Chapter 13

တစ်နာရီကို ယွမ်ငါးထောင်

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် သုံးနှစ်တာ ပြင်ဆင်ထားခြင်းက အသက်ဝင်လာလေပြီ။ ဇွန်လ ခုနစ်ရက်နေ့၌ မိခင်ဖြစ်သူ ရှုကျန်းက ရဲ့လင်းချန်ကို မနက်စောစော နှိုးလေသည်။ သူ အိပ်ရာမှထ၍ သွားတိုက် မျက်နှာသစ်ကာ မနက်စာ စားလိုက်သည်။ မကြာခင်မှာပင် ရှုကျန်းက ရဲ့လင်းချန်နှင့်အတူ အိမ်မှ ထွက်လာပြီး ရဲ့ကျင်းက ထွက်သွားသည့် သူတို့ကို လှမ်းကြည့်နေ၏။ ထို့နောက် သူတို့ ကျောင်းကားပေါ် တက်ကာ စာမေးပွဲခန်းမသို့ ထွက်လာ လေသည်။

ကျောင်းကားသည် တစ်လမ်းလုံး တဂျုံးဂျုံး တဂျိုင်းဂျိုင်းနှင့် ဆောင့်ကာ သွားနေသည်။ ရှုကျန်းက စာမေးပွဲအတွင်း သတိထားသင့်သည့် အရေးကြီး ကိစ္စများအား ရဲ့လင်းချန်ကို အတိုချုံး၍ ဆက်ပြောပြနေသည်။ တစ်ချိန်တည်းမှာပင် သူမက ရဲ့လင်းချန်အား နှစ်သိမ့်ပေးနေ၏။ သို့မှသာ သူ အလွန်အမင်း စိတ်ဖိစီးသလို မခံစားရဲဘဲ သက်တောင့်သက်တာ နေနိုင်ပေမည်။

“အစ်မကျန်း တိုက်ဆိုင်လိုက်တာ”

ကျောင်းကားက ရဲ့လင်းချန်၏ ရွာကို ဖြတ်သွားသဖြင့် ရင်းနှီးသော မျက်နှာများနှင့် ဆုံသည်က သူတို့အတွက် ပုံမှန်ပင်။

“လင်းချန်က သူ့စာမေးပွဲကို ရူကောင်း နံပါတ်တစ် အထက်တန်းကျောင်းမှာ ဖြေရမှာ မဟုတ်လား၊ ကျွန်မ ဟူကျီလည်း အတူတူပဲ”

“အာ … ရှောင်မေ့နဲ့ ဟူကျီပါလား၊ တိုက်ဆိုင်လိုက်တာ”

ရှုကျန်းက ပြုံး၍ ပြန်ပြောလိုက်သည်။ သူမက ရဲ့လင်းချန်ကိုပါ လှည့်ပြောလေသည်။

“အန်တီမေ့ကို နှုတ်ဆက်လိုက်ဦးလေ၊ မြန်မြန်လုပ်”

“ရှင့်လင်းချန်က ဘယ်စာမေးပွဲခန်းမမှာ ဖြေရမှာလဲ”

အန်တီမေ့က မေးလာသည်။

“စာမေးပွဲ ခန်းမနံပါတ် ၃၇”

“နံပါတ် ၃၇ လား၊ ကျွန်မ ဟူကျီလည်း အဲ့ခန်းမမှာပဲ ဖြေရမှာ၊ တော်တော်လေး တိုက်ဆိုင်တာပါလား”

အန်တီမေ့က ထပ်မံရယ်မောလိုက်ပြီး ရဲ့လင်းချန်ကို လှမ်းကြည့်လေသည်။

“လင်းချန် မင်း စာပြန်လေ့လာတာ ဘယ်လိုလဲ၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြောင့် တအားလည်း စိတ်လှုပ်ရှား မနေနဲ့နော်၊ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ အကောင်းဆုံးသာ ကြိုးစား”

“သူ စိတ်မလှုပ်ရှားတာ သေချာပါတယ်၊ သူက တစ်နှစ်လုံး သူ့ကျောင်းမှာ အမြဲ ဘိတ်ချေးရနေတာကို၊ ဘာတွေများ စိုးရိမ်စရာ လိုလို့လဲ”

အန်တီမေ့ ဘေးနားမှ ဟူကျီက ခပ်အေးအေး ပြောလေသည်။ ထိုအခါ ကားပေါ်မှ လူများစွာတို့က ရဲ့လင်းချန်အား အလိုလို လှည့်ကြည့်လာ၏။ ရှုကျန်းသည်လည်း အနေရခက်သော အမူအရာ ဖြစ်သွားသည်။

“ရှောင်မေ့၊ နင့်သား ဟူကျီက အမြဲ စာမေးပွဲမှာ အမှတ်ကောင်းတယ်နော်၊ ဒီတက္ကသိုလ် ဝင်ခွင့် စာမေးပွဲမှာလည်း သူ အမှတ်ကောင်းမှာ သေချာတယ်”

“သူက သာမန်အဆင့်လောက်ပဲလို့ ကျွန်မ ထင်ပါတယ်၊ သူက တတိယအကြိမ် အစမ်း စာမေးပွဲမှာ စုစုပေါင်း အမှတ် ခြောက်ရာပဲ ရတယ်လေ၊ သူ့ကို သာမန်ကျောင်းသားလို့ပဲ သတ်မှတ်ရမှာပေါ့”

အန်တီမေ့က သာမန်ကာလျှံကာပုံစံ ပြောသော်လည်း သူမအသံမှ ဂုဏ်ယူစိတ်အား ဖုံးဖိ၍ မရနိုင်ပေ။

“အမှတ်ခြောက်ရာလား၊ မနှစ်က အဆင့်ဖြတ် အမှတ်က ငါးရာ့ခြောက်မှတ်ပဲ ရှိတာထင်တယ်၊ ဒီစာမေးပွဲမှာ ရှင့်သား ကောင်းကောင်း ဖြေနိုင်ရင် သူ ထိပ်တန်းအဆင့် ဒါမှမဟုတ် ပထမအဆင့် တက္ကသိုလ်ကို ဝင်နိုင်မယ် ထင်တယ်”

ကားပေါ်မှ တစ်စုံတစ်ယောက်က ချက်ချင်း ဝင်ပြောလာသည်။

“တတိယမြောက် အစမ်းစာမေးပွဲက ဒီတစ်ခေါက် တော်တော်လေး ခက်တာ၊ အမှတ် ခြောက်ရာဆိုတာ တော်တော်လေး အထင်ကြီးစရာ ကောင်းနေပြီ”

“ဟုတ်တယ် ရှင့်သားက တကယ် အထင်ကြီးစရာပဲ၊ ကျွန်မသားသာ ပထမအဆင့် တက္ကသိုလ်ကို တက်နိုင်လို့ကတော့ ကျွန်မ မိုးမြေကို ကျေးဇူးတင်လို့ဆုံးမှာ မဟုတ်ဘူး”

“ကျွန်မသမီး စိတ်လှုပ်ရှားနေမှာကို စိုးရိမ်တယ်၊ သူသာ သူ့အရည်အချင်း အစစ်ကို ချပြနိုင်မယ်ဆိုရင် သူ့အတွက် ပထမအဆင့် တက္ကသိုလ်ကို တက်နိုင်ဖို့က သိပ်ပြဿနာ ရှိမှာ မဟုတ်ဘူး”

ရင်သွေးများ၏ အောင်မြင်မှုများက အမြဲ မိဘများ၏ ပြောစရာရသည့် ခေါင်းစဉ်တစ်ခု ဖြစ်ပေသည်။ ချက်ချင်းဆိုသလိုပင် မိဘများသည် ကျောင်းကားပေါ်၌ အပူတပြင်း ဆွေးနွေးပြောဆိုလာကြသည်။ အစပိုင်း၌ သူတို့သည် သူတို့ကလေးများ၏ ပုံမှန် စာမေးပွဲများမှ စွမ်းဆောင်ရည်များကို ပြောဆိုလေသည်။ နောက်ဆုံးတွင် သူတို့သည် မျိုးစုံသော တက္ကသိုလ်များအကြောင်းနှင့် သင်ယူနိုင်မည့် အထူးပြုဘာသာရပ်များ အကြောင်းကို ဆွေးနွေးလာကြသည်။

မှုန်မှိုင်းသော အမူအရာနှင့် ထိုင်နေသူဟူ၍ ရှုကျန်းတစ်ယောက်တည်းသာ ရှိလေသည်။ သူမသည် တိတ်ဆိတ်စွာဖြင့် နားထောင်သူနေရာ၌သာ နေနေ၏။ ရဲ့လင်းချန်၏ စွမ်းဆောင်ရည်အား သူမ ဆွေးနွေးနိုင်စွမ်း မရှိသည်ကို သူမ နားလည်လိုက်သည်။

“အစ်မကျန်း စိတ်မပူပါနဲ့၊ ရှင့်သားက အမှတ်ဆိုးရွားနေရင်တောင်မှ စက်မှုသိပ္ပံကျောင်းကို တက်နိုင်ပါတယ်၊ သူလည်း အခြားသူတွေလို လူ့ဘောင်အဖွဲ့အစည်းထဲမှာ အလုပ်ရနိုင်စွမ်း ရှိပါသေးတယ်”

ရှောင်မေ့က ရှုကျန်းကို ကြည့်ကာ အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။ ရှုကျန်း အနေရခက်စွာ ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောလိုက်ပေ။ သက်ဝင်လှုပ်ရှားစွာ ပြောနေသည့် စကားဝိုင်း အလယ်၌ ကျောင်းကားက နံပါတ်တစ် အထက်တန်းကျောင်း ဝင်ပေါက်နား၌ ရပ်သွားလေသည်။

“လင်းချန် တအား စိတ်မဖိစီးနဲ့နော်၊ အကောင်းဆုံး ကြိုးစား”

ရှုကျန်းက ရဲ့လင်းချန်နှင့်အတူ ကျောင်းဝင်ပေါက်ရှေ့သို့ လျှောက်လာရင်း ပြောလိုက်သည်။

“အမေ ကျွန်တော် ဒီတက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ နံပါတ်တစ် ရမှာပါ”

ရဲ့လင်းချန်က ရုတ်တရက် လေးနက်စွာ ပြောလာသဖြင့် ရှုကျန်း သူမသားကို ပြန်လှည့်ကြည့်လိုက်မိသည်။ ရှုကျန်း မသိမသာ အံ့ဩမိသွားသည်။ ထို့နောက် သူမက မချိပြုံးပြုံးကာ ပြန်ပြောလေသည်။

“အရူးလေး စာမေးပွဲမှာ မင်း အတတ်နိုင်ဆုံးသာ ကြိုးစားပါ၊ အမေ အိမ်ပြန်ပြီး မင်းအတွက် နေ့လယ်စာ ချက်လိုက်ဦးမယ်”

“အမေ စောင့်ကြည့်နေလိုက်ပါ”

ရဲ့လင်းချန်က ထိုသို့ပြောပြီးသည်နှင့် တစ်ဖက်ပြန်လှည့်၍ စာမေးပွဲခန်းမထံ လျှောက်သွားလေသည်။ ပထမ ဘာသာရပ်သည် တရုတ်ဘာသာစကားနှင့် စာပေ ဖြစ်သည်။

ရဲ့လင်းချန်သည် စာမေးပွဲ စာရွက်ရကတည်းက ဖြေဆိုခြင်းအား တစ်ချက်မှ မရပ်ခဲ့ပေ။ သူသည် စာကြောင်း ဆယ်ကြောင်းကို တစ်ချက်ဖတ်ပြီးသည်နှင့် စာရေးခြင်း စွမ်းရည်များ ပိုင်ဆိုင်ထားသည့် နတ်ဘုရား ဝင်ပူးနေ သကဲ့သို့ ကျွမ်းကျင်စွာ ချရေးလေသည်။

နာရီဝက် အကြာ၌ စာစီစာကုံး၏ ပထမပိုင်းမှ အခြေခံ ဗဟုသုတအပိုင်းအား ချရေးပြီးသွားလေသည်။ ကျန်အပိုင်းများကို ဆက်ဖြေရန် နောက်ထပ် နာရီဝက်သာ သုံးလိုက်ရသည်။ ရဲ့လင်းချန်က ထိတ်လန့်နေသော ကျောင်းသားများ ရှေ့၌ စာမေးပွဲ စာရွက်ကို ကြိုပေး၍ ထွက်လာလိုက်သည်။

ဟူကျီက နောက်ဆုံးတန်း၌ ထိုင်နေသည်။ ရဲ့လင်းချန်ကို ကြည့်ပြီး သူ အေးတိအေးစက် ပြုံးလိုက်မိသည်။

*ငညံ့ကျောင်းသားကတော့ ငညံ့လို လုပ်မှာပဲ၊ သူက ငါ ထင်ထားတဲ့အတိုင်း လုပ်နေတာပဲ*

နေ့ခင်းပိုင်း၌ သင်္ချာဘာသာရပ်ကို ဖြေရသည်။ အဖြေအားလုံးကို သူ ဖြေဆိုပြီးရန် အစမှအဆုံးတိုင် နာရီဝက်သာ သုံးလိုက်ရသည်။

နောက်တစ်နေ့တွင် ကျောင်းသားများသည် သိပ္ပံဘက်စုံစွမ်းရည်ကို ဖြေဆိုရပြီး နေ့လယ်ပိုင်း၌ အင်္ဂလိပ်စာ ဘာသာရပ်ကို ဖြေဆိုရသည်။ ရဲ့လင်းချန်သည် ဘာသာရပ်နှစ်ခုလုံးအား နာရီဝက်အတွင်း ဖြေဆို၍ ကြော့ကြော့ မောမော့ ထွက်လာသဖြင့် ကျောင်းသားများက သူ့အား တရားလွန် မာန်တက်လွန်းသူဟု ထင်သွားလေသည်။

ဟူကျီ ခေါင်းခါလိုက်သည်။ ရဲ့လင်းချန်သည် လုံးဝ ကယ်၍မရနိုင်သောသူဟု ထင်သွားလေသည်။ ဟူကျီသည် စာမေးပွဲ၌ သူ အတော်လေး ကောင်းမွန်စွာ ကြိုးစားထားသဖြင့် ပထမအဆင့် တက္ကသိုလ်ဝင်နိုင်ရန် သူ့အတွက် ပြဿနာမရှိဟု ယူဆထားသည်။ နောင်အနာဂတ်၌ သူက ရဲ့လင်းချန်နှင့် ကမ္ဘာချင်း ခြားသွားပေတော့မည်။

ကျောင်းဝင်းအတွင်း၌ အစ်မလင်းက အနီရောင် Porsche ပြိုင်ကားကို မောင်းကာ ခန်းမဝင်ပေါက်အပြင်ဘက်၌ စောင့်နေသည်။

“တက္ကသိုလ် ဝင်ခွင့်စာမေးပွဲက ညနေ ငါးနာရီမှ ပြီးမှာ မဟုတ်ဘူးလား၊ နင် ဘာလို့ အစောကြီး ထွက်လာတာလဲ”

အစ်မလင်းက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လိုက်မိသည်။

“မေးခွန်းတွေက တအားလွယ်လွန်းတော့ ကျွန်တော့်အဖြေစာရွက်ကို ကြိုအပ်လိုက်တာလေ”

ရဲ့လင်းချန် ပခုံးတွန့်၍ ပြန်ဖြေလိုက်သည်။ အစ်မလင်းသည် ရဲ့လင်းချန်ကိုကြည့်နေရင်း၌ အကြည့်ထဲတွင် အထင်သေးဟန်များ စတင် ဖြစ်ပေါ်လာသည်။

*သူ စာမေးပွဲကို နာရီဝက်ထဲ၌ ဖြေလိုက်ပုံထောက်ရင် ဒီလူက အပျင်းထူတဲ့လူဆိုတာ သေချာသလောက်ပဲ၊ သူက တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကိုတောင် ဒီလို သဘောထားနေတာ၊ ဘယ်လိုလုပ် ဆေးပညာကို ကျွမ်းကျင်နိုင်ပါ့မလဲ*

အစ်မလင်းသည် ရဲ့လင်းချန်အား လူလိမ်တစ်ယောက်ဟု အဆက်မပြတ် သတ်မှတ်လာမိသည်။

“နင် ငါ့မမလေးရဲ့ အခြေအနေကို သိပြီးလောက်ပြီ၊ နင် လုပ်နိုင်စွမ်း မရှိရင် နင် မသိတာကို သိသလို ဟန်မဆောင်ဖို့ ငါ နင့်ကို သတိပေးချင်တယ်၊ နင် အတတ်နိုင်ဆုံး အနေအထိုင် သန့်အောင် လုပ်သင့်တယ်၊ ယွမ်ငါးထောင်ကို နင့်အပေါ် ဖြုန်းတီးလိုက်တဲ့ လက်ဆောင်လို့ပဲ ငါတို့ သဘောထားလိုက်မယ်၊ မဟုတ်လို့ကတော့ နင် တရားစွဲ ခံရနိုင်တယ်ဆိုတာကို သတိထားပါ၊ လိမ်လည်မှုက အသေးအဖွဲ အမှုလေး မဟုတ်ဘူး”

အစ်မလင်း၏ ရုတ်တရက် ပြောင်းလဲသွားသော အပြုအမူက ရဲ့လင်းချန်အား မသိမသာ မျက်မှောင်ကြုတ် သွားစေသည်။ သူ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ခင်ဗျား အဲ့လောက် စိုးရိမ်စရာ မလိုပါဘူး၊ ကျွန်တော် သူ့ကို ကတိပေး လိုက်ကတည်းက ကျွန်တော် လုပ်နိုင်တယ်လို့ ယုံကြည်မှု ရှိပြီးသား”

“ငါတို့ မမလေးရဲ့ အတွေးအခေါ်တွေက ရိုးလွန်းတယ်ဆိုပင်မယ့် ငါတို့မှာ အထူးကျွမ်းကျင်တဲ့ တရားဝင် ရှေ့နေ့ အဖွဲ့အစည်း ရှိတယ်၊ သူ့ကို အသာလေး လိမ်လို့ရတယ်လို့ နင် ထင်နေရင်တော့ မှားသွားမယ်”

အစ်မလင်းက ရဲ့လင်းချန်ကို လှည့်ကြည့်လိုက်သည်။ သူထံမှ ဘာစကားမှ ပြန်မရသဖြင့် အေးစက်စက် လှောင်ရယ် လေသည်။ အနီရောင် Porsche ပြိုင်ကားလေးက လမ်းမထက်၌ မီးတောက်သဖွယ် ဖြတ်ပြေးနေသည်။

လုံဟူ ရပ်ကွက်အား ရူကောင်းမြို့၏ လုံဟူရေကန်ဟု ကျော်ကြားသော သဘာဝ ရေကန်အနီး၌ တည်ဆောက် ထားသည်။ ရပ်ကွက်တစ်ခုလုံးအား သစ်ပင်ပန်းမန် ခြောက်ဆယ်ရာခိုင်နှုန်း ပါရှိသော အိမ်တော်များဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး လူချမ်းသာများ နေနိုင်ရန် သီးသန့် တည်ဆောက်ထားခြင်း ဖြစ်လေသည်။

ထိုသို့သောခြံဝင်းမျိုးသည် ရှောင်ဖေးဖေးအတွက် ယာယီ အပန်းဖြေစရာ နေရာတစ်ခုဟုသာ သတ်မှတ်ထားပြီး သူမပိုက်ဆံဖြင့် အိမ်တစ်လုံး ဝယ်ယူထားခဲ့သည်။

ခြံဝင်းတစ်ခုလုံးနီးပါးသည် သစ်ပင်ပန်းမန်များဖြင့် ဖုံးအုပ်နေပြီး လူတွေ အတွက် အချို့သော လူသွားလမ်းများ ရှိပြီး လမ်း၏ တစ်ဖက် တစ်ချက်တွင် စိမ်းလန်းစိုပြည်နေသော သစ်ပင်ကြီးများ ရှိလေသည်။ ရပ်ကွက်၏ အလယ်၌ ကြီးမားသော ရေကန်ကြီးတစ်ခု ရှိပြီး နေရောင်အောက်၌ ရေမျက်နှာပြင်က တောက်ပလျက် ရှိသည်။ ဤနေရာသည် လူတစ်ယောက်အတွက် နေလို့ ကောင်းသော နေရာတစ်ခုပင်။

အစ်မလင်းက ရဲ့လင်းချန်အား အိမ်ရှေ့သို့ လမ်းပြခေါ်ဆောင်လာသည်။ ထို့နောက် သူမက ရဲ့လင်းချန်အား သတိထားသော အကြည့်ဖြင့် တစ်ချက် ကြည့်ကာ ပြောလေသည်။

“အထဲကို ဝင်သွားပြီးရင် သတိထားပါ၊ နင် နည်းနည်းလေး စည်းကျော်ထားမျိုး လုပ်ရဲမယ်ဆိုရင် ငါ ရဲခေါ်တာကို အဆိုးမဆိုနဲ့”

ရဲ့လင်းချန်က ခပ်အေးအေး ခေါင်းညိတ်လိုက်သည်။ အိမ်တော်သည် အလွန် ရိုးစင်းသော အပြင်အဆင်သာ ရှိပြီး နံရံအား အဖြူရောင်သာ ဆေးသုတ်ထားသည်။ သို့သော် အိမ်တစ်ခုလုံး၌ ပရိဘောဂအပြည့် ခင်းကျင်းထားပြီး ပရိဘောဂ တစ်ခုချင်းစီက အနီရောင် စန္ဒကူးသားဖြင့် ထုဆစ်ထားသော အဖိုးတန် ပရိဘောဂများ ဖြစ်ပေသည်။

အိမ်တော်တိုင်းမှ အရာရာတိုင်းက ဤအိမ်ပိုင်ရှင်သည် ခေါင်းမာသော လူချမ်းသာတစ်ယောက် ဖြစ်ကြောင်း ပြသနေ၏။

“အစ်မလင်း ရှင် ပြန်လာပြီပဲ”

အပေါ်ထပ်မှ ကြည်နူးဖွယ်ကောင်းသော အမျိုးသမီး အသံလေး ထွက်လာသည်။ သူမအသံက ဥဩငှက်အသံနှင့် တူလှသည်။ မကြာခင်မှာပင် ကြော့မော့သော ပုံရိပ်လေးတစ်ခုက လှေကားထက်မှ ဆင်းလာသည်။

“ရှောင် … ရှောင်ဖေးဖေးလား”

ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်က သူ့ရှေ့၌ ရပ်နေလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပေ။ သူ့နှလုံးသားက အထိန်းအကွပ်မဲ့စွာ အပြင်းအထန် ခုန်လာ၏။

ရှောင်ဖေးဖေးသည် နာမည်ကြီး ပထမတန်း အနုပညာရှင် ဖြစ်သည်။ သူမသည် အသက် ဆယ့်ခြောက်နှစ်နှင့် ပွဲဦးထွက်ခဲ့ပြီး သူမ၏ ကြည်လင်သော အသံနှင့် သိမ်မွေ့သော ကကွက်များဖြင့် လူအများကြား ကျော်ကြား လာခဲ့သည်။ သိပ်မကြာခင်မှာပင် နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင် ခဲ့သဖြင့် သူမ ပို၍ နာမည်ကြီး လာသည်။ လက်ရှိတွင် သူမသည် အသက် နှစ်ဆယ်မျှသာ ရှိသေးသော်လည်း သူမပရိသတ် အရေအတွက်က အနည်းဆုံး သိန်းလေးဆယ်ကျော်နေလေပြီ။ သူမသည် မရေတွက်နိုင်သော နိုင်ငံသားတိုင်း၏ ရင်ထဲမှ နတ်သမီးလေး ဖြစ်ပေသည်.

လတ်တလော၌ သူမ၏ လူလုံးထွက်ပြုမှု အကြိမ်ရေက နည်းပါးလာသည်။ သို့သော် သူမ၏ ကျော်ကြားမှုက ယခင်အတိုင်း မြင့်မားနေဆဲပင်။

သူ့ထံမှ ဆေးကုသမှု ခံယူချင်နေသည့်လူက ရှောင်ဖေးဖေး ဖြစ်နေလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။ ယခင်က အတိုင်းသာဆိုလျင် သူသည် မြေကြီးပေါ်၌ သဲတစ်မှုန်သာ ဖြစ်ပြီး ရှောင်ဖေးဖေးက ကောင်းကင်ထက်မှ တောက်ပသော လသော်တာသာ ဖြစ်ပေသည်။ နှစ်ဦးကြား၌ ခြားနားမှုက ကြီးမားလွန်းလှ၏။

“ငါပဲလေ၊ အခုတော့ ငါမှန်း နင် သိသွားပြီပေါ့လေ”

ရှောင်ဖေးဖေးက ရဲ့လင်းချန်က မျက်စိမှိတ်ပြကာ ပြုံး၍ ပြောလေသည်။ သူမသည် အိမ်နေရင်း သာမန်ပုံစံသာ ဝတ်စားထားသည်။ သူမသည် လျော့ရဲရဲ ဖြစ်နေသော ညအိပ်ဝတ်စုံကို ဝတ်ထားသည်။ ရဲ့လင်းချန်က လှေကား အောက်မှ သူမကို မော့ကြည့်နေရခြင်း ဖြစ်သည်။ သူ နေရခက်သော အမူအရာ ဖြစ်သွားပြီး တစ်ဖက်သို့ လှည့်လိုက် ရသည်။ သူ ခိုး၍ တံတွေးမျိုချမိသည်။

*ဟူး … ငါက မိန်းမလှလေးတွေအတွက် လူအလူနပါလား*

ရှောင်ဖေးဖေးသည်လည်း တစ်ခုခုကို သတိထားမိသွားပုံရသည်။ သူမပါးလေးက ရဲရဲနီသွားပြီး နှာခေါင်းလေး ရှုံ့သွားပြီးမှ သူမ ညအိပ်ဂါဝန်ကို တင်းတင်းရင်းရင်း ဖြစ်သွားအောင် ပြန်ပြင်လိုက်သည်။

“ဒီနေ့ကိစ္စကို အပြင်လူတွေဆီ နင် မပြောတာ အကောင်းဆုံးပဲ၊ မဟုတ်လို့ ကတော့ နင့်ဆီ ရှေ့နေ့ရဲ့ သတိပေးစာ ရောက်လာလိမ့်မယ်”

အစ်မလင်းက ရဲ့လင်းချန်က ယခင်အတိုင်း ခြိမ်းခြောက်လေသည်။ ထို့နောက် သူမ ဆက်ပြောလိုက်သည်။

“နင် ဖေးဖေးရဲ့ အခြေအနေကို ကုနိုင်တယ်လို့ ပြောဖူးတယ်ထင်တယ်၊ ဘယ်လိုကုမလဲ မြန်မြန်ပြော”

ရဲ့လင်းချန်သည် ရင်ထဲမှ ဒေါသကို ချိုးနှိမ်လိုက်ရသည်။ သူ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြန်ပြောလိုက်သည်။

“ကျီးပေါင်းရောဂါဆိုတာ ကျောရိုးရဲ့ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုကြောင့် ဖြစ်လာတာ၊ ကျောရိုးက ခန္ဓာကိုယ်တစ်ခုလုံးက အာရုံကြောတွေနဲ့ ဆက်စပ်နေတဲ့ လူ့ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းပဲ၊ ဒါက လူ့ခန္ဓာကိုယ်က အစိတ်အပိုင်းအားလုံကို သက်ရောက်နိုင်ပြီးတော့ ကျောရိုးကို အတင်း ကုသမှု လုပ်မယ်ဆိုရင် ဆန့်ကျင်ဘက် သက်ရောက်မှုပဲ ဖြစ်လာလိမ့်မယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ အခြေအနေကို ရှေးနည်းအတိုင်း ကုမှပဲ ရမဘ်”

“တွေ့ကရာတွေ ပြောနေတယ်”

အစ်မလင်း၏ အမူအရာက ပိုဆိုးလာ၏။ ရဲ့လင်းချန် ပြောသောစကားများက အင်တာနက်ပေါ်တင် ရှာကြည့်၍ ရနိုင်သည်။ ရဲ့လင်းချန် ခေါင်းခါပြလိုက်သည်။ သူက တည်ငြိမ်၍ စိတ်ထိန်းထားရသော ဟန်ပန်ဖြင့် ဆက်ပြော လေသည်။

“ကျီးပေါင်းရောဂါ ကုသမှုကို အလျင်မလိုသင့်ဘူး၊ ကျောရိုးကို ဖြည်းဖြည်းချင်း ပြန်ကောင်းလာအောင် ကျွန်တော် အနှိပ်ပညာနဲ့ အပ်စိုက်ကုသခြင်းကို အလိုက်သင့် ကုပေးနိုင်တယ်၊ မိန်းကလေးရှောင်ရဲ့ အခြေအနေ ပြင်းထန်မှုအရဆို ခြောက်လဆို လုံလောက်တယ်”

“အနှိပ်ပညာ ဟုတ်လား၊ အပ်စိုက်ကုသမယ်၊ ခြောက်လ ဟုတ်လား”

အစ်မလင်း၏ မျက်နှာက မည်းမှောင်သထက် မည်းမှောင်လာပြီး ဒေါသတကြီး အော်ဟစ်လေသည်။

“နင် လိင်ဆက်ဆံဖို့အတွက် အရမ်းစွန့်စားရတဲ့ စွန့်စားမှုမျိုး လုပ်ရဲ လောက်အောင် ရဲတင်းတယ်လို့ပဲ ငါ ထင်တယ်၊ နင် မိန်းကလေးရှောင်ကို အသားယူနိုင်မယ့် အခွင့်အရေး ရှာချင်နေတာ မဟုတ်လား”

အနှိပ်ပညာနှင့် အပ်စိုက်ကုသခြင်း၏ မည်သည့်အပိုင်း၌ အရေပြားခြင်း မထိတွေ့ရသည့် အပိုင်း ပါသနည်း။

ရှောင်ဖေးဖေးသည်လည်း တစ်ခဏမျှ မျက်မှောင်ကြုတ်သွားသည်။ အနုပညာရှင် တစ်ယောက်အနေဖြင့် သူမသည် ထိုခေါင်းစဉ်ကို အလွန် ရွံရှာသည်။ သူမသည် ပုံမှန်နေ့ရက်များ၌ ပွဲတက်ရမည် ဆိုလျင်တောင်မှ ဤသို့သော အပြုအမူမျိုးကို အတတ်နိုင်ဆုံး ငြင်းပယ်လေ့ ရှိသည်။ အနုပညာ နယ်ပယ်အတွင်း၌ ညစ်ညမ်းသော ကိစ္စများစွာကို သူမ ကြားဖူးသည်။

“ကျောရိုးက အခြားအစိတ်အပိုင်းတွေထက် အတော်လေး ခြားနားတယ်၊ ဒါ ကျွန်တော် ကုနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ၊ ခင်ဗျားတို့ နှစ်ယောက်လုံး ကျွန်တော့်ကို မယုံဘူးဆိုရင် ကျွန်တော် အခုချက်ချင်း ထွက်သွားမယ်၊ ပြိးတော့ မထိရသေးတဲ့ ယွမ်ငါးထောင်ကိုလည်း ပြန်ပေးမယ်”

ရဲ့လင်းချန်က မာနကြီးခြင်းလည်းမဟုတ် နှိမ့်ချသော အမူအရာလည်း မဟုတ်သော ဟန်ပန်ဖြင့် ထိုသို့ ပြန်ပြော လိုက်သည်။ သူ့ရင်ထဲတွင်မူ ဒေါသထွက်၍ နေလေပြီ။

*အနုပညာရှင်တစ်ယောက်က ဒီလောက် မောက်မာခွင့် ရှိလို့လား*

*ငါက စနစ်တစ်ခု လက်ဆောင်ရထားတဲ့ လူတစ်ယောက်လေ၊ ငါ့ကို ငြင်းပြီး နောက်ရက်တွေဆို ငါက မင်းတို့တွေ ဘယ်တော့မှ မလှမ်းနိုင်တဲ့ လူတစ်ယောက် ဖြစ်လာတော့မှာ*

“အစ်မလင်း ညီမတို့ … ညီမတို့ သူ့ကို စမ်းကုခိုင်းကြည့်ရအောင်လေ”

ရှောင်ဖေးဖေးက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရဲ့လင်းချန်ကို လှမ်းကြည့်၍ ပြောလိုက်သည်။

“နင် အဲ့လိုလုပ်လို့ မရဘူး”

အစ်မလင်းက စိုးရိမ်တကြီး ပြန်ပြောလေသည်။

“နင့်ခန္ဓာကိုယ်က သန့်ရှင်းတယ်၊ ပုံမှန်နေ့တွေမှာတောင် နင်က လူတွေကို လက်တောင် အကိုင်ခံတာ မဟုတ်ဘူး၊ ဘယ်လိုလုပ် နင်က တစ်ခြားလူကို …”

“ဒါပေမဲ့ ညီမ တကယ် နေရခက်သလို ခံစားရတာလေ၊ ညီမ တစ်ချိန်လုံး ခေါင်းမူးနေတာ၊ ပြီးတော့ သူ ညီမကို တကယ် ကူညီနိုင်မယ်လို့ ထင်တယ်”

ရှောင်ဖေးဖေး ပြန်ပြောလိုက်သည်။ အစ်မလင်း ငြိမ်ကျသွားသည်။ သူမက ရဲ့လင်းချန်ကို တလက်လက် တောက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ နောက်ဆုံး၌ သူမ ဤသို့ ပြောလိုက်သည်။

“ငါ နင့်အတွက် သဘောတူလိုက်မယ်၊ ဒါပေမဲ့ နင် ဖေးဖေးကို မနှိပ်ပေးခင် ငါ့ကို အရင်နှိပ်ပေးရမယ်၊ နင် ဒီရောဂါကို တကယ် ကုနိုင်စွမ်း ရှိတာကို ငါ့ကို သက်သေပြပေါ့”

“ကိစ္စမရှိဘူး”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“နှိပ်နယ်တာကို နာရီနဲ့ ကောက်ခံတယ်၊ တစ်နာရီကို ယွမ်ငါးထောင်”

“ဘာ”

အစ်မလင်းက နားကြားမှားသွားသည်ဟု ထင်သွားလေသည်။ သူမက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်မေးလိုက်သည်။

“တစ်နာရီကို ဘယ်လောက်လို့ ပြောလိုက်တာလဲ”

“ယွမ်ငါးထောင်”

ရဲ့လင်းချန်က ဂရုမစိုက်သော ဟန်ပန်ဖြင့် တည်ငြိမ်စွာ ပြောလေသည်။

ရှောင်ဖေးဖေးသည် သံသယဝင်စရာ မလိုအောင် ချမ်းသာသော အမျိုးသမီး ဖြစ်သည်။ သို့သော် အစ်မလင်း၏ အပြုအမူက သူ့အပေါ် ဆိုးရွားနေသည်ကို ရဲ့လင်းချန် သတိထားမိသည်။ သူ့စိတ်ထဲ၌ ဒေါသထွက်နေသောကြောင့် သူ ခေါင်းမာကြောင်း ပြသရန် စိတ်ဆုံးဖြတ်လိုက်သည်။

“နင် ရူးနေတာပဲ ဖြစ်မယ်”

အစ်မလင်းက ဒေါသနှင့် ရယ်လေသည်။

“လူတစ်ယောက်က ဖေးဖေးရဲ့ လက်လေးပဲ ကိုင်ခွင့်ရဖို့အတွက် ယွမ်တစ်သိန်း ကမ်းလှမ်းဖူးတာကို နင် သိလား၊ နင် ပြဿနာ လာမရှာနဲ့၊ တန်ဖိုးမရှိတဲ့ ရွံစရာကောင်းတဲ့ကောင်”

“အဲ့ဒါ တခြားလူလေ၊ ဒါ ကျုပ်ရဲ့ ပုံသေဈေးပဲ”

ရဲ့လင်းချန်က ခပ်အေးအေး ပြန်ပြောလိုက်သည်။

“နင် နင် …”

အစ်မလင်းက ရဲ့လင်းချန်ကို တုန်ယင်နေသော လက်ဖြင့် လက်ညှိုးထိုး လေသည်။ သူက သူမကို အသားယူနေခြင်း ဖြစ်သော်လည်း သူမက သူ့ကို ပိုက်ဆံပေးရမည်ကို လက်မခံနိုင်ပေ။

“အစ်မလင်း ကုသမှုက ထိရောက်ရင် ပေးရတဲ့ဈေးက ဈေးမကြီးပါဘူး”

ရှောင်ဖေးဖေးက အခြေအနေကို ဝင်ထိန်း၍ ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုလည်း ယွမ်ငါးထောင်ပေါ့၊ ကုသမှုက မထိရောက် လို့ကတော့ ငါ နင့်ကို လိမ်လည်မှုနဲ့ တရားစွဲရင် အပြစ်လာမတင်နဲ့”

အစ်မလင်းက ရဲ့လင်းချန်ကို စူးစူးရဲရဲ စိုက်ကြည့်လေသည်။ သူမက ရဲ့လင်းချန်ကို အံကြိတ်၍ ပြောလိုက်ခြင်း ဖြစ်သည်။ ရဲ့လင်းချန်၏ အနှိပ်ပညာက ထိရောက်သည်ဖြစ်စေ၊ မထိရောက်သည် ဖြစ်စေ၊ သူမ သူ့အပေါ် ပညာပြကို ပြမည်ဟု စိတ်ဆုံးဖြတ်လိုက်လေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset