ကောင်းချီး ယဇ်ပုလ္လင်ပေါ်ရှိ တိုင်လုံးများပေါ်တွင် ပျားပန်းခတ်မျှ လှုပ်ရှားလျက်ရှိပြီး များစွာသော ပုံရိပ်များက ကျောက်တိုင်များပေါ်တွင် တစ်ယောက်ပြီး တစ်ယောက် ရပ်လိုက်ကြသည်။
သူတို့ ယဇ်ပုလ္လင်ပေါ်သို့ ရောက်ရှိပြီးသည်နှင့် ချက်ချင်းပင် သူတို့ ကြိုးစား ရှာဖွေထားသော မူလ နဂါးသလင်းကျောက်များကို ထုတ်ယူလိုက်ကြသည်။ ထို့နောက် ကျောက်တိုင်များပေါ်တွင် မူလနဂါး အဆီအနှစ် သလင်းကျောက်များ ကွဲကြေသည့် အသံများ ထွက်ပေါ်လာခဲ့ပြီး မူလနဂါး အဆီအနှစ်များက ရှေးဟောင်း တိုင်လုံးများပေါ်သို့ စီးဆင်းသွားခဲ့သည်…
ဝရုန်း…
မူလချီများမှာ တစ်ဖန်ပြန်လည် စုစည်းလာကြပြန်သည်။ ထိုမြင်ကွင်းမှာ အစောပိုင်းတွင် လီချင်းချန် ပြသခဲ့သော မြင်ကွင်းလောက် အထင်ကြီးစရာ မရှိသော်လည်း ထူးခြားသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
ဝေါင်း…
ကျယ်လောင်သော နဂါးဟိန်းသံများက ပျံလွင့်နေခဲ့ပြီး နဂါးများ၏ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ တပည့်များ၏ ခေါင်းအထက်တွင် ရစ်ဝဲလျက် ရှိကြပေသည်။
မူလရေကန်၏ အစွန်ဖက်တွင်ရှိသော တောင်များပေါ်မှ တပည့်များမှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ရှိနေကြပြီး တစ်ခါတစ်ရံတွင် အံအားသင့်နေသော အသံများ ဆက်တိုက် ထွက်ပေါ်လျက်ရှိသည်။
အားလုံးခြုံကြည့်လျှင် များစွာသော ခရမ်းရောင် ခါးစည်းတပည့်များမှာ နဂါးလေးကောင် မူလ ကောင်းချီးရအောင် စွမ်းဆောင်နိုင်ကြပြီး လူအနည်းငယ်ကတော့ နဂါးငါးကောင် ကောင်းချီးသို့ ရောက်ရှိပေသည်။
နဂါးခြောက်ကောင် အဆင့်ရှိသူကတော့ ငါးယောက်မျှသာ ဖြစ်သည်။
နဂါးခုနစ်ကောင် ကောင်းချီးကိုတော့ တွေ့ရခြင်း မရှိပေ။
တကယ်တော့ နဂါးခုနစ်ကောင် ကောင်းချီးမှာ ရွေးချယ်ခံများ၏ အမှတ်အသား သင်္ကေတ ဖြစ်ပြီး ပုံမှန်အားဖြင့် သာမန်တပည့်များအတွင် ခက်ခဲသော အရာတစ်ခု ဖြစ်သည်။
ကျောက်တိုင်တစ်ခု ပေါ်တွင် ရှိနေသော ကျန့်ယန်မှာ မျက်လုံးဖွင့်လာခဲ့သည်။ သူ၏ နံဘေးတွင် နဂါးငါးကောင်က လှည့်ပတ်နေသောကြောင့် သူ့အနေဖြင့် နဂါးငါးကောင် အဆင့်သို့ ရောက်သွားကြောင်း ပြသနေပေသည်။
ထိုရလဒ်က ကျန့်ယန်ကို ကျေနပ်စေခဲ့ပေသည်။ နဂါးငါးကောင် ကောင်းချီးကို ရရှိသူသည် ကန်ရွှမ်းကလန်ရှိ တပည့်များထဲတွင် ထူးခြားသူတစ်ယောက် အဖြစ် သက်သေပြရန် လုံလောက်သော အမှတ်အသား တစ်ခုဖြစ်သည်။
အနည်းဆုံးတော့ သူ့အနေဖြင့် နဂါးလေးကောင် အဆင့်သာ အမြဲရနေသော ဇူထိုက်ထက် သာလွန်သူ တစ်ယောက်ဖြစ်ကြောင်း သက်သေ ပြနိုင်ပေသည်။
“သည်တစ်ခေါက် ကောင်းချီးခံယူမှု ပြီးသွားရင် ငါ့အနေနဲ့ ဇူထိုက်ထက် ကျော်လွန်သွားပြီ။ သူ့ဆီကနေ ပထမတပည့်နေရာကို လုယူဖို့ အချိန်ကောင်းပဲ” ကျန့်ယန်က အေးစက်စက် ရယ်မောလိုက်သည်။
သူက ဆရာစိန်းအနေဖြင့် ဇူယွမ်အား မြင့်မားစွာ မျှော်လင့်ထားသည်ကို မနာလို ဖြစ်နေခဲ့ပြီး သူအမြဲတမ်း ကြိုတင် ပြင်ဆင်ထားသော အရာများအတွက် ဇူထိုက်က အဟန့်အတားတစ်ခု ဖြစ်နေခဲ့ပေသည်။
သည်တစ်ကြိမ်တွင် ကျန့်ယန်သာ ပထမတပည့် ဖြစ်လာပါက တပည့်များက သူ့အား ခေါင်းဆောင်တစ်ယောက် အဖြစ် မြင်လာကြမည် ဖြစ်သည်။ ထိုသို့ ဖြစ်လာပါက ဆရာစိန်းအနေဖြင့် ဇူယွမ်ကို အလွန်အမင်း ထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်ပါက သူ့အနေဖြင့် များစွာသော တပည့်များကို ဦးဆောင်ကာ ထိုကိစ္စကို ကန့်ကွက် ရပေလိမ့်မည်။ လူအများနှင့် ကန့်ကွက်ပါက ဆရာစိန်းပင်လျှင် အများနှင့် ဆန့်ကျင်ရခြင်းကို ရွေးချယ်လိမ့်မည် မဟုတ်ဟု ယုံကြည်ပေသည်။
ကျန့်ယန်မှာ သူအတွေးနှင့်သူ ကျေနပ်နေစဉ်တွင် သူပတ်ဝန်းကျင်တွင် ဆူညံနေသည်ကို ခံစားမိလိုက်သည်။ အကြည့်များ အားလုံးမှာ သူ၏ အနီးနားရှိ တစ်နေရာကို လှမ်းကြည့် နေကြပေသည်။
သူကလည်း ခေါင်းမော့ကြည့်လိုက်လျှင် သူ၏ အနီးအနားရှိ တိုင်တစ်ခုတွင် နဂါးခြောက်အောင် ရစ်ဝဲနေသည်ကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။
နဂါး ခြောက်ကောင် ကောင်းချီးလား…
မနာလိုမှုများက ကျန့်ယန်၏ မျက်ဝန်းတွင် ပေါ်လာခဲ့သည်။ နဂါးခြောက်ကောင် ကောင်းချီးမှာ သူ၏ အိပ်မက်များထဲမှ တစ်ခုဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရန် အချိန်တိုင်း သူမျှော်လင့်ခဲ့သော်လည်း ကံမကောင်းစွာနဲ့ပဲ ထိုအဆင့်သို့ ရောက်ရန်မှာ မူလနဂါး အဆီအနှစ် သလင်းကျောက်များစွာ လိုအပ်ပေသည်။
“ပုံမှန်အတိုင်းဆိုရင် တောင်ထွတ်တွေရဲ့ တပည့်ခေါင်းဆောင်တွေ ကပဲ နဂါးခြောက်ကောင် ကောင်းချီးကို ရနိုင်တာ။ သည်လူက ဘယ်တောင်ထွတ်ကလည်း ငါတကယ် သိချင်မိတယ်” ထိုသူကို ရုတ်တရက် မြင်လိုက်ရချိန်တွင် တော်တော်လေး ရင်းနှီးနေသည်ဟု ခံစားမိလိုက် ရခြင်းကြောင့် ကျန့်ယန်မှာ မျက်မှောင်ကြုတ် သွားပေသည်။
နဂါးရှစ်ကောင်မှာ ထိုပုံရိပ်အား ရစ်ဝဲနေပြီးမှ နောက်ဆုံးတွင် ထိုသူ၏ ဦးခေါင်းဆီသို့ ထိုးဆင်းသွားခဲ့ပေသည်။ ထိုအခိုက်တွင် ထိုသူ၏ မျက်လုံးမှာလည်း ပွင့်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်တွင် တိုက်ဆိုင်စွာ ကျန့်ယန်နှင့် အကြည့်ချင်း ဆုံသွားပေသည်။
ကျန့်ယန်၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားပြီး သူမျက်နှာပေါ်တွင် မယုံကြည်နိုင်ဟန်များ ပေါ်လွင်နေပေသည်။
“ဇူထိုက်လား…”
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
ထိုစကားလုံးများ သူ၏ပါးစပ်မှာ ထွက်သွားချိန်တွင် သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပေသည်။ သူ၏ အကြီးဆုံး အစ်ကိုတော်အကြောင်း များများစားစား မတွေးတောခဲ့ပေ။ ထိုသူမှာ ပါရမီမပါသည့်အပြင် ရည်မှန်းချက် သိပ်မရှိဘဲ အခြားသူများ၏ အမြင်ကို ဂရုစိုက်တတ်သူ တစ်ယောက်လည်း မဟုတ်ပေ။ ထို့ကြောင့် ကျန့်ယန်မှာ ထိုသူကို တစ်ခါမှ အမှန်တကယ် လေးစားခဲ့ခြင်း မရှိခဲ့ပဲ သူသန်မာလာသည်နှင့် အစ်ကိုတော်၏ နေရာကိုပင် လုယူရန် တွေးထားပြီးသား ဖြစ်သည်။
ပြီးခဲ့သော နှစ်များတွင် ဇူထိုက်မှာ အချိန်တိုင်းတွင် နဂါးလေးကောင် ကောင်းချီးကိုသာ ရရှိခဲ့ပြီး ကျန့်ယန်၏ ရလဒ်ကိုပင် မမီခဲ့ပေ။ ထို့ကြောင့် သူက ဇူထိုက်အနေဖြင့် နဂါးခြောက်ကောင် ကောင်းချီးကို သည်တစ်ကြိမ် ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
ပုံမှန်အားဖြင့် တောင်ထွတ်များ၏ တပည့်ခေါင်းဆောင်များသာ နဂါးခြောက်ကောင် ကောင်းချီးကို နိုးထစေနိုင်ပြီး ကျန့်ယန်ကဲ့သို့ လူမျိုးပင် လိုက်မီရန် လိုသေးကြောင်း ခံစားရပေသည်။
ဒါပေမဲ့ ဇူထိုက်က ဘယ်လိုများ လုပ်လိုက်တာလဲ။
ကျန့်ယန်၏ အမူအရာမှာ မတည်ငြိမ်တော့ပဲ သူ၏ နှလုံးသားတွင် ဒေါသများ၊ ကြောက်ရွံ့ခြင်းများ တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
“မူလရေကန်ထဲမှာ သူဘယ်လို ကံကောင်းခဲ့တာလဲ” ကျန့်ယန်မှာ အံ့ကြိတ်လိုက်ပြီးနောက် သူ၏မျက်လုံးမှာ နက်မှောင် သွားတော့သည်။
ကျန့်ယန် ခံစားချက်များ ရှုပ်ထွေးနေချိန်တွင် အခြားတပည့်များ မှာလည်း နဂါးခြောက်ကောင် ကောင်းချီးအား နိုးထစေသူမှာ ဇူထိုက်ဖြစ်ကြောင်း သိသွားကြပြီးနောက် ချက်ချင်းပင် အံ့ဩ တုန်လှုပ်သွားကြသည်။
နဂါးခြောက်ကောင် ကောင်းချီးကို ရရှိရန်မှာ ခရမ်းရောင် ခါးစည်းတပည့်များ အကြားတွင် ဝေးကွာလွန်းလှသည့် အတွက် ပုံမှန်အားဖြင့် တပည့် ခေါင်းဆောင်များသာ ထိုအရာကို ရရှိနိုင်ပြီး သိသာစွာပင် ဇူထိုက်မှာ ထိုအုပ်စုထဲတွင် မပါဝင်ပေ။
ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် မေးမြန်းရင်းဖြင့် နောက်ဆုံးတွင် သူ့အား မည်သူဆိုတာ သိရှိသွားကြပေသည် …
ဇူထိုက်မှု မူလသူတော်စင် တောင်ထွတ်မှ စိန်းထိုက်ယွမ်၏ အုပ်စုက ဖြစ်ကြောင်းကို သိရချိန်တွင် သူတို့၏ မျက်နှာများမှာ လုံးဝကို အံ့အားသင့်မှုများဖြင့် ပြည့်နှက် သွားခဲ့ပေသည်။ တကယ်တော့ မူလသူတော်စင် တောင်ထွတ်မှာ ကန်ရွှမ်းကလန်၏ အောက်ဆုံးတွင်သာ ရှိသည့်အတွက်ကြောင့် မည်သူကမှ သူတို့ကို ဂရုစိုက်ခြင်း မရှိကြပေ။ သို့သော်လည်း ဇူထိုက်မှာ နေ့ချင်းညချင်း အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့ပေသည်။ မူလရေကန်ထဲတွင် ဘယ်လို ကံကောင်းခြင်းများ သူကြုံတွေ့ခဲ့ရသနည်း။
မည်သို့ပင် ဆိုစေကာမှု သည်နေ့ပြီးသည်နှင့် ဇူထိုက်၏ နာမည်မှာ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။ ကန်ရွှမ်းကလန်မှ အခြားသော တပည့်များ၏ စကားဝိုင်းများတွင် မူလသူတော်စင် တောင်ထွတ်ရှိ စိန်းထိုက်ယွမ် လက်အောက်မှ တပည့်များကြားတွင် နဂါးခြောက်ကောင် ကောင်းချီးကို နိုးထစေခဲ့သော သူတစ်ယောက်ရှိကြောင်း မှတ်မှတ်ရရပြောဆို ကြပေတော့မည်။
ကောင်းချီး ယဇ်ပုလ္လင်ပေါ်တွင် စိတ်လှုပ်ရှားဖွယ်ရာ များနှင့် ပြည့်နှက်နေခဲ့ပြီး အဓိကအားဖြင့် တပည့်များ၏ မျက်နှာများမှာ ကျေနပ်မှုများဖြင့် ပြည့်နေကြောင်း တွေ့ရမည်ဖြစ်သည်။ သိသာစွာပင် ကောင်းချီးခံယူခြင်းက သူတို့၏ ကျင့်ကြံခြင်းအား တိုးတက်စေခဲ့ပေသည်။
အကြီးအကဲမြောင်က လေထဲတွင် မတ်တတ်ရပ်နေ ခဲ့ပြီးနောက် အားလုံး ပြီးဆုံးသွားသည်ကို မြင်ရသည်နှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်တော့သည် “မင်းတို့ ပြီးပြီးဆိုရင် ထွက်သွားလို့ရပြီ”
များစွာသော တပည့်များမှာ ချက်ချင်းပင် ထရပ်လိုက်ကြပြီး သူမအား လက်သီးနှစ်ဖက်ဆုပ်၍ အရိုအသေပြုကာ ထွက်သွားလိုက်ကြသည်။
ကောင်းချီးယဇ်ပုလ္လင်မှာ နောက်တစ်ကြိမ် ရှင်းလင်း သွားပြန်သည်။
ဇူထိုက်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ရှိနေခဲ့ပြီး တပည့်အချို့ကလည်း သူ့အား ဂုဏ်ပြုရန် ရောက်လာ ခဲ့ကြပေသည်။
“ဟမ့်… အစ်ကိုတော် ဇူထိုက်က ကိုယ့်အရည်အချင်းကို ဖုံးကွယ် ထားလိမ့်မယ်လို့ ကျွန်တော် တကယ် မမျှော်လင့်ထားခဲ့ဘူး။ မူလရေကန်ထဲမှာ မူလနဂါး အဆီအနှစ် သလင်းကျောက် အများကြီးကို ဘယ်လိုရလာလဲ ကျွန်တော် သိချင်မိတယ်” ပြန်လာသော အချိန်တွင် ကျန့်ယန်၏ မျက်နှာမှာ ပျက်ယွင်းနေခဲ့သည်။ သည်အချိန်တွင် ဇူထိုက်မှာ လူများစွာ၏ အကြည့်ကို ဆွဲဆောင်နေခဲ့ပြီး ထင်ပေါ်နေခဲ့ပေသည်။ ထိုအရာက ကျန့်ယန်ကို တော်တော်လေး မနာလို ဖြစ်စေခဲ့သောကြောင့် စကားလုံးများနှင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဇူထိုက်မှာ ကျန့်ယန်အနေဖြင့် အမှန်တကယ် မပျော်မရွှင် ဖြစ်နေကြောင်း သိသောကြောင့် ထိုအကြောင်းနှင့် ပတ်သက်ပြီး စိတ်ရှုပ်မခံတော့ပဲ ဇူယွမ်ကိုသာ ကျေးဇူးတင်ကြောင်း ပြုံးပြလိုက်သည်။
ဇူယွမ်ကလည်း ပြန်လည် ပြုံးပြလိုက်သည်။ ထိုမူလနဂါး သလင်းကျောက် အဆီအနှစ် သလင်းကျောက်များမှာ သူထံတွင် ပိုလျှံနေသော အရာများဖြစ်ပြီး သူ့အတွက် အနည်းငယ်မျှပင် အသုံးမဝင်ပေ။ သို့သော်လည်း ထိုအရာများက ဇူထိုက်အတွက် အလွန်အမင်း အကျိုးရှိစေပေသည်။
ဇူထိုက်က လျစ်လျူရှု ထားသောကြောင် ကျန့်ယန်မှာ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့သည်။ သို့သော်လည်း ဇူထိုက် ပြုံးပြနေသည့် ဇူယွမ်ကို မြင်သောအချိန်တွင် သူက အပေါ်ယံ အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ပြောလိုက်သည် “ညီတော်ဇူယွမ် အခုက မင်းအလှည့်ပဲ”
“အစ်ကိုတော် ဇူထိုက်က ငါတို့အတွက် ဂုဏ်သိက္ခာ နည်းနည်း ယူလာပေးခဲ့တယ် အဲဒါကိုသွားပြီး အဝေး မလွတ်ပစ်မိစေနဲ့”
ကျန့်ယန်မှာ ဇူယွမ်အနေဖြင့် မူလရေကန်ထဲတွင် ရေနေသားရဲ တစ်ကောင်ကိုပင် ခက်ခဲစွာ အမဲလိုက်ရပြီး အများဆုံး နဂါးသုံးကောင် ကောင်းချီးသာ ရလိမ့်မည်ဟု တွေးလိုက်ပေသည်။
ထိုအဆင့် ကောင်းချီးက မူလ နဂါးအဆီအနှစ်များကို ဖြုန်းတီးခြင်းပင် ဖြစ်သည်။
ဇူယွမ်မှာ ကျန့်ယန်ကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီးနောက် ညင်သာစွာ ရယ်မောလိုက်သည်။
ထိုအခိုက်တွင် အကြီးအကဲ မြောင်က နောက်တစ်ကြိမ် စကားပြောလိုက်သည် “ခရမ်းရောင် ခါးစည်းတပည့်တွေရဲ့ ကောင်းချီးခံယူခြင်း ပြီးသွားပြီ ဆိုတော့ နောက်ထပ်…”
အနည်းငယ် ရယ်ချင် နေမိသောကြောင့် သူမမှာ ရပ်တန့်လိုက်သည်။ ကောင်းချီး ခံယူခြင်းမှာ ပြီးဆုံးသင့်ပြီ ဖြစ်သော်လည်း ဒီတစ်ကြိမ်တွင် ဇူယွမ် ပါဝင်လာပေသည်။ သူတစ်ယောက်တည်းသာ မူလရေကန်ထဲကို ဝင်ရောက်ခဲ့သော ရွှေရောင်ခါးစည်းတပည့် ဖြစ်သောကြောင့် ယခု နောက်ဆုံးမှာ သူ့အလှည့်ဖြစ်သည်။
သူမက ဇူယွမ်အား လှမ်းကြည့်ကာ ပြောလိုက်သည် “အခုက မင်းအလှည့်ပဲ ဇူယွမ်”
လူတိုင်းက တစ်နေရာသို့ လှမ်းကြည့်လိုက်ကြပြီးနောက်တွင် အများစုမှာ ရယ်ချင် သွားကြပေသည်။ တကယ်ကိုပဲ ရွှေရောင် ခါးစည်းအဆင့် တပည့်တစ်ယောက်က မူလရေကန်ထဲတွင် ဘာများ လုပ်နိုင်ခဲ့မည်နည်း။
တောင်များထဲက တစ်ခုပေါ်တွင် ရှိနေသော လီချင်းချန်၏ မျက်လုံးများမှာ ပွင့်လာ ခဲ့ပြီးနောက်တွင် သူမက အဝေးတွင် ရှိနေသော ငယ်ရွယ်သည့် ပုံရိပ်အား စိတ်ဝင်စားစွာ ကြည့်လိုက်သည်။
ခုန်းစိန်၏ မျက်လုံးအစုံမှာ အေးစက်နေကာ မထူးမခြားနား ရှိနေခဲ့သည်။ သူ၏ နှုတ်ခမ်း ထောင်စွန်းများမှာ တွန့်ကွေးနေခဲ့ကာ ဇူယွမ်နှင့် ပတ်သက်ပြီး စိတ်မဝင်စားကြောင်း ပေါ်လွင်နေခဲ့သည်။
ဇူယွမ်တို့ အုပ်စုနှင့် အနီးဆုံးတွင် ရှိနေသော လုယန်မှာ ပြုံးလျက်ရှိနေခဲ့ပြီး သူမက အားရစွာ ပြောလိုက်သည်။
“ကြည့်ရတာ သမိုင်းတစ်လျှောက် အနိမ့်ဆုံး ကောင်းချီးကို ငါတို့ မြင်ရတော့မှာပဲ…”