Switch Mode

အပိုင်း(၁၁၉၀)

တစ်ဦးတည်းဖြင့်

ယူချင်းရဲ့ တိုက်ချက်တစ်ကွက်က လူအနည်းငယ်၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။ သူက အတော် အားကောင်းဟန်ရှိ၏။

ဆန်းဇွန်သည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ရီဖူရှင်း၏ အဖွဲ့အား စမ်းသပ်ရန် သူ ရွေးချယ် စေလွှတ်လိုက်သူများမှာ ထူးချွန်သူများဖြစ်ကြ၏။ ယူချင်းက သူ့လူများအား တခဏအတွင်း အနိုင်ယူလိုက်ကတည်းက ယူချင်း အလွန် အားကောင်းသည်ကို သူရိပ်မိခဲ့၏။

သူ့အမြင်အရဆိုလျှင် ယူချင်းက သူ့အနီးမှ လူများနှင့်ပူးပေါင်း တိုက်ခိုက်ပါက ပြိုင်ပွဲနောက်ဆုံးအချိန်အထိ တောင့်ခံနိုင်ချေ ရှိပေသည်။

ယူချင်းက သူ့တိုက်ခိုက်မှုကြောင့် လွင့်စဉ်သွားသူကို လိုက်ပြီး ထပ်မံ မတိုက်ခိုက်တော့ပေ။ သူက ထိုနေရာတွင်ပင် ဆက်လက်၍ ငြိမ်သက်စွာ ရပ်သည်။

အခြားလူများကလည်း ကိုယ်စီ တိုက်ခိုက်နေကြ၏။ ရီဝူချင်းက သူ၏ ပြိုင်ဘက်ကို အနိုင်ယူလိုက်ပြီးနောက် တခြားတစ်ယောက်နှင့် ဆက်လက် တိုက်ခိုက်နေပြီ ဖြစ်သည်။

စုချွဲဘက်တွင်တော့ ပြဿနာ အနည်းငယ်ရှိနေသည်။ သို့သော်လည်း ယူချင်း ရှိနေခြင်းက သူ့အတွက် သိပ်စိုးရိမ်စရာတော့ မလိုပေ။

တိုက်ပွဲများ ပိုမိုပြင်းထန်လာသလို ထိလိုက်ဒဏ်ရာရမှုနှင့် သေခြင်းများကလည်း ပိုများပြားလာခဲ့၏။ အချို့တိုက်ပွဲများက ပွဲကြည့်ပရိသတ်များကို အံ့သြဖွယ်ရာများ ယူဆောင်လာပေးသည်။ တိုက်ပွဲများက လူမဆန်လောက်အောင် ရက်စက်ပြီး အများစုမှာ သွေးခြင်းခြင်း နီရဲနေကြလေပြီ။

ယူချင်းက သူတို့ တိုက်ပွဲနေရာသို့ လူတစ်စု ချဉ်းကပ်လာသည်ကို မြင်သည်။

တန်ခိုးရှင် အများအပြားက ထိုအဖွဲ့တွင် ပါဝင်နေပြီး သူတို့ထဲက အချို့မှာ အားကောင်းသော အရှိန်အဝါများ ရှိကြ၏။

လူများစွာတို့သည် အိပ်မောကျနဂါး ပြိုင်ပွဲတွင် ခက်ခဲသော ပြိုင်ဘက်များနှင့်ရင်ဆိုင်လိုကြသလို အချို့ကလည်း သွေးနဂါးအင်ပါယာမှ ချီးမြှင့်သော ဆုလာဘ်များအား ရရှိလိုသည့်အပြင် သွေးနဂါးစစ်တပ်သို့ ဝင်ရောက်လိုသူများလည်း ရှိသည်။

သို့သော်ငြား အနိုင်အတွက် အလောင်းအစားပြုရမည့် အရာများ ရှိပေသည်။

ထိုသို့ အဖွဲ့ဖွဲ့ခြင်းမျိုးမှာ အိပ်မောကျနဂါးပြိုင်ပွဲတိုင်းတွင် တွေ့ရတတ်သည်။ ယူချင်းနှင့် အခြား လေးယောက်မှာလည်း သူတို့ ဆန္ဒရှိပါလျှင် မူလကတည်းက ပူးပေါင်း တိုက်ခိုက်နိုင်၏။

သို့ပေမဲ့လည်း ထိုလူများမှာသည် လုပ်နိုင်စွမ်း သိပ်မရှိကြသလို အရေအတွက်ကလည်း သိပ်မများလှပေ။ ယင်းသည် အခြားလူများ၏ ဒေါသကို ဆွမိပြီး ၎င်းတို့က အသင်းဖွဲ့ထားသူတို့ကို ဦးဆုံး တိုက်ခိုက်ဖယ်ရှားလိုကြ၏။

ထို့ကြောင့်ပင် အသင်းဖွဲ့ထားသူတို့မှာ သူတို့ကိုယ်သူတို့ မသိသာစေရန် လုပ်ဆောင်ပြီး အာရုံစိုက်ခံရကာ ပစ်မှတ်ဖြစ်လာနိုင်သည့် ဘေးမှ ရှောင်ရှားရသည်။ ထို့နောက် သူတို့က သိပ်မထင်ရှားသည့် သူများကို ရွေးချယ်၍ ဖယ်ရှားပစ်ကြလေသည်။

နောက်ထပ် ကြီးမားသော ဘေးအန္တရာယ် တစ်ခုလည်း ရှိသေးပေသည်။ ၎င်းအခြေအနေကို ‘နဂါးအမဲလိုက်ခြင်း’ ဟု လူသိများကြသည်။

ထိုအမဲလိုက်ခြင်းသည် အိပ်မောကျနဂါးပြိုင်ပွဲ၏ နာမည်ကျော်များကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။ ထိုအမဲလိုက်ခြင်းမျိုး သည်တစ်ကြိမ်တွင် ဖြစ်လာမလားကိုတော့ မည်သူမှ မပြောနိုင်။

“ထျန်းယင်မြို့က တစ်ယောက်မလား” ယူချန်းတစ်ယောက်သာ သတိပြုမိသည် မဟုတ်ပေ။ ရဲတိုက်မှ လူအများကလည်း ထိုအဖွဲ့တွင်းမှ လူများကို သတိပြုမိကြသည်။ အဖွဲ့ဖွဲ့စည်းလိုက်ခြင်းသည် ပိုမို သိသာထင်ရှားစေပြီး သတိပြုမိရန်လည်း ပိုလွယ်လေသည်။

“အဲဒါ ပိုင်ချန်းလော့ပဲ” ဆန်းဇွန်၏မျက်နှာက နက်မှောင်သွား၏။

ပိုင်ချန်းလော့သည် ထျန်းယင်မြို့မှ မြို့တော်အရှင်၏ သားဖြစ်ပြီး သူ၏စွမ်းအားမှာ ရှီတန်ခိုးရှင်များကြား၌ သိသိသာသာ အားကောင်းပေသည်။ သူက ဖန့်ရှောင်း၊ ယန်ထုံ၊ ကျိုးရွှီတို့နှင့် မယှဉ်သာသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အားကောင်းပေ၏။

တစ်ဖက်တွင် သူသည် အဖွဲ့လိုက် အင်အားလည်း ရှိနေပေသေးသည်။

ထျန်းယင်မြို့မှ တန်ခိုးရှင်များသည် ပိုင်ချန်းလော့ အနိုင်ရရှိစေရန် အစွမ်းကုန် ကူညီ တိုက်ခိုက်ပေးကြမည်မှာ သေချာ၏။

ထို့အပြင် ပိုင်ချန်းလော့နှင့် သူ့လူများက ယူချင်းရှိရာသို့ ဦးတည်နေသည်။ ပြိုင်ပွဲအတွင်း သူတို့၏ ပထမဆုံးပစ်မှတ်မှာ လတ်တလော တိုက်ခိုက်နေသည့် စုချွဲဖြစ်သည်။

ဆန်းဇွန်သည် သွေးနားထင်ရောက်နေသည့် ပုံဖမ်းနေသည့် ယူချင်းကို ပယ်ပယ်နယ်နယ် ကျိန်ဆဲလိုက်တော့သည်။

သူတို့က အဖွဲ့ဖွဲ့ရန် စိတ်ကူးမရှိခဲ့ရာ ယခု ထျန်းယင်မြို့မှ ပိုင်ချန်းလော့က တခြားလူများနှင့် အဖွဲ့ဖွဲ့ကာ သူတို့ကို ဆွဲချကြတော့မည်။

“စုချွဲ … နောက်ဆုတ်” ယူချင်းက ပြောလိုက်ပြီး စတင်ပြေးသည်။ သူ့ ခြေလှမ်းများက စင်မြင့်ကို တုန်ခါသွားစေသည်။

စုချွဲက ယူချင်း၏စကားကို ကြားသည်နှင့် တစ်ဖက်လူနှင့် တိုက်ခိုက်နေရာမှ နောက်သို့ ဆုတ်လိုက်၏။

စုချွဲနှင့် တိုက်ခိုက်နေသည့် သူကလည်း အလွန်အန္တရာယ်ရှိသည့် အငွေ့အသက်ကို ခံစားမိလိုက်ကာ စုချွဲကို ရပ်တန့်ရန် မကြိုးစားတော့ဘဲ သူသည်လည်း ပြန်ဆုတ်ခွာ သွားခဲ့သည်။

ချွင် …

ချက်ချင်းပင် သူတို့ ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ် ပြင်းထန်လှသည့် လူသတ်ငွေ့များ ပြည့်နှက်သွားသည်။ သဏ္ဌာန်မဲ့ အသံလှိုင်းများသည် အရာရာကို ဖြတ်သန်း၍ လူတိုင်း၏ စိတ်အတွင်းသို့ စိမ့်ဝင်သွားသည်။

စုချွဲနှင့် မူလက တိုက်ခိုက်နေခဲ့သည့် သူမှာလည်း မဟာလမ်းစဉ်၏ အသံစွမ်းအားဖြင့် တိုက်ခိုက်ခံရမှုကြောင့် သူ၏ ဦးနှောက်တစ်ခုလုံး တုန်ခါနေသည်။

ယူချင်းသည်လည်း သူ၏ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို ခံစားရ၏။

ဘုန်း…

သူက ရပ်တန့်ခြင်း မရှိဘဲ စုချွဲ ရှိနေသည့် နေရာသို့ ချက်ချင်းပင် အရှိန်မြှင့်ကာ ပြေးသွားလိုက်၏။

ထိုအချိန်၌ တစ်ဖက်အုပ်စုက သူတို့၏ လက်များကို မြှောက်ကာ ဝှေ့ယမ်းသည်။ ချက်ချင်းပင် သဏ္ဌာန်မဲ့ စွမ်းအားများက နေရာတဝိုက်ကို ဖျက်ဆီးတော့မလို အသံလှိုင်းများအဖြစ် ပျံ့နှံ့သွားသည်။

စုချွဲ၏ယှဉ်ပြိုင်ဘက်သည် သဏ္ဌာန်မဲ့အသံစွမ်းအား၏ တိုက်ခိုက်မှုကို ခံရပြီး အက်ကွဲသံကို ကြားလိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေ၍ သွေးများက သူ့ကိုယ်ရှိ အပေါက်များမှ စီးကျလာသည်။

ချွပ် …

သတ်ဖြတ်ခြင်းအသံက တစ်ဖန်ထွက်ပေါ်လာပြန်ကာ လူစုသည် လဲကျသွားသူကို ကျော်ဖြတ်၍ သွားခဲ့သည်။ ထိုလူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါနေပြီး လျင်မြန်စွာဖြင့် အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ထိုနေရာ၌ပင် ချက်ချင်း အသတ်ခံလိုက်ရသည်။

ထိုအဖွဲ့သည် ညှာတာထောက်ထားမှု မရှိဘဲ ပြိုင်ဘက်များကို အနိုင်ယူရန်သာ ဆန္ဒရှိလေသည်။ သူတို့သည် ပြိုင်ဘက်များကို မြန်မြန်ဆန်ဆန် အဆုံးသတ်ခဲ့ကြသည်။

စုချွဲက မီးခိုးရောင် အရိပ်အဖြစ် ပြောင်းလဲသွားသော်လည်း သူက အသံထက် လျင်မြန်အောင်တော့ မလှုပ်ရှားနိုင်ပေ။ သူလည်း ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ တစ်ဖက်အသင်းမှ သဏ္ဌာန်မဲ့ သတ်ဖြတ်မှုစွမ်းအားများက သူ့ထံကို အရှိန်အဟုန် ပြင်းထန်စွာဖြင့် ပြေးဝင်လာပြီး သူတို့ နောက်ဆုံး သတ်ခဲ့သည့် တစ်ယောက်ကဲ့သို့ ရှင်းလင်းရန် ဟန်ပြင်ကြ၏။

ထိုအချိန်၌ သန်မာရဲဝံ့သည့် ပုံရိပ်တစ်ခုက စုချွဲ၏ ရှေ့တွင် ပေါ်ပေါက်လာသည်။ ပြင်းထန်သည့် တိုက်ခိုက်မှုများသည် သူ့ခန္ဓာပေါ်သို့ အဆက်မပြတ် ကျရောက်လာပြီး သူ၏ အနက်ရောင်ဝတ်စုံကို စုတ်ပြဲသွားစေသည်။

သို့သော်လည်း ထိုထည်ဝါသည့် ပုံရိပ်သည် မဟူရာရွှေသံချပ်ကို ဝတ်ဆင်ထားပြီး မည်သို့မျှ မထိခိုက်သည့် အသွင်ဖြင့် စုချွဲထံသို့ ရောက်လာသည့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို တားဆီးထားပေးသည်။ ထို့ကြောင့်ပင် စုချွဲသည် မရဏအသံလှိုင်းများအားသာ တောင့်ခံရန် လိုခဲ့၏။

စုချွဲရှေ့တွင် ယူချင်း ပေါ်လာခဲ့သော်လည်း တစ်ဖက်လူများက ရပ်တန့်သွားခြင်း မရှိပေ။ သူတို့က အရှေ့ကို ဆက်လှမ်းလာကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏ လက်များကို ဝှေ့ယမ်းသည်။ မူလကကဲ့သို့ မရဏအသံများနှင့်အတူ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသော စည်သံများအား ကြားလိုက်ကြရသည်။ အလွန်အမင်း ပြင်းထန်လှသည့် ဖိအားများက သူတို့အနီးတွင် အရှိန်ပြင်းစွာ စီးဆင်းနေပြီး ထောက်ထားညှာတာမှု ကင်းမဲ့စွာဖြင့် ယူချင်းကို ဆင့်ကာ ဆင့်ကာ ထိုးနှက် တိုက်ခိုက်တော့သည်။

ဘုန်း … ဘုန်း … ဘုန်း…

ဆက်တိုက် ကျဆင်းလာသည့် လှိုင်းများ တစ်ခုပြီး တစ်ခုက သူ့ကို ရိုက်ခတ်လာပြီး မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည့် အသံကို ယူချင်းခန္ဓာကိုယ်မှ ကြားလိုက်ရသည်။

သို့သော် ယူချင်းသည် ဘာမှဖြစ်မသွားဘဲ ထိုနေရာတွင်ပင် ဆက်လက် ရပ်နေနိုင်ဆဲဖြစ်၏။  သူ့ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ ပိုင်ချန်းလော့ မျက်မှောင်ကြုတ်သည်။ သူတို့၏ စုပေါင်းတိုက်ကွက်က လိုက်ဖက်ညီလှပြီး စွမ်းအားများကို အဆပေါင်းများစွာ တိုးတက်သွားစေသည်။

သို့တိုင်အောင် သူက ရပ်နေနိုင်သေးသည်လား။

ထိုမရဏသံစဉ်က တစ်ချိန်တည်းမှာ ယူချင်း၏ ခန္ဓာကိုယ်တွင် လှည့်ပတ်နေသည်။ လေထုထဲတွင် ကျယ်လောင်လှသည့် ဆူညံသံနှင့် ယူချင်း၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားရန် တိုက်ခိုက်ထိုးနှက်၏။ စိတ်ဝိညာဉ် တိုက်ခိုက်မှု ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဖြစ်စေ ယူချင်းသည် အရာအားလုံးကို ကောင်းကောင်း တောင့်ခံထားနိုင်ဆဲဖြစ်၏။

သူ့မျက်လုံးများက ပိုင်ချန်းလော့ကို စူးရဲစွာ ကြည့်၏။ ကြောက်မက်ဖွယ် ဝဲကတော့တစ်ခုက သူ၏ ခန္ဓာအထက်တွင် ပေါ်ပေါက်လာပြီး ထိုအမည်းရောင် ဝဲဂယက်ကြီးက သူတို့၏ တိုက်ခိုက်မှုမှ ဖြစ်တည်လာသည့် စွမ်းအားများ အားလုံးကို ဝါးမျိုသွားတော့သည်။

အနက်ရောင် အရှိန်အဝါများက နေရာတစ်ခုလုံးကို ဖြတ်သန်းကာ ဖုံးလွှမ်းသွားတော့သည်။ ပိုင်ချန်းလော့သည် သူ့ထံသို့ တိုးဝင်လာသည့် အန္တရာယ်ကို ခံစားမိသည်။

ဘုန်း …

ယူချင်းက ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူတို့၏ တိုက်ခိုက်မှုများကို ပြန်လည် တုံ့ပြန်၏။

ဒေါသအရှိန်အဝါများက သူ့တစ်ကိုယ်လုံးတွင် လွှမ်းခြုံလာနေခဲ့သလို ပြင်းထန်သည့် စည်သံကိုလည်း ကြားလိုက်ရသည်။ သူ ပစ်သွင်းလိုက်သည့် လက်သီးအရှိန်ကြောင့် လေထဲတွင် အော်မြည်သံသဲ့သဲ့ ထွက်ပေါ်လာသည်။ သူ၏ မဟူရာရွှေရောင် လက်သီးက စည်သံကို လွှမ်းခြုံသွားခဲ့သည်။

ဤတွင် သူတို့က ယူချင်းကို ကနဦး၌ တိုက်ခိုက်ရန် အသုံးပြုခဲ့သည့် မဟာလမ်းစဉ်၏ စွမ်းအားများဖြင့်ပင် ပြန်လည် တိုက်ခိုက်ခံခဲ့ရသည်။

ဝဲဂယက်ကဲ့သို့ ထိုစွမ်းအားလှိုင်းကြီးသည် တစ်အုပ်စုလုံးကို လွှမ်းခြုံသွားပြီး သူတို့သည် အပြင်းအထန် ရုန်းကန်ကာ ခုခံကြရ၏။ လက်သီးချက်များက လေထဲတွင် အရိပ်ကြီးများသဖွယ် ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားတော့သည်။ တစ်မုဟုချင်းပင် သူတို့အားလုံး၏ ခန္ဓာကိုယ်၌ သွေးလွှမ်းသည့် အပေါက်များ ဖြစ်ပေါ်လာသည်။ သူတို့၏ မျက်နှာက သွေးဆုတ်ဖြူဖျော့သွားက သူတို့ကိုယ်ကို ငုံ့ကြည့်ကြသည်။

သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုမှာ ယူချင်းအား တုတ်တုတ်မျှ မလှုပ်စေခဲ့ပေ။ တစ်ဖက်တွင် ယူချင်းက သူတို့အား လက်သီး တစ်ချက်တည်းဖြင့် အဆုံးသတ်ခဲ့၏။

ထိုပြင်းထန်လှသည့် တိုက်ခိုက်မှုကြောင့် ပိုင်ချန်းလော့ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့သည်။ ယူချင်းက ခြေလှမ်းကျယ်ကြီး လှမ်းလိုက်သည်တွင် သူတို့၏ ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ သူက ခြေတစ်လှမ်းနှင့်ပင် အနီးဝန်းကျင်တစ်ဝိုက်ကို လွှမ်းမိုးနိုင်စွမ်း ရှိပေ၏။ ယင်းခြေလှမ်းမှာ ရွှမ်ယွင်ခြေလှမ်းသိုင်းပင်ဖြစ်၏။

သူက ခြေလှမ်းများစွာကို ဆက်တိုက် လှမ်းလိုက်သည်တွင် ပိုင်ချန်းလော့သည် သူ့အပေါ်ကို မွန်းကျပ်စေသော စွမ်းအားများ လွှမ်းမိုးလာသည်ကို ခံစားလိုက်ရသည်။ သူက သူ၏ သက်စောင့်ဝိညာဉ်ကို ဆင့်ခေါ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းသည်။ မဟာလမ်းစဉ်၏ စွမ်းအားများသည် မိုးကြိုးကဲ့သို့ ဟိန်းဟောက်သံပေးပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ စည်သံများက လေထုကို ဖြတ်သန်းကာ ယူချင်းထံသို့ ဦးတည်သွားသည်။

ယူချင်းက မားမားမတ်မတ် ရပ်လိုက်ပြီး စည်သံ၏ဖိအားကြီးကို ဖြတ်ကာ ကမ္ဘာမြေကို တုန်ဟီးသွားစေသည့် မာန်သွင်းသံ တစ်ချက်ကိုပေးလျက် နောက်ထပ် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် စစ်နတ်ဘုရားကဲ့သို့ မဟာလမ်းစဉ်၏ ကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်သည့် တုန်ခါမှုများ ဖြစ်ပေါ်လာသည်။

သန်မာကြီးမားသော အရိပ်သဏ္ဌာန်က လေထုကို ဖြတ်သန်းသွား၏။

ဘုန်း …

သူ့လက်သီးက သူ့ရှေ့မှ လေထုကို ဖြတ်သန်းသွားပြီး ကျယ်လောင်သည့် မြည်သံကြီးကို ကြားလိုက်ရကာ ပိုင်ချန်းလော့၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ပိုင်ချန်းလော့၏ အတွင်းကလီစာများမှာ စက္ကန့်ပိုင်းအတွင်း အပိုင်းပိုင်း ပျက်စီးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် ပြုတ်ကျသွားခဲ့ပြီး သူ့မျက်လုံးများတွင် စိတ်ပျက်ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။

သူကား ရှေ့မှ သန်မာသော လူငယ်အား ကြည့်ကာ အကြီးအကျယ် ထိတ်လန့်နေခဲ့၏။

ရဲတိုက်အမြင့်ပိုင်းတွင် ရှိနေသည့် ထျန်းယင်မြို့မှ တန်ခိုးရှင်များမှာ သူတို့ရှေ့မှ မြင်ကွင်းကြောင့် မျက်နှာများ ပျက်သွားကြ၏။

ပိုင်ချန်းလော့သည် အလွန်စွမ်းအားကြီးမားပြီး သူ့ကို ကူညီထောက်ပံ့ပေးနိုင်ရန် ပြိုင်ပွဲတွင် အဖွဲ့လည်း တစ်ဖွဲ့ လိုက်ပါစေခဲ့၏။ အိပ်မောကျနဂါးပြိုင်ပွဲ၌ သူတို့သည် ပိုင်ချန်းလော့ အပေါ်တွင် မျှော်လင့်ချက်များ ထားခဲ့ကြပြီး သွေးနဂါးစစ်တပ်သို့ ဝင်ရန် မျှော်လင့်ထားကြ၏။

သို့သော်လည်း သူတို့ မျှော်လင့် မထားခဲ့သည်ကား ထိုတစ်အုပ်စုလုံးသည် ယူချင်းဟူသော လူတစ်ယောက်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ခြင်းပင်။

သည်လူသည် ချန်ယဲ့မြို့မှ မဟုတ်ဟုလည်း ကောက်ချက်ချမိကြ၏။

သူတို့က ဆန်းဇွန် ရှိရာဘက်သို့ လှမ်းကြည့်ကြ၏။

ဆန်းဇွန်က စိတ်သက်သာရာ ရသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက် ချသည်။ ယူချင်းက သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူက စွမ်းအားကြီးမားသည့် ပိုင်ချန်းလော့ကိုပင် အလွယ်တကူ အနိုင်ရခဲ့၏။

တိုက်ပွဲက အားလုံး၏ အာရုံကို ဖမ်းစားသွားနိုင်ပြီး သူတို့သည် ယူချင်းအပေါ် အမြင်များ ပြောင်းလာခဲ့ကြ၏။ ယူချင်းကား အလွန် စွမ်းအားကြီးလွန်းပေသည်။

သူက တိုက်ပွဲ၌ နောက်ဆုံး ကျန်ရစ်နိုင်သူအချို့ထဲမှ တစ်ယောက် ဖြစ်နိုင်ပေသည်။

အိပ်မောကျနဂါးပြိုင်ပွဲတွင် အမည်မသိ စွမ်းအားမြင့်တန်ခိုးရှင်များ ပါဝင်တတ်သည်မှာ သိပ်တော့ မဆန်းပေ။

စစ်ထိုရန်သည် အလွန်အမင်း တုန်လှုပ်သွားပြီး မယုံကြည်နိုင်သော အမူအရာဖြင့် ရီဖူရှင်းကို ကြည့်သည်။

ရီဖူရှင်းက ယူချင်းအပေါ် သည်မျှ ယုံကြည်နေခြင်းမှာ မထူးဆန်းတော့။

သို့သော်လည်း ယူချင်းအပေါ်၌ အရာအားလုံးကို လောင်းကြေးထပ်ခဲ့သည့် ရီဖူရှင်း၏ လုပ်ရပ်သည် အလွန် အန္တရာယ်များသည်ဟု သူမ တွေးမိနေဆဲ ဖြစ်သည်။ သူက ယူချင်း၏စွမ်းရည်ကို များစွာ ယုံကြည်နေလျှင်ပင် ထိုသို့ အရဲစွန့်ခြင်းက ကောင်းသော လက္ခဏာ မဟုတ်ပေ။

အိပ်မောကျနဂါး ပြိုင်ပွဲသည် နိုးထနဂါး တိုက်ပွဲစင်မြင့်တွင် ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။ တိုက်ခိုက်ရေးသမားများက တဖြည်းဖြည်း နည်းသထက် နည်းလာသည်။ ဒဏ်ရာရသူ သေသူများက နေရာအနှံ့ ဖြစ်ကာ ပြင်းထန်သည့် တိုက်ပွဲများကတော့ ဆက်လက် ဖြစ်ပွားနေသည်။ တိုက်ပွဲ၏ ပြင်းထန်မှုများမှာ ရှန့်ထိုအဆင့်များ၏ အာရုံကိုပင် ဖမ်းစားလိုက်နိုင်သည်။

ဤသို့ဖြင့် အားလုံး စောင့်စားနေသည့် နောက်ဆုံးပွဲစဉ်က မကြာခင်တွင် ရောက်လာတော့မည် ဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset