စာစဥ် (၂၄) အပိုင်း (၃၃၀)

တုန်လှုပ်ခြင်းရဲ့ အဓိပ္ပာယ်

မူလရေကန် တစ်ခုလုံးမှ မရေမတွက်နိုင်သော ရည်ရွယ်ဖွယ် ဖြစ်နေသည့် အကြည့်များမှာ ဇူယွမ်ရပ်နေသည့် တောင်ထွတ်ကိုသာ ကြည့်နေ ကြပေတော့သည်။

ကလန်၏ စည်းမျဉ်းများအရ ခရမ်းရောင် ခါးစည်းတပည့်များသာလျှင် မူလရေကန်ထဲသို့ ဝင်ရောက်ကာ မူလ နဂါးအဆီအနှစ်ကို ရှာဖွေရန် အရည်အချင်းပြည့်မီပြီး ကောင်းချီးကို ခံယူနိုင်ကြပေသည်။

ဇူယွမ်မှာ ရွှေရောင်ခါးစည်းအဆင့် တပည့်တစ်ယောက် ဖြစ်သော်လည်း တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံတစ်ယောက် အနေဖြင့် မူလရေကန် အတွင်းသို့ ဝင်ရောက်ခွင့်ရပြီး မူလ ကောင်းချီးခြင်ဆီကို ခံယူနိုင်ခွင့် ရရှိခဲ့ပေသည်။ သို့သော်လည်း များစွာသော ခရမ်းရောင် ခါးစည်းတပည့်များ အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး စိတ်ထဲတွင် သိပ်မမျှော်လင့် ထားကြပေ။

အဘယ်ကြောင့် ဆိုသော် သူတို့အားလုံးမှာ မူလရေကန်ထဲသို့ ဝင်ရောက်ခြင်းမှာ လွယ်ကူသော အပိုင်းတစ်ခုဖြစ်ပြီး စစ်မှန်သော စိန်ခေါ်မှုမှာ ရေနေသားရဲများကို အမဲလိုက်ကာ မူလကောင်းချီး အဆီအနှစ်များကို ရယူခြင်းဖြစ်ကြောင်း နားလည် ကြသောကြောင့် ဖြစ်သည်…

များစွာသော ခရမ်းရောင် တပည့်များပင်လျှင် ဆယ်ရက်လုံးလုံး ကြိုးစားပြီးမှ များသောအားဖြင့် နဂါးလေးကောင် ကောင်းချီးသာ ရရှိကြပေသည်။ ထို့ကြောင့် ဇူယွမ်ကဲ့သို့ တပည့်အသစ် တစ်ယောက် အနေဖြင့် မူလရေကန်ထဲတွင် မည်သည်များ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မည်နည်း။

သူ့အနေဖြင့် သလင်းကျောက် ဆယ်ခုမျှပင်လျှင် ရခဲ့မည့်ပုံ မပေါ်ချေ။ ထို့ကြောင့် သူ့အတွက် နဂါးနှစ်ကောင် ကောင်းချီးရရန်ပင် ခက်ခဲပေလိမ့်မည်…

ရေနေသားရဲများကို အမဲလိုက်ရန်မှာ မလွယ်ကူသော်လည်း ခရမ်းရောင် ခါးစည်းတပည့် အများစုမှာ အနည်းဆုံး နဂါးလေးကောင် ကောင်းချီးတော့ ရအောင် စွမ်းဆောင်နိုင်ကြပြီး နဂါးနှစ်ကောင် သို့မဟုတ် သုံးကောင်နှင့် အဆုံးသတ်ခဲ့ခြင်းများ မရှိပေ။ တကယ်တော့ ခရမ်းရောင်ခါးစည်း တပည့်တိုင်းမှာ အနည်းဆုံး မူလစဦး ဆဋ္ဌမအဆင့်မျှ သန်မာမှုရှိသည့် အတွက် နဂါးလေးကောင် ကောင်းချီးထက် ဆိုးဝါးခြင်း မရှိကြပေ။

ထို့ကြောင့် ဇူယွမ်မှာ သနားစရာ ကောင်းစွာဖြင့် နဂါးနှစ်ကောင် ကောင်းချီးမျှသာ ရရှိနိုင်သည်ဟု တွေးမိ လိုက်ကြချိန်တွင် လူတိုင်းမှာ စိတ်ထဲမှနေ၍ လှောင်ရယ် လိုက်ကြသည်။

အတွေ့အကြုံရှိသော တပည့်များအနေဖြင့် တပည့်သစ်များက သူတို့၏ ဂုဏ်သိက္ခာကို စိတ်ခေါ်နိုင်စွမ်း မရှိသည်ကို မြင်လျှင် ပျော်ရွှင်ကြပေသည်။ ထို့ကြောင့် တပည့်အသစ်များ ကြားတွင် နံပါတ်တစ်ဟု လူသိများသူ တစ်ယောက်ကို ချိုးနှိမ်ထားနိုင်ပါက  အခြားသော တပည့်အသစ်များ မှာလည်း အပိုးကျိုးသွား ကြပေလိမ့်မည်…

များစွာသော တပည့်များ၏ စိတ်ထဲတွင် ထိုသို့ တွေးတောကာ စောင့်ကြည့်နေမှုများ အောက်တွင် ဇူယွမ်က တည်ငြိမ်သော အမူအရာဖြင့် အရှေ့သို့ တက်လှမ်းလိုက်ပြီး အားလုံး၏ အကြည့်အောက်တွင် ရှေးဟောင်း တိုင်လုံးများမှ တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။

သူအနေဖြင့် လူအများက သူ့အား ပြက်ရယ်ပြုရန် စောင့်နေကြသည်ကို ခံစားမိပေသည်။ များစွာသော တပည့်များမှာ သူ့အား အကြင်နာကင်းစွာ ရန်လိုသော စိတ်ထားမျိုး မရှိကြသော်လည်း သူ့အား ထောက်ခံ အားပေးနေခြင်း များလည်း မရှိကြပေ။

သူက လူအုပ်ကြီး၏ အကြည့်ကို လျစ်လျူရှုခဲ့သည်။ သူ့အတွက် လိုအပ်သည်ဟု ထင်ရသော အရာများကို လုပ်နေရသ၍ အခြားသော သူများ၏ အမြင်များမှာ သူ့အတွက် အရေးမပါပေ။

“ဆက်လုပ်ပါ ဖိအားတွေ တအားခံစားမနေနဲ့။ ဒါက နင့်ရဲ့ မူလရေကန်ထဲကို ဝင်ရောက်ရတဲ့ ပထမဦးဆုံး အကြိမ်ပဲလေ နင်သာ ခရမ်းရောင်ခါးစည်း တပည့်ဖြစ်လာခဲ့ရင် အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ကျန်သေးတယ်” အကြီးအကဲမြောင်မှာ ဇူယွမ်အား ကြည့်ကာ ပြောလိုက်သည်။ ဇူယွမ်တို့ အနေဖြင့်  လီချင်းချန်အား ကူညီခဲ့သည့်အတွက် သူမ၏ စကားများမှာ ကြင်နာမှုအပြည့် ဖြစ်နေသည်။

သို့သော်လည်း ဇူယွမ်အနေဖြင့် အောင်မြင်မှု ကြီးကြီးမားမား ရနိုင်သည်ဟု အကြီးအကဲမြောင်မှာလည်း ယုံကြည်ချက် မရှိပေ။

သူ၏ မူလစဦး ဒုတိယအဆင့်မှာ သည်နေရာတွင်ရှိသော လူတိုင်းနှင့် သိသာစွာပင် ဝေးကွာနေပေသည်။

မူလရေကန်ထဲတွင် ကောင်းကောင်းမွန်မွန် သွားလာနိုင်ရန်မှာ အနည်းဆုံး မူလစဦး ဆဋ္ဌမအဆင့်မျှ ရောက်ရှိနေရန် လိုအပ်ပေသည်။

ဇူယွမ်က မည်သည့်စကားမှ ပြန်မပြောတော့ပဲ ပြုံးရုံသာ ပြုံးလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ လူတိုင်းကို လက်ခံ ယုံကြည်အောင် လုပ်နိုင်သည်မှာ လုပ်ဆောင်နိုင်စွမ်းသာ ဖြစ်သည့်အတွက် သူဘာပြောပြော အားလုံးက ပြက်လုံးတစ်ခုဟုသာ ထင်နေကြပေလိမ့်မည်။

ထို့ကြောင့် သူက ခါးတွင် ချိတ်ထားသော သိုလှောင်အိတ်ကိုသာ အေးအေးလူလူ ရှိနေဟန်ဖြင့် ပုတ်လိုက်သည်။

ထို့နောက်မှာတော့ မူလနဂါး အဆီအနှစ် သလင်းကျောက်များ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသော အလင်းတန်းများနှင့် အတူ ပတ်ဝန်းကျင်ရှိ မူလချီများမှာ သူထံတွင် စတင် စုဝေးလာကြသည်…

ဇူယွမ်၏ ဦးခေါင်းထက်တွင် ပိုပိုပြီး များပြားလာသော မူလ နဂါးအဆီအနှစ် သလင်းကျောက်များ စုဝေးလာသည်နှင့် အမျှ ရယ်မောသံများမှာ တဖြည်းဖြည်း ကွယ်ပျောက် သွားပြီးနောက် များစွာသော တပည့်များ၏ အမူအရာများမှာ တောင့်တင်း ကုန်တော့သည်။

ဇူယွမ်မှာ သူတို့ကို လျစ်လျူရှုလျက်ရှိပြီး သူ၏ လက်မောင်းအိုးကို သိမ့်ခနဲ လှုပ်ရှားလိုက်သည်နှင့် ရာပေါင်းများစွာသော သလင်းကျောက်များမှာ မြစ်တစ်စင်းကဲ့သို့ လည်ပတ် စီးဆင်းသွားလေသည်။

ထိုအရာများမှာ အစောပိုင်းက လီချင်းချန် ထုတ်ပြသွားသော သလင်းကျောက်များထက် လျော့နည်းခြင်း မရှိပေ။

ထို့အပြင် သလင်းကျောက်တိုင်းကို သေသေချာချာ ရွေးချယ်ထားသလိုပင် အရည်အသွေး ကောင်းမွန် နေသောကြောင့် လူတိုင်းအား ပိုမို အထင်ကြီးစေပေသည်။

ကမ္ဘာတစ်ခွင်လုံး တိတ်ဆိတ်နေခဲ့သည်။

“ဘယ်…ဘယ်လိုလုပ် ဖြစ်နိုင်မှာ… သူ့မှာ မူလနဂါး အဆီအနှစ် သလင်းကျောက် အများကြီး ရှိနေရတာလဲ” တိတ်ဆိတ်နေမှုကို မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည့် တပည့်တစ်ယောက်၏ တုန်လှုပ်နေသော အသံက ချိုးဖြတ်လိုက်သည်။

အဖြေကို မည်သူမှ မသိကြပေ။ သူတို့အားလုံးမှာ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်ကြသဖြင့် မျက်လုံးများကိုပင် ပွတ်သပ်ကာ အထပ်ထပ် အခါခါ ပြန်ကြည့်လိုက်ကြသည်။

ဘန်း…ဘန်း…

တိတ်ဆိတ်စွာပင် ဇူယွမ်မှာ သူ၏လက်ကို အတူတကွ စုစည်းလိုက်ပြီး သလင်းကျောက် အားလုံးကို ပေါက်ကွဲစေကာ မူလနဂါး အဆီအနှစ်များကို ကျောက်တုံးတိုင်ပေါ်သို့ စီးကျစေလိုက်သည်။

ပတ်ဝန်းကျင်ရှိ မူလချီများမှာ ဝှီးခနဲ မြည်သံများ ပေးကာပင် စုစည်းလာကြပြီး ထူထဲသော မြူထုကြီး ဖြစ်ပေါ်လာခဲ့သည်။

ဝေါင်း…

ကျောက်တိုင်ပေါ်ရှိ မှော်စာလုံးများ လင်းလက်လာသည်နှင့် အမျှ ရင်းနှီးသော နဂါးဟိန်းသံများ မှာလည်း တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် လူတိုင်း၏ အံအားသင့်နေသော အကြည့်များ အောက်တွင် တိုင်လုံးဆီမှ နဂါးပုံရိပ်များ တစ်ခုပြီး တစ်ခုထွက်လာကာ ဇူယွမ်အား စက်ဝိုင်းသဏ္ဌာန် ရစ်ဝဲနေကြတော့သည်။

တစ်…သုံး…ငါး…ခုနစ်…။

ထိုအရာမှာ နဂါးခုနစ်ကောင်၏ ပုံရိပ်ဖြစ်ပြီး လူတိုင်းကို နက်ရှိုင်းစွာ သက်ပြင်း ချစေခဲ့ပေသည်။

နဂါးခုနစ်ကောင် ကောင်းချီး။

ဇူယွမ် လာခဲ့သော တောင်မှ သူနှင့် အတူတူလာခဲ့သော တပည့်များမှာ အံ့ဩမှုကြောင့် ကြောင်အမ်းနေကြပြီး ကျန့်ယန်ပင်လျင် ငေးကြောင်ကြောင် ဖြစ်နေပေသည်။

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ” သူ၏ တုန်လှုပ်နေသော အသံထွက်ပေါ် လာခဲ့သည်။ ထိုမြင်ကွင်းက သူ့အား အမှန်ပင် တုန်လှုပ်စေခဲ့သည်။ ဇူယွမ်အနေဖြင့် နဂါးခုနစ်ကောင် ကောင်းချီးသို့ ရောက်သွားလိမ့်မည်ဟု မည်သူမှ အိပ်မက်ပင် မက်ဖူးကြလိမ့်မည် မဟုတ်ပေ။

မူလရေကန်ထဲတွင် ရေနေသားရဲ မည်မျှကို သူသတ်ဖြတ်ခဲ့သနည်း။

သူဒါကို ဘယ်လို လုပ်လိုက်တာလဲ။

ကျန့်ယန်၏ ပျက်ယွင်းနေသော အမူအရာနှင့် နှိုင်းစာပါက ဇူထိုက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေပြီး သူ၏ ညီတော် တစ်ယောက်အတွက် ဝမ်းသာပေးလျက် ရှိပေသည်။

ဝေးကွာသော တောင်ထိပ် တစ်ခုပေါ်တွင် ရှိနေသော လီချင်းချန်၏ မျက်ဝန်းများမှာလည်း အနည်းငယ် တုန်လှုပ်လျက်ရှိသည်။ ထိုမြင်ကွင်းကို အရင်ကတည်းက သူမမှာ မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သော်လည်း အမှန်တကယ် မြင်ရသော အချိန်တွင် မနေနိုင်ပဲ သက်ပြင်း ချလိုက်မိပေသည်။

ထိုကောင်လေးက အမှန်ပင် စွမ်းရည်ရှိပေသည်။

“စိတ်ဝင်စားစရာပဲ မူလရေကန်ကို ပထမဆုံး ဝင်တဲ့ အခေါက်မှာပဲ နဂါးခုနစ်ကောင် ကောင်းချီးကို ရခဲ့တယ်။ အခြားသူတစ်ယောက်ရဲ့ အကူအညီကို ယူခဲ့တယ် ဆိုရင်တောင် ဒါက တကယ်ကို ထူးခြားမှုပဲ” ခုန်းစိန်၏ အမူအရာမှာ အရင်တိုင်းပင် ရှိနေခဲ့ပြီး ဇူယွမ်၏ နဂါးခုနစ်ကောင် ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။

နဂါးခုနစ်ကောင် ကောင်းချီးသည် အခြားသူများကို ရှော့ခ်ရစေသည်မှာ မှန်သော်လည်း သူတို့လို ရွေးချယ်ခံများ အတွက်တော့ သာမန်သာ ဖြစ်သည်။

ထို့အပြင် ထိုအရာက သူ့အား လုံးဝပင် မအံ့ဩစေခဲ့ပေ။ ဇူယွမ်တွင် ယောင်ယောင်ကဲ့သို့ စွမ်းအား ပြည့်ဝသော အကူအညီရှိပြီး သူမက အရွေးချယ်ခံ တစ်ယောက်ထက်ပင် အားနည်းခြင်း မရှိပေ။ လီချင်းချန်ကပါ ကူညီပါက ဇူယွမ် နဂါးခုနစ်ကောင် ကောင်းချီးရရှိသည်မှာ ထူးဆန်းမှု မဟုတ်တော့ပေ။

ယဲ့ကယ်မှာလည်း ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် ဇူယွမ်နှင့် ပတ်သက်ပြီး မည်သည့်စကားမှ မကျေမနပ် ပြောဆိုခြင်း မရှိသော်လည်းပဲ အရာအားလုံးမှာ ယောင်ယောင်နှင့် လီချင်းချန်တို့၏ အကူအညီကို ရယူခဲ့ကြောင်း ခံစားမိပေသည်။

နောက်ထပ် တောင်ထွတ် တစ်ခုပေါ်တွင် နဂါးခုနစ်ကောင်၏ ပုံရိပ်ကို စိုက်ကြည့်ရင်း လုယန်၏ အမူအရာမှာ မတည်မငြိမ် ဖြစ်နေခဲ့ပေသည်။ သူမ၏ နံဘေးမှာ တပည့်များမှာလည်း အံ့အားသင့်နေကြပြီး သိသာစွာပင် အားလုံး တုန်လှုပ်နေကြပေသည်။

လုယန်က မနေနိုင်ပဲ ရေရွတ်လိုက်သည် “သူဘယ်လိုများ ဒီမူလနဂါး အဆီအနှစ် သလင်းကျောက်တွေကို ရခဲ့တာပါလိမ့်”

မူလစဦး ဒုတိယ အဆင့်မျှလောက်နှင့် ဤမျှလောက် ရေနေ သားရဲများစွာကို မသတ်နိုင်သည်မှာ သိသာပေသည်။

အခြားသူများမှာ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက် ကြသော်လည်း မည်သူ့တွင်မှာမှ အဖြေမရှိပေ။

လုယန်၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီ ဖြစ်သည်။ ဇူယွမ်မှာ မျက်စိတစ်မှိတ် အတွင်း မည်သူမှ မျှော်လင့်မထားသော နဂါးခုနစ်ကောင် ကောင်းချီးကို ရရှိသွားသောကြောင့် အစောပိုင်းတွင် သူမအားရစွာ သရော်ခဲ့သည်များက သူမအား ရှက်ရွံ့စေပေသည်။

သူမက သည်အဖြစ်ကို အနည်းငယ် လက်မခံနိုင်သေးသည့် အတွက် ခေါင်းမာစွာပင် ထပ်ပြောလိုက်သည် “ဒါပေမဲ့လည်း နဂါးခုနစ်ကောင် ကောင်းချီးကို ရခဲ့ရင်တောင် အစ်ကိုတော် ချူးချင်းနဲ့ နှိုင်းယှဉ်ဖို့ အဝေးကြီး လိုသေးတယ်”

ထိုစကားများ သူမ၏ ပါးစပ်မှ ထွက်လာသော အချိန်တွင် ဇူယွမ်မှာ ခဏမျှ တွေးဆနေဟန်ရပြီး နောက်ထပ် သူ၏ခါးမှ သိုလှောင်အိတ်မှာ လင်းလက်သွားသည်ကို လူတိုင်း မြင်လိုက်ရသည်။

စက္ကန့်ဝက်မျှ အကြာ၌ သူ၏ ဦးခေါင်းထက်တွင် ပေတစ်ဝက်မျှ ကြီးမားသော သလင်းကျောက်တစ်လုံး ပေါ်လာခဲ့သည်။

ဝေါ…

ထိုအရာ ပေါ်လာသည်နှင့် များစွာသော တပည့်များမှာ သူတို့ကိုသူတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ အနောက်သို့ ယိုင်ကျသွားပြီး ပင့်သက်ရှိုက်ကာ ပြောလိုက်ကြသည် “ပေတစ်ထောင် ရေနေသားရဲလား”

ထိုအချိန်တွင် အရာအားလုံးကို အမှုမထားဟန်ဖြင့် ကြည့်နေကြသော ခုန်းစိန်နှင့် ယဲ့ကယ်တို့၏ မျက်ဝန်းများပင်လျှင် တုန်လှုပ်သွားတော့သည်။

“ဒါဘယ်လို ဖြစ်နိုင်မှာလဲ”


Comment

Leave a Reply


Options

not work with dark mode
Reset