Switch Mode

အပိုင်း(၁၁၇၈)

ချပ်ဝတ်လက်နက်ပြုလုပ်ခြင်း

ကောင်းကင်ပြက္ခဒိန် ၁၀၀၂၄ ခုနစ်။

ပြီးခဲ့သည့်နှစ်တွင် အင်ပါယာရှားဘုံ၌ ကိစ္စအတော်များများ ဖြစ်ပွားခဲ့သည်။

ရီဖူရှင်းသည် ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့ပြီး ရှောင်ရှမ်း သေကျေပျက်စီးခဲ့သည်။ အချိန်တစ်ခုထိ အလွန် ကျော်ကြားခဲ့သော ရှောင်မိသားစုသည် ဂုဏ်သိက္ခာများ ကျဆင်းခဲ့၏။

အင်ပါယာရှား နန်းတော်တွင် နောက်ထပ် မင်းသမီးတစ်ပါးဖြစ်သည့် မင်းသမီးချီ ထွက်ပေါ်လာသည်။ ထိုမင်းသမီးသည် နန်းတော်အတွင်းသို့ ပြောင်းရွှေ့လာပြီး နောက်တွင်လည်း ရှားရှင်းယွန်နှင့် ကတောက်တဆ ဆက်လက်ဖြစ်ပွားဆဲ ဖြစ်ကာ နန်းတော်တွင် မငြိမ်မသက် ဖြစ်စေခဲ့သည်။

မင်းသမီး ရှားရှင်းယွန်သည် ပြိုင်ဘက်တစ်ယောက် ရရှိလာသည်ဟု ထင်ရသည်။

အင်ပါယာရှားဘုံ နယ်စပ်စည်း တာလီစစ်တပ်တွင် လှုပ်ရှားမှု လက္ခဏာအချို့ ရှိပြီး အသေးစား တိုက်ပွဲလေးများ ဖြစ်ခဲ့သည်။ ၎င်းသည် အင်ပါယာရှားကို အတော်လေး သတိပေးသလို ဖြစ်ခဲ့ကာ နယ်စပ်ကာကွယ် စောင့်ရှောက်ရေးအတွက် စစ်တပ်များ စေလွှတ်ပြီး အင်အား သန်မာလာစေရန် ဖြည့်တင်းခဲ့၍ အိမ်နီးချင်းနိုင်ငံ၏ လှုပ်ရှားမှုများကို စောင့်ကြည့် စေခဲ့သည်။

သို့သော်လည်း ရီဖူရှင်းကတော့ ဘာမှ သိဟန်မတူပါ။ သူက ယောင်းထိုင် တည်ခင်းဧည့်ခံပွဲမှ ပြန်လာပြီးနောက် ကော့တေးတွင် တန်ခိုးကျင့်ခြင်းကိုသာ အာရုံစိုက်ထားတော့သည်။

ရှန့်ထိုအဆင့်၌ လေ့ကျင့်ရာတွင် သိသိသာသာ တိုးတက်လာရန်မှာ အချိန်ယူရပေသည်။

ရှန့်ထိုအဆင့်သို့  ရောက်ရှိခဲ့သော်လည်း ရီဖူရှင်း အတွက်တော့ လုံလောက်မှု မရှိသေးပေ။

သူသည် အင်ပါယာရှားဘုံကနေ ထွက်ခွာပြီး ခရီးရှည်သွားရန် ဆန္ဒရှိသည့်အတွက် သူ၏ စွမ်းအားများက အဆင်မပြတ် တိုးပွားလာစေရန် လိုအပ်သည်။

သူသာ လီဟန်ဓားသမား၏ အဆင့်သို့ ရောက်ရှိခဲ့လျှင် သူသည် ရန်ဟောင် အဆင့် တန်ခိုးရှင်များနှင့် ရန်မီးများ မပွားသရွေ့ သူသွားလိုသည့် နေရာသို့ စိတ်ကြိုက် သွားလာနိုင်လိမ့်မည်။

အင်ပါယာရှားဘုံသည် နှစ်သစ်တွင် ပို၍ ထူးကဲစွာ သက်ဝင်လှုပ်ရှား နေသည်။

အင်ပါယာရှားဘုံတစ်ခွင်တွင် ချပ်ဝတ်လက်နက် ပြုလုပ်သည့် အဖွဲ့အစည်းအဖြစ် ကျော်ကြားသော တိမ်တိုက်တောင်ကြားသည်လည်း သူ့ပုံစံနှင့်သူ လှုပ်ရှားသက်ဝင် နေပါသည်။

တိမ်တိုက်တောင်ကြားရှိ မြင့်မြတ်သော ခန်းမဟောင်းတွင် ရွှေရောင်များဖြင့် လင်းလက် တောက်ပနေသည်။ ထိုနေရာတွင် စွမ်းအားမြင့် တန်ခိုးရှင်များစွာရှိပြီး တောင်ကြားသခင်သည် အင်ပါယာကို ချပ်ဝတ်လက်နက် ဆက်သရသည့် အင်ပါယာ လက်အောက်ခံ အမှုထမ်း တစ်ယောက်ဖြစ်သည်။

တိမ်တိုက်တောင်ကြားသည် နိုင်ငံတော်ကို သစ္စာဖောက်မှု မကျူးလွန်သရွေ့ အင်ပါယာရှားဘုံတွင် ဂုဏ်သိက္ခာ ကြီးမားသော ကလန်တစ်ခုအဖြစ် ကျန်ရစ်နိုင်လိမ့်မည် ဖြစ်သည်။

ထိုနေ့တွင် တိမ်တိုက်တောင်ကြား၏ အထက်ကောင်းကင်၌ များစွာသော လူများ ရောက်ရှိလာခဲ့သည်။

ထိုလူစုသည် လေးစားမှု လက္ခဏာအဖြစ် တောင်ကြားသို့ မဝင်မီ မြေပေါ်သို့ ဆင်းသက်ခဲ့ကြသည်။

တောင်ကြား အပြင်ဘက်မှ အစောင့်သည် ဧည့်သည်မျာအား ကြည့်သည်။ သူတို့ထဲမှ တစ်ယောက်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်များနှင့်  ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ရှိ၏။

မွန်းတည့်နေကဲ့သို့ ထည်ဝါသည့် အသွင်အပြင်နှင့် ဤကဲ့သို့ လူမျိုးမှာ အင်ပါယာရှားဘုံတွင် တစ်ဦးတည်းသာ ရှိသည်။

“ကျုပ် ရီဖူရှင်း တောင်ကြားသခင်နဲ့ လာရောက် တွေ့ဆုံပါတယ်။ ကျေးဇူးပြုပြီး အကြောင်း ကြားပေးပါ” ရီဖူရှင်းက လက်ချင်း ယှက်ဆုပ်လိုက်ကာ အစောင့်အား ပြောသည်။

အစောင့်ဖြစ်သူက ထိုလူသည် ရီဖူရှင်းဖြစ်ကြောင်း သိသောအခါ ထိတ်လန့် သွားတော့၏။

“ခဏလေး စောင့်ပါဦး ရှန့်ထိုရီ” အစောင့်က အထဲသို့ ဝင်သွားပြီး သတင်း သွားပို့လေသည်။ အချိန် သိပ်မစောင့်လိုက်ရဘဲ အထဲမှ လူတစ်ယောက် ထွက်လာပြီး ရီဖူရှင်းတို့ အဖွဲ့ကို ခေါ်ဆောင်သွားသည်။

“ကျွန်တော်တို့ကို ခွင့်လွှတ်ပါ ရှန့်ထိုရီ။ ဒီနေ့ တောင်ကြားကို ဂုဏ်သရေရှိ ဧည့်သည်တွေ ရောက်ရှိနေတာကြောင့် နှောင့်နှေး သွားရပါတယ်” သူ့ကို လက်ခံ ခေါ်ဆောင်ခဲ့သည့်သူက ရီဖူရှင်းတို့ကို ရှင်းပြသည်။

“ကိစ္စမရှိပါဘူး။ ကျုပ်က ဒီကို အလည်လာရုံပါပဲ။ လမ်းပြပေးပါဦး” ရီဖူရှင်းက ပြန်ပြောလိုက်သော်လည်း သူက စူးစမ်းလိုဆဲ ဖြစ်သည်။ သူ ကြားခဲ့သည်က သူတို့မရောက်ခင်မှာ တစ်စုံတစ်ယောက်က ရောက်နှင့်နေပြီးဖြစ်ကာ အဆိုပါလူသည် အဆင့်အတန်း အတော်လေး မြင့်မားပုံရသည်။ ထိုလူ ဘယ်သူလဲဆိုသည်ကို သူ သိလိုမိသည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့သည် ခမ်းနားကြီးကျယ်သည့် ခန်းမဟောင်းသို့ ရောက်လာခဲ့ပြီး ထိုနေရာတွင် လူတစ်စုက ရောက်နှင့်နေပြီးသား ဖြစ်သည်။

ရီဖူရှင်းသည် သူ့ရှေ့တွင် ရင်းနှီးနေသည့် မျက်နှာများကို မြင်လိုက်ရသည်။ ကုန်းစွန်းကျောင်း၊ ကုန်းစွန်းနီ၊ ကုန်းစွန်းရွှမ်နှင့် အခြားလူများလည်း ဒီနေရာတွင် ရှိနေ၏။

ကုန်စွန်းကျောင်းက ရီဖူရှင်း ထွက်ပေါ်လာသည်ကို မြင်သောအခါ စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်သည်။ တစ်ချိန်က သူသည် ဤလူငယ်ဖြင့် မိမိကိုယ်ကို အထင်ကြီးစွာဖြင့် လိုက်လံ ယှဉ်ပြိုင်ခဲ့ဖူး၏။

နတ္ထိဘုံမှ အဖြစ်အပျက်သည် သူ့အား ကြီးစွာ နားလည် သဘောပေါက် သွားစေခဲ့၏။ အချို့သော လူများမှာ ယှဉ်ပြိုင်ရန် လက်လှမ်းမမီသူများ ဖြစ်ကြသည်။

သူက နတ္ထိဘုံတိုက်ပွဲတွင် ရှားရှင်းယွန်ကြောင့် ရီဖူရှင်းကို ဘာမှမပြောဘဲ သူ၏ စိတ်ထဲမှ အကြောင်းအရာများကို ခဝါချခဲ့သည်။ သို့သော်လည်း သူ့ထံတွင် ရီဖူရှင်းနှင့် ပတ်သက်၍ အမြင်မကြည်မှုများ ရှိနေဆဲ ဖြစ်သည်။

“အစ်ကိုကြီးကုန်းစွန်း” ရီဖူရှင်းက သူ့လက်နှစ်ဖက်ကို ယှက်ဆုပ်ပြီး အပြုံးနှင့် ကုန်းစွန်းကျောင်းကို နှုတ်ဆက်သည်။ ရီဖူရှင်းပုံစံက သူတို့ ယခင်က ရှိခဲ့ဖူးသည့် ကတောက်ကဆများကို ဂရုစိုက်ခြင်း အလျှင်းမရှိပေ။ သူ သေချာပေါက် ပြောနိုင်သည်မှာ ကုန်းစွန်းကျောင်းသည် ယခင်က ဖြစ်ခဲ့သည့် ကိစ္စရပ်များကို ဆုပ်ကိုင်ထားဆဲ ရှိသေး၏။

ရီဖူရှင်းက သူ့ကို နှုတ်ဆက်သည်အား မြင်လိုက်ရသောအခါ ကုန်းစွန်းကျောင်းသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် သက်ပြင်း ခပ်လေးလေး တစ်ချက် ချသည်။

ကြည့်ရသည်မှာ သူနှင့် ရီဖူရှင်းကြားမှ ကွာခြားချက်က အလွန်ပင် ကြီးမားလှသည်။

ကုန်းစွန်းကျောင်းကလည်း သူ့လက်ကို မပြီး ရီဖူရှင်းကို ပြန်လည် နှုတ်ဆက်သည်။

“မမလေးနီ မမလေးရွှမ် မတွေ့တာ ကြာပြီနော်” ရီဖူရှင်းက ကုန်းစွန်းညီအစ်မဘက်သို့ လှည့်ကာ နှုတ်ဆက်သည်။ လျိုဖန်းကိုလည်း ရီဖူရှင်းက အတူခေါ်လာခဲ့၏။

သူ့အစ်ကို၅နှင့် ကုန်းစွန်းရွှမ်က အချင်းချင်း နှစ်သက်နေမှတော့ သူက ဘာလို့ မြားနတ်မောင် မလုပ်ဘဲ နေရမှာလဲ။ ထို့ကြောင့် သူတို့ အချင်းချင်း တွေ့ဆုံစေရန် အခွင့်အရေး ဖန်တီးခဲ့သည်။

“မတွေ့တာကြာပြီ” ညီအစ်မ နှစ်ယောက်လုံးက ခေါင်းညိတ်သည်။ သူတို့က နတ္ထိဘုံတိုက်ပွဲမှ ပြန်လာကတည်းက ရင်းနှီးခဲ့ခြင်း ဖြစ်သည်။

ကုန်းစွန်းရွှမ်က လျိုဖန်းကို ကြည့်လျှင် သူက ခေါင်းကုတ်ကာ စကားစလိုက်သည်… “အင်း … တိမ်တိုက်တောင်ကြားက တကယ်ကျယ်တာပဲ”

“လိုက်ပြပေးရမလား” ကုန်းစွန်းရွှမ်က သူ့ကို ကြည့်ပြီး ပြောသည်။

လျှိုဖန်း၏ မျက်လုံးများက အရောင်တောက် သွားသည်။ ရီဖူရှင်းကလည်း ချက်ချင်းပင် အမိအရ ဝင်တွန်းတော့သည် … “ကျုပ်ရဲ့ အစ်ကို၅က လက်နက်တွေနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး သိတယ်။ မင်းကသာ သူ့ကို တိမ်တိုက်တောင်ကြားမှာ လိုက်ပြပေးမယ်ဆိုရင် သူ တကယ် ပျော်မှာ သေချာတယ်”

“အဲဒီလိုလား” အသံတစ်ခုက ပြောသည် … “ဒီလိုဆိုမှတော့ မင်း အစ်ကို၅က ဒီကို မကြာမကြာ လာလည်လို့ ရပါတယ်။ ဒီမှာဆို သူက ချပ်ဝတ် လက်နက်တွေအကြောင်း အများကြီး သင်ယူလို့ရတယ်”

ရီဖူရှင်းက သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ရီဖူရှင်းတို့အဖွဲ့ကို ပြုံး၍ ကြည့်နေသည့် အကြီးအကဲဝတ်စုံ ဝတ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုအကြီးအကဲ၏ ဘေးတွင် ထိုင်နေသော ထူးကဲသာလွန်သည့် လူငယ်လေး တစ်ယောက်သည်လည်း ရီဖူရှင်းကို ပြုံးကာ ကြည့်နေသည်။

“ရီဖူရှင်းက တောင်ကြားသခင်ကို လာရောက် တွေ့ဆုံပါတယ်” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။

ထို့နောက် သူက တောင်ကြားသခင်ဘေးမှ လူငယ်လေးကို ကြည့်ကာ ပြောသည်… “အရှင်မင်းသားကို ဂါရဝပြုပါတယ်”

ပထမဆုံးအကြိမ် သူက ထိုလူငယ်ကို ကြည့်လိုက်သည့် အချိန်တွင် သူ၏ အရှိန်အဝါနှင့် အသွင်အပြင်က အင်ပါယာရှား၊ ရှားလွင်တို့နှင့် တချို့အရာများတွင် တူညီနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူက တောင်ကြားသခင် ကိုယ်တိုင်ထွက်ပြီး တွေ့ဆုံရသည့် ဂုဏ်သရေရှိ ဧည့်သည် ရောက်နေသည်ကို သိထား၍ သူ၏ အဆင့်အတန်းကို ခန့်မှန်းမိခြင်း ဖြစ်သည်။

ထိုလူငယ်မှာ အခြားမဟုတ်ဘဲ မင်းသား၄ (ရှားခွန်း) ဖြစ်သည်။

ရှားခွန်းသည် ရီဖူရှင်းကို ကြည့်ကာ ပြုံး၍ ပြောသည်… “နန်းတော်ထဲမှာ ကျုပ်ရဲ့ ညီမနှစ်ယောက်က အချင်းချင်း တိုက်ခိုက်နေကြတာ မအံ့သြတော့ပါဘူး။ မင်းက တကယ့်ကို အင်ပါယာရှားဘုံရဲ့ နံပါတ်တစ် မျိုးဆက်ပါပဲ”

“အရှင်မင်းသားက မြှောက်ပြောနေပြန်ပါပြီ” ရီဖူရှင်းက ပြုံးကာ ပြောသည်။

“အရှင်မင်းသားရဲ့ အတွေးက မှန်ကန်ပါတယ်။ အင်ပါယာရှားဘုံရဲ့ လူငယ် မျိုးဆက်တွေထဲမှာ ဘယ်သူကများ မင်းလောက် အစွမ်းထက်လို့လဲ” တောင်ကြားသခင်က အပြုံးဖြင့် ပြောသည်… “ဘာပဲဖြစ်ဖြစ်ပါ။ ဒီနေ့ ဘာကိစ္စရှိလို့ တိမ်တိုက်တောင်ကြားကို လာခဲ့တာလဲ”

“အမှန်ပြောရရင် ကျွန်တော် ဒီကို လာခဲ့တာ ချပ်ဝတ်လက်နက်နဲ့ ပတ်သက်ပြီး စီနီယာဆီကနေ အကူအညီလေး တောင်းချင်လို့ပါ” ရီဖူရှင်းက တဲ့တိုးပြောသည်…“ဒါပေမဲ့ ကျွန်တော်က တောင်ကြားသခင်ကို ဘာမှပြန်မပေးဘဲ အကူအညီ မတောင်းရဲပါဘူး။ အဲဒါကြောင့် တာလီမှာတုန်းက ရရှိခဲ့တဲ့ ပထမတန်းစား ဓားကျမ်းတစ်ဆူကို အဖိုးအခအဖြစ် ကမ်းလှမ်းချင်ပါတယ်။ ပြီးတော့ လုပ်ရမယ့် ကုန်ကျစရိတ်အတွက် သလင်းကျောက်တုံးတွေလည်း ပေးမှာပါ”

တောင်ကြားသခင်က ရီဖူရှင်း၏ စကားကို ကြားလျှင် ခေါင်းညိတ်သည်။ ရီဖူရှင်းသည် အင်ပါယာရှားဘုံ တစ်ခုလုံးတွင် အကျော်ကြားဆုံး လူငယ်ပါရမီရှင်ဖြစ်သည်။ သူက မင်းသမီးကနေတစ်ဆင့် သည်တောင်းဆိုချက်ကို ရိုးရိုးရှင်းရှင်း ပြောခိုင်းလျှင်ပင် တောင်ကြားက သဘောတူပေးရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းက ထိုသို့ မလုပ်ခဲ့ပေ။ သူက လူကိုယ်တိုင် လာရောက်ပြီး တောင်းဆိုကာ တူညီသော အဖိုးအခကို အသုံးပြု၍ အလဲအလှယ်ပြုခဲ့သည်။ ထိုအပြုအမူကို တောင်ကြားသခင်က သဘောကျကာ ရီဖူရှင်းအပေါ် ကောင်းမွန်သော အမြင်များ ရှိစေခဲ့၏။

“ကိစ္စမရှိဘူး” တောင်ကြားသခင်က အနည်းငယ်မျှပင် တွေဝေခြင်းမရှိဘဲ ချက်ချင်း သဘောတူသည်။ ရီဖူရှင်းက သူ့ကို လေးစားသမှုထားသည် ဆိုမှတော့ သူကလည်း တူညီသည့် လေးစားမှုမျိုး ပြန်ပေးရန် ဆန္ဒရှိလေသည်။

“ကျေးဇူးတင်ပါတယ် တောင်ကြားသခင်” ရီဖူရှင်းက ဓားကျမ်းကို ထုတ်ယူလိုက်ကာ တောင်ကြားသခင်ကို ကမ်းပေးသည်… “ဒါက တာလီမှာ အရင်တုန်းက ပျောက်ဆုံးနေတဲ့ ပထမတန်းစားဓားကျမ်းပါ။ ဒါကို ကျားယဲ့ဓားလို့လည်း ခေါ်ပါတယ်”

တောင်ကြားသခင်သည် ဓားကျမ်းကို လက်လှမ်းယူကာ ကြည့်လိုက်ပြီးနောက်  ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “ဒါက တကယ့်ကို အဖိုးတန်ဓားကျမ်းပဲ။ မင်းက ဘယ်လိုလက်နက်မျိုး လိုချင်တာလဲ”

“ဓားရှည်” ရီဖူရှင်းက ပြောသည်။ “လေဟာနယ်အစွမ်း ပေါင်းထည့်ထားပြီး သက်စောင့်ဝိညာဉ် စွမ်းအားနဲ့ပါ ပူးပေါင်းနိုင်စွမ်းရှိတဲ့ ဓားမျိုး လိုချင်တယ်”

ထိုဓားမှာ ရာရာအတွက် သူ လုပ်ပေးလိုခြင်း ဖြစ်သည်။

ရာရာက အထွတ်အထိပ်အဆင့် စွမ်းအားကို ပြန်လည် သိုလှောင်နေဆဲ ဖြစ်သည်။ ယင်းက နောက်ဆုံးတိုက်ပွဲ၌ သူမ ပေးဆပ်ခဲ့ရသည့် တန်ဖိုးဖြစ်ကာ ရီဖူရှင်းက ထိုကဲ့သို့ နောက်တစ်ခေါက် ထပ်ဖြစ်မည်ကို မမြင်တွေ့လိုပေ။ ထို့ကြောင့် အနာဂတ် တိုက်ပွဲများတွင် သူမကို အကူအညီပြုနိုင်မည့် ဓားမျိုးကို သူ လိုအပ်ခြင်းဖြစ်၏။

သူက တောင်ကြားသခင်ဆီတွင် ထိုကဲ့သို့ တောင်းဆိုခဲ့လျှင် သွန်းလုပ်သည့် လက်နက်မှာ အရည်အသွေး မြင့်မားမည်ဖြစ်ရာ သူက ကုန်ကျစရိတ်ကို ဆုံးဖြတ်ရအောင် လာခဲ့ခြင်းဖြစ်၏။

သူလိုချင်သည့်အရာသည် သာမန် ချပ်ဝတ်လက်နက်များကဲ့သို့ လုပ်ဆောင်၍ မရနိုင်သည့်အရာ မဟုတ်ပါလား။

“ပြဿနာမရှိဘူး” ထို့နောက် တောင်ကြားသခင်က မေးသည် … “ဘယ်အချိန် အပြီး လိုချင်တာလဲ”

“သိပ်မကြာလေ ကောင်းလေပဲ” ရီဖူရှင်းက ဖြေသည်။

တောင်ကြားသခင်က မင်းသား(၄)ကို ကြည့်လိုက်သဖြင့် သူက ပြောသည်။ “အရှင့်သား တောင်းဆိုတာကို အရင် လုပ်ပေးလိုက်ပါ။ ကျွန်တော်က အလျင်မလိုပါဘူး”

“အရှင့်သားကရော လက်နက်လိုချင်လို့ ရောက်လာတာလား။ ဒါဆို ကျွန်တော့်လက်နက်ကို နောက်မှပဲ လုပ်ပေးလို့ ရပါတယ်” ရီဖူရှင်းက ထပ်ပြောသည်။

“ရတယ်။ မင်းရဲ့ လက်နက်ကို အရင်လုပ်လိုက်ပါ” ရှားခွန်းက ပြုံးကာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် အရှင်မင်းသား” ရီဖူရှင်းက မင်းသား၄ကို ကျေးဇူးတင်သည်။

“ဒီလိုဆိုမှတော့ အခုပဲ သွားရအောင်။ မင်းရဲ့ ဝိညာဉ်စွမ်းအား ပေါင်းစပ်နိုင်စွမ်းရှိအောင် လက်နက် ထုလုပ်နေတဲ့အချိန်မှာ အနားမှာ နေပြီး ကူညီပေးတာ ပိုကောင်းလိမ့်မယ်”

“ဒါဆို တိမ်တိုက်တောင်ကြားမှာ နေဖို့ စီနီယာ့ကိုပဲ အပူကပ်ရဦးမယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။

“တောင်ကြားသခင် … ဒါဆို ကျွန်တော် ပြန်လိုက်ဦးမယ်” ရှားခွန်းက ပြောသည်။

“ကောင်းပါပြီ အရှင်မင်းသား” တောင်ကြားသခင်က ခေါင်းညိတ်ကာ မင်းသားကို လိုက်ပါပို့ဆောင်ရန် သူ့လူတွေကို အမိန့်ပေးသည်။ ထိုအချိန်တွင် သူက ရီဖူရှင်းကို ခေါ်ကာ လက်နက်ဖို ရှိရာသို့ သွားလေသည်။

***

ရက်အတန်ကြာပြီးနောက် ရွှေရောင်မီးတောက်က တိမ်တိုက် တောင်ကြား၏ ပန်းပဲဖိုကနေ ကောင်းကင်ယံသို့ ထိုးတက်သွားသည်ကို မြင်လိုက်ကြရသည်။

တောင်ကြားသခင် ကိုယ်တိုင်လုပ်သည့် လက်နက်ကို လူအများက လာကြည့်ကြသည်။

ကြောက်မက်ဖွယ် မဟာဝင်္ကပါတစ်ခုက ဓား၏ အရှိန်အဝါရှေ့တွင် ဖြစ်ပေါ်နေပြီး ဝင်္ကပါထဲတွင် အားကောင်းသော ဓားစွမ်းအားများ လှည့်ပတ်နေကြသည်။ ထိုအထဲတွင် ဓားပုံသဏ္ဌာန်တစ်ခု ပေါ်နေ၏။

ပတ်ဝန်းကျင် ရာသီဥတု အခြေအနေက အနည်းငယ် ပြောင်းလဲသွားသည်။ သူတို့၏ အနီးဝန်းကျင်တွင် မွန်းကျပ်စေသော စွမ်းအားများက ဝန်းရံထားသည်။ ဓားပညာ၏ ကြောက်မက်ဖွယ် ပုံရိပ်က ကောင်းကင်တွင် ဖြစ်ပေါ်နေပြီး ဓားအနီးတွင် လှည့်ပတ်နေသည်။

ငွေရောင်ဆံပင်နှင့် လူငယ်က တင်ပျဉ်ခွေထိုင်ကာ သူ့ဓားအသိများအား ဝင်္ကပါအတွင်းသို့ ပျော်ဝင်နေသည်။ သူ၏ ရှန့်ထိုအဆင့် အသိနှင့် ကြောက်မက်ဖွယ် စွမ်းအားများက ဓားနှင့်အတူ ပျော်ဝင် ပေါင်းစပ်နေသည်။

တောင်ကြားသခင်က သူ၏ လက်များကို မုဒြာကြာအသွင် ဖော်ဆောင်သည်။ အဆုံးမဲ့ ဓားအသိများသည် ကောင်းကင်ကနေ ဝင်္ကပါသို့ ကျဆင်းလာပြီး  ကြောက်မက်ဖွယ် ပုံသဏ္ဌာန်က ရီဖူရှင်း၏ မျက်ခုံးကြားသို့ တိုးဝင်သွားပြီး သူ့တစ်ကိုယ်လုံးကို နတ်ဘုရားအလင်းတို့ဖြင့် တောက်ပနေစေသည်။

မဟာလမ်းစဉ်၏ စွမ်းအားများက ဓားတွင် ပေါင်းစပ်သွားသည်။ လက်နက်၏ စွမ်းအား မည်မျှ အစွမ်းထွက်လာမည် ဆိုသည်ကတော့ ရီဖူရှင်းအပေါ်တွင် မှီတည်နေသည်။

အဆုံးမဲ့အလင်းများက ရီဖူရှင်း မျက်ခုံးကြားသို့ စီးဝင်သွားပြီးနောက် အတန်ငယ် ငြိမ်သက်သွားသည်။ ဓားအသိတို့က သူ့အနီးတွင် ရစ်ဖွဲ့နေပြီး တိတ်ဆိတ်စွာ လှည့်ပတ်နေ၏။ တောင်ကြားသခင်က သူ့လူများကို ပြန်ခေါ်သွားပြီး တင်ပျဉ်ခွေ ထိုင်နေသည့် ရီဖူရှင်းကို ထိုနေရာတွင် ထားခဲ့သည်။

သူ့စိတ်ထဲတွင် နတ်ဘုရားအလင်းသည် အလွန်အမင်း တောက်ပနေသည်။ ဧကရာဇ်အသိသည် သူ့နဖူးကနေ ထွက်လာကာ ဓားနှင့် ပေါင်းစပ်သွားသည်။

သူက သည်နေရာတွင် ဝှက်ဖဲလက်နက်တစ်ခု ရရှိရန်အတွက် လာရောက်ခြင်းလည်း ဖြစ်သည်။ ဧကရာဇ်အသိဖြင့် ပေါင်းစပ်ကာ သွန်းလုပ်ထားသည့် ရတနာလက်နက်သည် မည်သည့် တန်ခိုးအဆင့်ကိုမဆို အံ့အားသင့်ဖွယ် တိုက်ခိုက်မှုများ ပေးနိုင်ပေလိမ့်မည်။

ဓားအသိများက သူ့အနီးတွင် လှည့်ပတ်နေပြီး ခဏအကြာတွင် ပျောက်ကွယ်သွားသည်။ သူ့မျက်ခုံးကြားမှ အလင်းသည်လည်း ပျောက်ကွယ် သွားပြီးနောက် သူက မတ်တတ်ရပ်ကာ ထွက်ခွာသွားသည်။

တောင်ကြားသခင်က နောက်တစ်နေ့တွင် နောက်ထပ် လက်နက်ပြုလုပ်ရန် ပန်းပဲဖိုသို့ ရောက်လာခဲ့သည်။ သူက ရီဖူရှင်းအတွက် လေဟာနယ်ဓားကို အချိန်ယူကာ ထုလုပ်ပေးခဲ့ပြီး ဖြစ်သည်။

သူက ဓားကို ယူကာ တောင်ကြားသခင်ကို ကြည့်ပြီး ပြောသည်…  “ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ် တောင်ကြားသခင်။ ဒီကျေးဇူးကို အမြဲ အမှတ်ရနေပါ့မယ်”

“ကျုပ် လုပ်နိုင်သလောက် လုပ်ပေးခဲ့တာပါ။ ဒီလောက်ကြီး ကျေးဇူးတင်စရာ မလိုပါဘူး” တောင်ကြားသခင်က ပြန်ပြောသည်။

“တကယ်လို့ အနာဂတ်မှာ တစ်ခုခု အကူအညီ လိုအပ်တာရှိရင် ကျွန်တော့်ဆီ သတင်းပို့လိုက်ပါ” ရီဖူရှင်းက ထပ်ပြောသည်။

“အဲဒီလို လုပ်လိုက်ပါ့မယ်” တောင်ကြားသခင်က ပြုံးရင်း တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်ကာ ပြောသည်။

ရီဖူရှင်းက သူ့လူတွေကို ခေါ်ကာ ထွက်ခွာသွား၏။

တိမ်တိုက်တောင်ကြား သခင်က ရီဖူရှင်း ထွက်ခွာသွားတာကို ကြည့်ပြီး အတွေးတွေ များနေသည်။ သည်ခရီးက ရီဖူရှင်းက သူ့ဆီ အကူအညီ လာတောင်းခြင်းဟု ဆိုသော်လည်း တကယ်တမ်းက သူတို့နှစ်ယောက်ကြား၌ ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု လာရောက် တည်ဆောက်ခြင်းလည်း ဖြစ်သည်။ ယခင်က ကုန်းစွန်းကျောင်းနှင့် ရီဖူရှင်းတို့ အကြား၌ ရှိခဲ့သော အဖူအထစ်လေးများက ယခုတွင် ပြေလျော့သွားပြီ ဖြစ်၏။

နောက်ဆုံးတော့လည်း အင်ပါယာရှားဘုံသည် အနာဂတ်၌ မည်သို့ ဖြစ်လာမည်ကို မည်သူမှ မသိပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset