Switch Mode

အခန်း ( ၁၀၀ )

တခြားသူများကို တက်ကြွစွာ ကူညီခြင်း

ဝမ်ပေါင်လဲ့မှာ ငါးလက်မဝိညာဉ်အမြစ်အား သူ၏ ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ စုပ်ယူလိုက်ပြီးနောက် အလွန် စိတ်ဓာတ်တက်ကြွသွား၏။ ယခုတွင် သူသည် ဆန္ဒရှိသည်နှင့် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုဆီသို့သွား၍ အာနာပါနအဆင့်သို့ တက်လှမ်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ထိုခံစားချက်မှာ အရှုံးမရှိနိုင်သော လောင်းကစားတစ်ခုကို လုပ်နေရသည်နှင့်ပင် ဆင်တူ၏။ ထို့ကြောင့် သူသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ လမ်းလျှောက်ရင်း တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေတော့သည်။

ဒေါသစိတ်များ ပေါက်ကွဲထွက်လာတော့မည့်အလား ဖြစ်နေသည့် သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်လေး၏ မျက်နှာအမူအရာကို ပြန်လည်တွေးတောမိလိုက်သောအခါ သူသည် ပို၍ပင် ကျေနပ်အားရသွားသည်။

” အဲဒီကောင်လေးကတော့ သနားစရာပါပဲ။ သူက တခြားဘယ်သူ့ကိုမဆို ရန်သွားစလို့ရပေမဲ့ ငါ့ကိုမှ ရန်လာစတာကိုးကွ။ သူသာ ငါ့လောက် ရုပ်ချောမယ်ဆိုရင်တော့ သူနဲ့ ရေစက်ပါတဲ့ နောက်ထပ် ငါးလက်မဝိညာဉ်အမြစ်တစ်ခုကို သေချာပေါက် ရှာတွေ့မှာပါ ”

” ဒါပြီးတော့ ခြောက်လက်မ၊ ပြီးရင်တော့ ခုနစ်လက်မဝိညာဉ်အမြစ်ပေါ့ ”

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်ရွာထဲတွင် ပျော်ရွှင်ဝမ်းမြောက်စွာ လှည့်လည်သွားလာနေတော့သည်။ သူသည် ငါးလက်မရှိသော ဝိညာဉ်အမြစ်အခြေခံတစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သူ့အသွင် ပြောင်းလဲသွားခဲ့ကြသည့် ဝိညာဉ်အမြစ်များမှာ အနည်းဆုံး ခြောက်လက်မအထိ ရှိမနေပါက သူ့ကို အနှောင့်အယှက် မပေးကြတော့ချေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်အေးသွားရတော့သည်။ သူသည် ပုန်းကွယ်နေရန် မလိုတော့သောကြောင့် အရှိန်အဟုန်ဖြင့် ပြေးလွှားကာ ရှာဖွေနေ၏။ အချိန်များ ကုန်ဆုံးလာပြီး ရက်ပေါင်းအနည်းငယ်ခန့် ကြာမြင့်ပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ တောင်ထိပ်ပေါ်တွင်ရပ်၍ အားပါသော လက်သီးချက်တစ်ချက်ဖြင့် ခုနစ်လက်မ ဝိညာဉ်အမြစ်တစ်ခုအား တစ်စစီ လွင့်စင်ပျောက်ကွယ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် အစိမ်းရောင်မြူခိုးများကို စုပ်ယူလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

” ငါ နောက်ဆုံးတော့ ခုနစ်လက်မဝိညာဉ်အမြစ်ကို ရသွားပြီကွ။ အခု ရှစ်လက်မဝိညာဉ်အမြစ်ကိုပဲ ရှာဖို့ကျန်တော့တယ် ”

” အဲဒီ ဝိညာဉ်အမြစ်ကို စုပ်ယူပြီးတာနဲ့ ငါ ချုပ်တည်းနေစရာ လိုတော့မှာ မဟုတ်ဘူး။ ရှေးဟောင်းသိုင်းအဆင့်ကနေ ဖောက်ထွက်ပြီးတော့ အာနာပါနအဆင့်ကို တက်လှမ်းလို့ရပြီ ”

သူသည် အဆင့်မြင့်ကျွန်းသို့ အခက်အခဲမရှိ တက်လှမ်းနိုင်တော့မည် ဖြစ်ကြောင်း သိထားသဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားနေတော့သည်။ ထို့ကြောင့် သူသည် ဝိညာဉ်အမြစ်ရွာထဲတွင် ရှစ်လက်မ ဝိညာဉ်အမြစ်ကို စတင် ရှာဖွေလိုက်တော့သည်။

ဝိညာဉ်အမြစ်ရွာကြီးမှာ အလွန် ကြီးမား၏။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရစဉ်က သိပ်၍ သတိမထားမိခဲ့ပေ။ ထို့အပြင် သူသည် သူ၏ ခြေရာလက်ရာများကို ဖုန်းကွယ်ကာ သတိကြီးကြီးထား၍ သွားလာခဲ့ရသည် မဟုတ်ပါလော။ ယခုတွင်မူ သူသည် မည်သည့်အရာကိုမှ စိတ်ပူနေရန် မလိုတော့သောကြောင့် ထိုနေရာတစ်ဝိုက်တွင် ရှာဖွေရင်း တာအိုကျောင်းကြီးလေးကျောင်းမှ အခြားကျောင်းသားများနှင့် လမ်းခုလတ်တွင် ကြုံနေရပြီဖြစ်သည်။

ကျောင်းသားအများစုမှာ လေးလက်မ သို့မဟုတ် ငါးလက်မ ဝိညာဉ်အမြစ်များကို ရှာဖွေနေကြခြင်းဖြစ်ကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူသည် ဝိညာဉ်အမြစ်ရွာထဲတွင် နာမည်ဆိုးနှင့် အလွန် ကျော်ကြားနေသည်ကို ကြားသိထားကြသောကြောင့် သတိကြီးကြီး ထားလိုက်ကြ၏။

လူတိုင်း သူ့အကြောင်းကို ကြားဖူးထားသည်ဟု ဆိုရလျှင်ပင် ချဲ့ကားပြောဆိုနေရာ ရောက်မည်မဟုတ်ပေ။

တစ်ရက်ပြီးတစ်ရက် အချိန်များကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့မှာလည်း ထိုနေရာတစ်ဝိုက်ကို အဆက်မပြတ် ရှာဖွေနေဆဲပင်။ လမ်းတစ်လျှောက်တွင် သူသည် တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားပေါင်းများစွာနှင့် ဝိညာဉ်အမြစ်များအပြင် အဝေးတစ်နေရာတွင် ရှိနေသော ကိုးလက်မဝိညာဉ်အမြစ်ကြီးကိုပါ မြင်ခဲ့ရသည်။ သို့သော် ရှစ်လက်မဝိညာဉ်အမြစ်ကိုမူ မည်သည့်နေရာတွင်မှ ရှာမတွေ့သေးပေ။

ရှစ်လက်မဝိညာဉ်အမြစ် အရေအတွက်မှာ အလွန် နည်းပါးနေကြောင်း ဝမ်ပေါင်လဲ့ တဖြည်းဖြည်းနှင့် ရိပ်မိလာ၏။ သူသည် မဟာမြစ်တာအိုကျောင်းမှ ဝူဖန်တစ်ယောက်နှင့်သာ ဆုံခဲ့ဖူးသည်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အမြစ်၏ ဖိအားမှာ သူ၏ ဖိအားနှင့် ဆင်တူနေသည်ကို အာရုံခံမိခဲ့သည်။ ထို့ကြောင့် သူသည်လည်း ခုနစ်လက်မ ဝိညာဉ်အမြစ်အထိ ပိုင်ဆိုင်ထားခြင်း ဖြစ်ရပေမည်။

ဝူဖန်က ဝမ်ပေါင်လဲ့အား သတိထားမိလိုက်သောအခါ သူ၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွား၏။ သူသည် ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်ပြီး သူနှင့် ထိပ်တိုက်ရင်ဆိုင်မနေတော့ဘဲ အခြားနေရာတစ်ခုသို့ ပြေးထွက်သွား၏။

ဝူဖန် ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ အမူအရာမှာလည်း တည်ကြည်သွား၏။

” ကြည့်ရတာ ခုနစ်လက်မအထိ ရထားတဲ့သူ အများကြီး သိပ်မရှိသေးဘူးနဲ့ တူတယ်။ ဒါပေမဲ့ တချို့ကတော့ ရ,ထားမှာ သေချာပေါက်ပဲ။ သူတို့အားလုံးကလည်း ရှစ်လက်မဝိညာဉ်အမြစ်တွေကို လိုက်ပြီးတော့ ရှာနေလောက်ပြီ။ ရှစ်လက်မ ဝိညာဉ်အမြစ်တွေကလည်း စွယ်စုံသုံးနိုင်တဲ့ ဝိညာဉ်အမြစ်တွေလို့ လူတွေက သတ်မှတ်ထားကြတာ။ အဲဒီအမြစ် ပေါ်လာတဲ့အချိန်ကျရင် ကိုယ်နဲ့ ရေစက်ပါပါ မပါပါ ခုနစ်လက်မအထိ ရောက်ထားပြီးတဲ့လူတိုင်း အဲဒီအမြစ်အတွက် ယှ‌ဉ်ပြိုင်လို့ရတယ် ”

” ဒီတော့ အဲဒီအမြစ်ကို အရင်ဆုံး ရှာတွေ့တဲ့လူက အများကြီး အသာစီးရမှာ အမှန်ပဲ ”

ဝမ်ပေါင်လဲ့မှာ သူသိထားသည့် အချက်အလက်များကို တွေးတောသုံးသပ်ရင်း အရှိန်တင်ကာ သူရှာဖွေနေသည့် နေရာကို တိုးချဲ့လိုက်၏။

သူသည် ကောင်းကင်တာအိုကျောင်းမှ အတန်းဖော်များစွာနှင့်လည်း ကြုံခဲ့ရသေးသည်။ သူ့အား ကူညီနိုင်ကြသူများမှာ ကြည်ဖြူစွာ ကူညီပေးခဲ့ကြ၏။ သူ ပုန်းကွယ်နေခဲ့ရသည့် အချိန်အတွင်း သူ့လောက် နာမည်မကြီးပါသော်လည်း အံ့ဩဖွယ်ရာကောင်းသော အောင်မြင်မှုများကို ရရှိပိုင်ဆိုင်နိုင်ခဲ့ကြသည့် တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားတချို့ ရှိနေခဲ့သည်ကို ဝမ်ပေါင်လဲ့က သိလိုက်ရ၏။

” သမင်ဖြူတာအိုကျောင်းက ကျိုးရိရှန်က ခုနစ်လက်မဝိညာဉ်အမြစ်ကို ရသွားလို့ အခု ရှစ်လက်မဝိညာဉ်အမြစ်ကို ရှာနေပြီလို့ လူတွေက နေကြတယ် ”

” လီယီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိသေးတယ်။ သူက မွေးရာပါ ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတာမလို့ ဝိညာဉ်အမြစ်‌တွေက သူ့ကို အရမ်း သဘောကျကြတာတဲ့။ သူလည်း ခုနစ်လက်မအထိ ရထားတယ်လို့ကြားတယ် ”

” သမင်ဖြူတာအိုကျောင်းက ဝူဖန်တစ်ယောက် သူနဲ့ ရေစက်ပါတဲ့ ဝိညာဉ်အမြစ်တစ်ခုနဲ့ တိုက်ခိုက်နေတာကို မြင်ခဲ့ရတဲ့လူ ရှိတယ်။ အခုဆိုရင် သူ အဲဒီ ဝိညာဉ်အမြစ်ကို စုပ်ယူပြီးလောက်ပြီ ”

” ကျနော်တို့ ကောင်းကင်တာအိုကျောင်းက ကျောက်ယမုန့်လည်း ရှိသေးတယ်။ သူ့ကို အာရုံစိုက်တဲ့လူတွေက ကျောင်းသားခေါင်းဆောင်လောက်ကို ရှိတယ်ဗျ။ သူ့ ဝိညာဉ်ခန္ဓာကိုယ်ရဲ့ ဝိညာဉ်အမြစ်တွေကို ဆွဲဆောင်နိုင်စွမ်းက လီယီထက်တောင် ပိုပြီးတော့ သာလွန်နေသေးတယ်။ သူလည်း ပြီးခဲ့တဲ့တစ်ပတ်က ခုနစ်လက်မအထိ ရသွားခဲ့တယ်လို့ ကျွန်တော်ကြားထားတယ် ”

ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများ၏ ထိုသတင်းစကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူ့ပြိုင်ဘက်များ၏အကြောင်းကို နားလည်သွား၏။ သူ၏ ပူပန်ကြောင့်ကြစိတ်များမှာလည်း မြင့်တက်လာရ၏။ ထို့ကြောင့် သူသည် အလျင်အမြန်ပင် ထွက်ခွာသွားလိုက်ပြီး ဆက်လက် ရှာဖွေနေလိုက်တော့သည်။

သို့သော် ရှစ်လက်မဝိညာဉ်အမြစ်မှာ အလွန် ရှားပါးနေ၏။ သုံးရက်တိတိ ကုန်ဆုံးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ တစ်ခုတစ်လေနှင့်ပင် မကြုံခဲ့ရဘဲ သူနှင့် ရင်းနှီးသော လူတစ်ယောက်နှင့်သာ ကြုံလိုက်ရ၏။

ထိုသူမှာ တုမင် ဖြစ်သည်။

တုမင်မှာ သူမနှင့် တထေရာတည်းတူသော ခြောက်လက်မဝိညာဉ်အမြစ်ကို တိုက်ခိုက်ရင်း ဟောဟဲဆိုက်ကာ ချွေးဖြိုင်ဖြိုင် ကျနေ၏။ သို့သော် သူမ၏ ချွေးရနံ့များပင်လျှင် သင်းပျံ့နေ၏။ သူမသည် ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်နေပြီဖြစ်ပါသော်လည်း မှော်ဆေးရည်ဌာနမှ ဖြစ်သောကြောင့် သူမ၏ တိုက်ရည်ခိုက်ရည်များမှ နိမ့်ကျနေရ၏။ လက်ရှိတွင် သူမသည် ဝိညာဉ်ဆေးလုံး မြောက်မြားစွာကို သုံးစွဲထားပြီး ဖြစ်သည်။

ထို့ကြောင့် သူမသည် သူမနှင့် ရေစက်ပါသော ခြောက်လက်မဝိညာဉ်အမြစ်တစ်ခုကို ရှာတွေ့ထားပါသော်လည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိဘဲ ဖြစ်နေရပြီး ရှိရှိသမျှ အင်အားအကုန်လုံးကို ထုတ်သုံးထားပြီ ဖြစ်သည်။ ယခုတွင် သူမ၏ ပုံစံမှာ အလွန် သနားစရာကောင်းနေပြီး ဤ တိုက်ပွဲကို အနိုင်ယူနိုင်စွမ်း မရှိတော့မည့်ပုံပင်။

ထို့ကြောင့် သူမမှာ စိုးရိမ်စိတ်များ ကြီးထွားလာပြီး ကျောက်စိမ်းပေလွှာကို အသုံးပြုကာ အကူအညီတောင်းရန် ပြင်လိုက်စဉ်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ဘေးမှ ဖြတ်သွား၏။ ဝမ်ပေါင်လဲ့မှာမူ သူမအား သတိထားမိလိုက်သောအခါ မျက်လုံးများ အရောင်လက်သွားပြီး လမ်းကြောင်းပြောင်းကာ တုမင်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်၏။ ထို့နောက် သူမဆီသို့ မရောက်ခင်မှာပင် ဝမ်ပေါင်လဲ့က လှမ်း၍မေးလိုက်၏။

” ငါးဖောင်ရိုးမ။ ငါ့လို ခံ့ချောကြီးဆီက အကူအညီ လိုချင်လား ”

တုမင်မှာလည်း ဝမ်ပေါင်လဲ့အား သတိထားမိလိုက်၏။ ပုံမှန်ဆိုလျှင် သူမသည် သူ့အား မနှစ်သက်ပါသော်လည်း သူမ အကူအညီ အလိုအပ်ဆုံး ဖြစ်နေသည့်အချိန်တွင် ဝမ်ပေါင်လဲ့က ရောက်လာခဲ့သည်ဖြစ်ရာ သူမမှာ အံ့အားသင့်သွားရသည်။ သို့သော် သူမမှာ စကားမပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့ သုံးလိုက်သည့် နာမည်ပြောင်များကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ဒေါသထွက်သွားရတော့သည်။

” ဖက်တီးစုတ်။ သွားစမ်း။ ငါ နင့်ရဲ့ အကူအညီ မလိုဘူး ”
တုမင်မှာ ဝမ်ပေါင်လဲ့အား စူးရှစွာ စိုက်ကြည့်လိုက်ပြီး ခြောက်လက်မဝိညာဉ်အမြစ်နှင့် ဆက်လက် တိုက်ခိုက်နေလိုက်တော့သည်။

ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံနေရသည့်တိုင်အောင် ခေါင်းမာနေသည့် တုမင်အား မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။

” ငါးဖောင်ရိုးမ။ မင်းရဲ့ ဒီလိုမျိုး စိတ်ဓာတ်ကို ငါ အလေးစားဆုံးပဲ။ ကံကောင်းပါစေ။ ငါ မင်းရဲ့ ဘေးနားတစ်ဝိုက်မှာ အစောင့်တာဝန် ယူပေးထားမယ် ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားစွာ ဆိုလိုက်ပြီး ဘေးနားတွင်ထိုင်၍ မုန့်များကိုထုတ်ကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရင်း တိုက်ပွဲကြီးကို ကြည့်ရှုနေတော့သည်။

မုန့်များစား၍ တိုက်ပွဲကြီးကို အရသာခံကြည့်နေသော ဝမ်ပေါင်လဲ့ကြောင့် တုမင်မှာ ဒေါသထွက်သွားရ၏။ သူမမှာ ခြောက်လက်မဝိညာဉ်အမြစ်ကြီးနှင့် တိုက်ခိုက်ရင်း အခက်ကြုံလာရတော့သည်။ အချိန်အနည်းငယ်ခန့် ကြာပြီးသောအခါမှသာ သူမသည် သူမ၏နှလုံးသားထဲရှိ ဒေါသစိတ်များကို ချုပ်တည်းကာ အံကြိတ်၍ ထိုဝိညာဉ်အမြစ်ကြီးကို ဖိနှိပ်လိုက်နိုင်၏။

သို့သော် ခြောက်လက်မဝိညာဉ်အမြစ်မှနေ၍ အသွင်ပြောင်းထားသည့် ပုံရိပ်ယောင် လူရိပ်ကြီးမှာ တိုက်ရည်ခိုက်ရည် အတော်အသင့် ပြည့်ဝ၏။ ထို့ကြောင့် တုမင်မှာ ၎င်းအား ဖိနှိပ်ရန် အခက်‌တွေ့နေရသဖြင့် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။

ဝမ်ပေါင်လဲ့ကမူ ထိုတိုက်ပွဲကြီးကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားပြီး အသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။

” ငါးဖောင်ရိုးမ။ ငါ့ကို အစ်ကိုလို့ခေါ်။ အဲဒါဆိုရင် ငါ မင်းကို ကူညီပေးမယ်။ ဘယ်လိုလဲ ”

ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ တုမင်မှာ ပို၍ပင် ဒေါသထွက်သွားရသည်။ သို့သော် သူမမှာ အလွန် ခေါင်းမာသောကြောင့် အားအင်ချိနဲ့နေသည့်တိုင်အောင် သူ၏ တောင်းဆိုချက်ကို မလိုက်လျောခဲ့ပေ။

ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာအားလုံးကို မြင်လိုက်ရသောကြောင့် ထပ်၍ သက်ပြင်းချလိုက်ပြန်သည်။

” ထားလိုက်တော့။ မင်းကိုက တော်တော်ကို ခေါင်းမာတာ။ ဘာလို့ ဒီအတိုင်းလေး စတာကို စိတ်ဆိုးနေရတာလဲ ”
ဝမ်ပေါင်လဲ့မှာ မုန့်ထုပ်များကို သိမ်းဆည်းလိုက်ပြီး သူ၏ လက်ချောင်းများကို သန့်စင်ကာ ရှေ့သို့ ပြေးထွက်လာ၏။ သူ၏အမြန်နှုန်းမှာ တုမင်ထက် များစွာပို၍ သာလွန်နေသောကြောင့် မျက်စိတစ်မှိတ်အတွင်း သူသည် သူမ၏ရှေ့၌ ပေါ်လာ၏။ ထို့နောက် သူသည် ဘယ်လက်ကို မြှောက်၍ တုမင်နှင့် ဝိညာဉ်အမြစ် လူရိပ်ကြီးကြားရှိ နေရာလွတ်အား လက်ဝါးဖြင့် ရိုက်လိုက်သောကြောင့် ထို ဝိညာဉ်အမြစ်ကြီးမှာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် တွန်းထုတ်ခံလိုက်ရသည်။

ထို့နောက် သူ၏ ညာလက်သီးဖြင့် အုန်းခနဲမြည်အောင် ထိုးနှက်လိုက်သောကြောင့် ဝိညာဉ်အမြစ်ကြီးမှာ အပြင်းအထန် တုန်ရီသွားရတော့သည်။ ၎င်းမှာ နောက်သို့ဆုတ်ခွာသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ၎င်း၏နောက်သို့ ပြေးသွားလိုက်ပြီး ညည်းတွားကာ ထပ်၍ ထိုးနှက်လိုက်ပြန်သည်။

” ပျက်စီးစေ ”

သူသည် အင်အားအကုန်သုံး၍ ထိုးနှက်လိုက်သည့်ဖြစ်ရာ တရွှီရွှီမြည်သံများပင် ပေါ်ထွက်လာ၏။ သူ၏ လက်သီးချက်မှာ ထို ခြောက်လက်မဝိညာဉ်အမြစ်ကြီး၏ နောက်ကျောပေါ်သို့ တည့်မတ်စွာ ကျရောက်သွားသောကြောင့် ၎င်းမှာ တုန်ရီသွားပြီး တုမင်ရှိရာဘက်သို့ ယိမ်းထိုးကာ ၎င်း၏ ခန္ဓာကိုယ်မှာ စတင်ပျက်စီးလာတော့သည်။ သူမ၏ အနီးသို့ ရောက်သွားသောအခါ ၎င်းမှာ ဆက်၍ တောင့်မခံနိုင်တော့သဖြင့် ပေါက်ကွဲသွားပြီး အစိမ်းရောင်မြူခိုးများအသွင် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရတော့သည်။

တုမင်မှာ စိတ်လှုပ်ရှားသွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ်ခန့် တုန်ရီသွား၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ထဲရှိ ငါးလက်မဝိညာဉ်အမြစ်၏ နေရာ၌ ခြောက်လက်မဝိညာဉ်အမြစ်တစ်ခု အစားထိုးဝင်ရောက်လာတော့သည်။

တုမင်၏ စုပ်ယူမှု အောင်မြင်သွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်အား အသာအယာ ခါယမ်းလိုက်ပြီး ရှစ်လက်မဝိညာဉ်အမြစ်ကို ဆက်လက်ရှာဖွေရန် ပြင်ဆင်လိုက်သည်။ သို့သော် သူသည် ထွက်မသွားခင် သူမအား စနောက်လိုက်ပြန်သည်။

” ငါးဖောင်ရိုးမ။ ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး။ ငါ အရင်ဆုံး သွားနှင့်မယ်။ ဟုတ်ပြီလား ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွား၏။ တုမင်မှာ ဝမ်ပေါင်လဲ့အား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ကာ နှာမှုတ်လိုက်၏။ သို့သော် သူမ၏ မျက်လုံးများထဲတွင်မူ ပျော်ရွှင်မှု အရိပ်အယောင်များကို မြင်နိုင်ပေသည်။

” အဲ့ဖက်တီးစုတ်က သေချာကြည့်တော့လည်း သဘောကျစရာ အချက်လေးတွေ ရှိသေးသားပဲ။ သူက နှုတ်ကြမ်းပြီး တခြားလူတွေကို ရန်စရတာ ကြိုက်နေလို့သာ …. ”

အမှန်တွင် တုမင်မှာ ဝမ်ပေါင်လဲ့ အကူအညီပေးခဲ့သည် ပထမဆုံးလူတော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်တွင် ကောင်းကင်တာအိုကျောင်းမှ အတန်းဖော်များနှင့် ကြုံခဲ့ရသည့် အချိန်တိုင်း ကူညီပေးခဲ့သောကြောင့် သူတို့မှာ ဝိညာဉ်အမြစ်များကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့၏။

သူတို့နှင့် မတူညီသည့်အချက်မှာ တုမင်နှင့် သူ၏ကြားတွင် ထူးခြားသော ဆက်ဆံရေးတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ သူတို့မှာ တာအိုကျောင်းသို့ မရောက်ခင်ကတည်းက နှစ်ပေါင်းများစွာ ငြင်းခုံရန်သတ်လာကြသူများ ဖြစ်သည်။ ထို့ကြောင့် သူသည် သူမအား ခပ်ပါးပါးလေး ကျီစယ်လိုက်ခြင်းသာ ဖြစ်သည်။ သူသည် ဆက်လက်ရှာဖွေနေရင်း ညနေခင်းအချိန်သို့ ရောက်လာပြီဖြစ်သောကြောင့် ကောင်းကင်ကြီးမှာလည်း မည်းမှောင်လာပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း လမ်းကြောင်းပြောင်း၍ ဆက်လက်ရှာဖွေရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူသည် ခေါင်းငုံ့၍ သူ၏ သိုလှောင်လက်ကောက်ကို ကြည့်ကာ ရဲရဲနီနေပြီး အပြင်းအထန်တုန်ရီနေသော ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်၏။

၎င်းမှာ ကျောင်းသားများ အန္တရာယ်နှင့် ကြုံနေရသည့်အချိန်တွင် အသုံးပြုနိုင်ရန်အတွက် တာအိုကျောင်းက ပေးအပ်ခဲ့သည့် ပစ္စည်းတစ်ခုဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset