Switch Mode

အပိုင်း(၁၁၇၉)

သွေးနီရောင်နဂါးဒေသ

ရီဖူရှင်းတစ်ယောက် ကော့တေးတွင် ကု့ချင်း တီးခတ်နေသည်။

ထိုအခိုက်တွင် သူ့အနီးသို့ လူတစ်ယောက်က ရောက်လာ၏။

“လေ့ကျင့်တာ ဘယ်လို အခြေအနေ ရှိလဲ အစ်ကို၃” ရီဖူရှင်းက ဂူတုံးလျိုကို မေးသည်။

“ရှန့်ထိုသို့ တစ်ဆင့်အလို…” ဂူတုံးလျိုက ပြောသည်။ သူ့အဆင့်ကား အမြဲတမ်းအားဖြင့် ရီဖူရှင်းထက် မြင့်ကာ သူ့စိတ်နှလုံးမှာလည်း ထူးခြား ကောင်းမွန်ခဲ့၏။ သို့သော်လည်း ယခုတွင် သူသည် ရှန့်ထိုအဆင့်သို့ တက်လှမ်းရန် ခက်ခဲနေဆဲဖြစ်၏။ သူက အဆင့်တက်ရန် အခွင့်အလမ်းတချို့ကို လိုအပ်နေသည်။

“မင်း ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီလား” ဂူတုံးလျိုက မေးသည်။

“အင်း …” ရီဖူရှင်းက ခေါင်းညိတ်သည် … “ကျွန်တော်က ရှန့်ထိုအဆင့် တက်ပြီးကတည်းက သီးသန့် လေ့ကျင့်နေခဲ့တာ ကြာပြီ။ အခု အပြင်လောကကို ခြေဆန့်ဖို့အချိန်ပဲ။ အစ်ကိုတို့လည်း အလှည့်အပြောင်းလေးတွေ လိုလိမ့်မယ်။ သီးသန့် လေ့ကျင့်တာလောက်နဲ့ အဆင့်တက်ဖို့ မလွယ်လောက်ဘူး”

ဂူတုံးလျိုက ခေါင်းညိတ်ကာ ပြောသည် … “ကော့တေးကိုရော …”

“မင်းသမီးကို ဒီနေရာ ကြည့်ပေးဖို့ အကူအညီ တောင်းလိုက်မယ်။ ထူးထူးခြားခြား ပြဿနာတွေ မရှိလောက်ဘူး” ရီဖူရှင်းက ပြောသည်။

“ငါတို့ ဘယ်တော့ သွားကြမလဲ” ဂူတုံးလျိုက ထပ်မေးသည်။

“ကျွန်တော် နန်းတော်ကို သွားလိုက်ဦးမယ်။ အားလုံး စီစဉ်ပြီးရင် သွားကြတာပေါ့” ရီဖူရှင်းက ထရပ်ကာ ပြောသည်။

“တခြားလူတွေကို အဆင်သင့်လုပ်ထားဖို့ ငါပြောလိုက်မယ်” ဂူတုံးလျိုကလည်း တစ်ဘက်သို့ လှည့်ကာ ထွက်သွားသည်။

ရီဖူရှင်းက လေထဲသို့ တက်ကာ နန်းတော်သို့ ဦးတည်လိုက်သည်။

ရီဖူရှင်းက အင်ပါယာရှား နန်းတော်သို့ မသွားခဲ့သည်မှာ အတော်အတန် ကြာပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အင်ပါယာနှင့် တွေ့ပြီးကတည်းက ရီဖူရှင်းသည် နန်းတော်သို့ တစ်ကြိမ်တစ်ခါမှ မဝင်ရောက်ခဲ့ပေ။

သူက မင်းသမီးနန်းဆောင်သို့ တိုက်ရိုက် သွားခဲ့သည်။

ရှားရှင်းယွန်က သူ့အား မြင်လျှင် သဘောမကျစွာ ပြောသည် … “ဒီကို ဘာလို့ ရောက်လာတာလဲ”

“အရှင်မင်းကြီးနဲ့ တွေ့တုန်းက ငါသိချင်တာတွေ မင်းပြောလိမ့်မယ်လို့ ပြောတယ်။ အခု ကျုပ်က ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ မင်းသမီးက ကျုပ်သိချင်တာကို ပြောမယ်လို့ ထင်ပါတယ်” ရီဖူရှင်းက ပြောသည်။

ရှားရှင်းယွန်က ရီဖူရှင်းအား စိုက်ကြည့်သည်။ ရီဖူရှင်း ဘာအတွက် လာသည်ကို သူမသိလိုက်သည်။

ကြည့်ရသည်မှာ သူကား ထွက်သွားရန် အဆင်သင့် ဖြစ်နေလေပြီ။

“ဧကရီချင် …” ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်ကာ ပြောသည်။

“ဧကရီချင် …” ရီဖူရှင်းကလည်း ရှားရှင်းယွန်ကို ကြည့်သည်။

“နင်ရှာရမယ့် ဧကရီနာမည်က ဧကရီချင်ကဲ … ဘုံသုံးထောင်အတွင်းက ဧကရီတစ်ပါးပဲ” ရှားရှင်းယွန်က ရီဖူရှင်းအား ရှင်းပြသည်။

“ဒါပေမဲ့ သူမက အမြင့်ဆုံးဘုံတွေမှာပဲ ရှိတယ်။ ရှန့်ထိုအဆင့်နဲ့နင်က သူ့ကို သွားရှာရင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာလိမ့်မယ်” ရှားရှင်းယွန်က ပြောသည်။ သူမက လက်ဝှေ့ယမ်းလိုက်လျှင် မြေပုံတစ်ချပ် ရီဖူရှင်းထံ ရောက်လာသည်။

ရီဖူရှင်းက လက်ဆန့်တန်းကာ မြေပုံကို ယူပြီး ကြည့်လိုက်သည်။

မြေပုံတွင် ဘုံသုံးထောင်တို့အား အမှတ်အသားတို့ဖြင့် ပြသထားကာ ထိုနေရာများမှာ ကြယ်တာရာများနှင့်ပင် သဏ္ဌာန်ရသည်။

ဘုံတစ်ခု ကြယ်တစ်လုံးအလား …

ရီဖူရှင်းက အင်ပါယာရှားဘုံကို တွေ့သလို အနီးတစ်ဝိုက်မှ အင်ပါယာလီဘုံကိုလည်း တွေ့၏။ ဥဒေါင်း အင်ပါယာဘုံသည်လည်း အနီးတွင် ရှိသည်။ ဘုံသုံးဘုံမှာ နယ်မြေချင်း ထိစပ်နေကြသည်။

ထိုမျှသာမက တခြားသော ရန်ဟောင်နယ်မြေများလည်း ရှိကာ ကြယ်တာရာမြေပုံအတွင်း ဟိုမှသည်မှ တည်ရှိနေကြသည်။ ထိုအထဲတွင် မျဉ်းကွေးသဏ္ဌာန် ကြယ်စုတစ်ခု ရှိ၏။ ထိုဒေသကို ညွှန်းဆိုထားသည်မှာ သွေးနီရောင် နဂါးဒေသဟူ၍ ဖြစ်သည်။

“အင်ပါယာရှားနယ်မြေတွေနဲ့ တခြားသော အင်ပါယာလီဘုံ၊ ဥဒေါင်းအင်ပါယာဘုံတို့ အကုန်လုံး ရှိနေတဲ့ ဒေသကို သွေးနီရောင်နဂါးဒေသတို့ ခေါ်တယ်။ ဒီအထဲက အင်အားအကြီးဆုံး ဘုံလည်းဖြစ်ပြီး ဗဟိုချက်မကျတဲ့ ဘုံကို သွေးနဂါးဘုံလို့ ခေါ်တယ်”

ရှားရှင်းယွန်က ရှင်းပြသည် … “သွေးနဂါးဘုံက အစည်ကားဆုံး ဖြစ်ပြီးတော့ စွမ်းအားမြင့် တန်ခိုးရှင်တွေလည်းပိုပေါတယ်။ ပြီးတော့ သူက တခြားဘုံတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်တယ်။ ဘုံတိုင်းမှာ သွေးနဂါးဘုံသို့ သွားနိုင်တဲ့ လေဟာနယ်ခရီးသွား အစီအရင်ရှိတယ်”

ရီဖူရှင်း၏မျက်လုံးများ အရောက်တောက် သွားသည်။ ဆိုလိုသည်က သွေးနဂါးဘုံတွင် တခြားဘုံများသို့ သို့သွားနိုင်သော ဧရာမ အစီအရင်ဝင်္ကပါရှိသည်။

“တကယ်လို့ နင်က ဧကရီကို သွားရှင်ချင်တယ်ဆိုရင် သွေးနဂါးဘုံမှာ အမြစ်ကုပ်ယူပြီးတော့မှ တခြားဘုံတွေကို ခြေဆန့်နိုင်မယ်” ရှားရှင်းယွန်က ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် … “ကျေးဇူးတင်ပါတယ် မင်းသမီး။ တော်ဝင်နန်းတော်က သွေးနဂါးဘုံသို့ သွားနိုင်တဲ့ အစီအရင်ဝင်္ကပါ ရှိပါသလား”

“ရှိတယ်” ရှားရှင်းယွန်က ခေါင်းညိတ်သည်။

“ဒီလို ဆိုမှတော့ ကျုပ်က မင်းသမီးကို ဒုက္ခပေးရတော့မှာပဲ” ရီဖူရှင်းက ပြောသည်။

“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါလည်း လေ့ကျင့်ရေးခရီး ထွက်မလို့။ သွေးနဂါးဘုံကို ငါလည်း အတူလိုက်မယ်” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။

“…”

ရီဖူရှင်း မျက်လုံးပြူးသွားသည်။

“ဒါက သိပ်အဆင်မပြေဘူး ထင်တယ်” ရီဖူရှင်းက အကြည့်ကို လွှဲကာ ပြောသည်။ သည်ခရီးတွင် မည်သို့သော ဘေးအန္တရာယ်နှင့် ကြုံရမည်ကို မသိပေ။ ရှားရှင်းယွန်ကား မင်းသမီးတစ်ပါးဖြစ်သည်။

“ငါနင်နဲ့မလိုက်ရင် နင်က အဲဒီကို ဘယ်လိုသွားရမယ် သိလို့လား” ရှားရှင်းယွန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။

“…” ရီဖူရှင်းက သူမ၏ လက်ချောင်းများကြား ဆော့ကစားခံရသလို ခံစားလိုက်ရပြီး စိတ်ပျက်လက်ပျက် ပြောသည် … “ဒါဆိုလည်း မင်းသမီးကို ဒုက္ခပေးရပါဦးမယ်”

ရှားရှင်းယွန်က သူ့အား အေးစက်စွာ ကြည့်သည်။ ရီဖူရှင်း မည်သည့်အချိန်က ယှဉ်ကျေးသွားသနည်း။

“ကျုပ် သွားပြင်ဆင် လိုက်ပါဦးမယ်” ရီဖူရှင်းက ပြောကာ နောက်လှည့်ထွက် သွားရန်ပြင်သည်။ သို့သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ ခြေလှမ်းကို ရပ်လိုက်သည်။

အာကာသခရီးသွား ဝင်္ကပါအစီအရင်ကို သုံးခြင်းကြောင့် သူပြဿနာများ ဖြစ်ပွားခဲ့သည်များကို ပြန်သတိရလာသည်။

ယခု …

ရှားရှင်းယွန်က ရီဖူရှင်းအား နားမလည်စွာ ကြည့်သည်။

သူက ဘာကို တွေးနေသနည်း။

ရီဖူရှင်းက ရပ်တန့်ပြီးမှ ရှားရှင်းယွန်ကို ပြန်ကြည့်ကာ မေးသည် … “မင်းသမီး … ကျုပ်တစ်ခု အကူအညီတောင်းလို့ ရမလား”

“ပြော …” ရီဖူရှင်းစိတ်ထဲ ဘာဖြစ်နေသည်ကို ရှားရှင်းယွန် နားမလည်။

“ဒီခရီးက အန္တရာယ်ရှိနိုင်လို့ မင်းသမီးက ဒီမှာပဲ နေသင့်တယ်” ရီဖူရှင်းက ပြောသည်။

“ပြော …” ရှားရှင်းယွန်၏လေသံက ပိုမိုအေးစက်လာသည်။ သည်ခွေးကောင် …

ရီဖူရှင်းက သူ့အတွေးကို ပြောလျှင် ရှားရှင်းယွန်သည် တွေဝေသွား၏။ သူမ၏မျက်လုံးများတွင် အတွေးများစွာ ပြေးလွှားသွားဟန် ရ၏။ အတန်ကြာလျှင် သူမက ပြောသည် … “ငါ စီစဉ်ထားလိုက်မယ်”

ရီဖူရှင်းက ခေါင်းညိတ်ကာ မင်းသမီးနန်းဆောင်မှ ထွက်လာခဲ့သည်။

သို့သော်လည်း သူအား လမ်းတစ်ဝက်တွင် တားဆီးသူများ ရှိသောကြောင့် ဝေးဝေး မသွားနိုင်ခဲ့ပါ။

“မင်းသမီးချီ …” ရီဖူရှင်းက ဆွဲဆောင်မှုပြင်းသော ပုံသဏ္ဌာန်လေးအား ကြည့်ကာ လက်နှစ်ဖက်အား ဆုပ်လျက် နှုတ်ဆက်သည။

“ရှင်က နန်းတော်ကို ရောက်လာမှတော့ ဘာလို့ ယောင်းချီဆီသို့ လာမလာတာလဲ။ ဆရာရီက ယောင်းချီကို ဒီလောက် မြန်မြန် မေ့နိုင်တာလား” ယောင်းချီက ညှို့ငင်မှုပြင်းစွာဖြင့် ဆိုသည်။

“ကျုပ်မှာ လုပ်စရာတစ်ခုရှိလိုပါ။ နားလည်ပေးပါ မင်းသမီးချီ” ရီဖူရှင်းက ပြောကာ မြန်ဆန်စွာပင် ပြေးလွှား ပျောက်ကွယ် သွားတော့၏။

အင်ပါယာရှားက သူ့အား သတိပေးထားပြီး ဖြစ်သည်။ သူတို့က တော်ဝင် နန်းတော်တွင်ဖြစ်ကာ အင်ပါယာရှား၏ မျက်စိအောင်တွင်လည်း ဖြစ်သည်။ သူ့အနေဖြင့် ယောင်းချီနှင့် စကားပြောရန်ပင် သိပ်မရဲပါ။

“ကျွန်မက ရှင့်ကို စားလိုက်မှာကို ကြောက်လို့လား …” ယောင်းချီက သူမ ရောက်နေသည့် နေရာကိုပင် အလေးမထားတော့ပဲ အော်ဟစ်လိုက်သည်။ သူမ၏မျက်လုံးများမှာ ဝမ်းနည်းရိပ်သန်းနေပြီး တခြားလူများ အားလုံးမှာ ထိုအသံကို ကြားပြီး ဆွံ့အနေကြသည်။

သည်ခွေးကောင် ရီဖူရှင်းကား အမှန် ကံကောင်းလွန်းလှသည်။

ကော့တေးမှ လူများမှာ သည်ရက်ပိုင်းအတွင်း သိုသိပ်စွာ နေကာ လူအများ၏အာရုံမှ ကင်းလွတ်နေခဲ့သည်။

ထို့နောက်တွင် နန်းတော်မှ လေဟာနယ်ခရီးသွား ဝင်္ကပါအစီအရင် အသက်ဝင်လာကာ လူတစ်စု ပျောက်ကွယ် သွားတော့သည်။

မင်းသမီးရှားရှင်းယွန်က သူတို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ရှားရှင်းယွန် ထွက်သွားတော့မှ တခြားလူများအားလုံးက သတိထားမိ သွားခြင်းလည်း ဖြစ်သည်။ ယောင်းချီက ရှားရှင်းယွန်သည် ရီဖူရှင်းအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသနည်း ဟူသော မေးခွန်းအား တွေးတောနေခဲ့သည်။

သို့သော်လည်း ဝင်္ကပါကို စောင့်ကြပ်နေသူများက ထိုလျှို့ဝှက်ချက်အား သူမည်သူ့ကိုမှ မပြောပြခဲ့ပေ။

***

ရက်များမကြာမီ တော်ဝင်နန်းတော်၊ တာလီပြည်ထောင်၌။

လီယောင်သည် လွန်ခဲ့သော နှစ်အနည်းငယ်က သတ္တမဓားနှင့် ပြဿနာများ အပြီးတွင် အခြေအနေများ သိပ်မကောင်းတော့။

သူကား မူလက တာလီနန်းတွင်း အကြံပေး၏ အမည်ခံတပည့်ဖြစ်ကာ နန်းတွင်းအကြံပေး အိမ်တော်နှင့် ပိုမိုနီးကပ်ခဲ့သည်။

သို့သော်လည်း သတ္တမဓားနှင့် ကိစ္စတွင် သူသည် နန်းတွင်း အကြံပေးနှင့် ဆန့်ကျင်ဘက်ဖြစ်လုနီးပါး ဖြစ်ခဲ့ကာ မင်းသားကြီးကိုပင် ပါဝင် ပတ်သက်စေခဲ့၏။ မင်းသားကြီးက နန်းတွင်းအကြံပေးနှင့် တိုက်ခိုက်ခဲ့သော်လည်း ရီဖူရှင်း ထွက်သွားသည်ကို မတားဆီးနိုင်ခဲ့။

ထို့ကြောင့် လီယောင်မှာ အပယ်ခံ ဖြစ်လာရသည်။

နှစ်ဖက်လုံးက သူနှင့် မပတ်သက်လိုကြတော့။

လီယောင်က မိမိကိုယ်ကို ပြန်လည်သုံ့သကာ သီးသန့် လေ့ကျင့်ပြီးနောက် ကောင်းကင်ပြက္ခဒိန် ၁၀၀၂၄ခုနစ်တွင် ရှန့်ထိုဖြစ်ခဲ့၏။ ထိုအဖြစ်က လှုပ်ခတ်သွားကာ အင်ပါယာလီကိုယ်တိုင်က သတိပြုမိပြီး သူ့အတွက် ပိုတွေးပေးလာခဲ့သည်။ မင်းသား၃ကလည်း သူ့အပေါ် ကောင်းမွန်သော သဘောထားများ ပြသခဲ့၏။

ထို့နောက်တွင် လီယောင်သည် နန်းတွင်းအကြံပေးနှင့် အဆက်အသွယ်များ ဖြတ်တောက်လျက် မင်းသား၃တို့နှင့် ပိုမိုနီးကပ်လာခဲ့၏။

မှန်သည် … နန်းတွင်းအကြံပေး အိမ်တော်မှာ ခက်ခဲသော အချိန်များနှင့် ရင်ဆိုင်နေရပေသည်။ သူတို့က အချိန်အများစုကို သိုသိပ်စွာ နေကြ၏။

“အရှင့်သား …” အစေခံ မိန်းကလေးက လာရောက် သတင်းပို့သည်။

“မင်းကို ဘယ်သူလာပြီး နှောင့်ယှက်ခွင့် ပြုထားလို့လဲ” လေ့ကျင့်နေသော လီယောင်က ဒေါသတကြီး ပြောသည်။ ကျင့်ကြံခြင်းအချိန်၌ သူ့အား လာနှောင့်ယှက်လျှင် သူက အလွန်စိတ်ဆိုး၏။

“အရှင့်သား … အင်ပါယာရှားဘုံက သတင်းတွေ ရတယ် …” အစေခံ မိန်းကလေးက ဒူးထောက်ကာ တုန်ယင်စွာ ပြောသည်။

လီယောင်၏မျက်လုံးများက ပျော့ပျောင်းသွားကာ သူကပြောသည် … “သူတို့ကို ခေါ်လိုက်”

“ဟုတ်ကဲ့ပါ အရှင့်သား …” မိန်းကလေးက မြန်ဆန်စွာပင် ထွက်သွားပြီး လူတစ်ယောက်ကို ခေါ်လာသည်။

“အရှင့်သား …” ထိုလူက ဦးညွှတ်သည်။

“ဘာများလဲ …” လီယောင်က သတင်းပေးအား ပြောသည်။

“အင်ပါယာရှားဘုံကလာတဲ့ သတင်းအရ ရီဖူရှင်းနဲ့ရှားရှင်းယွန်တို့က အင်ပါယာရှားဘုံက ထွက်သွားကြပါသတဲ့” သတင်းပေးက ပြောသည်။

“မင်း သေချာလား” လီယောင် ထရပ်သည်။

“သတင်းက သေချာပါတယ်။ အတော်များများ ဒီသတင်းကို သိကြပါတယ်”

“သူတို့ ဘယ်ကို သွားကြတာလဲ …” လီယောင်က မေးသည်။

“အင်ပါယာရှား နန်းတော်က သတင်းကို အမှောင်ချထားတယ်။ ဒါပေမဲ့ ကောလာဟလတွေအရ သွေးနဂါးဘုံဖြစ်ဖို့ များတယ်”

“ရီဖူရှင်းက သွေးနဂါးဘုံကို သွားတယ် …” လီယောင်၏မျက်လုံးများ အရောက်လက် သွားသည်။

သည်အခွင့်အရေးအား သူလက်မလွှတ်နိုင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset