Chapter 15

မာစတာဂရေ့

ရှောင်ဖေးဖေးကို နှိပ်နယ်ပေးခြင်း ပြီးသွားပြီးနောက် အစ်မလင်းသည် သူ့အခန်းထဲ၌ ပုန်းနေပြီး ဘာကြောင့်မှန်းမသိ အပြင်ထွက်လာရန် ငြင်းဆန်လေသည်။ နာမည်ကြီး အနုပညာရှင် ရှောင်ဖေးဖေးက သူ့အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လိမ့်မည်ဟုလည်း မျှော်လင့်မထားပါ။ ထို့ကြောင့် သူသည် အိမ်ပြန်ရန် တက္ကစီသာ ငှားလိုက်ရသည်။

လတ်တလော သူ ပိုက်ဆံတော်တော်လေး ရှာထားနိုင်၍ တော်သေးသည်။ တက္ကစီခက သူ့အတွက် ဘာမှ မဟုတ်တော့ချေ။

တက္ကစီပေါ်သို့ တက်လိုက်ပြီးနောက် သူ၏ Wechat နဲ့ မဖတ်ရသေးသော စာတိုများ ဆယ်ခုကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုစာတိုများအားလုံးကို မိတ်ဆွေတစ်ယောက်တည်းက ပို့ထားခြင်း ဖြစ်သည်။

*လန်လန်များလား*

ရဲ့လင်းချန် အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထိုမိတ်ဆွေကို ပြန်အမှတ်ရသွားလေသည်။

[ဝိုင်နတ်ဘုရား နင်ရှိလား]

[ချီးပဲ နင် ဘာလို့ ငါ့ကို စာမပြန်တာလဲ]

[နင် အပြစ်ပေးခံရမှာ ကြောက်လို့ ထွက်ပြေးတာလား၊ ငါ့ကို အခု ပြန်ဖြေ]

ရဲ့လင်းချန် ပြဿနာ တက်လေပြီ။ တစ်ဖက်လူ၏ ဒေါသကို ဖုန်းမျက်နှာပြင်အား ဖြတ်၍ သူ ခံစားမိနေသည်။ စာတိုတစ်ချို့ ပို့ပြီးနောက် လန်လန်သည် စာထပ်ပို့ချင်စိတ် မရှိတော့ပုံရသည်။ သူမက အသံဖိုင်များကိုသာ ဆက်တိုက် ပို့လာ၏။ ရဲ့လင်းချန် တစ်ဒင်္ဂမျှ တုံ့ဆိုင်းနေပြီးနောက် အသံဖိုင်ကို ဖွင့်၍ နားထောင်လိုက်သည်။

“သေနာကြီး ငါ့ကို စကားပြန်ပြောလေ”

“ငါ့ကို တော်တော်လေး ထိခိုက်အောင် လုပ်ခဲ့တာ နင့်အမှားပဲ၊ နင့်အပြစ်ကို အဆုံးထိ ပြန်ဆပ်ရမယ်၊ နင် ယောက်ျား မဟုတ်ဘူးဆိုရင်တော့ ငါ့ကို စာပြန်မပို့နဲ့ပေါ့”

ဤစာတိုများအားလုံးသည် သူ နှိပ်နယ်ပေးနေသည့် အချိန်နှစ်နာရီအတွင်း ပို့ထားခြင်း ဖြစ်လေသည်။ လောလောလတ်လတ် ပို့ထားသည့် စာတိုများမှာ လွန်ခဲ့သည့် ဆယ်မိနစ်က ပို့ထားခဲ့သည်။

ရဲ့လင်းချန်က အကြပ်ရိုက်နေသော မျက်နှာထားဖြင့် ဖုန်းကို ကြည့်နေမိသည်။ သူမကို သူ စာပြန်ပို့သင့်လားဟု စဉ်းစားမိနေ၏။

“လူငယ်လေး၊ မင်းကောင်မလေးနဲ့ ရန်ဖြစ်နေတာလား”

ထိုစဉ် တက္ကစီသမားက ရုတ်တရက် ရဲ့လင်းချန်ကို ပြုံးတုံ့တုံ့ အမူအရာဖြင့် ကြည့်လာသည်။ ရဲ့လင်းချန် ခေါင်းခါ၍ အောင့်သက်သက် ပြုံးလိုက်မိသည်။

“ဦးလေး အထင်မှားနေပြီ၊ ကျွန်တော်တို့က အဲ့လိုမဟုတ် …”

“ထပ်ရှင်းပြနေဖို့ မလိုပါဘူးကွာ၊ ဦးလေး အားလုံးကို နားလည်ပါတယ်”

ကားမောင်းသူက ရဲ့လင်းချန်အား နားလည်သော အကြည့်မျိုးဖြင့် ကြည့်လေသည်။

“ဦးလေးက မင်းအရွယ်ကို ဖြတ်ကျော်လာခဲ့တဲ့လူပါကွာ၊ ငါ သိပါတယ်ကွ”

“အဲ့မိန်းကလေးရဲ့ အသံအရဆို သူက တော်တော်လေး ချောတယ်မလား၊ သူ့လေသံအရဆို မင်းကို သူ တော်တော်လေး ဂရုစိုက်တာပဲ၊ လူငယ်လေး မင်း သူ့ကို ဆွဲထားမှ ဖြစ်မယ်နော်”

ဦးလေးက စိတ်ရင်းအတိုင်း ပြောသောစကားများကို အရိုးသားဆုံးဆန္ဒဖြင့် ဆက်ပြောပြသည်။

“ယောက်ျားတစ်ယောက်ဆိုတာ တာဝန်သိတတ်ရမယ်ကွ၊ ဒီလိုအရွယ်မှာ အချစ်စစ်ကို ရှာတွေ့ဖို့ လွယ်တာ မဟုတ်ဘူး”

“ငါ့ဘဝမှာလည်း တစ်ခါက ငါ့ကို စောင့်နေတဲ့ အချစ်စစ် ရှိခဲ့ဖူးတယ်၊ ငါ အဲ့ဒါကို တန်ဖိုးမထားခဲ့မိဘူး၊ ငါ ဆုံးရှုံးသွား လိုက်ရမှပဲ နောင်တရခဲ့ရတယ်၊ ဒီလောကကြီးထဲမှာ အဆိုးရွားဆုံး ဝေဒနာ ဖြစ်ခဲ့တာပေါ့ကွာ …”

တက္ကစီသမားက သူ့ဘဝ၏ အတွေ့အကြုံများကို ပြောပြနေသည်။ သူ့အကြည့်၌ ဝမ်းနည်း၍ စိတ်ပျက်လက်ပျက် ဖြစ်နေဟန်များ ထင်ဟပ်နေသည်။ သူက ခံစားချက်အပြည့်ဖြင့် ပြောလာ၏။

“လူငယ်လေး ဒီဦးလေး လျှောက်ခဲ့ဖူးတဲ့ လမ်းမျိုးကို လိုက်မလျှောက်နဲ့ကွာ ဟုတ်ပြီလား”

“…”

“ဦးလေး ခုနက ရုပ်ရှင်ထဲက ဇာတ်ညွှန်းကို ပြောနေတာပဲ”

ရဲ့လင်းချန်က ဖော်ရွေစွာ သတိပေးလိုက်သည်။

“ပြီးတော့ ခုနက မီးနီကိုလည်း ဖြတ်မောင်းခဲ့တဲ့ပုံပဲ”

“ဘာ”

တက္ကစီသမား အကြီးအကျယ် မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူ ကိုယ့်ကိုယ်ကိုယ် သနားလာပြီးနောက် ပို၍ စိတ်ဓာတ်ကျလာ၏။

စကားများသော တက္ကစီသမားအား ငြိမ်သွားအောင် လုပ်ရသည်က အတော်လေး ခက်ပေသည်။ တက္ကစီသမား ငြိမ်ကျသွားမှ ရဲ့လင်းချန်က သူ့ဖုန်းကို ပြန်ကြည့်လိုက်သည်။ သူ တစ်ခဏမျှ စဉ်းစားပြီးနောက် စာပြန်ရိုက် လိုက်သည်။

“ငါ တောင်းပန်ပါတယ်၊ ငါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေနေရလို့ပါ”

“နောက်ဆုံးတော့ နင် စာပြန်ပြီပဲ၊ နင်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေနေတာဆိုတော့လည်း ငါ ခွင့်လွှတ်ပေး ရမှာပေါ့၊ နင်က အဲ့လောက်တောင် ငယ်သေးတာလား”

တစ်ဖက်လူ စာပြန်ပို့သည်က မြန်လွန်းသဖြင့် ရဲ့လင်းချန် အံ့ဩသွားရသည်။

“အင်း”

“ဟွန့် … နင်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေနေတာဆိုတော့လည်းငါ ခွင့်လွှတ်ပေးလိုက်မယ်”

လန်လန်က လေသံမာမာဖြင့် ပြန်ပြောပြီးနောက် ဆက်ပြောလေသည်။

“ဒါပေမဲ့ ငါ တော်တော်လေး ထိခိုက်သွားတာကတော့ နင့်အပြစ်ပဲ၊ ငါ လက်စားပြန်ချေဖို့ နင် ငါ့ကို ကူညီပေးရမယ်”

“ဘာဖြစ်သွားလို့လဲ”

ရဲ့လင်းချန်က စပ်စုသော အီမိုဂျီလေးပါ တွဲပို့လိုက်သည်။ မကြာခင်မှာပင် လန်လန်က စာအရှည်ကြီးတစ်စောင် ပြန်ပို့လေသည်။

ဒိုတာလောကနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း လောကနှစ်ခုလုံး၌ အသိုင်းအဝိုင်းများ ရှိနေသည်ကို သူ သိလိုက်ရသည်။ လန်လန်တွင် ချိုသာသော အသံ၊ လှပသောမျက်နှာနှင့် မာနကြီး၍ အေးစက်စက် အပြုအမူ ရှိသည်။ သူမသည် ထိုအသိုင်းအဝိုင်း နှစ်ခုလုံး၌ အပြောများသော အကြောင်းအရာ၌ ပါဝင်လေသည်။ သို့သော် သူမသည် အဖွင့်ပွဲအတွင်း လေးပွဲဆက်တိုက် ရှုံးခဲ့သဖြင့် တော်တော်လေး အပြောခံလိုက်ရသည်။ သူမက ထိုလူများ၏ နောက်ပြောင်ခံရသည့် ပစ်မှတ် ဖြစ်လာသည်။

သူမ၏ Wechat စာမျက်နှာ၌ အပြောင်အပျက်ပြောသော လူများနှင့် သူမကို မုန်းသူများ အတော်လေး ပေါ်လာကြသည်။ သူမက Wechat ၏ ရေပန်းအစားဆုံး ခေါင်းစဉ်များထဲမှ တစ်ခုပင် ဖြစ်လာသေးသည်။

အစောပိုင်းက သူသည် ဒိုတာထဲမှာ ‘ရည်းစားစာ’ ဟူသော အကောင့်ပိုင်ရှင် ဂိမ်းသမား၏ အညှာအတာမဲ့စွာ အနိုင်ပိုင်ခြင်း ခံခဲ့ရသည်။ သူမကိုယ်သူမ သက်သေပြရန် လန်လန်က ‘ရည်းစားစာ’ အကောင့်ပိုင်ရှင်အား နှစ်ယောက်တည်း ချသောပွဲ ဆော့ရန် ကမ်းလှမ်းလိုက်သည်။ သို့သော် အဆုံး၌ သူမသာ ဆိုးဆိုးရွားရွား ရှုံးသွားသည်။ ဤသည်က သူမကို မခံချင်မခံသာ ဖြစ်အောင် ပြောနေသော လူများ ပိုများလာအောင် လုပ်လိုက်သဖြင့် သူမ ရဲ့လင်းချန်ကို လာရှာခြင်း ဖြစ်သည်။

လန်လန်က သူမအခြေအနေအား ကံဆိုးမိုးမှောင်ကျသကဲ့သို့ ပြောပြနေ၏။ တစ်လောကလုံး၏ စွန့်ပစ်ခြင်းကို သူမ ခံလိုက်ရသလိုပင်။ သို့သော် ဤအဖြစ်အားလုံးက ရဲ့လင်းချန်ကြောင့် ဖြစ်လာသည်ဟုလည်း ဆိုနေသေးသည်။

“မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ”

ရဲ့လင်းချန်က အနည်းငယ် ရှက်သွားပြီး ပြန်ပြောလိုက်သည်။

“ငါ့ကို အင်မော်တယ်အဆင့်ရောက်အောင် ခေါ်သွားပေး”

လန်လန်က အလျင်အမြန် ပြန်ပြောလာသည်။

“သူတို့က ငါ့ကို မခံချင်အောင် ပြောထားတာ၊ အဲ့တော့ ငါ အင်မော်တယ်အဆင့်ကို ပထမဆုံးရောက်တဲ့လူ ဖြစ်အောင် ဆော့ရမယ်၊ ငါ သူတို့ကို မျက်နှာဖြတ်ရိုက်ပစ်ချင်နေတာ”

“အဲ့တော့ ငါ အဲ့လိုလုပ်နိုင်တယ်လို့ မင်းက တော်တော်လေး ယုံကြည်တယ်ပေါ့လေ”

ရဲ့လင်းချန် ပြန်မေးလိုက်သည်။

“ငါ ဂရုမစိုက်ဘူး၊ နင် ငါ့ကို ပထမဖြစ်အောင် လုပ်ပေးရမယ်၊ မဟုတ်လို့ကတော့ ငါ နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

လန်လန်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလာ၏။

“ကောင်းပြီလေ၊ ဒါပေမဲ့ ငါ ဒီနေ့ မအားဘူး၊ မနက်ဖြန်မှ ဆော့ကြတာပေါ့”

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြီးသွားပြီးနောက် သူလည်း အားနေသဖြင့် သဘောတူလိုက်သည်။ တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ သူ ပိုက်ဆံအချို့ ရှာနိုင်သည်က သူ့အတွက် အရေးပါဆုံး အချက်ပင်။

နောက်တစ်နေ့ အရုဏ်တက်ချိန်သို့ ရောက်လာလေသည်။ ရှောင်ဖေးဖေးသည် သူမ ပုံမှန်အကျင့်နှင့် ခြားနားစွာပင် အိပ်ရာထဲ၌ မနေတော့ချေ။ သူမ စောစောနိုးရုံသာမက လန်းဆန်း၍ အားအင် ပြည့်နေသလို ခံစားမိနေ၏။

သူမ ပုံမှန်အတိုင်း မှန်ရှေ့သွားရပ်လိုက်သည်။ သူမကိုယ်သူမ မှန်ထဲပြန်ကြည့်ပြီးနောက် တအံ့တဩ ထအော် လိုက်မိသည်။

“အစ်မလင်း အစ်မလင်း …”

ရှောင်ဖေးဖေးက ကလေးမလေးတစ်ယောက်လို စိတ်လှုပ်ရှားနေ၏။ သူမ အစ်မလင်းထံသို့ စိတ်လှုပ်ရှားစွာ ပြေးသွား လေသည်။

“အစ်မလင်း ကြည့်ပါဦး၊ ညီမ မျက်ကွင်းညိုနေတာတွေ မရှိတော့ဘူး၊ ပြီးတော့ ညီမဘယ်ဘက် ပါးပေါ်က ဝက်ခြံလည်း ပျောက်သွားပြီ”

နာမည်ကြီး အနုပညာရှင်တစ်ဦး ဖြစ်သည်နှင့်အညီ သူမအသားအရေကို ထိန်းသိမ်းရန် သူမ တော်တော်လေး အလေးထားရသည်။ သူမမျက်နှာပေါ်က အပြစ်အနာအဆာ အနည်းငယ်မျှကပင် သူမအား စိုးရိမ်စေသည်။ ပုံမှန်နေ့များ၌ သူမ ထိုအနာအဆာများကို ဖုံးအုပ်ရန် မိတ်ကပ်ကို သုံးရသည်။ သို့သော် ထိုအပြစ်အနာ အဆာများသည် တစ်ညလောက် ကောင်းကောင်းအိပ်လိုက်သည်နှင့် ပျောက်ကွယ်သွားလေသည်။

*ဟင်*

တစ်ခဏအကြာတွင် ရှောင်ဖေးဖေးက အစ်မလင်းက အကဲခတ်နေသော အကြည့်ဖြင့် ကြည့်မိသွားသည်။

“အစ်မလင်း ဘာလို့ အစ်မအသားအရေက အရင်ကထက် ပိုစိုပြည်လာပြီး မျက်နှာကလည်း ပိုပန်းရောင် သမ်းလာတယ်လို့ ညီမ ခံစားမိနေတာလဲ”

ရှောင်ဖေးဖေးသည် အကြောင်းအရာသစ်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ အံ့ဩလာ၏။

“တကယ်လား”

အစ်မလင်း ပြုံးလိုက်မိသည်။ သူမသည်လည်း ယနေ့မနက် နိုးလာချိန်တွင် သူမအသားအရေ၏ ပြောင်းလဲမှုကို သတိထားမိပါ၏။

“ရဲ့လင်းချန်ရဲ့ အနှိပ်ပညာက တကယ် ထိရောက်တဲ့ပုံပဲ၊ ဒီနေ့လို သက်တောင့်သက်တာ ဖြစ်နေတာမျိုး အရင်က တစ်ခါမှ မခံစားဖူးဘူး၊ အခုကစပြီး သူ့ကို မကြာမကြာ နှိပ်ပေးဖို့ ပြောရမယ်”

ရှောင်ဖေးဖေးက ဝမ်းသာအားရ ပြောလာသည်။ သို့သော် မနေ့က ရဲ့လင်းချန် သူမကို ဘယ်လိုလုပ်ခဲ့သလဲ ပြန်တွေးမိသည်နှင့် ရှက်သွေးမဖြာဘဲ မနေနိုင်တော့ပေ။ သူမတစ်ကိုယ်လုံး အားမရှိတော့သကဲ့သို့ ပျော့ခွေ လာရသည်။

လက်ရှိတွင် ရဲ့လင်းချန်သည် သူ၏ မနက်ပိုင်း တစ်ကိုယ်ရေ သန့်ရှင်းရေးအား ပြုလုပ်ပြီးသွားသည်။ မြေတစ်နေရာစာတိုင်း ဈေးကြီးသော မြို့ကြီးထက် ယှဉ်လျင် ရွာ၌ နေထိုင်ခြင်း၏ အကောင်းဆုံးအချက်မှာ နေရာ ကျယ်ပြောခြင်းပင်။ ရွာထဲမှ အိမ်တိုင်း၌ ကိုယ်ပိုင်ခြံဝန်းများ ရှိသည်။ ခြံဝန်း၏ အရှေ့၌ ဧကနှစ်ရာ ကျယ်ဝန်းသော လယ်ကွင်းပင် ရှိသေးသည်။ မြစ်တစ်စင်းက ရွာနယ်မြေကို ဖြတ်၍ စီးဆင်းနေပြီး မြို့ပြ၏ လူသူ ထူထပ်ခြင်းနှင့် ဆူညံခြင်းတို့ဒဏ်မှ ကင်းဝေးလေသည်။ မြင်ကွင်းက ပန်းချီကားလေးအား ကြည့်ကောင်းလှ၏။

ရဲ့လင်းချန်သည် မနက်စောစောမြင်ကွင်းကို အလွန် သဘောကျသည်။ မှုန်ပျပျ နေ့အလင်းရောက်အောက်၌ နှင်းစက်ကလေးများ ထင်းနေသည့် မြင်ကွင်းက သာယာလှသည်။ လူလုပ်မီးအလင်းများ မရှိသလို ဘာသံမှ မကြားရလောက်အောင် တိတ်ဆိတ်နေသည်။

ရဲ့လင်းချန်သည် နောက်ဖေးခြံဝန်းထဲသို့ လျှောက်လာပြီးနောက် ကိုယ်နေဟန်ထားပြင်၍ အရဟာ လက်သီးကို စလေ့ကျင့်လိုက်သည်။

အရဟာ လက်သီးသည် ရှောင်လင်ကွန်ဖူး၏ အခြေခံ တိုက်ခိုက်ရေးပုံစံ ဖြစ်သည်။ ၎င်းသည် အခြေခံ တိုက်ခိုက်ရေး ပုံစံမျှသာ ဖြစ်သော်လည်း ကွန်ဖူး၏ အခြေခံအုတ်မြစ်ပင်။ ၎င်းသည် လက်ဟန်၊ ခြေကွက် စသည့် နည်းစနစ်များစွာ ပါဝင်သည်။

ပါရမီရှင်စနစ် ရှိနေသဖြင့် ရဲ့လင်းချန်သည် ဆရာတစ်ယောက်၏ သင်ပြမှုကို မလိုအပ်ပေ။ အရဟာ လက်သီး၏ ကိုယ်နေဟန်ထားအား သူ တစ်ရာရာခိုင်နှုန်း အပြည့်အဝ ထုတ်ဖော်နိုင်၏။

အရဟာ လက်သီး၌ အကွက် ဆယ့်ရှစ်ကွက် ရှိသည်။ တစ်ကွက်ချင်းစီက မြင့်မားသော ကိုယ်ခံအားနှင့် ဇွဲတို့ လိုအပ်သည်။ ရဲ့လင်းချန်သည် တစ်ကြိမ်မျှ လေ့ကျင့်ပြီးသည်နှင့် အတော်လေး ဟောဟဲလိုက်နေသည်။ သူ့လက်မောင်း ကြွက်သားနှင့် ခြေထောက်ကြွက်သားများ ကျဉ်တက်လာသည်ဟု သူ ခံစားမိလာသည်။ သူ၏ ခြေလက်များ ပြတ်ကျတော့မည်ဟုပင် ခံစားမိသွားသည်။

“ဒီသိုင်းကွက်က ရှောင်လင်းကွန်ဖူး ပညာရဲ့ အခြေခံလို့ တကယ် ခေါ်ထိုက်တာပဲ၊ ကျောင်းက အေရိုးဗစ်နဲ့ ယှဉ်ရင် ခန္ဓာကိုယ်ကို တော်တော်လေး သန်မာစေတယ်”

ရဲ့လင်းချန် မအံ့ဩဘဲ ရလဒ်ကြောင့် ပျော်နေမိသည်။ အရဟာ လက်သီးက ခန္ဓာကိုယ် ကြံ့ခိုင်သန်မာခြင်း၌ အမှန်တကယ် အကျိုးသက်ရောက်မှုရှိကြောင်း သက်သေပြနေသည် မဟုတ်ပါတကား။

ရေချိုးပြီးနောက် ပင်ပန်းနွမ်းနယ်မှုများ လျော့နည်းလာသည်ကို ရဲ့လင်းချန် သတိထားမိလာသည်။ သူ လန်းဆန်း၍ အားအင် ပြည့်နေသလို ခံစားရသည်။ သူ့ခန္ဓာကိုယ်က စာကလေးတမျှ ပေါ့ပါးလာသလိုပင်။ တစ်ကြိမ်မျှသာ လေ့ကျင့်ရသေးသော်လည်း အကျိုးသက်ရောက်မှုက သိသာလှသည်။

*ငါ ဒီပုံအတိုင်း ဆက်ကျင့်နေရင် သိုင်းသမားတောင် ဖြစ်လာမလားမသိဘူး*

“ဝီ”

သူ့ဖုန်း တုန်ခါလာ၏။ လန်လန်ထံမှ ဖြစ်လေသည်။

“ဝိုင်နတ်ဘုရား နင် နိုးပြီလား၊ ဆော့ရအောင်”

“စောလှချည်လား၊ မင်း ပုံမှန်ဆို နေ့ခင်းပိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြီး ဆော့တယ်လို့ ငါ ထင်နေတာ”

“ငါ ထပ်မစောင့်နိုင်တော့ဘူး၊ ငါ နင့်ကို ထပ်မေးမယ်၊ နင် ပါမှာလား”

လန်လန်သည် အချိန်အတော်ကြာ မပြောခံထားရပြီးနောက် ထပ်၍ သည်းမခံနိုင်တော့သည့်ပုံပင်။

“လာပြီ”

ရဲ့လင်းချန်၏ အိမ်မှ တစ်ကီလိုမီတာ ဝေးသော နေရာ၌ ဝမ်ယို ဂိမ်းဆိုင်ရှိသည်။ ထိုနေရာသို့ သူ အားကုန် ပြေးလာခဲ့သည်။ သူ အနည်းငယ် မောသလို ခံစားရသော်လည်း ချွေးမထွက်သည်ကို ရဲ့လင်းချန် သတိပြု မိသွားသည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြီးဆုံးသွားသဖြင့် ဂိမ်းဆိုင်၌ လူများဖြည့် ပြည့်နှက်နေ၏။ ဆိုင်တစ်ခုလုံး လူပြည့်ကာ ဆူညံနေသည်။ ဆိုင်ထဲ၌ ဆေးလိပ်နံ့၊ အရက်နံ့နှင့် ချွေးနံ့များဖြင့် ပြည့်နေလေသည်။ ဆဲသံများကိုလည်း တစ်ခါတလေ ကြားနေရသည်။ ဤဆိုင်မှ ဂိမ်းအငွေ့အသက်များ နိုင်းယှဉ်မရလောက်အောင် ပြင်းထန်လှသည်။

သူ ထောင့်တစ်ခုနားမှ တစ်လုံးလွတ်နေသည်ကို တွေ့သွားပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ သူ ဂိမ်းထဲသို့ ဝင်လိုက်သောအခါ လန်လန်က လိုင်းပေါ်တက်၍ သူ့အား စောင့်နေသည်ကို တွေ့လိုက်ရလေသည်။

“ဝိုင်နတ်ဘုရား နောက်ဆုံးတော့ နင် ရောက်လာပြီပဲ”

လန်လန်က မိုက်ခရိုဖုန်းမှတစ်ဆင့် ပြောလိုက်သည်။

“ငါ တောင်းပန်ပါတယ်၊ ငါတို့ အခု လူရှာပြီး ဆော့ကြတော့မလား”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

“ဟွန့်”

ကစားသမားခြင်း တွဲဖက်နေသောအချိန်၌ ဝိုင်နတ်ဘုရား၏ ချန်နယ်ကို ဖော်လိုလုပ်ထားသော ပရိသတ်များလည်း ချန်နယ်ထဲသို့ ဝင်ရောက်လာကြသည်။ လူရာဂဏန်းမျှသာ ရှိသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်၌ ဆူညံလျက် ရှိသည်။

[ဝါး … နောက်ဆုံးတော့ ဝိုင်နတ်ဘုရား လိုင်းပေါ် ရောက်လာပြီပဲ]

[ဝိုင်နတ်ဘုရား ခင်မင်လို့ မင်းကို သတိပေးလိုက်မယ်၊ မင်း အရမ်းခေါင်းမာနေမယ်ဆိုရင် ထုတ်လွှင့်သူ တစ်ယောက်အနေနဲ့ မင်း ပရိသတ်တွေကို ဆုံးရှုံးရလိမ့်မယ်]

[မင်း သတိမထားမိသေးဘူးလား၊ ဝိုင်နတ်ဘုရားက ရေခဲနတ်သမီး လန်လန်နဲ့ တွဲဆော့တော့မှာ၊ ငါ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားမိနေတယ်]

[လခွမ်း ငါ ရေခဲနတ်သမီး အဆင့်ကျသွားတော့မှာကို စိုးရိမ်တယ်ကွာ]

“ငါ တောင်းပန်ပါတယ်၊ ပြီးခဲ့တဲ့ရက်တွေက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေနေရလို့ပါ၊ အခု ငါ မင်းတို့ကို ရှဲဒိုးဖီးန်ရဲ့ အမြင်နဲ့ မင်းတို့ကို ဂိမ်းထဲ ခေါ်သွားပါ့မယ်”

ရဲ့လင်းချန်က တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ကနေ ပြောလိုက်သည်။ သူက ရှဲဒိုးဖီးန်ကို ရွေးကာ အလယ်လမ်းထဲသို့ ချက်ချင်း ဝင်လိုက်လေသည်။

သုံးမိနစ်ကြာပြီးနောက် ရဲ့လင်းချန်သည် အလယ်လမ်းမှ ပြိုင်ဘက်၏ သွေးတန်းအား တစ်မှတ်လျော့သွားအောင် ချက်ချင်း လုပ်လိုက်နိုင်သည်။ ရှစ်မိနစ်ကြာသော် ရဲ့လင်းချန်၏ ရှဲဒိုးဖီးန်က Godlike ထက်ကျော်ရသွားသဖြင့် ပြိုင်ဘက်က ဂိမ်းထဲမှ ထွက်ရန် ရွေးချယ်သွားလေသည်။

ဒုတိယပွဲ၌လည်း ထပ်တူညီသော အခြေအနေ ဖြစ်ပေါ်လာပြန်သည်။ ရဲ့လင်းချိန်က ဂိမ်းကစားရင်း အဖွဲ့သားများနှင့် စကားပြောဆိုနေ၏။ တစ်စက်ကလေးမှ ဖိအားမရှိဘဲ တော်တော်လေး အေးအေးလူလူ ရှိနေ၏။

ငါးပွဲဆက်တိုက် MVP ရပြီးနောက် သတိမထားမိခင်မှာပင် အနည်းငယ် ပိုအားကြီးသော ပြိုင်ဘက်များနှင့် ယှဉ်၍ ပြိုင်ဆော့လာရသည်။ သို့သော် ထိုပြိုင်ဘက်များသည် ယခင်အတိုင်း ရဲ့လင်းချန်၏ တစ်ချက်တည်းနှင့် အပြီးသတ်ခြင်း ခံလိုက်ရသည်။ သူ၏ ပြိုင်ဘက်အားလုံးကို သူ လုံးဝ ဖိနှိပ်၍ အနိုင်ပိုင်းခဲ့သည်။ လန်လန်သည် ရဲ့လင်းချန်နောက်မှ တောက်လျှောက် လိုက်လာပြီး အစမှအဆုံးတိုင် ဘာမှမလုပ်ဘဲ နိုင်ပွဲရသည့် အရသာကို ပျော်ပျော်ကြီး ခံစားနေ၏။

သူ ဆယ်ပွဲဆက်တိုက် အနိုင်ရခဲ့လေသည်။ တိုက်ရိုက် ထုတ်လွှင့်မှု ချန်နယ်တစ်ခုလုံး ဆူညံ ပွက်လောရိုက် လာသည်။

[ရူးလောက်တယ်ကွာ၊ သူ ဘယ်လိုလုပ် ရှဲဒိုးဖီးန်ကို ဒီလောက် အားကောင်းအောင် ဆော့နိုင်ရတာလဲ]

[ဘာကြောင့်မှန်းမသိပင်မယ့် ငါ ဝိုင်နတ်ဘုရား ဂိမ်းကစားတာကို ကြည့်နေရင် တော်တော်လေး ကျေနပ်သလို ခံစားရတယ်၊ သူ့ထိန်းချုပ်မှုတိုင်းက ပြီးပြည့်စုံတာထက်ကို ပြောင်မြောက်တယ်၊ ငါ ရုပ်သံဇာတ်လမ်းတွဲ ကြည့်နေရ သလိုပဲ]

[အပေါ်ကလူ ပြောတာကို ငါ ထောက်ခံတယ်၊ ငါလည်း အဲ့လိုပဲ ခံစားနေရတာ]

[ဒီထုတ်လွှင့်သူ ဂိမ်းကစားတာကို ကြည့်ရုံနဲ့တင် တော်တော်လေး သင်ယူလိုက်ရသလို ခံစားရတယ်၊ ဒါပေမဲ့ ငါကိုယ်တိုင် အဲ့နည်းအတိုင်း လိုက်လုပ်ဖို့ ကြိုးစားတော့ တော်တော်လေး မဖြစ်နိုင်တာကို သိလိုက်ရတယ်ကွာ]

[အဲ့ဒါ ဘာလို့လည်းဆိုတော့ မင်း APM က နှေးလွန်းလွန့်လေ၊ ဒီထုတ်လွှင့်သူရဲ့ APM က အံ့ဩစရာပဲ]

သူသည် စုစုပေါင်း ဆယ်ပွဲနိုင်ခဲ့ပြီး ပွဲတိုင်း MVP ရခဲ့သည်။ ဤသည်က တကယ်ကို ထူးချွန်လွန်းလှသည်။ အဓိက ပရော်ဖက်ရှင်နယ် ဂိမ်းသမားများပင် ထိုသို့ မလုပ်နိုင်ချေ။

အခြားသူများထက် လန်လန် ပို၍ အံ့အားသင့်နေ၏။ ဆယ်ပွဲလုံး၌ အရည်အချင်းရှိသော ကစားသမားများ ပါနေသည်ကို သူမ ကောင်းကောင်းကြီး သတိထားမိသည်။ သို့သော် ထိုအရည်အချင်းရှိသော ကစားသမား များသည် ရဲ့လင်းချန်နှင့် ပြိုင်ကစားသောအခါ ငတုံးများနှင့် မထူးခြားနားသလို ဖြစ်နေ၏။ ထို့အပြင် ရဲ့လင်းချန်သည် အစမှအဆုံးတိုင် ရှဲဒိုးဖီးန်ကိုသာ ကိုင်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ရဲ့လင်းချန်၏ ဟီးရိုး ရှဲဒိုးဖီးန်က အမှတ်ပေါင်း သုံးထောင် ရနေလေပြီ။ ဤသည်က ရှဲဒိုးဖီးန်အပေါ် သူ၏ ထိန်းချုပ်မှုက ပရော်ဖက်ရှင်နယ်အဆင့်သို့ ရောက်နေပြီးသား ဖြစ်ကြောင်း သက်သေပြနေသည်။

“ဝိုင်နတ်ဘုရား နင်က တကယ့်ကို ထူးခြားလွန်းတယ်”

လန်လန်က ပြောချင်သော စကားအားလုံးကို တစ်ကြောင်းတည်း၌သာ ပေါင်း၍ ပြောလိုက်မိသည်။

“ငါတို့ ဆက်ကစားကြမလား”

ရဲ့လင်းချန် ပြန်မေးလိုက်သည်။

“လုပ်လိုက်လေ”

ဆယ့်တစ်ပွဲမြောက် ကစားသမားများ ရွေးချယ်ချိတ်ဆက်ခြင်းက ယခင်ထက် ပို၍ အချိန်ကြာလေသည်။ ဤသည်က ဂိမ်းစနစ်က သူတို့ကို ထူးချွန်သူများဟု သတ်မှတ်သွားကြောင်း ပြသနေသည်။ သူတို့သ်ည ထူးချွန်သောအဆင့်မှ ထူးချွန်သူများနှင့် ယှဉ်ဆော့ရပေတော့မည်။ ကစားသမားများ ရွေးချယ်ချိတ်ဆက်ခြင်းက နှစ်မိနစ်တိတိ ကြာမြင့်လေသည်။ သူတို့ စကားပြောခန်းထဲ ဝင်ကြည့်လိုက်သည်။ ရဲ့လင်းချန် ကစားသမားများကို ဝေ့ကြည့်လိုက်ပြီးနောက် တစ်ဖက်အသင်းမှ ကစားသမားတစ်ယောက်၏ အိုင်ဒီကို သတိထားမိသွားသည်။

တစ်ဖက်လူ၏ အိုင်ဒီနာမည်က ဆရာကြီး ဖြစ်သည်။ ထိုနာမည်က ဝင့်ကြွား၍ အတော်လေး အထက်စီး ဆန်လှသည်။

“အဲ့ဒါ ရည်းစားစာလေ”

လန်လန်က အံကြိတ်၍ ပြောလာသည်။

“သူက ရည်းစာစာဆိုတဲ့လူလား”

လန်လန်က ရည်းစားစားဆိုသော အကောင့်ပိုင်ရှင်နှင့် နှစ်ယောက်ပြိုင်ချသော ပွဲ၌ သူမ ဘယ်လိုရှုံးသွားကြောင်း ပြောပြခဲ့သည်ကို ရဲ့လင်းချန် သတိရသွားသည်။

“ဟွန်း … နင် ဒီပွဲမှာ သတိထားသင့်တယ်၊ သူက အရင်ကတည်းက ပရော်ဖက်ရှင်နယ် ဂိမ်းသမားပဲ၊ ပြီးတော့ တော်တော်လေး အားကြီးတယ်”

လန်လန်က ထိုသို့ပြောပြီးနောက် ဆက်ပြောလေသည်။

“ပြီးတော့ နင် ငါ့ကို တောက်လျှောက် အပါခေါ်သွားပြီး သူ့ကို ရှုံးအောင် လုပ်ပေးရမယ်”

[ဒါ ရည်းစားစာပဲ၊ ထုတ်လွှင့်သူက ရည်းစားစာနဲ့ ယှဉ်ဆော့ဖို့ ကျတာပဲ၊ ဟီးဟီးဟီး … စိတ်လှုပ်ရှားစရာ ကောင်း လာတော့မယ်]

[အားလုံးပဲ လောင်းကစားလေး လုပ်ရအောင် ဘယ်သူနိုင်မယ်လို့ ထင်လဲ]

[တော်တော်လေး ရင်ခုန်စရာ ကောင်းတယ်၊ ဝက်ဝက်ကွဲ လူကြိုက်များတဲ့ ရုပ်ရှင်ကို ကြည့်နေရသလိုပဲ]

[ပေါက်ပေါက်ဆုပ် ပြင်ထားပြီးပြီ၊ ငါ ဒီထုတ်လွှင့်သူ ဖင်ချခံရတာကို ထိုင်ကြည့်နေတော့မယ်]

[ငါလည်း အဲ့လိုပဲထင်တယ်၊ ထုတ်လွှင့်သူရဲ့ အနိုင်ရမှတ်တမ်း ကျိုးပျက်တော့မယ်လို့ ငါ ထင်နေတယ်]

သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်က စိတ်လှုပ်ရှားမှုကြောင့် ဆူညံနေသည်ကို ကြည့်နေချိန်တွင် ရည်းစားစာ၏ မာန်ပါသော ပေါ်ထွက်လာမှုကို ရဲ့လင်းချန်သည်လည်း ခံစားမိသည်။

*ပြီးတော့ ငါသာ ရည်းစားစာကို နိုင်မယ်ဆိုရင် ပရိသတ် အရေအတွက်က ထိုးတက်လာဦးမှာမလား …*

စာစဉ် ၁ ဤတွင် ပြီးပါပြီ။


Comment

Leave a Reply


Options

not work with dark mode
Reset