စာစဥ် (၂၄) အပိုင်း (၃၂၃)

အပြစ်ပြုမိခြင်း

ခုန်းစိန်နှင့် ယဲ့ကယ်တို့ ထွက်ခွာသွားသည်နှင့် ရေကန်၏ မျက်နှာပြင်မှာ ပြန်လည် ငြိမ်းချမ်းသွားခဲ့သည်။ ရေပြင်ပေါ်တွင် ရှင်းထုတ်လိုက်သည့် အလား အစောပိုင်း တိုက်ပွဲ၏ အရိပ်အယောင်များ တစ်စွန်းတစ်စပင် မကျန်တော့ချေ။

ဇူယွမ်၏ မျက်လုံးအစုံမှာ တောက်ပလျက် ထွက်ခွာသွားသော ခုန်းစိန်၏ နောက်ကျောပြင်ကို စိုက်ကြည့်နေခဲ့သည်။ ဇူယွမ်အနေဖြင့် အရွေးချယ်ခံများနှင့် သူ့အကြားတွင် ပြဿနာ မဖြစ်ချင်သော်လည်းပဲ သူ၏ဆန္ဒမှာ မပြည့်ဝခဲ့ပေ။

ထို့အပြင် အစောပိုင်းက ခုန်းစိန်မှာ ဇူယွမ်တို့ကို ရင်းနှီးဖော်ရွေစွာ ပြောဆို နေခဲ့သော်လည်းပဲ သူ၏လေသံတွင် အထက်စီးဆန်မှုများ ပါဝင်နေပေသည်။

ဤသည်ကြောင့် ခုန်းစိန်မှာ ဇူယွမ်ကို အထင်သေးနေကြောင်း သိသာပေသည်။ မူလနဂါးကောင်းချီး အဆီအနှစ် သလင်းကျောက်ကြောင့်သာ မဟုတ်ပါက သူတို့ကဲ့သို့ နိမ့်ကျသော သူများနှင့်ပင် စကားပြောရန် ထိုက်တန်ခြင်း မရှိဟု ထင်မြင်ထားသည်မှာ သေချာပေသည်။

တစ်​ယောက်က ရွေးချယ်ခံများထဲက တစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်မှာ ရွှေရောင်ခါးစည်း တပည့်တစ်ယောက်မှသာ ဖြစ်သည်။

သူတို့နှစ်ယောက်အကြား အဆင့်အတန်း ကွာခြားချက်မှာ အလွန်ပင် ကြီးမားပေသည်။

သို့သော်လည်း ဇူယွမ်မှာ ရယ်မောရုံသာ ရယ်မောနေခဲ့သည်။ သည်ကိစ္စအတွက် အရှက်ရခြင်းမျိုး မဖြစ်ပေ။ ခုန်းစိန်၏ အရည်အချင်းဖြင့် ဆိုပါက ထိုသို့ မောက်မာ ဝင့်ကြွားရန်အတွက် ထိုက်တန်မှု ရှိပေသည်။

အဓိက အကြောင်းအရင်းမှာ ယခုအချိန်တွင် ဇူယွမ်အားနည်းနေသော ကြောင့်ဖြစ်ပြီး သူ့တွင် အချိန်ရှိပါက ရွေးချယ်ခံများ၏ အဆင့်များကြားတွင် ခုန်းစိန်နှင့် ယှဉ်ကာ ရပ်နိုင်မည်သာ ဖြစ်သည်။

ထိုသို့ ဖြစ်လာစေရန် သူ့အနေဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားရန်သာ လိုအပ်ပေသည်။

တကယ်တော့ ယခုဖြစ်နေသည့် ပြဿနာမှာ မောက်မာဝင့်ကြွားသည့် ခုန်းစိန်ကို ဇူယွမ်ကစိတ်ထဲတွင် မထားပေမဲ့ ခုန်းစိန်၏ စိတ်ထဲတွင်ကား ဇူယွမ်၏ ငြင်းပယ်မှုမှာ သူ့အား စော်ကားလိုက်ခြင်း ဖြစ်သည်…

ခုန်းစိန်၏ အမြင်တွင် ဇူယွမ်မှာ သူ့အား ငြင်းခွင့် မရှိပေ…

“ဘယ်လောက်တောင် ပြဿနာများလိုက်လဲ…”

ဇူယွမ်က စုပ်သပ်လိုက်သည်။ သူနှင့်လီချင်းချန်တို့မှာ သဘောတူညီမှု ရှိထားပြီ ဖြစ်သဖြင့် ခုန်းစိန်ဘက်သို့ ဘက်ပြောင်းသွားကာ လီချင်းချန်ကို အပြစ်ပြုလိုက်ခြင်းက ကောင်းသောအရာများ မဖြစ်လာနိုင်ပေ။

ထို့ပြင် သူသည် ရေပူစမ်းတွင် စိမ်နေခဲ့သော လီချင်းချန်ကို မြင်တွေ့ခဲ့ပြီး သူမအား ဒေါသ ထွက်စေခဲ့ပေသည်။ ထို့ကြောင့် သူ၏ ပြောပြီးသား စကားကိုသာ ပြန်ရုပ်သိမ်းလိုက်ပါက ကန်ရွှမ်းကလန်၏ နပါတ်တစ် အလှတရားလေး၏ နှလုံးသားထဲရှိ အသူရာ ချောက်နက်ထဲသို့ သူ့ပုံရိပ်မှာ စွန့်ပစ်ခြင်း ခံရပေလိမ့်မည်။

ထို့အပြင် လီချင်းချန်နှင့် ခုန်းစိန်တို့ နှစ်ယောက်လုံးမှာ ရွေးချယ်ခံများ ဖြစ်ပေသည်။ မည်သို့ပင် ကြည့်ကြည့် ဇူယွမ်အနေဖြင့် ခုန်းစိန်ကြောင့် လီချင်းချန်ကို အပြစ်ပြုရန် မဖြစ်နိုင်ပေ။

မိန်းမတစ်ယောက်အား ဘယ်တော့မှ အပြစ်မပြုသင့်ပေ။

အထူးသဖြင့် အလွန်လှပသော မိန်းမတစ်ယောက်ကို ဖြစ်သည်။

သူ၏ နှလုံးသားထဲတွင် ကြေကွဲနေစဉ် သူ၏နံဘေးမှာ အလွန်မွေးသော သင်းရနံ့လေးကို ရုတ်တရက် ရလိုက်သည်။ သူတစ်ဖက်သို့ လှည့်ကြည့်လိုက်လျှင် သူ၏နံဘေးသို့ ရောက်နေခဲ့သော လီချင်းချန်ကို တွေ့လိုက်ရပြီး သူမ၏ အေးစက်စက် မျက်လုံးအစုံဖြင့် သူ့အား ထူးဆန်းစွာ ကြည့်နေခဲ့ပေသည်။

လီချင်းချန်က ခပ်တည်တည် မေးလိုက်သည် “နင်က ခုန်းစိန်ကိုတောင်မှ ငြင်းပယ်ရဲတယ်ပေါ့”

ဇူယွမ်က သက်ပြင်းချလိုက်ရင်း “ကျွန်တော်သာ သူ့ကို အပြစ်မပြုဘူးဆိုရင် မင်းအပေါ် အပြစ်ပြုရမှာပဲ။ ကျွန်တော့်အတွက် ရွေးချယ်မှုတစ်ခုတော့ လုပ်ရမယ်လေ”

လီချင်းချန်၏ မျက်ခုံးများမှာ မြင့်တက်သွားကာဖြင့် ပြောလိုက်သည် “နင်ပြောချင်တာက နင့်ရဲ့အမြင်မှာ ငါက ခုန်းစိန်ထက် ပိုပြီး ကြောက်ဖို့ ကောင်းတယ်ပေါ့”

ဇူယွမ်က ခေါင်းကုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည် “အာ … အဲဒီလိုမဟုတ်ပါဘူး ကျွန်တော့်ရဲ့စိတ်ထဲမှာ အစ်မတော်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက သူ့ထက်ပိုတယ်လေ။ သူက ကျွန်တော့်ရဲ့အမြင်မှာ ဘာမှ စဉ်းစားစရာမရှိပါဘူး။ ဒါကြောင့် သူ့ကို ကျွန်တော် မူလနဂါး အဆီအနှစ် သလင်းကျောက် ပေးလိုက်ရင် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး”

လီချင်းချန်မှာ ဇူယွမ်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ ဇူယွမ်က သည်အခြေအနေကို သည်ကဲ့သို့ ရှင်းလင်းစွာ ရှုမြင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ကြည့်ရသည်မှာ သူမအနေဖြင့် သူ့အား လျှော့တွက်မိပုံ ပေါ်ပေသည်။

“ဒီလိုနဲ့ ကျွန်တော်က အစ်မတော်ကြောင့် ခုန်းစိန်ကို အပြစ်ပြုမိသွားပြီ ဆိုတော့ အနာဂတ်မှာ အစ်မတော်က ကျွန်တော့်ကို ထောက်ပံ့ပေးရမယ်” ဇူယွမ်က ကျီစယ်လိုက်သည်။

သူက စနောက်လိုက်ခြင်းသာ ဖြစ်သော်လည်း လီချင်းချန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည် “သူသာ နင့်ကို ပြဿနာ ရှာလာခဲ့ရင် နှင်းပဒုမ္မာ တောင်ထွတ်မှာ ငါ့ကို ကြိုက်တဲ့အချိန် လာရှာနိုင်တယ်”

သူမ ရေပူစမ်းတွင် စိမ်နေတုန်း ဇူယွမ်မြင်သွားခဲ့သည့် ကိစ္စကို အပြီးထိ မရှင်းရ သေးသော်လည်းပဲ ဇူယွမ်မှာ သူမကြောင့် ခုန်းစိန်ကို အပြစ်ပြုခဲ့ ရသောကြောင့် ထိုကိစ္စတွင် သူမလည်း တာဝန်ရှိသည်ဟု ခံစားမိခဲ့သဖြင့် သဘောတူလိုက်ခြင်း ဖြစ်ပေသည်။

“အမ်…” ဇူယွမ်မှာ ကြောင်အသွားခဲ့သည်။ လီချင်းချန်မှာ သည်လို ချက်ချင်း တုံ့ပြန်လာလိမ့်မည်ဟု သူတကယ် မမျှော်လင့်မိပေ။

သို့သော်လည်း လီချင်းချန်က ယောင်ယောင်ဆီသို့ လှမ်းကြည့်ကာ ပြောလိုက်သည် “ဒါပေမဲ့ ငါခံစားမိတာတော့ သူမသာ နင့်အနားရှိနေရင် ခုန်းစိန်က နင့်ကို တစ်ခုခုလုပ်ဖို့ အစွမ်းမဲ့နေလိမ့်မယ်”

ယောင်ယောင်က ပျင်းရိစွာ လှမ်းပြောလိုက်သည် “အစောပိုင်းက တိုက်ပွဲအရဆိုရင် ကန်ရွမ်းကလန်ရဲ့ ရွေးချယ်ခံတွေက တော်တော်လေး စိတ်ပျက်စရာပဲ”

လီချင်းချန်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ယောင်ယောင်၏ စကားက သူမအပါအဝင် ရွေးချယ်ခံများ အတွက် တကယ်ကို ခါးသက်သော စကားဖြစ်သည်။

လီချင်းချန်က အေးစက်စွာ ပြောလိုက်သည် “အရှက်မရှိ လျှောက်ပြောနေတယ်”

ယောင်ယောင်ဘက် မှလည်း ရှင်းလင်းလှပေသည်။ သူမ၏အကြည့်မှာ လီချင်းချန်၏ ချစ်စဖွယ် ကောင်းသော ပုံရိပ်လေးပေါ်တွင် ရပ်တန့်သွားခဲ့ပြီး စိတ်ဝင်စားစွာ ပြောလိုက်သည် “နင်သာ ငါ့ရဲ့ စကားလုံးတွေကို မယုံကြည်ဘူးဆိုရင် စမ်းသပ်နိုင်တယ်”

“ဒီစိန်ခေါ်မှုကို ပျော်ရွှင်စွာ လက်ခံရမှာပေါ့” လီချင်းချန်ကလည်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူမလည်း မာနကြီးသူ တစ်ယောက် ဖြစ်သည် မဟုတ်ပါလော…

ခုန်းစိန်၏ ကိစ္စကို ဖြေရှင်းပြီးရုံသာ ရှိသေးသည် အမျိုးသမီး နှစ်ယောက်က ခေါင်းချင်း ဆိုင်နေကြပြန်သည်။

ဇူယွမ်မှာ ခေါင်းကိုက်လာခဲ့သည်။ ယောင်ယောင်မှာ လီချင်းချန်ကို ရည်ရွယ်ချက်ရှိရှိနှင့် ရန်စနေသည်ကို သူမသိဘဲ မနေပေ။ လီချင်းချန်မှာလည်း ပုံမှန်အားဖြင့် အခြားသူများနှင့် ရင်းရင်းနှီးနှီးမရှိဘဲ ဝေးကွာစွာ နေတတ်ပေမဲ့ ယောင်ယောင်၏ ရန်စမှုများကိုတော့ ချက်ချင်းတုံ့ပြန်၍ နေလေသည်။

ဇူယွမ်မှာ မိန်းကလေး နှစ်ယောက် နောက်တစ်ကြိမ် တိုက်ခိုက်ကြမည်ကို စိုးရိမ်သောကြောင့် မူလနဂါး အဆီအနှစ် သလင်းကျောက်ကို လီချင်းချန်ထံသို့ ချက်ချင်း ပစ်ပေးလိုက်သည်။

လီချင်းချန်က ထိုအရာကို လျင်မြန်စွာ ဖမ်းလိုက်ပြီးနောက် ဇူယွမ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည် “ငါတို့ သဘောတူညီထားတဲ့ အတိုင်းပဲ နင်တို့နှစ်ယောက် သလင်းကျောက်ရဲ့ တစ်ဝက်ကို ရမယ်”

သူမက ပြောပြီးသည်နှင့် ထိုအရာကို ဖြတ်ပိုင်းရန် လှုပ်ရှားလိုက်တော့သည်။

သို့သော်လည်း ဇူယွမ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ကျွန်တော့်မှာ ရှိနေတဲ့ မူလနဂါး အဆီအနှစ်က နဂါးခုနစ်ကောင် ကောင်းချီးကို အသက်ဝင်စေဖို့ လုံလောက်နေပြီ။ ကျွန်တော့်အထင် အစ်မတော်ရှိမှာလည်း အဲဒီပမာဏ ရှိနေပြီမလား”

ဇူယွမ်တွင် မူလနဂါး အဆီအနှစ် သလင်းကျောက် အများအပြား ရှိသည်ကို လီချင်းချန် သိခဲ့သော်လည်းပဲ နဂါးခုနစ်ကောင် ကောင်းချီးအဆင့်ထိ ရောက်နေပြီဟု ကြားရသော အချိန်တွင် အမှန်တုန်လှုပ်မိပေသည်။ တကယ်ကို ထိုသလင်းကျောက်များကို စုစည်းရန် မည်မျှခက်ခဲသည်ကို သူမနားလည်ပေသည်။ ကန်ရွှမ်းကလန်တွင် မူလရေကန်ထဲ၌ ကိုယ်ပိုင်နေရာ ရထားခဲ့သော သူတို့ကဲ့သို့ အရွေးချယ်ခံများက သာလျှင် နဂါးခုနစ်ကောင် ကောင်းချီးကို နိုးထအောင် စွမ်းဆောင်နိုင်ပေသည်။

အခုတော့ ရွှေရောင်ခါးစည်း အဆင့်သာ ရှိသေးသော တပည့်တစ်ယောက် ကလည်း ထိုသို့ စွမ်းဆောင် ပြပေတော့မည်။

သူ့တွင် ရွေးချယ်ခံ တပည့်တစ်ယောက်အောက် နိမ့်ကျခြင်း မရှိသော ယောင်ယောင်က အကူအညီအဖြစ် ရှိမည်ဆိုလျှင်ပင် သည်လိုကျယ်ပြန့်သော ရေကန်ထဲတွင် ရေနေသားရဲ အများအပြားကို ရှာရန်မှာ လွန်စွာ ခက်ခဲလှပေသည်။

သူမ၏ ခေါင်းထဲတွင် အတွေးများဖြင့် ရှုပ်ထွေး နေသော်လည်းပဲ လီချင်းချန်က ခေါင်းညိတ်လိုက်သည်။

“နှစ်ယောက်စလုံးက နဂါးခုနစ်ကောင် ကောင်းချီးကို ရောက်နေပြီဆိုတော့ ပေတစ်ထောင် ရေနေသားရဲရဲ့ မူလနဂါး အဆီအနှစ် သလင်းကျောက်ကို သုံးလိုက်ရင် ကျွန်တော်တို့ နှစ်ယောက်ထဲက တစ်ယောက်ကတော့ နဂါးရှစ်ကောင် ကောင်းချီးအထိ ရောက်ရှိသွားမှာပဲ။ ခွဲလိုက်ရင်တော့ ကျွန်တော်တို့ နှစ်ယောက်လုံး နဂါးရှစ်ကောင် ကောင်းချီးကို မရောက်နိုင်တဲ့ အပြင် အသုံးမဝင် ဖြစ်သွားလိမ့်မယ်” ဇူယွမ်က ပြုံးလျက် ရှင်းပြလိုက်သည်။

လီချင်းချန်မှာလည်း ထိုအချက်ကို နားလည်ပေသည်။ သူမ၏ မျက်ဝန်းများမှာလည်း တွေးတော နေဟန်ရပြီး မတုန်မလှုပ်ဘဲ ရှိနေကာ ဇူယွမ်အနေဖြင့် သလင်းကျောက် တစ်ခုလုံးကို ရရန် ဆင်ခြေပေးဖို့ ကြိုးစားနေသည်လား ဆိုသည်ကို သိချင်မိသွားပေသည်။

“နင်က ဘာကို ဆိုလိုချင်တာလဲ”

ဇူယွမ်က ရယ်မောကာ ပြောလိုက်သည် “အစ်မတော် အနေနဲ့ မူလနဂါး အဆီအနှစ် သလင်းကျောက် တစ်ခုလုံးကို ယူလို့ရတယ်”

လီချင်းချန်မှာ ချက်ချင်းပင် အံအားသင့်သွားပုံ ပေါ်ပြီး ခဏအကြာတွင် ဇူယွမ်အား သတိအပြည့်နှင့် စိုက်ကြည့်ကာ မေးလိုက်သည် “အရမ်းကို ရက်ရောလွန်း မနေဘူးလား”

ပေတစ်ထောင်သားရဲ၏ မူလနဂါး အဆီအနှစ် သလင်းကျောက်သည် ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်ကိုပင်လျှင် တိုက်ခိုက်စေမည့်အရာ ဖြစ်သည်။ ထိုသို့သော အရာကို ဇူယွမ်က သူမကို တကယ် ပေးလိုသည်တဲ့လား။ သူတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်အချို့ ရှိနိုင်ပေသည်။

ဇူယွမ်မှာ ရယ်မော လိုက်ပြီးနောက် ပြန်ပြောလိုက်သည် “ဒါပေါ့။ အစ်မတော်ကို ကျွန်တော် ဒီအရာကို ဘယ်လိုလုပ် အလကားပေးမလဲ။ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကတော့ အစ်မတော်အနေနဲ့ ကျွန်တော်တို့ကို အစ်မတော်ရဲ့ မူလရေကန်ထဲက ပိုင်နက်မှာ ဒုတိယမြောက် ပေတစ်ထောင် သားရဲကို ရှာဖွေခွင့် ပြုရမယ်။ ပြီးတော့ ကျွန်တော်တို့ အဲဒီအကောင်ကို ရှာတွေ့တဲ့ အချိန်ကျရင် အစ်မတော်က အဲဒီအကောင်ကို သတ်ပေးရမယ်”

ပေတစ်ထောင် သားရဲ၏ မူလနဂါး အဆီအနှစ် သလင်းကျောက်၏ တစ်ဝက်က ဇူယွမ်ကို နဂါးရှစ်ကောင် ကောင်းချီးသို့ မရောက်ရှိနိုင်စေပေ။ ထို့ကြောင့် လီချင်းချန်နှင့် အပေးအယူ လုပ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ပြောကြသည်မှာ ရွေးချယ်ခံများ၏ ကိုယ်ပိုင်နေရာများမှာ ရေနေသားရဲများ ပေါများလှပေသည်။ ထို့ကြောင့် ဇူယွမ်၏ ရေကန်ထဲတွင် အချိန်ကြာမြင့်စွာ ရှာဖွေနိုင်စွမ်းနှင့် ဆိုပါက ပေတစ်ထောင်သားရဲကို ရှာဖွေနိုင်ပေလိမ့်မည်။

မူလရေကန်ထဲတွင် သူ၏ အခွင့်အရေးများမှာ ရွေးချယ်ခံများထက်ပင် သာလွန်ပေသည်။

ထို့ကြောင့် ရွေးချယ်ခံ တပည့်များအနေဖြင့် ရေကန်ထဲတွင် မည်သည်မှ ရှာမတွေ့နိုင်ဟု ဆိုလျှင်တောင်မှ သူ့အတွက် မအောင်မြင်နိုင်ဟု အဓိပ္ပာယ်မရပေ။

လီချင်းချန်၏ ပါးစပ်မှာ ပွင့်လာခဲ့ပြီးမှ ပြန်လည် ပိတ်သွားခဲ့သည်။ ဇူယွမ်အနေဖြင့် သည်လို တောင်းဆိုမှုမျိုး ပြုလုပ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရှင်းလင်းစွာပင် သူမက အပေါ်စီးမှ ပြောဆို ခံနေရပေသည်။

“ပေတစ်ထောင် ရေနေသားရဲတွေက ရေကန်ရဲ့ အနက်ရှိုင်းဆုံး နေရာတွေမှာပဲ ပုန်းနေတတ်ကြတယ်။ သူတို့ကို ရှာတွေ့ဖို့ မလွယ်ဘူး။ မဟုတ်ရင် ခုန်းစိန်က ငါနဲ့ ယှဉ်ပြိုင်ပြီး လုယူဖို့ အပြင်းအထန် ဘယ်ကြိုးစားပါ့မလဲ”

“အဲ့ဒီကောင်ကို ဘယ်လိုရှာရမလဲ ကျွန်တော်သိပါတယ်” ဇူယွမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး …

“အစ်မတော်က ကျွန်တော့် တောင်းဆိုချက်ကို လက်ခံမှာလား”

လီချင်းချန်၏ မျက်လုံးထဲမှ အေးစက်မှုများမှာ ပြန်လည် လျော့ပါးသွားခဲ့သည်။ တစ်ခဏမျှ တုံ့ဆိုင်းပြီး နောက်တွင် အံကြိတ်ကာ ပြောလိုက်သည် “သဘောတူတယ်၊ ဒါပေမဲ့လည်း ငါ့ကိုအပေါ်စီးက လာပြောတာတော့ မကြိုက်ဘူး။ နင်ဒီတစ်ခေါက်မှာ ဒုတိယမြောက် ပေတစ်ထောင် သားရဲကို မရှာဖွေ နိုင်ခဲ့ရင်တောင် ငါတို့ နောက်တစ်ကောင် ရှာတွေ့တဲ့အထိ နင့်ကို ဆက်ပြီး ကူညီပေးမယ်”

“အဲဒါက မင်းနားကရလိုက်တဲ့ ပေတစ်ထောင် ရေနေသားရဲရဲ့ မူလနဂါး အဆီအနှစ် သလင်းကျောက်အတွက် ပြန်လည် ပေးဆပ်လိုက်တာပဲ”

ဇူယွမ်မှာ သူမအား အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ရယ်မောနေသည်ကို မရပ်တန့်နိုင်ခဲ့ပေ။ လီချင်းချန်မှာ အလွန် အေးစက်ပြီး မာနကြီးသော်လည်း ကြင်နာမှုနှင့် ကျေးဇူးတရားများကို ဘယ်လို ပြန်ပေးဆပ်ရမလဲ ဆိုသည်ကိုတော့ နားလည်ပေသေးသည်။

“ဒါဆိုလည်း ကောင်းပြီ” ထို့ကြောင့် သူက ပြုံးစစနှင့် ခေါင်းညိတ်လိုက်သည်။

လီချင်းချန်မှာ တိုးညင်းစွာ သက်ပြင်း ချလိုက်ပြီးနောက် ဇူယွမ်ကို ဝေ့ကြည့်လိုက်သည်။ သည်ကောင်လေးမှာ အရင်ကလောက် မနှစ်မြို့စရာ မကောင်းတော့ပေ။

ထပ်ပြီးတော့ သူမ၏စိတ်ထဲမှ အစွန်းအထင်းများလည်း ကွယ်ပျောက်သွားခဲ့ပြီး ဇူယွမ်အား အရင်ကနှင့် ကွဲပြားစွာ ကြည့်လိုက်မိသည်။ ဒီနေ့တွင် အရာများစွာ ဖြစ်ပြီးနောက်ပိုင်းတွင် သည်အတွင်းတောင် တပည့်အသစ်လေးမှာ တော်တော်လေး ထူးခြားသူ တစ်ယောက်ဖြစ်ကြောင်း လက်ခံမိပေသည်။

ယဲ့ကယ်၏ မူလမှော်စာလုံး အစီအရင်ကို ပြုပြင်မွမ်းမံကာ ပေတစ်ထောင်သားရဲကို သတ်ဖြတ်ခဲ့သည့် အပြင် ခုန်းစိန်ကို ဦးမညွှတ်ဘဲ မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် ယုံကြည်မှု ရှိခဲ့သည်။

“ဒီကောင်လေး…”

လီချင်းချန်မှာ နှုတ်ခမ်းစူလိုက် ပြီးနောက် သူမ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုအချို့ ရှိနေခဲ့ပေသည်။

“သူတကယ်ပဲ နောက်ထပ် ပေတစ်ထောင် သားရဲတစ်ကောင်ကို ရှာနိုင်မှာလား”


Comment

Leave a Reply


Options

not work with dark mode
Reset