Switch Mode

အခန်း ( ၉၇ )

နေရာအနှံ့ မြင်တွေ့နေရပါသောဖက်တီးများ

ဝမ်ပေါင်လဲ့ ဘေးမှဖြတ်ပြေးသွားသည့် တချိန်တည်းမှာပင် လီယီ၏ ရဲရဲနီနေသော နှုတ်ခမ်းဖူးလေးများမှာ သူမ၏ ဝိညာဉ်အမြစ် လူရိပ်ပေါ်သို့ အချစ်ဇောဟုန်အပြည့်ဖြင့် နမ်းရှိုက်လိုက်၏။

ထိုအခိုက်အတန့်မှာပင် လီယီ၏ ဝိညာဉ်အမြစ် လူရိပ်မှာ ချက်ချင်းဆိုသလို ပြောင်းလဲကာ ဖောင်းကားသွား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ လီယီ၏ သေးသွယ်သွယ် ခန္ဓာကိုယ်လေးမှ လုံးဝန်းသော ခန္ဓာကိုယ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ၎င်း၏ မျက်နှာမှာလည်း မှုန်ဝါးဝါး ဖြစ်သွားပြီး လီယီ၏ မျက်နှာ မဟုတ်တော့ဘဲ ဝမ်ပေါင်လဲ့၏ မျက်နှာအဖြစ်သို့ ရောက်သွားတော့သည်။

ထိုအဖြစ်အပျက်အားလုံး မြန်ဆန်လွန်းလှ၏။ ဝမ်ပေါင်လဲ့နှင့် သူ၏ နောက်မှလိုက်လာသော ဖက်တီးဂိုဏ်းကြီးမှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်ဖြစ်ရာ လီယီပင် အံ့ဩတုန်လှုပ်ကာ ကြက်သေသေသွားရ၏။ သူမမှာ အသိစိတ် ပြန်ဝင်လာသောအခါမှသာ သူမ ပွေ့ဖက်ထားမိသော ဝမ်ပေါင်လဲ့၏ လူရိပ်ကြီးကို ဆွံ့အစွာ စိုက်ကြည့်နေမိတော့သည်။ သူမ၏ ရဲရဲနီနေသော နှုတ်ခမ်းဖူးလေးမှာလည်း ထိုဖက်တီး၏ ပါးပြင်ပေါ်သို့ ရောက်နေ၏။

ထိုကဲ့သို့ ရုတ်ချည်း ဖြစ်ပျက်သွားသည့် ကိစ္စများအားလုံးကြောင့် လီယီမှာ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူမမှာ အသိစိတ်များ ကယောင်ချောက်ချား ဖြစ်သွားရပြီး သူမ၏ဘဝတစ်လျှောက် တစ်ခါမှ မကြားဖူးသော အသံမျိုးဖြင့် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းကာ နောက်သို့ ချက်ချင်းပင် ဆုတ်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ လူရိပ်ကြီးမှာမူ အမြန်ဆုံးသော အရှိန်ဖြင့် လီယီ၏ ရင်ခွင်ထဲမှ ချက်ချင်းပင် ရုန်းထွက်သွားပြီး ညည်းတွားကာ ဝမ်ပေါင်လဲ့အစစ်နောက်သို့ ပြေးလိုက်သွား၏။

ဝမ်ပေါင်လဲ့မှာ ရှေ့ဆုံးတွင် ဦးဆောင်၍ ပြေးလွှားနေစဉ် နောက်မှ အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။ သူသည် နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ လီယီကို သတိမထားမိလိုက်ဘဲ သူ့ဆီသို့ ပြေးလာနေသည့် ဝိညာဉ်အမြစ် လူရိပ်ကြီးကို စိတ်ဝင်စားသွားတော့သည်။

” တစ်လက်မ ဝိညာဉ်အမြစ်ပဲဟ။ နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် စိတ်လှုပ်တရှား ဖြစ်သွားပြီး ကောင်းကင်ကြီးအား မော့ကြည့်ကာ ရယ်မောလိုက်၏။ သူသည် ချက်ချင်းပင် နောက်သို့လှည့်ကာ လမ်းကြောင်းပြောင်းလိုက်ပြီး ထို တစ်လက်မဝိညာဉ်အမြစ်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ၎င်း၏အနီးသို့ ရောက်သွားသောအခါ ရယ်မော၍ ထိုးနှက်လိုက်၏။ သူသည် အင်အားအကုန်လုံးကို ထုတ်သုံးလိုက်သောကြောင့် တရွှီရွှီမြည်သံများပင် ထွက်ပေါ်လာသည်။

ထို့နောက် အုန်းခနဲ အသံကျယ်ကြီးတစ်သံ မြည်ဟည်းသွားပြီး ထို တစ်လက်မ ဝိညာဉ်အမြစ်မှာ ဝမ်ပေါင်လဲ့၏ ထိုးနှက်ချက်ကြောင့် ချက်ချင်းပင် တစ်စစီ ကြေမွပျက်စီးသွားပြီး အစိမ်းရောင် မြူခိုးများအသွင် ပြောင်းလဲကာ သူ၏ လက်ဝါးများထဲမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ လူးလွန့်ဝင်ရောက်သွားတော့သည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ အဆင့်တက်သွားတော့မည့် ခံစားချက်ကြီးတစ်ခုကို ခံစားမိလိုက်၏။ ထို့ကြောင့် သူသည် ထို ခံစားချက်ကြီးအား အလျင်အမြန်ပင် ချုပ်တည်းလိုက်ပြီး အလွန် စိတ်လှုပ်ရှားသွားရတော့သည်။ သူသည် နောက်သို့ပြန်လှည့်ကာ ပြေးထွက်သွားသဖြင့် သူ၏နောက်မှ လိုက်လာကြသော ဖက်တီးများမှာလည်း သူ့အား ဆက်၍ လိုက်ဖမ်းနေကြဆဲပင်။

ထိုအဖြစ်အပျက်များမှာ အလွန် မြန်ဆန်လွန်းနေ၏။ လီယီ အသိစိတ် အပြည့်အဝ ပြန်ဝင်လာသော အချိန်တွင်မူ ဝမ်ပေါင်လဲ့မှာ မရှိတော့သလို ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်စပင် ပြုနေပြီ ဖြစ်သည်။ ထို့ကြောင့် တခဏအကြာတွင် လီယီမှာ အော်ဟစ်ကြိမ်းဝါးလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ နင်နဲ့ငါ ဒီလောက်နဲ့ ဇယားပြတ်သွားလိမ့်မယ်လို့ မထင်နဲ့ ”

သူမ၏ အသံမှာ အလွန် စူးရှနေ၏။ ဝမ်ပေါင်လဲ့မှာ အဝေးကြီးသို့ ရောက်နေသည့်တိုင်အောင် ထိုအော်ဟစ်သံ တချို့တဝက်ကို လှမ်း၍ကြားလိုက်ရဆဲပင်။ သို့သော် လက်ရှိတွင် သူသည် အခြားသူများကို အာရုံစိုက်နေရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် အမြန်ဆုံးသော အရှိန်ဖြင့် ရှေ့သို့သာ ပြေးထွက်သွားပြီး နှစ်လက်မ ဝိညာဉ်အမြစ်ကို ရှာတွေ့နိုင်ရန် အတွက်သာ အပြည့်အဝ အာရုံစိုက်ထား၏။

အမှန်တွင် သူသည် နှစ်လက်မ ဝိညာဉ်အမြစ်မှလွဲ၍ အခြားဝိညာဉ်အမြစ်အားလုံးကို ရှာတွေ့ခဲ့ပြီးသား ဖြစ်သည်။

ထို့ကြောင့် သူသည် နှစ်လက်မဝိညာဉ်အမြစ်တစ်ခုကို စုပ်ယူလိုက်ရုံနှင့် သူ၏နောက်မှ လိုက်လာကြသော ဖက်တီးများကို တိုက်ခိုက်နိုင်စွမ်း ရှိသွားမည်သာ ဖြစ်သည်။ သူသည် ထိုသို့တိုက်ခိုက်ရင်း သုံးလက်မ၊ လေးလက်မအဆင့်မှနေ၍ ခုနစ်လက်မဝိညာဉ်အမြစ်အထိ ဆက်တိုက် စုပ်ယူနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားသည်။

သို့သော် ကံတရားမှာ သူ့ဘက်တွင် ရှိမနေခဲ့ပေ။ သူသည် ဝိညာဉ်အမြစ်ရွာတစ်ရွာလုံးထဲတွင် အဆက်မပြတ်ပြေးလွှားနေရင်း ယခင်က ပေါ်လာခဲ့သည့် သူ၏ခေါင်းပေါ်မှ ဖြတ်ပျံသွားခဲ့သော ကိုးလက်မဝိညာဉ်အမြစ် အပါအဝင် အခြား ဝိညာဉ်အမြစ်များကိုပါ ထပ်၍ရှာတွေ့ခဲ့ပါသော်လည်း နှစ်လက်မဝိညာဉ်အမြစ် တစ်ခုတစ်လေကိုပင် ရှာမတွေ့နိုင်သေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရူးမတတ်ဖြစ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေရ၏။

အချိန်ကြာလာလေလေ ပို၍ ဆိုးလာလေလေပင်။ တစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် သူ၏နောက်မှ လိုက်လာနေကြသော ဖက်တီးအရေအတွက်မှာ ထောင်ဂဏန်းအထိ ရှိနေပြီဖြစ်သည်။ ထို အင်အားတောင့်တင်းပြီး ကြောက်မက်ဖွယ်ကောင်းသော တပ်ဖွဲ့ကြီးကြောင့် ဝိညာဉ်အမြစ်ရွာထဲတွင် ဝမ်ပေါင်လဲ့မှာ အလွန် နာမည်ကျော်ကြားနေရတော့သည်။ တာအိုကျောင်းများမှ ကျောင်းသားအားလုံးနီးပါး သူ၏ ပုံရိပ်များကို မြင်ဖူးထားကြပြီး ဖြစ်သည်။

” ဝမ်ပေါင်လဲ့ရာ … မင်း စောင့်နေနှင့်ဦးပေါ့ကွာ ”

” ဝမ်ပေါင်လဲ့ … ငါ သေချာပေါက် လက်စားပြန်ချေပြမယ်ကွ ”

” ဒီဖက်တီးက တမင်လုပ်နေတာပဲ ဖြစ်ရမယ် ”

ပင့်သက်ရှိုက်သံများ၊ ညည်းသွားသံများနှင့် ကျိန်ဆဲသံများမှာ ကျောင်းသားများထံမှ မရပ်မနား ထွက်ပေါ်လာကြတော့သည်။ သူတို့၏ နှလုံးသားများထဲတွင် မုန်းတီးမှုများနှင့် ပြည့်နှက်နေကြ၏။ လီယီ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကြီးကဲ့သို့ပင် သူတို့အများစုမှာ သူတို့၏ ဝိညာဉ်အမြစ်များနှင့် တစ်သားတည်း မပေါင်းစည်းနိုင်ခင် ထိုဝိညာဉ်အမြစ်များမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် ပုန်ကန်ထကြွသွားကြသည်သာ ဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့နှင့် ရေစက်ပါသော ဝိညာဉ်အမြစ်များမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် များပြားနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ တစ်ယောက်တည်းကြောင့် ကျောင်းသားပေါင်းမြောက်မြားစွာ၏ တိုးတက်မှုခရီးစဉ်များမှာ နှောင့်နှေးကြန့်ကြာသွားရ၏။

ဝမ်ပေါင်လဲ့မှာလည်း ခိုကိုးရာမဲ့နေသလို အလွန် ပူပန်ကြောင့်ကြနေရတော့သည်။ ဝိညာဉ်အမြစ်ရွာ တစ်ရွာလုံးမှာ သာမန်အတိုင်းဆိုလျှင် အားမပြင်းသော သံလိုက်စက်ကွင်းတစ်ခု၏ အောက်သို့ ရောက်နေခြင်း ဖြစ်သည်။ သို့သော် တစ်ရက်လုံးတိတိ ‌မောပန်းနွမ်းနယ်စွာ ပြေးလွှားနေရပြီးနောက် ဝမ်ပေါင်လဲ့မှာ ထိုသံလိုက်ဓာတ်များကို အပြင်းအထန်ခံစားနေရပြီး ၎င်းတို့ကြောင့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းထားရသကဲ့သို့ ဖြစ်နေတော့သည်။ သို့သော် ဝိညာဉ်အမြစ်များမှာမူ မည်သည့်ပင်ပန်းနွမ်းနယ်မှုဒဏ်ကိုမှ ခံစားနေရခြင်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်သောက ရောက်နေရတော့သည်။ သူသည် ရပ်တန့်လိုက်မည်ဆိုပါက သူ၏ပုံစံတူ လူရိပ်ပေါင်းတစ်ထောင်ကျော်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရမည်ဖြစ်ရာ ရပ်တန့်၍လည်း မရပေ။ ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြီးကို သူ၏ အတွေးထဲတွင် ပုံဖော်မိလိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွားရ၏။

” ငါ ဘာလုပ်ရပါ့ကွာ။ နှစ်လက်မဝိညာဉ်အမြစ်ရေ… နှစ်လက်မဝိညာဉ်အမြစ်ရဲ့။ မင်း ဘယ်ရောက်နေတာလဲကွ ”

ဝမ်ပေါင်လဲ့မှာ ရှုံ့မဲ့နေပြီး မှော်ဝင်နယ်မြေ စစ်ဆေးပွဲ တစ်ခုလုံး ဖော်ပြ၍မရနိုင်လောက်အောင် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ ညဉ့်နက်သန်းခေါင်းယံအချိန်သို့ ရောက်လာသဖြင့် အခြားလူအားလုံး အနားယူနေကြသည့်တိုင်အောင် သူသည် ဆက်လက်ပြေးလွှားနေရဆဲပင်။

” ဘိုးဘေးကြီးတို့ခင်ဗျား။ ကျေးဇူးပြုပြီး ကျနော့် နောက်ကို မလိုက်ကြပါနဲ့တော့။ ဒီနေရာမှာ လူတွေအများကြီး ရှိတာကိုဗျာ။ သူတို့နောက်ကို လိုက်ကြပါလားဗျ ”

အရုဏ်တက်ချိန်သို့ ရောက်လာသောအခါတွင် ဝမ်ပေါင်လဲ့မှာ တစ်နေ့လုံး တစ်ညလုံး ပြေးလွှားနေခဲ့ရသည်ဖြစ်၍ သူ၏ သက်လုံမှာ တဖြည်းဖြည်းနှင့် လျော့ကျလာပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏နောက်မှ လိုက်လာကြသော ဝိညာဉ်အမြစ်နှင့် ဆွေးနွေးညှိနှိုင်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။

သို့သော် သူသည် သူ၏ စွဲဆောင်မှုကို လျှော့တွက်မိခဲ့သည်။ ဝိညာဉ်အမြစ်များမှာ သူ့အား ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ပို၍ပင် မြန်ဆန်လာကြပြီး သူတို့၏ ညည်းတွားသံများမှာ ကျယ်လောင်လာကြ၏။

ဝမ်ပေါင်လဲ့မှာ အကျပ်ရိုက်နေရပြီဖြစ်သောကြောင့် ကောင်းကင်ကြီးကိုသာ မေးခွန်းထုတ်လိုက်ရတော့သည်။ သူသည် ပုန်းကွယ်ခြင်းဖြစ်စေ၊ ၎င်းတို့အား အာရုံလွှဲခြင်းဖြင့် ဖြစ်စေ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ဖူးပါသော်လည်း ဝိညာဉ်အမြစ်များ၏ သူ့အား လိုက်လံဖမ်းဆီးနေမှုကို လမ်းကြောင်း မပြောင်းနိုင်ခဲ့ပေ။ သူက ရွှေရောင်ခန္ဓာကို စမ်း၍ ထုတ်လွှတ်ခဲ့ဖူးပါသော်လည်း ၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏နောက်မှ လိုက်လာကြသော ဝိညာဉ်အမြစ်များမှာ ပို၍ပင် စိတ်လှုပ်ရှားကာ ‌ဗြောင်းဆန်လာကြသဖြင့် သူ ချက်ချင်းပင် ရပ်တန့်ခဲ့ရ၏။

သူသည် တောင်တစ်လုံး၏ဘေးမှ ဖြတ်ပြေးသွားသည့် အချိန်တွင် ကူရာကယ်ရာမဲ့နေသည့် ဘဝသို့ ရောက်နေသည့်အပြင် အလွန် မောပန်းနွမ်းနယ်နေပြီဖြစ်ရာ စဉ်းစားဆင်ခြင်မနေတော့ဘဲ သူ၏ ညာလက်ဖြင့် အော်လံကြီးကို ထုတ်ယူလိုက်ပြီး အကျယ်လောင်ဆုံးသော အသံဖြင့် သူ၏နောက်မှ ဝိညာဥ်အမြစ်အုပ်ကြီးဘက်သို့လှည့်၍ အော်ဟစ်လိုက်တော့သည်။
” ထွက်သွားကြစမ်း ”

ထိုအော်ဟစ်သံကြီးမှာ ကျယ်လောင်လွန်းလှသောကြောင့် ကောင်းကင်ကြီးပင် တုန်ရီသွားရ၏။ အသံလှိုင်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ၎င်းတို့ကို ရိုးရိုးမျက်စိနှင့်ပင် မြင်နေရတော့သည်။ ထို့ကြောင့် ဝိညာဉ်အမြစ်အားလုံး ခေတ္တမျှ ရပ်တန့်သွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း အလုပ်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝိညာဉ်အမြစ်များနှင့် ခပ်ဝေးဝေးသို့ ရောက်သွားအောင် အရှိန်မြှင့်တင်ရန် ပြင်လိုက်၏။ ထိုအချိန်မှာပင် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားရပြီး သူသည် ကယောင်ချောက်ချားဖြစ်ကာ ကြောက်ကြောက်လန့်လန့်နှင့် အော်ဟစ်လိုက်ပါသော်လည်း အသံတစ်သံမှ ထွက်မလာခဲ့ပေ။

” အဲ့… အဲ့လို မလုပ်ကြပါနဲ့ကွာ ”

သူ၏ နောက်တွင်ရှိသော ဖက်တီးပေါင်းတစ်ထောင်ကျော်မှာ သူ့အတိုင်းလိုက်လုပ်ကာ သူတို့၏ လက်များထဲတွင် အော်လံကြီးတစ်လုံးစီ ပေါ်လာကြ၏။ ထိုကဲ့သို့ အော်လံအလုံးပေါင်း တစ်ထောင်ကျော် ပေါ်ပေါက်လာမှုကြောင့် ဝမ်ပေါင်လဲ့မှာ ဇောချွေးများပင် ပြန်သွားရပြီး ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ ဆုတ်ခွာသွား၏။ သို့သော် အရာအားလုံးမှာ နောက်ကျသွားခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့အသွင် ပြောင်းလဲထားသော ဝိညာဉ်အမြစ်တစ်ထောင်ကျော်မှာ အော်လံကြီးများကို တစ်ပြိုင်နက်ထဲ မြှောက်ကာ ဝမ်ပေါင်လဲ့ဘက်သို့ သံပြိုင်အော်ဟစ်လိုက်‌ကြတော့သည်။

ဝုန်းးးး

ထိုအသံကြီးမှာ မိုးခြိမ်းသံထက်ပင် ပို၍ဆူညံနေပြီး ဝိညာဉ်အမြစ်ရွာထဲမှ ဟိန်းထွက်လာ၏။ ထို့ကြောင့် ၎င်းတို့ ရပ်နေသည့်နေရာမှ သာမန်အသံလှိုင်းတစ်လှိုင်းတင် မဟုတ်ဘဲ လေမုန်တိုင်းကြီးတစ်ခု အရှိန်အဟုန်ပြင်းစွာ စတင်တိုက်ခတ်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာတော့သည်။

ထို‌လေမုန်တိုင်းကြီးမှာ အလွန် အရွယ်အစားကြီးမားပြီး ၎င်း၏ ပြင်းအားမှာလည်း အံ့သြမှင်တက်ဖွယ်ရာ ကောင်းလှသည်။ ဝိညာဉ်အမြစ်ရွာထဲရှိ အခြားကျောင်းသားများမှာလည်း မည်သည့်နေရာ၌ ရှိနေစေကာမူ ထိုအသံကြီးကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရ၏။ သူတို့မှာ နှလုံးသားများတုန်ရီကာ အံ့ဩတုန်လှုပ်နေကြစဉ် ထိုလေမုန်တိုင်းကြီး၏ လွှမ်းခြုံမှုကို ခံလိုက်ရသော ဝမ်ပေါင်လဲ့မှာ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ သူသည် မျက်လုံးဖြင့်မမြင်ရသော လက်ဝါးကြီးတစ်ဖက်ဖြင့် အားပါပါ ရိုက်နှက်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး သူ၏ အတွင်းကလီစာများ အားလုံး တုန်ရီသွား၏။ သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း လေပေါ်သို့ မြောက်တက်သွားပြီး ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ တောင်ထိပ်များပေါ်မှ ဝဲပျံကာ တောင်ကြီး၏ အခြားတစ်ဖက်ဆီသို့ ပြုတ်ကျသွား၏။

တောင်ကြီး၏ အခြားတစ်ဖက်တွင် ထူထပ်သော တောအုပ်ကြီးတစ်ခု ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ အုန်းခနဲ အသံအကျယ်ကြီးမြည်ကာ ထိုနေရာသို့ ပြုတ်ကျလာသည်။ ကံကောင်းစွာဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့ အချိန်မီ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်အား တည်ငြိမ်သွားအောင် ထိန်းသိမ်းပေးလိုက်သည်။ သို့သော် သူ၏ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရဆဲပင်။ သူသည် တုန်လှုပ်ချောက်ချားမှုများနှင့် နာကျင်မှုများကြောင့် တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သို့သော် သူသည် ချက်ချင်းပင် တောအုပ်ကြီးထဲသို့ လူးလွန့်ကာ ဝင်သွားလိုက်ပြီး ပုန်းကွယ်နိုင်ရန်အတွက် အလျင်အမြန် ပြေးလွှားသွားလိုက်တော့သည်။

အချိန်အတော်အတန်ကြာမှသာ ဝမ်ပေါင်လဲ့က ရပ်တန့်လိုက်၏။ သူသည် နောက်သို့လှည့်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါမှသာ ဝိညာဉ်အမြစ်များကို မမြင်ရတော့သဖြင့် ၎င်းတို့မှာ သူ့အား မျက်ခြည်ပြတ်သွားကြပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် အံ့အားသင့်သွားရ၏။

” ငါ သူတို့ကို မျက်ခြည်ဖြတ်လိုက်နိုင်တာလား ”

” ဒီနေရာက တော်တော်ကို ကြောက်ဖို့ကောင်းတာပဲ။ သုံးလက်မထက် ပိုရှည်တဲ့ ဝိညာဉ်အမြစ်နဲ့ ထပ်ပြီးတော့ မဆုံပါရစေနဲ့ကွာ ”

ဝမ်ပေါင်လဲ့မှာ ထိုကြောက်မက်ဖွယ် ထို အခိုက်အတန့်ကြီးကို ပြန်လည်တွေးတောမိလိုက်သောအခါ သူ၏ ရင်ဘတ်မှာ တဆစ်ဆစ် နာကျင်ကိုက်ခဲလာ၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် ဝိညာဉ်ဆေးလုံးတချို့ကို ထုတ်ယူကာ မျိုချလိုက်၏။ ထို့နောက် သူသည် ထော့နဲ့ထော့နဲ့ဖြင့် သတိကြီးကြီးထား၍ ထွက်ခွာသွားတော့သည်။

တချိန်တည်းမှာပင် သူနှင့် ရေစက်ပါသော ဝိညာဉ်အမြစ် တစ်ထောင်ကျော်မှာ တဖြည်းဖြည်း ခွဲသွားကြ၏။ သူတို့က ဝမ်ပေါင်လဲ့နှင့် အလွန် ဝေးကွာသွားသောကြောင့် တောင်ထိပ်ကြီးကို ဖြတ်ကျော်ပြီးသည့်‌တိုင်အောင် ဝမ်ပေါင်လဲ့အား ရှာမတွေ့ကြတော့ပေ။ ထို့ကြောင့် သူတို့မှာ အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်ကာ ဝမ်ပေါင်လဲ့အား ရှာ‌ဖွေလိုက်ကြတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် ပုံစံတူ ပုံရိပ်ကြီးများမှာ ဝိညာဉ်အမြစ်ရွာထဲရှိ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာကြ၏။ ထို့ကြောင့် တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများမှာလည်း အုပ်စုဖွဲ့ကာ ပြေးလွှားနေကြသည့် ၎င်းတို့ကို မြင်လိုက်ကြရတော့သည်။

သူတို့မှာ ထိုမြင်ကွင်းများကြောင့် ဝေခွဲမရ ဖြစ်သွားကြပြီး သူတို့၏ ဒေါသစိတ်များနှင့် မုန်းတီးစိတ်များမှာ ပို၍ပင် ကြီးထွားလာရတော့သည်။

” အဲဒီ ဖက်တီးကြောင့် သာယာတဲ့ မှော်ဝင်နယ်မြေတော့ ပျက်စီးသွားရပြီ ”

” ငါ အဲဒီဖက်တီးကို မြင်ရမှာကို မုန်းနေပြီ။ ငါ တော်တော်ကို မုန်းတီးနေပြီဟေ့ ”

ထို ထောင်ပေါင်းများစွာသော ဝမ်ပေါင်လဲ့နှင့် ပုံစံတူ ပုံရိပ်များမှာ ဝိညာဉ်အမြစ်ရွာ တစ်ရွာလုံးထဲရှိ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာပြီး အခြားကျောင်းသားများ အားလုံးကို စိတ်ရှုပ်အောင် လုပ်နေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာ မိုးသစ်တောထဲရှိ စမ်းချောင်းလေးတစ်ခု၏ ဘေးတွင် ကျောက်တုံးကြီးတစ်တုံးကို မှီ၍ စိတ်ပျက်လက်ပျက်နှင့် ဆောင့်ကြောင့်ထိုင်နေ၏။ ထို့နောက် သူသည် အားမလိုအားမရ ဖြစ်နေသောကြောင့် သူ၏နဖူးကို ရိုက်လိုက်တော့သည်။

” နှစ်လက်မ ဝိညာဉ်အမြစ်ရေ။ မင်း ဘယ်မှာလဲကွာ။ ပိုဆိုးတာက ငါက ဒီနေရာကနေ လွတ်လွတ်လပ်လပ် ထွက်သွားလို့မရဘူး ဖြစ်နေတာ။ တကယ်လို့ တခြား ဝိညာဉ်အမြစ်တွေနဲ့သာ ထပ်ပြီးတော့ ကြုံလိုက်ရမယ်ဆိုရင်… ”
ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကိုပွတ်ရင်း ရုပ်ဖျက်ရန် သင့်၊မသင့် စဉ်းစားတွေးတောနေ၏။ သို့သော် ထိုအကြံမှာလည်း အလုပ်ဖြစ်မည်မဟုတ်ဟု သူက ယူဆလိုက်ပြီး အံကိုသာကြိတ်၍ သူ၏ပတ်ဝန်းကျင်အား အကဲခတ်လိုက်၏။

” ငါ ပုန်းချင်တယ်ဆိုရင် အစအန တစ်ခုမှ မကျန်အောင် ပုန်းနေမှဖြစ်မယ် ”

ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ချလိုက်ပြီး ကျောက်တုံးကြီးတစ်တုံးကို ရှာဖွေကာ ဓားပျံများကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကို အသုံးပြု၍ ကျောက်တုံးကြီး၏ အတွင်းသားများကို ဖယ်ရှားကာ အခွံတစ်ခုပုံစံဖြစ်အောင် လုပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အား ဖုံးအုပ်လိုက်၏။ ထို့နောက် သူသည် ခန္ဓာကိုယ် အနေအထားကို ချိန်ညှိလိုက်ပြီး အပြင်ဘက်သို့ ဖောက်ကြည့်နိုင်မည့် အပေါက်သေးလေးတစ်ပေါက်ကို ဖောက်လိုက်၏။ ထို့နောက် သူသည် ခရုတစ်ကောင်ကဲ့သို့ နှေးကွေးစွာ ရှေ့သို့ ရွေ့လျားသွားတော့သည်။

သူသည် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းလိုက်ပြီးနောက် ရပ်တန့်သွားပြီး ခေတ္တမျှ တွေးတောကာ သက်တံ့ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် သူ၏ အငွေ့အသက်ကို ဖုံးကွယ်ပေးနိုင်သော ကမ္ဗည်းစာလုံးများကို ဖန်တီးကာ ကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်တွင် တစ်လုံးပြီးတစ်လုံး ရေးထိုးလိုက်ပြီး‌သောအခါမှာသာ စိတ်အေးသွားရတော့သည်။

” ဒီလိုဆိုရင် အနည်းအကျဉ်းတော့ အသုံးဝင်မှာပါ။ ငါ နှစ်လက်မဝိညာဉ်အမြစ်ကို ရှာတွေ့တာနဲ့ ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး “

Comment

Leave a Reply

Options

not work with dark mode
Reset