Switch Mode

အခန်း ( ၉၉ )

နှုတ်ဆက်လိုက်ရမလား

” ဝမ်ပေါင်လဲ့ … နင်က တော်တော်ကို အရှက်မရှိတာပဲ ”

” ငါတို့တွေ မြင်လိုက်ရတာက ဝိညာဉ်အမြစ်တစ်ခု မဟုတ်ဘူးဟ။ အဲဒါ ဝမ်ပေါင်လဲ့အစစ် ဖြစ်နေနိုင်တယ် ညီအစ်မတို့ရ ”

” သူ့နောက်ကိုလိုက်ကြဟေ့။ အဲ့မျိုးမစစ်ကောင်ကို အသေသာ သတ်ပစ်ကြ ”

ရေကန်ရှိရာဘက်မှ ဒေါသတကြီး အော်ဟစ်သံများ ချက်ချင်းပင် အဆက်မပြတ် ထွက်ပေါ်လာကြတော့သည်။ သမင်ဖြူတာအိုကျောင်းခွဲမှ ကျောင်းသူပေါင်းမြောက်များစွာ ထိုနေရာတစ်ဝိုက်တွင် အစောင့်တာဝန်ထမ်းဆောင်နေကြသော အခြားကျောင်းသူများနှင့်အတူ ဒေါသတကြီး ပြေးလိုက်လာကြတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ ပုန်းနေသော ကျောက်တုံးအခွံကြီးကို သတိမထားမိလိုက်ကြဘဲ ဝမ်ပေါင်လဲ့ ထုတ်လွှတ်ခဲ့သော ရုပ်သေးရုပ်ပေါ်သို့သာ အာရုံရောက်နေကြသည်။ ထို့ကြောင့် သူတို့မှာ လျင်မြန်စွာ ပြေးထွက်သွားသော ထိုရုပ်သေးရုပ်နောက်သို့ ချက်ချင်းပင် လိုက်သွားကြတော့သည်။

ထို ရုပ်သေးရုပ်မှာ အလွန် မြန်ဆန်နေ၏။ သူသည် ရှေ့သို့ထွက်ပြေးရင်း ထိုကျောင်းသူများကို တောအုပ်ကြီး၏ အဝေးသို့ ခေါ်ဆောင်သွားသောကြောင့် တောအုပ်ကြီးမှာ တစ်ဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားရပြန်သည်။

ထိုအခါမှသာ ကျောက်တုံးအခွံကြီး၏ အောက်တွင် ဝပ်နေခဲ့သည့် ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းချင်း ရှေ့သို့တိုးလာ၏။ သူသည် ထိုနေရာမှ အပြီးတိုင် ထွက်ခွာသွားပြီသောအခါမှသာ အရှိန်တင်လိုက်၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ကျောက်တုံးကြီးတစ်လုံး တလိမ့်လိမ့်နှင့် တောင်ထိပ်များကို ကျော်ဖြတ်ကာ ထွက်ခွာသွားသည်ကို မြင်နိုင်ပေမည်။

ဝမ်ပေါင်လဲ့မှာ တောင်ကြီး၏ အခြားတစ်ဖက်သို့ ရောက်သွားသည့်တိုင်အောင် ကျောက်တုံးအခွံကြီးကို ဖယ်ရှားလိုက်ခြင်း မရှိပေ။ သူသည် နဖူးပေါ်မှ ချွေးစက်များကိုသုတ်လိုက်ပြီး ရှုံ့မဲ့မဲ့ရယ်မောကာ ဝိညာဉ်အမြစ်ရွာထဲရှိ ဤစစ်ဆေးပွဲကြီးမှာ အလွန် စိတ်လှုပ်ရှားစရာ ကောင်းလာပြီဖြစ်ကြောင်း တွေးမိနေတော့သည်။

” လူကောင်းတစ်ယောက် ဖြစ်အောင်နေရတာ တော်တော်ကို ခက်ခဲတာပဲ။ သူတို့ရဲ့ ခံစားချက်တွေကိုသာ ထည့်တွက်မနေဘူးဆိုရင် ငါ့ရဲ့ မျက်လုံးတွေကို နှိပ်စက်ညှဉ်းပန်းနေစရာ အကြောင်းကို မရှိဘူး။ သူတို့ကို ငါက ကြည့်ချင်တယ်များ ထင်နေလား… ”
ဝမ်ပေါင်လဲ့မှာ ဟန်ဆောင်ချောင်းဟန့်လိုက်ပြီး တတွတ်တွတ် ရေရွတ်လိုက်၏။ ထို့နောက် သူသည် ကျောက်တုံးအခွံကြီး၏ အောက်တွင် ပုန်းကွယ်ရင်း ရှေ့သို့ ဆက်သွားကာ လေးလက်မ ဝိညာဉ်အမြစ်ကို ဆက်လက် ရှာဖွေနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သူ့အသွင် ပြောင်းလဲခဲ့သော ဝိညာဉ်အမြစ်များ စုဝေးနေခဲ့သည့် နေရာသို့ ရောက်နေသောကြောင့်လားတော့ မသိပေ။ သိပ်မကြာခင် သူနှင့် တထေရာတည်းတူသော လေးလက်မဝိညာဉ်အမြစ်တစ်ခုကို ရှာတွေ့သွားသည်။

ဝမ်ပေါင်လဲ့မှာ အလျင်အမြန် ပြေးထွက်သွားပြီး ၎င်းကို တိုက်ခိုက်ကာ စုပ်ယူလိုက်၏။ ထို့နောက် သူသည် ပျော်ရွှင်ဝမ်းမြောက်စွာ ထွက်ခွာသွားရန် ပြင်လိုက်သည့်အချိန်တွင် သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ ထို့ကြောင့် သူသည် သူ၏ ညာဘက်ကို လှည့်ကြည့်ကာ ကျောက်တုံးအခွံကြီးကို ပြန်ခြုံလိုက်၏။ ထို့နောက် သူသည် ထိုနေရာဆီသို့ ‌ခြေဖော့၍ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်၏။

သူသည် ထိုနေရာနားသို့ ရောက်သွားလေလေ ပို၍ သတိကြီးလာလေလေ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် သစ်ပင်ကြီးတစ်ပင်၏ အောက်သို့ ရောက်ရှိသွားပြီးနောက် ထိုနေရာတွင် လဲလျောင်းကာ ရှေ့သို့လှမ်းကြည့်လိုက်၏။ ထိုအခါ သူနှင့် ပေတစ်ရာကျော်အကွာတွင် လူရိပ်နှစ်ခု အပြန်အလှန် တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။

” သူပဲဟ ”
ဝမ်ပေါင်လဲ့မှာ ထိုနှစ်ယောက်ထဲမှ တစ်ယောက်ကို ချက်ချင်းပင် မျက်မှန်းတန်းမိသွား၏။ ထိုသူမှာ မှော်ဝင်နယ်မြေ စစ်ဆေးပွဲ၏ အပြင်ဘက်တွင် ရှိခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့အား ရန်စခဲ့သဖြင့် လက်ချောင်းများ လိမ်ချိုးခံခဲ့ရသော သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်လေးပင်ဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင် ပြည့်နှက်နေခဲ့သည့် အမုန်းတရားများနှင့် လက်တုံ့ပြန်လိုစိတ်များကို ဝမ်ပေါင်လဲ့ မမေ့နိုင်သေးပေ။

ထိုလူငယ်လေး၏ ပြိုင်ဘက်မှာ သူနှင့် တစ်ထေရာတည်း တူနေသည့် ငါးလက်မဝိညာဉ်အမြစ်တစ်ခု ဖြစ်သည်။ ထိုလူငယ်လေးမှာ လေးလက်မဝိညာဉ်အမြစ် အခြေခံတစ်ခုကို ပိုင်ဆိုင်ထား‌သည့်ပုံပင်။ ထို့ကြောင့် သူသာ ထိုငါးလက်မဝိညာဉ်အမြစ်ကို အနိုင်ယူနိုင်မည်ဆိုပါက ၎င်းအား အောင်မြင်စွာစုပ်ယူနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ငါးလက်မဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ထားသည့်လူမှာ ရှစ်လက်မ ဝိညာဉ်အမြစ်များ ရယူနိုင်ရန် ရည်မှန်းထားကြသည့် ထိပ်သီးအဆင့် ကျောင်းသားများထက် အနည်းငယ် နိမ့်ကျနေသည် ဖြစ်ပါသော်လည်း ပြည်ထောင်စုကြီး တစ်ခုလုံးထဲတွင် ရှစ်လက်မဝိညာဉ်အမြစ်ကို ရယူပိုင်ဆိုင်နိုင်မည့် အာနာပါနအဆင့် ကျင့်ကြံသူများမှာ မရှိသလောက် နည်းပါးသည်။ အများစုမှာ သုံးလက်မအထိသာ ရယူပိုင်ဆိုင်နိုင်ကြသည်ဖြစ်ရာ ငါးလက်မအထိ ရောက်ရှိသူများမှာ အတော်အသင့် အထင်ကြီးစရာကောင်းသည့် လူများထဲတွင် ပါဝင်နေပြီဖြစ်သည်။

ယခုတွင် သမင်ဖြူတာအိုကျောင်းခွဲမှ ထိုလူငယ်လေးမှာ ထိုဝိညာဉ်အမြစ်နှင့် အပြင်းအထန် တိုက်ခိုက်နေ၏။ ငါးလက်မဝိညာဉ်အမြစ်တစ်ခု၏ တိုက်ရည်ခိုက်ရည်များမှာ လူအစစ်တစ်ယောက်နှင့် ယှဉ်နိုင်သည့်အဆင့်အထိ ရှိနေသည် မဟုတ်ပါလော။ ထိုလူငယ်လေးမှာ နောက်ဆုံးတွင် အနိုင်ရရှိနိုင်ပါသော်လည်း ထိုတိုက်ပွဲကြီးမှာ ကြာမြင့်နေဦးမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူတို့ကိုကြည့်ရင်း မျက်တောင်တဖျတ်ဖျတ် ခပ်နေ၏။

” ငါ သူ့ဆီကနေ ဆွဲစားလိုက်ရမလား ”
ဝမ်ပေါင်လဲ့မှာ လိုချင်တပ်မက်စိတ်များ တဖွားဖွား ပေါ်ပေါက်လာ၏။

” မလုပ်သင့်ဘူး။ သူများတွေ မသိအောင် မပုန်းကွယ်နိုင်ဘဲနဲ့ အလစ်သုတ်ရမဲ့ လုပ်ရပ်မျိုးကို ကောင်းကင်တာအိုကျောင်းရဲ့ ဓမ္မလက်နက်ဌာနက ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ငါက မလုပ်နိုင်ဘူး ”

ဝမ်ပေါင်လဲ့မှာ အသိစိတ်ပြန်ဝင်လာ၏။ ရာထူးကြီးသော လူတစ်ယောက်မှာ အခြားအဖွဲ့အစည်းတစ်ခု ‌အမျက်ဒေါသ ထွက်သွားအောင် လုပ်နိုင်ရုံမှလွဲ၍ အကျိုးကျေးဇူး များများစားစား မရရှိနိုင်သည့် ရုန့်ရင်းကြမ်းတမ်းပြီး ကျင့်ဝတ်နှင့် မကိုက်ညီသော လုပ်ရပ်မျိုးကို မလုပ်သင့်ကြောင်း ယူဆလိုက်၏။

” ထားလိုက်ပါတော့ကွာ။ ငါ သူ့ဆီ သွားပြီးတော့ပဲ နှုတ်ဆက်လိုက်ပါ့မယ်။ ငါတို့အားလုံးက တာအိုကျောင်းကြီးလေးကျောင်းက ကျောင်းသားတွေပဲလေ။ သူ့ကို မနှုတ်ဆက်ရင် ငါ့ဘက်က ရိုင်းရာကျမှာပေါ့။ ပြီးတော့ အခု သူက တိုက်ပွဲထဲမှာ အာရုံအပြည့် စိုက်ထားတာဆိုတော့ ငါ သူ့ကို အာရုံပျက်သွားအောင် လုပ်လို့မဖြစ်ဘူး။ သူ နိုင်ခါနီးမှပဲ သွားပြီးတော့ နှုတ်ဆက်ရမယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ဝတ်စောင့်ထိန်းနိုင်မှုကြောင့် သူ့ကိုယ်သူပြန်၍ သဘောကျကျေနပ်နေရတော့သည်။ သူသည် လူအများပေါ် ကြင်နာသနားကာ စာနာထောက်ထားတတ်သည့် သဘောကောင်းသော လူတစ်ယောက်ဖြစ်သည်ဟု တွေးကာ ထိုနေရာတွင် စိတ်လှုပ်ရှားစွာ လဲလျောင်းနေရင်း အပြင်သို့ ပြေးထွက်သွားရမည့်အချိန်ကို စောင့်ဆိုင်းနေတော့သည်။

ငါးမိနစ်ဆိုသော အချိန်မှာ အလျင်အမြန် ကုန်ဆုံးသွားပြီး သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်လေးမှာလည်း အသက်ရှူသံများ လေးလံနေပြီဖြစ်သည်။ သို့သော် သူသည် ဝိညာဉ်အမြစ်ရွာထဲတွင် အလွန် ကံကောင်းနေသည်ဟု ခံစားနေရသောကြောင့် သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ လေးလက်မ ဝိညာဉ်အမြစ်ကို တိုက်ခိုက်ခဲ့ရသည်မှာ လွယ်ကူသည့်အပြင် ငါးလက်မဝိညာဉ်အမြစ်ကိုလည်း တခဏအကြာတွင် တန်း၍ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

” ဝိညာဉ်အမြစ်ရွာ တစ်ရွာလုံးထဲမှာ ဒီ ငါးလက်မဝိညာဉ်အမြစ် တစ်ခုကပဲ ငါနဲ့ ရေစက်ပါတာ ဖြစ်လောက်တယ် ”
ထိုလူငယ်လေးမှာ စိတ်နှလုံးလှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။

” ဒီ ဝိညာဉ်အမြစ်ကို စုပ်ယူပြီးရင် ငါ ငါးလက်မဝိညာဉ်အမြစ်ကို ရရှိသွားပြီပဲ။ အဲဒါဆိုရင် ခြောက်လက်မ၊ ခုနစ်လက်မအထိရှိတဲ့ ဝိညာဉ်အမြစ်တွေကိုပါ ဆက်ပြီးတော့ တိုက်ခိုက်လို့ရပြီ။ အဲဒီအချိန်ရောက်ရင် ဝမ်ပေါင်လဲ့က ငါ့အတွက် ဘာကောင်မှ မဟုတ်တော့ဘူးကွ ”

ထိုလူငယ်လေးမှာ ဟက်ဟက်ပက်ပက် ရယ်မောကာ အားပါပါ ထိုးနှက်လိုက်သောကြောင့် ထိုငါးလက်မဝိညာဉ်အမြစ်မှာ နောက်သို့ဆုတ်သွားရသည်။ ၎င်းမှာ တစ်စစီ လွင့်စင်ပျောက်ကွယ်စ ပြုလာသည့် အချိန်တွင် သူ၏ရယ်မောသံများမှာ ပို၍ပင် ကျယ်လောင်လာပြီး သူသည် လေပေါ်သို့ ခုန်တက်ကာ နောက်ဆုံးအကြိမ်အဖြစ် ထိုးနှက်ရန် ပြင်လိုက်၏။

” ငါးလက်မဝိညာဉ်အမြစ်။ မင်းက ငါ့အတွက်ပဲကွ ”

သို့သော် သူ ထိုသို့ ကြိမ်းဝါးလိုက်ပြီး ထိုငါးလက်မဝိညာဉ်အမြစ်က သူ၏ လက်တစ်ကမ်းအကွာသို့ ရောက်လာသည့် အချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သူသည် ကျောက်တုံးအခွံကြီး၏ အောက်မှနေ၍ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် မတ်တတ်ထလာပြီး လက်မြှောက်ကာ သမင်ဖြူတာအိုကျောင်းခွဲမှ စိတ်လှုပ်တရှားဖြစ်နေသည့် လူငယ်လေးအား လှမ်း၍နှုတ်ဆက်လိုက်သည်။

” ဟေး တာအိုရောင်းရင်း။ နေကောင်းရဲ့လား ”

ဝမ်ပေါင်လဲ့၏ ရုတ်တရက် ပေါ်ပေါက်လာမှုနှင့် သူ၏ ကျယ်လောင်သော နှုတ်ဆက်စကားသံကြီးကြောင့် သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်လေးမှာ အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ တစ်ခဏမျှ ဆွံ့အသွား၏။

သူသည် ထိုကဲ့သို့ တအံ့တဩနှင့် ငေးကြည့်နေစဉ်တွင် တစ်စစီပြိုကွဲပျက်စီးစ ပြုနေသော ငါးလက်မဝိညာဉ်အမြစ်ကြီးမှာ ကောက်ကာငင်ကာ တုန်ရီသွားပြီး အလျင်အမြန်ပင် ပြန့်ကားလာတော့သည်။ ၎င်း၏ မျက်နှာသွင်ပြင်များပင် ဝမ်ပေါင်လဲ့ပုံစံသို့ ချက်ချင်းပင် ပြောင်းလဲသွား၏။ သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်လေးမှာ ဆွံ့အမှင်တက်နေစဉ် နဂိုက သူနှင့် ရေစက်ပါခဲ့သော ထိုငါးလက်မဝိညာဉ်အမြစ်မှာ အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ အသည်းအသန် ပြေးလွှားလာတော့သည်။

” ဟေ ”
ဝမ်ပေါင်လဲ့မှာလည်း ရုတ်တရက်ဆိုသလို ထိုငါးလက်မဝိညာဉ်အမြစ်အား စိုက်ကြည့်လိုက်၏။ ထို့နောက် ထိုဝိညာဉ်အမြစ် သူ၏ အနားသို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် သူသည် အလျင်အမြန်ပင် လက်မြှောက်လိုက်ပြီး ခတ်ဆက်ဆက် ရိုက်ချလိုက်သဖြင့် ထိုငါးလက်မဝိညာဉ်အမြစ်မှာ ချက်ချင်းပင် တစ်စစီ လွင့်စင်သွားရတော့သည်။

ထိုမျှလောက် လွယ်ကူနေရသည်မှာ ဝမ်ပေါင်လဲ့က အစွမ်းထက်လွန်းလှသဖြင့် ထိုငါးလက်မဝိညာဉ်အမြစ်က သူ့အား တိုက်ခိုက်နိုင်စွမ်း မရှိခြင်းကြောင့်တော့ မဟုတ်ပေ။ ထိုဝိညာဉ်အမြစ်မှာ သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်လေးနှင့် တိုက်ခိုက်ပြီးသွားခဲ့သည့် အချိန်ကတည်းက တစ်စစီ ပျက်စီးလုနီးပါး အနေအထားသို့ ရောက်နေခဲ့သောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လက်ဝါးတစ်ချက်လောက်နှင့် ၎င်းအား အလွယ်တကူ အနိုင်ယူနိုင်လိုက်ခြင်း ဖြစ်သည်။

ထိုဝိညာဉ်အမြစ်မှာ အစိမ်းရောင်မြူခိုးများအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် စုပ်ယူခံလိုက်ရသည်။ ထို့နောက် သူ၏ လေးလက်မဝိညာဉ်အမြစ်နေရာတွင် ငါးလက်မဝိညာဉ်အမြစ်တစ်ခု အစားထိုး ဝင်ရောက်လာတော့သည်။

ထိုအဖြစ်အပျက်အားလုံးမှာ အလွန် မြန်ဆန်လှသောကြောင့် ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာပြီး ထိုလူငယ်လေးကို နှုတ်ဆက်ကာ ငါးလက်မဝိညာဉ်အမြစ်ကို စုပ်ယူပြီးသွားသည့်အထိ အသက်ရှူကြိမ် အနည်းငယ်မျှသာ ကုန်ဆုံးသွားခဲ့၏။ သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်လေးမှာမူ မျက်လုံးပြူးကြီးများဖြင့် ရပ်ကြည့်နေပြီး သူ၏ ရှေ့တွင် မြင်လိုက်ရသော အရာများကြောင့် ကြက်သေသေနေရတော့သည်။ သူ၏ အသက်ရှူနှုန်းများမှာ မြန်ဆန်လာပြီး သူ၏ မျက်လုံးများမှာလည်း သိသိသာသာ နီမြန်းလာတော့သည်။

” ဝမ်ပေါင်လဲ့ ”
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရပြီး သူ၏ နှလုံးသားမှာလည်း တဆစ်ဆစ် နာကျင်နေရပြီဖြစ်သည်။ ထို ငါးလက်မဝိညာဉ်အမြစ်မှာ အလွန် အဖိုးတန်ပြီး ၎င်းမှာ သူနှင့်ရေစက်ပါသည့် တစ်ခုတည်းသော ငါးလက်မဝိညာဉ်အမြစ် ဖြစ်နိုင်ပေသည်။ ၎င်းမှာ သူ၏ အပိုင် ဖြစ်ခါနီးမှ ဝမ်ပေါင်လဲ့က သူ၏‌မျက်လုံးရှေ့တွင် အလစ်သုတ်သွားခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့သာ အစောကတည်းက လုယူခဲ့မည်ဆိုပါက သူ့အနေဖြင့် အားစိုက်၍ ထိုဝိညာဉ်အမြစ်ကို မတိုက်ခိုက်ရသေးသောကြောင့် ယခုလောက် စိတ်ထိခိုက်စရာ ကောင်းနေမည် မဟုတ်ပေ။ သူသည် ဒေါသထွက်သွားမည် ဖြစ်သော်လည်း ယခုလောက် ဆိုးဆိုးရွားရွား ခံစားနေရမည် မဟုတ်ချေ။ သို့သော် ယခုတွင်မူ သူ စိုက်ထုတ်ခဲ့ရသည့် အင်အားများနှင့် အောင်မြင်မှု ရခါနီးတွင်မှ အခြားတစ်ယောက် လုယူခြင်းကို ခံလိုက်ရသည့် ဖြစ်ရပ်ကြီးကို ပြန်လည်တွေးတောရင်း သူ၏ ဒေါသမီးတောက်များမှာ တဟုန်းဟုန်း တောက်လောင်လာရတော့သည်။

သူသည် အမျက်ချောင်းချောင်း ထွက်နေသောကြောင့် ဒေါသတကြီး အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ အရူးတစ်ယောက်ကဲ့သို့ ပြေးလာ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ အနားသို့ ရောက်သွားသောအခါ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများပြူးသွားပြီး အားပါပါ ကန်ကျောက်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ လျင်မြန်သွက်လက်နေသည့်အပြင် ထိုလူငယ်လေးမှာလည်း ဒေါသတကြီး ပြေးဝင်လာသည်ဖြစ်ရာ ထိုကန်ချက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိလိုက်ပေ။ ဝမ်ပေါင်လဲ့၏ ကန်ချက်မှာ ထိုလူငယ်လေး၏ ၀မ်းဗိုက်ပေါ်သို့ ကျရောက်သွားသဖြင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာ၏။ ထို့နောက် ထိုလူငယ်လေးမှာ လေပေါ်သို့ လွင့်ထွက်သွားပြီး အဝေးတစ်နေရာရှိ မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။

” ဝမ်ပေါင်လဲ့။ မင်းက အရှက်မရှိတဲ့ ကောင်ပဲကွ ”
ထိုလူငယ်လေးမှာ ကုန်းရုန်း၍ မတ်တပ်ထလာပြီး ဒေါသတကြီး အော်ပြောလိုက်၏။ သူ၏ နဖူးပေါ်တွင်လည်း အစိမ်းရောင်သွေးကြောကြီးများ ထောင်ထနေတော့သည်။

” ငါက မင်းကို နှုတ်ဆက်ချင်ရုံလေးကို မင်းက ငါ့ကို ပြန်ပြီးတော့ တိုက်ခိုက်တယ်ပေါ့။ မင်းတို့ သမင်ဖြူတာအိုကျောင်းခွဲက ကောင်တွေကတော့ကွာ…. ယဉ်ကျေးမှုကို မရှိကြဘူး ”
ဝမ်ပေါင်လဲ့ကလည်း ဒေါသတကြီး ပြန်ပြောလိုက်၏။

” ထားပါတော့ကွာ။ ငါက သဘောထားကြီးတဲ့ လူတစ်ယောက်မလို့ ဗွေမယူပါဘူး။ သွားတော့မယ် တာ့တာ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး ချောင်းဟန့်ကာ ပျော်ရွှင်ကျေနပ်စွာဖြင့် နောက်သို့လှည့်သွား၏။ သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်လေးမှာမူ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ သူ၏ဒေါသမှာ ငယ်ထိပ်အထိ ဆောင့်တက်သွားသောကြောင့် သူ၏ ပါးစပ်ထဲမှ ရဲရဲနီနေသော သွေးပွက်တစ်ပွက်ပင် အန်ထွက်လာတော့သည်။

” ဝမ်ပေါင်လဲ့။ ငါ့ ဝိညာဉ်အမြစ်ကို ပြန်ပေးစမ်း ”

ဝမ်ပေါင်လဲ့မှာမူ ထိုစကားများကို မကြားချင်ယောင်ဆောင်ကာ လျင်မြန်စွာ ပြေးထွက်သွားပြီး သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။ ထိုလူငယ်လေးမှာမူ သူ၏ဒေါသများကို ဖြေဖျောက်နိုင်စွမ်း မရှိတော့သောကြောင့် မချင့်မရဲဖြစ်ကာ ကျန်ရစ်ခဲ့ရတော့သည်။ သူသည် သူ၏နောက်သို့ ပြေးလိုက်ချင်ပါသော်လည်း လိုက်၍မီမည်မဟုတ်ကြောင်းကို နားလည်ထား၏။ အကယ်၍ သူ့အား လိုက်မီလျှင်တောင် သူ့ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူ၏ ဒေါသစိတ်များမှာ တဖြည်းဖြည်းနှင့် ပို၍ ကြီးထွားလာရသဖြင့် သူ၏ ပါးစပ်ထဲမှ နောက်ထပ် သွေးပွက်တစ်ပွက် အန်ထွက်လာရပြန်သည်။ သူသည် နှုတ်စည်းမစောင့်ဘဲ အငြှိုးအတေးကြီးသော ဝမ်ပေါင်လဲ့ကိုမှ ရန်စမိခဲ့သည်ကို နောင်တကြီးစွာ ရနေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset