” ဝိညာဉ်အမြစ်တွေကတောင် လိမ်လည်လှည့်ဖျားပြီးတော့ ပြဿနာတွေတက်အောင် လုပ်နိုင်စွမ်းရှိနေတာပါလား ”
ဝမ်ပေါင်လဲ့မှာ ရယ်မောနေသော ပုံရိပ်ယောင် အရိပ်ကြီးအား မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေတော့သည်။ သူသည် အနည်းငယ်မျှသာ မယုံသင်္ကာဖြစ်နေပါသော်လည်း ကြောက်ရွံ့ခြင်းတော့ မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုနေရာသို့ ရောက်မလာခင်ကတည်းက ပါမောက္ခကြီး ပေးအပ်ခဲ့သော ကျောက်စိမ်းပေလွှာမှတစ်ဆင့် ဝိညာဉ်အမြစ်များ၏အကြောင်းကို အကြမ်းဖျင်းခန့် နားလည်ထားခဲ့သည်ဖြစ်ပြီး ၎င်းတို့မှာ ဝိညာဉ်အသိဉာဏ်များ ပိုင်ဆိုင်ထားသည်ဆိုသည့်အချက်ကို သိရှိထားသည် မဟုတ်ပါလော။
ထို့ကြောင့် သူသည် အနီးကပ်ကြည့်ရှုရန်အတွက် ရှေ့သို့လှမ်းရန် ပြင်လိုက်ပါသော်လည်း ထို ပုံရိပ်ယောင် အရိပ်ကြီးမှာ သူ့အား အာရုံခံမိသွားသည့်ပုံ ပေါက်သွားသဖြင့် ချက်ချင်းပင် သူ့ဘက်သို့ လှည့်လာ၏။ သူ၏မျက်နှာပေါ်တွင်မူ မည်သည့် အင်္ဂါရပ်မှ မရှိပဲ ပြောင်သလင်းခါနေ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင်မူ ခုနစ်လက်မခန့်ရှိသော အမြစ်တစ်ခုကို မြင်နေရသည်။
” ခုနစ်လက်မတဲ့လား ”
ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရ၏။ လက်ရှိတွင် သူရှာဖွေနေသည့် ဝိညာဉ်အမြစ်မှာ တစ်လက်မသာရှိသော ဝိညာဉ်အမြစ် ဖြစ်နေရုံသာမက သူနှင့် ရေစက်ပါနေရန်လည်း လိုအပ်သေးသည်။
” ငါ စစရောက်လာချင်းတုန်းကတော့ ဒီလောက်ကြီး ခက်ခဲမယ်လို့ ထင်မထားခဲ့ဘူး။ ကိုယ်တိုင်ကြုံရတော့မှပဲ တော်တော် ခဲယဉ်းမှန်း သိလာတော့တာပဲ ”
ဝမ်ပေါင်လဲ့မှာ ခေါင်းကုတ်ရင်း ရေရွတ်လိုက်၏။ ထို့ကြောင့် သူသည် သက်ပြင်းချကာ ထွက်ခွာရန် ပြင်လိုက်သည့်အချိန်တွင် ထို မျက်နှာမဲ့ ခုနစ်လက်မ ဝိညာဉ်အမြစ်ကြီးမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရပြီးနောက် ရုတ်တရက် တောက်ပလာတော့သည်။ ၎င်း၏ မျက်နှာမှာ မှုန်ဝါးသွားပြီး ၎င်း၏ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပြန့်ကားလာ၏။
” ဟင် ”
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်း သူ၏ရှေ့၌ ထို ခုနစ်လက်မ ဝိညာဉ်အမြစ်ကြီး၏ ခန္ဓာကိုယ် ပြန့်ကာလာပြီး မျက်နှာသွင်ပြင်များ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများပင်ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် ၎င်းမှာ သူနှင့် တစ်ပုံစံတည်းတူသော လူရိပ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများအားလုံးကို မြင်လိုက်ရသောကြောင့် သူ၏မျက်လုံးများမှာ ချက်ချင်းပင် ဝင်းလက်တောက်ပသွားပြီး အလွန် စိတ်လှုပ်ရှားသွားရတော့သည်။
ပါမောက္ခကြီးပေးခဲ့သော ကျောက်စိမ်းပေလွှာမှတစ်ဆင့် ဝိညာဉ်အမြစ်များမှာ ၎င်းတို့နှင့် သက်ဆိုင်သော လူတစ်ယောက်ကို ရွေးချယ်ပြီးပါက ထိုရွေးချယ်ခဲ့ရသည့်လူကို စတင် တိုက်ခိုက်မည်ဖြစ်သည် ဆိုသော အချက်ကို သိရှိနားလည်ထားသည့်တိုင်အောင် သူသည် ပျော်ရွှင်နေဆဲပင်။ သူသည် ထိုဝိညာဉ်အမြစ်အား အပြီးတိုင် ချိုးဖျက်ကာ အနိုင်ယူပြီးသောအခါမှသာ ၎င်းကို စုပ်ယူနိုင်မည်ဖြစ်သည်။
သို့သော် လူတစ်ယောက်မှာ မိမိတို့ စုပ်ယူနိုင်စွမ်း မရှိသေးသော အဆင့်မြင့်ဝိညာဉ်အမြစ်တစ်ခုနှင့် ကြုံတွေ့ရမည်ဆိုပါက ထိုအမြစ်ကို အနိုင်ယူနိုင်လျှင်တောင် စုပ်ယူနိုင်မည်တော့ မဟုတ်ပေ။ ထိုအခါတွင် ထိုဝိညာဉ်အမြစ်မှာ ပြန်လည်ပေါ်ထွက်လာမည်ဖြစ်ပြီး သူ့အား လိုက်၍ နှောင့်ယှက်နေဦးမည်သာ ဖြစ်သည်။
ထိုကိစ္စကို အတိုင်းအတာတစ်ခုအထိတော့ သတင်းကောင်းအဖြစ် မှတ်ယူနိုင်၏။ အကယ်၍ ဝိညာဉ်အမြစ်တစ်ခုမှာ လူတစ်ယောက်ကို အနှောင့်အယှက်ပေးရန် ဆုံးဖြတ်ခဲ့ပါက ၎င်းမှာ သစ္စာရှိကြောင်း သိနိုင်၏။ ထိုသူမှာ ၎င်းတို့အား စုပ်ယူနိုင်စွမ်း ရှိသွားမည်ဆိုပါက ၎င်းတို့ကို စုပ်ယူနိုင်မည်သာ ဖြစ်သည်။
” ဟား။ မင်းက တော်တော်ကို မျက်စိလျင်တဲ့ကောင်ပဲ။ ငါက ဒီစာမေးပွဲထဲက လူတွေအကုန်လုံးထဲ အချောမောဆုံးနဲ့ အခံ့ညားဆုံး ဖြစ်တယ်ဆိုတာ မင်း ရိပ်မိလိုက်လို့ ငါ့ကို ရွေးချယ်ခဲ့တာမလား ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရနေသည့်ဟန်ဖြင့် ရယ်မောကာ ချက်ချင်းပင် နောက်သို့ဆုတ်သွားလိုက်ပြီး ဝိညာဉ်အမြစ်ကြီးအား သူ့နောက်လို့လိုက်လာအောင် ဆွဲဆောင်လိုက်၏။
ဝမ်ပေါင်လဲ့ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ထို ခုနစ်လက်မဝိညာဉ်အမြစ်မှာ ဖျတ်ခနဲလက်သွားပြီး ညည်းတွားကာ သူ့ဆီသို့ လျင်မြန်စွာ ပြေးလာတော့သည်။ ထို့နောက် သူတို့နှစ်ယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် ချက်ချင်းပင် ဝင်တိုက်မိသွားကြသဖြင့် အသံကျယ်ကြီးတစ်သံ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ခုနစ်လက်မ ဝိညာဉ်အမြစ်မှာလည်း ဝမ်ပေါင်လဲ့အား ဝင်တိုက်လိုက်ပြီးနောက် နောက်သို့ ပေရာဂဏန်းအနည်းငယ်ခန့် လွင့်ထွက်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း အံ့အားသင့်သွားပြီး ထိုပြင်းအားကြီးကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။
” ဒီ ခုနစ်လက်မ ဝိညာဉ်အမြစ်က တော်တော်ကိုအစွမ်းထက်တာပဲ ”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ လက်ရှိတွင် သူ၏ တိုက်ရည်ခိုက်ရည်များကြောင့် သိုင်းပညာဌာန၏ ကျောင်းသားခေါင်းဆောင်ပင် သူထိုးနှက်လိုက်သော လက်သီးချက်ကို တောင့်ခံနိုင်စွမ်း ရှိနေမည်မဟုတ်ပေ။ သို့သော် ထို ခုနစ်လက်မဝိညာဉ်အမြစ်မှာ ထိုပြင်းအားကို တောင်ခံနိုင်စွမ်းရှိနေသည်ဖြစ်ရာ ၎င်းမှာ နောက်သို့လွင့်ထွက်သွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရတော့သည်။
” တခြားတစ်ယောက်ယောက်သာ ဆိုရင် အဲဒီပြင်းအားကြီးကို တောင့်ခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဝမ်ပေါင်လဲ့ဆိုတဲ့ငါက ကြံ့ကြံ့ခိုင်နေစွမ်း ရှိနေတုန်းပဲကွ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် တောအုပ်အပြင်ဘက်သို့ ပြေးထွက်သွားလိုက်တော့သည်။ ခုနစ်လက်မ ဝိညာဉ်အမြစ်ကြီးမှာမူ အော်ဟစ်ညည်းတွားရင်း သူ၏နောက်မှ လိုက်လာ၏။
” လာပါကွ ဝိညာဉ်အမြစ်ရ။ ငါ ဒီမှာလေကွာ။ ငါ့နောက်ကို လိုက်ခဲ့ပါကွ ”
ဝမ်ပေါင်လဲ့မှာ ထို ခုနစ်လက်မ ဝိညာဉ်အမြစ်က သူ့အား လိုက်မမီမည်ကို စိုးရိမ်သောကြောင့် ခဏခဏ ထပ်ခါထပ်ခါ အော်ဟစ်၍ ၎င်း၏ အာရုံကို ဖမ်းစားထား၏။
ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ တောအုပ်ကြီး၏ အပြင်ဘက်တွင် စိန်ပြေးလိုက်တမ်း ကစားနေကြတော့သည်။ တစ်ခါတရံတွင် သူတို့မှာ အပြန်အလှန် ထိုးကြိတ်ကာ အော်ဟစ်နေကြသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ဝမ်းမြောက်စွာ ပြေးလွှားနေ၏။ သူသည် နောက်သို့လှည့်ကာ သူ၏ နောက်သို့လိုက်လာသော ပုံစံတူ လူရိပ်ကြီးကို ကြည့်မိလိုက်တိုင်း သူ၏ ခံ့ညားသောရုပ်ရည်ကြောင့် အလွန် သဘောကျနေရတော့သည်။ ထို့အပြင် သူသည် အလွန် ကျေနပ်နေသဖြင့် ဝိညာဉ်များကို ပြောဆိုနေသည့် သူ၏စကားသံများမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့်လေသံ ပေါက်နေသည့် အထိပင်။
” ဝိညာဉ်အမြစ် ခံ့ချောကြီးရေ။ လာပါကွ။ အလျှော့မပေးပါနဲ့။ မင်း အချိန်တိုလေးအတွင်း ငါ့ကို လိုက်မီမှာပါကွ ”
ထို ခုနစ်လက်မ ဝိညာဉ်အမြစ်မှာ ဝမ်ပေါင်လဲ့၏ စကားသံကြောင့် စိတ်ရှုပ်သွားသည့်ပုံ ပေါက်သွားပြီး ၎င်း၏ ညည်းတွားသံမှာ ပို၍ပင် ကျယ်လောင်လာသလို ၎င်း၏ အမြန်နှုန်းမှာလည်း သိသိသာသာ မြင့်တက်လာ၏။
” ငါ ဒီမှာပါကွ။ လာ… လာ ”
သိပ်မကြာခင် ဝမ်ပေါင်လဲ့ ပြေးလွှားပြီးသွားသော နေရာများမှာ တဖြည်းဖြည်းနှင့် များပြားလာသောကြောင့် ထိုအနီးအနားတွင် ရှိနေကြသော တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများမှာ ထိုအဖြစ်အပျက်များကို မြင်လိုက်ရတော့သည်။ စစချင်း သူတို့မှာ ဝမ်ပေါင်လဲ့၏ အော်ဟစ်သံကို ပထမဆုံးအကြိမ်အဖြစ် ကြားခဲ့ရသဖြင့် ဝေခွဲမရ ဖြစ်သွားကြ၏။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ သူတို့၏ဘေးမှ ပြေးထွက်သွားပြီး ခုနစ်လက်မ ဝိညာဉ်အမြစ်ကြီးမှာလည်း သူ၏နောက်သို့ လိုက်သွားသည်ကို မြင်လိုက်ကြရသဖြင့် သူတို့မှာ ပို၍ပင် အံ့အားသင့်သွားကြတော့သည်။
” ခုနစ်လက်မဝိညာဉ်အမြစ် တစ်ခုပါလားဟ။ ဒီဖက်တီးက သူနဲ့ ရေစက်ပါတဲ့ ခုနစ်လက်မဝိညာဉ်အမြစ်တစ်ခုကို ရှာတွေ့ရလောက်တဲ့အထိကို ကံကောင်းနေတာပဲ ”
” ဘုရားရေ။ ခုနစ်လက်မဝိညာဉ်အမြစ်တွေက အစကတည်းက ရှားတာ။ သူက အဲဒီလိုအမြစ်တစ်ခုကို ရှာတွေ့ခဲ့ရုံတင် မဟုတ်ဘဲ သူ ရှာတွေ့ခဲ့ခဲ့တဲ့ အမြစ်ကပါ သူနဲ့ ရေစက်ပါနေတာပဲ။ တော်တော်ကို ယုံချင်စရာမရှိတဲ့ ကံကောင်းမှုမျိုးပဲကွ ”
” သူက ခုနစ်လက်မ ဝိညာဉ်အမြစ်တစ်ခုကို တကယ်ကြီး သူ့နောက်ကို လိုက်လာအောင် မျှားခေါ်နေတာပဲ။ ဒီနည်းလမ်းကို ပုံမှန်ဆိုရင် ငါးလက်မအောက်မှာရှိတဲ့ ဝိညာဉ်အမြစ်တွေအတွက်ပဲ သုံးကြတာ။ ခုနစ်လက်မ ဝိညာဉ်အမြစ်တွေရဲ့ တိုက်ရည်ခိုက်ရည်က တော်တော်ကို မြင့်မားတယ်ကွ။ ဝမ်ပေါင်လဲ့က မီးနဲ့ ဆော့ကစားနေတဲ့အတိုင်းပဲ ”
အကယ်၍ ဝမ်ပေါင်လဲ့မှာ ခုနစ်လက်မဝိညာဉ်အမြစ်၏ လိုက်ဖမ်းချင်းကိုသာ ခံနေရမည်ဆိုပါက ထိုမျှလောက် ကြီးကြီးကျယ်ကျယ် ဖြစ်နေမည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့၏ ထိုခုနစ်လက်မဝိညာဉ်အမြစ်အား အော်ခေါ်နေသော လေသံနှင့် အမူအရာမှာ ထူးဆန်းလွန်းနေပြီး အနည်းငယ် စိတ်ရှုပ်စရာ ကောင်းနေသောကြောင့် သူတို့ကို မြင်လိုက်ရသည့် လူတိုင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ပြေးလွှားနေရင်း တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများစွာနှင့် ထပ်၍ ဆုံတွေ့လိုက်ရပြန်သည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့နှင့် သူ၏နောက်မှ ကပ်၍ပြေးလိုက်လာသော ခုနစ်လက်မဝိညာဉ်အမြစ်တို့ကို မြင်လိုက်ရသောအခါ ကြက်သေသေသွားကြ၏။
ထို ကျောင်းသားအဖွဲ့များထဲတွင် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားတချို့လည်း ပါနေကြသည်။ သူတို့မှာ ဘေးမှ ဖြတ်ပြေးသွားသော ဝမ်ပေါင်လဲ့နှင့် သူ့ပုံစံအဖြစ် အသွင်ပြောင်းထားသည့် ဝိညာဉ်အမြစ်ကြီးကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားထဲတွင် အားကျစိတ်များနှင့် ခံစားချက်ပေါင်းစုံတို့ဖြင့် ပြည့်နှက်သွားရတော့သည်။
” ငါတို့ ကောင်းကင်တာအိုကျောင်းရဲ့ ဓမ္မလက်နက်ဌာနက သုံးထပ်ကွမ်းကျောင်းသားခေါင်းဆောင်က တကယ်ကို ထူးခြားတာပဲကွ။ သူ့ရဲ့ ဝိညာဉ်အမြစ်ကို မျှားခေါ်တဲ့နည်းလမ်းကတောင် သာမန်လူတွေနဲ့မတူဘူး ”
ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်တွင် ကြုံခဲ့ရသောလူတိုင်း၏ မျက်နှာအမူအရာများနှင့် ဆွေးနွေးငြင်းခုံသံများကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အလွန် အစွမ်းထက်သည်ဟု မှတ်ယူလိုက်ပြီး ပို၍ပင် ကျေနပ်အားရနေတော့သည်။ ခုနစ်လက်မဝိညာဉ်အမြစ်တစ်ခုက သူ၏နောက်သို့ လိုက်နေသည့် အချက်ကိုကြည့်၍ သူသည် အခြားလူများထက် ပို၍ အသာစီးရနေသည် ဖြစ်ကြောင်း သိနိုင်ပေသည်။
” တကယ်လို့ ငါသာ ခြောက်လက်မ ဝိညာဉ်အမြစ်တစ်ခုကို ရှာတွေ့နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ ”
ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်မှုများကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်နေစဉ် အရှေ့ဘက်ရှိ တောင်ကြားထဲ၌ ပုံရိပ်ယောင် လူရိပ်ကြီးတစ်ခု ဖျတ်ခနဲ ပျံသန်းသွားသည်ကို ရုတ်တရက် လှမ်း၍ သတိထားမိလိုက်သည်။ ထို့ကြောင့် သူ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောက်လက်သွားပြီး သူသည် ကံစမ်းချင်သောကြောင့် ထိုနေရာသို့ လျင်မြန်သွက်လက်စွာ ဦးတည်သွားလိုက်သည်။ သို့သော် သူ ထိုတောင်ကြားထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်အမြစ်ပုံရိပ်ယောင်လူရိပ် သုံးခုမှာ အဝေးသို့ မျောလွင့်သွားသည်ကို မြင်လိုက်ရ၏။
ထိုဝိညာဉ်အမြစ် လူရိပ်သုံးခုမှာ သူ့အား အာရုံခံမိသွားသည့်ပုံ ပေါက်သွား၏။ သူတို့မှာ အစတွင် အဝေးသို့ မျောလွင့်သွားနေခြင်း ဖြစ်ပါသော်လည်း ချက်ချင်းပင် ရပ်တန့်သွားကြပြီး နောက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်၏။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ရှိရာသို့ လှမ်းကြည့်လိုက်ကြပြီးနောက် အပြင်းအထန် တုန်ရီသွားကြသည်။ ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ပြန့်ကားကာ တွန့်လိမ်ပုံပျက်သွား၏။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေစဉ် ထို ဝိညာဉ်အမြစ်သုံးခုမှာ ချက်ချင်းဆိုသလိုပင် သူနှင့် တစ်ပုံစံထဲတူသော လူရိပ်များအသွင် ပြောင်းလဲသွားကြ၏။
” ငါးလက်မ ဝိညာဉ်အမြစ် သုံးခုပါလား ”
ဝမ်ပေါင်လဲ့မှာ မိန်းမောတွေဝေသွားရပြီး သူ၏ ပုံစံအဖြစ်သို့ ပြောင်းလဲကာ အော်ဟစ်မြည်တမ်း၍ သူ့ဆီသို့ အပြေးအလွှား ဦးတည်လာနေကြသည့် ငါးလက်မ ဝိညာဉ်အမြစ်များကို စိုက်ကြည့်နေမိတော့သည်။ သူသည် သူ၏မျက်လုံးရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။
” သူတို့တွေအားလုံးက ငါ့ကို သဘောကျပြီးတော့ ငါနဲ့ ရေစက်ပါနေကြတာပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် အံ့အားသင့်နေရသည့် တိုင်အောင် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ခံစားနေရဆဲပင်။ သို့သော် ခုနစ်လက်မဝိညာဉ်အမြစ်မှာ သူ့အား လိုက်မီလာပြီဖြစ်ရာ သူ့တွင် စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် အသိပြန်ဝင်လာပြီး အလျင်အမြန်ပင် ပြေးထွက်သွား၏။ သူနှင့် တစ်ပုံစံတည်းဆင်တူသော မတူညီသည့် လူရိပ်ကြီးလေးခုအသွင် ပြောင်းလဲသွားခဲ့သည် ခုနစ်လက်မဝိညာဉ်အမြစ်တစ်ခုနှင့် ငါးလက်မ ဝိညာဉ်အမြစ်သုံးခုမှာမူ အော်ဟစ်မြည်တမ်းကာ သူ၏နောက်မှ လိုက်လာကြ၏။
” ငါ အရမ်းကြီး ချောလွန်းနေလို့များ ဖြစ်နိုင်မလား ”
ဝမ်ပေါင်လဲ့မှာ ဝေခွဲမရ ဖြစ်နေတော့သည်။ တစ်ခုခု လွဲနေကြောင်း သူက ခံစားနေရပါသော်လည်း ပျော်ရွှင်ကျေနပ်နေသည့်စိတ်များက အလေးပိုနေ၏။ သို့သော် သူ၏ ကျေနပ်မှုများမှာ ကြာကြာမခံလိုက်ဘဲ စိုးရိမ်စိတ်များ စတင်ကြီးထွားလာတော့သည်။
ဝိညာဉ်အမြစ် လေးခုတည်းသာဆိုလျှင် ကိစ္စရှိမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့ အကြပ်ရိုက်နေရသည့် ကိစ္စမှာ သူ၏ ပြေးလမ်းကြောင်းတစ်လျှောက်တွင် တွေ့ခဲ့ရသော ဝိညာဉ်အမြစ်များ အားလုံး ချက်ချင်းပင် သူ၏အသွင်သို့ ပြောင်းလဲသွားပြီး သူ၏နောက်သို့ လိုက်လာနေကြခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ဦးရေခွံများပင် ထုံကျဥ်နေရတော့သည်။ ယခုတွင် ဖက်တီးပေါင်း သုံးဆယ်ကျော်မှာ သူ၏နောက်မှ လိုက်လာနေကြပြီ ဖြစ်ပြီး သူတို့ထဲမှ အများစုမှာ သုံးလက်မနှင့်အထက်ရှိကြသော ဝိညာဉ်အမြစ်များ ဖြစ်နေကြ၏။ သူတို့အားလုံးမှာ မျက်လုံးများ နီမြန်းနေကြပြီး အဆက်မပြတ် အော်ဟစ်မြည်တမ်းကာ ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် သူ၏နောက်မှ ပြေးလိုက်လာနေကြသည်။
” ဘာတွေဖြစ်နေတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့နေရပြီဖြစ်သည်။ သူသည် မပျော်နိုင်တော့ဘဲ မယုံကြည်နိုင်လောက်အောင်သာ ဖြစ်နေရ၏။ သူ၏နောက်မှ ပြေးလိုက်လာကြသော ဝိညာဉ်အမြစ်အားလုံးမှာ ကြီမားသော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ တိုက်ကွက်တစ်ကွက်တည်းနှင့် သူ့အား နာကျင်ခံစားရအောင် လုပ်နိုင်စွမ်း ရှိနေကြသည်။ ထိုကဲ့သို့ ဝိညာဉ်အမြစ်သုံးဆယ်ကျော်သာ ပူးပေါင်းလိုက်ကြမည်ဆိုပါက သူတို့၏ အင်အားမှာ ပို၍ပင် ကြီးမားလာမည်မှာ အမှန်ပင်။ ယခုတွင်လည်း သူတို့၏ ပြေးလွှားသံများမှာ မိုးခြိမ်းသံများကဲ့သို့ပင် ဖြစ်နေကြ၏။
ထိုအသံများ ပျံ့နှံ့သွားကြသောအခါ အခြား ဝိညာဉ်အမြစ်များ၏ အာရုံများကိုပါ ဖမ်းစားလိုက်သလို ဖြစ်သွားသောကြောင့် ၎င်းတို့မှာလည်း ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် သူ၏အသွင် ပြောင်းလဲသွားကြ၏။ ထို့ကြောင့် ၎င်းတို့၏ အရေအတွက်မှာ အဆမတန် ကြီးထွားလာပြီး ရာဂဏန်းအထိ ရောက်လာကြပြီ ဖြစ်သည်။
” ဘုရားရေ ”
ဝမ်ပေါင်လဲ့မှာ တအံ့တဩ အော်ဟစ်မိလိုက်သည်။ ထို ဝိညာဉ်အမြစ်များကို ဖျက်ဆီးနိုင်မည့် နည်းလမ်းမရှိပေ။ သူသည် ၎င်းတို့အား သတ်ဖြတ်ရန် ကြိုးစားခဲ့ပါသော်လည်း ၎င်းတို့မှာ သေဆုံးသွားခြင်းမရှိပေ။ ၎င်းတို့မှာ တစ်စစီ လွင့်ပါးပျောက်ကွယ်သွားပြီးတိုင်း တခဏအကြာတွင် ပြန်လည်ပေါ်ပေါက်လာကြသည်သာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဇောချွေးများ ပြန်လာရတော့သည်။ သူသည် ကူရာကယ်ရာမဲ့သလို ခံစားနေရပြီး ဝေမခွဲမရဖြစ်နေတော့သည်။ အကယ်၍ သူသာ ဆက်မပြေးတော့ဘဲ ရပ်တန့်လိုက်မည်ဆိုပါက သူ၏ပုံစံတူ လူရိပ်ရာပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရမည်သာ ဖြစ်သည်။
” တစ်ခုခု လွဲနေတာပဲ ဖြစ်ရမယ်ကွာ။ တောက်။ ဒီမှာ ဝိညာဉ်အမြစ်တွေ ရာဂဏန်းနဲ့ ချီပြီးတော့ ရှိနေတာကို ဘာလို့ သုံးလက်မထက်တိုတဲ့ ဝိညာဉ်အမြစ် တစ်ခုတစ်လေတောင် မရှိရတာလဲ။ ငါက တစ်လက်မ ဝိညာဉ်အမြစ် တစ်ခုပဲ လိုတာပါကွာ ”
ဝမ်ပေါင်လဲ့မှာ စိုးရိမ်ပူပန်စွာ အရှိန်တင်လိုက်ပြီး တဖြည်းဖြည်းနှင့် အရေအတွက် များလာသော ဖက်တီးပေါင်းများစွာကို ဦးဆောင်ကာ ရပ်တန့်ခြင်းမရှိဘဲ ဝိညာဉ်အမြစ်ရွာထဲတွင် ပြေးလွှားနေတော့သည်။
ထိုဆူညံသံများမှာ ကျယ်လောင်လွန်းလှသောကြောင့် လူပေါင်းများစွာမှာ ၎င်းတို့အပေါ် အာရုံရောက်သွားကြသည်။ ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသည့် ကျောင်းသားများအားလုံးမှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြပြီး အံ့ဩမှင်တက်နေကြရတော့သည်။ ထိုမြင်ကွင်းကြီးတစ်ခုလုံးမှာ အံ့အားသင့်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။
” ဒါ… ဒါ ဘယ်လိုမျိုး အရည်အချင်းကြီးလဲကွ ”
” ဒီဖက်တီးရဲ့ ပါရမီက တမူထူးခြားလွန်းနေလို့ ဒီလောက် ဝိညာဉ်အမြစ်တွေ အများကြီးက သူနဲ့ ရေစက်ပါနေရတာလား ”
ဝမ်ပေါင်လဲ့၏နောက်မှလိုက်လာကြသော ဝိညာဉ်အမြစ်များမှာ စစ်တပ်ကြီးတစ်ခုအသွင် စုစည်းနေကြပြီ ဖြစ်သည်။ သူတို့မှာ အဆုံးမရှိလောက်အောင် မရပ်မနား နောက်မှလိုက်နေကြသည်ဖြစ်ရာ ထိုနေရာကြီး တစ်ခုလုံးနှင့် တောအုပ်ကြီးတို့ပင် စိစိညက်ညက် ကျေတော့မည့် အလားပင်။
ဝမ်ပေါင်လဲ့မှာ ရွေးချယ်စရာမရှိသောကြောင့် အဆက်မပြတ် သက်ပြင်းချနေရ၏။ အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ သူ၏နောက်တွင်ရှိနေသော ဝိညာဉ်အမြစ် အရေအတွက်မှာ များများလာပြီး ရာဂဏန်းအနည်းငယ်အထိပင် ရှိလာပြီ ဖြစ်သည်။ ၎င်းတို့ထဲရှိ တချို့ဆိုလျှင် မူလက အခြားကျောင်းသားများနှင့် ရေစက်ပါသောကြောင့် သူတို့၏အသွင် ပြောင်းလဲကာ သူတို့နှင့် တိုက်ခိုက်နေကြ၏။ သို့သော် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် သူတို့၏ ပစ်မှတ်များကို ပြောင်းလဲကာ ဝမ်ပေါင်လဲ့အသွင် ပြောင်းလဲသွားကြပြီး ပုန်ကန်ထကြွချင်နေသည့် အမူအရာဖြင့် ဝိညာဉ်အမြစ်စစ်တပ်ကြီးနှင့် ပူးပေါင်းကာ ဝမ်ပေါင်လဲ့၏နောက်သို့ လိုက်လာကြခြင်း ဖြစ်သည်။
အချိန်များကုန်ဆုံးသွားပြီး တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားပေါင်းများစွာမှာလည်း ထိုဒုက္ခကို ခံစားပြီးသွားကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ အံ့သြဖွယ်ကောင်းသော ဝိညာဉ်အမြစ်များအား ဦးဆောင်နိုင်စွမ်းကို လူအများက သိရှိနေကြပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုကဲ့သို့သော ကိစ္စများကို အာရုံစိုက်နေရန် အချိန်မရှိပေ။ သူသည် အခြားသူများထက်ပင် ပို၍ ပူပန်ကြောင့်ကြနေရပြီး တစ်လက်မ ဝိညာဉ်အမြစ်အား အရူးတစ်ယောက်ကဲ့သို့ ရှာဖွေနေ၏။
ထိုအခိုက်တန့်တွင် ဒုန်းစိုင်းပြေးလွှားနေသော ဝမ်ပေါင်လဲ့၏ရှေ့၌ ရွှံ့နွံကြီးတစ်ခု ပေါ်လာ၏။ သမင်ဖြူတာအိုကျောင်းမှ မွေးရာပါ မီးဝိညာဥ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသော လီယီမှာ သူမ၏အသွင်သို့ ပြောင်းလဲသွားခဲ့သည့် တစ်လက်မ ဝိညာဉ်အမြစ်ကို အနိုင်ယူနိုင်သွားပြီ ဖြစ်သည်။ သူမမှာ သိမ်မွေ့သော အကြည့်ဖြင့် သူမနှင့် တထေရာတည်းတူသည့် လူရိပ်ကြီးကို ကြည့်နေ၏။
သူမသည် အချိန်အကြာကြီးပေး၍ ထို တစ်လက်မ ဝိညာဉ်အမြစ်ကို ရှာဖွေခဲ့ရသည်။ လီယီမှာ ၎င်းအား အောင်မြင်စွာ ချုပ်တည်းလိုက်ပြီးနောက် သူမကို စိုက်ကြည့်နေသော ချောမောလှပသည့် မျက်နှာလေး၏ အလှတရားများထဲတွင် နစ်မျောသွားသဖြင့် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ထိုမျက်နှာလေးကို နမ်းရှုံ့လိုက်၏။
သို့သော် သူမ၏ ရဲရဲနီနေသော နှုတ်ခမ်းဖူးလေး ကျဆင်းလာသည့် အချိန်မှာပင် ဖက်တီးများစွာကို ဦးဆောင်လာသော ဖက်တီးဝမ်ပေါင်လဲ့က ဘေးနားမှ ဖြတ်ပြေးသွားသဖြင့် မြေပြင်ကြီး တသိမ့်သိမ့်တုန်သွားတော့သည်။
like
👍👍
LIKE