သွေးနဂါးမြစ် အခြားတစ်ဖက်၌ လူများစွာ စုဝေးနေကြသည်။
သွေးနဂါးဘုံမှ တန်ခိုးရှင်များ အားလုံးက ထိပ်တန်း တိုက်ခိုက်ရေးသမားများ၏ တိုက်ပွဲကို မျက်မြင်တွေ့ရရန် လာရောက်ကြလေသည်။
သွေးနဂါးဘုံမှ အတော်ဆုံး တန်ခိုးရှင်များမှာ အိပ်မောကျနဂါး ပြိုင်ပွဲတိုင်းသို့ အမြဲလာရောက်ကြပြီး သူတို့ထဲမှ တချို့သာလျှင် နိုးထနဂါးတံဆိပ်ကို ရရှိကြသည်။
သို့သော်လည်း ယနေ့မှာတော့ အသန်မာဆုံးများ အားလုံးထဲမှ တံဆိပ်ကို လက်ခံရရှိခဲ့သည့် တန်ခိုးရှင်ဆယ်ယောက်ကို ရွေးချယ်စေလွှတ်ခဲ့သည်။ ဤသည်က ထူးခြားလှသည့် ပြိုင်ပွဲ ဖြစ်မည်မှာ သေချာပေသည်။
ဤပွဲစဉ်တွင် သေဆုံးသူ ရှိမည် မဟုတ်သကဲ့သို့ လောင်းကြေးလည်း မထပ်နိုင်ကြသော်လည်း အိပ်မောကျနဂါး ပြိုင်ပွဲထက်ပို၍ လူအများ၏ အာရုံကို ဖမ်းစားထားနိုင်ဆဲဖြစ်သည်။
လူတိုင်းက ရှေ့တည့်တည့်ကို ကြည့်နေကြသည်။ ဒေသနန်းတော်က ထိုနေရာတွင် ရှိနေ၏။ ထိုနေရာသည် မရေတွက်နိုင်သည့် တန်ခိုးရှင်များ မျှော်လင့်တောင့်တနေရသည့် နေရာဖြစ်သည်။
ဒေသနန်းတော်သည် တိမ်တိုက်နီနီများနှင့် ဖုံးလွှမ်းထားပြီး ကောင်းကင်တွင် သွေးရောင် လွှမ်းနေသကဲ့သို့ ဖြစ်သည်။ ထိုနေရာသို့ သွားရောက်လိုခြင်းမှာ လူတိုင်း၏ အိပ်မက်ဖြစ်ပေသည်။
သူတို့ မည်သို့သော နောက်ခံဖြင့်ဖြစ်စေ ဒေသနန်းတော်မှ သူတို့ကို ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်စေရန် လုပ်ဆောင်ပေး နိုင်သည်။ ထို့ကြောင့်ပင် သူတို့သည် တိုက်ပွဲကို စိတ်ဝင်စားကြပုံပေါ်သည်။
တိုက်ပွဲ ပြီးသွားသည့်နောက်တွင် အခြားတစ်ယောက်သည် ဒေသနန်းတော်သို့ ဝင်ရောက်ကာ သူတို့နှင့်အတူတူ ကျင့်ကြံလိမ့်မည်။
ထိုအချိန်၌ လူတစ်စု လမ်းလျှောက် လာကြသည်။ ရုတ်တရက် ဆူဆူညံညံဖြစ်လာပြီး လူတိုင်း၏ အကြည့်များက ထိုဘက်သို့ ရောက်ရှိသွားသည်။ အင်အားကြီးမားသည့် ပုဂ္ဂိုလ်များ သွေးနဂါးမြစ်ဆီသို့ လျှောက်လာနေသည်ကို သူတို့ မြင်လိုက်ရသည်။
ရှန်းမြို့မှ တန်ခိုးရှင်များ ရောက်လာကြပြီဟု သူတို့ တွေးလိုက်ကြသည်။
ရှန်းမြို့သည် သွေးနဂါးမြို့တော်အနီးရှိ အကောင်းဆုံး မြို့များကြားမှ တစ်မြို့ဖြစ်သည်။
ချန်ယဲ့မြို့နှင့် ဥဒေါင်းမြို့ကဲ့သို့ပင် ရှန်းမြို့သည်လည်း ရန်ဟောင်တစ်ပါးမှ သွေးနဂါးဘုံတွင် တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းမြို့၏ သမိုင်းကြောင်းမှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
အင်ပါယာရှန်းဘုံသည် သွေးနဂါးဘုံနှင့် လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာကပင် သဘောတူညီချက်များ ပြုလုပ်ခဲ့သည်။ ယခုတွင် သူတို့၏ အင်အားစုများကို သွေးနဂါးဘုံသို့ စေလွှတ်လာခဲ့သည်။ သူတို့သည် အလွန်အင်အားကြီး၏။
အင်ပါယာရှန်းသည် သူ၏ မျိုးဆက်များကို လေ့ကျင့်နိုင်ရန် သွေးနဂါးဘုံသို့ အမြဲ စေလွှတ်လေ့ရှိသည်။ သည်တစ်ခေါက် ဒေသနန်းတော် နေရာအတွက် ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် ရှန်းမြို့မှ လာခဲ့သူမှာ အင်ပါယာရှန်း၏ သားတော် ရှန်းနန် ဖြစ်သည်။
ရှန်းနန်တွင် ထူးကဲသာလွန်သည့် ပါရမီနှင့် ကောင်းမွန်သည့် တိုက်ပွဲစွမ်းရည် ရှိသည်။ သူပါဝင်ခဲ့သည့် အိပ်မောကျနဂါးပြိုင်ပွဲတွင် သူ၏ ပြိုင်ဘက်ကင်း စွမ်းအားကို အသုံးပြု၍ အခြားတန်ခိုးရှင်များကို အလဲသိပ်နိုင်ခဲ့သည်။ သူက ပြိုင်ပွဲတွင် ဦးဆောင်နိုင်ခဲ့ပြီး အိပ်မောကျနေသော နဂါးအဖြစ်မှ ကောင်းကင်သို့ ပျံသန်းထွက်ခွာနိုင်ခဲ့ပြီး ရှန်းနန်သည် နိုးထနဂါးဟူသော ခေါင်းစဉ်ကို ရရှိခဲ့သည်။
လူတိုင်းက သူ့ကို မြင့်မားသော သုံးသပ်ချက်များ ရှိသည်။ သူသည် သန့်စင်ပြီး ပညာတတ်ဆန်ကာ ရည်မွန်သည့် အသွင်ရှိပြီး အိပ်မောကျနဂါးပြိုင်ပွဲမှ သူ၏ ရက်စက်ကြမ်းကြုတ်၍ အရိုင်းဆန်သော တိုက်ခိုက်ရေးဝိညာဉ် အသွင်သဏ္ဌာန်မှာ တစ်စွန်းတစ်စပင် မသိသာပေ။
ရှန်းနန်၏ မျက်နှာအသွင်ကို ကြည့်၍ လျှော့တွက်ခဲ့လျှင် ဆိုးဆိုးဝါးဝါး သေပွဲဝင်ရပေလိမ့်မည်။
ဤပြိုင်ပွဲ၏ အနိုင်ရရှိမည့် လက်ရွေးစင်များတွင် ရှန်းနန် ပါဝင်မည်မှာ သံသယဖြစ်ရန် မလိုပေ။ ယူချင်း ပေါ်ထွက်မလာခင်က သူက ထိပ်တန်း သုံးယောက်အတွင်းတွင် ရှိနေခဲ့သည်။
သို့သော်လည်း ယခုတွင် လူတိုင်းက သူ့ကို အလွန်မြင့်သော အဆင့်ကို အရမ်းကာရော မတွေးထားရဲချေ။ ယင်းမှာ ရှန်းနန်၏ စွမ်းအားက နိမ့်ကျ၍ မဟုတ်ဘဲ အခြားလူများ၏ စွမ်းအားများမှာလည်း သူ့ထက် မနိမ့်ကျနိုင်သောကြောင့် ဖြစ်၏။
ရှန်းနန်သည် ရှေ့သို့ လှမ်းလာခဲ့ပြီးလူတိုင်းက မသိမသာ လမ်းဖယ်ပေးလိုက်ကြကာ သူ သွေးနဂါးမြစ်၏ ရေပြင်ဆီသို့ ကြည့်ကာ လျှောက်လာနေခြင်းကို ခွင့်ပြုပေးလိုက်ကြသည်။
“ကြည့်ရတာ ကျုပ်တို့ ရောက်လာတာ စောလွန်းသွားတယ် ထင်တယ်” ရှန်းနန်က နွေးထွေးသည့် အပြုံးတစ်ခုနှင့်အတူ ပြော၏။ သူက သူ၏ အရှေ့မှ ဒေသနန်းတော်ကို ကြည့်သည်။ သူ၏ မျက်လုံးများက ထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။
ယနေ့တွင် သွေးနဂါးမြို့တော်နှင့် အနီးရှိမြို့များကြားမှ စကားဝိုင်းသည် အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံကြားမှ ပဋိပက္ခအပြင် လီမြို့နှင့် ချန်ယဲ့မြို့ ကြားမှ ပဋိပက္ခများအကြောင်း ဖြစ်ကြသည်။
ထိုပဋိပက္ခများကို ဒေသနန်းတော်ရှိ ပြိုင်ပွဲသို့ပါ ယူဆောင်လာကြပုံပေါ်၏။
ဤပြိုင်ပွဲက သူတို့၏ စစ်ပွဲကွင်းပြင် ဖြစ်မည် ထင်ရသည်။
မည်မျှ ရယ်စရာ ကောင်းလိုက်သနည်း။
သူက လွန်ခဲ့သည့် ရက်အနည်းငယ်က ကျင်းပခဲ့သည့် ပြိုင်ပွဲကို သွားကြည့်ခဲ့သည်။ တိဟောက်နှင့် ဒွန်ချန်းမှာ အလွန်သန်မာပြီး အင်အား ကောင်းသော်လည်း သူတို့က သူ့ကို ရိုက်နှက်နိုင်မှာတဲ့လား။
တစ်ယောက်ယောက်က ထိုစကားကို ပါးစပ်မှ ထုတ်ပြောဝံ့လျှင် သူက သူတို့ကို အရူးဟု ခေါ်လိုက်ပေမည်။
ဒေသနန်းတော် ပြိုင်ပွဲမတိုင်ခင်၌ သူ့အတွက် ယှဉ်ပြိုင်ဘက်မှာ ရှေးဟောင်း တော်ဝင်မြို့တော်မှ တစ်ယောက်သာ ရှိသည်။
နောက်ထပ် ဆူညံသံများ ထွက်ပေါ်လာပြီး အခြားတန်ခိုးရှင်များ စတင် ရောက်ရှိလာသည်။
ဥဒေါင်းအင်ပါယာဘုံမှ တန်ခိုးရှင်များကို ခွန်ရွှမ်နှင့် ခွန်ကျန်းမှ ဦးဆောင်ကာ ရောက်ရှိလာပြီး သွေးနဂါးမြစ်ကမ်းဘေးသို့ လာခဲ့ကြသည်။
ဤပြိုင်ပွဲ၌ ခွန်ရွှမ်နှင့် ခွန်ကျန်းက သန်မာလျှင်ပင် အနိုင်ရရှိဖို့ရန် သိပ်မသေချာပေ။ သူတို့ ပြောနိုင်သည်က သူတို့အနိုင်ရရှိဖို့ရန် အစွမ်းကုန် ကြိုးစားရလိမ့်မည်။
မင်းသားသုံး ဦးဆောင်သည့် တာလီပြည်ထောင်မှ လူများလည်း ရောက်ရှိလာသည်။ တိဟောက်၊ ဒွန်ချန်းနှင့် အပြစ်ခုနစ်ပါးလည်း အကုန် ရောက်ရှိလာ၏။
လီယောင်က သူ့ မျက်လုံးများကို ဝေ့ဝဲကာ ရှာဖွေသည်။ ကြည့်ရသည်မှာ တစ်ယောက်ယောက်ကို ရှာဖွေနေပုံရ၏။
တစ်ခဏအကြာ၌ လီယောင်က ကောင်းကင်ကို ကြည့်သည်။ ထိုနေရာမှ လူတစ်စု ဆင်းသက်လာသည်ကို သူ မြင်လိုက်ရသည်။ ရုတ်တရက် လူအများက သူတို့အတွက် နေရာပြုလုပ်ပေးလိုက်ကာ သူတို့ ရောက်လာသည်ကို ကြည့်နေကြသည်။
ယူချင်း ရောက်ရှိလာချေပြီ။
ယခင်က သူ့အမည်နာမကို မည်သူမှ မသိခဲ့သော်လည်း အိပ်မောကျနဂါးပြိုင်ပွဲ အပြီး၌ သူ့နာမည်သည် နေရာအနှံ့ကို တုန်လှုပ်စေနိုင်ခဲ့သည်။
အင်ပါယာရှားဘုံမှ ယူချင်းသည် ပြိုင်ဘက်ကင်း အရည်အချင်းကို ပိုင်ဆိုင်ထားလေသည်။ သူသည် အိပ်မောကျနဂါးပြိုင်ပွဲ၌ အခြားတန်ခိုးရှင်များ အားလုံးကို ရှင်းထုတ်ပစ်နိုင်ခဲ့သည်။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများနှင့် ရှန့်ထိုသားရဲ သွေးနဂါးကြီးကိုပင် လွှင့်ပစ်နိုင်ခဲ့သည်။ ယင်းမှာ စစ်မှန်သော တိုက်ခိုက်မှုစွမ်းအားကို ဖော်ထုတ်ပြသနိုင်ခဲ့ခြင်း ဖြစ်၏။
ထိုသို့ မကောင်းဆိုးဝါးဆန်ဆန် လူသည် ဤပြိုင်ပွဲတွင်လည်း ကျိန်းသေ ထွက်ပေါ်လာဦးမည် ဖြစ်သည်။
ရီဖူရှင်းလည်း ရောက်လာပြီး လီယောင်ထံသို့ ဖျတ်ခနဲ လှမ်းကြည့်သည်။ ယူချင်းကို တားဖို့အတွက် သူက တိဟောက်နဲ့ ဒွန်ချန်းကို သုံးပြီး ကြိုးစားကြည့်လို နေသည်လား။
ဤသည်က ဖြစ်ရော ဖြစ်နိုင်ရဲ့လား။
တိဟောက်နှင့် ဒွန်ချန်းက သန်မာသည်မှန်သော်လည်း သူတို့သည် ယူချင်း၏ လက်ရှိစွမ်းအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ရှေးဟောင်း တော်ဝင်မြို့တော်က တန်ခိုးရှင်တွေ ရောက်လာပြီ”
ထိုအချိန်တွင် လူအုပ်ဆီမှ ဆူညံဆူညံအသံများ ထွက်ပေါ်လာသည်။ လူတိုင်းသည် အဝေးကို ကြည့်လိုက်ကြသည်။ လာနေသည့် လူများအပေါ်၌ သူတို့၏ အာရုံစိုက်မှုသည် မင်းသားရှန်းနန် ရောက်လာစဉ်ကထက် ပိုမိုသော လေးစားမှု ရှိလေသည်။
ထိုမြို့အမည်ကို ကြားသည့်အခါ ရီဖူရှင်းသည်လည်း အဝေးကို ကြည့်လိုက်ပြီး လာနေသည့် လူတစ်စုကို မြင်လိုက်ရသည်။
အရှေ့ဆုံးမှ လူငယ်သည် သူ့ထက်ပင် ငယ်ရွယ်ပုံ ရလေသည်။ သူ၏ ရွှေရောင်ဝတ်စုံသည် လင်းလက်တောက်ပနေပြီး အလွန် မျက်စိကျိန်းဖွယ်ကောင်း၍ လှပပေသည်။
ထိုသူသည် ရှေးဟောင်း တော်ဝင်မြို့တော်မှ ရှင်းချိုး ဖြစ်သည်။
ရှေးဟောင်းတော်ဝင်မြို့တော်က ရီဖူရှင်း၏ အာရုံစိုက်မိသည့် အကြောင်းပြချက်မှာ နာမည်တွင် ‘တော်ဝင်’ ဟူသော စကားလုံးပါဝင်၍ အလွန်ပင် ထင်ရှား ကျော်ကြားသောကြောင့် ဖြစ်လေသည်။
မြို့၏ အုပ်ချုပ်သူမှာ အင်ပါယာ မဟုတ်သကဲ့သို့ အခြား ရန်ဟောင်တစ်ပါးမှ တည်ထောင်ထားခြင်းပင် မဟုတ်ခဲ့ပေ။ သို့သော်လည်း အမည်၌ ‘တော်ဝင်’ ဟူသော စကားလုံးက ပါရှိနေသေးသည်။ မည်မျှ စိတ်ကြီးဝင်သော သဘောဆောင်နေသနည်း။
ရှေးဟောင်း တော်ဝင်မြို့တော်က ထင်ရှားကျော်ကြားရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးကြောင့် ဖြစ်သည်။ ထိုအင်အားက မြို့ကို အုပ်စိုးပြီး မည်သူကမှ အတွန့်မတက်ဝံ့ကြပေ။
ရှေးဟောင်း တော်ဝင်မြို့တော်၏ အုပ်ချုပ်သူသည် ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် သူ့ကိုယ်သူ ‘နဝမအစေခံ’ ဟု ခေါ်၍ နာမည်ကို ကြည့်လျှင် နိမ့်ကျသောသူနှင့် တူပေသည်။
သို့သော် အမှန်မှာတော့ နဝမအစေခံကို သွေးနဂါးဘုံရှိ မြို့တော်အရှင်များကြားတွင် အင်အားအကြီးမားဆုံး အကျော်ဇေယျတစ်ဦးအဖြစ် ရှုမြင်ကြလေသည်။
အချို့က ပြောကြသည်မှာ သူသည် ရှန့်ထိုအဆင့်အထွတ်အထိပ် ဖြစ်ပြီး ရန်ဟောင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည် ဟူ၍ ဖြစ်သည်။
သို့ပေမဲ့ နဝမအစေခံသည် ရန်ဟောင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းအကွာတွင် ရှိနေသေးသည်။
ထိုမျှ ကျော်ကြားလှသည့် ဂုဏ်သတင်းအရ သူသည် အလွန်သန်မာမည်မှာ သံသယဝင်ရန် မလိုအပ်ပေ။
ကောလာဟလများအရ နဝမအစေခံသည် အင်ပါယာကျန့်ဘုံမှ အင်ပါယာကျန့်ကို ခစားရသူဖြစ်သည်။ အင်ပါယာကျန့် ကျဆုံးသွားပြီး သူ၏ ဘုံက သိမ်းပိုက်ခံရသည့်အခါ နဝမအစေခံက အင်ပါယာကျန့်၏ မျိုးဆက်များကို ခေါ်ဆောင်ကာ သွေးနဂါးဘုံသို့ ထွက်ပြေးလာခြင်း ဖြစ်သည်။
သူတို့ သိမ်းယူခဲ့သည့် မြို့ကို ရှေးဟောင်းတော်ဝင်မြို့ဟု အမည်တွင်စေခဲ့သည်။
ထို့အပြင် ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းချိုးသည် ဒေသနန်းတော် တိုက်ပွဲမတိုင်ခင် ပြိုင်ပွဲ၌ ပါဝင်ခဲ့သည့် စွမ်းအားကြီးမားသူ တစ်ဦး ဖြစ်သည်။
ယူချင်းက သူ၏ ပြိုင်ဘက်ကင်း တိုက်ပွဲစွမ်းရည်ကို ဖော်ထုတ်ပြခဲ့ပြီး နောက်မှာပင် ရှင်းချိုး၏ အဆင့်က သူ့အပေါ်တွင် ရပ်တည်နေနိုင်သေး၏။
ဤသည်ကို ကြည့်လျှင် ကျော်ကြားလှသည့် ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းချိုး မည်မျှ အင်အားကြီးမားသည်ကို သိနိုင်သည်။
ယူချင်းက အိပ်မောကျနဂါးပြိုင်ပွဲ၌ ရှန့်ထိုသားရဲ သွေးနဂါးကြီးကို လွှင့်ပစ်ခဲ့သည်အား လူတိုင်းမြင်ခဲ့သည်။ သွေးနဂါးဘုံမှ တန်ခိုးရှင်များမှာ ငတုံးများ မဟုတ်ကြသော်လည်း သူတို့သည် ယခုချိန်ထိ ဒေသနန်းတော်သို့ ဝင်ရောက်နိုင်မည့်သူမှာ ရှင်းချိုးပင် ဖြစ်လိမ့်မည်ဟု တွေးနေကြဆဲ ဖြစ်သည်။
ထို့ကြောင့် ရှင်းချိုးသည် ရှန့်ထိုတစ်ယောက်ကိုပင် လှုပ်ကိုင်နိုင်စွမ်းရှိပြီး ရီဖူရှင်း တွေးထားတာထက်ပင် သန်မာနိုင်သည်။
ခွန်ရွှမ်နှင့် ခွန်ကျန်းသည်လည်း ရှင်းချိုးကို ကြည့်နေကြသည်။ သူသည် ယူချင်းအပြင် အသန်မာဆုံး ပြိုင်ဘက်ဖြစ်သည် ဆိုခြင်းကို သူတို့ သိကြသည်။
ဤဒေသနန်းတော် ပြိုင်ပွဲတွင် မည်သူက ဗိုလ်စွဲလိမ့်မလဲဆိုသည်အား တစ်ယောက်မှ သေချာပေါက် ပြောနိုင်ခြင်း မရှိပေ။
ဤနေရာတွင် စွမ်းအားကြီးမားသည့် ပြိုင်ဘက်များဖြင့် ပြည့်နှက်နေပြီး အားနည်းသူ တစ်ယောက်မှ မရှိပေ။
မည်သူက ဤတိုက်ပွဲကို သူတို့၏ စင်မြင့် ဖြစ်စေလိမ့်မည်နည်း။
ထိုအချိန်၌ စွမ်းအားကြီးမားလှသည့် တန်ခိုးရှင်တစ်စု ကောင်းကင်မှ ဆင်းသက်လာသည်။ သူတို့က အနီရောင်ဝတ်စုံတွင် နဂါးသဏ္ဌာန်ချည်ထိုးထားပြီး တော်ဝင်ဝတ်ရုံနှင့် ဆင်တူပေသည်။ ယင်းမှာ သွေးနဂါးစစ်တပ်၏ သင်္ကေတဖြစ်ပေသည်။
သူတို့က သွေးနဂါးမြစ်ကမ်းပါးသို့ ဆင်းသက်လာသည်။ သူတို့ ကောင်းကင် ဆင်းသက်လာသည်နှင့် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး တစ်ခုခု စတင်တော့မလို မြင်ရသည်။
ယင်းစွမ်းအားများက နတ်ဘုရားစွမ်းအားများ နီးပါးရှိကာ လူတိုင်း၏ ဝိညာဉ်နှင့် အသိများမှာ ဖိနှိပ်ခံထားရသည်။
ကောင်းကင်ဘုံမှန်က အနီရောင်ကောင်းကင်မှ ထွက်ပေါ်လာပြီး သွေးနဂါးမြစ်အပေါ်၌ နံနက်ခင်း အလင်းရောင်ကဲ့သို့ လင်းလဲ့တောက်ပလာသည်။ မဟာလမ်းစဉ်၏ အလင်းရောင်က သူတို့ အပေါ်နှင့် သွေးနဂါးမြစ်ပြင်ပေါ်သို့ ကျဆင်းလာပြီး တိုက်ပွဲကွင်းပြင်ကို အလင်းဖြာလာစေသည်။
တိုက်ပွဲကွင်းပြင်မှ လူတိုင်းအပေါ်သို့ အလင်းက တိုက်ရိုက် ဖြာကျလျက်ရှိသည်။
“ဒီတိုက်ပွဲက မဟာလမ်းစဉ်ရဲ့ စွမ်းအားအောက်မှာ တိုက်ခိုက်ကြရမှာလား” မှန်၏ စွမ်းအားကို ခံစားလိုက်ရလျှင် ရီဖူရှင်းက တိုးတိုးရေရွတ်၏။ သူက သူ့နောက်မှ စုချွဲနှင့် ကျန်ကျောင်းကို ကြည့်ကာ ပြောသည်… “မင်း သွားပြီး မတိုက်ခိုက်ဘူးဆိုရင် အခု လက်လွှတ်လိုက်သင့်ပြီ”
ဤအဆင့်တိုက်ပွဲသည် အသက်မသေဆုံးလျှင်ပင် လုံလောက်သန်မာသည့် စွမ်းအားမရှိပါက ပါဝင်ယှဉ်ပြိုင်ခြင်း မပြုသင့်ပေ။
“ငါ မတိုက်ဘူး” စုချွဲက ခေါင်းညိတ်ကာ ပြောသည်။ သူက ဉာဏ်အလင်းလည်း မပွင့်သေးရာ ဝင်ရောက်တိုက်ခိုက်ရန် အကြောင်းပြချက်မရှိပေ။ တိုက်ပွဲကွင်းပြင်အတွင်းမှ မည်သူမဆို သူ့ကို အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိပေသည်။
“ငါတော့ အတွေ့အကြုံ ယူကြည့်ချင်တယ်” ဟောင်ကျူဂီက ပြော၏။ သူသည်လည်း ဉာဏ်အလင်းမပွင့်သေးဘဲ လုံလောက်သည်ထိ သန်မာခြင်း မရှိသေးသော်ငြား ကြိုးစားကြည့်ချင်သေးသည်။ သူက ဉာဏ်အလင်းရရန် ခြေတစ်လှမ်းသာလျှင် လိုတော့ပြီ ဖြစ်သည်။ ဤပြိုင်ပွဲက သူ့အတွက် အခြားအခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မည်။
“ကျုပ်လည်း သွားချင်တယ်” ကျန်ကျောင်းက ပြောသည်။
ရီဝူချင်းသည် သွေးနဂါးမြစ်ပြင်ကို တည်ငြိမ်သော အမူအရာနှင့် ငေးမောနေသည်။ သူသည်လည်း တိုက်ခိုက်မည် ဖြစ်၏။
ဤကဲ့သို့ အခွင့်အရေးမျိုးမှာ အမှန်တကယ် ရှားပါးပေသည်။
“ပြီးခဲ့တဲ့ အိပ်မောကျနဂါးပြိုင်ပွဲ ဆယ်ကြိမ်မှာ နိုးထနဂါးတံဆိပ် အနိုင်ရခဲ့သူတွေ လာနိုင်ပါပြီ” သွေးနဂါးမြစ်အထက် လေထဲမှ တန်ခိုးရှင်က ပြောသည်။ တန်ခိုးရှင်တစ်စုက ရှေ့သို့ လှမ်းလာပြီး တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်သည်။
ပြီးခဲ့သည့် အိပ်မောကျနဂါးပြိုင်ပွဲ ဆယ်ကြိမ်မှ အနိုင်ရသူများမှာ တစ်ယောက်ချင်း ရောက်ရှိလာသည်။
လူတိုင်းက တိုက်ပွဲမစတင်မှီ နာမည်ကျော်များအား စောင့်စားနေရရုံနှင့်ပင် သူတို့၏ သွေးများ ဆူပွက်လာသည်ကို ခံစားရသည်။
တိုက်ပွဲက မည်သို့သော ပုံစံမျိုးဖြစ်မည်နည်း။
ဤနေရာတွင် ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းချိုး၊ ရှန်းမြို့မှ မင်းသားရှန်းနန်၊ နဂါးကြီးကို လွှင့်ပစ်ခဲ့သည့် ယူချင်း၊ ကိုးရောင်စုံနတ်ဘုရား အလင်းရောင်ကို ထုတ်လွှတ်နိုင်သည့် ဥဒေါင်းအင်ပါယာဘုံမှ ခွန်ရွှမ်နှင့် ခွန်ကျန်း၊ အင်ပါယာလီဘုံမှ တိဟောက်နှင့် ဒွန်ချန်းအပြင် အခြားသူများလည်း ရှိနေသည်။
ထိုကဲ့သို့ ပြိုင်ပွဲမျိုးက လူအများကို စိတ်မလှုပ်ရှားစေဘဲ မနေပေ။
ဒေသနန်းတော်၏ အဝေးတစ်နေရာမှ များပြားလှသော လူရိပ်များ လေထဲမှ ရောက်လာကြသည်။ သူတို့သည် သွေးနဂါးမြစ်ကို ဖြတ်၍ တိုက်ပွဲကွင်းပြင်အပြင်၌ ရပ်တန့်သည်။
သူတို့သည် တိုက်ပွဲကို လာရောက်ကြည့်ရှုသည့်ပုံပေါ်ပေသည်။
သူတို့ထဲက တစ်ယောက်ကို မြင်သည့်အခါတွင် လူတိုင်းက အော်ဟစ်လိုက်မိကြသည်။
“ရှင်းခိုင်”
ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းခိုင်သည် သွေးနဂါးဘုံ၏ သူရဲကောင်းတစ်ဦး ဖြစ်သည်။ သူ ဒေသနန်းတော်တိုက်ပွဲတွင် တိုက်ခိုက်ခဲ့စဉ်က သူ့ပြိုင်ဘက်အားလုံးကို လှဲသိပ်နိုင်ခဲ့ပြီး မည်သူမှ သူ့ကို မတွန်းလှန်နိုင်ခဲ့ပေ။
ရှန့်ထိုဖြစ်လာပြီးနောက် သူသည် ပြိုင်ဘက်ကင်းသူအဖြစ် ကျန်ရစ်၏။ ပြောကြသည်က သူသည် ဒေသနန်းတော်သို့ ဝင်ရောက်ပြီး နောက်တွင်ပင် သူနှင့်အဆင့်တူ ပြိုင်ဘက်များကို အကုန် အနိုင်ယူနိုင်ခဲ့လေသည်။
သူနှင့်ပတ်သက်သည့် ဂုဏ်သတင်းမှာ များပြားလှသည်။ သူသည် သူ၏ မျိုးဆက်ပိုင်းတွင်တော့ အမှန်ပင် ထင်ရှားကျော်ကြားသူ ဖြစ်၏။
ထို့အပြင် သူသည် ရှင်းချိုး၏ အစ်ကိုဖြစ်သည်။ သူက ယခုတွင် သွေးနဂါးမြစ်ပေါ်မှ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုရန် ဒေသနန်းတော်မှ လာရောက်ခဲ့သည်။
သူသည် တစ်ချိန်က သွေးနဂါးမြစ်ပြိုင်ပွဲ၌ အင်အားကြီးသော ပြိုင်ဘက်များကို သူ အလဲထိုး၍ ဒေသနန်းတော်သို့ ဝင်ရောက်လာနိုင်သကဲ့သို့ သူ့ညီ ရှင်းချိုးကလည်း ပြိုင်ဘက်အားလုံးကို အနိုင်ပိုင်းနိုင်သည်အား စောင့်ကြည့်ရန် လာခြင်း ဖြစ်၏။
***