အပိုင်း(၁၂၀၃)

နတ္ထိဘုံတိုက်ပွဲ၏နောက်ဆက်တွဲ

သွေးနဂါးမြစ်သည် ချော်ရည်ပူစမ်းချောင်းကဲ့သို့ စီးဆင်းနေပြီး လောကကြီးကို အနီရောင်လွှမ်းနေသည်။

ကောင်းကင်မှ ကောင်းကင်ဘုံမှန်၏ အလင်းရောင် တောက်ပမှုသည် တိုက်ပွဲအတွက် နေရာကို မဟာလမ်းစဉ်၏ အလင်းဖြင့် ထွန်းလင်းနေစေသည်။

ထိုအခိုက်တွင် တိုက်ပွဲကွင်းပြင်တွင် လူသုံးဆယ်ကျော် ရောက်ရှိနေပြီ ဖြစ်၏။

အချုပ်အားဖြင့် ပြီးခဲ့သည့် အိပ်မောကျနဂါးပြိုင်ပွဲ ဆယ်ကြိမ်တွင် နိုးထနဂါးတံဆိပ် ရရှိခဲ့သူမှာ အယောက်သုံးဆယ်ကျော်ပြီး ပြိုင်ပွဲ တစ်ကြိမ်လျှင် ပျမ်းမျှ သုံးယောက်ခန့် ရှိလေသည်။

သို့သော်လည်း သူတို့ထဲမှ အများစုမှာ အဓိကမဟုတ်သောလူများ ဖြစ်၍ လူအများ၏ မျက်လုံးထဲတွင် သွေးနဂါးမြစ် တိုက်ပွဲ၌ အရည်အချင်းမီသူမှာ အနည်းငယ်သာ ရှိသည်။

“ရှင်းချိုးကရော သူ့အစ်ကိုလိုပဲလား။ သူကရော သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ ခွန်အားကိုသုံးပြီး ပြိုင်ပွဲကွင်းပြင်က တခြားလူတွေကို အနိုင်ယူနိုင်မှာလား။ သူ့အစ်ကို ရှင်းခိုင်နဲ့ ပခုံးချင်းယှဉ်ပြီး ဒေသနန်းတော်ကို ဝင်ရောက်ဖို့လေ” လူတိုင်းက တည်ငြိမ်စွာ စောင့်ကြည့်နေကြသည်။ သူတို့က ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းချိုးအပေါ်တွင် မျှော်လင့်ချက် မြင့်မားကြသည်။

အင်ပါယာရှန်းဘုံမှ မင်းသား ရှင်းနန်၊ ဥဒေါင်းအင်ပါယာမှ မျိုးဆက်များဖြစ်သည့် ခွန်ရွှမ်နှင့်ခွန်ကျန်း၊ သူမတူသည့် စွမ်းအားပိုင်ရှင် ယူချင်းတို့သည် ရှင်းချိုးကို ခြိမ်းခြောက်နိုင်ပါ့မလား။

သို့သော်လည်း ချန်ယဲ့မြို့မှ ယူချင်းနှင့် အခြားလူများသည် အင်ပါယာလီဘုံမှ လူများနှင့် ကျိန်းသေ ပဋိပက္ခများ ဖြစ်လိမ့်မည်။

ထို့အပြင် သူတို့သည်လည်း နှိုင်းယှဉ်နိုင်သော လူများဖြစ်ကြသည်။

“စတင်တော့” ကောင်းကင်ထက်မှ သွေးနဂါးစစ်တပ် ခေါင်းဆောင်က ပြောသည်။ သူက ပြိုင်ပွဲ စည်းကမ်းများကို ကြေညာပေးခြင်း မရှိပေ။

ပြိုင်ဘက်များကို သတ်ဖြတ်ခြင်းနှင့် ပြင်ပအကူအညီယူခြင်းမှ လွဲ၍ ပြိုင်ပွဲတွင် တားမြစ်ထားသည်များ မရှိပေ။

တိုက်ပွဲကွင်းပြင်၌ နောက်ဆုံး ကျန်ရစ်သူသည် အနိုင်ရရှိသူ ဖြစ်လိမ့်မည် ဖြစ်ကာ အခြားစည်းမျဉ်းများ မရှိဘဲ စိတ်ကြိုက် တိုက်ခိုက်နိုင်သည်။

သူတို့သည် တိုက်ပွဲ အဆုံးသတ်ကိုသာ ဂရုစိုက်ပေသည်။

သူတို့ကြားထဲမှ အသန်မာဆုံး တစ်ယောက်သည် သွေးနဂါးအင်ပါယာ၏ ဆုချီးမြှင့်ခြင်းကို ခံရမည် ဖြစ်ပြီး ဒေသနန်းတော်သို့ ကျင့်ကြံရန် ဝင်ရောက်ခွင့်ရမည် ဖြစ်သည်။

စွမ်းအားမားသည့် အရှိန်အဝါများသည် တိုက်ပွဲကွင်းပြင် တစ်ခုလုံးတွင် ထွက်ပေါ်လာသည်။ လူတိုင်းသည် မလှုပ်ရှားဘဲ ငြိမ်သက်စွာ ရပ်နေကြ၏။ သွေးနဂါးမြင်ပြင်မှ ထွက်လာသည့် လောင်ကျွမ်းနေသော လေထုနှင့် ကောင်းကင်မှ ဆင်းသက်လာသည့် မဟာလမ်းစဉ်၏ စွမ်းအားများသည် သူတို့ကို မွန်းကျပ်စေရန် ပြုလုပ်ကာ စွမ်းအားများကို ထုတ်လွှတ်၍ ခုခံကြရသည်။

ကျယ်လောင်သည့် အော်သံရှည်ကြီးနှင့် ကျားလို့ဖုန်းသည် လေထဲသို့ တက်လာသည်။ လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်တွင် သူ့ထံမှ ရွှေရောင်အလင်းများ တောက်ပနေသည်ကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ ရွှေရောင်နတ်ငှက်ကြီးအသွင် ပေါ်လာသည်။

ကျားလို့ဖုန်းသည် ကျားလို့တော်ဝင်မိသားစု၏ အစစ်အမှန်ခန္ဓာကိုယ် ရွှေရောင်ငှက်ကြီးအသွင် ဖြစ်လာသည်။

နတ်ငှက်ကြီး၏ အတောင်ပံများတွင် မဟာလမ်းစဉ်၏ အလင်းရောင်များ ဖြတ်သန်း စီးဆင်းနေသည်။ သူက သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မောက်မာစွာဖြင့် ယူချင်းနှင့် အခြားလူများကို သိမ်းကျုံးကြည့်သည်။

နတ္ထိဘုံတိုက်ပွဲတွင် သူက ရီဖူရှင်းထံ၌ ရှုံးနိမ့်ခဲ့သည်သာမက ရီဖူရှင်း၏ လွှမ်းမိုးမှုကိုပါ ခံခဲ့ရသည်။ သူက လုံးလုံးလျားလျား အရှက်ကွဲခဲ့၏။

သို့သော်လည်း သူသည် ကျားလို့တော်ဝင်မိသားစုမှ ဖြစ်သည်။

ဝှီး…

ရွှေရောင်လျှပ်စီးကြောင်းသည် လျင်မြန်လှသည့် အရှိန်ဖြင့် လေထဲကို ဖြတ်သန်း ထိုးဖောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မည်သည့်ဓားမျိုးထက်မဆို ထက်ရှသည့် ငှက်ကြီး၏ အမွေးအတောင်များက လေကိုဖြတ်၍ ယူချင်းဆီသို့ ပျံသန်းပြေးဝင်သွား၏။

ဘုန်း …

မဟူရာရွှေရောင်များ စီးဆင်းနေသော မီးတောက်မီးလျှံများ လွှမ်းခြုံထားသည့် ခြေလှမ်းက ရှေ့တစ်လှမ်းတိုးလာပြီး ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ရသည်။ လေတိုးသံနှင့်အတူ ယူချင်းသည် သူ့လက်ကို မြှောက်ကာ ကောင်းကင်သို့ ရိုက်ချသည်က ကျားလို့ဖုန်း၏ စွမ်းအားများကို အနည်းငယ် လှုပ်ခတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ အရိုင်းဆန်သည့် လက်သီးကြီးက လေထုကို ဆုတ်ဖြဲသွားကာ တဟုန်ထိုးလာနေသည့် အမွေးအတောင်များနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

ယူချင်း၏ လက်သီးနှင့် အမွေးအတောင်တို့ ထိခတ်မိသည့်အသံက နားစည်ကွဲမတတ် ကျယ်လောင်သည့် ဆူညံသံကြီးကို ထွက်ပေါ်လာစေသည်။ သို့သော်လည်း ၎င်းတို့ကို ဖျက်ဆီးမပစ်နိုင်ပေ။ အချို့သော အမွေးအတောင်များသည် မြေပြင်သို့ ပြုတ်ကျ ရိုက်ခတ်မိသွားသည်။ ကျားလို့ဖုန်းကို နောက်ဘက်သို့ ပျံသန်းဆုတ်ခွာ သွားရစေသည်။

“ဒီလိုကြီးမားတဲ့စွမ်းအား…..” လူတိုင်းသည် သူတို့၏ နှလုံးသားများ တုန်ယင်သွားသည်ကို ခံစားလိုက်ရသည်။ ချန်ယဲ့မြို့မှ ယူချင်းသည် နတ်ဘုရားခွန်အားများကို ပိုင်ဆိုင်ထားသလား ထင်မှတ်ရပေသည်။ သူသည် အနည်းဆုံး ရန်ဟောင်သွေးရှိသူများထက် နိမ့်ကျမည် မဟုတ်ဘဲ သူတို့ထက်ပင် သာလွန်နိုင်သည်။ သူက အင်ပါယာရှားဘုံ၏ အချို့သော စွမ်းအားကြီး ထိပ်သီးပုဂ္ဂိုလ်မှ ဆင်းသက်လာသည့် မျိုးဆက်များ ဖြစ်နေနိုင်လား။

“နင်က သူ့ပြိုင်ဘက်မဟုတ်ဘူး … ကျားလို့” အသံတစ်ခု ထွက်ပေါ်လာသည်။ ခွန်ရွှမ်သည် ရှေ့သို့ ထွက်လာပြီး သူ၏ ဥဒေါင်းငှက်မွေးများကို ဖြန့်ထုတ်လိုက်ပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ သူမထံမှ နတ်ဘုရားအလင်းရောင်များ တောက်ပနေသည်။ သူမ၏ အမွေးအတောင်များကို ဖြန့်လိုက်သည့်အခါ မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေပုံရကာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်နိုင်စွမ်း ရှိလေသည်။

သူမသည် ပုံမှန်အားဖြင့် ယူချင်းသည် မည်မျှ သန်မာ၍ အရည်အချင်း ရှိသည်ကို မြင်နိုင်သည်။ သူသည် စစ်သည်တော်တစ်ဦး ဖြစ်ရန် မွေးဖွားလာခြင်း ဖြစ်သည်။ အိပ်မောကျနဂါးပြိုင်ပွဲတွင် သူသည် ရှန့်ထိုသားရဲကို လွှင့်ပစ်သည်မှတစ်ဆင့် သူ၏ စွမ်းအားက အလွန်သန်မာသည်မှာ မငြင်းနိုင်ပေ။ သူသည် တိုက်ပွဲအတွင်း၌ အမှန်တကယ် ရူးသွပ်သော စစ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရ၏။

ကျားလို့ဖုန်း၏ တိုက်ခိုက်မှု စွမ်းရည်သည် ပြိုင်ဘက်ကင်းသော်လည်း သူသည် ယူချင်းကို အပြင်းအထန် ခုခံနေရ၏။

ခွန်ရွှမ်သည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ယူချင်း ရှိနေသည့် နေရာ၌ ဆင်းသက်သည်။ သူမ ကောင်းကင်မှ ဆင်းသက်လာသည့် အချိန်၌ သူမဆီမှ နတ်ဘုရားအလင်းများ တောက်ပနေသည်။

ထိုအချိန်၌ ယူချင်းကို ကိုးရောင်စဉ်အလင်းက ဖုံးလွှမ်းထားပြီး သူမ၏ လှပသော ပုံရိပ်လေးက မွန်းကျပ်လှအောင် ပို၍ လှပလာလေသည်။ ကံမကောင်းစွာနှင့် ယူချင်းသည် ထိုသို့ အရာမျိုးကို မခံစားတတ်ဘဲ သူ့အမြင်တွင်တော့ ဘာမှ ကွဲပြားသွားခြင်း မရှိပေ။ လူတိုင်းက အံ့သြလှစွာ စောင့်ကြည့်နေကြသည်။

ဥဒေါင်းအင်ပါယာဘုံမှ မင်းသမီးသည် ဥဒေါင်း၏ အလှအပကို အမှန်တကယ်ပင် ဆက်ခံထားရလေသည်။

သို့သော်လည်း ထို အလှအပများအောက်၌ ကြောက်မက်ဖွယ် ခြိမ်းခြောက်နိုင်သော အရှိန်အဝါများ ရှိနေသည်။ ကိုးရောင်စဉ်အလင်းက ကောင်းကင်ထက်မှ ကျဆင်းလာပြီး အလင်းတစ်ခုစီက ကြီးမားလှသည့် မဟာလမ်းစဉ်၏ စွမ်းအားများကို သယ်ဆောင်ထားသည်။ ထိုအလင်းများသည် ယူချင်းဆီသို့ ဦးတည်သွားကာ နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ရှာဖွေနေသည်။

လူတိုင်းသည် တုန်ယင်နေသည်။ ပထမဆုံးတိုက်ခိုက်မှုသည် ထိုမျှသန်မာသည့် ပြိုင်ဘက်များ အကြားမှ ဖြစ်သည်လား။

ဥဒေါင်းအင်ပါယာဘုံမှ ခွန်ရွှမ်နှင့် ယူချင်းတို့ နှစ်ယောက်လုံးသည် ယနေ့ကျင်းပသည့် သွေးနဂါးမြစ်ပြိုင်ပွဲမှ အဆင့်မြင့်မားသည့် တိုက်ပွဲဝင်အချို့ထဲမှ ဖြစ်ကြသည်။ အနည်းဆုံး သူတို့သည် ထိပ်ဆုံးဆယ်ယောက်တွင် ရှိပြီး ထိပ်ဆုံး ငါးယောက်အတွင်းကိုပင် ဝင်နိုင်လေသည်။

ဤသူနှစ်ဦး၏ ပြိုင်ပွဲ စတင်ပြီး မကြာခင်မှာပင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤသည်မှာ အမှန်တကယ်ကို ပြင်းထန်သည့် ပွဲဖြစ်လိမ့်မည်။

ယူချင်းသည် သူ့အပေါ်မှ မဟာလမ်းစဉ်၏ ဖိအားကို ခံစားနေရသည်။ ကိုးရောင်စဉ်အလင်းသည် သူ့ဆီသို့ အလင်းထက်မြန်သည့် အရှိန်ဖြင့် တည့်တည့် ပြေးဝင်လာပြီး ယင်းရောင်စဉ်များတွင် ဖိနှိပ်ခြင်း၊ ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်သည့် စွမ်းအားများကို သယ်ဆောင်ထားသည်။ နတ်ဆိုးစွမ်းအားများသည် ယင်းနှင့် ပေါင်းစပ်သွားပြီး အရာရာကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများကို ထုတ်ဖော်ပေးသည်။

သူသည် လေထဲသို့ ခြေလှမ်းလိုက်ပြီး မဟူရာရွှေရောင်အလင်းများက သူ့ကိုယ်ကို ဖုံးလွှမ်းစီးဆင်းနေသည်။ ရွှေရောင်အလင်းက သူ့ခန္ဓာတွင် ဖိတ်ဖိတ်တောက်နေပြီး သန့်စင်သည့် ချပ်ဝတ်အလွှာအဖြစ် ဖုံးအုပ်ထားလေသည်။

ယူချင်း၏ လက်သီးက ခွန်ရွှမ်ပေါ်သို့ ကျဆင်းလာသည်။ သူက ခြေလှမ်းလိုက်ပြီးနောက် နတ်ဘုရားအလင်းက သူ့ကို ရိုက်ခတ်လာပြီး ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သူ့ကို တုန်ခါသွားစေသည်။ ယင်းက သူ့ခန္ဓာပေါ်တွင် ပေါက်ကွဲထွက်လာပြီး သူ့ကို နောက်သို့ ဆုတ်သွားစေရန် ဖိအားပေးနိုင်သည်။

သို့သော်လည်း သူ၏ စွမ်းအားပြည့်ဝလှသည့် ခန္ဓာကိုယ်မှာ မဟာလမ်းစဉ်၏ စွမ်းအားများကို ခံနိုင်ရည်ရှိပေသည်။ သူ၏ ခြေလှမ်းတိုင်းက ရှေ့သို့ ဖြည်းဖြည်းချင်း နီးကပ်လာသည်။ မြေပြင်၏ တုန်ခါမှုနေပြီး ကြောက်မက်ဖွယ် ဖိအားများနှင့် မဟာလမ်းစဉ်၏ မိုးကြိုးစွမ်းအားများက သူ့အနီးတွင် ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ထိုအရာသည် ကောင်းကင်အောက် မြေကြီးထက် သူ့အနီးရှိ အရာအားလုံးကို ဖျက်ဆီးရန် ကြိုးပမ်းနေသည်။

ဘုန်း… ဘုန်း… ဘုန်း…

တောက်ပသည့် နတ်ဘုရားအလင်းသည် သူ့ကို အရိုင်းဆန်စွာ အဆုံးမရှိ အပြင်းအထန် ဆန့်ကျင် ရိုက်ခတ်နေသည်။ ရိုက်ချက်တစ်ခုစီတိုင်းက ကြည့်နေသူများကို တုန်ယင်သွားအောင် ပြုလုပ်နိုင်သည်။

အလွန်ပင် ကြမ်းတမ်းလှ၏။ ဤတိုက်ခိုက်မှုမျိုးသည်ပင် သူ၏ အသားကို မထိုးဖောက်နိုင်ဘဲ ရှိနေသည်။ တိုက်ပွဲကွင်းပြင်ရှိ မည်သူကမှ ယူချင်းကဲ့သို့ ခွန်ရွှမ်၏ ကိုးရောင်စဉ်အလင်းနှင့် တိုက်ခိုက်မှုကို သူတို့၏ ကိုယ်ခန္ဓာသက်သက်ဖြင့် တောင်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သူ့ရဲ့ ခန္ဓာကိုယ်က ဘာလို ဒီလောက်တောင် သန်မာရတာလဲ… 

သူ့တွင် ဤ နတ်ဆိုးအရှိန်အဝါနှင့် အမှောင်စွမ်းအား ရှိသောကြောင့် မိစ္ဆာပညာရပ်ကို လေ့ကျင့်ပြီး ခန္ဓာကိုယ် သန်မာလာအောင် ပြုလုပ်ထားသည်များလား။

ခွန်ရွှမ်သည်လည်း အတွင်းစိတ်ထဲ၌ တုန်လှုပ်နေလေသည်။ သူမက သူ့ကို သူမ၏ လှပသော မျက်လုံးများနှင့် စိုက်ကြည့်လိုက်ပြီး သူမ၏ ဆံနွယ်များကတော့ လေထဲတွင် ဝဲလွင့်နေသည်။ သူမသည် သူ၏ တိုက်ခိုက်မှုမှာ ဤအဆင့်၏ အမြင့်ဆုံးအကန့်အသတ်အထိ တိုက်ခိုက်ခဲ့ကြောင်း ယုံကြည်မှုရှိသော်လည်း သည်တိုက်ခိုက်မှုပင် ယူချင်း၏ အသားကို ထိုးဖောက်နိုင်စွမ်း မရှိပေ။

ဘုန်း…

သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းသည်။ ယူချင်းသည် ခြေတစ်လှမ်းပြီး တစ်လှမ်း ဆက်လက်၍ လှမ်းလာနေပြီး သူမအနားသို့ နီးကပ်လာသည်။

သူက မဟာလမ်းစဉ်နှင့် လိုက်ဖက်ညီနေပြီး ကောင်းကင်ထက်တွင် ရပ်နေသည့် သူမကို မွန်းကျပ်စေသည့် ခံစားမှုမျိုးပေးသည်။ သူမ၏ ခန္ဓာကိုယ်က လေးလံလာသကဲ့သို့ ခံစားရပေသည်။

နောက်ဆုံးတွင် ယူချင်းသည် ခြေလှမ်းကျဲကျဲ လှမ်းလိုက်ကာ လေထုကို ဖြတ်သန်းလာသည်။ သူသည် ခဏအတွင်းပင် သူမရှေ့သို့ ရောက်ရှိလာသည်။ ခွန်ရွှမ်သည်လည်း လှုပ်ရှားသည်။ ကိုးရောင်စဉ်အလင်းသည် သူမ၏ လက်မောင်းသွယ်သွယ်လေးကို ဖုံးလွှမ်းသွားပြီး လက်သီးဆုပ်သည်။ သူမ၏လက်က ကိုးရောင်စဉ်အလင်း၏ ရစ်ပတ်ခြင်းကို ခံထားရပြီး မဟာလမ်းစဉ်၏ အလင်းများ စီးဆင်းနေသည်။

သူမ၏ ပုံရိပ်သည် လျှပ်စီးအလင်းတန်းကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းကာ ယူချင်းရှေ့သို့ ဆင်းသက်လာသည်။ သူမက သူ့ကို သူမ၏ လက်သီးဖြင့် တစ်ချိန်တည်း ထိုးလိုက်ပြီး ကိုးရောင်စဉ်အလင်းများက သူ့ဆီသို့ အဆက်မပြတ် ကျရောက်လာသည်။ သူမသည် အနီးကပ်တိုက်ခိုက်မှု စွမ်းရည်တွင်လည်း ပြိုင်ဘက်ကင်းလေသည်။

ခဏအတွင်းမှာပင် ကိုးရောင်စဉ်အလင်းနှင့် လိုက်ဖက်သည့် မရေတွက်နိုင်သည့် လက်သီးရိပ်များ ထွက်ပေါ်လာသည်။ ကိုးရောင်စဉ်အလင်းတိုင်းက လက်သီးအဖြစ် ပြောင်းလဲသွားပုံပေါ်သည်။

ယူချင်းက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့လက်သီးကို လေထဲသို့ ပစ်သွင်းလိုက်ကာ ထိုလက်သီးရိပ်များကို ရိုက်ချသည်။ တစ်ခဏချင်းပင် ကျယ်လောင်သည့် မြည်ဟည်းသံက ကောင်းကင်ယံကို ထွင်းဖောက်သွားသည်။ လေထုက တုန်ခါနေပြီး သူက ခွန်ရွှမ်နှင့် မျက်နှာချင်းဆိုင် ဦးတည်သည်။

ထိုအချိန်၌ ယူချင်းသည် သူ့လက်ကို နောက်သို့ ပြန်ဆုတ်လိုက်ပြီး များပြားလှသည့် ပုံရိပ်ယောင်များ ပေါ်ထွက်လာသည်။ နောက်ဆုံး၌ လက်သီးက လေထုကို ဖြတ်သန်း၍ ခွန်ရွှမ်၏ လက်သီးနှင့် တိုက်မိခဲ့သည်။ ခဏချင်းပင် များလှသည့် လက်သီးအသိများက ထိပ်တိုက်ထိမိကာ ကိုးရောင်စဉ် အလင်းများက အပြင်းအထန် အပိုင်းအစများအဖြစ် ကွဲထွက်သွားသည်။ ခွန်ရွှမ်သည်လည်း နောက်သို့ လွင့်ပျံသွားရ၏။

“ခွန်ရွှမ်က နောက်ဆုတ်သွားအောင် အရိုက်ခံလိုက်ရတာလား”

လူတိုင်း၏ နှလုံးသားများက ခုန်ပေါက်နေသည်။ လွန်ခဲ့သည့် နှစ်လက စွမ်းအားကြီးမားလှသည့် ဥဒေါင်းမင်းသမီးသည် နိုးထနဂါးတိုက်ပွဲစင်မြင့်၌ လူတိုင်းကို အနိုင်ယူနိုင်ခဲ့ကာ ပြိုင်ဘက်ကင်းအဖြစ် တောက်ပခဲ့သည်။

သို့သော်လည်း သွေးနဂါးမြစ် တိုက်ပွဲ၌ သူမသည် နောက်ဆုတ်သွားရန် အရိုက်ခံခဲ့ရသည်။

သွေးနဂါးမြစ်တိုက်ပွဲကို ထိပ်သီးပုဂ္ဂိုလ်များ၏ တိုက်ပွဲဟု ခေါ်ခြင်းမှာ အမှန်ပင် ထိုက်တန်လေသည်။

ယူချင်းက သူ၏ တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ သူသည် ထိုမိန်းမကို အလွယ်လေး အနိုင်ရမည်ဟု မယုံကြည်သောကြောင့် ရှေ့သို့ ထပ်၍ လှမ်းလာပြန်သည်။ ထွက်ပေါ်လာသည့် မဟာလမ်းစဉ်က လေထဲမှ သူ့ခြေလှမ်းများတွင် ရစ်ပတ်နေပြီး သူ့အနီးဝန်းကျင်သည် ဖိနှိပ်ခံထားရ၏။

သူသည် လက်သီးကို ထုတ်ဖော်လိုက်ပြီး ရှေ့သို့ ဆက်သွားနေကာ လက်သီးအသိများက တစ်ခုထက် တစ်ခုပို၍ သန်မာလာကာ သူ၏ လွှမ်းမိုးနိုင်စွမ်းက တိုးမြင့်လာသည်။

သူ၏ လက်သီးမှာ ဟွမ်ထန်းလက်သီးအားဖြစ်ပြီး ထိုအတွင်း၌ သူ၏ သဘာဝစွမ်းအားများနှင့် နတ်ဆိုးသိုင်းပညာ၏ စွမ်းအားများကို ပေါင်းစပ် ထည့်သွင်းထားသည်။

“သတိထား” ခွန်ကျန်းက ခွန်ရွှမ်ရှေ့သို့ ပြေးဝင်လာကာ အော်သည်။ ကျားလို့ဖုန်းသည်လည်း တစ်ချိန်တည်းမှာပင် လှုပ်ရှားလိုက်ကာ နှစ်ယောက်လုံး ယူချင်းကို တိုက်ခိုက်သည်။ သူတို့၏ တောက်ပနေသော စွမ်းအားများက ယူချင်းအပေါ်သို့ တပြိုင်တည်း ကျရောက်လာသည်။

ယူချင်းသည် လေထဲသို့ ခြေလှမ်းလိုက်ကာ လက်သီးကို ထုတ်ဖော်သည်။ ယင်းလက်သီးသည် ကောင်းကင်ကို ထွင်းဖောက်၍ သူ၏ လမ်းကြောင်းမှ အရာရာကို ဖျက်ဆီးပစ်ရန် အသင့် ဖြစ်နေပေသည်။

ခွန်ရွှမ်သည် သူမ၏ ကိုးရောင်စဉ်အလင်း လက်သီးဖြင့် ကာကွယ်လိုက်သော်လည်း သူမ၏ အကာအကွယ်မှာ ထိုးဖောက်ခံလိုက်ရကာ နောက်သို့ တစ်ဖန်လွင့်စဉ်သွားပြန်သည်။ သူမ၏ ပါးစပ်မှ သွေးစတို့ ယိုစီးလာ၏။

သို့သော်လည်း သူမသည် သွေးတို့ကို သုတ်ပစ်လိုက်ပြီး လေထဲသို့ ပျံသန်းသည်။ သူမ၏ ဥဒေါင်းတောင်ပံများကို တစ်ကြိမ်ထပ်၍ ဖွင့်လှစ်လိုက်ပြီး မြင်ရသည်မှာ ယခင်တစ်ခေါက်ထက်ပို၍ လှပပေသည်။ ဧကရာဇ်အလင်းက ၎င်းတို့အပေါ်တွင် စီးဆင်းနေပြီး မနှိုင်းယှဉ်သာသည့် တောက်ပမှုတို့ ထုတ်လွှတ်နေသည်။ မဟာလမ်းစဉ်က သူမနှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။

ခွန်ကျန်းသည်လည်း သူ၏ စွမ်းအားပြည့်ဝသည့် အရှိန်အဝါကို ထုတ်လွှတ်သည်။ သူနှင့် ခွန်ရွှမ်သည် ယူချင်းကို စိုက်ကြည့်နေကြသည်။

ဤချန်ယဲ့မြို့မှ ယူချင်း၏ တိုက်ပွဲစွမ်းရည်သည် သူတို့ တွေးထင်ထားသည်ထက် သာလွန်လှပေသည်။

ရွှေရောင်ငှက်ကြီးမှ အလင်းများက တောက်ပနေသည်။ ကျားလို့ဖုန်းသည်လည်း တိုက်ပွဲတွင် ပြန်လည်ပါဝင်ရန် အသင့်ဖြစ်နေလေပြီ။

ဥဒေါင်းအင်ပါယာဘုံမှ ထိပ်တန်းတန်ခိုးရှင် သုံးယောက်သည် စုပေါင်းကာ ယူချင်းကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

ထိုအချိန်တွင် အခြားတစ်ဖက်၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

တစ်နေရာတွင် အင်ပါယာလီဘုံမှ ထိပ်တန်းတန်ခိုးရှင် သုံးဦးဖြစ်သော တိဟောက်၊ ဒွန်ချန်းနှင့် အပြစ်ခုနစ်ပါးသည် အင်ပါယာရှားဘုံမှ လူသုံးယောက်ဆီသို့ လျှောက်လာနေသည်။

သူတို့မှာ ရီဝူချင်း၊ ဟောင်ကျူဂီနှင့် ကျန်ကျောင်းတို့ ဖြစ်သည်။

ဒေါင် …

ခေါင်းလောင်းသံကို ကြားလိုက်ရသည့် လူတိုင်း၏ ဝိညာဉ်အသိများမှာ တုန်ခါသွားပေသည်။ ဝိညာဉ်သုံးခု ဖြစ်သည့် ခေါင်းလောင်း၊ ဆေးပေါင်းဖိုနှင့် ဓားတို့မှာ သူ့အနောက်တွင် ထွက်ပေါ်လာသည်။

ရှည်လျားပြီး လက်တံများစွာ ပါဝင်သည့် ဗာဂျရာခန္ဓာကိုယ်က  ဒွန်ချန်း၏ အနောက်၌ ထွက်ပေါ်လာသည်။ ယင်းတွင် မဖြတ်ကျော်နိုင်သည့် နတ်ဘုရားအလင်း မန္တန်က လွှမ်းခြုံထားသည်။

အပြစ်ခုနစ်ပါး၏ ခန္ဓာကိုယ်တွင် ဓားအသိများ ရစ်ပတ်ကာ ထက်မြက်စွာ ထွက်ပေါ်လာပြီး ကျားယဲ့ဓားများအသွင် ဖြစ်ပေါ်လာသည်။

ရီဝူချင်းက တိဟောက်နှင့် ရင်ဆိုင်၍ ဟောင်ကျူဂီက ဒွန်ချန်းနှင့် ရင်ဆိုင်ကာ ကျန်ကျောင်းသည် အပြစ်ခုနစ်ပါးနှင့် ရင်ဆိုင်ခဲ့သည်။ သူ၏ အနီးတွင်လည်း ကျားယဲ့ဓားအသွင်များ ဖြစ်ပေါ်လာနေသည်။

ထိုသည်မှာ အပြစ်ခုနစ်ပါးကို အလွန် ဒေါသထွက်စေသည်။

သွေးနဂါးမြစ်ကမ်းပါးမှ ကြည့်နေသည့် လီယောင်နှင့် အခြားလူများ၏ အကြည့်ကလည်း ပို၍ မှောင်မိုက်လာသည်။

သူက ကိုယ်တိုင်ပင် ရီဖူရှင်းကို ကျားယဲ့ဓားကျမ်းအား ပေးအပ်ခဲ့သည်။ ယခုသူသည် ဓားကျမ်းကို အင်ပါယာရှားဘုံသို့ ယူဆောင်သွားပြီး အခြားလူများကိုပင် သင်ကြားပေးခဲ့ဟန် တူသည်။

ကျန်ကျောင်းသည်ပင် ကျားယဲ့ဓားအသွင် မည်သို့ယူရမည်အား သင်ယူခဲ့ပြီးပြီ ဖြစ်၏။

ရီဖူရှင်းသည် လီယောင် မည်သို့ ခံစားရမည်အား တွေးမနေပေ။ သူသည် တိုက်ပွဲကွင်းပြင်ကိုသာ ကြည့်နေ၏။ မြင်ရသည်မှာ နတ္ထိဘုံတိုက်ပွဲကို ဆက်လက် တိုက်ခိုက်နေရသည်နှင့် အမှန်ပင် တူလှပေသည်။

နောက်ထပ် ဘုံသုံးဘုံကြားမှ တိုက်ပွဲတစ်ခု ဖြစ်ကာ အင်ပါယာရှားဘုံသည် ကျန်သည့် ဘုံနှစ်ခုနှင့် ရင်ဆိုင်ရပေသည်။

ဤပြိုင်ပွဲမှာ ရီဝူချင်း၊ ကျူဂီနှင့် ကျန်ကျောင်းအတွက် အရေးကြီးသည့် စမ်းသပ်ချက်ဖြစ်သည်။ သူတို့အပေါ်၌ ဖိအားမှာ ကြီးမားလှသည်။

သို့သော်လည်း သွေးနဂါးမြစ်တိုက်ပွဲ၌ သတ်ဖြတ်ခြင်း မပြုလုပ်ရသည့်အတွက် သူက စိတ်မပူပေ။ နိုင်နိုင် ရှုံးရှုံး သူတို့၏ စိတ်အခြေအနေကို စမ်းသပ်နိုင်မည်ဖြစ်ကာ အောက်ဘုံမှ အဆင့်ဆင့် တက်ရောက်လာခဲ့သည့် ယူချင်းနှင့် အခြားလူများမှာ ဤ စမ်းသပ်ချက်ကို ခံနိုင်ရည်ရှိမည်ဟု သူ ယုံကြည်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset