ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ သူသည် နှစ်လက်မထက် ပို၍ရှည်သော ဝိညာဉ်အမြစ်များနှင့် ထပ်၍ ဆုံတွေ့ရမည်ကို စိုးရိမ်နေသောကြောင့် ကျောက်တုံးအခွံကြီး၏ အောက်တွင်နေ၍ သတိကြီးကြီးထားကာ ဝိညာဉ်အမြစ်ရွာတစ်ခွင် အလွန် နှေးကွေးစွာ ရွေ့လျားနေ၏။
သူ ဝိညာဉ်အမြစ်ရွာထဲတွင် ကြုံတွေ့ခဲ့ရသော ကိစ္စရပ်ကြီးတစ်ခုလုံး အလွန် ထူးဆန်းနေသည်ဟု ခံစားနေရ၏။ ထို့ကြောင့် သူသည် စိတ်သောကရောက်နေရသလို တချိန်တည်းမှာပင် ပျော်လည်းပျော်ရွှင်နေရ၏။
” ဘာကြောင့်များ ဝိညာဉ်အမြစ်တိုင်းက ငါ့ကို မြင်လိုက်တာနဲ့ တန်းပြီးတော့ ငါ့ကို သဘောကျ မြတ်နိုးသွားကြတာလဲ ”
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို တွေးတောလေလေ တစ်ခုခု လွဲနေသည်ဟု ပို၍ ခံစားရလာလေလေ ဖြစ်သည်။ သူသည် ချောမောခံ့ညားလွန်းနေပြီး ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်တစ်ယောက် ဖြစ်နေသောကြောင့် ထိုဝိညာဉ်အမြစ်များမှာ သူ့ကို အရူးအမူး စွဲလမ်းနေကြသည်လော။ သို့တည်းမဟုတ် သူ ရွှေရောင်ခန္ဓာအဆင့်ကို ရရှိထားသည့် အချက်နှင့်များ သက်ဆိုင်နေမည်လော။ အဘယ့်ကြောင့်ဆိုသော် သူ ရွှေရောင်ခန္ဓာအား ထုတ်မသုံးခဲ့စဉ်က ထိုဝိညာဉ်အမြစ်များမှာ အလွန် ရန်လိုကာ ရက်စက်ကြမ်းကြုတ်နေခဲ့ကြသည် မဟုတ်ပါလော။
သို့သော် မည်သည့်အကြောင်းကြောင့် ဖြစ်စေကာမူ အရေးမကြီးတော့ကြောင်း သူက နားလည်ထားသည်။ လက်ရှိတွင် အရေးအကြီးဆုံးအရာမှာ နှစ်လက်မဝိညာဉ်အမြစ်ကို အမြန်ဆုံး ရှာတွေ့နိုင်ရန်သာ ဖြစ်သည်။
” ငါ နှစ်လက်မဝိညာဉ်အမြစ်တစ်မြစ်ကို ရှာတွေ့နိုင်တာနဲ့ ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး။ ငါ့ပုံစံ ပြောင်းသွားခဲ့ကြတဲ့ ဝိညာဉ်အမြစ်တွေထဲမှာ သုံးလက်မဝိညာဉ်အမြစ်တွေမှ အများကြီးပဲ ”
ထိုသို့ဖြင့် အချိန်များ ကုန်ဆုံးသွား၏။ ပုန်းကွယ်နိုင်ရန်အတွက် ဝမ်ပေါင်လဲ့ အသုံးပြုခဲ့သော ကျောက်တုံးအခွံကြီးမှာ အတော်အသင့် အသုံးဝင်သည်ဟုပင် ဆိုနိုင်သည်။ သူသည် တောအုပ်ကြီးထဲတွင် လှည့်လည်သွားလာရင်း ဝိညာဉ်အမြစ် တချို့၏ ပုံရိပ်ယောင် လူရိပ်များနှင့် ကြုံခဲ့ရသည့် အချိန်မှာပင် ၎င်းတို့မှာ ယခင်တုန်းကကဲ့သို့ ပြောင်းလဲသွားကြခြင်း မရှိပေ။ ထို့ကြောင့် သူသည် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။
သို့သော် ဝိညာဉ်အမြစ်များ၏ အနားသို့ကပ်လိုက်ပါက သူ့အား ကွယ်ဝှက်ပေးထားသည့် ကျောက်တုံးအခွံကြီး၏ ဂုဏ်သတ္တိမှာ သိသိသာသာ လျော့ကျသွားသည်ဖြစ်ရာ ၎င်းတို့နားသို့ ချဉ်းကပ်၍ ရမည်မဟုတ်ကြောင်း သူက နားလည်ထားသည်။ နောက်ထပ်နှစ်ရက်တိတိ ကုန်ဆုံးသွားပြီး ဝိညာဉ်အမြစ်ရွာထဲကရှိ တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများမှာ သူတို့နှင့် ရေစက်ပါသော ဝိညာဉ်အမြစ်အသီးသီးကို ရှာတွေ့သွားကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာလည်း တောအုပ်ထဲ၌ မြင်တွေ့လိုက်ရသော ဝိညာဉ်အမြစ်၏ ပုံရိပ်ယောင်လူရိပ်ကြီးကြောင့် စိတ်လှုပ်ရှားသွားရသည်။
” နှစ်လက်မဝိညာဉ်အမြစ်ပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုနှစ်လက်မဝိညာဉ်အမြစ်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကျောက်တုံးအခွံကြီးကို ဘေးဘက်သို့ လွှင့်ပစ်လိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှာ ပေါ်လာ၏။ ထို့နောက် သူသည် ရှေ့သို့မျောလွင့်နေသည့် နှစ်လက်မဝိညာဉ်အမြစ် ပုံရိပ်ယောင် လူရိပ်ကြီးဆီသို့ ချက်ချင်းပင် ပြေးသွားလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ထို ဝိညာဉ်အမြစ် ပုံရိပ်ယောင်လူရိပ်ကြီးမှာ ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် ဝမ်ပေါင်လဲ့အသွင်သို့ ပြောင်းလဲသွား၏။ သို့သော် ၎င်းမှာ မတိုက်ခိုက်နိုင်သေးခင်မှာပင် ဝမ်ပေါင်လဲ့က ၎င်းအား လက်သီးဖြင့် အားပါပါ ထိုးနှက်လိုက်ပြီး သူ၏ အဆင့်မြင့် အတိုက်အခိုက် အရည်အချင်းများကို အသုံးပြုကာ ၎င်းအား တစ်စစီ လွင့်စင်ပျောက်ကွယ်သွားအောင် လုပ်လိုက်သည်။
ထို နှစ်လက်မဝိညာဉ်အမြစ်ကြီး တစ်စစီ လွင့်စင်ပျောက်ကွယ်သွားရာမှ ထွက်ပေါ်လာသော အစိမ်းရောင်မြူခိုးများကို စုပ်ယူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တစ်လက်မဝိညာဉ်အမြစ်၏ နေရာ၌ နှစ်လက်မဝိညာဉ်အမြစ် ချက်ချင်းပင် အစားထိုးရောက်ရှိလာသည်ကို သူက အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူသည် အလွန် စိတ်လှုပ်ရှားသွားပြီး အသားများတုန်ရီလာတော့သည်။ ထို့နောက် သူသည် ကောင်းကင်ကြီးအား မော့ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။
” အချိန်အကြာကြီး ကြိုးစားခဲ့ရပေမဲ့ နောက်ဆုံးတော့ နှစ်လက်မအဆင့်အထိ ရောက်သွားပြီကွ ”
” အခုဆိုရင် ငါ ပုန်းကွယ်နေစရာ မလိုတော့ဘူး။ ဝိညာဉ်အမြစ်တွေရာ။ မင်းတို့ အဘိုးဝမ် ရောက်လာပြီကွ ”
ဝမ်ပေါင်လဲ့မှာ ရယ်မောကာ သူ ပုန်းကွယ်ရန် အသုံးပြုခဲ့သော ကျောက်တုံးအခွံကြီးကို သိုလှောင်လက်ကောက်ထဲသို့ အလျင်အမြန် သိမ်းဆည်းလိုက်သည်။ သူသည် အလွန် အစွမ်းထက်နေပြီဟု ခံစားနေရ၏။ ယခုတွင် အစပိုင်းက ကြုံခဲ့ရသည့် ဝိညာဉ်အမြစ် ပုံရိပ်ယောင် လူရိပ်ကြီးများနှင့် ကြုံလိုက်ရရင်တောင် သူသည် ယခင်တုန်းကလောက် အခက်တွေ့နေရမည် မဟုတ်တော့ပေ။
သူသည် နှစ်လက်မဝိညာဉ်အမြစ်ဟူသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်သွားပြီဖြစ်ရာ သုံးလက်မဝိညာဉ်အမြစ်များကို စုပ်ယူနိုင်စွမ်း ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ကျေနပ်အားရနေပြီး ကိုယ်စိတ်နှလုံး အေးချမ်းသွားရတော့သည်။ ထို့နောက် သူသည် အဆင့်မြင့် စွမ်းအင်များကို ထုတ်လွှတ်၍ ရှေ့သို့ ပြေးထွက်သွားပြီး မိုးသစ်တောကြီးတစ်ခုလုံးကို လှန်လှောရှာဖွေနေလိုက်တော့သည်။
သူသည် ကံကောင်းနေသော ကြောင့်လားတော့ မသိပေ။ တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် သူ တောအုပ်အစပ်မှ ထွက်ခွာရန် ပြင်နေသည့်အချိန်တွင် သူ၏ လုံးဝန်းသော ခန္ဓာကိုယ်နှင့် ချောမောပြေပြစ်သော ရုပ်ရည်ကို စိုက်ကြည့်နေသည့် သုံးလက်မဝိညာဉ်အမြစ်တစ်ခုကို လှမ်း၍မြင်လိုက်ရသည်။ ထို့ကြောင့် သူက ဝမ်သာအားရ ရယ်မောကာ ၎င်းဆီသို့ ပြေးသွားလိုက်ပြီး ၎င်းအား တစ်စစီလွင့်ပါးသွားအောက် ပြုလုပ်ကာ စုပ်ယူလိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အမြစ်၏ နေရာတွင် သုံးလက်မဝိညာဉ်အမြစ် အစားထိုး ဝင်ရောက်လာသည်ကို သတိထားမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်လှုပ်ရှားသွားရပြီး ပျော်ရွှင်တက်ကြွလာတော့သည်။ သူ၏အမြင်ထဲတွင် ရောင်စုံတောက်ပနေသော ကောင်းကင်ယံကြီးပင် သာယာလှပနေ၏။ ထို့နောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လှမ်းသွားလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်ဂိုဏ်း၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရစဉ်တုန်းက သူ ခုန်ကျော်သွားခဲ့သော တောင်ထိပ်ကလေးကို ခပ်လှမ်းလှမ်းတွင် မြင်လိုက်ရ၏။ ထိုအချိန်တွင် သူသည် အလွန် ကြီးကျယ်ခမ်းနားသွားသည့်အလား ခံစားလိုက်ရတော့သည်။
” ပြီးခဲ့တဲ့ရက် အနည်းငယ်တုန်းက ငါက မင်းတို့အားလုံးကြောင့် ဒီနေရာကို ထွက်ပြေးလာခဲ့ရတာ။ အခု ငါ ပြန်ပေါ်လာပြီဆိုတော့ မင်းတို့တွေ စောင့်နေဦးပေါ့ ဝိညာဉ်အမြစ်တွေရာ ”
ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွနေ၏။ သို့သော် သူ အရှိန်တင်လိုက်ပြီး တောင်ထိပ်၏ အနီးသို့ ရောက်လာသောအခါ သူ၏ရှေ့တွင်ရှိနေသော လျှို့ဝှက်တောအုပ်ကြီးကို အတားအဆီးများဖြင့် ပိတ်ဆို့ထားပြီး ကြိုးများဖြင့် တားထားသည်ကို မြင်လိုက်ရသည်။
တချိန်တည်းမှာပင် ထိုတားမြစ်ပိတ်ဆို့ထားသော လျှို့ဝှက်တောအုပ်ထဲမှ ခြေသံများကို ကြားနေရ၏။ ဝမ်ပေါင်လဲ့မှာ လှမ်း၍ ကြည့်လိုက်သောအခါ အနက်ရောင် တာအိုဝတ်ရုံနှင့် အမျိုးသမီးနှစ်ယောက်က အချင်းချင်း တီးတိုးပြောဆိုရင်း လမ်းလျှောက်လာကြသည်ကို မြင်လိုက်ရသည်။
ထို အမျိုးသမီးနှစ်ယောက်မှာ သမင်ဖြူတာအိုကျောင်းခွဲမှ ကျောင်းသူများဖြစ်ကြသည်။ သူတို့၏ ရုပ်ရည်များမှာ အတော်အသင့် ချောမောလှပပြီး အနက်ရောင် တာအိုဝတ်ရုံများ ဆင်မြန်းထားသည့်တိုင်အောင် သူတို့၏ ငယ်ရွယ်နုနယ်သော အလှအပများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူတို့ထဲမှ တစ်ယောက်မှာ လမ်းလျှောက်ရင်း ယခုလေးတင် ဆေးလိမ်းပြီးသော အမူအရာဖြင့် သူမ၏ တာအိုဝတ်ရုံကို ကြယ်သီးများပြန်တပ်နေ၏။
ဝမ်ပေါင်လဲ့မှာ သူတို့ကို မသိပါသော်လည်း သူတို့အားလုံး တာအိုကျောင်းကြီးလေးကျောင်းမှ ဖြစ်ကြသည်ကို သိထားသည်။ ထို့ကြောင့် သူသည် ထိုအမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ရပြီးနောက် သွား၍နှုတ်ဆက်ရန် ပြင်လိုက်ပါသော်လည်း သူတို့နှစ်ယောက်မှာမူ သူ့အား တစ်ချက်မျှသာကြည့်ကာ အကြည့်လွှဲသွားကြပြီး သူ့ကိုပင် မမြင်လိုက်ရသည့်အလား သူ၏ဘေးမှ ဖြတ်လျှောက်သွားကြသည်။
” လာပြန်ပြီ အဲဒီဖက်တီးပဲ။ တော်တော် စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ ”
” ငါဆိုရင် ဒီနေ့ အဲဒီလိုဖက်တီး လေးယောက်နဲ့ ကြုံခဲ့ရတာ။ အဲ့ဖက်တီးနာမည်က ဝမ်ပေါင်လဲ့တဲ့။ အာ… ထားလိုက်ပါတော့။ သူ့အကြောင်း မပြောဘဲနေရအောင်။ ဒီမှာပဲ သတိ ဝီရိယရှိရှိနေပြီးတော့ တခြားဘယ်သူမှ ကျူးကျော်မလာနိုင်အောင် စောင့်ကြည့်ကြတာပေါ့ ”
သူ၏ဘေးမှ ဖြတ်သွားသော ထိုအမျိုးသမီးနှစ်ယောက်၏ တီးတိုးရေရွတ်သံများကို ဝမ်ပေါင်လဲ့ ကြားလိုက်ရ၏။
ဝမ်ပေါင်လဲ့မှာ သူတို့ကို နှုတ်ဆက်ချင်ခဲ့ပါသော်လည်း ထိုစကားများကို ကြားလိုက်ရပြီးနောက် ဆိတ်ငြိမ်သွား၏။ သူသည် ဇဝေဇဝါဖြစ်သွားပြီး ထိုအမျိုးသမီးနှစ်ယောက်ကို မယုံသင်္ကာနှင့် လှမ်း၍ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ့ကိုယ်သူ ပြန်၍ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေ၏။ သို့သော် သူ၏ မျက်လုံးများမှာ အရောင်လက်သွားပြီး ခေါင်းမော့ကြည့်လိုက်သောအခါ ထိုနေရာကြီးတစ်ခုလုံးတွင် အကာကွယ်များရှိနေသည်ကို မြင်လိုက်ရသည်။
” မဟုတ်မှလွဲရော။ သူတို့တွေ ရတနာတွေကိုများ ရှာတွေ့ထားတာလား ”
ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားပြီး သတိကြီးကြီးထား၍ ရှေ့သို့ဆက်သွားလိုက်၏။
သူသည် ရှေ့သို့ရောက်လာသောအခါ ထိုလျှို့ဝှက်တောအုပ်ကြီးထဲမှ အမျိုးသမီးများ၏ စကားသံများ ထပ်၍ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ထို့ကြောင့် သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီး သူ၏ အမူအရာမှာလည်း တည်ကြည်သွား၏။ သူသည် ရပ်တန့်နေခြင်းမရှိဘဲ ရှေ့သို့ အကွာအဝေးတစ်ခုအထိ ဆက်၍လျှောက်လှမ်းသွားလိုက်သောအခါ ထိုတောအုပ်ကြီးထဲတွင် ရေကန်တစ်ကန် ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုရေကန်ထဲတွင် သမင်ဖြူတာအိုကျောင်းခွဲမှ ကျောင်းသူမြောက်မြားစွာ ရေချိုးနေကြ၏။
ဘေးပတ်ပတ်လည်တွင်လည်း အခြားလူများ ထိုနေရာသို့ မတော်တဆ ဝင်မလာနိုင်အောင် တားဆီးနိုင်ရန်အတွက် အစောင့်တာဝန်ယူထားကြသည့် ကျောင်းသူများစွာ ရှိနေ၏။ သူတို့ထဲမှ တချို့ဆိုလျှင် အဝတ်အစားများ ဝတ်နေကြ၏။
အမျိုးသားများမှာမူ ရက်ပေါင်းအနည်းငယ်ခန့် ရေမချိုးရလည်း ကိစ္စရှိမည် မဟုတ်ပေ။ သို့သော် ကျင့်ကြံသူများ မဖြစ်ကြသေးသောကြောင့် မန္တန်များသုံးကာ မိမိကိုယ်မိ သန့်စင်နိုင်စွမ်းမရှိသေးသော ထိုကျောင်းသူများအတွက်မူ ဤရေကန်မှာ ကောင်းကင်ဘုံမှ ချီးမြှင့်သည့် ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ သူတို့မှာ ကန္တရကြီးတစ်ခု၏ ဝန်းရံခြင်းကို ခံထားရသည်ဖြစ်ရာ အပူချိန်မှာ ခြစ်ခြစ်တောက် ပူနေ၏။ ထို့ကြောင့် တစ်ရက်လောက်သာ ရေမချိုးဘဲ နေလိုက်ပါက ချွေးများဖြင့် ကပ်စီးကပ်စီး ဖြစ်နေမည် ဖြစ်သည်။ ထို့အပြင် ဝိညာဉ်အမြစ်များ ရှာဖွေရာ၌ မလွဲမသွေကြုံရမည့် တိုက်ပွဲများကိုပါ ထည့်တွက်လိုက်မည်ဆိုပါက ထိုကျောင်းသူများ စုဝေး၍ ဤရေကန်ထဲတွင် ရေချိုးသန့်စင်နေကြသည်မှာ မထူးဆန်းပေ။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ဦးခေါင်းတည့်တည့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေမိတော့သည်။ သူ့ရှေ့ရှိ အရာအားလုံးမှာ အလွန် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလွန်းနေသောကြောင့် သူ့စိတ်သူ မထိန်းနိုင်တော့ပေ။
” ဘန်နီလေးတွေ အများကြီးပဲဟ… ခဏနေပါဦး။ ဘန်နီကြီးတွေလည်း ရှိသေးတာပဲကွ ”
ဝမ်ပေါင်လဲ့မှာ ရီဝေဝေ ဖြစ်နေရတော့သည်။ သူသည် အာခေါင်များခြောက်ကာ ရေငတ်လာပြီး နှလုံးခုန်သံများ မြန်ဆန်လာ၏။ သူ၏ မျက်လုံးများမှာ ရှိရှိသမျှ အရာအားလုံးကို လိုက်လံကြည့်ရှုနေပြီး သူ၏နဖူးပေါ်တွင် ချွေးသီးများ ကျဆင်းလာတော့သည်။ ဤလုပ်ရပ်ကြောင့် ခံစားရမည့် အကျိုးဆက်မှာ ကြီးမားကြောင်း သူက နားလည်လိုက်သဖြင့် ထွက်ပြေးရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။
သူ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် ရေချိုးနေသော မိန်းကလေးများနှင့် အစောင့်တာဝန်ယူထားသော မိန်းကလေးများမှာ အစတွင် အံ့အားသင့်သွားကြပါသော်လည်း သူ့အား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လျစ်လျူရှုလိုက်ကြသည်။
” ဘာတွေဖြစ်နေတာလဲဟာ။ အဲဒီ စိတ်ရှုပ်ဖို့ကောင်းတဲ့ ဖက်တီးက နေရာတိုင်းမှာကို ရှိနေတော့တာပဲ။ ငါ ဒီနေ့ သူ့လိုဖက်တီးတွေကို အများကြီး မြင်ခဲ့ပြီးပြီ ”
” ငါလည်း ငါးယောက် ခြောက်ယောက်လောက်ကို မြင်ခဲ့တယ်။ တစ်ယောက်ဆို စောစောကပဲ ဒီနားလေးက ဖြတ်သွားတာ ”
” ထားလိုက်ပါဟာ။ သူ့ကို ဂရုစိုက်မနေနဲ့ ”
ထိုအမျိုးသမီးများ၏ စကားများကို ကြားလိုက်ရသောအခါ ထွက်ပြေးရန် ပြင်ဆင်နေခဲ့သည် ဝမ်ပေါင်လဲ့မှာ ချက်ခြင်းပင် ရပ်တန့်သွား၏။ သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်ကာ သူ့ပုံစံသို့ ပြောင်းလဲခဲ့သော ဝိညာဉ်အမြစ်များစွာ ရှိနေသည့် ပြဿနာကြောင့် လူအများမှာ ဝိညာဉ်အမြစ်ရွာထဲတွင် သူနှင့်ဆင်တူသော လူရိပ်များနှင့် ခဏခဏ ကြုံနေကြရသည်ဖြစ်ကြောင်း ရိပ်မိသွားသည်။
အစပိုင်းတွင် သူတို့မှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြပါသော်လည်း ရက်ပေါင်းအနည်းငယ်ခန့် ကြာပြီးသွားသည့်တိုင်အောင် အခြေအနေအမျိုးမျိုးတွင် သူနှင့် အဆက်မပြတ် ကြုံနေရသည်ဖြစ်ရာ ကျင့်သားရသွားကြပြီး သူ့အား ဝိညာဉ်အမြစ်တစ်ခုကဲ့သို့သာ ဆက်ဆံလိုက်ကြတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရ ဖြစ်သွားရပြီး ထိုနေရာတွင် ကြောင်အန်းအန်းနှင့် ရပ်နေမိတော့သည်။
” ငါ ဘာလုပ်ရတော့မှာလဲ။ တကယ်လို့ ငါက ဝမ်ပေါင်လဲ့အစစ်ဆိုတာကို ထုတ်ပြောလိုက်မယ်ဆိုရင် သူတို့က ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြမှာ အမှန်ပဲ။ အဲဒီလိုမျိုး ဒေါသထွက်ရင်း အသိစိတ်တွေပါ ပျောက်သွားနိုင်တယ်။ အဲဒါဆိုရင် သူတို့ရဲ့ ဝိညာဉ်အမြစ် ရှာဖွေနိုင်စွမ်းတွေကို ထိခိုက်သွားမှာလေ။ တာအိုကျောင်းကြီးလေးကျောင်းက ကျောင်းသူကျောင်းသားတွေအားလုံးက တစ်ဖွဲ့ထဲသားချင်းတွေဆိုတော့ ဒီလိုမျိုး ငါ မလုပ်သင့်ဘူး ”
” ဒါပေမဲ့ ဒီအတိုင်းကြီး ထွက်သွားရင်ကလည်း တအားကြီး သိသာနေမှာဆိုတော့ မဖြစ်သေးဘူးကွ။ ဟူး… ဒီကောင်မလေးတွေကတော့ကွာ။ ဘာလို့ ငါ့ရှေ့မှာမှ ရေလာချိုးနေရတာတုန်း ”
ဝမ်ပေါင်လဲ့မှာ အကြီးအကျယ် စိတ်ညစ်နေရပြီဖြစ်သည်။
” ထားလိုက်ပါတော့ကွာ။ ငါ့ကိုယ်ငါပဲ စတေးလိုက်ပါ့မယ် ”
ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ သက်ပြင်းချလိုက်ပြီး ထိုကောင်မလေးများအတွက် အများကြီးပေးဆပ်လိုက်ရကြောင်း တွေးတောကာ သူ၏ အသက်မဲ့နေသော အမူအရာကြီးကို ပုံမပျက်သွားအောင် ကြိုးစားထိန်းသိမ်း၍ သူတို့ဆီသို့ လျှောက်လှမ်းသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ အနားသို့ ရောက်သွားသောအခါတွင်လည်း ထိုကောင်မလေးများမှာ သူ့အား လျစ်လျူရှုထားကြဆဲပင် ဖြစ်သောကြောင့် နှလုံးခုန်သံများ မြန်လာရတော့သည်။ သူ ရေကန်နားသို့ ရောက်သွားသောအခါ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ရေချိုးပြီးသွားသောကြောင့် မတ်တတ်ထလာပြီး သူ၏ဘေးမှ ဖြတ်လျှောက်သွား၏။
ထိုအခြင်းအရာ အားလုံးကြောင့် ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်းများမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာတော့သည်။ သူသည် တစ်ခါမှ မကြုံတွေ့ဖူးသော ခံစားချက်ကြီးတစ်ခုကို ခံစားနေရပါသော်လည်း ရုပ်တည်တည်နှင့် နေနိုင်အောင် အကောင်းဆုံးကြိုးစားကာ သူတို့၏ဘေးမှ ဖြတ်သွား၏။ ဝမ်ပေါင်လဲ့မှာ သူတို့နှင့် ခပ်လှမ်းလှမ်းနေရာတစ်ခုသို့ ရောက်သွားသောအခါမှသာ စိတ်အေးသွားပြီး သက်ပြင်းချလိုက်တော့သည်။ သို့သော် ထိုအချိန်တွင် ထိုကောင်မလေးများ ရေချိုးနေသောနေရာမှ စိုးရိမ်ထိတ်လန့်နေသော စကားသံများ ပေါ်ထွက်လာသည်ကို ကြားလိုက်ရတော့သည်။
” အဲဒီ ဝိညာဉ်အမြစ်ကို ကြည့်ရတာ … ထူးဆန်းနေတယ် ”
” အဲဒီဝိညာဉ်အမြစ်က ဘယ်နှလက်မ ရှိသလဲဆိုတာကို မသိနိုင်ဘူး ဖြစ်နေတာ ”
ထိုကဲ့သို့ ချီတုံချတုံဖြစ်နေသော စကားသံများ ပေါ်ထွက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် ထိုရေကန်ပတ်ပတ်လည်ရှိ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ သို့သော် တခဏအကြာတွင် အော်ဟစ်သံမျိုးစုံ ထွက်ပေါ်လာကြတော့သည်။
ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွား၏။ သို့သော် သူသည် ထွက်ပြေးရန် ကြိုးစားမနေဘဲ သူနှင့် တထေရာတည်းတူသော ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်ယူကာ ၎င်းအား အရူးတစ်ယောက်ကဲ့သို့ ပြေးလွှားရန် အမိန့်ပေးလိုက်၏။ ထို့နောက် သူသည် ကျောက်တုံးအခွံကြီးကို ထုတ်ယူကာ သူ့အပေါ်တွင် အုပ်မိုးလိုက်ပြီး မလှုပ်မယှက် လဲလျောင်းနေလိုက်တော့သည်။