အပိုင်း(၁၁၈၆)

အိပ်မောကျနဂါးပြိုင်ပွဲ

ဆန်းဇွန်က ကိစ္စဝိစ္စများအား စီစဉ်ပြီးသည်နှင့် ထွက်သွားသည်။ သူ ထွက်သွားသည်နှင့် ရီဖူရှင်း၏ မျက်နှာက တွေးဆချင့်ချိန်နေသည့်ပုံသို့ ပြောင်းသွား၏။

ဆန်းဇွန်၏ ရည်ရွယ်ချက်ကား ရှင်းလင်းသွားပြီ ဖြစ်သည်။ သူ အလိုရှိသည်မှာ ယူချင်း၊ ဝူချင်းနှင့် သူ အနားတွင် ရှိနေသည့် လူများကို ဖြစ်၏။

သူတို့ ပထမဆုံးတွေ့ဆုံခဲ့သည့် အချိန်ကတည်းက ဆန်းဇွန်တွင် ထိုအကြံအစည်မျိုး ရှိနေပြီဟု ပြော၍၏။ ထို့ကြောင့်ပင် သူတို့ကို ဖိတ်ခေါ်၍ ပိုင်ကျဲကို ခေါ်ထုတ်ကာ စမ်းသပ်ခြင်း ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းတို့လူစုက မထင်မှတ်ထားစွာဖြင့် ကောင်းချီးနန်းတော်ကို ပြားပြားဝပ် ပျက်စီးစေခဲ့၏။

ထို့ကြောင့်ပင် ဆန်းဇွန်သည် လေ့ကျင့်ရန်ဟူသော အကြောင်းပြချက်ဖြင့် ယူချင်းနှင့် တခြားလူများ၏ စွမ်းရည်ကို စမ်းသပ်ခဲ့သည်။

ပြိုင်ပွဲတဲ့လား 

သူက ရှားရှင်းယွန်ဘက်သို့ လှည့်ကာ မေးသည်… “သွေးနဂါးဘုံမှာ သိုင်းပညာက တကယ် ကျော်ကြားတာလား”

“ဒီနေရာက နယ်ပယ်တွေရဲ့ အဓိကဘုံလေ။ သွေးနဂါးဘုံ အနီးအနားက တချို့ အင်အားကြီး နယ်မြေတွေကတောင် ဒီမှာ သူတို့ရဲ့ အုတ်မြစ်တွေကို ချထားကြတယ်။ သွေးနဂါး အင်ပါယာကလည်း သိုင်းပညာကို အရမ်း သဘောကျနှစ်သက်ပြီးတော့ အင်နဲ့အားနဲ့ ထောက်ပံ့တယ်။ အဲဒါကြောင့်ပဲ သိုင်းပညာပြိုင်ပွဲတွေက အင်ပါယာရှားဘုံထက်စာရင် ဒီမှာ ပို ထင်ရှားတာပဲ” ရှားရှင်းယွန်က ပြန်ဖြေသည်… “ဒီမှာ ကျူးထန်နန်းတော်နဲ့ တူတဲ့နေရာတွေလည်း ရှိတယ်”

“အင်း” ရီဖူရှင်း ခေါင်းညိတ်သည်… “ကြည့်ရတာ ကျုပ်တို့က များများလေ့လာဖို့ လိုနေပြီထင်တယ်”

ယူချင်း၊ ဝူချင်း၊ ဟောင်ကျူဂီနှင့် အခြားလူများမှာ ရှီအဆင့် အထွတ်အထိပ်တွင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သူတို့သည် ထိုသို့သော အခွင့်အရေးမျိုးကို လွဲချော်သွား၍ မဖြစ်ချေ။ ထို့ကြောင့် ဆန်းဇွန်၏ အကြံပြုချက်ကို သဘောတူလိုက်ခြင်း ဖြစ်၏။

သို့သော်လည်း သဘောတူလိုက်ခြင်းက ဆန်းဇွန်ကို သူတို့နှင့် တစ်ဖွဲ့တည်းဟု ယူဆလိုက်ခြင်း မဟုတ်ပေ။

ဆန်းဇွန်သည် အမှန်တရား အလုံးစုံကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

တည်းခိုခန်းမှ လူစုမှာ အဖြစ်အပျက်များအား နားလည် သဘောပေါက်သွားပြီး နောက်တွင် ရီဖူရှင်းတို့ လူစုကို ငတုံးငအများအဖြစ် တွေးတော ယူဆကြ၏။

သူတို့မှာ အလွန် စွမ်းအားကြီးကြ၏။ သို့သော်လည်း သွေးနဂါးဘုံတွင် သူတို့သည် လှည့်ကွက်များနှင့် ထောင်ချောက်များကို နားလည် သဘောပေါက်ခြင်း မရှိကြပေ။

မြို့စားငယ်က သူတို့အား သက်ညှာရန် ဆန္ဒရှိဟန်မရပေ။

သို့သော်လည်း မည်သူကမှ ရီဖူရှင်းကို သတိမပေးကြပေ။ သူတို့က ဆန်းဇွန်ကို ဆန့်ကျင်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေကြသည်။

ထို့အပြင် အခုအခြေအနေတွင် ရီဖူရှင်းတို့အဖွဲ့အား သတိပေးလျှင်လည်း အသုံးမဝင်တော့ပေ။ သူတို့၏ဝိညာဉ် စွမ်းအားများကို သလင်းဖန်လုံးနှင့် ဆက်သွယ်လိုက်ပြီ ဖြစ်ရာ အချိန်တိုအတွင်း သူတို့သည် ယူချင်းတို့ ရောက်နေသည့်နေရာအား အာရုံခံနိုင်စွမ်းရှိကြပြီ ဖြစ်သည်။ အကယ်၍ သူတို့က ပြိုင်ပွဲကျင်းပစဉ်အတွင်း ထွက်ပေါ်မလာခဲ့ပါက စံနမူနာအဖြစ် အပြစ်ပေးခံရပေလိမ့်မည်။

ထို့အပြင် ထိုအပြစ်ပေးမှုမှာ ချန်ယဲ့မြို့မှ မဟုတ်ဘဲ သွေးနဂါးစစ်တပ်မှ ဖြစ်၏။

ထိုစည်းမျဉ်းကို သွေးနဂါးဘုံ အင်ပါယာကိုယ်တိုင် ချမှတ်ခဲ့ခြင်း ဖြစ်ကာ ဘယ်သူကမှ မလိုက်နာဘဲ မနေရဲပေ။

ရှန့်ထိုတစ်ယောက်ပင် ဖြစ်ပါသော်ငြား သွေးနဂါးဘုံ၏ အဓိကဘုံ ဘုရင်အဖြစ် သွေးနဂါးအင်ပါယာသည် သွေးနဂါးဘုံတွင် နံပါတ်တစ်စွမ်းအား ကြီးမားသူအဖြစ် ထင်ရှားသည်။ ထို့ကြောင့် အခြားဘုံမှ ရန်ဟောင်များပင် သူနှင့် မဆန့်ကျင်ရဲကြပေ။

ထိုအချိန်တွင် လူတစ်ယောက် ဝင်လာပြီး ရီဖူရှင်းနှင့် သူ့လူများကို ကြည့်သည်။ သူမကား စစ်ထိုရန်ပင် ​ဖြစ်၏။

သူမက တစ်ယောက်တည်း လာခြင်း မဟုတ်ဘဲ မိန်းမငယ်လေးတစ်ဦးကိုပါ ခေါ်ဆောင်လာ၏။

ရီဖူရှင်းက ပြုံးသည်။ မိန်းမငယ်လေးမှာ အဝတ်အစား အသစ်များနှင့် ကြည့်ရသည်မှာ သန့်ရှင်းပြီး ကျက်သရေရှိလှသည်။ သူမသည် အထက်တန်း မိသားစုတစ်ခုမှ သမီးပျိုလေးတစ်ဦးနှင့်ပင် တူပေ၏။

သူမ၏ မိဘများမှာ သူတို့ အသက်ရှိစဉ်က သူမကို အလွန်တန်ဖိုးထား ချစ်ခင်ခဲ့ပေလိမ့်မည်။

“ကျေးဇူး…” ရီဖူရှင်းက စစ်ထိုရန်ကို ပြုံးလျက် ပြောသည်။

စစ်ထိုရန်က ရီဖူရှင်းကို နားမလည်စွာဖြင့် ကြည့်သည်။ သည်လူက ကလေးမလေးတစ်ယောက် အတွက်နှင့် ကောင်းချီးနန်းတော်ကို ဖျက်ဆီးကာ ပိုင်ကျဲနှင့် နန်းတော်သခင်ကို သတ်ပစ်သည်။

ယခု သူက လွယ်လွယ်ကူကူပင် ဆန်းဇွန်၏လှည့်စားမှုကို ခံခဲ့ရသည်လား။

“ဦးဦး… ” မိန်းမငယ်လေးက တောက်ပသော အပြုံးလေးနှင့် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ့ဘေးသို့ လျှောက်လာသည်။ သူမ၏ ခေါင်းက ရီဖူရှင်း ခါးမျှလောက်သာ မြင့်ပေသည်။ ရီဖူရှင်းက သူ့လက်များအား ဆန့်တန်းကာ သူမကို ကောက်ယူလိုက်ပြီး ပြုံးကာ ပြောသည် … “သမီးလေး ဘာတွေလုပ်နေလဲ”

“မမလေးစစ်ထိုက သမီးကို တပည့်အနေနဲ့ လက်ခံခဲ့တယ်။ သမီးအသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်” ကလေးမလေးက သူ့ခေါင်းကို ညွှတ်ရင်း ရီဖူရှင်းကို ပြောသည်။ သူမလေးသည် ယခုမှ စတင်ပြီး လောကဝတ်များအား လေ့လာနေသည်မှာ သိသာပေသည်။

ရီဖူရှင်းက သူမ၏ အသက်ကိုသာ ကယ်တင်သည် သာမကပဲ သူမ၏ ကံကြမ္မာကိုလည်း ပြောင်းလဲကာ ကောင်းမွန်သော အနာဂတ်ကို တစ်ခုအား ပေးအပ်ခဲ့၏။

“ယန်လေး… သမီးက သမီးရဲ့ ဆရာမကိုပဲ ကျေးဇူးတင်သင့်တယ်လေ” ရီဖူရှင်းက ပြုံးရင်း ပြောသည်။ သူက စစ်ထိုရန်ကို အပြုံးနှင့် ကြည့်လိုက်ကာ ကျေးဇူးတင်သည့်အနေနှင့် ခေါင်းညိတ်ပြရင်း စိတ်ရင်းကို ပြသည်။

စစ်ထိုရန်သည် စစ်ထိုကလန်၏ သမီးဖြစ်ပြီး သူမ၏ကလန်တွင် အသက်အငယ်ဆုံး ရှန့်ထိုဖြစ်သည်။ ထို့ကြောင့် သူမ၏ ဂုဏ်သတင်းက မွှေးပျံ့ပေသည်။ ယန်လေးက သူမ၏ တပည့်ဖြစ်လာခဲ့ရာ အစေခံမိန်းကလေးထက် ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခု ပိုင်ဆိုင်သွားပြီ ဖြစ်သည်။

“သူမလေးကို ကျွန်မရဲ့ တပည့်အနေနဲ့ ခေါ်တယ်ဆိုတာ ရှင့်ကြောင့် တစ်ဝက်ပါတယ်” စစ်ထိုရန်က ရယ်ရယ်မောမောနှင့်  ရိုးသားစွာပင် ပြောသည်။ ရီဖူရှင်း၏စိတ်သဘောက သူမ၏နှလုံးကို လှုပ်နှိုးစေခဲ့ခြင်း မရှိလျှင် သူမသည်လည်း ဤမိန်းကလေးက်ု ခေါ်ယူ၍ တပည့်အဖြစ် လက်ခံဖြစ်မည် မဟုတ်ပေ။

“ကျွန်မကြားတာတော့ ရှင်တို့က အိပ်မောကျနဂါးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ မြို့စားလေးနဲ့ သဘောတူလိုက်တယ်ဆို” စစ်ထိုရန်က ရီဖူရှင်းကို ပြောသည် … “အိပ်မောကျနဂါးပြိုင်ပွဲက ဘယ်လိုပြိုင်ပွဲလဲဆိုတာ သိရောသိရဲ့လား”

ရီဖူရှင်းက စစ်ထိုရန်ကို ပဟေဠိဆန်သော အကြည့်များဖြင့် ​ကြည့်သည်။ သူမသည် ယန်လေးကို အကြောင်းပြချက်အဖြစ် သုံး၍ သူနှင့် တွေ့ရန် လာခဲ့ခြင်း ဖြစ်ပုံရသည်။

အမှန်တကယ်ကား စစ်ထိုရန်က သူ့ကို သတိပေးရန် လာရောက်ခြင်း ဖြစ်၏။

“နည်းနည်းတော့ သိထားတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ဖြေသည်။

သူမက အိပ်မောကျနဂါးပြိုင်ပွဲသည် သာမန်မဟုတ်ကြောင်း ရည်ညွှန်းလိုက်သည့်တိုင် ရီဖူရှင်းက အလွန် တည်ငြိမ်နေနိုင်သည့်အတွက် သူမ တွေဝေသွားမိသည်။

ရီဖူရှင်းက နားလည်ချင်ယောင် ဆောင်နေသည်လား တုံးအသည်များ သူမ နားမလည်တော့။

ဆန်းဇွန်ကများ အိပ်မောကျနဂါးပြိုင်ပွဲ အကြောင်း အသေးစိတ် ပြောပြခဲ့ပေသလော။

“ရှင်က နယ်ခြားဘုံက လာတာ။ တကယ်ပဲ သွေးနဂါးဘုံမှာ ကျင်းပတဲ့ အိပ်မောကျနဂါးပြိုင်ပွဲ အကြောင်းကို သိတာ သေချာရဲ့လား” စစ်ထိုရန်က လေးနက်စွာ ဆက်ပြောသည်… “သွေးနဂါးဘုံဆိုတာ တခြားဘုံတွေက တန်ခိုးရှင်တွေ စုရုံးနေတဲ့ နေရာပဲ။ သွေးနဂါးဘုံ ကိုယ်တိုင်ကလည်း အစကတည်းက ကျယ်ပြန့်တဲ့ နေရာတစ်ခု ဖြစ်တယ်လေ။ သွေးနဂါး အင်ပါယာနေတဲ့ သွေးနဂါးမြို့တော်မှာဆိုရင် တခြား ရန်ဟောင်တွေကလည်း သူတို့ရဲ့ အခြေစိုက်စခန်းတွေကို တည်ထောင်ထားကြတယ်။ စွမ်းအား အကြီးဆုံးဘုံရဲ့ အဓိကမြို့တော်ဖြစ်တဲ့ သွေးနဂါးမြို့တော်မှာ စွမ်းအားကြီးတန်ခိုးရှင် ဘယ်လောက်များများ စုဝေးနေကြလဲဆိုတာ အတိအကျ မသိနိုင်ဘူး”

“သမိုင်းအရဆိုရင် အိပ်မောကျနဂါးပြိုင်ပွဲမှာ ပါဝင်ဖို့ ကြောက်စရာ ကောင်းလောက်အောင် စွမ်းအားကြီးတဲ့ လူတချို့ ရှိလိမ့်မယ်။ ရှင်က ရှင့်လူတွေရဲ့စွမ်းရည်ကို ယုံကြည်ချက် ရှိနေတယ်ဆိုရင်တောင် အိပ်မောကျနဂါးပြိုင်ပွဲက ဘယ်လိုမျိုးလဲဆိုတာတော့ သိထားသင့်တယ်လေ” စစ်ထိုရန်၏ အသံက လေးနက်စွာ ထွက်ပေါ်လာသည်။

သူမ၏ကလန်သည် ချန်ယဲ့မြို့တွင် မျိုးဆက်သစ်များကို လေ့ကျင့်ပေးနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ အိပ်မောကျနဂါးပြိုင်ပွဲ အကြောင်းကို ကောင်းကောင်း သိထားပေသည်။ သူမတို့ကလန်ကဲ့သို့ ထိပ်တန်း အင်အားစုများပင် ပြိုင်ပွဲ၏ ပြင်းထန်ရက်စက်မှုကို သိထားရာ တော်ရုံဖြင့် ပါဝင်ယှဉ်ပြိုင်ရဲခြင်း မရှိပေ။

သွေးနဂါးဘုံတွင် ချန်ယဲ့မြို့ကဲ့သို့ ကြီးမားသည့် မြို့များ အများအပြားကို တွေ့နိုင်ပေသည်။ ဘုံအတွင်းမှ ထိပ်တန်းအင်အားစု အများအပြားကို ထိုနေရာတွင် တွေ့နိုင်မည် ဖြစ်သကဲ့သို့ ပုဂ္ဂိုလ်ထူးကြီးများလည်း မှိုလိုပေါက်နေပေလိမ့်မည်။ ဘုံအတွင်းမှ ပါရမီရှင်ဟု သတ်မှတ် ခံထားရသော သူမသည်ပင်လျှင် ပြိုင်ပွဲဝင်ရန်အတွက် အလွန် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချရမည် ဖြစ်သည်။

ထိုနေရာတွင် သူမထက် ထူးကဲသာလွန်သည့် လူအများအပြား ရှိနေပေသည်။

သူမ၏မှန်းဆချက်အရ ရီဖူရှင်းနှင့် သူ့လူများမှာ အင်ပါယာရှားဘုံတွင် အကောင်းဆုံးသော ပါရမီများအား ပိုင်ဆိုင်ပုံရကာ ထို့ကြောင့်ပင် သူတို့၏ ကိုယ်ပိုင်စွမ်းအားကို အလွန် ယုံကြည်နေကြသည်။ သူတို့က ကောင်းချီးနန်းတော်ကို ပြားပြားဝပ် ဖျက်ဆီးနိုင်သည် ဆိုကတည်းက သူတို့၏ အင်အားကို တွက်ဆနိုင်ပြီး ဖြစ်သော်လည်း သွေးနဂါးဘုံတွင် ရှိနေသော စွမ်းအားကြီး တန်ခိုးရှင်များကိုတော့ လျှော့မတွက်သင့်ပေ။

“ကျုပ် သိပြီ” ရီဖူရှင်းက အပြုံးနှင့်အတူ ခေါင်းညိတ်သည်။

“…”

စစ်ထိုရန်က ဆွံ့အစွာဖြင့် သူ့ကို ကြည့်သည်။ သူမသည် သူ့အား အလဟဿ လာရောက် သတိပေးမိပြီလား။ သူမက သူ့ကို ကြည့်ပြီး ဘာပြောရမှန်းမသိတော့ဘဲ အချိန်ခဏမျှ ငြိမ်သက်သွားရသည်။

“ရှင် သေချာရဲ့လား” စစ်ထိုရန်က ထပ်မေးသည်။

“အင်း” ရီဖူရှင်းက ထပ်မံ၍ ခေါင်းညိတ်သည်။

“ဒါဆို ကျွန်မ ပြန်တော့မယ်” စစ်ထိုရန်က ယန်လေးနှင့်အတူ ထွက်ခွာသွားသည်။ သူမသည် စကားဆက်ပြောရန် စိတ်မပါတော့ပေ။

ရီဖူရှင်းက သူ့လူများကို ခေါ်ပြီး ကောင်းချီးနန်းတော်ကို ဖျက်ဆီးကာ နန်းတော်သခင်ကို သတ်ဖြတ်ခဲ့သည်။ ထိုအဓိပ္ပာယ်မှာ သူလုပ်နေသည်များအား ကောင်းကောင်း နားလည်ပေလိမ့်မည်။

သူ့ကို သတိပေးရမည့် သူမ၏ အပိုင်းကို လုပ်ဆောင်ခဲ့ပြီးပြီ။ သို့တိုင်အောင် ရီဖူရှင်းက အိပ်မောကျနဂါးပြိုင်ပွဲကို ဆက်လက် ပါဝင်လိုသည်ဆိုလျှင် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ဆိုင်သွားလေပြီ။

“တာ့တာ … ဦးဦး … ” ယန်လေးသည် စစ်ထိုရန်၏နောက်သို့ လိုက်ပါသွားရင်း သူမလေးက နောက်သို့ လှည့်ကာ ရီဖူရှင်းကို နှုတ်ဆက်စကား ဆိုသည်။

ရီဖူရှင်းကလည်း သူမကို လက်ဝှေ့ယမ်းပြလိုက်ကာ အပြုံးနှင့် ပြောသည် … “ကျေးဇူးပါ … သူရဲကောင်းမလေး”

စစ်ထိုရန်က၏ လက်များက အနည်းငယ်မျှ လှုပ်ရှားသွားကာ လေထဲတွင် သွားနေသည့်အရှိန်က အနည်းငယ် တန့်သွားသည်။ သို့သော်လည်း အချိန်ခဏ အတွင်း၌ပင် သူမနှင့် ယန်လေးသည် ထိုနေရာမှ အဝေးသို့ ပျောက်ကွယ် သွားတော့သည်။

***

သူတို့အဖွဲ့သည် တည်းခိုခန်းတွင် ရက်အတန်ကြာ နေထိုင်ခဲ့ကြသည်။

မြို့စားရုံးတော်မှ တန်ခိုးရှင်များသည် ဆန်းဇွန်နှင့်အတူ ရောက်လာခဲ့ကြသည်။ ထိုလူစုသည် အင်အားကောင်း၏။ ထို့အပြင် မြို့စားရုံးတော်မှ လူများအပြင် ထိပ်တန်း အင်အားစုများမှ လူတို့လည်း ဆန်းဇွန်နှင့်အတူ ရောက်ရှိလာခြင်း ဖြစ်၏။

ယခင်က ဆန်းဇွန် စားသောက်ဆိုင်သို့ ဖိတ်ခဲ့သည့် မော့ချန်းကို လူအုပ်ထဲတွင် တွေ့လိုက်ရသည်။

စစ်ထိုရန်လည်း လိုက်ပါလာသည် ဆိုသော်လည်း သည်တစ်ခေါက်တွင် ယန်လေး လိုက်ပါလာခြင်း မရှိဘဲ သူမကလန်မှ လူတို့သာ လိုက်ပါလာကြ၏။

အိပ်မောကျနဂါးပြိုင်ပွဲသည် တစ်လတွင် တစ်ကြိမ်အဖြစ် မကြာခဏ ကျင်းပသော်လည်း ထိုပြိုင်ပွဲသည် သွေးနဂါးဘုံတွင် ကျင်းပသည့် အကြီးမားဆုံး သိုင်းပညာပွဲတော် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သွေးနဂါးဘုံမှ အခြားသော ထိပ်တန်းအင်အားစုများ စုဝေးကြသော်လည်း သူတို့အားလုံးက ပွဲတော်တွင် ပါဝင်ခြင်းမျိုးတော့ မဟုတ်ပေ။

“သွားရအောင် အစ်ကိုရီ” ဆန်းဇွန်က တည်းခိုခန်းအတွင်းမှ ရီဖူရှင်းကို ကြည့်ကာ ခေါ်သည်။

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူ့အဖွဲ့ကို လေထဲသို့ ခေါ်ဆောင်လာပြီး ဆန်းဇွန် ဦးဆောင်သည့် အဖွဲ့နှင့် ပူးပေါင်းသည်။

“အစ်ကိုရီ… မကြာခင်မှာ သွေးနဂါးမြို့တော်ကို ရောက်လိမ့်မယ်။ ပြီးတော့ သွေးနဂါးမြို့တော်က ခမ်းနားတဲ့ ပွဲတော်ကို အစ်ကိုရီ မျက်မြင်တွေ့ရတော့မယ်” ဆန်းဇွန်က ရီဖူရှင်းကို တစ်ချက် ကြည့်ပြီးနောက် ပြောသည်။ သူက ရီဖူရှင်း အိပ်မောကျနဂါးပြိုင်ပွဲနှင့် ပတ်သက်၍ နားလည် သိကျွမ်းထားပြီလား သူမခန့်မှန်းတတ်ပေ။

သို့သော်လည်း သလင်းဖန်တုံးထဲတွင် စာရင်းသွင်းထားပြီးမှတော့ ထိုကိစ္စက အရေးမပါတော့ပေ။ ရီဖူရှင်းက သူ၏လှည့်စားမှုကို သိသွားလျှင်လည်း သူအရေးမစိုက်ပေ။

သူက ရီဖူရှင်းနှင့် သူ့လူများသည် အင်ပါယာရှားဘုံ၏ ဓားတော်ဝင်မြေ ထိပ်တန်း အင်အားစုများမှ လာသည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် အင်အားကြီးသော နဂါးတစ်ကောင်ကို မြွေက အမဲလိုက်နိုင်ခြင်း ရှိမည် မဟုတ်ပေ။ သွေးနဂါးဘုံတွင် ချန်ယဲ့မြို့ကဲ့သို့ မြို့တော်ပေါင်း များစွာမှ အင်အားစုများကို တွေ့ရမည် ဖြစ်ပြီး မြို့တစ်မြို့ကို အုပ်ချုပ်နိုင်သည်မှာ ကိုယ်ပိုင် အဆင့်အတန်း သက်သေပင် ​ဖြစ်၏။

“ဒုက္ခပေးရတာ အားနာမိပါတယ်… မြို့စားလေး” ရီဖူရှင်းက ပြန်ပြောသည်။

ဆန်းဇွန်နောက်မှ လူများက ရီဖူရှင်း၏အဖွဲ့ကို စူးစမ်းနေကြသည်။ အထူးသဖြင့် ရီဖူရှင်းနှင့် ရာရာကို ဖြစ်၏။ ထို့နောက်တွင် သူတို့၏ အာရုံကို ရှားရှင်းယွန်နှင့် မှန်နန်းတော် သခင်မက ဖမ်းစားသွားတော့သည်။

ရီဖူရှင်းနှင့် သူ့လူများမှာ ချန်ယဲ့မြို့၏ ကောင်းချီးနန်းတော်ကို ဖျက်ဆီးပြီးနောက် နာမည်ကျော်လာခဲ့ကာ မြို့စားလေး၏ ဖိတ်ခေါ်ချက်ကိုပင် ရရှိခဲ့သည်။ သူတို့က ထိုလူသစ်များကို လေးစားသင့်သလား စိတ်ပျက်သင့်သလားပင် မသိတော့ပေ။

စစ်ထိုရန်က ရီဖူရှင်းတို့အဖွဲ့ကို တစ်ချက်ကြည့်ကာ ဘာမှမပြောပေ။ သူမက လူအုပ်ထဲမှ သူမ၏ ကလန်သားများနှင့်အတူ ရှိနေ၏။

“ဒါက ဘာမှ မဟုတ်ပါဘူး။ သွားကြရအောင်” ဆန်းဇွန်က ပြောလိုက်ပြီး လူအုပ်နှင့်အတူ ပျံသန်းကာ သွေးနဂါးမြို့တော်သို့ ဦးတည်သည်။

သွေးနဂါးမြို့တော်မှာ သွေးနဂါးဘုံ၏ နံပါတ်တစ်မြို့တော် ဖြစ်သည်။ အချို့က သွေးနဂါးဘုံတွင် တွေ့နိုင်သည့် အကြီးဆုံး မြို့တော်မှာ သွေးနဂါးမြို့တော် ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ဤမြို့တော်က မည်မျှ ခမ်းနား ကြီးကျယ်သည်ကို တွေးကြည့်နိုင်သည်။

အခြားသော ဘုံများမှ မရေတွက်နိုင်သည့် စွမ်းအားကြီး တန်ခိုးရှင်များသည် ဤမြို့တော်၌  အဆင့်မြင့် ကျင့်စဉ်များနှင့် သိုင်းပညာများ အပြင် အခြားသော ရတနာများကို ကုန်သွယ်ကြသည်။

သွေးနဂါးမြို့တော်ကို ရီဖူရှင်း ခြေချမိသည့်အခါ သူ့တွင် ခံစားချက် တစ်ခုသာ ရှိ၏။

ဤနေရာက ခမ်းနား ကြီးကျယ်ပြီး တော်ဝင်ဆန်လှသည် ဟူသော အတွေးပင် ဖြစ်သည်။

အဆောက်အဦ တစ်ခုချင်းစီတိုင်းသည် သမိုင်းနောက်ခံရှိ၏။ သူတို့သည် မျိုးရိုးစဉ်ဆက် ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်း အစဉ်အလာများကို ခံစား၍ ရပေသည်။

သွေးနဂါးဘုံတွင် နယ်မြေတိုက်ပွဲများ ဖြစ်ပွားခဲ့လျှင်ပင်  သွေးနဂါးဘုံကို ပြင်းထန်စွာ သက်ရောက်မှုရှိစေရန် ခက်ခဲလှသည်။ အဆုံးတွင်တော့ ထိုနေရာသည် ပင်မနယ်မြေတစ်ခု မဟုတ်ပါလား။

ဒေသတစ်ခုအတွင်းမှ ပင်မဘုံနှစ်ခု အကြီးအကျယ် တိုက်ပွဲ ဖြစ်ပွားခဲ့လျှင်တော့ တစ်နည်းတစ်ဖုံ သက်ရောက်နိုင်ပေသည်။

သွေးနဂါးဘုံသည် သည်ဒေသတွင် နံပါတ်တစ်မြို့တော် ဖြစ်သည့်အလျောက် အလွန်ပင် ကြီးမား ကျယ်ပြန့်ပေသည်။ ရီဖူရှင်းနှင့် ကျန်လူများမှာ ခရီး၏ ဦးတည်ရာ ပန်းတိုင်သို့ ရောက်ရန် အတော်ပင် သွားလိုက်ရသည်။

မားမားမတ်မတ် တည်ရှိနေသည့် ရဲတိုက်တစ်ခုကို ပထမဆုံးမြင်တွေ့ရပြီး စက်ဝိုင်းပုံစံဖြင့် နေရာတစ်ခုလုံး၏ အလယ်ဗဟိုကို ဝန်းရံထားသည်။

များပြားလှသည့် တန်ခိုးရှင်များမှာ ထိုနေရာတွင် ရှိနေကြသည်။

ထိုနေရာသည် အလွန်ကျော်ကြားသည့် နိုးထနဂါး တိုက်ပွဲကွင်းပြင်ပင် ဖြစ်၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset