တိမ်တိုက်များသည် မူလရေကန်၏ ကောင်းကင်ထက်တွင် စုဝေးလျက်ရှိသည်။
တိမ်တိုက်များ အတွင်းတွင် အဆုံးမဲ့သော မူလချီများ ပါဝင်လျက်ရှိပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော နဂါးအော်သံများ ပေါက်ကွဲကာ ထွက်ပေါ်လျက်ရှိပြီး ကောင်းကင်ပင်လျှင် တုန်ခါလျက် ရှိသည်။ ထိုမြင်ကွင်းကား ခမ်းနား ကြီးကျယ်လှပေသည်။
မရေမတွက်နိုင်သော တပည့်များမှာ ထိုမြင်ကွင်းအား မနာလိုမှုများနှင့် အံ့အားသင့်စွာ ကြည့်နေခဲ့ကြပေသည်။ နဂါးရှစ်ကောင် ကောင်းချီး… ထိုအရာကား သူတို့နှင့် အမှန်ပင် ဝေးကွာလှပေသည်။
“ဒါက နဂါးရှစ်ကောင် ကောင်းချီတဲ့လား။ တကယ့်ကို အံ့မခန်းပဲ” ဇူယွမ်၏ အမူအရာမှာ တောင့်တင်းနေခဲ့ပြီး အံ့အားသင့်စွာ ကြည့်နေခဲ့ပေသည်။ သူ့အနေဖြင့် ထိုတိမ်တိုက်များထဲတွင် များစွာသော မူလချီများ ပါဝင်နေသည်ကို ခံစားနိုင်ပေသည်။
ဘေးတွင်ရှိသော ဇူထိုက်မှာ ခေါင်းညိတ်လိုက်ပြီး မှတ်ချက်ချလိုက်သည် “ငါကြားထားသလောက် ဆိုရင် အစ်မတော်လီက မူလစဦး နဝမအဆင့်ကို ရောက်နေခဲ့တာ ကြာပြီပဲ။ ယခုအချိန်မှာသူက နတ်ဘုံခန်းဝါ အဆင့်ကို ချိုးဖြတ်ဝင်ဖို့ မူလချီ တွေကိုစုဆောင်းဖို့ လိုနေခဲ့တာ။ အခု နဂါးရှစ်ကောင် ကောင်းချီးက သူ့အတွက် တော်တော်လေးကို အထောက်အကူ ပြုလိမ့်မယ်”
ဇူယွမ်မှာ အသာအယာ ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။ ယခုတွင် သူသည် မူလစဦးအဆင့်မှ နတ်ဘုံခန်းဝါ အဆင့်သို့ ချိုးဖျက် ဝင်ရောက်ရန် မူလချီပမာဏ အမြောက်အမြား စုဆောင်းရန် လိုအပ်ကြောင်း သိရှိခဲ့ပြီဖြစ်သည်။ မူလစဦးအဆင့်မှ နတ်ဘုံခန်းဝါ အဆင့်သို့ ရောက်သွားလျှင် မူလ ချီသိုလှောင်ခန်းမှာလည်း ဆင့်ကဲဖြစ်စဉ် ဖြစ်ပေါ်လာပြီး ချီသိုလှောင်ခန်းများကို ရွှေရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်နှင့် အရောင်မဲ့ဟူ၍ အတန်းအစားများ ခွဲခြား သတ်မှတ်နိုင်ပေသည်။
နတ်ဘုံခန်းဝါအဆင့်၏ အဆင့်များကို လူတစ်ဦး၏ မူလစဦးအဆင့်တွင် စုဆောင်းထားခဲ့သော မူလချီများကို အခြေခံ၍ အဆင့်ခွဲခြား နိုင်ပေသည်။
တိုက်ရိုက်ဆိုရလျှင် လူတစ်ဦး၏ ချီသိုလှောင်ခန်းတွင် စုစည်းထားသော မူလချီပမာဏ များလေလေ နတ်ဘုံခန်းဝါအဆင့်တွင် အဆင့်မြင့်လေလေ ဖြစ်သည်။ လူတစ်ယောက်၏ အရည်အသွေးကို ထိုသူ၏ မူလချီများကသာ ကိုယ်စားပြုပေသည်…
မူလချီက ပိုမိုသန့်စင်လေ ဆင့်ကဲပြောင်းလဲသော မူလချီသိုလှောင်ခန်းက ပိုမို ကောင်းမွန်လေ ဖြစ်သည်။
ထို့ကြောင့် အဆုံးသတ်တွင် လူတစ်ယောက်၏ မူလချီများကသာ အရေးကြီးဆုံးဖြစ်သည်။
မူလကောင်းချီးခြင်ဆီမှာ လူတစ်ဦး၏ မူလချီများကို သန့်စင်စေနိုင်ပြီး မူလ ချီသိုလှောင်ခန်းကိုလည်း ပိုမိုကျယ်ပြန့်စေကာ လူတစ်ယောက်၏ အခြေခံ အုတ်မြစ်ကို ပိုမို ခိုင်မာစေပေသည်။ ထို့ကြောင့် လီချင်းချန်ကဲ့သို့ ရွေးချယ်ခံများကပင် မူလကောင်းချီး ခြင်ဆီကို ရယူရန် စိတ်အား ထက်သန်နေကြခြင်း ဖြစ်သည်။
ဝရုန်း…
များစွာသော မနာလိုဖြစ်နေသည့် အကြည့်များ အောက်တွင် အမွှေးတိုင် တစ်တိုင်စာမျှ အချိန် ကုန်ဆုံးသွားပြီးနောက် မြူခိုးများမှာ လွင့်ပါးသွားတော့သည်။
တိမ်များ ကင်းစင်သွားသည်နှင့် လူတိုင်းက ကျောက်တိုင်လုံးပေါ်တွင် ရှိနေသော ချစ်စဖွယ်ကောင်းပြီး မောက်မာ ဝင့်ကြွားသည် ပုံရိပ်လေးအား နောက်တစ်ကြိမ် ပြန်တွေ့လိုက်ကြရပြီး သူမ၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမိုအားကောင်းသွားပြီ ဖြစ်သည်။
နဂါးရှစ်ကောင် ကောင်းချီးမှ ကြီးမားသော အကျိုးကျေးဇူးကို သူမရခဲ့သည်မှာ သိသာလှပေသည်။
ထိုမြင်ကွင်ကြောင့် တောင်ထွတ်ပေါ်တွင် ရပ်နေသော ခုန်းစိန်၏ အမူအရာ ကင်းမဲ့နေသော မျက်နှာမှာ အနည်းငယ် ရှုံမဲ့သွားခဲ့သည်။
“ဂုဏ်ပြုပါတယ် အစ်မတော်”
နှင်းပဒုမ္မာတောင်ထွတ်မှာ အချို့သော တပည့်များမှာ အော်ဟစ်ကာ ဂုဏ်ပြုလိုက်ကြသည်။ များသောအားဖြင့် ထိုသူများမှာ မိန်းမလှလေးများ ဖြစ်ကြသည့်အတွက် သူတို့၏ ကြည်လင်သော အသံများက များစွာသော တပည့်များကို ဆွဲဆောင်သွားခဲ့ပြီး နောက်တွင် သူတို့လည်းပဲ ထောက်ခံကာ အော်ဟစ်လိုက်ကြသည့် အတွက် နောက်တစ်ဖန် ပြန်လည် ဆူညံသွားပြန်သည်။
သို့သော်လည်း လီချင်းချန်မှာ ရေခဲတောင်ကြီး အသွင်ဖြင့်သာ ရှိနေခဲ့ကာ တပည့်မလေးများကိုသာ အသာအယာ ခေါင်းညိတ်ပြခဲ့ပြီး ကျန်သူများကို လျစ်လျူရှုထားခဲ့ပေသည်။
အကြီးအကဲမြောင်မှာ လီချင်းချန်ကို အားရ ကျေနပ်ဟန်ဖြင့် ကြည့်လိုက်သည်။ သူမပြောနိုင်သည်မှာ လီချင်းချန်သည် နှင်းပဒုမ္မာတောင်ထွတ်၏ မျက်နှာဖြစ်ပြီး သူတို့အားလုံး၏ တစ်ယောက်တည်းသော အရွေးချယ်ခံဖြစ်သည်။ သူတို့တွင် ထူးခြားသော စွမ်းရည်ရှိသော တပည့်များရှိပေမဲ့လည်း အားလုံးမှာ အနည်းငယ် အားနည်းချက် ရှိပေသည်။ ထို့ကြောင့် အကြီးအကဲမြောင် အနေဖြင့် လီချင်းချန်မှာ သူ၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာအောင် လုပ်နိုင်သည်ကို တွေ့ရသောအခါ ပိုမို ပျော်ရွှင်နေခြင်း ဖြစ်သည်။
အကြီးအကဲမြောင်မှာ လီချင်းချန်က အများ၏ အာရုံစိုက်မှုကို ခံရခြင်းအား မကြိုက်မှန်းသိသည့် အတွက်ကြောင့် ချက်ချင်း ပြောလိုက်သည် “ချင်းချန်၊ မင်းရဲ့ ကောင်းချီးခံယူမှု ပြီးပြီဆိုတော့ သွားချင်ရင် သွားလို့ရပြီ”
လီချင်းချန်မှာ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး နောက်တွင် သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ပြီး အကြီးအကဲမြောင်ကို အရိုအသေ ပေးလိုက်သည်။ သူက ပျံသန်း သွားသော်လည်း ထွက်မသွားဘဲ နှင်းပဒုမ္မာတောင်ထွတ်မှ တပည့်များရှိနေသည့် တောင်ထွတ် တစ်ခုပေါ်သို့ ဆင်းလိုက်သည်။
အကြီးအကဲမြောင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လီချင်းချန်မှာ ကောင်းချီး ခံယူပြီးတိုင်းတွင် ထွက်သွားနေကျ ဖြစ်သော်လည်း ယနေ့တွင် အဘယ်ကြောင့် ဆက်နေသေးသနည်း။
သူမက ခဏမျှ တွေးနေခဲ့ပြီးနောက် အတွေးများကို ပြန်ရုပ်သိမ်းကာ အကြီးအကဲမြောင်က ဧရိယာ တစ်ခွင်လုံးကို နောက်တစ်ကြိမ် ဖြတ်ကြည့်လိုက်ပြီး “နောက်ထပ်ကတော့ ခရမ်းရောင် ခါးစည်းတပည့်တွေ အလှည့်ပဲ ကိုယ့်ကိုယ်ကိုယ်အဆင့်သင့် ပြင်ထားတော့”
သူ၏ စကားသံများက ပတ်ဝန်းကျင်ကို ဆူပွက်သွားစေပြန်သည်။ တကယ်တော့ ခရမ်းရောင် ခါးစည်းတပည့်များမှာ သည်နေ့တွင် အဓိကကျသူများ ဖြစ်သော်လည်း စည်းမျဉ်းများအရ သူတို့ အလှည့်သို့ရောက်ရန် အရွေးချယ်ခံများ၏ ကောင်းချီးခံယူမှုအား စောင့်ဆိုင်းရန် လိုအပ်ပေသည်။
ဇူယွမ်၏ အခြေအနေကတော့ ပိုဆိုးပေသည်။ သူ့အနေဖြင့် ခရမ်းရောင် ခါးစည်းတပည့်များ မပြီးမချင်း ထိုင်စောင့်နေရမည် မဟုတ်ပါလား…
သို့သော်လည်း သူ့အလှည့်သို့ရောက်ရန် အလွန် စိတ်မစောသဖြင့် အခြားသူများကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် များစွာသော တပည့်များ တစ်ယောက်ပြီး တစ်ယောက် ယဇ်ပုလ္လင်ကြီးပေါ်သို့ တက်သွားသည်ကို ဇူယွမ်က မတ်တတ်ရပ်လျက် စိတ်ဝင်စားနေသော မျက်ဝန်းများဖြင့် လိုက်ကြည့် နေခဲ့ပေသည်။
ထိုထဲတွင် ဇူထိုက်လည်း အပါအဝင်ဖြစ်ပြီး မထွက်သွားမီတွင် ဇူယွမ်အား အားပေး နှစ်သိမ့်လိုက်သည် “ညီတော်ဇူယွမ် ငါတို့ အရင်သွားလိုက်ဦးမယ်။ ခဏလောက် စောင့်ပြီးရင် မင်းအလှည့် ရောက်လာပါလိမ့်မယ်”
ဇူယွမ်မှာ ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။ အကြီးအကဲစိန်း၏ ပထမ တပည့်ဖြစ်သည့် ဇူထိုက်မှာ အလွန်ပင် စိတ်ထားမြင့်မြတ်သူ တစ်ဦးဖြစ်ပြီး စစ်မှန်သော အကြီးဆုံး တပည့်ပီသသူ တစ်ဦးဖြစ်ပေသည်။
ကျန့်ယန်မှာ ဇူထိုက်က ဇူယွမ်အား ဂရုစိုက်နေသည့် မြင်ကွင်းကို ရပ်ကာ ကြည့်မနေနိုင်တော့ပဲ အသာအယာ ရယ်မောကာ လှောင်ပြောင်လိုက်သည် “အစ်ကိုတော် ဇူထိုက်က တော်တော်လေးကို ကောင်းမွန်တဲ့ လူတစ်ယောက်ပဲ… ဒါပေမဲ့ မင်းအနေနဲ့ ကိုယ့်အခြေအနေကိုပဲ ပိုပြီး ဂရုစိုက်သင့်တယ်။ မင်းရဲ့ မူလကောင်းချီးခြင်ဆီ ရရှိမှုနှုန်းက ငါ့ထပ်အမြဲတမ်း ဆိုရွားနေခဲ့တယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် မင်းရဲ့နေရာကို မကြာခင်မှာ တစ်ယောင်ယောက်က ယူသွားတော့မှာပဲ”
အဲဒီတစ်ယောက်က ငါပဲလေ ဟား…ဟား…
ကျန့်ယန်နှင့် နီးစပ်မှုရှိသော တပည့်များမှာလည်း ရယ်မောကာဖြင့် မြှောက်ပင့်လိုက်ကြသည် “ထိပ်ဆုံး တပည့်နေရာက အစ်ကိုတော် ကျန့်ယန်နဲ့ နည်းနည်းပိုပြီး သင့်လျော်သလိုပဲနော်”
ဇူထိုက်၏ မျက်နှာတွင် ဒေါသထွက်နေဟန် ပေါ်လာခဲ့သည်။ သို့သော်လည်း သူက အခြားသော တပည့်များကြားထဲတွင် ကျော်ကြားသူ တစ်ဦးဖြစ်သောကြောင့် အခြားတပည့်များက ချက်ချင်းပင် သူ့ဘက်မှနေ၍ ဝင်ရောက်ပြောဆို ကြတော့သည်။
ကျန့်ယန်၏ မျက်နှာတွင် အထင်အမြင် သေးဟန်များ ပေါ်လာခဲ့ပြီးနောက် လက်ဝှေ့ယမ်းကာ မည်သည့်တုံ့ပြန်မှုမှ မလုပ်တော့ပဲ ကောင်းချီး ယဇ်ပုလ္လင်ဆီသို့သာ သွားလိုက်တော့သည်။
ဇူထိုက်က အနည်းငယ် စိတ်ရှုပ်ထွေး နေခဲ့သော်လည်း အခြားသော တပည့်များကို ဖျောင်းဖျပြောဆိုပြီး ကျန်နေခဲ့ပေသည်။
ဇူယွမ်က ထိုမြင်ကွင်းကို ကြည့်နေခဲ့ပြီးနောက် ရုတ်တရက် မေးလိုက်သည် “အစ်ကိုတော် ဇူထိုက်၊ ဒီတစ်ကြိမ်မှာ အစ်ကိုတော် နဂါးဘယ်နှကောင်အဆင့် ရနိုင်မလဲ”
ဇူထိုက်က ခါးသက်သက် ရယ်မောကာ ပြန်ဖြေလိုက်သည် “ထုံးစံအတိုင်း နဂါးလေးကောင်း ကောင်းချီးပေါ့ကွာ… ငါမူလရေကန်ထဲမှာ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့လည်း မူလနဂါး အဆီအနှစ် သလင်းကျောက် ဒါဇင်အချို့ပဲ ရခဲ့တယ်”
သူက သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည်။ ကျန့်ယန်မှာ သည်တစ်ကြိမ်လည်း နဂါးငါးကောင် ကောင်းချီးရဦးမည် ဖြစ်ကြောင်း သူသိပေသည်။
ဇူယွမ်က တစ်ခဏမျှ တိတ်ဆိတ် နေခဲ့ပြီးနောက်တွင် ဇူထိုက်ကို သူ၏နံဘေးသို့ ဆွဲခေါ်လိုက်သည်။
“ဘာများလဲ ညီတော် ဇူယွမ်”
ဇူယွမ်က ပြုံးနေခဲ့ပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ တော်တော်လေး ကြီးမားသော မူလနဂါး အဆီအနှစ် သလင်းကျောက်အချို့က သူ၏ လက်ထဲတွင် ပေါ်လာခဲ့ပြီး ဇူထိုက်အား ထိုးပေးရင်း ပြောလိုက်သည် “အစ်ကိုတော် ဇူထိုက်၊ ဒါက ကျွန်တော့်ကို ကြည့်ရှုပေးခဲ့တဲ့ အတွက် ကျေးဇူးဆပ်တာပါ။ ကျေးဇူးပြုပြီးတော့ ညီငယ်တစ်ယောက်က ပေးတဲ့ ဒီသေးငယ်တဲ့ လက်ဆောင်လေးကို လက်ခံပေးပါ”
ဇူထိုက်မှာ တောက်ပနေသော သလင်းကျောက်များကို စိုက်ကြည့်ရင်း တုန်လှုပ်သွားခဲ့သည်။ သလင်းကျောက်တိုင်းသည် သူ၏ လက်ထက်ပင် ကြီးနေသည့် အတွက်ကြောင့် ထိုအရာများမှာ ကြီးမားသော ရေနေ သားရဲများထံမှ ရရှိထားခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
“ဒါ… ဒါက…”
ဇူထိုက်မှာ အနည်းငယ် စိတ်ထိခိုက်သွားပြီး အချိန်အတော်ကြာသည် အထိ မှင်တက်နေခဲ့ပေသည်။ သူက သတိပြန်ဝင် လာသည်နှင့် ချက်ချင်းပင် ငြင်းဆန်လိုက်သည် “ညီတော် ဇူယွမ်၊ ဒါတွေက တအားများလွန်း…”
သူက ထိုအရာများကို ဇူယွမ်အား ပြန်လည်ပေးကာ “ဒီသလင်းကျောက်တွေနဲ့ ဆိုရင် မင်းရဲ့ ကောင်းချီးပေးခံရမှုက တောက်ပနေမှပဲ။ ဒါတွေကို ငါ့ကိုပေးလို့ကတော့ ငါ့ရဲ့ ပါရမီနဲ့ဆို ဖြုန်းတီးသလိုပဲ ဖြစ်သွားလိမ့်မယ်”
သို့သော်လည်း ဇူယွမ်က သူ၏ အကြောင်းပြချက်များ အားလုံးကို ငြင်းပယ်လိုက်ပြီး “အစ်ကိုတော် ဇူထိုက် ဒါတွေကို မလိုချင်ဘူးဆိုလည်း ဒါတွေကို လွှင့်ပစ်လိုက်တော့မယ်”
ထိုအခါမှ ဇူထိုက်က လျင်မြန်စွာ လက်ခံလိုက်ပြီး ခါးသက်သက် ပြုံးလိုက်သည်။ အဆုံးတွင် သူက လက်ဆောင်ကို လက်ခံလိုက်ရပြီ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ညီတော်ဇူယွမ်” သူက ဇူယွမ်ကို ပြုံးကာကြည့်ရင်း ပြောလိုက်သည်။
သူ့အနေဖြင့် ဇူယွမ်ကို လမ်းညွှန်မှုများ ပေးခဲ့ခြင်းမှာ ပထမ တပည့်တစ်ယောက်၏ တာဝန်အတိုင်း လုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအပြင် ဆရာစိန်းက ဇူယွမ်ကို မြင့်မားစွာ မျှော်မှန်းထားပေသည်။ ဇူယွမ်မှာ သူတို့အုပ်စု၏ အဓိက ထောက်တိုင်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း နားလည်သဖြင့် ဇူယွမ်ကို အလွန်ဂရုစိုက်ခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ ဂရုစိုက်မှုများကြောင့် တစ်စုံတစ်ခုပြန်ရရန် ဇူထိုက်အနေဖြင့် မမျှော်လင့်ထားပေ။
ဇူယွမ်က ပြုံးဖြဲဖြဲနှင့် လက်ဝှေ့ယမ်းလိုက်သည် “အခုသွားသင့်ပြီ အစ်ကိုတော် ဇူထိုက်ရေ”
ဇူထိုက်မှာ ခေါင်းညိတ် လိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာ အခြားတပည့် အချို့ကို လှမ်းခေါ်လိုက်သည်။ သူတို့၏ ခြေထောက်အောက်မှ မူလချီများမှာ စတင် မြင့်တက်လာခဲ့ပြီးနောက် ကောင်းချီး ယဇ်ပုလ္လင်ဆီသို့ ဦးတည်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အစောက ရှိနေသော စိတ်ပျက်ခြင်းများ အစား မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပေသည်။
ဇူယွမ်မှာ သူတို့ပုံရိပ်ကို ကြည့်နေရာမှ ကျန့်ယန်ကို လှမ်းကြည့်လိုက် ပြီးနောက် သူ့နှုတ်ခမ်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ကျန့်ယန်အနေဖြင့် သူ့အား အမြဲတမ်း ခက်ခဲအောင် ပြုလုပ်နေမှုများမှာ အကြီးအကဲစိန်းက သူ့အား အလေးပေး ဆက်ဆံခြင်းကြောင့် မနာလိုဖြစ်ကာ လုပ်နေမှန်း သူမသိဘဲ မနေပေ။ စိတ်သဘောထားကြီးသည့် ပထမတပည့် ဇူထိုက်နှင့် နှိုင်းယှဉ်လျင် ကျန့်ယန်မှာ တော်တော်လေးကို စိတ်သဘောထား ကျဉ်းမြောင်းသူ တစ်ယောက် ဖြစ်သည်။
ဇူယွမ်မှာ စိတ်ခံစားချက် မရှိသူ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သင်က ကျွန်ုပ်ကို ခက်ခဲစေချင်မှတော့ သင့်ကို တစ်စုံတစ်ခု မပျော်မရွှင် ဖြစ်အောင် လုပ်မိလိုက်လျှင် ကျွန်ုပ်ကို အပြစ်တင်ခြင်း သည်းခံပါပေါ့…