေါ်တွင် ပိုပြီး လေးစား သဘောကျသွားသော အရိပ်အယောင်များ ပေါ်လာခဲ့ပေသည်။

“နင် မူလသူတော်စင် တောင်ထွတ်ကို ရွေးချယ်ပြီးသွားတဲ့ အချိန်မှာ ငါတို့ရဲ့ တောင်ထွတ် ဆရာသခင်က ဘာကြောင့် ဝမ်းနည်းပူဆွေးနေမှန်း ငါမသိခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ဘာလို့လဲဆိုတာ ငါသိခဲ့ရပြီ” အကြီးအကဲမြောင်က မှတ်ချက်ချလိုက်သည်။

“ဒီနေ့ နင်လုပ်ဆောင်ခဲ့တဲ့ အတိုင်းဆိုရင် နင်က အနာဂတ် အောင်မြင်မှုက ချူးချင်းအောက် နိမ့်မှာမဟုတ်ဘူး။ ကြည့်ရတာ ဒီတစ်ခေါက်တော့ မူလသူတော်စင် တောင်ထွတ်က အရွေးချယ်ခံ တစ်ယောက် ထပ်ရတော့မယ် ထင်တယ်”

သူမ၏ စကားလုံးများက ဇူယွမ်အား သူမမည်မျှ မြင့်မားစွာ တွေးထားကြောင်းကို ဖော်ပြနေပေသည်။

အကြီးအကဲမြောင်မှာ သူ့အား ပေါ်ပေါ်ထင်ထင် ချီးကျူးခြင်း ဖြစ်သည့်အတွက် အနီးအနားတွင် ရှိနေသော တပည့်များမှာ ထိုစကားများကို ကြားသွားပြီး ဆူညံသံများ ဖြစ်ပေါ်လာခဲ့သည်။

အကြီးအကဲမြောင်က ဇူယွမ်ကို မြင့်မားစွာ တန်ဖိုးထားလိမ့်မည်ဟု သူတို့ မတွေးထားခဲ့ပေ။ သူမက ဇူယွမ်၏ အနာဂတ် အောင်မြင်မှုများမှာ ချူးချင်းနှင့်ပဲ ယှဉ်နိုင်လိမ့်မည်ဟု တွေးနေခဲ့ပေသည်။

ချူးချင်းဆိုသည်မှာ မည်သူနည်း။ သူသည် ယခု မျိုးဆက်တွင် အလွှမ်းမိုး နိုင်ဆုံးသောသူ ဖြစ်ပြီး အရွေးချယ်ခံ ဆယ်ယောက်၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။ သူ့အား ကန်ရွှမ်းကလန် တစ်ခုတည်းသာမက ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးက သိရှိပေသည်။

နှိုင်းယှဉ်ကြည့်ပါက ဇူယွမ်မှာ သူနှင့်တူညီသော အဆင့်တွင် မရှိပေ။

“ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်လဲ”

အကြီးအကဲမြောင်၏ စကားလုံးများမှာ စော်ကားလွန်းသည်ဟု လုယန် ခံစား လိုက်ရသော်လည်း ပြင်းထန်စွာ ပြန်ပြောရန် မဖြစ်နိုင်ပေ။ သို့သော်လည်း သူမက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး “အစ်ကိုတော် ချူးချင်းကို ဘယ်လိုပါရမီရှင်လို့ ထင်နေတာလဲ။  ဇူယွမ်က သူနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ”

ဇူယွမ်မှာ အစွမ်းအစ အချို့ရှိသော်လည်း နဂါးရှစ်ကောင် ကောင်းချီး ခံရရုံနှင့် အရာအားလုံး မဖြစ်နိုင်ပေ။ ချူးချင်း အတွင်းတောင်သို့ ဝင်စဉ်က နှစ်ဝက်ထဲဖြင့် ရွှေရောင်ခါးစည်း တပည့် ဖြစ်လာခဲ့ပြီး ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်အကြားတွင် ရပ်တည်ရန်မှာ တစ်နှစ်သာ ကြာမြင့်ခဲ့ပေသည်။ ကန်ရွှမ်းကလန်၏ သမိုင်းတွင် သူ၏ တိုးတက်မှုနှုန်းမှာ အမြန်ဆုံးပင် ဖြစ်သည်။

“အကြီးအကဲမြောင်က ကောင်းချီးခံယူမှု တစ်ခုအပေါ် မှုတည်ပြီး ဇူယွမ်အား သုံးသပ်လိုက်တဲ့ အနာဂတ်တွင် အကိုတော် ချူးချင်းနှင့် အတူ ရပ်တည်နိုင်မည် ဆိုသည့် စကားကို ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး”

သူမ၏ ပတ်ဝန်းကျင်ရှိ အခြားတပည့်များမှာလည်း ခေါင်းညိတ် လိုက်ကြသည်။ သူတို့ပင်လျှင် အကြီးအကဲမြောင်၏ ထင်မြင်ချက်မှာ အနည်းငယ် လွန်သည်ဟု ထင်မိပေသည်။

ဇူယွမ်မှာ ဒီတစ်ကြိမ်တွင် လူများကို အသက်ရှူရပ်သွားအောင် စွမ်းဆောင်ကောင်း စွမ်းဆောင်နိုင်ခဲ့မည် ဖြစ်သော်လည်း သူအား အစ်ကိုတော် ချူးချင်းနှင့် နှိုင်းယှဉ်ခြင်းသည် ချဲ့ကား ပြောဆိုခြင်းမျှသာ ဖြစ်သည်။ တကယ်တော့ လူတိုင်းက ချူးချင်း၏ တည်ရှိမှုအား အသိအမှတ် ပြုထားခဲ့ကြပြီး ဖြစ်ကာ သည်တစ်ခေါက် မျိုးဆက်တစ်ခုလုံးမှာ သူ့အား လေးစားမှု အပြည့်ရှိကြပေသည်။ အံ့မခန်း အောင်မြင်မှု တစ်ခုမျှ စွမ်းဆောင်ပြရုံဖြင့် ဇူယွမ်မှာ ထိုသူနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။

တောင်များပေါ်တွင် ဆူညံသံများနှင့် ပြည့်နေချိန်၌ ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ အကြီးအကဲမြောင်၏ လွန်ကဲစွာ ချီးမွမ်းမှုကြောင့်လည်း ပျော်ရွှင်နေခြင်း မရှိပေ။ သူက လက်သီနှစ်ဖက်ဆုပ်၍ နှုတ်ဆက်ရုံမျှသာ နှုတ်ဆက်လိုက်ပြီး နောက်တွင် ယဇ်ပုလ္လင်ပေါ်မှဆင်းကာ သူလာခဲ့သော တောင်ပေါ်သို့ ပြန်သွားလိုက်သည်။

ဇူယွမ် ပြန်လည် ထွက်ခွာပြီးနောက်တွင် မူလကောင်းချီး ခံယူမှုမှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း လူတိုင်းသိကြပေသည်။

ဇူယွမ်ယဇ် ပုလ္လင်ပေါ်မှ ခုန်ချလိုက်သည်ကို ကြည့်ရင်းမှ လီချင်းချန်၏ မျက်ဝန်းမှာ အနည်းငယ် လှုပ်ခါသွားတော့သည် “နင်အနာဂတ်မှာ ချူးချင်းကို ယှဉ်နိုင်မလား မသိဘူး”

“ငါ နည်းနည်းလောက် သံသယ ရှိနေပေမဲ့လည်း နင့်မှာ အမှန်တကယ် အရည်အချင်းရှိဖို့ မျှော်လင့်ပါတယ်။ သည်လိုဆိုရင် အနာဂတ်မှာ ငါတို့ ကန်ရွှမ်းကလန်ကြီးက ပျင်းစရာ ကောင်းတော့မှာ မဟုတ်ဘူး”

“နင်က ကောင်းကင်ဒေသ ကိုးခုမှာ ပျံသန်းမဲ့ ပုန်းကွယ်နေတဲ့ နဂါးတစ်ကောင်လား ဒါမှမဟုတ် သာမန်အတိုင်းပဲ ဖြစ်သွားမလားဆိုတာ ငါစောင့်ကြည့်နေမယ်…”

လီချင်းချန်၏ မျက်နှာလေးမှာ ပြန်လည် တည်ငြိမ်သွားခဲ့ပြီးနောက် သူမ၏ တင့်တယ်လှပသော မျက်နှာလေးမှာ ပြန်လည် အေးစက်သွားခဲ့သည်။ သူမက အရှေ့သို့ လှမ်းလိုက်ပြီးနောက် မူလချီးများကို ထုတ်ဖော်ကာ ကောင်းကင်သို့ ပြန်တက်လိုက်ပြီးနောက် မိုးကုပ်စက်ဝိုင်း အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားတော့သည်။ များစွာသော ယောက်ျားလေး တပည့်များမှာ သူမ ပျောက်ကွယ်သွားသည် အထိ ချစ်ခင်မြတ်နိုးသော အကြည့်များဖြင့် လိုက်ကြည့်နေခဲ့ကြသည်။

လီချင်းချန် ထွက်သွားပြီး နောက်တွင် ခုန်းစိန်နှင့် ယဲ့ကယ်တို့မှာလည်း ဆက်မနေတော့ပဲ ထွက်ခွာသွားတော့သည်။ သို့သော်လည်း သူတို့ထွက်မသွားမီတွင် ဇူယွမ်အား နောက်ဆုံးအနေဖြင့် လှမ်းကြည့်လိုက်ကြသည်။

တောင်များပေါ်တွင် ရှိနေသော အခြား တပည့်များမှာလည်း စတင်ပြီး ထွက်သွားကြတော့သည်။

လုယန်မှာ ဇူယွမ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းကို ရွဲ့ကာပြုံး၍ “ဇူယွမ် သည်နေ့ မူလကောင်းချီး ခြင်ဆီကြောင့် သွေးနားထင် ရောက်မနေနဲ့။ မကြာခင်မှာပဲ နင်တို့အုပ်စုနဲ့ အကြီးအကဲ လုဟုန်းတို့ အုပ်စုရဲ့ ဂူနန်းယှဉ်ပြိုင်ပွဲ ရောက်လာတော့မယ်။ အဲဒီပွဲမှာသာ နင့်ရဲ့  လုပ်ဆောင်နိုင်စွမ်းက နိမ့်ကျသွားရင် ဒီနေ့မှာ အကြီးအကဲမြောင်ရဲ့ နင့်ကို အမြင့်ကြီး မြှောက်ပြောထားတဲ့ စကားလုံးတွေက နင့်အတွက် ရှက်စရာ ဖြစ်သွားလိမ့်မယ်”

လုယန်၏ မျက်မှာပေါ်ရှိ အပြုံးမှာ တော်တော်လေးကို အားရနေပုံရသည်။ အကြီးအကဲမြောင်ကာ ဇူယွမ်ကို မြင့်မားစွာ တန်ဖိုး သတ်မှတ်လိုက်ခြင်းက များစွာတပည့်များကို သူ့အား အာရုံစိုက်စေခဲ့ပေသည်။

ဇူယွမ်၏ လုပ်ဆောင်မှုက အကြီးအကဲမြောင်၏ တန်ဖိုးထားမှုနှင့် မကိုက်ညီဘူး ဆိုပါက သူမနှင့် အတူလိုက်ကာ လှောင်ပြောင်မည့်သူများ ရှိလာပေလိမ့်မည်။

သူမက လက်ဝှေ့ယမ်း လိုက်ပြီးနောက် သူမ၏ နောက်လိုက်များကို ခေါ်ဆောင်ကာ အဝေးသို့ ထွက်ခွာသွားလိုက်သည်။

“ညီတော်ဇူယွမ် ငါတို့လည်း သွားကြရအောင်” ဇူထိုက်က ပြောလိုက်သည်။

ဇူယွမ်မှာ ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူတို့ထွက်သွားသည်နှင့် သူ၏နောက်တွင် အမျိုးမျိုးသော စိတ်ခံစားချက်များ ရောယှက်နေသော အကြည့်များကို ခံစားမိလိုက်ပေသည်။ သို့သော်လည်း ထိုအကြည့်များကြောင့် တုန်လှုပ်သွားခြင်း မရှိသည့်အပြင် မယုံကြည်မှုနှင့် သံသယများ ပါဝင်နေသော အကြည့်များကြောင့်လည်း ဒေါသထွက်မိခြင်း မရှိပေ။

သူ့အနေဖြင့် ခွန်အားတစ်ခုတည်းက သာလျှင် စစ်မှန်သော အသိအမှတ်ပြုမှုကိုသာ ရရှိစေနိုင်ပြီး ထင်မြင် အကဲဖြတ်ချက်များက ယုံကြည်မှုကို မတိုးစေကြောင်း သိပေသည်။

ထို့ကြောင့် မကြာမီတွင် ယှဉ်ပြိုင်မည့် ဂူနန်းယှဉ်ပြိုင်မှုတွင် ခရမ်းရောင် မူလဂူနန်းအတွက် ပါဝင်ယှဉ်ပြိုင်ပြီး…

ထိုအရာက သေချာပေါက်ပင် သူ့အတွက် ဖြစ်ရပေမည်။


Comment

Leave a Reply


Options

not work with dark mode
Reset