အပိုင်း(၁၂၀၇)

လောဘကို ဖုံးလွှမ်းထားသည့် နတ်ဆိုး

သွေးနဂါးမြစ်ပြိုင်ပွဲ ကွင်းပြင်တွင်တော့ ကျားလို့ဖုန်းသည် ရွှေရောင်သွေးများ ထွက်နေပြီး နာကျင်မှုကြောင့် အော်ဟစ်နေသည်။

ခွန်ရွှမ်နှင့် ခွန်ကျန်းသည် ကျားလို့ဖုန်းပေါ်တွင် ရပ်ကာ သူ၏ ရွှေရောင် အမွေးအတောင်များကို ဆွဲနုတ်ကာ မြေပေါ်ပစ်ချလိုက်သည့် ယူချင်းကို ဒေါသ ချောင်းချောင်းထွက်ကာ ကြည့်နေသည်။ ၎င်းမှာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းပင် ဖြစ်သည်။

ဤလူသည် တိုက်ပွဲကွင်းပြင်၌ သူရူးပမာပင် ဖြစ်၏။ မည်သည့်အရာကမှ သူ့ကို မကိုင်လှုပ်နိုင်ပေ။

ခွန်ကျန်း၏ ပုံရိပ်က ယူချင်းရှေ့သို့ လျှပ်တစ်ပြက် ဝင်ရောက်သွားပြီး တားဆီးရန် ပြုလုပ်သည်။ သူ၏ မျက်နှာတွင် အလွန် မည်းမှောင်နေသော အကြည့်တို့ ရှိနေသည်။

ခွန်ရွှမ်သည် တစ်ချိန်တည်းမှာ ရှေ့သို့ တိုးဝင်သွားသည်… “တိုက်ပွဲကနေ ထွက်သွားလိုက်တော့” သူမက ကျားလို့ဖုန်းကို ပြောလိုက်၏။

ကျားလို့ဖုန်းသည် ဆိုးဝါးစွာ ဒဏ်ရာရထားသည်။ ထို့ကြောင့် သည်နေရာတွင် ဆက်နေနိုင်လိမ့်မည် မဟုတ်ပေ။

ကျားလို့ဖုန်း၏ မာနကြီးသော မျက်လုံးများထဲတွင် အမုန်းတရားတို့ လင်းလက်သွားသည်။ ကျားလို့တော်ဝင်မိသားစု၏ မိသားစုဝင် တစ်ယောက်အနေနှင့် ဤသည်မှာ သူ့အား အကြီးမားဆုံး စော်ကားခြင်းပင် ဖြစ်သည်။

အရိုင်းအစိုင်း သဏ္ဌာန်ဖြင့် ယူချင်းသည် သူ့ကို မြေပေါ်သို့ ရိုက်ချပြီးသည်နှင့် ရီဝူချင်းဆီသို့ ရည်ရွယ်ကာ တရကြမ်း ပြေးဝင်သွားတော့သည်။ ကောင်းကင်ထက်တွင် ရှန်းနန်သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး လက်သည်းငါးခုနတ်နဂါးသည် ဟိန်းဟောက်လိုက်ကာ တစ်ဖန်ထပ်၍ တိုက်ခိုက်သည်။  ၎င်း၏ လက်များက နေကို ပိတ်ကွယ်သွားပြီး ကောင်းကင်တစ်ဝက်လောက်ကို ဖုံးလွှမ်းသွားကာ ယူချင်းနှင့် ရီဝူချင်းထံ ဦးတည် တိုက်ခိုက်လိုက်လေသည်။

သူက ရီဝူချင်းသည် တိုက်ပွဲကွင်းပြင်၌ မဟာလမ်းစဉ်ကို ဝင်ရောက်ရန် ကြိုးစားဖို့ရာ အရည်အချင်း မပြည့်မီကြောင်းနှင့် ဒေသနန်းတော်ကို ဝင်ခွင့်ရရှိမည် မဟုတ်ကြောင်း ပြောပြခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ရီဝူချင်းသည် တွေဝေနေခဲ့ရာ သူ့အတွက် ဆုံးဖြတ်ချက်ကို ကူညီပြီး ချပေးရလိမ့်မည်။

ဤတိုက်ခိုက်မှုများ ဆုံစည်းသွားပြီးနောက် နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရလျှင် ကျိန်းသေ ဒဏ်ရာ အပြင်းအထန်ရနိုင်ပြီး အခန့်မသင့်လျှင် သေပင် သေနိုင်၏။ ရီဝူချင်းက လက်မလွှတ်ချင်လျှင် သူ့ကို ရှန့်ထိုဖြစ်စေမည့် အခွင့်အရေးသည် သူ၏ ပျက်စီးခြင်းအဖြစ်သို့ ပြောင်းလဲ သွားလိမ့်မည်။

ယူချင်းသည် ရွှေရောင်နဂါးကြီး၏ တိုက်ခိုက်မှုကို အေးစက်စက် ကြည့်သည်။ မဟူရာ ရွှေရောင်အလင်းများသည် သူ့ထံပါးတွင် စီးဆင်းနေ၏။ သူသည် လက်သီးတစ်လုံးကို လေထဲသို့ ပစ်သွင်းလိုက်ပြီး ကြီးမားသော လက်အရိပ်များသည် ကောင်းကင်သို့ ထိုးတက်သွားကာ နေမင်းကဲ့သို့ စွမ်းအားပြည့်ဝသည့် နဂါးကြီး၏ လက်သည်းများကို လေထဲတွင် ပိတ်ဆို့ထားသည်။

ရှန်းနန်သည် ယူချင်း ထွက်ပေါ်လာမှုကို သာမန်မျှသာ ကြည့်သည်။ သူသည် ယူချင်း၏ တိုက်ပွဲစွမ်းရည်ကို မြင်ဖူးပြီးသား ဖြစ်သည်။ ယူချင်းသည် အလွန်သန်မာလှသည်။ စွမ်းအား ယူဆချက်အရ ရှင်းချိုးတစ်ယောက်သာလျှင် တိုက်ပွဲ၌ သူ့ကို ခုခံနိုင်လိမ့်မည်။

သူသည် လက်သီးနှင့် တစ်ဖန် ရှေ့သို့ ဆက်လက် တိုက်ခိုက်လိုက်ပြီး ချက်ချင်းပင် နတ်နဂါးကြီး၏ ရွှေရောင်လက်သည်းငါးခုသည် လေထဲမှာ အော်မြည်ကာ လှည့်ပတ်နေသည်။  ကျယ်လောင်သော အသံကြီးနှင့်အတူ လက်သည်းများက လက်အရိပ်ကြီးကို ဖိနှိပ်လိုက်ကာ အစိတ်စိတ် ကွဲကြေသွားစေပြီးနောက် အောက်သို့ ဆက်လက် ဆင်းသွားလေသည်။

သို့သော်လည်း ယူချင်းထံမှ ငုပ်လျှိုးနေသည့် နတ်ဆိုးစွမ်းအားများ လှိုင်းထလာပြီး အဆုံးမဲ့ နတ်ဆိုးစွမ်းအား စီးကြောင်းများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ဆီသို့ ဆွဲစုပ်ယူခံလိုက်ရသည်မှာ သူ့ကို ပို၍ ကြောက်မက်ဖွယ် ကောင်းလာစေသည်။ ယင်းမှာ နတ်ဆိုးတစ်ကောင်က သူနှင့် ပေါင်းစပ်သွားသည့်အလား ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ကြီးမားလာပြီး ပို၍ စွမ်းအားပြည့်ဝလာကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ လောကကြီးကို လွှမ်းမိုးသွားသည်။ သူ၏ မျက်ဝန်းနက်ကြီးများတွင် အေးစက်မှုများဖြင့် ပြည့်နှက်နေပြီး တိုက်ပွဲဝင်နတ်ဆိုး ပုဆိန်ကြီးက သူ့လက်ထဲတွင် ပေါ်ထွက်လာသည်။

သူသည် ရှေ့သို့ ကြည့်ကာ ခြေလှမ်းလိုက်ပြီး သူ့ခြေထောက်အောက်ခြေမှ မြေများမှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး အချိန်မရွေး ကွဲထွက်သွားတော့မတတ် ထင်မှတ်ရသည်။ သူသည် လေထဲသို့ တက်သွားကာ သူ၏ တိုက်ပွဲဝင်ပုဆိန်ကို ကောင်းကင်သို့ ဦးတည်ခုတ်ချသည်။ ရွှေရောင် လက်သည်းများမှာ အလယ်မှ ထက်ပိုင်းပြတ်သွားပြီး ချက်ချင်း ကွဲကြေသွားသည်။

စွမ်းအားပြည့်ဝလှသည့် ခန္ဓာကိုယ်သည် ဆက်လက်၍ ရှေ့သို့ သွားနေပြီး ရွှေရောင်နဂါးကြီး၏ ဝမ်းဗိုက်ကို ထက်ခြမ်းခွဲကာ ပေါက်ကွဲ စေလိုက်ပြီးနောက် ရန်ဟောင်ကဲ့သို့ ပုံရိပ်ဆီသို့ ဦးတည်သည်။

သူလွှဲယမ်းလိုက်သည့် တိုက်ပွဲပုဆိန်ကြီးသည် အလင်းတစ်ချက် လက်သွားပြီး ပုံရိပ်ကြီးမှာ မည်သည့်အခါကမှ မတည်ရှိခဲ့ဖူးသကဲ့သို့ ရုတ်တရက် ကွယ်ပျောက် သွားခဲ့သည်။

ယူချင်းသည် ရှန်းနန်ကို လှည့်ကာ ကြည့်လိုက်ပြီး သူ၏ အနောက်တွင် မြင့်မား၍ စွမ်းအားကြီးသည့် နတ်ဘုရားသဖွယ် ရန်ဟောင်ပုံရိပ်ပြီး ထပ်ပေါ်လာသည်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဟောင်ကျူဂီနှင့် ကျန်ကျောင်းတို့သည် တိုက်ခိုက်နေရာမှ ရပ်တန့်လိုက်ပြီး ရီဝူချင်း နတ်ဘုရားပြစ်ဒဏ် ခံယူရာတွင် အကာအကွယ်ပေးရန် ရောက်ရှိလာသည်။

ထို့ကြောင့်ပင် ရှင်းချိုးနှင့် အပြစ်ခုနစ်ပါးတို့သည် သူတို့၏ ပြိုင်ဘက်များ မရှိတော့တာကြောင့် သူတို့သည်လည်း ထိုနေရာသို့ ကတိုက်ကရိုက် ရောက်လာခဲ့ကြသည်။

ထိုအချိန်၌ ယူချင်းနှင့် ကျန်သူများသည် ရီဝူချင်း၏ နတ်ဘုရားပြစ်ဒဏ် ခံယူကျော်ဖြတ်ရန် ကြိုးစားမှုကြောင့် လူတိုင်း၏ ပစ်မှတ် ဖြစ်လာတော့သည်။

ဟူး …

နတ်ဘုရားပြစ်ဒဏ်သည် ရီဝူချင်းပေါ်သို့ ဆက်လက် ကျဆင်းလာကာ သူ၏ စိတ်ဝိညာဉ်အသိနှင့် ခန္ဓာကိုယ်ကို သန့်စင်နေသည်။ မဟာလမ်းစဉ်၏ နတ်ဘုရားအလင်းများမှာ သူ့ထံတွင် စီးဆင်းနေသော်လည်း သူ့မျက်လုံးများမှာ ဖွင့်ဟထားဆဲဖြစ်ကာ ထက်ရှနေသော အကြည့်များဖြင့် သူအနီးမှ ပုံရိပ်များကို စောင့်ကြည့်နေသည်။

ရီဝူချင်းက နတ်ဘုရားပြစ်ဒဏ် ဆက်လက် ကျဆင်းလာအောင် ကြိုးစားနေသည်ကို မြင်ရရာ ရှန်းနန်နှင့် အခြားလူများမှာ အချိန်ကြာကြာ မဆွဲနိုင်ကြတော့ပေ။ ရှန်းနန်သည် သူ၏ လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခု ရေးဆွဲလိုက်ပြီး ရုတ်တရက် ကြီးမားသည့် မျက်နှာတစ်ခုက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ထိုမျက်နှာမှာ ရန်ဟောင်တစ်ပါး၏ မျက်နှာနှင့် ဆင်တူပေသည်။ လက်သည်း ငါးခုရွှေရောင်နတ်နဂါးကြီးက ဟိန်းဟောက်လိုက်ပြီး ယင်းသည် တစ်ကောင်တည်း ဖြစ်တည်လာခြင်း မဟုတ်ဘဲ မြောက်မြားစွာသော ပုံရိပ်များ ဖြစ်သည်။

အမြင့်ဆုံးကောင်းကင်ဘုံမှ လျှပ်စီးမိုးကြိုးနှင့်တူသော တုနှိုင်းမရသည့် ခရမ်းနှင့် ရွှေရောင် လျှပ်စီးမိုးကြိုးက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ မိုးကြိုးတန်းများက ကျဆင်းလာပြီး ယူချင်းနှင့် အခြားလူများ၏ အနီး လေထုထဲတွင် ပြည့်နှက်သွားသည်။

ထိုအရာသည် အနီးဝန်းကျင်ရှိ အရာအားလုံးကို သတ်ဖြတ်ပစ်နိုင်သည့် ကြမ်းတမ်းလှသော နတ်ဘုရားပြစ်ဒဏ်ပင် ဖြစ်သည်။

ဟူး …

ယူချင်းသည် ကောင်းကင်သို့ တက်သွားပြီး သူ၏ နတ်ဆိုးခန္ဓာပုံရိပ်သည် ရီဝူချင်းနှင့် အခြားလူများအပေါ်တွင် ဖြန့်ကြက်ဖုံးလွှမ်းသည်။ သူ၏ ခန့်ညားထည်ဝါသည့် ခန္ဓာကိုယ်သည် ထိုနေရာတွင် ရပ်နေပြီး ဆွဲငင်အားကို ဖော်ထုတ်လိုက်ကာ အဖျက်စွမ်းအားများ အားလုံးကို သူ့အပေါ်သို့ ဆွဲယူသည်။

အလွန် ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီး ရိုက်ချက်နှင့် တောက်ပနေသည့် မိုးကြိုးတန်းများသည် ယူချင်း၏ ခန္ဓာကိုယ်ကို ရိပ်ခနဲ ဖြတ်သန်းသွားသည်။ သူ၏ ချပ်ဝတ်က ကျိုးပျက်သွားပုံ ပေါ်သော်လည်း သူ့ခန္ဓာကိုယ်သည် တွင်းနက်ကြီးကဲ့သို့ပင် မိုးကြိုးတန်းများ၏ စွမ်းအားနှင့် ခရမ်းရွှေရောင် အလင်းများ အားလုံးကို စုပ်ယူစားသုံးသည်။

များပြားလှသည့် လက်သည်းငါးခု နဂါးများသည် မိုးကြိုးနှင့်အတူ ပြေးဝင်သွားပြီး ကြောက်မက်ဖွယ် အော်မြည် ဟိန်းဟောက်လိုက်ပြီး ယူချင်းကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။

ယူချင်းထက် သန်မာသော တစ်စုံတစ်ယောက်သည်ပင် ထိုသို့ တိုက်ခိုက်မှုမျိုးကို ခံရပါက သူ့ခန္ဓာကိုယ်သည် အစိတ်စိတ် ကွဲကြေ သွားလိမ့်မည်။

သို့သော်လည်း ထိုအချိန်တွင် သူ၏ တိုက်ပွဲဝင်နတ်ဆိုး ပုဆိန်သည် ပျောက်ကွယ်သွားပြီး သူ၏ လက်နှစ်ဖက်ကို လေထဲသို့ ဆန့်ထုတ်သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် လေပွေတွင်းနက်ကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အနီးမှ စွမ်းအားများကို အကုန် စုပ်ယူဝါးမျိုသည်။ ဟိန်းဟောက်ကာ တစ်ဟုန်ထိုးလာနေသည့် နဂါးများသည် ကျယ်ပြန့်လှသည့် အသူတရာ ချောက်နက်ထဲသို့ ဆွဲ၍ စုပ်ယူခံလိုက်ရပြီး နတ်ဆိုးစွမ်းအားများအတွင်း တဖြည်းဖြည်းချင်း နစ်မြုပ်သွားတော့သည်။

ထိုအခိုက်၌ ယူချင်းသည် အဆုံးမဲ့တွင်းနက်ကြီးနှင့် တူပြီး နတ်ဘုရားအလင်းများ၏ အဖျက်စွမ်းအားများနှင့် လက်သည်းငါးခုရွှေရောင် နဂါးများကို စုပ်ယူဝါးမျိုနေသည်။

ပို၍ ကြမ်းတမ်းသည့် အမှောင်မှော်စွမ်းအားများသည် အော်မြည်နေပြီး သူ့ခန္ဓာတဝိုက်တွင် လှည့်ပတ်နေပြီး လူတိုင်း၏ အမြင်အာရုံကို ပိတ်ဆို့ထားသည်။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအားသည်ပင် မထိုးဖောက်နိုင်ပေ။

ကြည့်ရသည်မှာ သူသည် တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို နတ်ဆိုးကမ္ဘာအဖြစ် ပြောင်းလဲနေပုံရသည်။

ရှန်းနန် မျက်မှောင်ကြုတ်သည်။ သူ၏ တိုက်ခိုက်မှု အားလုံးကို စုပ်ယူနိုင်သည်လား။

နတ်ဆိုးလမ်းစဉ် တန်ခိုးရှင်သည် သူ၏ ဝါးမျိုခြင်းကျင့်စဉ်ကို ဤအဆင့်ထိ ရောက်အောင် ကျင့်ကြံထား နိုင်သည်လား။

ထို့အပြင် ထို နတ်ဆိုးစွမ်းအားများက သူ့ကို ဖိအားအနည်းငယ် ခံစားရအောင် ပြုလုပ်နေသည်။

သူ့ဘေးမှ တိဟောက်သည် အလွန်ပင် တည်ငြိမ်နေပုံပေါ်သည်။ သူ့မျက်နှာပေါ်တွင် ဘာအမူအရာမှ မပြပေ။

သူသည် တောက်လီတောင်မှ ထွက်ခွာလာသည့်အခါ သူ၏ နာမည်ကို တာလီပြည်ထောင် တစ်ခွင်တွင် သူ့နာမည်ကို ရေးထိုးလိုခဲ့ပြီး တာလီကျောင်းတော်မှ တန်ခိုးရှင် အများအပြားကို ရှုံးနိမ့်စေခဲ့သည်။ သို့ဖြင့် တော်ဝင်အကြံပေး၏ တပည့်ဖြစ်လာပြီး  ရှန့်ထိုအဆင့်အောက်၌ စွမ်းအားအမြင့်ဆုံး သူ ဖြစ်လာခဲ့သည်။

သို့သော်လည်း သတ္တမဓား၏ ပေါ်ထွက်လာမှုသည် သူ၏ ပြင်ဆင်ထားမှုများ အပေါ် ဘာမှ မဟုတ်တော့သယောင် ဖြစ်စေခဲ့၏။

ထိုအချက်သည် ယခု သူ၏ စိတ်အခြေအနေကို သက်ရောက်မှု ရှိပေသည်။

ယခု သူ သွေးနဂါးဘုံသို့ လာရောက်၍ သွေးနဂါးမြစ်ပြိုင်ပွဲထိ ရောက်လာ နိုင်ခဲ့သော်လည်း ရီဝူချင်းကိုပင် မရိုက်နှက်နိုင်ဘဲ ရီဝူချင်းသည် ရှန့်ထိုပင် ဖြစ်လာခဲ့သေး၏။

ယူချင်းသည် အလွန် စွမ်းအားပြည့်ဝပြီး သူ ယှဉ်ပြိုင်နိုင်သည့်လူ မဟုတ်ကြောင်း ခံစားရသည်။

ကြည့်ရသည်မှာ သူ့ထက် သန်မာသည့် သူသည် သတ္တဓား တစ်ယောက်တည်းသာ မဖြစ်နိုင်ပေ။

ထိုအဖြစ်က သူ့ကို စိတ်ပျက်မှုများ ခံစားစေခဲ့သည်။ သတ္တမဓား၏ ဘေးမှ တစ်ယောက်ချင်းသည်ပင် သူ့ထက် သာလွန်နေ၏။

သူသည် ရှေ့သို့ တက်လိုက်ပြီး ကျားယဲ့ဓားများကို ယူချင်းထံသို့ စေလွှတ်သည်။

ယူချင်း၏ နက်မှောင်နေသော မျက်လုံးများသည် လူများကို ချောက်နက်အတွင်း ပစ်ချလိုက်သကဲ့သို့ သူ့ရှေ့တွင် ဒူးထောက် ခစားလိုသည့်စိတ် ဖြစ်ပေါ်လာစေသည်။

သူသည် ကျားယဲ့ဓားများကို တားဆီးရန် မပြုလုပ်ခဲ့ဘဲ ရွှေရောင် လျှပ်စီးမြွေများသည် သစ်ပင်မှ သစ်ရွက်များကဲ့သို့ နတ်ဆိုးစွမ်းအားများကို ဖြတ်သန်းသွားပြီးနောက် လေထဲပကတိအားဖြင့် ပျောက်ကွယ် သွားလေသည်။ တိဟောက်၏ အသိသည် သူ့ဓားများတွင် ဆက်သွယ်ထားပြီး စတင်ထိုးဖောက်ရန် ကြိုးစားသော်လည်း မကြာခင်မှာပင် သူ၏ အသိများသည် ဖယ်ရှား ပစ်လိုက်ခြင်းကို ခံခဲ့ရ၏။

သူနှင့် ဓားများအကြားမှ ဆက်သွယ်မှုသည် အပြီးတိုင် ပြတ်တောက် သွားခဲ့သည်။

နက်ရှိုင်းသော အော်မြည်သံကြီး အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည်။ အနက်ရောင် လက်သည်းငါးခု နတ်ဆိုးနဂါးကြီးသည် ယူချင်း၏ အရှေ့ လေထဲမှ ထွက်ပေါ်လာပြီး သူ့ကို ရစ်ပတ်သည်။ ကြောက်မက်ဖွယ် အနက်ရောင်လျှပ်စီးများသည် လောကကို ဖျက်ဆီးနိုင်သော အလင်းနှင့်အတူ ထွက်ပေါ်လာသည်။

ကျားယဲ့ဓားများသည်လည်း ဖျက်ဆီးနိုင်သော ဓားအသိများကို ဝါးမျိုပြီး အနက်ရောင်သို့ ပြောင်းလဲသွားသည်။

ကြည့်ရသည် ထိုစွမ်းအားသည် ယူချင်းပိုင်ဆိုင်ခြင်း မဟုတ်ဘဲ ရှန်းနန်နှင့် တိဟောက်၏ စွမ်းအားများ ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် အားလုံးသည် နတ်ဆိုးစွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ယူချင်း၏ အသုံးချခံများ ဖြစ်လာသည်။

“ဒါက ဝါးမျိုးခြင်း လမ်းစဉ်မဟုတ်ဘူး။ နတ်ဆိုးအသွင် ပြောင်းလဲခြင်းပဲ” ရန်ဟောင်၏ မင်းသားတစ်ပါး အနေနှင့် ရှန်းနန်သည် အတွေ့အကြုံ ဗဟုသုတများလေသည်။ ထိုသာလွန် ထူးကဲသည့် နတ်ဆိုးစွမ်းအားသည် နားလည် သဘောပေါက်နိုင်မှုနှင့် ကျင့်ကြံမှုတွင် အလွန်ပင် ခက်ခဲလှသည်။ ယင်းသည် ဝါးမျိုခြင်းကျင့်စဉ်မှ ဆင့်ကဲဖော်ထုတ် ထားခြင်းဖြစ်ကာ ဝါးမျိုခြင်းကျင့်စဉ်ထက်ပို၍ ထိတ်လန့်ဖွယ်ရာ ကောင်းလေသည်။

ယူချင်းက နတ်ဆိုးဧကရာဇ်၏ မျိုးဆက် ဖြစ်နိုင်သည်လား။

ဘုန်း…

ယူချင်းသည် ကောင်းကင်ကို ဖြတ်သန်းလိုက်လျှင် လေထုသည် တုန်ခါသွားကာ ကမ္ဘာကြီးက မြည်ဟီးနေ၏။

ဘုန်း …  ဘုန်း …  ဘုန်း …

သူသည် ရှေ့သို့ ဆက်လက်တိုးလာနေပြီး မဟာလမ်းစဉ်သည်သူ၏ ခြေဖဝါးအောက်သို့ ဖိနှိပ်ခံထားရပုံပေါ်သည်။ နတ်ဆိုးဆန်သော ပုံရိပ်သည် ကောင်းကင်ကို ဖုံးလွှမ်းကာ ပေါ်ပေါက်လာပြီး အနက်ရောင်နတ်ဆိုး လေစီးကြောင်းသည် နေကိုပင် ပိတ်ကွယ်သည်။ ၎င်းက အဆုံးသတ်ကင်းမဲ့၍ သွေးနဂါးမြစ်ထက်မှ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးကို ဝါးမျိုတော့မယောင် ထင်မှတ်ရသည်။

ရွှမ်ယွင်ခြေလှမ်းသိုင်း၏ ခြေလှမ်းတိုင်းသည် ရှန်းနန်၏ နှလုံးသားကို ပြင်းထန်စွာ တုန်ရီနေစေသည်။ နတ်ဆိုးဆန်သောပုံရိပ်ကြီးက သူ့ထံသို့ တရကြမ်းလာနေသည်ကို မြင်ပြီး နောက်ဆုံးတွင် သူ့အမူအရာက အားကောင်းသည့် ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ လေးနက်လာသည်။

“သူ့ကို ဖျက်ဆီးပစ်”

ရှန်းနန်သည် ချိပ်တံဆိပ်ပုံစံဖော်လိုက်ပြီး ပါးစပ်ကနေ ပြောသည်။

မဟာလမ်းစဉ်၏ စွမ်းအားများက ရေးသား ဖန်ဆင်းထားသည့် ဧရာမစာလုံးများပေါ်သို့ ကျဆင်းလာသည်။ သို့ရာတွင် နဂါးနက်ကြီးသည် ယူချင်းအနီးတွင် ရစ်ပတ်နေရာမှ အော်မြည်လိုက်ကာ ကျဆင်းလာသည့် စာလုံးများကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်သည်။

“ရပ်စမ်း” ရှန်းနန်က အော်သည်။ အသံသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်ရသည်။ ရန်ဟောင်ပုံရိပ်သည် ကောင်းကင်ကို ဖုံးလွှမ်းသွားကာ အစစ်အမှန်ကဲ့သို့ ဖြစ်ပေါ်လာပြီး ယူချင်း၏ နတ်ဆိုးသဏ္ဌာန်ဆီသို့ လှမ်းလာလေသည်။

ရန်ဟောင်တစ်ပါး လောကတွင် ကိုယ်ထင်ပြလျှင် အရာအားလုံးကို ဖိနှိပ်နိုင်လိမ့်မည်။

ထိုအချိန်၌ ရှန်းနန်သည် ချွေးများ ပျံနေကာ သူသည် ကြီးမားလှသည့် ဖိအားအောက်၌ ကျရောက်နေသည်။

ဘုန်း…

ယူချင်းသည် နောက်ဆုံးတွင် နှေးကွေးသွားပြီး နဂါးနက်ကြီးနှင့် ထက်ရှသည့် ဓားများမှာ ရန်ဟောင်ပုံရိပ်၏ ခြေဖဝါးအောက်၌ ဖျက်ဆီးခံလိုက်ရသည်။ သူ၏ ခြေလှမ်းများသည် ဆက်လက်၍ နှေးကွေးသွားခဲ့ကာ မြင့်မားသည့် ပုံရိပ်ကြီးသည် သူ့ပေါ်သို့ ဆောင့်နင်းချလိုက်ကာ သူ့ကို ဖျက်ဆီးရန် ကြိုးစားလာသည်။

မဟာလမ်းစဉ်၏ စွမ်းအားများသာ ပါဝင်သည် မဟုတ်ဘဲ ၎င်းတွင် နတ်ဘုရား အရှိန်အဝါများလည်း ပါရှိနေသည်။ ယင်းသည် ခုခံနိုင်သည့် အရာမဟုတ်တော့ပေ။

ဘုန်း…

ကျယ်လောင်သည့် အသံ ထွက်ပေါ်လာပြီး ယူချင်းသည် လှုပ်၍ မရတော့သကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ကောင်းကင်သို့ မော့ကြည့်နေသည့် သူ၏ နတ်ဆိုး မျက်ဝန်းများထဲတွင် အကြောက်အလန့် ကင်းမဲ့နေသည်။

ကြီးမြတ်သောလမ်းစဉ်သည် ဤမျှလောက် သူ့အပေါ် ဖိအားပေးနိုင်လျှင်ပင် သူသည် သူ့ကိုယ်သူ ဤနေရာ၌ ဖျက်ဆီးနင်းချေခွင့် ပြုနိုင်မည်လော။

သူသည် နတ်ဆိုးကျင့်စဉ်ကို သင်ယူခဲ့သည်။ သူသည် နတ်ဘုရားနှင့် လူသားတို့၏ ဥပဒေများကို ဖီဆန်နိုင်သည်။

ဘုန်း…

အနက်ရောင် လေစီးကြောင်းများသည် အတူတကွ စုစည်းလာပြီး ကြီးမားသည့် နတ်ဆိုးပုံရိပ်ကြီး ပေါ်ပေါက်လာကာ ယူချင်း၏ ခန္ဓာနှင့် ပေါင်းစပ်သွား၍ သူ့ကို အစစ်အမှန် မိစ္ဆာအသွင် ဖြစ်ပေါ်လာစေသည်။

သူသည် နက်ရှိုင်းသည့် အော်သံပြုလိုက်ကာ ကောင်းကင်နှင့် မြေကြီးသည် ပြိုလဲယိမ်းယိုင် သွားတော့မယောင် ထင်မှတ်ရသည်။ နတ်ဆိုး၏ ကြီးမားလှသော လက်ဝါးရိပ်ကြီး ထွက်ပေါ်လာပြီး ရန်ဟောင်ပုံရိပ်၏ မျက်နှာကို ဖုံးလွှမ်းသွားကာ သူ၏ ခေါင်းကို ရိုတ်ခတ်ခြင်းခံလိုက်ရ၏။

ရှန်းနန် ညည်းတွားလိုက်ပြီး သူ့မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ နတ်ဆိုးသည် ဆက်လက်၍ ရှေ့တိုးလာပြီး နောက်ထပ် ကျယ်လောင်သည့် အသံထွက်ပေါ်လာသည်။ ဆင့်ခေါ်ထားသည့် ရန်ဟောင်ခန္ဓာကိုယ်သည် ပြိုကွဲသွားခဲ့သည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူ့မျက်နှာသည် သွေးဆုတ် ဖြူရော်သွားသည်။

ထိုအချိန်၌ ကြီးမားလှသည့် နတ်ဆိုး လက်ကြီး ဆန့်ထွက်လာကာ သူ့ကို ဆွဲကာ လေထဲသို့ မြှောက်မသည်။

ရှန်းနန်သည် လွတ်မြောက်ရန် ကြိုးစားသော်လည်း သူ မည်မျှရုန်းကန်နေပါစေ၊ အနည်းငယ်မျှပင် မလှုပ်နိုင်ပေ။

ရန်ဟောင်တစ်ပါး၏ မျိုးဆက်အနေနှင့်ပင် ထိုအချိန်၌ ဘာမှ အသုံးမဝင်တော့ဘဲ သေဆုံးခြင်း၌ ရုန်းကန်နေရသည်နှင့် တူပေသည်။

နတ်ဆိုးစွမ်းအားများ တိုးမြင့်လာပြီး စွမ်းအားပြည့်ဝသည့် လက်ကြီးသည် ကျယ်လောင်လှသည့် အသံနှင့်အတူ ရှန်းနန်ကို မြေပြင်သို့ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ရိုက်ချလိုက်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset