အပိုင်း(၁၁၈၀)

ရီသခင်မ

သွေးနဂါးဘုံကား သွေးနဂါးဒေသ၏ ဗဟိုချက်မဘုံလည်း ဖြစ်သည်။ ထိုနေရာက များစွာသော ဘုံများကို ဆက်သွယ်ထားရာ အလွန်တရာ စည်ကားပြီး စွမ်းအားမြင့် ပုဂ္ဂိုလ်များ နေရာတိုင်း၌ ရှိသည်။

ဒေသတိုင်းမှ လူများက ထိုနေရာသို့ လာရောက် လေ့လာ စူးစမ်းကြသည်။

ဘုံများကို ကျော်ဖြတ်ခရီးနှင်ကာ လေ့ကျင့်နိုင်သူများမှာ အလွန်အမင်း စွမ်းအားမြင့်သူ၊ သို့မဟုတ် နောက်ခံအင်အား ကြီးမားသူများသာ ဖြစ်ကြောင်း ပြောနေစရာ မလိုပေ။

မဟုတ်လျှင် ဘုံတစ်ခုနှင့်တစ်ခု ကျော်ဖြတ်ခရီးနှင်ရင်း အသက်ကြီးရင့် အိုမင်းသွားနိုင်ပေသည်။

ရီဖူရှင်းတို့အဖွဲ့ကား သွေးနဂါးဘုံသို့ ရောက်သည်မှာ ရက်ပိုင်းမျှ ရှိပြီဖြစ်သည်။ သည်နေရာနှင့် ပတ်သက်၍ သူတို့ ခံစားမိသည်ကား အလွန်ပူပြင်း၏။

သွေးနဂါးဘုံသည် အလွန်ပြင်းထန်သော မီးဓာတ်များ ကြွယ်ဝသော ဘုံဖြစ်သည်။ သည်နေရာကား မီးဓာတ် လေ့ကျင့်သူများအတွက် ကောင်းကင်ဘုံဟုပင် ပြောရပေမည်။

ထို့အပြင် သည်နေရာမှ မီးဓာတ်ပြင်းထန်မှုမှာ နတ္ထိဘုံမှ လေဟာနယ် ဓာတ်ပြင်းထန်မှုထက်ပင် ပိုအားကောင်းပေသည်။ ထို့ကြောင့် သည်နေရာသည် အလွန်ပူပြင်း၏။

သို့သော်လည်း တန်ခိုးရှင်များကား ပူပြင်းခြင်းကို သိပ်ဂရုမစိုက်ကြပါ။

အထက်ဘုံ၌ သဘာဝစွမ်းအင် ကြွယ်ဝမှုမှာ စကားထဲ ထည့်ပြောနေစရာ ကိစ္စမဟုတ်ပေ။ သည်လိုနေရာများတွင် သဘာဝ စွမ်းအင်များသာ ကြွယ်ဝသည် မဟုတ်ပေ။

မဟာလမ်းစဉ်၏ ဘုံသုံးထောင်မှာ မည်သို့ဖြစ်မည်နည်းဟု ရီဖူရှင်း စတင်တွေးတော လာသည်။

ဒဏ္ဍာရီမှ ပြောသလို ထိုဘုံများအားလုံးမှာ ကောင်းကင်လမ်းစဉ် ကွဲအက် ကြေပျက်သွားခြင်းမှ မွေးဖွား လာကြသည်များလား။

ရီဖူရှင်းကား သွေးနဂါးဘုံရှိ စားသောက်ဆိုင် တစ်ခုတွင် သောက်စားနေခဲ့ကာ ပူပြင်း တောက်လောင်မှုများသည် သူ၏ခန္ဓာကိုယ် အတွင်းမှသည် လည်ချောင်းသို့အထိ လှိုက်တက်လာခဲ့သည်။

ဒီသေရည်က တစ်ခုခုပဲဟု သူတွေးလိုက်သည်။

သူက ခွက်ကို ဘယ်လက်ဖြင့်ကိုင်ကာ ရေရွတ်သည် … “တကယ်ကောင်းတဲ့ သေရည်ပဲ။ ဒါက စျေးကြီးတာ မထူးဆန်းတော့ပါဘူး”

သေရည်တွင် မီးဓာတ် အဆီအနှစ်များပါဝင်ကာ ကျင့်ကြံသူများအတွက် အထောက်အကူ ဖြစ်စေပေသည်။ သေရည်တစ်ပုလင်းမှာလည်း အလွန်တရာ တန်ဖိုးကြီးမားကာ သလင်းကျောက်တုံးဖြင့် ပေးချေဝယ်ယူရ၏။ သာမန်လူများ အနားပင် မသီနိုင်သော အရာဖြစ်သည်။

သည်နေရာမျိုး၌ မွေးသူများက သာမန်လူများထက် အလေးသာသည်မှာ မထူးဆန်းတော့။

ရှားရှင်းယွန်ကား ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ သူမသည် ထုံးစံအတိုင်း ယောက်ျားဝတ်စုံကို ဝတ်ထား၏။ သူမ၏မျက်လုံးများထဲ စိတ်ဝင်စားသော အငွေ့အသက်များ ရှိနေသည်။

“မင်းသမီး တစ်ခွက်လောက်  သောက်ကြည့်မလား” ရီဖူရှင်းက ရှားရှင်းယွန်ကို မေးသည်။

ရန်ဟောင်တစ်ပါး၏ သမီးတော်အနေဖြင့် ရှားရှင်းယွန်သည် အမျိုးမျိုးသော တန်ဖိုးကြီး ရတနာများအား ပိုင်ဆိုင်ပေသည်။ သို့သော်လည်း သူမက သိပ်မသောက်နိုင်ပေ။

သူမက ရီဖူရှင်း၏ တိုက်တွန်းမှုကြောင့် သေရည်တစ်ခွက်ကို ထည့်ကာ မော့ချလိုက်သည်။

ရှန့်ထိုမဖြစ်သေးသော သူတစ်ယောက်ဖြစ်ရကား သူမ၏ အတွင်းကလီစာများမှာ မီးဖြင့် မြှိုက်ခံရသလို ခံစားလိုက်ရပြီး မျက်နှာမှာ နီရဲသွားသည်။

သူမက ရီဖူရှင်းအား စိုက်ကြည့်သည်။ သူမ၏မျက်လုံးများမှ မီးလျှံ အခိုးအငွေ့များပင် ထွက်လုနီးခင် ဖြစ်လာ၏။

ရီဖူရှင်းက သူမအား ကြည့်ကာ ပြောသည် … “မင်းသောက်တာ သိပ်မဆိုးပါဘူး။ ဒါပေမဲ့ တစ်ကျိုက်တည်း မသောက်နဲ့။ အဲဒါက အလဟဿ ဖြစ်စေတယ်”

ထို့နောက် သူက သေရည်တစ်ခွက် ထည့်ကာ ရှားရှင်းယွန်ဘေးမှ မိန်းကလေးအား ကမ်းပေးလျက်ပြောသည် … “ဖီးနစ် … မင်းကတော့ များများ သောက်သင့်တယ်”

ဖီးနစ်က မီးဓာတ်ကို လေ့ကျင့်သူဖြစ်သည်။

“ကျွန်တော်လည်း သောက်လို့ ရမလား သခင် …” သိမ်းငှက်ကလေးက အတောင်ပံကို တဖျတ်ဖျတ် ခတ်ကာ ခေါင်းမော့၍ ပြောလျှင် ရှားရှင်းယွန်က သူ့အား အေးစက်စွာ တစ်ချက်ကြည့်သည်။ ဤတွင် သိမ်းငှက်ကလေးမှာ ကြက်သီးဖြန်းဖြန်း ထသွားပြီး ချက်ချင်း ခေါင်းငုံ့သွား၏။

ငှက်တစ်ကောင်အတွက် ဘာတစ်ခုမှ လွယ်ကူမနေပါလား … ဟူး …

“သွေးနဂါးမြို့နဲ ငါတို့ ဘယ်လောက်ဝေးမလဲ” ရီဖူရှင်းက ရှားရှင်းယွန်ကို မေးသည်။ သူက မြေပုံကို မကြည့်တော့ပေ။ ရှားရှင်းယွန်က သူတို့နှင့်ပါသည် မဟုတ်ပါလား။

“နှစ်ရက် သို့မဟုတ် သုံးရက်လောက် သွားရဦးမယ်” ရှားရှင်းယွန်က ပြန်ပြောသည်။ သွေးနဂါးမြို့ကား သွေးနဂါးဘုံမှ မြို့တော်ဖြစ်သည်။

“သွေးနဂါးဘုံက တကယ်ကြီးတာပဲ” ရီဖူရှင်းက ရေရွတ်သည်။

ပြောကြသည်မှာ သွေးနဂါးဘုံတွင် နေကိုးစင်းရှိ၏။ ညဟူသည် မရှိဘဲ အမြဲတမ်း နေအလင်းဖြင့် ထွန်းလင်းသည်။

ကောလာဟလများအရ သွေးနဂါးဘုံ၏ဆရာသခင်မှာ ဧကရီမဟုတ်သော ဇနီးတစ်ဦးရှိပြီး သူမသည် အမြဲတမ်းအားဖြင့် နေပူဆာလှုံတတ်သည်။

ကောလာဟလမှာ အမှန်တရား မဟုတ်သော်လည်း ထိုစကားများအရ ကျင့်ကြံခြင်း အဆင့် မြင့်မားသူများမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူရိပ်မိလိုက်သည်။

ရန်ဟောင်တန်ခိုးရှင်များ မည်မျှ အားကောင်းသည်ကို သူမသိသော်လည်း ရှန့်ထိုများကား အမှန်‌ ကြောက်စရာ ကောင်းလွန်းပေသည်။

ရန်ဟောင် တန်ခိုးရှင်များကား အမျက်တစ်ချက် ထွက်လျှင် လူသန်းနှင့်ချီ၍ သတ်ဖြတ်နိုင်၏။

“သွေးနဂါးဘုံက ဒီဒေသတစ်ခုလုံးရဲ့ ဗဟိုချက်မနေရာမှာ ရှိတာ။ နယ်မြေပေါင်းစုံက တန်ခိုးရှင်တွေ ဒီမှာ လာစုစည်းကြတယ်။ ပုံမှန်အားဖြင့် ဒီနေရာက ကြီးမှာပဲ။ နေရာတိုင်းမှာ စွမ်းအားမြင့် တန်ခိုးရှင်တွေရှိတယ်။ နင့်ရဲ့အဆင့်က ဒီမှာ ဘာမှ မဟုတ်ဘူး” ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောသည် … “ပြီးတော့ သွေးနဂါးဘုံရဲ့ ဗဟိုချက်မ ဖြစ်တဲ့အတွက် ဒီနေရာက အရမ်းရှုပ်ထွေးတယ်။ နယ်မြေအစုံက လူတွေက မကြာခဏ ခိုက်ရန်ဖြစ်ပြီးတော့ သိုင်းပညာ အမျိုးအစားစုံတွေကိုလည်း ဒီမှာတွေ့ရတယ်။ မြို့တွေနဲ့ အရင်းအမြစ်တွေကိုလည်း တွေ့ရမယ်။ စွမ်းအားမြင့်တဲ့သူတွေက အဲဒါတွေကို စိုးမိုးချုပ်ကိုင်ပြီးတော့ လုယက်တာတွေက နေရာတိုင်းမှာ ရှိတယ်”

ရီဖူရှင်းက ရယ်မောလိုက်သည်။ သူ၏အဆင့်ကား ဘုံသုံးထောင်တွင် အမှန်တကယ် အားနည်းလွန်းပေသည်။

သို့သော်လည်း ရှန့်ထိုတစ်ပါး ဖြစ်ခြင်းက တခြားသော ဘုံများအား ကျော်ဖြတ် ခရီးသွားရန် လုံလောက်နေပြီဖြစ်သည်။ သူ၏စွမ်းရည်က လူအများစုကို ကျော်ဖြတ်နေပြီ ဖြစ်သည်။

ရှန့်ထိုများမှာ မည်သည့်နယ်မြေတွင်မဆို နေရာတစ်နေရာတော့ ရှိပေသည်။

အင်ပါဘာရှားဘုံတွင် စွေ့ရန်ရှန့်ထိုဓားသည် သာမန်ရှန့်ထိုတစ်ပါးသာ ဖြစ်သော်လည်း စွေ့ရန်ဓားနန်းတော်အား တည်ထောင်ထား နိုင်ပေသည်။

“ဒီနေရာက ရှုပ်ထွေးပေမဲ့ အခွင့်အလမ်းတွေလည်း များတယ်” ထိုအခိုက်တွင် အသံတစ်သံကို ကြားကြရသည်။

ရီဖူရှင်းနှင့် တခြားလူများက နောက်လှည့်ကာ တစ်ဖက်စားပွဲ၌ ထိုင်နေသူများအား ကြည့်ကြသည်။

စကားပြောလိုက်သူကား အပြာရောင်ဝတ်စုံကို ဝတ်ထားပြီး အသက်၃၀ ဝန်းကျင်ခန့်ရှိ၏။ သို့သော်လည်း သူ့ထံမှ ကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါများအား တွေ့ရသည်။ သူက ရှန့်ထိုတစ်ပါး ဖြစ်သည်မှာ သေချာ၏။

သူ့အနီးမှ လူများမှာလည်း သာမန် ဖြစ်ဟန်မရပေ။ သူတို့မှာ အလွန် အားကောင်းသည်ကို ရီဖူရှင်း ခံစားမိ၏။

သည်အုပ်စုအား ခုနကတည်းက သူသတိထားမိသည်။ သို့သော်လည်း သွေးနဂါးဘုံကား စွမ်းအားမြင့် တန်ခိုးရှင်များဖြင့် ပြည့်နှက်နေရာ သူက သိပ်အလေးမထားခဲ့ပေ။

“ခင်ဗျားတို့အားလုံး တခြားဘုံက ဖြစ်မယ်” လူငယ်က ရီဖူရှင်းတို့အား မေးသည်။

ရီဖူရှင်းနှင့်ရှားရှင်းယွန်တို့၏ ကိုယ်ရောင်ကိုယ်ဝါမှာ ထူးခြားဆန်းပြားရာ သူတို့က အလွယ် ခန့်မှန်းနိုင်ပေသည်။

မှန်နန်းတော်သခင်မ သည်လည်း အလွန်အမင်း လှလွန်းသည် မဟုတ်ပါလား။

ရာရာမှာ ငယ်ရွယ်ဟန် ရသော်လည်း သူမက အလွန် စွမ်းအားကြီးသည်ကို ခံစားမိနိုင်၏။

ရှီတန်ခိုးရှင်များမှာလည်း သာမန် မဟုတ်ကြပေ။ သူတို့အားလုံးမှာ တခြားဘုံမှ လာသော အင်အားကြီး နောက်ခံ အသိုင်းအဝိုင်းမှ လူငယ်မျိုးဆက်များ ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သွေးနဂါးဘုံတွင် ဤသို့သော ပုံစံတူများစွာ ရှိပေသည်။ ဘုံအမျိုးမျိုးမှ တန်ခိုးရှင်များသည် နေ့စဉ်နေ့တိုင်း သည်နေရာသို့ ရောက်လာနေကြ၏။

“ဟုတ်တယ် …” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် … “ကျုပ်တို့  တခြားဘုံက လာတာ”

“ဆန်းဇွန် … ချန်းယဲ့မြို့က… ကျုပ်က ဖုဆွန်တောင်ကြားမှာ လာလေ့ကျင့်တာ။ အခု ချန်းယဲ့မြို့ကို ပြန်မလို့။ တကယ်လို့ ခင်ဗျားတို့ သွေးနဂါးမြို့သို့ သွားမလို့ဆိုရင် ကျုပ်တို့ကလည်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီဘက်ကို သွားနေတာလို့ ပြောရတော့မယ်” လူငယ်က ပြုံးလျက်ပြောသည်။

“ဖုဆွန်တောင်ကြား …” ရှားရှင်းယွန်က ဆန်းဇွန်အား ကြည့်သည်။

“ဒါဆို ဖုဆွန်တောင်ကြားနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အမှန်ပေါ့” ရှားရှင်းယွန်က ဆန်းဇွန်အား ကြည့်ကာ မေးသည် … “ဖုဆွန်တောင်ကြားမှာ ကောင်းကင်ဘုံအထိ ထိုးထွက်နေတဲ့ ဖုဆွန်သစ်ပင်ဆိုတာ ရှိတယ်လို့ ကြားရတယ်။ သစ်ပင်ကြီးအနီးမှာ နေကိုးစင်းက ရစ်သိုင်းနေပြီး အစီအစဉ်အတိုင်း မြင့်လိုက် တက်လိုက် ဖြစ်နေတယ်။ ဖုဆွန်တောင်ကြားကိုလည်း နေရောင်ခြည်တွေ အဆက်မပြတ် ဖြာကျနေတယ်”

“ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့်က ဖုဆွန်တောင်ကြား အလယ်ဗဟိုကို ဝင်ခွင့်မရှိခဲ့ဘူး။ ဒါကြောင့် ကျုပ်ကိုယ်တိုင်တော့ အဲဒါကို မမြင်ခဲ့ဘူး။ ဒါပေမဲ့ အမှန်တရားလည်း ဖြစ်နိုင်တာပဲ” ဆန်းဇွန်က ပြုံးလျက်ဆက်ပြောသည် … “စကားမစပ် ခင်ဗျားတို့က သွေးနဂါးမြို့မှာ ဘာအစီအစဉ်တွေ ရှိကြလဲ မသိဘူး။ နေစရာနေရာ ရကြပြီလား”

“ကျုပ်တို့က ဒီအတိုင်း လေ့ကျင့်ရေးခရီး ထွက်လာကြတာ။ သွေးနဂါးမြို့မှာ အရင်ဆုံး အခြေချဖို့ စဉ်းစားထားတယ်” ရီဖူရှင်းက ပြောသည်။

“ဒါဆိုရင်လည်း ကျုပ်တို့က အတူတူသွားလို့ ရတာပဲ။ ဒါပြီးရင် ခင်ဗျားတို့အားလုံး ချန်ယဲ့မြို့မှာ ခြေချလို့ရတယ်။ ဒါက တော်တော်ကြီးကို ကရိကထ နည်းသွားလိမ့်မယ်။ ချန်ယဲ့မြို့က သွေးနဂါးမြို့နဲ့ သိပ်မဝေးဘူးလေ” ဆန်းဇွန်က ဖိတ်ခေါ်သည်။

“သွေးနဂါးမြို့အနားမှာ ဝိုင်းပတ်ထားတဲ့ မြို့ငယ်လေးတွေ အများကြီးရှိတယ်။ အများစုက သီးသန့်အိမ်တော်တွေလို့ ကြားတယ်” ရှားရှင်းယွန်က ဆန်းဇွန်ကို မေးသည်။

“ပြီးတော့ ခင်ဗျားက ချန်ယဲ့မြို့စားလေးနဲ့ စကားပြောနေတာပဲ” ဆန်းဇွန်က ပြုံးလျက်ပြန်ပြောသည်။

ရှားရှင်းယွန်က ခေါင်းညိတ်သည်။ ဤသို့ဆိုလျှင် အရာအားလုံးက လွယ်ကူသွားပေသည်။

“ခင်ဗျားတို့က ဒီလို ပျူပျူငှာငှာ ဖိတ်ခေါ်မှတော့… အစ်ကိုဆန်းဇွန် … ကျုပ်တို့ အားမနာတော့ဘူး” ရီဖူရှင်းက လေးစားစွာ နှုတ်ဆက်သည်။ သည်နည်းဖြင့် သူတို့ ဦးတည်ရာသို့ အလွယ် ရောက်သွားပေမည်။

ရှားရှင်းယွန်က ရီဖူရှင်းအား တစ်ချက်ကြည့်ကာ သူက သည်ဖိတ်ကြားမှုကို လက်ခံသည်မှာ အလျင်လိုလွန်းသည်ဟု တွေးနေသည်။

“သွေးနဂါးနယ်မြေရဲ့ အရင်းအမြစ်တွေက အင်အားကြီး အဖွဲ့အစည်းတွေ အများစု အပိုင်သိမ်းထားကြပြီးပြီ။ မြို့တွေတိုင်းမှာ မြို့စားတွေ ရှိပြီးတော့ သူတို့မြို့တွေကို ထိန်းချုပ်ကြတယ်။ သွေးနဂါးအင်ပါယာက ဒါတွေကို အလေးမထားပဲ လူတွေကို အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ခွင့် ပေးထားတယ်။ မြို့စားလေးဖြစ်တဲ့ ဆန်းဇွန်က အင်အားကြီးတဲ့ နောက်ခံရှိတယ်လို့ ဆိုနိုင်တယ်။ သူက ငါတို့ကို ဖိတ်ခေါ်တာ အကြံတစ်ခုခုရှိနိုင်တယ်” ရှားရှင်းယွန်က ရီဖူရှင်းအား စိတ်ဖြင့် ပြောသည်။

“မင်းသမီးလည်း နောက်ခံအင်အား ရှိတာပဲကို” ရီဖူရှင်းက ပြန်ပြောသည် … “ဒီဆန်းဇွန်က ဦးဆောင်ပြီး ခေါ်သွားမှတော့ အလုပ်မရှုပ်တော့ဘူးပေါ့ … သူ့အကြံအစည်တွေကို မင်းသမီးရှိနေမှတော့ စိတ်ပူစရာ လိုသေးလို့လား”

“…”

ရှားရှင်းယွန်က ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ သည်ခွေးကောင်က သူမအား မည်သို့ တွေးထင်သနည်း။

သည်နေရာတွင် မည်သူက ကိုယ်ရံတော် ဖြစ်သနည်း။

ရီဖူရှင်းက သူမအား ပြန်ပြောသည်… “မင်းသမီးက ကျုပ်တို့နဲ့ အတင်းလိုက်လာတာပဲ မလား။ ကျုပ်က အားမနာတော့ဘူး”

“မြန်တာပဲ … ကျုပ်က ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ” ဆန်းဇွန်က မေးသည်။

“ရီဖူရှင်း …”

ဆန်းဇွန်က ပြုံးလျက်ခေါင်းညိတ်ကာ ပြောသည် … “ဆရာရီ၊ ရီသခင်မနဲ့ တခြားလူတွေက ချန်ယဲ့မြို့ကို ရောက်ရင် ပျော်မှာပါ”

“ကျုပ်ဇနီး …” ရီဖူရှင်း ထိတ်လန့်သွားသည်။

ဆန်းဇွန်၏အကြည့်ကို ခံစားမိကာ ရှားရှင်းယွန်က အေးစက်စွာ ပြောသည် … “ကျွန်မက သူ့ဇနီးမဟုတ်ဘူး”

“ကျုပ်အမှားပါ …” ဆန်းဇွန်က လက်နှစ်ဖက်ကို ဆုပ်ကာ တောင်းပန်သည်။ သူတို့နှစ်ယောက်၏ ပတ်သက်မှုကို သူက စကားအားဖြင့် စမ်းသပ်ခြင်းသာ ဖြစ်သည်။

သိမ်းငှက်နက်က မျက်လုံးများ ပြူးကျယ်အောင် ဖွင့်ကာ ရှားရှင်းယွန်အား ကြည့်သည်။

ငှက်ကလေးကား သူတို့နှစ်ယောက် အမှန်တကယ် မပတ်သက်စေရန် ဆုတောင်းနေမိ၏။ မဟုတ်လျှင် သူ၏ဘဝမှာ သာယာတော့မည် မဟုတ်တော့။

“ဒါဆို ကျုပ်တို့ သွားကြတော့မလား” ဆန်းဇွန်က မေးသည်။

“ပြဿနာမရှိဘူး” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကောင်းပြီ … ဒါဆိုလည်း သွားရအောင် … ဒီကနေတော့ နည်းနည်း ဝေးသေးတယ်” ဆန်းဇွန်က ပြောပြောဆိုဆို ထရပ်သည်။ သူတို့အားလုံးက လေထဲသို့ တက်ကာ သွေးနဂါးဘုံသို့ ဦးတည်လိုက်ကြတော့သည်။

ရီဖူရှင်းက ကောင်းကင်မှ နေမင်းအား ကြည့်သည်။

သွေးနဂါးဘုံတွင် နေမင်းကိုးစင်းရှိသည်မှာ အမှန်လားဟု သူတွေးသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset