ကြီးမားလှသော ရှေးဟောင်း ယဇ်ပုလ္လင်ကြီးမှာ မူလရေကန်၏ အထက် လေထဲတွင် ပျံဝဲနေခဲ့သည်။ ထိုအပေါ်တွင် ရှေးဟောင်း မှော်စာလုံးများဖြင့် ဖုံးလွှမ်းနေသည့် ကျောက်တုံး တိုင်လုံးကြီးများ ရှိနေခဲ့ပြီး အဆုံးအစမဲ့သော အရှိန်အဝါများ ထုတ်လွှတ်လျက်ရှိသည်။
အကြီးအကဲမြောင်က လေထဲရှိ ယဇ်ပုလ္လင်ထက်တွင် ရပ်လိုက်သည်။ မူလရေကန်ထဲတွင် တာဝန်ကျနေသော အကြီးအကဲ တစ်ယောက်အနေဖြင့် မူလကောင်းချီးခြင်ဆီ ခံယူမှုကို ကြီးကြပ်ပေးရမည် ဖြစ်ပြီး လုပ်ဆောင်မှု အစီအစဉ်များကို နောက်ကွယ်မှ ကူညီပေးရန် လိုအပ်ပေသည်။
မူလရေကန် ပတ်ဝန်းကျင်ရှိ များစွာသော တောင်များပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များမှာ တောက်လောင်နေသော မျက်လုံးများဖြင့် ယဇ်ပုလ္လင်ကြီးကို ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်နှာပေါ်တွင် စိတ်အား ထက်သန်မှုများဖြင့် ပြည့်နေခဲ့ပေသည်။
သို့သော်လည်း စည်းကမ်းများ အတိုင်းပင် အဆင့်အတန်း မြင့်မားသော တပည့်များမှာ ပထမဆုံး အလှည့်ကျသူများ ဖြစ်ပေသည်။
သို့ဖြစ်၍ ခေါင်းလောင်းသံ ကြားရပြီးသည်နှင့် ချက်ချင်းပင် လှပသော ပုံရိပ်တစ်ခုက မူလချီများကို စီးနင်းလျက် လေထဲတွင် ပေါ်လာခဲ့ပေသည်။ အားကျစွာ ကြည့်နေကြသော အကြည့်များအောက်တွင် သူမက ကြီးမားသော ကျောက်တိုင်လုံးကြီးများ၏ အလယ်သို့ ဆင်းသက်လိုက်သည်။
“အဲဒါ အစ်မတော် လီချင်းချန်မလား”
ယခုလက်ရှိတွင် လီချင်းချန်က သူမ၏ ကောက်ကြောင်းများ ပေါ်တွင် အဖြူရောင်ဂါဝန် တစ်ထည်ကို လုံခြုံစွာ ဝတ်ဆင်ထားခဲ့ပြီး သူမ၏ ဆံပင်များက လေထဲတွင် ကခုန်နေကာ လူတိုင်း အသက်ရှူ ရပ်သွားမတတ် ဖြစ်စေသည့် သာမန်ထက် လွန်ကဲသော အရှိန်အဝါကို ထုတ်လွင့်လျက် ရှိပေသည်။
သို့သော်လည်း သူမ၏ လှပသော မျက်နှာလေးမှာ အေးစက်စွာ ရှိနေခဲ့ပြီး ရေခဲတောင်တစ်ခု၏ နတ်ဘုရားမ တစ်ပါးအလား မည်သူမှ မချဉ်းကပ်ရဲသော အရှိန်အဝါကို ပေးစွမ်းလျက်ရှိပေသည်။
သို့သော်လည်း ထိုအရာက သူမ၏ ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေခြင်း မရှိပေ။ သူမပေါ်လာသည်နှင့် ထိုဧရိယာရှိ ယောက်ျားသားများမှာ ပူလောင်နေခဲ့ပြီး သူတို့၏ မျက်နှာပေါ်တွင် ကြင်နာမြတ်နိုးမှုများက ထိန်းသိမ်းမရအောင် ဖြစ်ပေါ်နေပေသည်။
ဇူယွမ်၏ နှုတ်ခမ်းထောင့်စွန်းမှာ တွန့်ကွေး သွားခဲ့ပေသည်။ ထိုလူများအားလုံး မနေ့ညက ယောင်ယောင်နှင့်အတူ သေရည်ကရားများ တစ်ခုပြီးတစ်ခု သောက်နေသော သူမအား မြင်ရပါက သူတို့၏ နှလုံးသားများတွင် ဖြစ်ပေါ်နေသော သူမ၏ စိတ်ကူးယဉ်ပုံရိပ်မှာ ပျက်စီး သွားပေလိမ့်မည်လား။
ကျောက်တိုင်ထိပ်တွင် လီချင်းချန်၏ အမူအရာမှာ အေးစက်စက် ရှိနေခဲ့ပြီး သူမအား ကြည့်နေခဲ့သည့် များစွာသော အကြည့်တို့ကို လျစ်လျူရှုကာ သူမ၏ အကြည့်များက ဧရိယာ တစ်ခွင်လုံး ဖြတ်သန်းသွားပြီး တစ်ခုသော တောင်ထိပ်သို့ အရောက်တွင် ရပ်တန့် သွားပေတော့သည်
ထိုနေရာကား ဇူယွမ်နှင့် ယောင်ယောင်တို့ ရှိနေသော နေရာဖြစ်သည်။
အကြီးအကဲမြောင်ကာ လီချင်းချန်အား ပျော်ရွှင်နေသော မျက်နှာဖြင့် ပြောလိုက်သည် “အဆင့်သင့် ပြင်ထားတော့ ချင်းချန်”
လီချင်းချန်မှာ အသာအယာ ခေါင်းညိတ် လိုက်ပြီးနောက် ထိုင်ချလိုက်သည်။
သူမ၏လက်ကို ယမ်းလိုက်သည်နှင် များစွာသော မူလနဂါး သလင်းကျောက်များမှာ သူ၏ သိုလှောင်အိတ် အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး သူမ၏ အနီးတွင် ပျံဝဲနေခဲ့ပေသည်။ ထိုအရာများမှာ ရာပေါင်းများစွာ ရှိနေခဲ့ပြီး အံ့မခန်းပမာဏ ဖြစ်ပေသည်။
များစွာသော တပည့်များမှာ ထိုမြင်ကွင်းကို အားကျနေသော အကြည့်များဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေကြပေသည်။ ထိုသို့ များစွာသော မူလနဂါး အဆီအနှစ် သလင်းကျောက်များမှာ နဂါးခုနစ်ကောင် ကောင်းချီးရရှိရန် လုံလောက်နေပြီ ဖြစ်သည်။
ထိုသို့ ကောင်းချီးအဆင့်သည့် သာမန်တပည့်များ ရောက်ရှိနိုင်သည့် အဆင့်မဟုတ်ပေ။
ဘန်း…ဘန်း…
လီချင်းချန်၏ ပတ်ပတ်လည်ရှိ မူလချီများမှာ ရုတ်တရက် တုန်ခါသွားပြီးနောက် များစွာသော မူလနဂါး အဆီအနှစ် သလင်းကျောက်များမှာ တစ်ကြိမ်တည်းမှာပဲ ကွဲကြေသွားခဲ့သည်။ မူလနဂါးအဆီအနှစ် အရည်များမှ ကျဆင်းလာခဲ့ပြီး ကျောက်တုံးတိုင်များ ပေါ်သို့ စီးသွားသည်။
မူလနဂါး အဆီအနှစ်များမှာ တိုင်ပေါ်သို့ စီးဆင်းသွားပြီး ရှေးဟောင်း အစီအရင်များပေါ်သို့ စီးဝင်သွားခဲ့သည်…
အားလုံး၏ စောင့်ကြည့်မှုအောက်တွင် အလင်းတန်းများမှာ ကွက်တိကွက်ကြား ကျောက်တိုင်ပေါ်တွင် လင်းလက်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်မှ မူလချီများကလည်း တိုင်လုံးအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပေသည်။
ဝေါင်း…
အလင်းတိုင်လုံးမှာ ဆက်လက်ပြီး တောက်ပနေဆဲ ဖြစ်ကာ နဂါးဟိန်းသံ သဲ့သဲ့လေး ထွက်ပေါ်လာပေသည်။
အမွေးတိုင် တစ်ဝက်စာလောက် ကုန်ချိန်တွင် ကျောက်တုံးတိုင်ပေါ်မှ တောက်ပနေသော အလင်းတန်းမှ အကန့်အသတ်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ အဆုံးတွင် နဂါးပုံရိပ်များမှာ တိုင်လုံးထဲမှ ထွက်ပေါ်လာခဲ့ပြီး လီချင်းချန်ကို အလယ်တွင်ထားကာ စက်ဝိုင်းသဏ္ဌာန် လှည့်ပတ် ပျံသန်း နေခဲ့ကြပေသည်။
တစ်ကောင်… နှစ်ကောင်… မျက်စိတစ်မှိတ် အတွင်းမှာပဲ စုစုပေါင်း နဂါးခုနစ်ကောင်၏ ပုံရိပ် ဖြစ်ပေါ်လာခဲ့သည်။
ဧရိယာတစ်လျှောက်မှ မူလချီများမှာ လီချင်းချန်ဆီသို့ ဆုံစည်းလာခဲ့ပြီး ပေတစ်ထောင်မျှ ကျယ်ဝန်းသည့် မူလချီ မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပေသည်။
“မျှော်လင့်ထားသလိုပဲ၊ နဂါးခုနစ်ကောင် ကောင်းချီး”
များစွာသော တပည့်များမှာ နဂါးခုနစ်အောင်၏ ပုံရိပ်ကို တပ်မက်စိတ်များဖြင့် ကြည့်နေခဲ့ကြသည်။ ထိုအရာက သူတို့အားလုံး၏ စိတ်ကူးရင်အိပ်မက် ဖြစ်ပေသည်။
သို့သော်လည်း ကန်ရွှမ်းကလန်၏ တပည့်များ အကြားတွင် ကြီးမြတ်သော အရွေးချယ်ခံ တပည့် ဆယ်ယောက်က သာလျှင် ထိုအရာကို လွယ်လွယ်ကူကူ ရရှိနိုင်ပေသည်။ တောင်ထွတ်များ၏ တပည့်ခေါင်းဆောင်များ ပင်လျှင် ထိုအဆင့်သို့ ရောက်ရန် ကံကောင်းမှု အချို့ လိုအပ်ပေသည်။
“ရွေးချယ်ခံ တစ်ယောက်ကတော့ မျှော်လင့်ထားသလိုပဲ။ နဂါးခုနစ်ကောင် ကောင်းချီးရရှိဖို့က သူတို့အတွက် လွယ်ကူလွန်းတယ်” တောင်ထိပ် တစ်ခုပေါ်တွင် ရှိနေသော ဇူထိုက်၏ မျက်ဝန်းတွင် လေးစား အားကျခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ကြီးမြတ်သော အရွေးချယ်ခံ တပည့် ဆယ်ယောက်လုံးသည် ရေနေသားရဲများ ပေါကြွယ်ဝသော ကိုယ်ပိုင် နေရာလေးများကို မူလရေကန်ထဲတွင် ရရှိထားပေသည်။ အခြား တပည့်များကဲ့သို့ ဟိုဒီပြေးလွှားပြီး လိုက်လံရှာဖွေရန် မလိုအပ်ပေ။
ထိုစကားကို ကြားချိန်တွင် ဇူယွမ်မှာ ပြုံးကာ ပြောလိုက်သည် “ဒီတစ်ခေါက်မှ အစ်မတော်လီက နဂါးခုနစ်ကောင် ကောင်းချီးနဲ့ ရပ်သွားမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်”
ဇူထိုက်မှာ အံ့အားသင့်သွားပြီး “အစ်မတော်လီက နဂါးရှစ်ကောင် ကောင်းချီးရောက်အောင် ကြိုးစားနေတာလား။ အဲဒါအတွက် ပေတစ်ထောင် ရေနေသားရဲရဲ့ မူလနဂါး အဆီအနှစ် သလင်းကျောက် လိုအပ်လိမ့်မယ်”
ဘေးတွင် ရှိနေသော ကျန့်ယန်က ဇူယွမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည် “ညီတော်ဇူယွမ် ဒီလို အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြော နေသင့်ဘူး။ မင်းက အခုမှ မူလရေကန်ကို ရောက်ဖူးတဲ့ အတွေ့အကြုံက ပထမဆုံးပဲ ရှိသေးတယ်။ မင်းအနေနဲ့ ပေတစ်ထောင်သားရဲကို ရှာရတာ ဘယ်လောက် ခက်ခဲမှန်း နားလည်မှာ မဟုတ်ဘူး”
“နှစ်ပေါင်းများစွာ ကြာတာတောင် အစ်ကိုတော်ချူးချင်း တစ်ယောက်ပဲ အောင်မြင်နိုင်ခဲ့ပြီး ကျန်တဲ့ ရွေးချယ်ခံ တပည့်တွေကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမဲ့ အခုချိန်အထိ ဘယ်သူမှ နဂါးရှစ်ကောင် ကောင်းချီးကို မရရှိနိုင်ခဲ့ဘူး”
သူ၏လိုရင်းမှာ ဇူယွမ်အနေဖြင့် နဂါးရှစ်ကောင် ကောင်းချီးကို ရရှိရန် မည်မျှခက်ခဲကြောင်း နားမလည်ဘဲနှင့် လျှောက်ပြောမနေသင့်ကြောင်း အပြစ်တင်နေခြင်းပင် ဖြစ်သည်။
ဇူယွမ်မှာ ထိုလှောင်ပြောင် သရော် အပြစ်တင်နေသည့် စကားလုံးများကို ထုံးစံအတိုင်း ပြုံးရုံသာ ပြုံးပြလိုက်ပြီး တုံ့ပြန်လိုက်သည်။ သူက ကျန့်ယန်ကို လျစ်လျူရှုလိုက်ပြီး လီချင်းချန်ကိုသာ စိုက်ကြည့် နေခဲ့ပေသည်။
ကျန့်ယန်မှာ ထိုအပြုအမူက ဇူယွမ်အနေဖြင့် သူမှားကြောင်း နားလည် သွားသောကြောင့် ထိုသို့ ဖြစ်သွားသည်ဟု ထင်မြင်လိုက်ပြီး ကျေနပ် သွားခဲ့ပေသည်။
သို့သော်လည်း သူ၏ ကျေနပ်နေသော မျက်နှာမှာ ကြာရှည်မခံလိုက်ပေ။ ခဏအကြာတွင် များစွာသော သက်ပြင်းချသံများ ကြားလိုက်ရပြီးနောက် တုန်လှုပ်နေသော အကြည့်များက ယဇ်ပုလ္လင်ကြီးရှိရာသို့ တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
ကျန့်ယန်လည်းပဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အလျင်အမြန် ခေါင်းမော့ကာ ကြည့်လိုက်သည်နှင့် သူ၏ မျက်နှာအမူအရာမှာ တောင့်တင်း သွားတော့သည်။
လီချင်းချန်က နောက်တစ်ကြိမ် လက်ဝှေ့ယမ်း လိုက်သည်နှင့် ပေတစ်ဝက်ခန့်ရှိသော မူလနဂါး အဆီအနှစ် သလင်းကျောက်မှာ စွမ်းအင်များနှင့် အတူထွက်ပေါ် လာခဲ့ပြီးနောက် ထိုအထဲတွင် နဂါးတစ်ကောင်၏ ပုံရိပ်က လှည့်ပတ်လျက် ရှိနေခဲ့သည်ကို သာမန် မျက်စိနှင့်ပင် တွေ့မြင်နိုင်ပေသည်။
“ဒါက… ဒါက ပေတစ်ထောင် ရေနေသားရဲရဲ့ မူလနဂါးအဆီအနှစ် သလင်းကျောက်လား” ဧရိယာ တစ်ခွင်လုံး အော်သံများ ထွက်ပေါ်လာတော့သည်။
လီချင်းချန်တွင် ပေတစ်ထောင် ရေနေသားရဲ၏ မူလနဂါးအဆီအနှစ် သလင်းကျောက် ရှိနေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။ ထိုအဓိပ္ပာယ်က ဒီနေ့တွင် နဂါးရှစ်ကောင် ကောင်းချီး ထပ်မံ ဖြစ်ပေါ်လာဦးမည်ဟု ဆိုလိုသည်လား။
ထိုအရာက အတိတ်တွင် ချူးချင်းတစ်ယောက်သာ စွမ်းဆောင်နိုင်ခဲ့သော အရာဖြစ်သည်။
“အစ်မတော်လီက တကယ်ကို အံ့မခန်းပဲ။ ဘယ်သူ့ကိုမှ မသိစေပဲနဲ့ ပေတစ်ထောင် သားရဲရဲ့ မူလသလင်းကျောက် အဆီအနှစ်ကို ရရှိအောင်လုပ်သွားမယ်ဆိုတာ ငါအခုထိ မယုံကြည်နိုင်ခဲ့ဘူး”
“ခုန်းစိန်နဲ့ ယဲ့ကယ်ရော အစောပိုင်းက မူလရေကန်ထဲကို ဝင်ရောက်သွားခဲ့တယ်မလား။ သူတို့လည်း ပေတစ်ထောင် ရေနေသားရဲအတွက် သွားတာမလား။ ဒါပေမဲ့ အခုထိ သူတို့ကို မတွေ့ဘူးဆိုတော့ သူတို့က လီချင်းချန်ကို ရှုံးနိမ့်သွားတာလား”
“ဟီးဟီး… ကြည့်ရတာ လူတိုင်းက အစ်မတော်လီကို လျှော့တွက်ထားတဲ့ပုံပဲ။ ဘယ်သူ သိနိုင်မှာလဲ … သိပ်မဝေးတော့တဲ့ အနာဂတ်မှာ အစ်ကိုတော် ခုန်းစိန်နဲ့ အစ်မတော်လီတို့ရဲ့ ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောက်ရဲ့ အဆင့်က ပြောင်းလဲသွားရင် သွားမှာပေါ့”
“…”
များစွာသော တပည့်များ၏ မျက်လုံးများထဲတွင် လေးစား အားကျခြင်းများနှင့် ပြည့်နှက် နေခဲ့ပြီးနောက်တွင် လီချင်းချန်ကို မဆုံးနိုင်အောင် ချီးကျူးနေခဲ့ကြပေသည်။
ခုန်းစိန်ကိုသာ ထောက်ခံနေသည့် အချို့သော ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များ ရှိကြသော်လည်း သူတို့မှာ လူနည်းစုသာ ဖြစ်သည့်အတွက် သူတို့၏ ကန့်ကွက်မှုများမှာ လူအုပ်ကြီး၏ ပြောစကားများဖြင့် လွှမ်းမိုးခြင်းကို ခံလိုက်ကြရပေသည်။
လုယန်တို့ အုပ်စု၏ မျက်နှာများတွင် အံ့အားသင့်မှုများ ပေါ်လွင်နေပေသည်။ သူမက လီချင်းချန်အား စိုက်ကြည့်နေခဲ့ပြီး ရေရွတ်လိုက်သည် “လီချင်းချန်က အရမ်းကြမ်းသွားပြီး ခုန်းစိန်နှင့် ယဲ့ကယ်တို့ကို နိုင်သွားတယ်ဆိုတာ ငါတကယ် မယုံနိုင်သေးဘူး”
လီချင်းချန်၏ နဂါးရှစ်ကောင် ကောင်းချီးသို့ ရောက်ရှိသွားခြင်းသည် ချူးချင်း၏ အချိန်ကြာမြင့်စွာ ရှိနေခဲ့သည့် တစ်ဦးတည်း လွှမ်းမိုးနေသော တည်ရှိမှုအား ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။ ချူးချင်း၏ အသေခံအားပေးမည့် ထောက်ခံသူ တစ်ယောက်အနေဖြင့် ထိုကိစ္စကို ဝမ်းနည်းမိသော်လည်း အဆုံးတွင် သူမအနေဖြင့် လက်သင့်ခံသွားနိုင်ပေသည်။ တကယ်တော့ လီချင်းချန်မှာ ရွေးချယ်ခံများထဲတွင် တတိယအဆင့်ရှိသူ မဟုတ်ပါလား။
လူတိုင်းက ထိတ်လန့်စွာ ကြည့်နေကြစဉ်အတွင်း ခုန်းစိန်မှာ ဝတ်ရုံအမဲကြီးအား ဝတ်လျက် လက်နောက်ပစ်ကာ တောင်ထွတ်တစ်ခုပေါ်တွင် ရပ်လျက်ရှိပေသည်။ သူက အေးစက်နေသော မျက်နှာထားဖြင့် ကောင်းကင်ပေါ်ရှိ ယဇ်ပုလ္လင်ကြီးအား ကြည့်ကာ လက်သီးဆုပ်လိုက်သည်။
သူ၏ နံဘေးတွင် ရှိနေသော ယဲ့ကယ်က သက်ပြင်းချကာ ပြောလိုက်သည် “နောက်ဆုံးမှာ အစ်မတော်လီက ငါတို့ကို ဒီလို အနိုင်ရသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ခုန်းစိန်မှာ အမူအရာမဲ့လျက် ရှိသည်။ သူ၏ အကြည့်က ရုတ်တရက် တောင်ထွတ် တစ်ခုပေါ်တွင် ရှိနေသည့် ဇူယွမ်နှင့် ယောင်ယောင်တို့ထံသို့ ရောက်ရှိသွားတော့သည်။ သူတို့နှစ်ယောက်ကို ကြည့်ရင်းသူ၏ အမူအရာမှာ ပိုမိုအေးစက်သွားခဲ့သည်။
ထိုနှစ်ယောက်သာ ဝင်ရောက် မစွက်ဖက်ပါက မူလနဂါး အဆီအနှစ် သလင်းကျောက်မှာ လီချင်းချန်၏ လက်ထဲတွင် အဆုံးသတ်သွားလိမ့်မည် မဟုတ်ပေ။
လီချင်းချန်မှာ ပေတစ်ထောင်သားရဲ၏ မူလနဂါး အဆီအနှစ် သလင်းကျောက် ထွက်ပေါ်လာမှုကြောင့် ဖြစ်ပေါ်လာသော ဆူညံမှုများကို ဂရုမစိုက်ခဲ့ပေ။ သူမ၏ လက်ကို တစ်ချက်ဆန့်တန်းကာ သလင်းကျောက်ကို ကွဲကြေစေခဲ့ပြီးနောက် မူလနဂါး အဆီအနှစ်များကို ကျောက်တိုင်ပေါ်သို့ စီးဆင်း သွားစေလိုက်သည်။
ဝေါင်း…
တောက်ပသော အလင်းရောင်များ ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့သည်။
တိုးညင်းသော နဂါးဟိန်းသံကို အလင်း၏ နောက်တွင် တစ်ဆက်တည်း ကြားလိုက်ရသည်။ အားလုံး၏ မျက်စိရှေ့တွင်ပင် ကျောက်တုံးတိုင်လုံးမှ နဂါးတစ်ကောင် ထပ်မံ ပေါ်လာခဲ့ပြီးနောက် လီချင်းချန်၏ ပတ်ပတ်လည်တွင် ရစ်ခွေသွားပြန်သည်။
နဂါးရှစ်ကောင်…
ဧရိယာ တစ်ခွင်လုံးမှာ ဆူညံသံများနှင့် ပေါက်ကွဲသွားပြန်သည်။
လီချင်းချန်မှာ ချက်ချင်းပင် မျက်လုံးအစုံကို ပင့်ကာ နဂါးရှစ်ကောင်၏ ပုံရိပ်ကို ကြည့်ကာ တိုးညင်းစွာ သက်ပြင်း ချလိုက်ပြီးနောက် ခဏအကြာတွင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြန်သည်။
ဝေါင်း…
နဂါးရှစ်ကောင်လုံးမှာ ဟိန်းဟောက် လိုက်ကြပြီးနောက် တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်လာကာ လီချင်းချန်၏ ဦးခေါင်းအထက်ဆီသို့ ဝင်ရောက်သွားခဲ့သည်။
ဝရုန်း…
သူမ ပတ်ဝန်းကျင်ရှိ မူလချီများ လှုပ်ခါသွားပြီးနောက်တွင် အဆုံးမဲ့သော မြူခိုးများက လီချင်းချန်၏ ပုံရိပ်အား ဖြည်းညင်းစွာ ဖုံးလွှမ်း သွားပေတော့သည်။
သို့သော်လည်း မူလချီများမှာ ဆက်လက် တိုးပွားလာနေခဲ့ပြီး သူမ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာတစ်ခုလုံးကို ယှက်သန်းသွားတော့သည်။
ကြာရှည်သော အချိန်ကာလ တစ်ခုအပြီးတွင် နဂါးရှစ်ကောင် ကောင်းချီးမှာ မူလရေကန်၏ ကောင်းကင်ယံတွင် နောက်တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။